မင်းတို့ရဲ့ မသေမျိုးအရာရှိလား... ဒါလည်းငါ့လူပဲ
Vol. 97 Ch. 968
"သွားကြစို့။"
မုတ်ဆိတ်မည်းနှင့် အမျိုးသားက မျက်လုံးများကို အနည်းငယ်ကျဉ်းမြောင်းလိုက်ပြီး ရှန်းယီ၏ ခန္ဓာကိုယ်ပေါ်မှ အကြည့်ကို ဖယ်ခွာကာ အပြင်ဘက်ရှိ အသားပုံကြီးဆီသို့ နောက်ဆုံးအနေဖြင့် တစ်ချက် လှမ်းကြည့်လိုက်၏။
နတ်ဆိုးသုတ်သင်သူများ အကြားတွင် အကြောင်းမဲ့ သတ်ဖြတ်ခြင်းမျိုး ရှားပါးလှသော်လည်း၊ မည်သို့ပင်ဆိုစေကာမူ ၎င်းတို့သည် ဧကရာဇ်နန်းတော်အတွက် အလုပ်လုပ်ပေးနေသူများ ဖြစ်ရာ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းအချို့ကို လိုက်နာရမည်သာ ဖြစ်၏။
သို့သော် အရေးပေါ် အခြေအနေတွင် အရေးပေါ် နည်းလမ်းများကို သုံးရမည်သာ ဖြစ်ပေမည်။ အကယ်၍ ထိုတပည့်ငယ်လေးအား သတိပေးအော်ဟစ်ခွင့်ပြုလိုက်မိပါက တိမ်ဖြူကျောင်းတော်တစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားမည်ဖြစ်ပြီး ယနေ့ကိစ္စများမှာ ပို၍ရှုပ်ထွေးသွားတော့မည် ဖြစ်ချေ၏။
ထိုလူငယ်လေးက အနည်းငယ် ရက်စက်လွန်းသည် ဆိုသော်လည်း အမှန်တကယ်ပင် ပြတ်သားလှပေ၏။ သူက မုန့်ရှို့ဝမ်၏ နေရာကို ယာယီ အစားထိုးနိုင်ခဲ့ခြင်းမှာ အံ့ဩစရာ မဟုတ်တော့ချေ။
"ဆုတ်ကြမယ်။"
မေ့ကျိယောင်က လက်ဖြင့် မှော်မန္တန်တစ်ခုကို ပေါ့ပေါ့ပါးပါး ဖော်ဆောင်လိုက်လေသည်။
၎င်းတို့ နတ်ဆိုးသုတ်သင်သူ အဖွဲ့အတွက် ဤနေရာမှ ထွက်ပြေးလွတ်မြောက်ရန်မှာ မခက်ခဲလှချေ။
ဖြစ်နိုင်ပါက မည်သည့် ဆူပူလှုပ်ရှားမှုကိုမဆို ရှောင်ရှားခြင်းက အကောင်းဆုံးပင်။
နတ်ဆိုးသုတ်သင်ရေးအရာရှိ နှစ်ဦး၏ အမိန့်အောက်တွင် အဖွဲ့သည် သစ်ပင်နန်းတော်၏ ထွက်ပေါက်ဆီသို့ လျင်မြန်စွာ ပျံသန်းထွက်ခွာသွားကြ၏။
သို့သော် ထိုအခိုက်အတန့်မှာပင်၊ ချောက်နက်ကြီးတစ်ခုလုံးကို လွှမ်းခြုံထားသော ဧရာမသစ်ပင်အိုကြီးသည် ရုတ်တရက် ပြင်းထန်စွာ တုန်လှုပ်သွားလေသည်။
ချောက်ကမ်းပါးများအတွင်းသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်နေသော ထိုသစ်ပင်စည်ကြီးများသည် ရုတ်တရက်ဆွဲနှုတ်ခံလိုက်ရပြီးနောက်၊ ရေတွက်၍မရနိုင်သော လက်သည်းများပါရှိသည့် ဘီလူးလက်ကြီးတစ်ဖက်အလား လျင်မြန်စွာ ပိတ်ဆို့လာကာ အထက်ရှိ ချောက်နက်ကြီး တစ်ခုလုံးကို ဖုံးကွယ်သွားတော့၏။
တွားသွားထွက်ပေါ်လာသော နွယ်ပင်များပေါ်တွင်ကားတိတ်ဆိတ်စွာ ရပ်နေကြသော ပုံရိပ်များစွာ ရှိနေပေ၏။ ၎င်းတို့အားလုံးမှာ တိမ်ဖြူကျောင်းတော်၏ဝတ်ရုံများကို ဝတ်ဆင်ထားကြပြီး မျက်နှာများမှာ တည်ကြည်လေးနက်နေကာ အထက်မှနေ၍ ခံစားချက်ကင်းမဲ့စွာ ငုံ့ကြည့်နေကြ၏။
အေးစက်မှုများ ရောယှက်နေသော အသံတစ်သံသည် ချောက်နက်ကြီးအတွင်း ပဲ့တင်ထပ်သွား၏။
"မေးမြန်းခွင့်ပြုချက်မရှိဘဲ ကျူးကျော်ဝင်ရောက်လာတယ်ဆိုတာ... သူခိုးပဲ။"
ထိုမြင်ကွင်းနှင့် ရင်ဆိုင်ရချိန်တွင် နတ်ဆိုးသုတ်သင်ရေးအရာရှိများရော အငယ်ဆုံးဖြစ်သည့် ယဲ့ကျင်းပါ လွန်စွာထိတ်လန့်သွားသည့် အရိပ်အယောင် မပြကြချေ။
နှစ်ဖက်အကြား အင်အားကွာဟချက်မှာ ကြီးမားလွန်းလှပေ၏။
ရွှေကျောက်စိမ်းသစ်ပင်အိုကြီး၏အကူအညီ ရှိနေလျှင်ပင် တိမ်ဖြူကျောင်းတော်အနေဖြင့် ၎င်းတို့ကို ဖမ်းဆီးထိန်းချုပ်ထားနိုင်ရန် မဖြစ်နိုင်ပေ။
ပွင့်ပွင့်လင်းလင်းပြောရလျှင် အစစ်အမှန်နတ်ဘုရားများရှိမနေဘဲ ဧကရာဇ်နန်းတော်၏ ကိစ္စရပ်များ မသေမျိုးခုံရုံးထံသို့ ပေါက်ကြားသွားမည်ကို စိုးရိမ်စရာသာမရှိပါက မည်သည့် နတ်ဆိုးသုတ်သင်ရေးအရာရှိမဆို ကောင်းကင်ဘုံသို့ တက်လှမ်းနိုင်သည်ဟု ဆိုသော ဤမသေမျိုးဂိုဏ်းကို အလွယ်တကူ ကိုင်တွယ်နိုင်ပေမည်။
ကံမကောင်းစွာဖြင့် ထိုကဲ့သို့သော တကယ်လို့များ ဟူသည့် အခြေအနေမျိုး ရှိမနေချေ။
မသေမျိုးခုံရုံး၏ အစစ်အမှန်နတ်ဘုရားသည် တိမ်ဖြူကျောင်းတော်၏အပြင်ဘက်တွင် လူထောင်ပေါင်းများစွာ၏အကြည့်ခံရင်း ရပ်တည်နေ၏။ မည်သည့် ဆူပူလှုပ်ရှားမှုမျိုးမဆို ဖြစ်ပေါ်လာပါက တိမ်ဖြူဘိုးဘေးအား လေးစားသောအားဖြင့် လည်းကောင်း၊ မိမိတို့ မျက်စိအောက်တွင် ဖြစ်ပျက်သွားသောကြောင့် လည်းကောင်း၊ တစ်ဖက်လူအနေဖြင့် တိမ်ဖြူကျောင်းတော် ကိုယ်စား သေချာပေါက် ဝင်ရောက်စုံစမ်းမည်သာ ဖြစ်လေသည်။
အကယ်၍ တစ်စုံတစ်ရာကို ရှာဖွေတွေ့ရှိသွားပါက အရာရှိတစ်ဦးအားရာထူးမှ ဖယ်ရှားလိုက်ရုံဖြင့် ဖြေရှင်းနိုင်မည့် ကိစ္စမျိုး ဖြစ်လာမည် မဟုတ်တော့ချေ။
"မင်းတို့ အရင်သွားကြ။"
မုတ်ဆိတ်မည်းနှင့် အမျိုးသားက တည်ငြိမ်စွာ ကြည့်နေ၏။ ယခုအချိန်တွင် အရေးအကြီးဆုံးမှာ လူတိုင်း အရိပ်အယောင်မကျန်ဘဲ ဆုတ်ခွာနိုင်ရန် သေချာစေရေးပင် ဖြစ်ပေမည်။
နတ်ဆိုးသုတ်သင်ရေးအရာရှိများ အနေဖြင့် ဆုတ်ခွာမှုကို အကာအကွယ်ပေးရန် သဘာဝကျကျ နောက်ချန်နေရစ်ခဲ့ရမည် ဖြစ်၏။
သူ၏စကားမဆုံးမီမှာပင် ဝိညာဉ်အလင်းတန်း တစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး ဧရာမ လက်ကြီးတစ်ဖက်အဖြစ် ပုံပေါ်လာကာ ရွှေကျောက်စိမ်း၏ နွယ်မျှင်များကို ဆွဲဆုပ်၍ တားဆီးမရသော အင်အားဖြင့် လမ်းကြောင်းတစ်ခုကို ဆုတ်ဖြဲဖွင့်လှစ်လိုက်လေသည်။
ဂိုဏ်း၏အဖိုးတန်ရတနာ ဖြစ်သော ကျောက်စိမ်းရွှေသစ်ပင်အိုကြီးက ထိုဝိညာဉ်အလင်းတန်းကို ခုခံရန် မည်သည့် အင်အားမျှမရှိခဲ့ချေ။
"ကျွတ်။"
တိမ်ဖြူကျောင်းတော်မှ ကျင့်ကြံသူအများအပြား၏မျက်နှာအမူအရာများ ပြင်းထန်စွာ တုန်လှုပ်သွားကြပြီး ၎င်းတို့၏ မျက်နှာများမှာ ချက်ချင်းပင် မှောင်မည်းသွားတော့၏။
ဤကဲ့သို့ ပေါ့ပေါ့ပါးပါးတိုက်ခိုက်မှုတစ်ခု၏ အင်အားက အောက်ဘက်ရှိ အဖွဲ့၏ခွန်အားကို ဖော်ပြနေပေသည်။ သူတို့သည် သာမန် သူခိုးကျပိုးများမဟုတ်ကြဘဲ နာမည်ကျော်ကြားသော လေးစားဖွယ်ရာအကြီးအကဲများသာ ဖြစ်ကြပေလိမ့်မည်။
သစ်ပင်နန်းတော် အတွင်း ဤကဲ့သို့သော ပုဂ္ဂိုလ်များရှိနေခြင်းမှာ ၎င်းတို့သည် ဤကိစ္စအတွက် တမင်တကာရောက်ရှိလာခြင်းဖြစ်ကြောင်း ထင်ရှားလှပေ၏။
အင်အားကွာဟချက် ကြီးမားလှကြောင်း သိရှိသော်လည်း ထိုနေရာရှိ မည်သူတစ်ဦးတစ်ယောက်ကမျှ နောက်ဆုတ်သွားခြင်း မရှိချေ။
အပြင်ဘက်တွင် မသေမျိုးခုံရုံးမှ တိမ်ဖြူကျောင်းတော်အား ချီးမြှင့်ထားသော ကျောက်စိမ်းအမိန့်တော်ကို ကိုင်ဆောင်ထားသည့် အစစ်အမှန်နတ်ဘုရားတစ်ပါး ရှိနေပေသည်။
ဤသို့သော အခြေအနေမျိုးတွင် ၎င်းတို့က အကြောက်တရားပြသလိုက်မည်ဆိုပါက မသေမျိုးအရာရှိလာရောက်ရခြင်းမှာ အချည်းနှီး ဖြစ်သွားမည် မဟုတ်လောဟု တွေးတောမိကြလေသည်။
တိမ်ဖြူကျောင်းတော်၏ အပြင်ဘက်တွင်..
ဂိုဏ်းချုပ်အိုကြီးက ကောင်းကင်ယံရှိ ခမ်းနားထည်ဝါလှသောပုံရိပ်ကြီးအား လွန်စွာရိုသေလေးစားမှုဖြင့် စောင့်ကြည့်နေဆဲပင်ဖြစ်၏။
သို့သော် သူ၏မျက်နှာပေါ်ရှိ စိတ်လှုပ်ရှားမှုကြောင့် နီမြန်းနေမှုများမှာ တဖြည်းဖြည်းမှေးမှိန်သွား၏။
သူက မည်သည့် ထူးခြားသောအမူအရာကိုမျှ မပြသဘဲ မသေမျိုးအရာရှိကျောက်စိမ်းအမိန့်တော် ဖတ်ကြားပြီးဆုံးသည်အထိ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့လေသည်။ ထို့နောက် အနည်းငယ်မျှပေါ့ဆမှုမပြရဲဘဲ ကောင်းကင်မှ ကျဆင်းလာသောရွှေရောင်အလင်းတန်းကို အလွန်သေသပ်သောဟန်ဖြင့် ဒူးထောက်ကာခံယူလိုက်၏။
လုပ်ငန်းစဉ် တစ်ခုလုံးပြီးမြောက်သွားပြီးနောက်မှသာ သူက အသံကို မြှင့်၍ ပြောလိုက်လေသည်။
"မသေမျိုးအရာရှိမင်း အဝေးကြီးကနေ ပင်ပင်ပန်းပန်းနဲ့ သေမျိုးလောကကို ကြွချီလာရတာပါ။ ကျွန်တော်မျိုးတို့ရဲ့ဂိုဏ်းလေးမှာ ရက်အနည်းငယ်လောက်အနားယူပြီး ဒီအံ့ဩစရာကောင်းတဲ့ လောကကြီးကို လေ့လာခံစားပါဦးလို့ မျှော်လင့်ပါတယ်ဗျာ။"
ထိုစကားများ ထွက်ပေါ်လာသည့်အခါ ပတ်ဝန်းကျင်ရှိ သက်ရှိအားလုံးမှာ မနာလို အားကျသည့် အကြည့်များကို ပြသလိုက်ကြ၏။
မသေမျိုးအရာရှိ ဂိုဏ်းအတွင်းသို့ ဝင်ရောက်သွားပါက တိမ်ဖြူကျောင်းတော်အနေဖြင့် ပူဇော်သက္ကာရ အများအပြား ဆက်သမည်မှာ သေချာပြီး ၎င်းမှတစ်ဆင့် အားကောင်းသော အဆက်အသွယ်တစ်ခုကို ရရှိသွားမည်မှာ အမှန်ပင်။
ဤအရာအတွက် ဝမ်းနည်းပူဆွေးမနေပါနှင့်၊ လူအများအပြားက ဤကဲ့သို့ ပူဇော်ခွင့် ရရန်အတွက် မည်သည့်အရာကိုမဆို ပေးဆပ်လိုကြပေမည်။
"အရှင်... ကျွန်တော်တို့ အားလုံးက မသေမျိုးခုံရုံး အောက်က လုပ်ဖော်ကိုင်ဖက်တွေချည်းပါပဲ။ ဒါက ဘိုးဘေးအပေါ် လေးစားမှုကို ပြသတာလည်း ဖြစ်ပါတယ်။"
တိမ်တိုက်များ၏နောက်ကွယ်တွင် ရွှေရောင်အလင်းတန်းများဖြင့် လွှမ်းခြုံထားသော ဘေးမှမသေမျိုးအရာရှိများအားလုံးက အရှေ့ဘက်ရှိ ခမ်းနားထည်ဝါသော ပုံရိပ်ကြီးဆီသို့ လှမ်းကြည့်လိုက်ကြလေသည်။
၎င်းသည် ထိုအရာရှိအတွက် မသေမျိုးတာဝန်ဖြင့် သေမျိုးလောကသို့ ပထမဆုံးအကြိမ် ဆင်းသက်လာခြင်းဖြစ်ရာ သူက အသားမကျသေးခြင်း ဖြစ်ကောင်းဖြစ်နိုင်ပေမည်။
အမှန်တကယ်တော့ မသေမျိုးခုံရုံးက ဤကဲ့သို့သောကိစ္စရပ်များကို တင်းကျပ်စွာ ထိန်းချုပ်ထားခြင်း မရှိချေ။ သေမျိုးလောကသို့ ဆင်းသက်ရခြင်းမှာ ရှားပါးလှသဖြင့် မည်သည့်အရာကိုမဆို ယူဆောင်နိုင်၊စံစားနိုင်ပါက ကျူးကျော်စွက်ဖက်သည်ဟုပူပန်စရာ မလိုဘဲ ယူဆောင်သင့်ပေ၏။
ရွှေရောင်ခန္ဓာကိုယ်က တိမ်ဖြူကျောင်းတော်ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေပြီးနောက် အတန်ကြာမှ အမိန့်တစ်ခု ချမှတ်လိုက်၏။
"ငါ့ကို ဒီမှာပဲ စောင့်နေကြ။"
ချက်ချင်းပင် ကျောက်စိမ်းဖြူကြံ့တံဆိပ်တုံး၏ သန့်စင်သောအရှိန်အဝါအောက်တွင် သူက တိမ်တိုက်များကြားမှ ထွက်ပေါ်လာကာ လူ့လောကထဲသို့ အမှန်တကယ်ပင် ဆင်းသက်လာတော့လေသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ တိမ်ဖြူကျောင်းတော်၏ဂိုဏ်းချုပ်အိုကြီးက သတိမပြုမိနိုင်လောက်အောင်သိမ်မွေ့လှသော အပြုံးတစ်ခုကို ဖော်ပြလိုက်၏။
သူက ကိုယ်ကို ကိုင်းညွတ်ကာ အစစ်အမှန်နတ်ဘုရားအား တိမ်ဖြူကျောင်းတော်အတွင်းသို့ ကြိုဆိုလိုက်လေသည်။
ထိုအခါမှသာ ပတ်ဝန်းကျင်ရှိ သက်ရှိများက ၎င်းတို့၏အကြည့်များကို တွန့်ဆုတ်စွာဖြင့် ပြန်လည် ရုပ်သိမ်းလိုက်ကြ၏။
သူတို့က လူစုမခွဲချင်သေးဘဲ ထိုနေရာတွင်သာ ဆက်လက် ရစ်သိုင်းနေကြဆဲ ဖြစ်ပေမည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် တိမ်ဖြူကျောင်းတော်ကဲ့သို့ တူညီသော ကံကောင်းမှုများကို မခံစားရလျှင်ပင် မသေမျိုး၏အငွေ့အသက် အနည်းငယ်အား ထိတွေ့ရခြင်းကပင် ကောင်းမွန်နေသောကြောင့် ပင်ဖြစ်၏။
သို့သော် စောင့်ကြည့်နေသူများ သတိမပြုမိကြသည်မှာ တိမ်ဖြူကျောင်းတော်မှ အသန်မာဆုံး ကျင့်ကြံသူများ၏မျက်နှာများပေါ်တွင် အစစ်အမှန်နတ်ဘုရား ကျောင်းတော်အတွင်းသို့ ဝင်ရောက်သွားသည့် အခိုက်အတန့်၌အေးစက်သော အရိပ်အယောင်တစ်ခု ထွက်ပေါ်လာခြင်းပင် ဖြစ်ချေသည်။
"အနည်းဆုံးတော့ တစ်ယောက်လောက် ချန်ထားခဲ့ရမယ်။"
ဂိုဏ်းချုပ်အိုကြီး၏ ခန္ဓာကိုယ်က အစီအရင်အတွင်းသို့ ဖြည်းညှင်းစွာနစ်မြုပ်ဝင်ရောက်သွားလေသည်။
ဤကိစ္စကို ထာဝရလျှို့ဝှက်ထား၍ မရနိုင်ကြောင်းကို သူ သိရှိပေ၏။ မနာလို ဝန်တိုဖြစ်နေသော အခြားဂိုဏ်းများပဲ ဖြစ်စေ၊ ဝင်ရောက်စွက်ဖက်တတ်သော မြေစောင့်မသေမျိုးများ အနည်းငယ်ပဲ ဖြစ်စေ၊ သူတို့အားလုံးက တိမ်ဖြူကျောင်းတော်၏ ကြီးပွားတိုးတက်နေသော အခြေအနေကို စောင့်ကြည့်နေကြပြီး ဤနေရာမှနေထိုင်သူများ ကံဆိုးမိုးမှောင်ကျမည်ကို အလွန်အမင်းမြင်တွေ့လိုနေကြလေသည်။
လောကကြီးတွင် အခြားသူများ၏အောင်မြင်မှုကို မနာလိုဖြစ်တတ်သော မကောင်းယုတ်မာသည့် သတ္တဝါများ မည်သည့်အခါမှ မရှားပါးလှချေ။
သို့သော် မသေမျိုးခုံရုံး၏မျက်စိရှေ့မှောက်တွင် လာရောက်၍ ပြဿနာရှာရဲလောက်အောင် သူ၏ဂိုဏ်းအနေဖြင့် ကောင်းကင်ဘုံတွင် အကူအညီတောင်းစရာ မည်သူမျှ မရှိဘူးဟု သူတို့ တကယ်ပဲ ထင်နေကြသလောဟု သူ တွေးလိုက်၏။
တစ်ယောက်ကို ဖမ်းဆီးထိန်းသိမ်းထားနိုင်ပါက သူတို့အနေဖြင့် အေးအေးဆေးဆေးစစ်ဆေးမေးမြန်းနိုင်မည် ဖြစ်ပြီး၊ မည်သည့်ဂိုဏ်းက မကောင်းသော ရည်ရွယ်ချက်များထားရှိနေသနည်း ဆိုသည်ကို ဘိုးဘေးသိရှိစေရန် အသိပေးနိုင်ပါလိမ့်မည်။