မင်းတို့ရဲ့ မသေမျိုးအရာရှိလား... ဒါလည်းငါ့လူပဲ ၂
Vol. 97 Ch. 969
ထိုစကားများ ထွက်ပေါ်လာသည့် အခိုက်အတန့်တွင် အစီအရင်အတွင်းရှိ လောကတစ်ခုလုံးက ၎င်း၏အကြည့်များကို အောက်ဘက်ရှိ ချောက်နက်ကြီးဆီသို့ စူးစိုက်လိုက်သကဲ့သို့ဖြစ်သွားလေသည်။
ကျောက်စိမ်းရွှေသစ်ပင်အိုကြီးက ကောင်းချီးပေးခံလိုက်ရသကဲ့သို့ဖြစ်သွားပြီး ဝိညာဉ်အလင်းဖြင့် ခွဲခြမ်းခံထားရသော ၎င်း၏ဧရာမ ပင်စည်ကြီးသည် ပြန်လည် ပိတ်ဆို့သွားလေတော့သည်။
"..."
မုတ်ဆိတ်မည်းနှင့် အမျိုးသား၏ မျက်နှာအမူအရာ အနည်းငယ်ပြောင်းလဲသွားချေသည်။ ဤဖြစ်ပေါ်တိုးတက်မှုသည် အပြင်ဘက်ရှိ အခြေအနေများပြီးဆုံးသွားပြီဖြစ်ကြောင်း ညွှန်ပြနေသည်ကို သူ လက်ခံလိုက်ရလေသည်။
လမ်းကြောင်းတစ်ခုကို ထပ်မံ ဖောက်ထွက်ရန်အတွက် သူပင်လျှင် အမှန်တကယ် အင်အားစိုက်ထုတ်ရမည်ဖြစ်ပြီး ထိုသို့ပြုလုပ်ပါက သူ၏စွမ်းအင်များကို ထုတ်ဖော်ပြသရမည် ဖြစ်ရာ ဆက်လက် ပုန်းကွယ်နေရန် ခက်ခဲသွားပေလိမ့်မည်။
တိမ်ဖြူဂူ၏အာရုံစူးစိုက်က အောက်ဘက်ရှိ လူအနည်းငယ်ထံသို့ ကျရောက်လာခဲ့လေသည်။
အချိန်တိုလေးအတွင်းမှာပင် ၎င်းတို့၏အာရုံစိုက်မှုသည် တည်ငြိမ်သောအမျိုးသမီးငယ်ထံသို့ စုပေါင်းသွားကြလေ၏။
တစ်ယောက်တည်းကိုသာ ချန်ထားရမည်ဖြစ်သဖြင့် သဘာဝကျကျပင်အားအနည်းဆုံးကိုသာ ရွေးချယ်၍ ဖိချေမည်ဖြစ်ပေသည်။
ချက်ချင်းပင် သဏ္ဍာန်မဲ့သော ဖိနှိပ်မှုစွမ်းအားတစ်ခုက အထက်မှကျဆင်းလာပြီး ၎င်း၏ကြိတ်ချေနိုင်သော အလေးချိန်ဖြင့် တည်ငြိမ်သော အမျိုးသမီးထံသို့ ဦးတည်လာတော့သည်။
"သူတို့ကတောင် အရင်စပြီး လက်ပါလိုက်သေးတယ်။"
မုန့်ရှို့ဝမ်က ဒေါသထွက်လွန်း၍ ရယ်ပင် ရယ်ချင်သွားပြီး သူ၏မှော်မန္တန်ကို ဖော်ဆောင်ရန် ပြင်လိုက်သော်လည်း လာနေသောသဏ္ဍာန်မဲ့သည့် စွမ်းအားသည် လေထဲတွင် အကြောင်းပြချက် မရှိဘဲ ရပ်တန့်သွားသည်ကို မြင်လိုက်ရလေသည်။
သူသည် အနည်းငယ်အံ့အားသင့်စွာဖြင့် ဘေးရှိ ရှန်းယီကို လှည့်ကြည့်လိုက်၏။
ဂိုဏ်းချုပ်ဖြစ်သူမှာ ဘိုးဘေးတစ်ဦး မဟုတ်လျှင်ပင် အစစ်အမှန်မသေမျိုးနယ်ပယ်သို့ ရောက်ရှိထားသည့် ပါရမီရှင်တစ်ဦးဖြစ်ပြီး ရတနာမြေအတွင်းရှိနေကာ ကျောက်စိမ်းရွှေသစ်ပင်အိုကြီး၏ အကူအညီပါရှိနေသည့် တိမ်ဖြူဂူကဲ့သို့သော ကြီးမားသည့် အင်အားစုတစ်ခုဖြစ်သော်လည်း။
တစ်ဖက်လူ၏ပြတ်သားသော တိုက်ခိုက်မှုမှာ ပေါ့ပေါ့ပါးပါးပင် ပျက်ပြယ်သွားခဲ့လေသည်။
ဤအချက်က သူတို့၏နယ်ပယ်များအကြား ကွာဟချက်မှာ မသေးငယ်ကြောင်း ညွှန်ပြနေပေသည်။
သူက တာအိုကိုပဲအာရုံစိုက်တဲ့ လေလွင့်ကျင့်ကြံသူတစ်ယောက်လို့ ဆိုထားတယ် မဟုတ်လား။
မုန့်ရှို့ဝမ်က မျက်ခုံးပင့်လိုက်လေ၏။ သူက ပြီးခဲ့သည့်အကြိမ်ကမရှိခဲ့သဖြင့် ယဲ့ကျင်း၏ ဖော်ပြချက်မှာ လုံးဝပြည့်စုံမှုမရှိကြောင်း သိလိုက်ရချေသည်။
"ကျေးဇူးတင်ပါတယ်။"
တည်ငြိမ်သော အမျိုးသမီးငယ်က ရှန်းယီအား ခေါင်းညိတ်ပြလိုက်လေသည်။ သူမက ပစ်မှတ်ထားခံလိုက်ရကြောင်း သိရှိသဖြင့် အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲကာ ချောက်နက်ကြီးထဲမှ ပြတ်သားစွာ ထွက်ပြေးလွတ်မြောက်သွားလေတော့သည်။
ကျန်သူများကလည်း အရပ်မျက်နှာ အသီးသီးသို့ လူစုခွဲကာ ဆက်လက်မနေတော့ဘဲ ထွက်ခွာသွားကြလေသည်။
"မင်းတို့ ကျန်းယန်စီရင်စုက လူတွေကတော့ တကယ့်ကို ပါရမီရှင်တွေချည်းပဲ ဆက်တိုက်ထွက်ပေါ်နေတာပဲ။"
မေ့ကျိယောင်က တိုးညှင်းစွာ သက်ပြင်းချလိုက်လေသည်။ ဝတ်ရုံနက်နှင့် ထိုလူငယ်၏ ယခုလေးတင် ပြုလုပ်သွားသည့် စွမ်းဆောင်ရည်ကို ကြည့်ရလျှင် နတ်ဆိုးသုတ်သင်ရေးအရာရှိမဆိုထားနှင့်၊ နတ်ဆိုးသုတ်သင်ရေးစစ်သူကြီးတစ်ဦး အဖြစ်ပင် အရည်အချင်းပြည့်မီရန်လုံလောက်လှပေသည်။
ယခင်က သူမက သူတို့ကို အထင်သေးခဲ့မိပုံရလေသည်။
မုန့်ရှို့ဝမ်က ပြုံးလိုက်ပြီး နှိမ့်ချစွာ ပြန်ပြောရန် ပြင်လိုက်သော်လည်း သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ လေထဲတွင် ရုတ်တရက် တောင့်တင်းသွားလေသည်။
သူသည် နောက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်ရာ သူ၏မျက်ဆန်များမှာ ကျုံ့ဝင်သွားတော့သည်။
မေ့ကျိယောင်၏ချီးကျူးခြင်းကို ယခုလေးတင် ခံခဲ့ရသူက လုံးဝ လှုပ်ရှားခြင်း မရှိသေးချေ။ သူက လက်များကို တွဲလောင်းချကာ နေရာတွင် တိတ်ဆိတ်စွာ ရပ်နေဆဲ ပင်ဖြစ်၏။
"အရာရှိမုန့်... ဒါက ဘာသဘောလဲ။"
မုတ်ဆိတ်မည်းနှင့် အမျိုးသားကလည်း ပုံမှန်မဟုတ်မှုများကို သတိပြုမိသွားပြီး တိုးတိုးလေး မေးလိုက်လေသည်။
နတ်ဆိုးသုတ်သင်သူတစ်ဦးအတွက် အရှောင်ကြဉ်ရဆုံးအရာမှာ မိမိ၏ကိုယ်ပိုင်အင်အားကိုသာ အားကိုး၍တဇွတ်ထိုးနှင့် အကြောင်းပြချက်မဲ့စွာ လုပ်ဆောင်ခြင်းပင် ဖြစ်လေသည်။
၎င်းတို့သည် ဧကရာဇ်နန်းတော်မှ ဖုံးကွယ်ထားသောဓားသွားများဖြစ်ကြပြီး အရေးကြီးဆုံး အခြေအနေများတွင်သာ အသုံးပြုရန် ဖြစ်ပေသည်။
စေလွှတ်မှုတိုင်းသည် တန်ဖိုးရှိရမည်ဖြစ်၏။
ခဏတာ ဒေါသထွက်မှုများကို ဖြေဖျောက်ရန်အတွက် ကောင်းကင်ဘုံရှိသက်ရှိများ၏ အာရုံစိုက်မှုကို တဇွတ်ထိုး ဆွဲဆောင်ခြင်းက အထက်ပါ အခြေအနေများနှင့် မကိုက်ညီကြောင်း ရှင်းလင်းလှပေသည်။
မုန့်ရှို့ဝမ်က ဤကဲ့သို့သော ကိစ္စကြောင့် သူ၏ တရားဝင်ရာထူးကို ယခုလေးတင် ဆုံးရှုံးခဲ့ရခြင်း ဖြစ်လေသည်။ ဤလူငယ်က သူ၏ရာထူးကို မည်သို့ ရရှိခဲ့သည်ကို မသိလေသည်လော။
"ငါက ဘယ်လိုလုပ် သိမှာလဲကွာ။"
မုန့်ရှို့ဝမ်က ဒေါသတကြီး ပြန်ပြောလိုက်ပြီး သူ၏ မျက်နှာမှာ မချိုမချဉ်ဖြစ်နေသော်လည်း သူ၏ ရှေ့ဆက်သွားမည့် အစီအစဉ်ကို မဆိုင်းမတွ ရပ်တန့်လိုက်လေသည်။
"သူက နတ်ဆိုးသုတ်သင်ရေးအရာရှိလေ။ ငါက သူ့စကားကို နားထောင်ရမှာ။ မင်းက ငါ့ကို လာမေးနေတော့ ငါကရော ဘယ်သူ့ကို သွားမေးရမှာလဲ။"
"ကောင်းကင်ဘုံအင်အားစုတွေ ဂိုဏ်းထဲကို ဝင်လာပြီနော်။"
မေ့ကျိယောင်က ရင်းနှီးသော အငွေ့အသက်တစ်ခုကို ထောက်လှမ်းမိလိုက်ပြီး သူမ၏မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားတော့သည်။ သူမက ယဲ့ကျင်း စကားတစ်ခွန်းမျှမပြောဘဲဓားရှည်ကို ဆွဲထုတ်လိုက်သည်ကို ကြည့်ရင်း သူမ၏ နားထင်ကြောများမှာ အကြိမ်အနည်းငယ်မျှလှုပ်ခတ်သွားသည်ကို မတားဆီးနိုင်တော့ချေ။
ဒီကျန်းယန်စီရင်စုက လူတွေက တိတိကျကျဘာကို လုပ်ချင်နေကြတာလဲ။
သူတို့က အဲဒီ အစစ်အမှန် နတ်ဘုရားကိုအတူ သတ်ဖြတ်ပစ်ဖို့ စီစဉ်နေတာလား။ ပြီးတော့ မူလဝိညာဉ် ကောင်းကင်ဘုံကို တက်သွားတာကို စောင့်ပြီး မသေမျိုးစစ်သည်တွေ၊ ကောင်းကင်ဘုံစစ်သူကြီးများနဲ့အတူ ဆင်းလာပြီး စီရင်စုသုံးခုကို သုတ်သင်ပစ်မှာကို စောင့်နေကြတာလား။
ထိုအချိန်မှာပင် လူများဝန်းရံနေသော လူအုပ်ကြားထဲမှ ပုံရိပ်နှစ်ခုက ချောက်ကမ်းပါး အစွန်းသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့ကြလေသည်။
"တောင်းပန်ပါတယ်... ဂိုဏ်းတွင်းမှာ အနှောင့်အယှက်လေးနည်းနည်းဖြစ်သွားလို့ မသေမျိုးအရာရှိကိုပါ ဒုက္ခပေးမိသလို ဖြစ်သွားတယ်။"
ဂိုဏ်းချုပ်အိုကြီးက ထိတ်လန့်နေပုံ မပေါ်ချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူသည် အကူအညီမဲ့နေသည့် အရိပ်အယောင်တစ်ခုကို ပြသလိုက်လေသည်။
"ကျွန်တော်မျိုးက ဒီကျောက်စိမ်းရွှေသစ်ပင်အိုကြီးကို မသေမျိုးခုံရုံးဆီ ပူဇော်သက္ကာရအနေနဲ့ ဆက်သဖို့ ရည်ရွယ်ထားတာပါ။ ဒါပေမဲ့ အဲဒါက သူခိုးတွေရဲ့မကျေနပ်မှုကို ဖြစ်ပေါ်စေခဲ့ပြီး ကျွန်တော်တို့ ဂိုဏ်းရဲ့ ရတနာကို ဖျက်ဆီးချင်နေကြတာပါ။"
"ကျွန်တော်မျိုးက ကောင်းကင်ဘုံခုံရုံးရဲ့ အာဏာကို စော်ကားတဲ့ ဒီပြစ်မှုကျူးလွန်သူကို ဖမ်းဆီးပြီး မသေမျိုးအရာရှိရဲ့အဆုံးအဖြတ်ကို ခံယူဖို့ အပ်နှံပေးပါ့မယ်။"
"မသေမျိုးအရာရှိ အပြစ်မယူဖို့ မျှော်လင့်ပါတယ်။"
စကားအနည်းငယ်ဖြင့်ပင် တိမ်ဖြူဂူ၏ ဂိုဏ်းချုပ်က ပတ်သက်နေသူ အားလုံးအတွက် အခြေအနေကို ရှင်းလင်း သတ်မှတ်ပေးလိုက်လေသည်။
"ကိစ္စမရှိဘူး။"
ရွှေရောင်ခန္ဓာကိုယ်က အောက်သို့ ငုံ့ကြည့်ရုံသာ ကြည့်ပြီး ခေါင်းကိုညင်သာစွာ ခါယမ်းပြလိုက်လေသည်။
ထိုစကားများ ထွက်ပေါ်လာသည့်အခါ နတ်ဆိုးသုတ်သင်သူအားလုံးနီးပါး၏မျက်နှာအမူအရာများမှာ ပိုမို မည်းမှောင်သွားကြချေသည်။ အဘယ်ကြောင့်ဆိုသော် မသေမျိုးအရာရှိက တိမ်ဖြူဂူ၏ပြောဆိုချက်ကို အသိအမှတ်ပြုလိုက်ပုံရပြီး ငြင်းခုံရန် အခွင့်အရေး မပေးတော့ဘဲ မည်သို့ အပြီးအပိုင်ဆုတ်ခွာရမည်ကိုသာ တွေးတောစရာ သာကျန်ရှိတော့သောကြောင့်ဖြစ်၏။
"နင်ရဲ့အဲဒီလက်တွေက လှုပ်ရှားလို့မရဘူးလား။ သူ့ကို ခေါ်သွားလေ။"
မေ့ကျိယောင်က မုန့်ရှို့ဝမ်ကို စူးစူးရဲရဲ ကြည့်ကာ ပြောလိုက်လေသည်။
"..."
မုန့်ရှို့ဝမ်က အံကို တင်းတင်းကြိတ်လိုက်၏။ ယဲ့လန်၏အစီအစဉ်များမှာ ရယ်စရာကောင်းသည်ဟု သူ အမြဲထင်ခဲ့သော်လည်း ရှန်းယီတွင် ဤမျှရဲတင်းမှုရှိလိမ့်မည်ဟု သူ တစ်ခါမျှ မထင်ထားခဲ့ချေ။
"အရာရှိရှန်း..."
သူက တောင်းပန်စကား ပြောရန်ပြင်လိုက်ပြီးနောက် သူ့ကို အခင်းဖြစ်ပွားရာနေရာမှ အတင်းအဓမ္မခေါ်သွားရန် ရည်ရွယ်ကာ ပြန်ရောက်သည့်အခါမှ သေချာရှင်းပြရန် စီစဉ်လိုက်လေသည်။
သို့သော် သူ စကားမဆုံးမီမှာပင် လေထဲတွင် ရပ်တန့်နေခဲ့သော မိုးမြေ၏စွမ်းအင်များသည် ရုတ်တရက်လှုပ်ရှားလာပြီး အောက်သို့ တဟုန်ထိုး ကျဆင်းသွားသည်ကို မြင်လိုက်ရလေ၏။
ဤသည်မှာ အစစ်အမှန် မသေမျိုးကို တန်ပြန်ရန် နည်းစနစ်တစ်ခုဖြစ်သော်လည်း ယခုအခါတွင်မူ အထက်ရှိနွယ်ပင်များကို ရမ်းကားစွာရိုက်ခတ်သွားတော့သည်။
သာမန် ကျင့်ကြံသူများက ဤကဲ့သို့သော အပြောင်းအလဲကို မည်သည့်နည်းနှင့် မျှော်လင့်ထားနိုင်မည်နည်း။ မကြာခင်မှာပင် နာကျင်စွာ အော်ဟစ်သံထွက်ပေါ်လာပြီး ကြီးမားကျယ်ပြန့်လှသော မိုးမြေ၏စွမ်းအင်ကြောင့် နေရာမှာပင် အစအနမကျန်ကြိတ်ချေခံလိုက်ရတော့သည်။
"..."
မြင်ကွင်းက အလွန်လျင်မြန်ပြီး ရုတ်တရက် ဆန်လွန်းသဖြင့် နတ်ဆိုးသုတ်သင်သူအများအပြား၏ မျက်နှာများမှာ ထိတ်လန့်မှုကြောင့် အေးခဲသွားကြလေသည်။
မုန့်ရှို့ဝမ်၏ပါးစပ်မှာ ဟောင်းလောင်းပွင့်သွားပြီး မျက်လုံးများက ဗလာဖြစ်နေသော ချောက်နက်ကြီးနှင့် ချောက်ကမ်းပါးဘေးရှိ ခမ်းနားထည်ဝါသော ရွှေရောင်ခန္ဓာကိုယ်ကြီး အကြား ကူးချည်သန်းချည်ဖြစ်နေကာ သူ၏စိတ်များ မိုက်ကနဲဖြစ်သွားသလို ခံစားလိုက်ရလေသည်။
ကောင်းကင်ဘုံရှိ သက်ရှိတစ်ပါး၏မျက်စိရှေ့တွင် ဤကဲ့သို့သောသတ်ဖြတ်မှုကို ပြသလိုက်ခြင်းပင် ဖြစ်ပေသည်။
ယခုအခါ ပင်လယ်လေးစင်းလုံး၏ရေများဖြင့် ဆေးကြောလျှင်ပင်မှ ထိုနတ်ဆိုး၏အမည်နာမကို ဆေးကြောနိုင်တော့မည် မဟုတ်ချေ။
အံ့အားအသင့်ဆုံးသူမှာ တိမ်ဖြူဂူ၏ဂိုဏ်းချုပ်အိုကြီးပင်ဖြစ်ပြီး အောက်ဘက်ရှိ ဝတ်ရုံနက်နှင့် ပုံရိပ်ကို အူကြောင်ကြောင်စိုက်ကြည့်နေကာ သူ၏မုတ်ဆိတ်မွေးများမှာ အနည်းငယ် တုန်ရီနေလေသည်။
သူ၏ဦးနှောက်ကို အစွမ်းကုန်အသုံးချ၍ စဉ်းစားသော်လည်း မည်သူကများ မသေမျိုးခုံရုံးကို အာခံရဲပြီး ဤကဲ့သို့သော အခြေအနေမျိုးတွင် ခုခံရဲလိမ့်မည်ကို သူ နားမလည်နိုင်အောင်ဖြစ်နေတော့သည်။