← Chapters

အခန်း (၂၀၁-၂၀၂)

Vol. 21 Ch. 201-202

အခန်း (၂၀၁-၂၀၂)

Vol. 21 Ch. 201-202

အခန်း။ ၂၀၁

“အမိန့်အတိုင်းပါ”

မဟူရာအကြီးအကဲများသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် သူတို့၏ လည်ချောင်းများအတွင်းမှ နိမ့်ရှိုင်းကာ ရက်စက်လှသော ရယ်မောသံများ ထွက်ပေါ်လာခဲ့သည်။

“မှောင်မိုက်တပ်ဖွဲ့က လူတွေအားလုံး... ငါ့နောက်ကို လိုက်ခဲ့ကြ”

ဝုန်း…

ချက်ချင်းပင် မဟူရာအကြီးအကဲများ ဦးဆောင်ကာ မျက်နှာဖုံးစွပ်ထားသော မှောင်မိုက်တပ်ဖွဲ့ဝင် ရာနှင့်ချီသည့် လူများမှာ ကောင်းကင်ယံမှနေ၍ သိန်းငှက်များအလား ထိုးဆင်းသွားကြတော့သည်။

ရှူး ရှူး ရှူး..

ဖတ် ဖတ် ဖတ်…..

အလွန်တရာ သွေးချောင်းစီးလှသော လူသတ်ပွဲကြီးမှာ လျင်မြန်စွာပင် စတင်လာခဲ့သည်။

“ချန်တောက်ယန်”

“အား ကျွန်တော့်ကို ချမ်းသာပေးပါ”

“မင်းနဲ့ ငါ အသေအလဲ တိုက်မယ်ကွ”

“ချန်တောက်ယန်... မင်းက နာမည်ကြီး နိဗ္ဗာန်နအဆင့် အရှင်သခင်တစ်ယောက် ဖြစ်ပြီးတော့ ဒီလောက်တောင် ကတိမတည်ရသလား”

“ငါတို့ ဘိုးဘေးကြီးက မင်းကို ယုံကြည်လို့ ကိုယ့်ဘာသာ အဆုံးစီရင်သွားတာကို... မင်းက ဒီလို သစ္စာဖောက်ရသလား”

“အဖေ သမီး မသေချင်သေးဘူး”

“ဟားဟားဟား... ငါ ငရဲကနေ စောင့်ကြည့်နေမယ်။ မင်းတို့ ဇီဝေချန်မိသားစု ကောင်းကင်ဘုံရဲ့ အပြစ်ပေးတာကို ခံရမယ့်နေ့ကို ငါ စောင့်ကြည့်နေမယ်”

“မင်းတို့ ချန်မိသားစုရဲ့ လုပ်ရပ်က လူမဆန်ဘူး။ သဘာဝတရားက ခွင့်လွှတ်မှာ မဟုတ်ဘူး”

ဆဲဆိုသံများ၊ ဟိန်းဟောက်သံများနှင့် အသနားခံသံများမှာ ဆူညံပွက်လောရိုက်နေတော့သည်။ မုန့်မိသားစုဝင်များမှာ တစ်ဦးပြီးတစ်ဦး လဲကျကုန်ကြပြီး သွေးများမှာ ကောင်းကင်ယံထက်သို့ ပန်းထွက်နေ၏။

မုန့်ချန်းလုံနှင့် မုန့်ချန်းနန်တို့မှာ မျက်နှာပျက်သွားကြပြီးနောက် လှည့်၍ ထွက်ပြေးရန် ကြိုးစားကြသည်။

သို့သော် သူတို့ လှည့်လိုက်ရုံရှိသေး “ဘာလို့ ပြေးတာလဲ မိသားစုဆိုတာ အတူတူ ရှိနေသင့်တာပေါ့"

အစိမ်းရောင်ဝတ်စုံဝတ် အဖိုးအို နှစ်ဦးမှာ သူတို့၏ လမ်းကို ပိတ်ဆို့ထားပြီး ယုတ်မာစွာ ရယ်မောနေကြသည်။

“တိရစ္ဆာန်တွေ”

မုန့်ချန်းလုံနှင့် မုန့်ချန်းနန်တို့မှာ အံကြိတ်ကာ ဒေါသတကြီး ဟိန်းဟောက်ရင်း တစ်ပြိုင်နက်တည်း ထိုးနှက်လိုက်ကြသည်။

“အိုး ပါးစပ်က တော်တော်စွမ်းတာပဲ။ မင်းရဲ့ အရိုးတွေကို တစ်ချောင်းချင်း ရိုက်ချိုး၊ မင်းရဲ့ ဝိညာဉ်ကို မိစ္ဆာမီးနဲ့ နေ့ရောညပါ လောင်မြိုက်၊ မင်းရဲ့ အသားနဲ့ စည်လုပ်ပြီး မင်းရဲ့ ဦးခေါင်းခွံကို သောက်ရေခွက် လုပ်ပြီးတဲ့အခါမှာလည်း ဒီလောက် မာဦးမလား ကြည့်ရသေးတာပေါ့”

“ဟီးဟီး... မုန့်ချန်းလုံကို ငါ့အတွက်ထားခဲ့ပါ။ သူ့ရဲ့ အရိုးတွေကို ငါ့ရဲ့ နိဗ္ဗာန်နနယ်ပယ် စုဆောင်းမှုထဲက ပထမဆုံး အစိတ်အပိုင်းအဖြစ် ထားလိုက်မယ်”

မဟူရာအကြီးအကဲများသည် သူတို့၏ ဝတ်ရုံလက်စွပ်များကို ခါထုတ်လိုက်ပြီး နိဗ္ဗာန်န သတ္တမအဆင့်ကျင့်ကြံမှုကို အစွမ်းကုန် ထုတ်ဖော်လျက် ထိုသူနှစ်ဦးကို သတ်ဖြတ်ရန် ကမ္ဘာငယ်တစ်ခုအတွင်းသို့ ဆွဲခေါ်သွားကြတော့သည်။

ဒိုင်း ဒိုင်း ဒိုင်း…..

မုန့်မိသားစုဝင်များမှာ တံစဉ်ဖြင့် ရိတ်သိမ်းခြင်းခံရသော စပါးနှံများအလား တစ်ရိပ်ရိပ် လဲကျကုန်ကြသည်။ ချန်တောက်ယန်မှာ ဤမြင်ကွင်းကို မည်သည့် ခံစားချက်မျှ မရှိဘဲ ကြည့်နေပြီးနောက် ဝေးကွာသော နေရာရှိ ချန်ကျီရှင်းကို လှမ်း၍ လက်ယပ်ခေါ်လိုက်၏။

“ကျီအာ... ဒီကို လာခဲ့ဦး"

“ဘိုးဘိုး"

ချန်ကျီရှင်းမှာ အနားသို့ ချဉ်းကပ်လာပြီး ချန်တောက်ယန်၏ ဘေးတွင် ရပ်လိုက်သည်။ သူ၏ ပုံစံမှာလည်း မူလပုံစံသို့ ပြန်လည်ပြောင်းလဲသွားခဲ့သည်။

ချန်တောက်ယန်က ချန်ကျီရှင်း၏ ပုခုံးကို သူ၏လက်ဝါးကြီးဖြင့် ပုတ်လိုက်ကာ မျက်နှာထက်၌ အပြုံးတစ်ခု ပေါ်လာခဲ့သည်

“ကျီအာ... သေသေချာချာ ကြည့်ထားပါ။ မင်း မိသားစုအကြီးအကဲ ဖြစ်လာတဲ့အခါ ဒီနေ့ကို မှတ်ထားရမယ်"

“တချို့အရာတွေကို အလွယ်တကူ မလုပ်သင့်ဘူး။ ဒါပေမဲ့ စလုပ်ပြီဆိုရင်တော့ နောက်ဆက်တွဲ ပြဿနာမရှိအောင် အမြစ်ပြတ်အောင် လုပ်ရမယ်”

“ဒီလူတွေကို ဒီနေ့ မင်း လွှတ်ပေးလိုက်လည်း သူတို့က မင်းကို ကျေးဇူးတင်မှာ မဟုတ်ဘူး။ မင်းကို နာကျည်းပြီး နေ့ရောညပါ ကျိန်ဆဲနေကြမှာ ပြီးတော့ အခွင့်အရေးရတာနဲ့ မင်းကို လက်စားချေဖို့ ကြိုးစားကြမှာပဲ"

“နားလည်ရဲ့လား”

ချန်ကျီရှင်းက ခေါင်းညိတ်လိုက်ပြီး တိုးတိတ်စွာ မေးလိုက်သည်။

“ဘိုးဘိုး... သူတို့ရဲ့ မိသားစုနယ်မြေမှာလည်း လူတွေ ကျန်ဦးမှာ မဟုတ်လား”

ချန်တောက်ယန်မှာ ခေတ္တမျှ မှင်တက်သွားပြီးမှ အားရပါးရ ရယ်မောလိုက်တော့သည်။

“ဟားဟားဟား... တကယ့်ကို ငါ့မြေးပဲဟေ့ ဒီလောက် မြန်မြန် သဘောပေါက်လိမ့်မယ်လို့ မထင်ထားဘူး”

ထို့နောက် ချန်တောက်ယန်သည် ချင်းပြည်နယ်ဘက်သို့ လှည့်ကြည့်လိုက်ကာ အဓိပ္ပာယ်ပါပါ ပြုံးလိုက်သည်။

“စိတ်အေးအေးထားပါ... သွေးကျိန်စာကို တိုက်ပေးလိုက်ပြီ"

“သူတို့ရဲ့ မိသားစုနယ်မြေလည်း ပျက်စီးသွားပြီ။ သူတို့ရဲ့ မျိုးဆက်လည်း ဒီနေ့မှာတင် ပြတ်တောက်သွားလိမ့်မယ်"

ချင်းပြည်နယ်၊ မုန့်မိသားစု နယ်မြေ

နန်းတော်စုများ၏ အပြင်ဘက်တွင် ကောင်းကင်ယံ၌ ဝဲဂယက်တစ်ခု ဖြည်းဖြည်းချင်း ပေါ်ထွက်လာသည်။

“စတုတ္ထသခင်ကြီး... ကျွန်တော်တို့ ရောက်ပါပြီ"

ရိုသေသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထို့နောက်တွင်မူ ဝဲဂယက်အတွင်းမှ အရိပ်မည်းများစွာ တိုးထွက်လာကြတော့သည်။

ရှေ့ဆုံးမှ ဦးဆောင်လာသူမှာကား ကျောက်စိမ်းကဲ့သို့ နူးညံ့သိမ်မွေ့သော အရှိန်အဝါရှိပြီး ပညာရှိသဏ္ဌာန် ပေါက်နေသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးပင်။ သူသည် စာပေပညာရှင်တို့ ဝတ်ဆင်လေ့ရှိသော ဝတ်ရုံနှင့် ဆံထုံးသရဖူကို သပ်ရပ်စွာ ဆင်မြန်းထားသည်။

သူ၏အနောက်၌မူ ဇီဝေကိုးတောင်မှ ကျန်ရှိနေသော တောင်ထိပ်သခင် ခြောက်ဦးတို့က ဝန်းရံရပ်တည်နေကြ၏။ သူတို့နှင့်အတူ စုတ်ပြတ်နေသော အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး မျက်ဝန်းအစုံ၌ အေးစက်လှသော အဖြူရောင်မီးလျှံများ တောက်လောင်နေသည့် လျှို့ဝှက်ဆန်းပြားသော လူရိပ်တစ်ခုလည်း ပါရှိနေသည်။

“ဆရာကြီး... ကျေးဇူးပြုပြီး စတင်ပေးပါ"

ချန်ထျန်းချန်း(စတုတ္ထသခင်ကြီး) က ထိုအနီရောင်ဝတ်ရုံနှင့်လူကို ကြည့်ကာ ပြောလိုက်သည်။

ထိုလျှို့ဝှက်လူရိပ်က ခေါင်းညိတ်ပြလိုက်ပြီး ရှေးဟောင်းကြက်သွေးရောင် ဝတ်ရုံအတွင်းမှ အရိုးခြောက်လက်ဝါးတစ်ခုကို ဆန့်ထုတ်လိုက်၏။

ထိုအရိုးလက်ချောင်းများက အဝေးမှနေ၍ အသာအယာ ညွှန်ပြလိုက်ရုံမျှဖြင့် မုန့်မိသားစုနယ်မြေကို ကာကွယ်ထားသော အစီအရင်ဒိုင်းမှာ ဆီပူထဲသို့ နှင်းခဲများကျသွားသကဲ့သို့ လျင်မြန်စွာ အရည်ပျော်ကျသွားပြီး လမ်းကြောင်းတစ်ခု ပွင့်သွားခဲ့သည်။

ချန်ထျန်းချန်းသည် ၎င်းကိုကြည့်ရင်း ကျောက်စိမ်းကဲ့သို့ ချောမောသော သူ၏မျက်နှာထက်၌ အေးစက်သော အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

“အားလုံးပဲ...”

“ဒီနေ့မှာတော့ ငါကိုယ်တိုင် ချင်းပြည်နယ် မုန့်မိသားစုကို အမြစ်ပြတ်ချေမှုန်းပြီး တစ်ယောက်မကျန် သုတ်သင်ပေးမယ်”

“ဓမ္မပုံရိပ် နွေဦးရောင်ခြည် ဗုဒ္ဓ”

ဝုန်း…

ခဏချင်းမှာပင် မရေမတွက်နိုင်သော လူရိပ်ပေါင်းများစွာမှာ ပွင့်သွားသော လမ်းကြောင်းမှနေ၍ အောက်သို့ တဟုန်ထိုး ထိုးဆင်းသွားကြတော့သည်။

ဆေးဘုရင်ချိုင့်ဝှမ်း…

ဒိုင်း ဒိုင်း ဒိုင်း…

နားကွဲမတတ် ပေါက်ကွဲသံကြီးများမှာ ဟိန်းထွက်နေသည်။ တောင်တန်းများကြား၌ တည်ရှိပြီး ပုံမှန်အားဖြင့် နိဗ္ဗာန်ဘုံအလား အေးချမ်းလှသော ဆေးဘုရင်ချိုင့်ဝှမ်းမှာ ယခုအခါ ပျက်စီးယိုယွင်းနေပြီး သွေးများမှာ မြစ်ရေအလား စီးဆင်းနေ၏။ ပြတ်တောက်နေသော ခြေလက်များနှင့်အတူ ငရဲခန်းတစ်ခုအလား ဖြစ်နေသည်။

“နတ်ဆိုး ဒါ ဘယ်လိုနတ်ဆိုးမျိုးလဲကွ”

“ပြေးကြစမ်း”

“အားလုံးပေါင်းပြီး သူ့ကို သတ်ကြ”

“အမေ သမီး မသေချင်ဘူး ကယ်ပါဦး”

အော်ဟစ်သံများ၊ ဒေါသသံများနှင့် ငိုကြွေးသံများမှာ ရောယှက်ဆူညံနေသည်။ ဆေးဘုရင်ချိုင့်ဝှမ်း၏ အလယ်ဗဟိုတွင် ဖြူဖွေးနုအိနေသော ဂါဝန်လေးကို ဝတ်ဆင်ထားပြီး ဝိုင်းစက်သော မျက်နှာ၊ တောက်ပသော မျက်ဝန်းလေးများရှိသည့် မိန်းကလေးငယ်တစ်ဦးသည် သွေးစွန်းနေသော မြေပြင်ပေါ်၌ တစ်လှမ်းချင်း လျှောက်လှမ်းနေ၏။

သူမသည် အသက် ခြောက်နှစ်၊ ခုနစ်နှစ်အရွယ်ခန့်သာ ရှိပုံရပြီး အလွန်ပင် အပြစ်ကင်းစင်ပုံပင်။ သို့သော် သူမ၏ နုနယ်လှသော လက်ကလေးဖြင့် သူမထက်ပင် မြင့်မားလှသော ဧရာမ တူကြီးတစ်ခုကို တရွတ်တိုက် ဆွဲခေါ်လာနေခြင်းပင်။

ထိုမိန်းကလေးငယ် သွေးမြေပေါ်တွင် တစ်လှမ်းချင်း လျှောက်လာသည်နှင့်အမျှ ဆေးဘုရင်ချိုင့်ဝှမ်းမှ ကျင့်ကြံသူပေါင်းများစွာမှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်နေကြရသည်။ အမွှေးတိုင်တစ်တိုင် ကုန်ဆုံးချိန်ခန့်တွင်မူ ဆေးဘုရင်ချိုင့်ဝှမ်းတစ်ခုလုံးမှာ တိတ်ဆိတ်သွားခဲ့သည်။

“ယုန်ကလေး... ဖြူဖြူဖွေးဖွေး... နားရွက်နှစ်ဖက်က ထောင်ထောင်လေး...”

သွေးများနှင့် အသားစများ ပေကျံနေသော တူကြီးကို ဆွဲလာသည့် ထိုချစ်စရာကောင်းသော မိန်းကလေးငယ်မှာ သီချင်းတညည်းညည်းဖြင့် သွေးအိုင်များကြား၌ ကစားသကဲ့သို့ လျှောက်သွားနေ၏။

နောက်တစ်ခဏတွင် သူမသည် ဆေးအိုးကြီးတစ်လုံးရှေ့၌ ရပ်တန့်လိုက်ပြီး အိုးကို အုပ်ထားသော အဝတ်စကို အသာအယာ ဖယ်ရှားလိုက်သည်။

“ရှာတွေ့ပြီ"

မိန်းကလေးငယ်က အိုးထဲကို ကြည့်ကာ ပြုံးလိုက်ရာ သူမ၏မျက်ဝန်းလေးများမှာ လခြမ်းကွေးလေးသဖွယ် ချစ်စရာကောင်းနေ၏။ အိုးထဲတွင် ပုန်းအောင်းနေသော အဖိုးအိုမှာမူ မျက်နှာတစ်ခုလုံး ချက်ချင်း ပြာနှမ်းသွားတော့သည်။

“ဟင့်အင်း”

ဧရာမ တူကြီးမှာ အရှိန်အဟုန်ဖြင့် ဝှေ့ယမ်းကျလာပြီး ထိုသူ၏ မျက်ဝန်းအတွင်း၌ တရိပ်ရိပ် ကြီးမားလာတော့သည်။

ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေ အပြင်ဘက်၌ အရာအားလုံး တိတ်ဆိတ်သွားခဲ့ကာ မှောင်မိုက်တပ်ဖွဲ့မှ လူများသည် နောက်သို့ဆုတ်ကာ ချန်တောက်ယန်၏ အနောက်၌ အရိပ်များအလား တိတ်ဆိတ်စွာ ပြန်လည် စုရုံးလိုက်ကြသည်။

ထိုစဉ်မှာပင်

ဝုန်း ဝုန်း….

မိုးကုပ်စက်ဝိုင်း၌ နောက်ထပ် လပြည့်ဝန်းနှစ်ခု ပြိုလဲသွားသည့် မြင်ကွင်း ပေါ်ထွက်လာပြန်၏။ နောက်တစ်ခဏတွင် ဝမ်းသာအားရ ဖြစ်နေသော မဟူရာအကြီးအကဲများမှာ ဟင်းလင်းပြင်အတွင်းမှ ထွက်ပေါ်လာကြသည်။

“တတိယသခင်လေး"

မဟူရာအကြီးအကဲများက ချန်ကျီရှင်းကို ပြုံးပြလိုက်ပြီးနောက် ချန်တောက်ယန်၏ အနောက်၌ ရပ်လိုက်ကြသည်။

ချန်တောက်ယန်၏ ခါးတွင် ချိတ်ထားသော ဆက်သွယ်ရေး မန္တန်အစီအရင်များမှာ ခေတ္တမျှ တောက်ပသွား၏။ ချန်တောက်ယန်က ၎င်းတို့ကို ငုံ့ကြည့်လိုက်ပြီးနောက် ချန်ကျီရှင်းကို ကြည့်ကာ အေးဆေးစွာ ပြုံးလိုက်သည်။

“ကဲ... အခုဆိုရင်တော့ အကုန်လုံး သန့်ရှင်းသွားပြီ"

ဝေးကွာသော နေရာမှ စောင့်ကြည့်နေကြသည့် ကျင့်ကြံသူပေါင်းများစွာမှာ ဤမြင်ကွင်းကြောင့် ကျောချမ်းသွားကြရသည်။ တစ်ကိုယ်လုံး တုန်ယင်နေကြပြီး အချို့မှာ အထက်တွင် မြင့်မားစွာ ရပ်တည်နေသော ချန်မိသားစုကို မော့ပင် မကြည့်ဝံ့ကြတော့ချေ။

ချင်းပြည်နယ် မုန့်မိသားစု

အရှေ့ဘက်လျှို့ဝှက်နယ်မြေတွင် နှစ်ပေါင်းထောင်ချီ၍ တန်ခိုးသြဇာ ကြီးထွားခဲ့သော ထာဝရရှင်သန်ခြင်း မိသားစုကြီးသည် တစ်ညတာအတွင်းမှာပင် အစအနမကျန် ပျက်စီးပျောက်ကွယ်သွားခဲ့သည်။

အခန်း။ ၂၀၂

ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေ အပြင်ဘက်၌ အပ်ကျသံပင် ကြားရလောက်အောင် တစ်ပတ်ဝန်းကျင်လုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ ဝှေ့ယမ်းကြည့်လိုက်လျှင် မြေပြင်တစ်ခုလုံးမှာ ပျက်စီးယိုယွင်းနေပြီး စိမ်းလန်းသော သစ်ပင်ပန်းမန်ဟူ၍ အစအနပင် မကျန်တော့ချေ။ ချိုင့်ခွက်ကြီးများ၊ မြေလှန်ထားသော မြေမည်းကျင်းကြီးများသာ အကြွင်းအကျန်အဖြစ် ကျန်ရစ်တော့သည်။

“ဟေး... ဒီလိုလုပ်လိုက်တာကြောင့် လောကကြီးက မင်းကို စည်းမျဉ်းစည်းကမ်းတွေ နားမလည်တဲ့သူလို့ ပြောကြမှာကို မင်းမကြောက်ဘူးလား”

ချင်းထျန်းကျန့်က နှုတ်ခမ်းထက်၌ အပြုံးတစ်ခုဖြင့် ချဉ်းကပ်လာသည်။ သူ လျှောက်လှမ်းလာစဉ် သူဝတ်ဆင်ထားသော နီရဲသော နဂါးချပ်ဝတ်တန်ဆာမှာ ကြောက်မက်ဖွယ်ကောင်းသော နဂါးနီကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွား၏။

ထိုနဂါးကြီးသည် သူ့ကို တစ်ပတ်ပတ်ကာ ဟိန်းဟောက်လိုက်ပြီးနောက် ကောင်းကင်လှိုင်းနယ်မြေ၏ အနက်ရှိုင်းဆုံးဆီသို့ ပျံသန်းသွားကာ ရေကန်တစ်ခုအတွင်းသို့ ငုပ်လျှိုးလျက် ငါးကြင်းနီလေးတစ်ကောင်အဖြစ် အသွင်ပြောင်းသွားတော့သည်။

သူ၏လက်ထဲမှ ရှေးဟောင်းလှံရှည်မှာလည်း လျင်မြန်စွာ ကျုံ့ဝင်သွားပြီး နောက်ဆုံး၌ အလင်းစက်ကလေးတစ်ခုအဖြစ် ကမ္ဘာမြေကြား၌ ပျောက်ကွယ်သွားခဲ့သည်။

“စည်းမျဉ်းစည်းကမ်းတွေ ဟုတ်လား”

ချန်တောက်ယန်က ချင်းထျန်းကျန့်ကို တစ်ချက်ကြည့်လိုက်ပြီး ခပ်ဖွဖွ ပြုံးလျက် ပြောလိုက်သည်။

“အဲဒါတွေက အားကြီးတဲ့သူတွေက အားနည်းတဲ့သူတွေကို ချည်နှောင်ဖို့နဲ့ ဦးနှောက်ဆေးဖို့ သုံးတဲ့ ကိရိယာတွေပဲ မဟုတ်ဘူးလား”

“စည်းမျဉ်းဆိုတာ လူတစ်ယောက်ချင်းစီအတွက် မတူညီတဲ့ မျက်နှာစာတွေ ရှိကြတာပဲလေ"

ထိုစကားကို ကြားသောအခါ ချင်းထျန်းကျန့်က သဘောကျစွာ ရယ်မောရင်း ခေါင်းညိတ်

လိုက်သည်။

“မင်းပြောတာလည်း ဟုတ်တာပဲ"

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ချင်းထျန်းကျန့်က ဆက်၍ မေးလိုက်သည်။

“နှစ်ပေါင်း ရာနဲ့ချီသွားပြီပဲ... ငါတို့ အေးအေးဆေးဆေး စကားစမြည် ပြောကြမလား”

ချန်တောက်ယန်က ချန်ကျီရှင်းကို လှည့်ကြည့်လိုက်ရာ ချန်ကျီရှင်းမှာလည်း မိသားစုထံ ပြန်ရန် အလောတကြီး မရှိသေးသည်ကို မြင်သောအခါမှ သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်တော့သည်။

မဟူရာအကြီးအကဲများသည် မှောင်မိုက်တပ်ဖွဲ့ကို ဦးဆောင်ကာ ဇီဝေချန်မိသားစုဆီသို့ ပြန်သွားကြသည်။ ချန်တောက်ယန်၊ ချန်ကျီရှင်းနှင့် ချင်းထျန်းကျန့်တို့ အဖွဲ့သားများသည် လှည့်ထွက်လာခဲ့ကြပြီး ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေ အတွင်းသို့ ဝင်ရောက်သွားကြတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ရက်အနည်းငယ် ကုန်ဆုံးသွားခဲ့ကာ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေ အပြင်ဘက်မှ သတင်းများသည် ပြင်းထန်သော မုန်တိုင်းတစ်ခုအလား အရှေ့ဘက်လျှို့ဝှက်နယ်မြေ၏ ပြည်နယ် ၁၃ ခုလုံးသို့ ရိုက်ခတ်သွားခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်လောကလုံး တုန်လှုပ်ချောက်ချားသွားရတော့၏။

ကောင်းကင်လှိုင်း နတ်ဘုရားသားတော် ရှောင်ပင်းသည် တကယ်တော့ ဇီဝေချန်မိသားစု၏ တတိယသခင်လေး ချန်ကျီရှင်းဖြစ်နေခြင်း….

ကျင့်ကြံမှုသက်တမ်း ၁၃ နှစ်တိုတိုလေးအတွင်းမှာပင် စစ်မှန်သောကိုယ်ထည် ဆဌမအဆင့်သို့ ရောက်ရှိကာ ထိုနယ်ပယ်အတွင်း၌ ပြိုင်ဘက်ကင်းနေပြီး မုန့်မိသားစု၏ ကိုးယောက်မြောက်သား နယ်ပယ်တစ်ဝက် နိဗ္ဗာန်နအဆင့်ရှိ မုန့်ချန်းယွမ်ကိုပါ အေးဆေးစွာ ချေမှုန်းနိုင်ခဲ့ခြင်း….

ဇီဝေတာအိုအရှင်သခင် ချန်တောက်ယန်ပြန်လည်ပေါ်ထွက်လာပြီး မှောင်မိုက်တပ်ဖွဲ့ကို ဦးဆောင်ကာ မုန့်မိသားစုဘိုးဘေး မုန့်ယွန့်ထျန်းကို အဆုံးစီရင်ခိုင်းခဲ့သည့်အပြင် မုန့်မိသားစုဝင် အားလုံးကို သုတ်သင်ပစ်ခဲ့ခြင်း….

ချင်းပြည်နယ် မုန့်မိသားစု၊ ဆေးဘုရင်ချိုင့်ဝှမ်း၊ နေမင်းကြီးနတ်ဘုရားဂိုဏ်းနှင့် အခြားအင်အားစုများမှာ တစ်ညတာအတွင်းမှာပင် အစအနမကျန်အောင် မျိုးဖြုတ်ချေမှုန်းခံလိုက်ရခြင်း…..

ဤသတင်းများသည် တည်ငြိမ်နေသော ရေကန်ထဲသို့ ဗုံးများဆင့်တိုက် ပစ်ချလိုက်သကဲ့သို့ပင် အရှေ့ဘက်လျှို့ဝှက်နယ်မြေတစ်ခုလုံးကို တစ်ခါဖူးမျှမရှိခဲ့သော ရိုက်ခတ်မှုများ ဖြစ်ပေါ်စေခဲ့သည်။ သက်ရှိသန်းပေါင်းများစွာမှာလည်း ထိတ်လန့်တုန်လှုပ်နေကြရ၏။

ယွမ်ကျိုး၊ ရွှီမိသားစု

ရွှီကတော်သည် ပင်မထိုင်ခုံ၌ ထိုင်နေရင်း သူမ၏လက်ထဲမှ ထူးကဲအလင်းမှန်ကို ကြောင်စီစီဖြင့် ငေးကြည့်နေမိသည်။

“ကောင်းကင်လှိုင်း နတ်ဘုရားသားတော် ရှောင်ပင်းက တကယ်တော့ ချန်မိသားစုရဲ့ တတိယသခင်လေး ချန်ကျီရှင်း ဖြစ်နေတာလား.....”

“အရင်ကတော့ ချန်မိသားစုရဲ့ တတိယသခင်လေး ချန်ကျီရှင်းက ဘာမှအသုံးမကျတဲ့ လူဖျင်းလူအအဖြစ်ပဲ ကောလာဟလတွေ ထွက်ခဲ့တာ မဟုတ်လား”

ရွှီကတော်သည် မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် တစ်ဦးတည်း ရေရွတ်နေမိသည်။ သူမ၏အောက်ဘက်တွင် ထိုင်နေသော ရွှီမိသားစု၏ သားကြီး ရွှီချင်းဟဲမှာလည်း အလားတူပင် ထိတ်လန့်နေသည့် ပုံစံရှိနေ၏။

ပြီးခဲ့သည့်အကြိမ်က ချန်မိသားစုသို့ သူ သွားရောက်လည်ပတ်စဉ်ကပင် ချန်မိသားစု တတိယသခင်လေးမှာ ကောလာဟလများထဲကကဲ့သို့ အသုံးမကျသူတစ်ဦး မဟုတ်နိုင်ကြောင်း သူ ဝေဝေဝါးဝါး ခံစားမိခဲ့ဖူးသည်။ သို့သော် သူ အသေအချာ မပြောရဲခဲ့ချေ။

ယနေ့ထွက်ပေါ်လာသော ချန်ကျီရှင်း၏ သတင်းများအရ သူသည် အသက် ၁၃ နှစ်အရွယ်နှင့်ပင် နယ်ပယ်တစ်ဝက် နိဗ္ဗာန်နအဆင့်ရှိသူ မုန့်ချန်းယွမ်ကို အားစိုက်ထုတ်စရာမလိုဘဲ သတ်ဖြတ်နိုင်ခဲ့သည်မှာ သမိုင်းတစ်လျှောက် မည်သူမျှ မလုပ်ဆောင်နိုင်ခဲ့ဖူးသော အံ့မခန်း အောင်မြင်မှုပင်။

အကယ်၍ ဤ ထူးကဲအလင်းမှန်ထဲ၌ မှတ်တမ်းတင်ထားသော တိုက်ပွဲမြင်ကွင်းများကိုသာ မြင်တွေ့ခဲ့ရခြင်း မရှိလျှင် သူသည် ဘယ်သောအခါမှ ယုံကြည်မိလိမ့်မည် မဟုတ်ချေ။

“ချင်းဟဲ”

ရုတ်တရက် ရွှီကတော်မှာ တစ်ခုခုကို စဉ်းစားမိသွားဟန်တူသည်။ သူမ၏ အိုမင်းကာ မှုန်ရီနေသော မျက်ဝန်းများတွင် အရောင်တစ်ချက် ဝင်းလက်သွားပြီး ရွှီချင်းဟဲကို ကြည့်ကာ ပြောလိုက်သည်။

“နင်ပြောတော့... ချင်းကျိုး ဇီဝေချန်မိသားစုရဲ့ တာအိုနှီးနှောဖလှယ်ပွဲကို သွားတုန်းက ချန်မိသားစုရဲ့ တတိယသခင်လေး ချန်ကျီရှင်းက ငါတို့ချင်းကျိုးအပေါ် စိတ်ဝင်စားပုံပဲ ဆို”

ထိုစကားကို ကြားလျှင် ရွှီချင်းဟဲ၏ မျက်လုံးများမှာ ချက်ချင်းပင် တောက်ပလာခဲ့သည်။

“ဘိုးဘွား... ဆိုလိုတာက...”

ရွှီကတော်သည် ထူးကဲအလင်းမှန်ကို ချလိုက်ပြီး သူမ၏ အိုမင်းသော မျက်လုံးများမှာ ချက်ချင်းပင် စူးရှသွားကာ

“အဲဒီ တတိယသခင်လေးက ဒီလောက်အရွယ်ငယ်ငယ်နဲ့ ဒီလိုကျင့်ကြံမှုစွမ်းအားမျိုး ရှိနေတာ။ သူ့ရဲ့ အနာဂတ်က သေချာပေါက် မသေမျိုးဖြစ်လာမှာပဲ။ အကယ်၍ ချင်းကျိုးသာ ချန်မိသားစုထဲကို လက်ထပ်ဝင်နိုင်မယ်ဆိုရင် ငါတို့ရွှီမိသားစုလည်း သူမနဲ့အတူ အရှိန်အဟုန်နဲ့ တိုးတက်လာမှာ မဟုတ်လား”

ဤစကားများကြောင့် ရွှီချင်းဟဲ၏ နှလုံးသားမှာ ဒိန်းခနဲ ခုန်သွားပြီး ရင်ထဲတွင် တင်းကျပ်သွားရသည်။

တတိယသခင်လေး ချန်ကျီရှင်းမှာ သူတို့မျိုးဆက်၏ ပါရမီအကောင်းဆုံး ကျင့်ကြံသူဖြစ်ရုံသာမက ဇီဝေချန်မိသားစုနှင့် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေဟူသော ထိပ်တန်းအင်အားစုကြီး နှစ်ခုစလုံး၏ ကျောထောက်နောက်ခံကို ရရှိထားသူ ဖြစ်သည်။

တစ်လောကလုံးမှာ မသေမျိုး တာအိုမျိုးနွယ်တွေကလွဲရင် ဘယ်သူက သူ့လောက် မြင့်မြတ်တဲ့ အဆင့်အတန်း ရှိဦးမှာလဲ။ တကယ်လို့ ငါ့ညီမချင်းကျိုးသာ ချန်မိသားစုထဲ လက်ထပ်ဝင်နိုင်မယ်ဆိုရင် ငါကလည်း အဲဒီ တတိယသခင်လေးရဲ့ ခဲအိုဖြစ်လာတော့မှာ မဟုတ်ဘူးလား။

ထိုသို့တွေးရင်း ရွှီချင်းဟဲ၏ ရင်ဘတ်မှာ အရူးအမူး ခုန်ပေါက်နေတော့သည်။

“ဒါပေမဲ့ ဘိုးဘွား... ချင်းကျိုးက အရင်က နင်ချန်ယွီနဲ့ စေ့စပ်ထားဖူးတယ်လေ။ တကယ် လက်မထပ်ရသေးဘူး ဆိုပေမဲ့ တတိယသခင်လေးက စိတ်ထဲ ထားနေမလားလို့.....”

ရွှီချင်းဟဲသည် စိတ်ကို အတင်းတည်ငြိမ်အောင် ထိန်းကာ ပြောလိုက်သည်။

၎င်းကိုကြားလျှင် ရွှီကတော်က အသာအယာ ပြုံးလျက် လက်ဝါးယမ်းပြကာ ပြောလိုက်သည်။

“စေ့စပ်ထားရုံပဲဟာ တကယ်လည်း မညားသေးဘူး။ သူတို့ကြားမှာလည်း ဘာပတ်သက်မှုမှ မရှိခဲ့ဘူးပဲ။ ဒါက ဘာပြဿနာရှိလို့လဲ”

ခေတ္တမျှ ရပ်ပြီးမှ ရွှီကတော်က အသံကို နှိမ့်ကာ ဆက်ပြောသည်။

“ပြီးတော့ အစွမ်းထက်တဲ့ ယောက်ျားတစ်ယောက်မှာ ဇနီးမယား အများကြီးရှိတာက သဘာဝပဲလေ။ ချင်းကျိုးက တတိယသခင်လေးရဲ့ တရားဝင်ဇနီးဖြစ်စရာတောင် မလိုပါဘူး"

ရွှီချင်းဟဲ၏ မျက်လုံးများ ဝင်းလက်သွားသည်။

“ဒါဆိုရင် ဘိုးဘွား... ကျွန်တော် ချန်မိသားစုဆီ သွားပြီး ကမ်းလှမ်းလိုက်ရမလား”

“နင်”

ရွှီကတော်က ရွှီချင်းဟဲကို တစ်ချက်ကြည့်ကာ ခေါင်းခါလိုက်ပြီး

“နင်က ဘယ်သူမို့လို့လဲ ဇီဝေချန်မိသားစုဆိုတာ တကယ့် ထာဝရရှင်သန်ခြင်း မိသားစုကြီးဟဲ့။ အခုဆိုရင် တာအိုကို သက်သေပြပြီး အသက်ရှည်ခြင်းကို ရနိုင်တဲ့ နဂါးတစ်ကောင်က သူတို့ကို ဦးဆောင်နေတာ။ သူတို့က နင့်ကို ဘယ်လိုလုပ် အရေးလုပ်မှာလဲ နင်သွားရင် စကားတစ်ခွန်း နှစ်ခွန်းနဲ့ပဲ ယဉ်ယဉ်ကျေးကျေး ပြန်လွှတ်လိုက်လိမ့်မယ်"

အသက်ကို ပြင်းပြင်းရှူရင်း ရွှီကတော်က ထရပ်လိုက်ပြီး “တန်ဖိုးကြီးတဲ့ လက်ဆောင်တွေ ပြင်ဆင်လိုက်တော့။ ငါကိုယ်တိုင် ဇီဝေတောင်ကို သွားမယ်”

ယိုကျိုး၊ ရွမ်မိသားစု

နံနက်ခင်းအချိန် ရွမ်မိသားစု၏ ပင်မခန်းမကြီးအတွင်း၌ မကြာသေးမီကမှ ကျင့်ကြံမှုအဆင့် တက်လှမ်းထားသော ရွမ်ကျန့်လုံသည် မိသားစုဝင်များနှင့်အတူ အနာဂတ်အတွက် ကြီးကျယ်သော အစီအစဉ်များကို ရေးဆွဲနေသည်။

“သတင်းပို့ပါတယ်”

ရွမ်မိသားစု အကြီးအကဲတစ်ဦးမှာ အလောတကြီး ပြေးဝင်လာသည်။

“မိသားစုအကြီးအကဲ... ကြီးကျယ်တဲ့ ကိစ္စတစ်ခု ဖြစ်ပျက်နေပါပြီ”

၎င်းကိုကြားလျှင် ရွမ်ကျန့်လုံက မျက်မှောင်ကြုတ်ကာ “ဘာကိစ္စမို့လို့ ဒီလောက်တောင် ပျာပျာသလဲ ဖြစ်နေရတာလဲ။ ဘယ်လိုအခြေအနေမျိုးမှာမဆို တည်တည်ငြိမ်ငြိမ် ရှိရမယ်လို့ ငါ အမြဲမပြောဖူးဘူးလား...”

သူ၏ စကားပင် မဆုံးသေးမီ ထိုအကြီးအကဲမှာ နဖူးမှ ချွေးစက်များကို သုတ်ကာ သားရေလိပ်စာချွန်တစ်ခုကို ရွမ်ကျန့်လုံထံသို့ ထိုးပေးလိုက်သည်။

“အကြီးအကဲ... အရင်ဆုံး ဒါကို ဖတ်ကြည့်ပေးပါဦး"

ရွမ်ကျန့်လုံသည် ထိုစာလိပ်ကို ယူကာ ဂရုမစိုက်ဟန်ဖြင့် ဖြန့်ဖတ်လိုက်သည်။ အမွှေးတိုင်တစ်ဝက်ခန့် ကုန်ဆုံးချိန်တွင်မူ

“ဘာ ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ရွမ်ကျန့်လုံမှာ ထိတ်လန့်သွားကာ ကိုယ်ကို ရှေ့သို့ ကိုင်းလိုက်မိပြီး သူ၏မျက်နှာမှာလည်း အရောင်အမျိုးမျိုး ပြောင်းသွားတော့သည်။

နောက်တစ်ခဏတွင် သူသည် စိတ်ထဲရှိ မုန်တိုင်းကို ငြိမ်သက်သွားစေရန် အသက်ကို အကြိမ်ကြိမ် ပြင်းပြင်းရှူလိုက်ရသည်။

“လူတွေ... ချက်ချင်း အမိန့်ပေးလိုက်ဖို့ ငါ့ဇနီးကို သွားပြောပါ။ နန်ကျူးဆီ စာတစ်စောင် ရေးခိုင်းလိုက်။ သူမ ဇီဝေချန်မိသားစုမှာ ရှိနေတုန်း ချန်မိသားစု တတိယသခင်လေး ချန်ကျီရှင်းနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိအောင် သေချာလုပ်ခိုင်းလိုက်”

“အခွင့်အရေးဆိုတာ နီးစပ်တဲ့သူက အရင်ရတာပဲ။ သူမအဖေရဲ့ ကြီးပွားချမ်းသာမှုက အခု သူမအပေါ်မှာ မူတည်နေပြီ”

ပြောပြောဆိုဆိုဖြင့် ရွမ်ကျန့်လုံမှာ ခပ်သုတ်သုတ် ထရပ်ကာ ဘေးခန်းမဆီသို့ ဦးတည်ရင်း တစ်ဦးတည်း ရေရွတ်သွားတော့သည်။

“ထားလိုက်တော့... ငါကိုယ်တိုင်ပဲ သွားတော့မယ်”

“အဲဒီ မိန်းမကြီးက တကယ့်ကို အမြင်မရှိတာပဲ။ အရင်ကဆိုရင် နန်ကျူးရဲ့ ကိစ္စတွေကို သဘာဝအတိုင်းပဲ ဖြစ်ပါစေဆိုပြီး ငါ့ကို လာပြောသေးတယ်။ သဘာဝအတိုင်း အဲဒီလိုသာ ဆက်လွှတ်ထားရင် ဒီအခွင့်အရေးကြီးက သေချာပေါက် လက်လွတ်သွားမှာပေါ့”

All Chapters