မင်းတို့ရဲ့ မသေမျိုးအရာရှိလား... ဒါလည်းငါ့လူပဲ ၃
Vol. 97 Ch. 970
"မသေမျိုးခုံရုံးကိုယ်စား မင်းလို နတ်ဆိုးကောင်ကို ဖမ်းဆီးပြီး နတ်ဆိုးသုတ်သင်ရေးစင်မြင့်ဆီ မင်းခေါင်းကို ပို့ပေးမယ်။"
ဂိုဏ်းချုပ်အိုကြီးက အသံရှည်ကြီးဖြင့် ဟစ်ကြွေးလိုက်ရာ လေနှင့်တိမ်တိုက်များသည် နဂါးတစ်ကောင်အသွင်စုစည်းသွားပြီး ကပ်ဘေးဒုက္ခလေးခု၏ကြောက်မက်ဖွယ် ဝိညာဉ်စွမ်းအင်များဖြင့် ချောက်နက်ကြီးတစ်ခုလုံးကို လွှမ်းခြုံသွားသည်ကို မြင်တွေ့လိုက်ရလေသည်။
ထိုအချိန် တစ်ပြိုင်နက်တည်းမှာပင် ချောက်နက်ကြီး၏အောက်ခြေရှိ လူငယ်လေးက သူ၏ မျက်လုံးများကို နောက်ဆုံးတွင် အနည်းငယ် ပင့်မော့ကြည့်လိုက်၏။
ရှေးဟောင်း ရေတွင်းတစ်တွင်းပမာ နက်ရှိုင်းလှသော ထိုမျက်ဝန်းများသည် နတ်ဆိုးဟူသော စကားလုံးကို ကြားလိုက်ရချိန်တွင်မှ အနည်းငယ် လှိုင်းခတ်သွားပြီး ထိုအရာကို အတော်လေး ရယ်စရာကောင်းနေသည်ဟု မှတ်ယူလိုက်ပုံရလေသည်။
ယခင်က အသုံးပြုနေကျ နည်းလမ်းဟောင်းများသာဖြစ်ပေသည်။
ကပ်ဘေးဒုက္ခလေးခု၏ စွမ်းအားများ ကိန်းအောင်းနေသော လေနှင့်တိမ်တိုက်နဂါးကြီးက ကောင်းကင်ယံထက်၌ ကြက်သီးမွေးညင်းထဖွယ် ရပ်တန့်လွင့်မျောနေလေသည်။
ရှန်းယီက အစစ်အမှန်မသေမျိုး ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိပြီးနောက် ရတနာတောင်ကို ခက်ခက်ခဲခဲနှိုးဆွနိုင်ခဲ့ပြီး ၎င်း၏စွမ်းအားမြှင့်တင်မှုဖြင့် ရှန်းယွဲ့ကျန်းချင်ထျန်း၏ အစွမ်းမှာ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလာခဲ့လေပြီဖြစ်သည်။
"ဟား။"
တိမ်ဖြူဂူ၏ဂိုဏ်းချုပ်အိုကြီး၏ မျက်နှာပေါ်တွင် အံ့အားသင့်သွားသည့် အရိပ်အယောင်များ ပေါ်လာချေသည်။ တစ်စုံတစ်ခု မှားယွင်းနေကြောင်း သူ အာရုံရလိုက်သော်လည်း တုံ့ဆိုင်းမနေဘဲ မှော်မန္တန်များကို အဆက်မပြတ်ရွတ်ဆိုဖော်ဆောင်နေတော့၏။
သူ၏ ကျင့်ကြံခြင်းစွမ်းအင်များဖြင့် ကျောက်စိမ်းရွှေသစ်ပင်အိုကြီးကို အသက်သွင်းလိုက်လေသည်။
ဤဧရာမ သစ်ပင်ကြီး လှုပ်ရှားလာသည့်အခါမှသာ ၎င်း၏ကြီးမားခမ်းနားလှမှုကို လောကကြီးက သတိပြုမိသွားတော့၏။ အရာအားလုံးကို ဖုံးလွှမ်းသွားမည့် ဧရာမသတ္တဝါကြီးတစ်ကောင်အလား ကျောက်စိမ်းရွှေနွယ်ပင်များက လက်သီးဆုပ်ကြီးတစ်ခုအဖြစ်ပုံဖော်ကာ သေးသွယ်အားနည်းသည့် ထိုလူငယ်လေး၏ ပုံရိပ်ဆီသို့ ပြင်းထန်စွာ ထိုးချလိုက်လေသည်။
ကောင်းကင်ကို ဖုံးလွှမ်းသွားသည့် တိမ်မည်းကြီးများကဲ့သို့ကြောက်မက်ဖွယ် အရိပ်မည်းကြီးတစ်ခုက လွှမ်းခြုံ ဖုံးအုပ်လာတော့ချေသည်။
ဤပိတ်ပိတ်ဆို့ မှောင်မိုက်နေမှုကြီး အတွင်းမှ ရွှေရောင်အလင်းတန်းလေးတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။
အစပိုင်းတွင် သတိထားမိရန်ပင် ခက်ခဲလှသော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုပတ်ဝန်းကျင်တစ်ခုလုံးကို လင်းထိန်သွားစေလေသည်။
မတ်မတ်ကြီး ရပ်တည်နေသော ကျောက်စိမ်းရွှေသစ်ပင်အိုကြီးသည် အထက်တွင် ရုတ်တရက် ရပ်တန့်အေးခဲသွားတော့လေသည်။
၎င်း၏နွယ်ပင်များ လက်သီးဆုပ်အဖြစ် ဖွဲ့စည်းထားသောနေရာတွင် သေးငယ်သော်လည်း ရွှေရောင်လင်းလက်နေသည့် လက်တစ်ဖက်က ပေါ့ပေါ့ပါးပါး သွားရောက်ထောက်ထားရာ ထိုလက်သီးကြီး ရှေ့ဆက်မတိုးနိုင်အောင် ရပ်တန့်သွားစေလေသည်။
နောက်တစ်ခဏတွင် ထိုသွယ်လျသော လက်ချောင်းလေးများက ညင်သာစွာတွန်းထုတ်လိုက်လေ၏။
ဖော်ပြ၍မရနိုင်လောက်အောင် ဧရာမ ကြီးမားလှသည့် ထိုသတ္တဝါကြီးက အနောက်သို့ လွင့်စင်သွားပြီးနောက် အဆုံးမဲ့ချောက်နက်ကြီးမှာ ရုတ်တရက် ပြိုကျလာကာ ၎င်း၏ခန္ဓာကိုယ်အများစုကို မြေမြှုပ်ပစ်လိုက်တော့ချေသည်။
ပြုတ်ကျလာသော ကျောက်တုံးကျောက်ဆောင်များ၏ဆူညံသော အသံများကြားတွင်တော့
ဂိုဏ်းချုပ်အိုကြီး၏မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားလေပြီဖြစ်၏။ သူ၏ ကျင့်ကြံခြင်းမှာ ဖိနှိပ်ခံလိုက်ရပြီး သူ၏မှော်ရတနာများမှာလည်း အားစိုက်စရာမလိုဘဲ အလွယ်တကူ တွန်းလှန်ခံလိုက်ရလေသည်။
တိုက်ခိုက်မှု နှစ်ကွက်မျှ ဖလှယ်လိုက်ရုံဖြင့် မည်သူက ပို၍ အင်အားကြီးမားသည်ကို ပြတ်ပြတ်သားသား ပြသလိုက်လေသည်။
ဤမျှ ငယ်ရွယ်သော ကျင့်ကြံသူလေးက ကိုင်လှုပ်မရနိုင်သော ဘီလူးကြီးတစ်ကောင် ဖြစ်နေနှင့်ပြီလော။
သူ၏ဝတ်ရုံနက်အောက်မှ နူးညံ့သော ရွှေရောင်အလင်းတန်းက သူမည်သူဖြစ်ကြောင်းကို စကားလုံးများဖြင့် ရှင်းပြနေစရာမလိုဘဲ လူတိုင်းအား ဖော်ပြနေလေသည်။
ဂိုဏ်းချုပ်အိုကြီး နားမလည်နိုင်သည့် တစ်ခုတည်းသောအရာမှာ လောကကြီး၏အကောင်းဆုံးသော ကောင်းချီးမင်္ဂလာများကို ခံစားနေရသော လမ်းစဉ်သုံးသွယ်မှ တပည့်တစ်ဦးက တိမ်ဖြူဂူကို အဘယ်ကြောင့် ပစ်မှတ်ထားရသနည်း ဆိုသည်ပင်ဖြစ်၏။
၎င်းတို့ကဲ့သို့ အဆင့်နိမ့် ကျင့်ကြံသူလေးများအတွက် အနည်းငယ်မျှပင် ချန်မထားပေးနိုင်တော့သည်လောဟု သူ တွေးနေမိလေသည်။
သေချာသည်မှာ ယခုအချိန်တွင် အသက်ရှင်သန်ရေးကသာ ပို၍ အရေးကြီးကြောင်း သူ သိရှိပေ၏။
ဤသို့တွေးလိုက်ပြီး တိမ်ဖြူဂူ၏ ဂိုဏ်းချုပ်က တုံ့ဆိုင်းနေခြင်းမရှိဘဲ ခမ်းနားထည်ဝါလှသော ရွှေရောင်ခန္ဓာကိုယ်ကြီးထံသို့ အပြေးအလွှား သွားရောက်ကာ ၎င်း၏အနောက်တွင် ပုန်းအောင်းရန် ကြိုးစားလိုက်၏။
"နတ်ဆိုးရဲ့ အင်အားကို မခုခံနိုင်တော့ဘူး။ မသေမျိုးအရာရှိ၊ ကျွန်တော်မျိုးကို ကယ်ပါဦး။"
သို့သော် နတ်ဆိုးသုတ်သင်ရေးဌာနမှ လူများပင်လျှင် တစ်စုံတစ်ခုမှားယွင်းနေကြောင်း သတိပြုမိနေကြလေပြီဖြစ်၏။
ထိုမသေမျိုးအရာရှိက အရေးမစိုက်ဘူးဟု ပြောခဲ့သည်မှာ သူအမှန်တကယ်ပင် အရေးမစိုက်ခြင်း ဖြစ်ပုံရပေသည်။
စောစောက ရှန်းယီက ရက်ရက်စက်စက် တိုက်ခိုက်ခဲ့သည်ဖြစ်စေ၊ ယခု တိမ်ဖြူဂူ၏ဂိုဏ်းချုပ်နှင့် အပြန်အလှန်တိုက်ခိုက်နေသည်ဖြစ်စေ၊ မည်သည့်အရာကမျှ သူ့အပေါ် သက်ရောက်မှု ရှိပုံမပေါ်ချေ။
မသေမျိုးအရာရှိသည် ဤလောကရှိ အရာအားလုံးအပေါ် ဂရုမစိုက်သည့် ပြင်ပလူတစ်ယောက်ကဲ့သို့ ဖြစ်နေလေသည်။
ဤသည်မှာ သာမန်လူများ နားလည်နိုင်စွမ်းထက် ကျော်လွန်နေလေပြီဖြစ်၏။
လေထဲတွင် တွဲလောင်းဖြစ်နေသော မုတ်ဆိတ်မည်းနှင့် အမျိုးသားပင်လျှင် အခြေအနေကို နားလည်သဘောပေါက်ရန် အခက်တွေ့နေလေသည်။
သို့သော် သူတို့ကို အကြောက်လန့်ဆုံး ဖြစ်စေခဲ့သည်မှာ ရှန်းယီက မသေမျိုးခုံရုံးကို အနည်းငယ်မျှပင် ဂရုစိုက်ပုံ မပေါ်ချေ။ သူ၏လက်ဝါးပေါ်တွင် လွင့်မျောနေသောရတနာတောင်ကို ကိုင်ဆောင်လျက် လေထဲသို့ လွင့်မျှောပေါ်လာလေသည်။
ထို့နောက် အလွန်တည်ငြိမ်စွာဖြင့် လက်ကို ဝှေ့ယမ်းလိုက်ပြီး မသေမျိုးအရာရှိနှင့် တိမ်ဖြူဂူ၏ ဂိုဏ်းချုပ်နှစ်ဦးစလုံးကို ပစ်မှတ်ထားကာ ထိုတောင်ကြီးဖြင့် ထုချပစ်လိုက်တော့၏။
လူတိုင်း၏ထိတ်လန့်တကြား စိုက်ကြည့်နေမှုများ အလယ်တွင်..
မသေမျိုးအရာရှိက နောက်ဆုံးတွင် လှုပ်ရှားလာခဲ့လေ၏။ သူ၏အနောက်တွင် ပုန်းအောင်းနေသော အဘိုးကြီးအားပေါ့ပေါ့ပါးပါး ဆွဲယူလိုက်ပြီး ကျောက်စိမ်းဖြူကြံ့တံဆိပ်တုံး၏ စွမ်းအင်အောက်တွင် ထိုအယုံအကြည်မဲ့နေသော အဘိုးကြီးအား မညှာမတာ လွှင့်ပစ်လိုက်လေတော့သည်။
ရူးသွပ်စွာရုန်းကန်နေသော ထိုပုံရိပ်က လေထဲတွင် ရတနာတောင်ကြီးနှင့် ပြင်းထန်စွာ ဝင်တိုက်မိသွားလေသည်။
သူတို့နှစ်ဦးမှာ စကားတစ်ခွန်းမျှ ဖလှယ်ခြင်းမရှိခဲ့သော်လည်း အပြစ်ဆိုဖွယ်ရာမရှိလောက်အောင် အကောင်းမွန်ဆုံး ပူးပေါင်းဆောင်ရွက်တတ်သည့် အဖော်နှစ်ဦးကဲ့သို့ဖြစ်နေပေသည်။
သူတို့ နှစ်ဦးစလုံးက နေရာတွင် တိတ်ဆိတ်စွာ ရပ်နေကြပြီး တိမ်ဖြူဂူ၏ဂိုဏ်းချုပ်က တောင်ကြီး၏ရိုက်ခတ်မှုကြောင့် အလွယ်တကူပင် မြေမှုန့်အဖြစ်ပြောင်းလဲသွားသည်ကို စောင့်ကြည့်နေခဲ့ကြလေ၏။
ထိုအခိုက်အတန့်တွင် ကောင်းကင်ယံရှိ နဂါးကြီးက ရုတ်တရက်ပြိုကွဲသွားပြီး ကပ်ဘေးဒုက္ခလေးခု၏ ပျောက်ကွယ်သွားသော စွမ်းအားများနှင့်အတူ ပြင်းထန်စွာအပြင်ဘက်သို့ တိုက်ခတ်သွားလေသည်။
ပတ်ဝန်းကျင်ရှိ ချောက်ကမ်းပါးများနှင့် အက်ကွဲကြောင်းများကြားတွင် မသေမျိုးအရာရှိမှလွဲ၍ သက်ရှိတစ်ကောင်တစ်မြီးမျှ မကျန်ရစ်တော့ချေ။
နတ်ဆိုးသုတ်သင်ရေးဌာနမှ အဖွဲ့ဝင်များသာ ကျန်ရှိနေပြီး ၎င်းတို့၏မျက်ခွံများမှာ ပြင်းထန်စွာ တုန်လှုပ်နေကြကာ မြေပြင်ပေါ်ရှိပုံရိပ်နှစ်ခုကို ပြူးကျယ်စွာ စိုက်ကြည့်နေမိကြတော့၏။
အချိန်အနည်းငယ် ကြာပြီးနောက် ၎င်းတို့၏မျက်ဆန်များ ထပ်မံ၍ ကျုံ့ဝင်သွားကြပြန်လေ၏။
မသေမျိုးအရာရှိ၏ခမ်းနားထည်ဝါသော ပုံရိပ်ကြီးက တိမ်ဖြူဂူအတွင်းရှိ ဆူပူလှုပ်ရှားမှုများကို ငြိမ်သက်သွားစေရန် ကျောက်စိမ်းဖြူကြံ့မသေမျိုးတံဆိပ်တုံးကို အသုံးပြုလိုက်ပုံရ၏။
ထို့နောက် သူက အလိုအလျောက်သိစိတ်ဖြင့် ရှန်းယီထံသို့ လက်ကိုမြှောက်ကာ အရိုအသေပေးရန် ပြင်လိုက်သော်လည်း တစ်စုံတစ်ခု မှားယွင်းနေကြောင်းသတိပြုမိသွားသဖြင့် ခေါင်းကိုသာ ညိတ်ပြလိုက်ပြီးထွက်ခွာရန် တိတ်ဆိတ်စွာ လှည့်ထွက်သွားလေသည်။
သူက ဘာမှမမြင်ခဲ့ရသလို ဟန်ဆောင်သွားရုံသာမက အခင်းဖြစ်ပွားရာနေရာကိုပင် ကူညီရှင်းလင်းပေးသွားခဲ့သေးသည်လော။
နောက်ဆုံးထုတ်ပြသွားသည့် ဟန်အမူအရာက အခြားအရိုအသေပေးသည့် ပုံစံမျိုးများဖြစ်