← Chapters

အခန်း (၂၀၃-၂၀၄)

Vol. 21 Ch. 203-204

အခန်း (၂၀၃-၂၀၄)

Vol. 21 Ch. 203-204

အခန်း။ ၂၀၃

တစ်ချိန်တည်းမှာပင် အလွန်ဝေးကွာလှသော မြောက်ပင်လယ်ဒေသ၌ လူရိပ်နှစ်ခုသည် ရေအောက်မှနေ၍ အရှိန်အဟုန်ဖြင့် အထက်သို့ ထိုးတက်လာကြသည်။ တစ်ဦးမှာ မြူထုများဝန်းရံနေသော ဖရိုဖရဲ မသေမျိုးအလင်းများ ဖုံးလွှမ်းနေသော်လည်း ထိုမြူထုများကြားမှပင် သူမ၏ အလွန်တရာ ကျော့ရှင်းလှပသော ခန္ဓာကိုယ်အချိုးအစားကို ခန့်မှန်းကြည့်နိုင်သည်။ အခြားတစ်ဦးမှာမူ ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူများနှင့် အလွန်ပင် တည်ငြိမ်အေးချမ်းကာ ပညာရှိသဏ္ဌာန်ရှိသော အဖိုးအိုတစ်ဦးပင်။

“နောက်ဆုံးတော့... ငါတို့ အပြင်ကို ထွက်လာနိုင်ခဲ့ပြီ”

ထိုလူရိပ်နှစ်ခုသည် အရှိန်ကို တဖြည်းဖြည်း လျှော့ချလိုက်ပြီးနောက် လမ်းမကြီးတစ်ခုပေါ်တွင် ခိုင်မြဲစွာ ရပ်တန့်လိုက်ကြသည်။ သူတို့နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ရင်း သက်ပြင်းရှည်ကြီး တစ်ချက်စီ ချလိုက်ကြ၏။

ဘေးအန္တရာယ်ဆိုးကြီးမှ ကံကောင်းထောက်မစွာ လွတ်မြောက်လာခဲ့သူများပီပီ သူတို့၏ မျက်နှာထက်တွင် အပြုံးများ ပေါ်ပေါက်လာသည်။

ဆယ်ရက်ကျော်ကြာပြီးနောက်တွင်မူ သူတို့သည် မြောက်ပင်လယ်၌ ခက်ခဲစွာ ရှာဖွေခဲ့ရသော ဧကရာဇ်နှလုံးသားမီးလျှံကို နောက်ဆုံး၌ ရရှိခဲ့သည်။

“ရှေးခေတ်တုန်းက ထိပ်တန်းအင်အားစုပေါင်းများစွာဟာ ဒီမီးလျှံကို ရှာဖို့အတွက် မြောက်ဘက်အမှောင်ထုဆီကို အကုန်အကျခံပြီး သွားခဲ့ကြပေမယ့် ဘယ်သူမှ ရှာမတွေ့ခဲ့ကြဘူး။ ငါတို့ကတော့ မတော်တဆပဲ ရှာတွေ့ခဲ့တာဆိုတော့ တကယ်ကို မယုံနိုင်စရာပဲ"

ကြင်ယာတော်လုံက ခံစားချက်အပြည့်ဖြင့် သက်ပြင်းချကာ ပြောလိုက်သည်။

သူမ၏ ဘေးရှိ ဆေးဘုရင်ရွှမ်းဖူကျိကလည်း အသာအယာ ပြုံးလျက် “ဒါက ဟဲတုန်းမှာ ကြီးမားတဲ့ ကံကြမ္မာရှိတယ်ဆိုတာကို ပြနေတာပဲ။ ကောင်းကင်ဘုံကလည်း သူ့ရဲ့လမ်းကို ဒီမှာတင် အဆုံးမသတ်စေချင်ပုံပဲ"

စကားပြောရင်းနှင့်ပင် သူတို့နှစ်ဦးမှာ ခေတ္တမျှ အနားယူရန် ဆုံးဖြတ်လိုက်ကြပြီးနောက် မုန့်ဟဲတုန်းကို ကုသပေးရန် မုန့်မိသားစုဆီသို့ ခရီးဆက်ကြမည်ဖြစ်သည်။ အဝေးတစ်နေရာတွင် ဖုန်ထူသော လမ်းဘေး၌ ဆောက်ထားသည့် လက်ဖက်ရည်ဆိုင်လေးတစ်ခုကို လှမ်းမြင်လိုက်

ရ၏။ ဆိုင်အပြင်ဘက်တွင် တိုင်တစ်တိုင်စိုက်ထားပြီး လက်ဖက်ရည်ဟု စာလုံးအကြီးကြီး ရေးထားသော အဝါရောင် အလံတစ်ခုကို ချိတ်ဆွဲထားသည်။

ထိုဆိုင်အတွင်း၌ တောင်မှမြောက်သို့ ခရီးသွားနေကြသော အဆင့်နိမ့် ကျင့်ကြံသူများစွာ ထိုင်နေကြပြီး အားတက်သရော ဆွေးနွေးနေကြသည်မှာ ဆူညံပွက်လောရိုက်နေ၏။

“ဒီ ဧကရာဇ်နှလုံးသားမီးလျှံသာ ရှိရင် ဟဲတုန်းက ကံဆိုးတာတွေကို ကျော်ဖြတ်နိုင်ရုံတင်မကဘဲ ရှေ့ဆက်ပြီးတော့တောင် တိုးတက်လာဦးမှာ"

ကြင်ယာတော်လုံနှင့် ရွှမ်းဖူကျိတို့မှာ စိတ်လက်ပေါ့ပါးစွာဖြင့် စကားတပြောပြောနှင့် ထိုဆိုင်လေးဆီသို့ လျှောက်လှမ်းလာခဲ့ကြသည်။

သို့သော်လည်း ဆိုင်နှင့် မီတာတစ်ရာခန့် အကွာအဝေးသို့ ရောက်သောအခါ သူတို့နှစ်ဦးစလုံးမှာ ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားကြပြီး ကျောက်ရုပ်များအလား ငြိမ်သက်သွားကြတော့၏။

“ဘယ်သူက ထင်မှာလဲ ကောင်းကင်လှိုင်း နတ်ဘုရားသားတော် ရှောင်ပင်းက တကယ်တော့ ဇီဝေချန်မိသားစုရဲ့ တတိယသခင်လေး ချန်ကျီရှင်း ဖြစ်နေလိမ့်မယ်လို့”

“ဟုတ်ပဗျာ ချန်ကျီရှင်းရဲ့ စွမ်းအားက တကယ်ကို ကြောက်စရာပဲ။ ကျင့်ကြံမှု ၁၃ နှစ်တည်းနဲ့ နယ်ပယ်တစ်ဝက် နိဗ္ဗာန်နအဆင့်ရှိသူကို သတ်နိုင်တယ်ဆိုတာ အံ့သြစရာကြီးပဲ”

“အခုဆိုရင် ချန်ကျီရှင်းက နိဗ္ဗာန်နနယ်ပယ်အောက်မှာ နံပါတ်တစ်လို့တောင် ပြောလို့ရနေပြီ မဟုတ်လား”

စကားသံများမှာ အဝေးမှနေ၍ သူတို့ဆီသို့ လွင့်ပျံလာခဲ့သည်။ ကြင်ယာတော်လုံနှင့် ရွှမ်းဖူကျိတို့မှာ အလွန်အမင်း အံ့သြသွားကြရ၏။

“ကောင်းကင်လှိုင်း နတ်ဘုရားသားတော် ရှောင်ပင်း... ဇီဝေချန်မိသားစု တတိယသခင်လေး ချန်ကျီရှင်း.....”

“ငါတို့ မရှိတဲ့ အတောအတွင်းမှာ အရှေ့ဘက်လျှို့ဝှက်နယ်မြေမှာ ကြီးကျယ်တဲ့ ကိစ္စတွေ ဖြစ်ပျက်ခဲ့ပုံပဲ"

သူတို့နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ဆိုင်ထဲသို့ ခပ်မြန်မြန် ဝင်သွားကြတော့သည်။

“မိတ်ဆွေတို့... ချန်ကျီရှင်း သတ်လိုက်တဲ့ နယ်ပယ်တစ်ဝက် နိဗ္ဗာန်နအဆင့် ကျင့်ကြံသူက ဘယ်သူလဲဆိုတာ သိခွင့်ရှိမလား”

ရွှမ်းဖူကျိက စကားဖောင်ဖွဲ့နေသော ကျင့်ကြံသူများ၏ စားပွဲရှေ့၌ ရပ်တန့်လိုက်ကာ ယဉ်ကျေးစွာ နှုတ်ဆက်မေးမြန်းလိုက်၏။

ကျင့်ကြံသူတစ်ဦးက ရွှမ်းဖူကျိကို ဘေးစောင်းကြည့်လိုက်ပြီး

“အဖိုးကြီး... ခင်ဗျား ဒါကိုတောင် မသိဘူးလား အဲဒါ မုန့်မိသားစုရဲ့ ကိုးယောက်မြောက်သား မုန့်ချန်းယွမ်ပဲလေ”

“မုန့်မိသားစုရဲ့ ကိုးယောက်မြောက်သား... မုန့်ချန်းယွမ်”

ထိုအမည်ကို ကြားလိုက်ရချိန်တွင် ရွှမ်းဖူကျိ၏ မျက်နှာမှာ ချက်ချင်းပင် ပျက်ယွင်းသွားတော့သည်။

“မုန့်ချန်းယွမ်က အမြဲတမ်း မုန့်မိသားစုမှာပဲ နေတာမဟုတ်လား။ ဘာလို့ ကောင်းကင်လှိုင်း နတ်ဘုရားသားတော်က သူ့ကို သတ်နိုင်ခဲ့ရတာလဲ”

ရွှမ်းဖူကျိ၏ ရင်ထဲ၌ လေးလံလာပြီး မကောင်းသော နိမိတ်ဆိုးတစ်ခုက သူ၏စိတ်ကို တဖြည်းဖြည်း လွှမ်းမိုးလာခဲ့သည်။

“အဖိုးကြီး... ခင်ဗျားက မုန့်မိသားစုတစ်ခုလုံး အင်အားအပြည့်နဲ့ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေကို သွားတိုက်တဲ့ကိစ္စကိုတောင် မသိဘူးလား”

ထိုကျင့်ကြံသူက အထင်သေးသော အကြည့်ဖြင့် ကြည့်ကာ စိတ်မရှည်သလို လက်ယမ်းပြပြီး ပြောလိုက်သည်။

“သွား... သွား... တခြားတစ်ယောက်ကို သွားမေးတော့ ငါ ခင်ဗျားကို အချိန်မပေးနိုင်ဘူး.....”

“ပြောစမ်း”

ထိုသူ စကားပင် မဆုံးသေးမီမှာပင် သူ၏ ပုခုံးကို ခြောက်ကပ်ပြီး အိုမင်းနေသော လက်တစ်ဖက်က တင်းကြပ်စွာ ဖမ်းဆုပ်လိုက်ရာ လှုပ်ပင်မလှုပ်နိုင်တော့ချေ။ နောက်တစ်ခဏတွင် ရွှမ်းဖူကျိ၏ နိဗ္ဗာန်နနယ်ပယ်ကျင့်ကြံမှု အရှိန်အဝါများမှာ အထိန်းအကွပ်မဲ့စွာ ပေါက်ကွဲထွက်လာပြီး ကျယ်လောင်စွာ ဟောက်လိုက်တော့သည်။

“ဘာတွေဖြစ်ခဲ့တာလဲဆိုတာ အခုချက်ချင်း ငါ့ကို အကုန်ပြောပြစမ်း”

ထိုအရှိန်အဝါကြောင့် ကျင့်ကြံသူမှာ ကောင်းကင်ကြီး ပြိုကျလာသကဲ့သို့ ခံစားလိုက်ရပြီး ထိတ်လန့်တုန်လှုပ်စွာဖြင့် မြေပြင်ပေါ်သို့ လဲကျလျက် တုန်တုန်ရင်ရင် ပြောရှာတော့သည်။

“စီနီယာ... မုန့်မိသားစုနဲ့ ဆေးဘုရင်ချိုင့်ဝှမ်းက တခြားအင်အားစုတွေ ပေါင်းပြီး ကောင်းကင်

လှိုင်းကို ကျူးကျော်ခဲ့ကြပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့...”

နာရီဝက်ခန့် ကြာပြီးနောက် ရွှမ်းဖူကျိသည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ တစ်နေရာတည်း၌ မတ်တတ်ကြီး တောင့်တင်းသွားခဲ့သည်။ သူ၏ ဝိညာဉ်ကို တစ်စုံတစ်ယောက်က စုပ်ယူသွားသကဲ့သို့ပင်။ လက်ဖက်ရည်ဆိုင်အတွင်းရှိ ကျင့်ကြံသူများမှာ ထိတ်လန့်တကြား ထွက်ပြေးနေကြသော်လည်း သူကတော့ မည်သည့်တုံ့ပြန်မှုမျှ မရှိချေ။

“မုန့်ဟဲတုန်း အသတ်ခံရတယ်... မုန့်ယွန့်ထျန်း ကိုယ့်ဘာသာ အဆုံးစီရင်သွားတယ်... ချင်းပြည်နယ် မုန့်မိသားစုနဲ့ ဆေးဘုရင်ချိုင့်ဝှမ်းက တခြားအင်အားစုတွေ အကုန်လုံး မျိုးဖြုတ်ခံလိုက်ရပြီ.....”

ရွှမ်းဖူကျိ၏ မျက်နှာမှာ ပြာနှမ်းသွားပြီး တုန်ရီသော အသံဖြင့် ရေရွတ်နေမိသည်။

ဝေါ့…

ချက်ချင်းပင် ရွှမ်းဖူကျိသည် ဒေါသအဟုန်ကြောင့် သွေးအန်ထုတ်လိုက်ရပြီး မျက်စိရှေ့တွင် မှောင်အတိကျကာ ထိုနေရာမှာတင် မေ့လဲသွားတော့သည်။ သူ၏ဘေးရှိ ကြင်ယာတော်လုံ၏ မျက်ဝန်းများမှာလည်း ဟာလာဟင်းလင်း ဖြစ်သွားခဲ့သည်။

“မဖြစ်နိုင်ဘူး... ဒါ လုံးဝ မဖြစ်နိုင်တာ.....”

ကြင်ယာတော်လုံမှာ မယုံကြည်နိုင်သဖြင့် ခေါင်းကို အကြိမ်ကြိမ် ခါယမ်းနေမိသည်။ သို့သော်လည်း သူမနှင့် မုန့်ဟဲတုန်းကြားရှိ ဆက်သွယ်မှုမှာ လုံးဝပြတ်တောက်သွားပြီး မည်သို့ပင် ဆက်သွယ်ရန် ကြိုးစားသော်လည်း သတင်းစကားများမှာ ပင်လယ်ထဲသို့ ကျောက်ခဲပစ်ချလိုက်သကဲ့သို့ ပျောက်ကွယ်နေသည်ကို သိလိုက်ရချိန်တွင်….

ဗုန်း….

ကြင်ယာတော်လုံသည် ယိုင်ထိုးသွားပြီး မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားခဲ့သည်။ သူမ၏ မျက်ဝန်းများတွင် အဆုံးမရှိသော ဝမ်းနည်းကြေကွဲမှုများဖြင့် ပြည့်နှက်သွားတော့၏။ သို့သော် မကြာမီမှာပင် ထိုဝမ်းနည်းမှုမှာ တစ်ခါဖူးမျှ မရှိခဲ့ဖူးသော ဒေါသအဟုန်ကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်။

“ချန်ကျီရှင်း”

ကြင်ယာတော်လုံသည် ကောင်းကင်ကို မော့ကြည့်ကာ ရင်ကွဲမတတ် စူးရှစွာ အော်ဟစ်လိုက်တော့သည်။ သူမထံမှ ပြင်းထန်လှသော နာကျည်းမှု အရှိန်အဝါများမှာ ကောင်းကင်ယံအထိ ထိုးတက်သွားခဲ့၏။

ထို့နောက်တွင် သူမသည် အနောက်တောင်ဘက် အရပ်ဆီသို့ စူးစိုက်ကြည့်လိုက်သည်။ ထိုအရပ်မှာကား မသေမျိုး တာအိုမျိုးနွယ်စုကြီး သုံးခုအနက် တစ်ခုဖြစ်သော တာ့လော့ တာအိုနယ်မြေတည်ရှိရာ ဖြစ်သည်။

“ဟဲတုန်းအာ... မင်းရဲ့ ဆရာတစ်ယောက်အနေနဲ့ ငါ တတ်နိုင်သမျှ အစွမ်းကုန်သုံးပြီး မင်းအတွက် လက်စားချေပေးမယ်"

ကြင်ယာတော်လုံသည် တိုးတိတ်စွာ ရေရွတ်လိုက်ရင်း သူမ၏ လှပသော မျက်ဝန်းများထဲတွင် ရက်စက်ကြမ်းကြုတ်သော အရောင်များ ဝင်းလက်သွားသည်။

“ဖြစ်နိုင်ရင်... သူ့ကို နောက်တစ်ကြိမ် ပြန်ရှာဖို့ အချိန်တန်ပြီထင်တယ်"

ကြင်ယာတော်လုံသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် မေ့လဲနေသော ရွှမ်းဖူကျိကို ဆွဲမလိုက်တော့သည်။

ဝုန်း…

ကြင်ယာတော်လုံ၏ ပြင်းထန်သော ခြေလှမ်းတစ်ချက်ကြောင့် ကမ္ဘာမြေမှာ ချာချာလည်သွားပြီး နေနှင့်လပင် ပြောင်းပြန်ဖြစ်သွားသကဲ့သို့ ရှိတော့သည်။ သူမသည် မေ့လဲနေသော ရွှမ်းဖူကျိကို ဆွဲကာ ဟင်းလင်းပြင်ကို ဆွဲဖြဲလျက် တာ့လော့ တာအိုနယ်မြေရှိရာ အရပ်ဆီသို့ ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ ပျံသန်းသွားတော့သည်။

ယန်ကျိုး၊ လုမိသားစု

ခရမ်းရောင် ပိုးပန်းပွားများပါသော ဝတ်ရုံကို ဆင်မြန်းထားပြီး တောက်ပြောင်နက်မှောင်သော ဆံနွယ်များကို အထက်သို့ ထုံးတင်ထားကာ နှုတ်ခမ်းထောင့်တွင် မှဲ့နီလေးတစ်လုံးရှိသည့် လှပသော အမျိုးသမီးတစ်ဦးသည် စားပွဲ၌ ပျင်းရိစွာ ထိုင်နေသည်။ သူမသည် လက်တစ်ဖက်ဖြင့် မေးထောက်ကာ အပြင်ဘက်သို့ တစ်ချက်တစ်ချက် လှမ်းကြည့်နေမိ၏။

“သခင်မလေး... အပြင်မှာ အကြီးအကဲကိစ္စတွေ ဖြစ်ပျက်နေပြီ”

အစေခံမလေးတစ်ဦးမှာ အခန်းတံခါးကို အလောတကြီး တွန်းဖွင့်ကာ အမောတကော ပြေးဝင်လာပြီး သားရေလိပ်စာချွန်တစ်ခုကို ထိုအမျိုးသမီးထံ ပစ်ပေးလိုက်သည်။

“အိုး”

အိမ်ထဲမှာတင် ပိတ်လှောင်ခံထားရသဖြင့် ငြီးငွေ့နေသော ထိုအမျိုးသမီးသည် စာလိပ်ကို ကောက်ယူကာ စိတ်ဝင်တစား ဖတ်ကြည့်လိုက်သည်။ ခေတ္တမျှကြာသော် သူမသည် ကြောင်စီစီဖြင့် ထိုင်နေမိပြီး လက်ထဲမှ စာလိပ်မှာလည်း မသိလိုက်ဘဲ မြေပြင်ပေါ်သို့ လျှောကျသွားတော့၏။

အစေခံမလေးမှာ ထွက်ခွာသွားပြီဖြစ်သော်လည်း သူမ၏အနောက်၌ မည်သည့်အချိန်ကတည်းက ရောက်နေမှန်းမသိသော အဖိုးအိုတစ်ဦး ရပ်နေကာ လေးလံသော သက်ပြင်းချသံကြီးတစ်ခု ထွက်ပေါ်လာသည်။

“လုရင်း... အဲဒီတုန်းက မင်းရဲ့ရွေးချယ်မှုက မမှားခဲ့ဘူးလို့ မင်း အခုထိ ယုံကြည်နေတုန်းပဲလား”

လုရင်းဟု အမည်ရသော ထိုအမျိုးသမီးမှာ မျက်နှာတစ်ခုလုံး ဖြူဖျော့သွားပြီး အောက်နှုတ်ခမ်းကို တင်းတင်းစေ့လျက် ပုခုံးများ တုန်ယင်လာခဲ့သည်။

“မင်းက မင်းချစ်တဲ့သူက ဒီခေတ်ရဲ့ ထိပ်တန်းပါရမီရှင် ဖြစ်ရမယ်လို့ အမြဲပြောခဲ့တာပဲ။ ဒါပေမဲ့ မင်းကိုယ်တိုင်ပဲ အနှိုင်းမဲ့တဲ့ အရည်အချင်းရှိပြီး ထာဝရရှင်သန်ခြင်း နယ်ပယ်ကို တက်လှမ်းနိုင်မယ့်သူကို မင်းရဲ့တံခါးပြင်ပကို တွန်းထုတ်ခဲ့တာလေ...”

“ကျွန်မ မမှားဘူး”

လုရင်းက ရုတ်တရက် ခေါင်းမော့လိုက်ရာ သူမ၏ မျက်ဝန်းများမှာ မျက်ရည်များဖြင့် နီရဲနေသည်။

တစ်ချိန်တည်းမှာပင် မဟာတောင်တန်းကြီးများ၏ အနက်ရှိုင်းဆုံး၌ မှောင်မိုက်စိုစွတ်သော မြေအောက်လိုဏ်ဂူတစ်ခုအတွင်း…

တောက် တောက် တောက်။

လိုဏ်ဂူအမိုးမှ ကျောက်စက်ပန်းဆွဲများမှ ရေစက်များမှာ စည်းချက်ကျကျ ကျဆင်းနေသည်။

အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ရွှေရောင်မျက်နှာဖုံးများ စွပ်ထားသည့် လူတစ်စုမှာ အနက်ရောင် ယဇ်ပလ္လင်ငယ်တစ်ခုရှေ့၌ ရိုသေစွာ ဒူးထောက်နေကြ၏။ သူတို့၏ မျက်နှာဖုံး ဘယ်ဘက်ခြမ်းတွင် ဂဏန်းအမှတ်အသား အမျိုးမျိုးကို ထွင်းထုထားသည်။

“ရှင်သန်ခြင်းက ဘာပျော်စရာရှိလဲ သေဆုံးခြင်းက ဘာဝမ်းနည်းစရာရှိလဲ... ငါ့ခန္ဓာကို မီးရှို့လို့ အသစ်တစ်ဖန် ပြန်လည်မွေးဖွားခြင်းသို့...”

ထိုသူများသည် ထူးဆန်းသော သီချင်းများကို ရွတ်ဆိုရင်း အကြိမ်ကြိမ် ဦးညွှတ်နေကြသည်။ သူတို့၏ အသံများမှာ ရောယှက်နေပြီး လူသားနှင့်မတူသော ထူးဆန်းသည့် လှိုင်းတစ်ခုကို ထုတ်လွှတ်နေ၏။ သူတို့၏ ရှေ့မှ အနက်ရောင်ယဇ်ပလ္လင်ပေါ်တွင်မူ ဝါကျင့်ကျင့် အရည်များဖြင့် ပြည့်နှက်နေသော ဖန်သားခေါင်းတလားတစ်ခုကို မတ်မတ် ထောင်ထားသည်။

ထိုခေါင်းတလားအတွင်း၌ အဝတ်အစားမပါသော ခန့်ညားလှပသည့် အမျိုးသားအလောင်းတစ်ခုမှာ မျက်လုံးများကို မှိတ်လျက် နက်မှောင်သော ဆံနွယ်များက ရေထဲ၌ လွင့်မျောရင်း အေးချမ်းစွာ အိပ်မောကျနေ၏။

“သုံးနှစ်ရှိပြီ အရှင်... အရှင် ပြန်လာဖို့ အချိန်တန်ပါပြီ”

“ခေတ်သစ်ရဲ့ အောင်ပွဲတွေက အရှင် ဆင်းသက်လာမှာကို စောင့်ကြိုနေပါတယ်”

အနက်ရောင်ဝတ်ရုံနှင့် လူများသည် စိတ်လှုပ်ရှားတက်ကြွစွာဖြင့် ခေါင်းတလားအတွင်းရှိ အမျိုးသားအလောင်းကို စိုက်ကြည့်နေကြသည်။ သူတို့၏ ရွတ်ဆိုသံများမှာလည်း ပို၍ မြန်ဆန်ပြီး ပို၍ ပြင်းထန်လာခဲ့သည်။

နောက်ဆုံးတွင်…

ဝုန်း…

ခေါင်းတလားအတွင်းရှိ ထိုအမျိုးသားမှာ သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ ထိုမျက်လုံးများတွင် မျက်ဖြူ သို့မဟုတ် သူငယ်အိမ်ဟူ၍ မရှိဘဲ မှင်ကဲ့သို့ နက်မှောင်နေသော အမှောင်ထုသာ ရှိနေ၏။

“ထာဝရကောင်းကင်ဘုံကို ချီးမွမ်းကြလော့”

“အရှင် ဒီခေတ်ကြီးက အရှင် ကြွလာတာကို ကြိုဆိုနေပါတယ်”

အနက်ရောင်ဝတ်ရုံနှင့် လူများမှာ ပို၍ ရူးသွပ်လာကြပြီး သူတို့၏ မျက်နှာထက်မှ ကြည်ညိုမှုများမှာ အထင်အသား ပေါ်လွင်နေသည်။

ဂျောက်…ဂျောက်…ဂျောက်…

မည်သည့်ပစ္စည်းနှင့် ပြုလုပ်ထားမှန်းမသိသော ဖန်သားခေါင်းတလားပေါ်တွင် အက်ကြောင်းများ စတင်ပေါ်ပေါက်လာခဲ့သည်။ ထို့နောက် အက်ကြောင်းများမှာ ပို၍ များပြားလာပြီး

ဝုန်း….

ခေါင်းတလားတစ်ခုလုံးမှာ ရုတ်တရက် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားတော့သည်။ ထိုမျက်လုံးနက်နက်နှင့် အလွန်ခန့်ညားသော အမျိုးသားမှာ ကျိုးပဲ့နေသော ခေါင်းတလားအတွင်းမှ အပြင်သို့ လှမ်းထွက်လာခဲ့၏။ သူ၏ ခန္ဓာကိုယ်မှာ အချိုးအစားကျလှသော ကြွက်သားများဖြင့် ထွင်းထုထားသည့် ကျောက်ရုပ်တစ်ခုအလား ပြည့်စုံလွန်းလှသည်။

“ထာဝရကောင်းကင်ဘုံကို ချီးမွမ်းကြလော့”

အနက်ရောင်ဝတ်ရုံနှင့် လူများသည် စိတ်လှုပ်ရှားစွာ အော်ဟစ်ရင်း သူတို့၏ လက်ဝါးများဖြင့် သူတို့၏ နဖူးကို ပြင်းထန်စွာ ရိုက်ချလိုက်ကြသည်။

ဒိုင်း ဒိုင်း ဒိုင်း….

ထိုသူများသည် တစ်ဦးပြီးတစ်ဦး အေးချမ်းသော အပြုံးများဖြင့် ရှေ့သို့ မှောက်ခုံလဲကျသွားကြတော့သည်။ သူတို့၏ အလောင်းများမှ အသက်စွမ်းအားများမှာ ထိုခန့်ညားသော အမျိုးသား၏ ခန္ဓာကိုယ်အတွင်းသို့ အရပ်မျက်နှာ အသီးသီးမှနေ၍ စီးဝင်သွားခဲ့သည်။

ခဏချင်းမှာပင် ထိုအမျိုးသား၏ အရှိန်အဝါမှာ အထိန်းအကွပ်မဲ့စွာ မြင့်တက်လာခဲ့သည်။

“ပြန်လည်မွေးဖွားခြင်းရဲ့ ခံစားချက်.....”

ထိုအမျိုးသားသည် မျက်လုံးများကို အသာအယာ မှိတ်ထားရင်း နှုတ်ခမ်းထက်၌ သိမ်မွေ့သော အပြုံးတစ်ခုကို ဆွဲယူလိုက်သည်။ ထို့နောက် ထိုအပြုံးမှာ တဖြည်းဖြည်း ကြီးမားလာပြီး ထိန်းမနိုင်သိမ်းမရသော ရူးသွပ်သည့် ရယ်မောသံအဖြစ် ပြောင်းလဲသွားတော့သည်။

“ငါ ခံစားနေရတယ်”

ဝုန်း….

လိုဏ်ဂူကြီးတစ်ခုလုံးမှာ ချက်ချင်းပင် ပြိုကျသွားပြီး ခန့်ညားလှပသော လူရိပ်မှာ ကမ္ဘာမြေထက်သို့ ပျံတက်သွားခဲ့ကာ မြေပြင်ပေါ်တွင်မူ အနက်ရောင်ဝတ်စုံနှင့် လူများစွာက ဒူးထောက်လျက် စောင့်ကြိုနေကြသည်။

“ခေတ်သစ်ဆီကို ကြွမြန်းလာတဲ့ အရှင်မြတ်ကို ကြိုဆိုပါတယ်”

မျက်နှာဖုံးပေါ်တွင် ၁၉ဟု အမှတ်အသားပါသော ခေါင်းဆောင်ဖြစ်သူမှာ ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး နဂါးနက်ပုံစံ ပန်းထိုးထားသည့် ပိုးထည်ဝတ်ရုံကို ထိုအမျိုးသား၏ ပုခုံးပေါ်သို့ အသာအယာ ခြုံပေးလိုက်တော့သည်။

အခန်း။ ၂၀၄

အတိုင်းအဆမဲ့ ကျယ်ပြောလှသော လွင်ပြင်ကြီးထက်တွင် တောင်လေတစ်ချက် အဝှေ့၌ ခါးစောင်းတိုင်အောင် မြင့်မားသော မြက်ရိုင်းပင်များမှာ ဂျုံခင်းများ လေတိုက်ခံရသကဲ့သို့ တစ်ဖက်သတ် ယိမ်းနွဲ့သွားကြသည်။

ခန့်ညားလှပသော ထိုအမျိုးသားသည် သူ၏လက်ကို ဆန့်ထုတ်ထားပြီး သူ၏ရှေ့မှ အနက်ရောင်ဝတ်ရုံနှင့်လူက နဂါးနက်ပုံစံ ပန်းထိုးထားသော ဝတ်ရုံကို ဝတ်ဆင်ပေးနေသည်ကို ငြိမ်သက်စွာ ခံယူနေ၏။

“၁၉... ဒီခန္ဓာကိုယ်က တော်တော်လေး ကောင်းမွန်တာပဲ"

ထိုအမျိုးသားက အေးစက်စွာ ပြောလိုက်သည်။

“ထာဝရရှင်သန်ခြင်းရဲ့ ခေတ်ကြီးက စတင်တော့မယ်။ ငါတို့အတွက် ခန္ဓာကိုယ်တွေ ပိုပြီး လိုအပ်လာလိမ့်မယ်"

နဖူးပေါ်တွင် ၁၉ဟု အမှတ်အသားပါသော အနက်ရောင်ဝတ်ရုံနှင့်လူက ခေါင်းညိတ်လိုက်ပြီး ရိုသေစွာ ပြန်ပြောသည်။

“အရှင်... ကျွန်တော်မျိုး နားလည်ပါပြီ။ ခန္ဓာကိုယ်တွေ ပိုရအောင် ကျွန်တော် အစွမ်းကုန် ကြိုးစားနေပါတယ်"

ထိုအမျိုးသားက ခေါင်းကို အသာအယာ ညိတ်ပြလိုက်သည်။

ထိုစဉ်မှာပင် မြက်ရိုင်းတောများကြားမှ...

“သား... ငါ့သားလား”

စိုးရိမ်ပူပန်မှု၊ မယုံကြည်နိုင်မှုနှင့် ဖုံးကွယ်ထားသော ဝမ်းသာမှုများ ရောယှက်နေသည့် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ဟင်”

ထိုအမျိုးသားက မျက်မှောင်ကြုတ်လိုက်ရာ လေပြင်းတစ်ချက်သည် ထူထပ်သော မြက်ရိုင်းတောကို လမ်းကြောင်းတစ်ခုအဖြစ် အလိုအလျောက် ခွဲထုတ်လိုက်တော့သည်။ ထိုနေရာတွင် မျက်နှာလေးထောင့်ကျကျနှင့် ဘူးသီးသဏ္ဍာန်နှာခေါင်းရှိသော လူလတ်ပိုင်း အမျိုးသားတစ်ဦးသည် တစ်ကိုယ်လုံး တုန်ယင်လျက် သူ့ကို စူးစိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။

ထိုသူ၏ မျက်နှာတွင် အလွန်အမင်း ပင်ပန်းနွမ်းနယ်နေသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။ ခရီးပေါင်း ထောင်ချီနှင်လာပြီး အိပ်စက်ခြင်းမရှိခဲ့သည့်အလား သူ၏ ဝတ်ကောင်းစားလှများမှာလည်း ဖုန်နှင့်ရွှံ့များ ပေကျံနေပြီး နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးများမှာလည်း ဖရိုဖရဲ ထွက်နေ၏။

ယခုအချိန်တွင် သူသည် အရပ်မျက်နှာကို လွှမ်းမိုးခဲ့သော အရှင်သခင်တစ်ဦးနှင့် လုံးဝမတူတော့ဘဲ ပျောက်ဆုံးသွားသော သားဖြစ်သူကို နှစ်ပေါင်းများစွာ လိုက်လံရှာဖွေရင်း မျှော်လင့်ချက်ကုန်ဆုံးကာ ပင်ပန်းနွမ်းနယ်နေသည့် ဖခင်အိုကြီးတစ်ဦးနှင့်သာ တူနေတော့သည်။

“ကျောက်ရှင်း ဒါ အဖေလေ... မင်း အဖေ့ကို မမှတ်မိတော့ဘူးလား”

ချန်ထျန်းရှုံသည် ရှေ့သို့ ခပ်မြန်မြန် တိုးလာရင်း သူ၏ရှေ့မှ မရင်းနှီးတော့သော ကလေးငယ်ကို အသေအချာ စစ်ဆေးကြည့်နေမိသည်။ သူ၏ မျက်ဝန်းအစုံမှာလည်း ခဏချင်းမှာပင် နီရဲလာခဲ့သည်။

ထိုခန့်ညားသော အမျိုးသားက ပြန်မဖြေဘဲ ၁၉ ကိုသာ လှည့်ကြည့်လိုက်သည်။ ၁၉ က မသိမသာ ခေါင်းညိတ်ပြလိုက်၏။

“သား... တကယ့်ကို မရင်းနှီးတဲ့ စကားလုံးပဲ"

ထိုအမျိုးသားက ခပ်တိုးတိုး ရယ်မောလိုက်ပြီး ရှေ့သို့ တစ်လှမ်းတိုးကာ ချန်ထျန်းရှုံ၏ ရှေ့၌ ရပ်လိုက်သည်။ ချန်ကျောက်ရှင်း၏ မှင်ကဲ့သို့ နက်မှောင်နေသော မျက်လုံးများမှာ ချက်ချင်းပင် အရောင်ပြောင်းသွားပြီး သာမန်လူသားများကဲ့သို့ မျက်သားအဖြူ မျက်ဝန်းနက်များက ပြတ်သားစွာ ပေါ်လာခဲ့သည်။

သူတို့နှစ်ဦးမှာ တစ်ပေခန့်သာ ကွာဝေးတော့သည်။ သူတို့၏ ဘေးတွင်မူ ၁၉ က ထိုအမျိုးသား၏ မျက်နှာကို စူးစိုက်ကြည့်နေပြီး သူ၏ ဝိညာဉ်အနက်ရှိုင်းဆုံးအထိ စူးစမ်းလိုဟန်ရှိ၏။

ချန်ထျန်းရှုံသည် ထိုမျက်နှာကို ငေးကြည့်နေရင်း လွန်ခဲ့သော သုံးနှစ်က ပျောက်ဆုံးသွားပြီး လူတိုင်းက သေပြီဟု ယူဆထားကြသည့် သားဖြစ်သူ၏ ပါးပြင်ကို ထိတွေ့ရန် တုန်တုန်ရင်ရင်ဖြင့် လက်ကို ဆန့်ထုတ်လိုက်သည်။

သို့သော်လည်း ချန်ကျောက်ရှင်းနှင့် ထပ်တူကျသော ထိုမျက်နှာထက်မှ အလွန်အမင်း အေးစက်လှသော အကြည့်များကြောင့် ချန်ထျန်းရှုံ၏ လက်မှာ လေထဲ၌ ရပ်တန့်သွားခဲ့ပြီး နောက်ဆုံးတွင် အောက်သို့ ပြန်ချလိုက်ရင်း စကားတစ်ခွန်းသာ ပြောနိုင်တော့သည်။

“ကျောက်စိမ်း... အဖေနဲ့အတူ အိမ်ပြန်ကြရအောင်"

ချန်ကျောက်ရှင်းက ထိုစကားကို ကြားသော်လည်း မလှုပ်မယှက်ဘဲ ချန်ထျန်းရှုံ၏ ကျောပြင်ကိုသာ တိတ်ဆိတ်စွာ ကြည့်နေမိသည်။ မမြင်ရသော စွမ်းအားတစ်ခုမှာ ပျံ့နှံ့သွားပြီး ပတ်ဝန်းကျင် တစ်ခုလုံးမှာ ထိုအခိုက်အတန့်၌ အေးခဲသွားသကဲ့သို့ပင်။

“ဒါ ဒီခန္ဓာကိုယ်ရဲ့ ဖခင်လား”

ချန်ကျောက်ရှင်းက အေးစက်စွာ မေးလိုက်သည်။

အနက်ရောင်ဝတ်ရုံနှင့် ၁၉ က ခေါင်းညိတ်လိုက်ပြီး “ဟုတ်ပါတယ် ဒီ ချန်ထျန်းရှုံဆိုတဲ့လူက ဒီခန္ဓာကိုယ်ရဲ့ ဖခင် အစစ်အမှန်ပါပဲ"

ခေတ္တမျှ ရပ်ပြီးနောက် ၁၉ က ဆက်၍ မေးလိုက်သည်။

“အရှင်... ဒီလူကို ကျွန်တော်တို့ ဘယ်လို စီမံရမလဲ”

ချန်ကျောက်ရှင်းက ခဏမျှ စဉ်းစားလိုက်ပြီးနောက် ရုတ်တရက် ပြုံးလိုက်သည်။

“မလောပါနဲ့ဦး။ အခုလေးတင် ဒီခန္ဓာကိုယ်ရဲ့ မှတ်ဉာဏ်တွေကို စစ်ဆေးကြည့်တဲ့အခါ သူ့ရဲ့ ညီ ဒါမီမဟုတ် အစ်ကိုက တကယ့်ကို ထူးခြားတဲ့ ခန္ဓာကိုယ်တစ်ခု ဖြစ်နေတာကို တွေ့လိုက်ရတယ်"

၁၉ ၏ မျက်လုံးများမှာ တဖြည်းဖြည်း မှေးကျဉ်းသွားပြီး ခေါင်းညိတ်လိုက်သည်။

“မှန်ပါတယ် အရှင် ချန်ကျီရှင်းလို့ ခေါ်တဲ့ သူ့ရဲ့ ညီက ဒီခေတ်ရဲ့ ပါရမီအရှိဆုံး လူတစ်ယောက်ပါ။ အသက် ၁၃ နှစ်ပဲ ရှိသေးပေမယ့် မကြာသေးခင်ကမှ စစ်မှန်သောကိုယ်ထည် ဆဌမအဆင့်ကို ရောက်ရှိခဲ့ပြီး နယ်ပယ်တစ်ဝက် နိဗ္ဗာန်နအဆင့်ရှိသူကိုတောင် သတ်ပစ်နိုင်ခဲ့ပါတယ်"

ထိုစကားကို ကြားလိုက်ရချိန်တွင် ချန်ကျောက်ရှင်း၏ မျက်ဝန်းများအတွင်း၌ အလင်းတစ်ချက် ဝင်းလက်သွားတော့သည်။

“အသက် (၁၃) နှစ်နဲ့ စစ်မှန်သောကိုယ်ထည် ဆဌမအဆင့်တဲ့လား... ဒီလိုနှုန်းမျိုးက ငါတို့ခေတ်မှာတောင် တစ်ခါမှ မကြားဖူးခဲ့တဲ့ အရာပဲ"

၁၉ က ချန်ကျောက်ရှင်းကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်ရင်း “ဒါဆို အရှင်ရဲ့ ရည်ရွယ်ချက်က ဒီခန္ဓာကိုယ်ရဲ့ ပတ်သက်မှုတွေကို အသုံးချပြီး ချန်ကျီရှင်းနားကို ချဉ်းကပ်ဖို့ပေါ့ ဟုတ်လား”

“မှန်တယ်"

ချန်ကျောက်ရှင်းက ခေါင်းညိတ်လိုက်ရာ ရက်စက်လှသော အပြုံးတစ်ခု ပေါ်လာ၏။

“ဒါကြောင့် ချန်ထျန်းရှုံကို အခုထိ သတ်လို့မဖြစ်သေးဘူး။ အဲဒီအစား သူ့နောက်ကို လိုက်သွားပြီး ငါကိုယ်တိုင် ချန်ကျီရှင်းဆီကို သွားမယ် အဲဒီကလေးက ပိုကောင်းတဲ့ ခန္ဓာကိုယ်ပဲ”

၁၉ က စကားဖြင့် ပြန်မပြောဘဲ အကြည့်ကို နှိမ့်ချလိုက်ကာ “အရှင်က အမြဲတမ်း ပြတ်သားတဲ့သူပါ။ ကိုယ်လိုချင်တာကို တိုက်ရိုက်ပဲ အရယူလေ့ရှိတယ်။ ဘယ်တုန်းကမှ ဒီလို ပရိယာယ်တွေ သုံးဖို့အထိ နှိမ့်ချခဲ့တာ မဟုတ်ဘူး...”

သူ့စကားပင် မဆုံးသေးမီ

ဝုန်း…

ကျောက်စိမ်းကဲ့သို့ ချောမောနုနယ်သော လက်ဖြူဖြူတစ်ဖက်က ၁၉ ၏ လည်ပင်းကို ရုတ်တရက် ဖမ်းဆုပ်လိုက်သည်။

“မင်း ငါ့ကို သံသယဝင်နေတာလား”

ချန်ကျောက်ရှင်း၏ နက်မှောင်သော ဆံနွယ်ရှည်ကြီးများမှာ ခါးအထိ ဝဲကျနေပြီး သူသည် ၁၉ ကို လည်ပင်းမှ မြှောက်မကာ အနားသို့ ဆွဲကပ်လိုက်သည်။ သူ၏ မျက်ဝန်းများမှာလည်း မှင်ကဲ့သို့ နက်မှောင်သော အမှောင်ထုအဖြစ် တစ်ဖန် ပြန်လည် ပြောင်းလဲသွားခဲ့သည်။

ရှူးးး

လက်ချောင်းများက တဖြည်းဖြည်း တင်းကျပ်လာရာ အသက်ရှူကျပ်မှု ဝေဒနာကို ခံစားလာရသည်။ အနက်ရောင်ဝတ်ရုံနှင့် ၁၉ မှာ အလူးအလဲ ရုန်းကန်ရင်း ခက်ခဲစွာ ပြောလိုက်ရ၏။

“ကျွန်တော်မျိုး... မဝင်ရဲပါဘူး...”

“မင်းရဲ့ အဆင့်အတန်းကို မမေ့နဲ့"

ချန်ကျောက်ရှင်းက လက်ကို လွှတ်ပေးလိုက်ပြီး မည်သည့်ခံစားချက်မျှမရှိဘဲ “မင်းရဲ့ တည်ရှိမှုက ငါ့အတွက် ပူဇော်သက္ကာတစ်ခုပဲဆိုတာ မမေ့နဲ့ဦး"

၁၉ က ဘာမှ ထပ်မပြောတော့ဘဲ ရိုသေစွာ ဦးညွှတ်ကာ နောက်သို့ ဆုတ်လိုက်သည်။

“အရှင်ရဲ့ အမိန့်ကို နာခံပါ့မယ်"

ရှဲ... ရှဲ...

လွင်ပြင်ထက်၌ လေပြင်းများက ဆက်လက် တိုက်ခတ်နေဆဲပင်။ အေးခဲနေသော ပတ်ဝန်းကျင်မှာလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။

“စောစောက... ဘာဖြစ်သွားတာလဲ.....”

ချန်ထျန်းရှုံ၏ မျက်နှာတွင် ဝေဝေဝါးဝါး ခံစားချက်တစ်ခု ပေါ်လာသည်။ တစ်ခုခု ဖြစ်ပျက်သွားသည်ဟု သူ ခံစားမိသော်လည်း အသေအချာ စစ်ဆေးကြည့်သောအခါ ဘာမှ ထူးခြားမှု မရှိချေ။

“အဖေ... အိမ်ပြန်ကြရအောင်"

ချန်ကျောက်ရှင်းက ချန်ထျန်းရှုံကို ကြည့်ကာ လှပသော မျက်နှာထက်၌ နူးညံ့သောအပြုံးတစ်ခုကို ဆင်မြန်းလိုက်သည်။

“အေး... အေး... ကျောက်ရှင်းအာ အဖေ မင်းကို အိမ်ပြန်ခေါ်သွားမယ်”

ခဏအကြာတွင် သူတို့သားအဖနှစ်ဦးမှာ လွင်ပြင်ကြီး၏ အဝေးတစ်နေရာသို့ ပျောက်ကွယ်သွားကြတော့သည်။ ၁၉ ကမူ သူတို့၏ အရိပ်ကို ကြည့်ရင်း မျက်မှောင်ကြုတ်နေမိ၏။

“၁၉... အရှင်ရဲ့ ပြန်လည်မွေးဖွားခြင်းမှာ တစ်ခုခု လွဲချော်သွားတယ်လို့ မင်း သံသယဝင်နေတာလား”

နဖူးပေါ်တွင် ၁၈ဟု အမှတ်အသားပါသော အနက်ရောင်ဝတ်ရုံနှင့် လူတစ်ဦး ချဉ်းကပ်လာကာ တိုးတိတ်စွာ မေးလိုက်သည်။

၁၉ က ပြန်မဖြေဘဲ လှည့်ထွက်သွားရင်း အေးစက်စွာ ပြောလိုက်သည်။

“လာခဲ့... ငါနဲ့အတူ နံပါတ် ၁ဆီကို လိုက်ခဲ့"

တစ်ချိန်တည်းမှာပင် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေ၊ နတ်ဘုရားသားတော် နန်းဆောင်အတွင်း ချန်ကျီရှင်းသည် ကုတင်ပေါ်၌ တင်ပျဉ်ခွေထိုင်ကာ မျက်လုံးများကို မှိတ်လျက် ပုံမှန်အတိုင်း အသက်ရှူနေသည်။ သူ အသက်တစ်ချက် ရှူလိုက်တိုင်း ပတ်ဝန်းကျင်ရှိ ချီစွမ်းအင်များမှာ သူ၏ဆီသို့ တဟုန်ထိုး စီးဝင်လာပြီးမှ ပြန်လည် လွင့်စင်သွားကြ၏။ သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်၌ မသေမျိုးပျံသန်းခြင်းအလင်းများမှာ ကြယ်ကြွေနေသကဲ့သို့ တလက်လက် တောက်ပနေသည်။

ခေတ္တမျှကြာသော် ချန်ကျီရှင်းက မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ရာ နတ်ဘုရားဆန်သော အလင်းတန်းများမှာ သူ၏မျက်ဝန်းအတွင်း၌ ခဏမျှ ဝင်းလက်သွားခဲ့သည်။

ဘိုးဘိုး ချန်တောက်ယန်ကတော့ ဇီဝေချန်မိသားစုဆီ ပြန်သွားခဲ့ကာ ချန်ကျီရှင်းကတော့ မလောသေးချေ။ ဤရက်အနည်းငယ်အတွင်း သူသည် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေ၏ ကျင့်ကြံမှုနှင့် အကိုက်ညီဆုံးဖြစ်မည့် ခန္ဓာကိုယ်နှင့် ဝိညာဉ်စွမ်းအားကို ပေါင်းစပ်ထားသော နည်းစနစ်သစ်တစ်ခုကို ဖန်တီးခဲ့သည်။ ဤသည်မှာ သူ ကောင်းကင်လှိုင်းမှ ထွက်ခွာသွားချိန်အတွက် ပေးခဲ့မည့် လက်ဆောင်မွန်ပင်။

ယခုအခါ သူ၏ ဝိညာဉ်စွမ်းအားနှင့် ခန္ဓာကိုယ်ကျင့်စဉ်လမ်းမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ရာ ဤနေရာတွင် ဆက်နေရန် အဓိပ္ပာယ်မရှိတော့ချေ။

ဇီဝေချန်မိသားစုဆီ ပြန်ရမဲ့အချိန် ရောက်လာပြီ။

“နှမြောစရာကောင်းတာကတော့... ဆေးဘုရင် ရွှမ်းဖူကျိနဲ့ မုန့်ဟဲတုန်းရဲ့ လက်စွပ်ထဲက ရှေးဟောင်းဝိညာဉ်ကို မသတ်နိုင်ခဲ့တာပဲ"

ချန်ကျီရှင်းက မျက်မှောင်ကြုတ်လျက် တိုးတိတ်စွာ ရေရွတ်လိုက်သည်။ သူ၏ စိတ်အနက်ရှိုင်းဆုံး၌ မကောင်းသော နိမိတ်တစ်ခုကို ခံစားနေရ၏။

မကြာမီမှာပင် ကြီးမားလှသော မုန်တိုင်းကြီးတစ်ခု ကျရောက်လာတော့မည့်အလားပင်။

All Chapters