← Chapters

အခန်း (၂၀၅-၂၀၆)

Vol. 21 Ch. 205-206

အခန်း (၂၀၅-၂၀၆)

Vol. 21 Ch. 205-206

အခန်း။ ၂၀၅

“သတိပေးချက်လား...”

ချန်ကျီရှင်းသည် ပြတင်းပေါက်မှတစ်ဆင့် အတိုင်းအဆမဲ့သော ကောင်းကင်ယံကြီးကို ငေးကြည့်ရင်း သူ၏မျက်နှာထားမှာ စိုးရိမ်တကြီးဖြင့် ပျက်ယွင်းနေသည်။

သူ၏ လက်ရှိကျင့်ကြံမှုအဆင့်တွင် ပတ်ဝန်းကျင်ကမ္ဘာလောကနှင့်ပတ်သက်ပြီး ထူးဆန်းသော အာရုံတစ်ခုကို ရရှိထားပြီးဖြစ်သည်။ ဤသို့ မကောင်းသောနိမိတ်ကို ကြိုတင်ခံစားမိခြင်းမှာ အခြေအမြစ်မရှိဘဲ ဖြစ်လာသည်မဟုတ်ဘဲ အနာဂတ်အတွက် ကြိုတင်သတိပေးချက်တစ်ခုသာ ဖြစ်ပေလိမ့်မည်။

လက်ရှိ အရှေ့ဘက်လျှို့ဝှက်နယ်မြေတစ်ခုလုံးတွင် သူ၏ အဆင့်အတန်းမှာ ထိပ်တန်း တာအိုမျိုးနွယ်စုကြီး နှစ်ခု၏ ကျောထောက်နောက်ခံကို ရရှိထားသည်။ ထိုအင်အားစုများတွင် နိဗ္ဗာန်နနယ်ပယ်အရှင်သခင်များသာမက အထွတ်အထိပ် ဘိုးဘေးကြီးများပင် ကာကွယ်စောင့်ရှောက်ပေးထားကြ၏။ သူ့ကို ခြိမ်းခြောက်နိုင်စွမ်းရှိသည့် အင်အားစုဟူသည်မှာ အလွန်ပင် ရှားပါးလှသည်။

“ထာဝရရှင်သန်ခြင်း နယ်ပယ်...”

ချန်ကျီရှင်း၏ ရင်ထဲ၌ လေးလံသွားသည်။ လွန်ခဲ့သော နှစ်ပေါင်းထောင်ချီက ကမ္ဘာလောကကြီးမှာ ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး ထာဝရရှင်သန်ခြင်း နယ်ပယ်သို့ ရောက်ရှိထားသော ပုဂ္ဂိုလ်များမှာ လူ့လောကမှ ပျောက်ကွယ်သွားခဲ့ကြသည်။ ယနေ့ခေတ် ကမ္ဘာကြီးတွင် မသေမျိုး တာအိုမျိုးနွယ်စုကြီး သုံးခုတွင်သာ ထိုကဲ့သို့သော ပုဂ္ဂိုလ်များ ရှိတော့သည်ဟု သိထားကြ၏။

“ဒါဆိုရင် ငါ့အတွက် အန္တရာယ်က အဲဒီ မသေမျိုးမျိုးနွယ်စုကြီး သုံးခုထဲက လာနေတာလား”

ချန်ကျီရှင်း၏ မျက်ဝန်းများမှာ အရောင်မျိုးစုံ ဝင်းလက်နေသည်။ ထိုမသေမျိုးမျိုးနွယ်စုကြီးများသည် ကောင်းကင်ယံထက်တွင် ရပ်တည်နေကြပြီး ကျင့်ကြံခြင်းလောက၏ ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ခြင်း မရှိဘဲ လောကကြီး၏ အပြောင်းအလဲကို စောင့်ကြည့်နေရုံသာ ရှိကြသူများဖြစ်သည်။

သူ၏ ယခင်ဘဝ ဂိမ်းဖြစ်သော မဟာကျင့်ကြံခြင်းဂိမ်းထဲတွင်ပင် ထိုမသေမျိုးမျိုးနွယ်စုကြီး သုံးခုအကြောင်း ဖော်ပြချက်မှာ အလွန်နည်းပါးလှသည်။

"နှစ်ပေါင်းများစွာ ပုန်းအောင်းနေခဲ့တဲ့ အဲဒီမျိုးနွယ်စုကြီးတွေက အခုမှ ဘာလို့ ပေါ်လာပြီး စစ်မှန်သောကိုယ်ထည်အဆင့်ပဲ ရှိတဲ့ ငါ့နောက်ကို တကောက်ကောက် လိုက်နေကြတာလဲ။ ငါ့မှာ ဘာများ ရှိနေလို့လဲ"

ချန်ကျီရှင်းမှာ မျက်မှောင်ကြုတ်မိသွားသည်။ ဤသည်မှာ တကယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စရာပင်။ သူသည် ထိပ်တန်းအင်အားစုကြီးနှစ်ခု၏ အရှိန်အဝါဖြင့် အားကောင်းနေပုံရသော်လည်း ထိုမသေမျိုးမျိုးနွယ်စုကြီးများ၏ ရှေ့မှောက်တွင်မူ သူသည် အလွန်ပင် သေးငယ်လှသော ဖုန်မှုန့်တစ်စကဲ့သို့သာ ဖြစ်ပေလိမ့်မည်။

ချန်ကျီရှင်း တွေးတောနေစဉ်မှာပင်

ဒေါက် ဒေါက် ဒေါက်…

တံခါးခေါက်သံ အသာအယာ ထွက်ပေါ်လာသည်။

“နတ်ဘုရားသားတော်... ဂိုဏ်းချုပ်ကြီးက သားတော်ကို တွေ့ချင်လို့ ခေါ်ခိုင်းလိုက်ပါတယ်ခင်ဗျာ"

ရိုသေသော အသံတစ်ခု ထွက်ပေါ်လာ၏။

“လာခဲ့မယ်"

ချန်ကျီရှင်းက စိတ်ကို ပြန်စုစည်းလိုက်ပြီး အခန်းအတွင်းမှ ထွက်လာခဲ့သည်။

လမ်းတစ်လျှောက်တွင် သူ၏ မူလရုပ်သွင်ကို ပြန်လည်ပြောင်းလဲထားသော ချန်ကျီရှင်းအား ကောင်းကင်လှိုင်းတပည့်များစွာက အလွန်အမင်း ရိုသေလေးစားစွာ ကြည့်နေကြသည်။ ခေတ္တအကြာတွင် သူသည် ကွမ်းဟဲ ခန်းမဆောင်သို့ ရောက်ရှိသွားခဲ့သည်။ အဝေးမှပင် ရယ်မောသံကြီးတစ်ခုကို ကြားလိုက်ရ၏။

“မင်းတို့ မသိသေးဘူး၊ ငါတို့ နတ်ဘုရားသားတော်ကြောင့် အပြင်မှာ လူပေါင်းများစွာက ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေရဲ့ နောက်တစ်ကြိမ် တပည့်သစ်ခေါ်ယူပွဲကို စောင့်နေကြတာ။ ငါတို့ဂိုဏ်းထဲဝင်ဖို့ အလုအယက်ပဲဟေ့"

ချန်ကျီရှင်းက ခန်းမအတွင်းသို့ ဝင်လိုက်သည်။ ချင်းထျန်းကျန့်မှာ ပင်မထိုင်ခုံ၌ ထိုင်နေရင်း သူ၏မုတ်ဆိတ်ကို အသာအယာ ပွတ်သပ်ကာ ပြုံးရွှင်နေ၏။ သူသည် အလွန်ပင် စိတ်ကြည်လင်နေဟန်ရှိသည်။

“ကျီရှင်း ရောက်လာပြီလား လာ... လာထိုင်"

ချင်းထျန်းကျန့်က ပြုံးလျက် ပြောလိုက်သည်။

ခန်းမအတွင်းရှိ အကြီးအကဲများမှာလည်း တစ်ပြိုင်နက်တည်း ထရပ်ကာ “နတ်ဘုရားသားတော်” ဟု ပြောကာ ရိုသေစွာ နှုတ်ဆက်ကြသည်။ မုယွဲ့မေနှင့် ထိုပါးကျန်းယီတို့မှာလည်း ချန်ကျီရှင်းကို ကြည့်ကာ ပြုံးပြကြ၏။

ချန်ကျီရှင်းက တစ်ဦးချင်းစီကို ပြန်လည်နှုတ်ဆက်လိုက်ပြီးနောက် သူ၏ ဝတ်ရုံလက်စွပ်အတွင်းမှ ပါးလွှာသော ရှေးဟောင်းစာအုပ်တစ်အုပ်ကို ထုတ်ကာ ချင်းထျန်းကျန့်ထံ ကမ်းပေးလိုက်သည်။

“ဒါက ဘာလဲ.....”

ချင်းထျန်းကျန့်က သံသယဖြင့် မေးမြန်းရင်း ထိုစာအုပ်ကို ယူကာ စာမျက်နှာများကို လှန်ကြည့်လိုက်သည်။

နောက်တစ်ခဏတွင် ချင်းထျန်းကျန့်၏ သူငယ်အိမ်မှာ ရုတ်တရက် ကျယ်ပြန့်သွားပြီး သူ၏မျက်နှာထားမှာ အလွန်ပင် တည်ကြည်လေးနက်သွားတော့သည်။ သူ ဆက်လက်ဖတ်ရှုလေလေ ပို၍ လေးနက်လာလေလေ ဖြစ်ပြီး အသက်ပင် ခဏမျှ အောင့်ထားမိသည်အထိ ဖြစ်သွားရ၏။

အကြီးအကဲတစ်ဦးက စကားပြောရန် ပြင်လိုက်သော်လည်း ချင်းထျန်းကျန့်က ခေါင်းမော့မကြည့်ဘဲ နောက်မှပြောရန် လက်ဝါးယမ်းပြလိုက်သည်။

“ကျီအာ... ဂိုဏ်းချုပ်ကြီးကို ဘာစာအုပ်ပေးလိုက်လို့ ဒီလောက်တောင် အလေးအနက် ဖတ်နေရတာလဲ”

ချန်ကျီရှင်း၏ ဘေးတွင် ထိုင်နေသော မုယွဲ့မေက ပြုံးလျက် မေးလိုက်သည်။

“မကြာခင် သိရမှာပါ ဆရာ”

ချန်ကျီရှင်းက ရယ်မောကာ ပြန်ပြောလိုက်သည်။

ဆယ်ကြိမ်မျှ အသက်ရှူစာ...

အကြိမ် တစ်ရာမျှ အသက်ရှူစာ.....

အမွှေးတိုင်တစ်တိုင် ကုန်ဆုံးချိန်အထိ ကြာမြင့်သွားခဲ့သည်။

“ဝိညာဉ်စွမ်းအားနဲ့ ခန္ဓာကိုယ်ကျင့်စဉ် နှစ်မျိုးစလုံးကို တစ်ပြိုင်နက် ကျင့်ကြံနိုင်တဲ့ တကယ့်ကို အံ့မခန်းနည်းလမ်းပဲ”

ချင်းထျန်းကျန့်က ရုတ်တရက် ခေါင်းမော့ကာ ချန်ကျီရှင်းကို ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းများမှာ တောက်ပသော အလင်းတန်းများဖြင့် ပြည့်နှက်နေ၏။

“ကျီ... ကျီရှင်း ဒါကို မင်းကိုယ်တိုင်ပဲ ဖန်တီးခဲ့တာလား”

သူက မယုံကြည်နိုင်သလို မေးလိုက်သည်။

ချန်ကျီရှင်းက ခေါင်းညိတ်ပြလိုက်ပြီး “ဟုတ်ပါတယ်။ ဒီနယ်မြေထဲကို စရောက်ကတည်းက ဝိညာဉ်စွမ်းအား ကျင့်စဉ်နဲ့ ခန္ဓာကိုယ် ကျင့်စဉ် နှစ်ခုကို ဘယ်လိုမျိုး တစ်သားတည်းဖြစ်အောင် ပေါင်းစပ်ရမလဲဆိုတာ ကျွန်တော် စဉ်းစားနေခဲ့တာပါ။ မကြာသေးခင်ကမှ စဉ်းစားပုံ စဉ်းစားနည်း အသစ်တစ်ခုကို ရလိုက်ပြီး ဒီကျင့်စဉ်ကို ဖော်ထုတ်နိုင်ခဲ့တာပါ”

“အမှန်အတိုင်း ပြောရရင် ဒါက အစပျိုးရုံပဲ ရှိပါသေးတယ်။ အားနည်းချက်တွေ ရှိခဲ့ရင်လည်း ဂိုဏ်းချုပ်ကြီးအနေနဲ့ စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်”

“စိတ်ထဲထားရမယ် ဟုတ်လား”

ချင်းထျန်းကျန့်က ခေါင်းခါလိုက်ပြီး “အကယ်၍ ဒီကျင့်စဉ်ကိုသာ တစ်စုံတစ်ယောက်က လှောင်ပြောင်မယ်ဆိုရင် လောကမှာရှိတဲ့ ကျင့်စဉ် ကိုးဆယ့်ကိုးရာခိုင်နှုန်းလောက်က အသုံးမကျတဲ့ အရာတွေ ဖြစ်ကုန်မှာပေါ့”

စကားပြောရင်းနှင့်ပင် ချင်းထျန်းကျန့်သည် အသက်ကို ပြင်းပြင်းရှူလိုက်သည်။ သူ၏ မျက်နှာထားမှာ တစ်ခါမှမရှိဖူးလောက်အောင် တည်ကြည်လေးနက်နေ၏။

“ဒီနည်းလမ်းသာ ပေါ်ထွက်လာမယ်ဆိုရင် ငါတို့ရဲ့ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေကို အဆင့်အတန်းသစ်တစ်ခုဆီ မြှင့်တင်ပေးနိုင်လိမ့်မယ်”

“ဒါက ခေတ္တခဏသုံးရမယ့် ကျင့်စဉ်မျိုး မဟုတ်ဘူး။ ရာစုနှစ်ပေါင်းများစွာ တည်တံ့မယ့် နည်းနာနိဿယ၊ လောကဓာတ်အပေါင်းကို လွှမ်းမိုးနိုင်မယ့် တာအိုကျင့်စဉ်ပဲ”

ထိုအခိုက်အတန့်တွင် ချင်းထျန်းကျန့်က ချန်ကျီရှင်းကို ကြည့်သော အကြည့်များမှာ ပုံမှန်ရင်းနှီးမှုထက် ကျော်လွန်၍ စစ်မှန်သော လေးစားအားကျမှုများ ပါဝင်နေခဲ့သည်။

ဤစကားကို ကြားလိုက်ရချိန်တွင် ခန်းမတစ်ခုလုံး၌ အံ့သြတုန်လှုပ်မှု လှိုင်းလုံးများ ရိုက်ခတ်သွားပြီး အကြီးအကဲများမှာ ဆွံ့အသွားကြရသည်။

“ငါတို့ရဲ့ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေက အဆင့်အတန်းသစ်တစ်ခုကို ရောက်နိုင်မယ် ဟုတ်လား”

“ခေတ္တခဏသုံးရမယ့် ကျင့်စဉ် မဟုတ်ဘဲ ရာစုနှစ်ချီ တည်တံ့မယ့် နည်းလမ်း လောကဓာတ်အပေါင်းကို လွှမ်းမိုးမယ့် တာအိုကျင့်စဉ်တဲ့လား”

“ဘယ်လို ကျင့်စဉ်မျိုးမို့လို့ ဒီလောက်တောင် အံ့သြဖို့ ကောင်းနေရတာလဲ”

အကြီးအကဲများမှာ သံသယများဖြင့် တစ်ဦးကိုတစ်ဦး ကြည့်နေကြမိသည်။

ခန္ဓာကိုယ်နှင့် ဝိညာဉ်စွမ်းအား နှစ်မျိုးစလုံးကို တစ်ပြိုင်နက် ကျင့်ကြံနိုင်မည့် နည်းလမ်းကို နှစ်ပေါင်းများစွာကတည်းက သုတေသန ပြုလုပ်ခဲ့ကြခြင်းပင်။

အမှန်စင်စစ်တွင် ဤကျင့်စဉ်နှစ်မျိုးကို အထူးပြုသည့် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေအနေဖြင့် ထိုရည်ရွယ်ချက်အတွက်ပင် တောင်ဘက်တောင်ထိပ်နှင့် မြောက်ဘက်တောင်ထိပ်ဟူ၍ ခွဲခြားထားခဲ့ခြင်းပင်။ မျိုးဆက်တစ်ခုပြီးတစ်ခု ဝိညာဉ်စွမ်းအားနှင့် ခန္ဓာကိုယ်ကို တစ်သားတည်း ပေါင်းစပ်နိုင်မည့် နည်းလမ်းကို ရှာဖွေရန် အစွဲအလမ်းကြီးစွာ ကြိုးစားခဲ့ကြသည်။

သို့သော်လည်း နှစ်ပေါင်းထောင်ချီ၍ ကြိုးစားခဲ့ကြသော်လည်း ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေမှ မည်သူမျှ အောင်မြင်ခဲ့ခြင်း မရှိချေ။

အဓိက အကျဆုံး အကြောင်းအရင်းမှာ ဤကျင့်စဉ်နှစ်မျိုးကို မည်သို့ပင်ကျင့်ကြံသည်ဖြစ်စေ နောက်ဆုံးတွင် တစ်ခုက အလေးသာပြီး တစ်ခုက အားနည်းသွားကာ အထက်အောက် အဆင့်အတန်း ကွာခြားမှု ဖြစ်ပေါ်မြဲပင်။

စစ်မှန်သောကိုယ်ထည်နယ်ပယ်သို့ ရောက်ရှိချိန်တွင် ကျင့်ကြံသူသည် မိမိ၏ တာအိုမျိုးစေ့ကို ဖြစ်တည်စေရန်အတွက် ခန္ဓာကိုယ် သို့မဟုတ် ဝိညာဉ်စွမ်းအား နှစ်ခုအနက် တစ်ခုကိုသာ မဖြစ်မနေ ရွေးချယ်ရလေ့ရှိသည်။

ဝိညာဉ်စွမ်းအားနှင့် ခန္ဓာကိုယ်ကို တပြိုင်နက်တည်း ဟန်ချက်ညီညီ ကျင့်ကြံရန်မှာ အခြေခံအားဖြင့် လုံးဝ မဖြစ်နိုင်ဘူးဟု ယူဆထားကြခြင်းပင်။

၎င်းကို မြင်သောအခါ ချင်းထျန်းကျန့်က ဘာမှ ထပ်မပြောတော့ဘဲ ပါးလွှာသော ရှေးဟောင်းစာအုပ်ကို အကြီးအကဲများထံ အစဉ်လိုက် လက်ဆင့်ကမ်းပေးလိုက်သည်။

နာရီဝက်ခန့် ကြာပြီးနောက် “ဝိညာဉ်စွမ်းအားနဲ့ ခန္ဓာကိုယ်ကို သန့်စင်ပေးမယ်။ ပြီးရင် ခန္ဓာကိုယ်ကတစ်ဆင့် ဝိညာဉ်စွမ်းအားကို ပြန်လည်မွေးမြူမယ် တစ်ခုနဲ့တစ်ခု အပြန်အလှန် အထောက်အကူပြုပြီး ကွင်းဆက်တစ်ခုဖြစ်အောင် ဖန်တီးကာ တစ်သားတည်း ပေါင်းစပ်ပစ်တာပဲ”

“ဝိညာဉ်စွမ်းအား အားကောင်းလာရင် ခန္ဓာကိုယ်ကလည်း အားကောင်းလာမယ်။ ခန္ဓာကိုယ် တောင့်တင်းလာရင် ဝိညာဉ်စွမ်းအားကလည်း လိုက်ပြီး တိုးတက်လာမယ် အပြန်အလှန် ပံ့ပိုးပေးရင်း တစ်ခုတည်းအဖြစ် ရောယှက်သွားတာပဲ”

“ဟား ဒါ... ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

“ဒါက ဂိုဏ်းတစ်ခုကို သီးသန့်တည်ထောင်နိုင်လောက်တဲ့အထိ ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ ကျင့်စဉ်ပဲ”

“ကောင်းတယ် ဒီကျင့်စဉ်သာရှိရင် ငါတို့တပည့်တွေရဲ့ အစောပိုင်း နယ်ပယ်မြှင့်တင်မှုက သိသိသာသာ မမြန်ဆန်ရင်တောင် သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကတော့ အဆပေါင်းများစွာ တိုးတက်လာမှာ အသေအချာပဲ”

“ဒါက ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေကို တစ်ခါဖူးမျှ မရှိခဲ့တဲ့ အထွတ်အထိပ်တစ်ခုဆီ တွန်းပို့ပေးနိုင်လိမ့်မယ်”

“ဒီကျင့်စဉ်ကိုသာ အပြင်လောကကို ထုတ်ပြလိုက်ရင် တန်ဖိုးဖြတ်လို့ မရနိုင်တဲ့ အရာပဲ”

“သမိုင်းတစ်လျှောက် ကျင့်စဉ်သုတေသနပြုသူပေါင်းများစွာတောင် မလုပ်နိုင်ခဲ့တာကို နတ်ဘုရားသားတော်က အောင်မြင်အောင် လုပ်ပြနိုင်ခဲ့တာလား”

ခဏချင်းမှာပင် အံ့သြချီးမွမ်းသံများမှာ တစ်ခုပြီးတစ်ခု ဆက်တိုက် ထွက်ပေါ်လာတော့သည်။ ကွမ်းဟဲ ခန်းမဆောင်ကြီးတစ်ခုလုံးမှာလည်း ထိုဆူညံသံများကြောင့် တုန်ဟိန်းနေ၏။

ခန်းမအတွင်းရှိ အကြီးအကဲ အားလုံးမှာ မှင်သက်မိနေကြပြီး ချန်ကျီရှင်းကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေကြသည်။ ဤကျင့်စဉ်၏ နက်နဲခက်ခဲမှုမှာ သူတို့ကဲ့သို့ အတွေ့အကြုံရှိသူများကိုပင် တုန်လှုပ်စေခဲ့သည်။

ဒီအရာကို အသက် (၁၃) နှစ်အရွယ် ကောင်လေးတစ်ယောက်က တကယ်ပဲ ဖန်တီးခဲ့တာလား။

ရုတ်တရက် အကြီးအကဲများ၏ ချန်ကျီရှင်းအပေါ် ထားရှိသော အမြင်များမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

အစပိုင်းတွင် အချို့သောအကြီးအကဲများသည် မုန့်မိသားစုနှင့် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ချန်ကျီရှင်းအပေါ် အနည်းငယ် မကျေမနပ် ဖြစ်ခဲ့ကြသေးသည်။ သို့သော် ယခုအခါတွင်မူ ထိုမကျေနပ်မှုများမှာ နှင်းများ နေပူမိသကဲ့သို့ ပျောက်ကွယ်သွားခဲ့သည်။

ပိုပိုသာသာ ပြောခြင်းမဟုတ်ပေ။

ဒါက တကယ့်ကို တော်လှန်ပြောင်းလဲစေမယ့် ကျင့်စဉ်တစ်ခုပဲ။

ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေကို မျိုးဆက်ပေါင်းများစွာတိုင်အောင် အောင်မြင်ကျော်ကြားစေမည့် ကျင့်စဉ်ပင်။ ယနေ့မှစ၍ ကောင်းကင်လှိုင်းနယ်မြေသည် တောင်ဘက်နှင့် မြောက်ဘက်ဟူ၍ ခွဲခြားမနေတော့ဘဲ တစ်စည်းတစ်လုံးတည်း ဖြစ်သွားတော့မည်။

အကြီးအကဲများ အံ့သြမှင်သက်နေစဉ်မှာပင် ချင်းထျန်းကျန့်၏ ဘေးတွင် အမြဲရှိနေလေ့ရှိသော အနက်ရောင်ဝတ်ရုံနှင့် အကြီးအကဲမှာ မျက်နှာဖြူဖျော့လျက် ခန်းမထဲသို့ အလောတကြီး ဝင်လာသည်။

“ဂိုဏ်းချုပ်ကြီး...”

သူ စကားပြောရန် ပြင်လိုက်သော်လည်း ကျောက်စိမ်းကဲ့သို့ နူးညံ့ချောမွေ့ကာ တည်ငြိမ်လှသော အသံတစ်ခုမှာ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေတစ်ခုလုံး၌ ပျံ့လွင့်ဟိန်းထွက်လာခဲ့သည်။

“မုယွဲ့မေ... အချိန်တန်ပြီ ထွက်လာခဲ့တော့... မင်း ရှိသင့်တဲ့နေရာကို သွားရအောင်"

အခန်း။ ၂၀၆

“မုယွဲ့မေ... ထွက်လာခဲ့တော့။ မင်းရှိရမယ့်နေရာကို သွားဖို့ အချိန်တန်ပြီ"

ကျောက်စိမ်းကဲ့သို့ နူးညံ့အေးဆေးသော အသံတစ်ခုမှာ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေတစ်ခုလုံးကို လွှမ်းခြုံကာ ပျံ့လွင့်လာခဲ့သည်။

စောစောကမှ ပျော်ပျော်ပါးပါး စကားပြောရယ်မောနေသော မုယွဲ့မေမှာ ရုတ်တရက် တောင့်တင်းသွားပြီး သူမ၏မျက်နှာမှာ သွေးဆုတ်ဖြူလျော့သွားတော့သည်။

ကျင့်စဉ်သစ်ကို ရရှိထားသဖြင့် စိတ်ကြည်နူးနေသော ဂိုဏ်းချုပ် ချင်းထျန်းကျန့်ပင်လျှင် မျက်နှာပျက်သွားကာ အလွန်မကျေမနပ်ဖြစ်သွားဟန်ရှိ၏။

ချန်ကျီရှင်းက မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။ မကြာသေးမီကမှ မုယွဲ့မေသည် တစ်ခုခုဖြစ်လာတော့မည်ဖြစ်ကြောင်းနှင့် သူမအနေဖြင့် ကောင်းကင်လှိုင်းနယ်မြေမှ မဖြစ်မနေ ထွက်ခွာသွားရတော့မည်ဖြစ်ကြောင်း သူ့ကို အကြိမ်ကြိမ် အရိပ်အမြွက် ပြောပြခဲ့ဖူးသည်။

“ဆရာ... ဘာဖြစ်လို့လဲ”

ချန်ကျီရှင်းက တိုးတိတ်စွာ မေးလိုက်သည်။

“ဘာမှမဟုတ်ပါဘူး"

မုယွဲ့မေက ခေါင်းကိုခါယမ်းလိုက်ပြီး ချန်ကျီရှင်းကို အတင်းအပြုံးတစ်ခု လုပ်ပြလိုက်သည်။ ထိုခဏမှာပင် ကွမ်းဟဲခန်းမဆောင်အပြင်ဘက်မှ လူရိပ်အချို့ ဝင်ရောက်လာကြသည်။ ထိုသူများထဲတွင် လူငယ်၊ လူအို အမျိုးမျိုးပါဝင်ပြီး အားလုံးမှာ နှင်းပွင့်ကဲ့သို့ ဖြူစင်သန့်ရှင်းသော ဝတ်ရုံဖြူများကို ဆင်မြန်းထားကြသည်။ သူတို့၏ လက်ကောက်ဝတ်များတွင် ရွှေချည်ဖြင့် ပန်းထိုးထားသော အတောင်ပံပုံစံ အမှတ်အသားများ ရှိနေ၏။

ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ အသက် ၂၀ ကျော်ခန့်ရှိသော ခန့်ညားသည့် လူငယ်တစ်ဦးဖြစ်သည်။ သူ၏ မျက်နှာမှာ လှပသော ကျောက်စိမ်းကဲ့သို့ ချောမောပြီး မြင့်မြတ်ကျော့ရှင်းသော အရှိန်အဝါများ ထွက်ပေါ်နေသည်။ ထိုသူ့ထံမှ ရရှိသော ခံစားချက်မှာ ဤလောကသားနှင့်မတူဘဲ နတ်ဘုရားတစ်ပါးအလားပင်။

“ဂိုဏ်းချုပ်ချင်း"

ထိုခန့်ညားသော လူငယ်သည် ချင်းထျန်းကျန့်ကို အေးစက်စက်ဖြင့် တစ်ချက်မျှသာ ခေါင်းညိတ်ပြလိုက်သည်။ ချင်းထျန်းကျန့်မှာ ချက်ချင်းပင် အတင်းအပြုံးလုပ်ကာ ထရပ်လိုက်ပြီး ရိုသေစွာ နှုတ်ဆက်ရတော့သည်။

“အရှင်တို့ ဒီလောက်ဝေးဝေးလံလံ ကြွလာကြတာ ဂုဏ်ယူစရာပါပဲ။ ကြိုပြီး အကြောင်းမကြားတော့ ကျွန်တော်တို့ဘက်က ကောင်းကောင်းမွန်မွန် ဧည့်မခံနိုင်ဖြစ်ရပြီ"

“မလိုပါဘူး"

ထိုလူငယ်က ခေါင်းခါလိုက်ပြီး “ငါက လူတစ်ယောက်ကို လာခေါ်ပြီး ချက်ချင်းပြန်မှာအခမ်းအနားတွေ လုပ်နေဖို့ မလိုဘူး"

ပြောပြောဆိုဆိုဖြင့် ထိုလူငယ်သည် မုယွဲ့မေကို ကြည့်ကာ ပြောလိုက်သည်။

“ဒီနေ့ ငါ မုယွဲ့မေကို လာခေါ်တာ မင်းတို့ဘက်က ကန့်ကွက်စရာ မရှိဘူး မဟုတ်လား”

သူ ထိုသို့ပြောလိုက်သည်နှင့် အကြီးအကဲများအားလုံးမှာ ခေါင်းငုံ့သွားကြပြီး စကားတစ်ခွန်းပင် မဟရဲကြတော့ချေ။ ပင်မထိုင်ခုံမှ ချင်းထျန်းကျန့်ပင်လျှင် ပြောချင်သော စကားများကို မျိုသိပ်လိုက်ရပြီး သက်ပြင်းတစ်ချက်သာ ရှိုက်လိုက်ရတော့သည်။

“ကန့်ကွက်သူမရှိရင် သွားကြစို့"

ထိုလူငယ်တွင် မည်သည့် ခံစားချက်မျှ မရှိဘဲ မျက်နှာဖြူလျော့နေသော မုယွဲ့မေကိုသာ တည်ငြိမ်စွာ ကြည့်နေ၏။

“နေဦး"

ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာသည်။ တိတ်ဆိတ်နေသော ကွမ်းဟဲခန်းမဆောင်အတွင်း၌ ထိုအသံမှာ အလွန်ပင် ကျယ်လောင်စူးရှနေတော့၏။

“ဟင်”

ထိုလူငယ်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်ကာ ထိုင်ခုံမှ ထရပ်၍ စကားပြောလိုက်သူကို လှည့်ကြည့်လိုက်သည်။

“မင်းက ဘယ်သူလဲ”

“ကောင်းကင်လှိုင်း နတ်ဘုရားသားတော်... ချန်ကျီရှင်း"

ချန်ကျီရှင်းက မုယွဲ့မေ၏ ဘေးတွင် မတ်တတ်ရပ်လိုက်ပြီး မည်သို့မျှ တုန်လှုပ်ခြင်းမရှိဘဲ တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

“ကျီအာ... မင်းက...”

မုယွဲ့မေမှာ တစ်ကိုယ်လုံး တုန်ယင်သွားပြီး သူမ၏ပါးစပ်ကို လက်ဖြင့်အုပ်ကာ ချန်ကျီရှင်းကို မယုံကြည်နိုင်စွာ ကြည့်နေမိသည်။

“ချန်ကျီရှင်း”

ထိုလူငယ်က မျက်ခုံးပင့်လိုက်ပြီး “ငါ မင်းအကြောင်း ကြားဖူးပါတယ်။ မကြာသေးခင်ကမှ နာမည်ကြီးလာတဲ့သူပဲ"

ခေတ္တမျှ ရပ်ပြီးမှ

“မင်း ဘာပြောချင်လို့လဲ”

“ကျွန်တော့်ရဲ့ ဆရာကို ဘယ်ကို ခေါ်သွားမှာလဲဆိုတာ သိချင်ပါတယ်။ သူမအတွက် အန္တရာယ်ရှိနိုင်လား”

ချန်ကျီရှင်းက မေးမြန်းလိုက်၏။

“ငါ့ရဲ့ လုပ်ဆောင်ချက်တွေကို မင်းကို ရှင်းပြနေဖို့ လိုလို့လား”

ထိုလူငယ်က အေးစက်စွာ ပြန်ပြောသည်။

“ကျွန်တော် အဖြေတစ်ခုပဲ လိုချင်တာပါ...”

ချန်ကျီရှင်း စကားပင် မဆုံးသေးမီ မုယွဲ့မေက သူ၏လက်ကို ဆွဲကိုင်လိုက်ပြီး လက်ချောင်းလေးများဖြင့် အသာအယာ ညှစ်လိုက်သည်။ ချန်ကျီရှင်းက သူမကို လှည့်ကြည့်လိုက်ရာ မုယွဲ့မေမှာ မျက်ဝန်းများ နီရဲလျက် ခေါင်းကို အသာအယာ ခါယမ်းပြနေတော့သည်။

“စိတ်ဝင်စားစရာပဲ"

ထိုခန့်ညားသောလူငယ်က ရယ်မောလိုက်ရင်း ချန်ကျီရှင်းကို စိတ်ဝင်တစား ကြည့်ကာ

“ဒီလောကမှာ ငါ့ကို မေးခွန်းထုတ်ရဲတဲ့သူ သိပ်မရှိဘူး။ မင်းကတော့ တော်တော်လေး သတ္တိရှိတာပဲ"

ပြောပြီးနောက် သူသည် ခဏမျှ စဉ်းစားဟန်ပြုကာ ခေါင်းခါလိုက်ပြီး

“သူမကို ဘယ်ကိုခေါ်သွားမလဲဆိုတာကိုတော့ နောက်မှ မင်းရဲ့ဂိုဏ်းချုပ်ကိုပဲ မေးကြည့်လိုက်ပါ"

“မင်းရဲ့ဆရာ အန္တရာယ်ရှိမရှိဆိုတာက ငါ့အပေါ်မှာ မူတည်တာမဟုတ်ဘူး။ သူမက ဘယ်လောက်အထိ ပူးပေါင်းဆောင်ရွက်ပြီး နာခံမှုရှိမလဲဆိုတာပေါ်မှာပဲ မူတည်တယ်"

“အကယ်၍ သူမက ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် အန္တရာယ်ရှိမှာမဟုတ်တဲ့အပြင် ကြီးမားတဲ့ အခွင့်အလမ်းတစ်ခုကိုတောင် ရရှိနိုင်ပါသေးတယ်"

စကားပြောပြီးသည်နှင့် ထိုလူငယ်သည် အချိန်ထပ်မဆွဲတော့ဘဲ သူ၏ညာလက်ဖြင့် ဟင်းလင်းပြင်ကို လှမ်း၍ ဆွဲယူလိုက်သည်။

မုယွဲ့မေမှာ မမြင်ရသော စွမ်းအားတစ်ခု၏ ဆွဲငင်ခြင်းကို ခံလိုက်ရပြီး ထိုလူငယ်၏အနားသို့ ချက်ချင်း ရောက်ရှိသွားတော့၏။

“သွားကြစို့... လူတွေအများကြီးက မင်းကို စောင့်နေကြတာ"

ထိုလူငယ်သည် မုယွဲ့မေကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ညာလက်ကို အပြင်ဘက်သို့ အသာအယာ ယမ်းပြလိုက်သည်။ ကောင်းကင်ယံမှ ရောင်စုံတိမ်တိုက်တစ်ခု လွင့်ပျံဆင်းသက်လာပြီး သူတို့၏ခြေဖဝါးအောက်၌ နေရာယူလိုက်၏။

မုယွဲ့မေက ခေါင်းညိတ်လိုက်ပြီး ထွက်ခွာခါနီးတွင် ချန်ကျီရှင်းကို နက်နက်ရှိုင်းရှိုင်း တစ်ချက်ကြည့်လိုက်သည်။

“ကျီအာ... ငါ မင်းဘေးမှာ မရှိတော့တဲ့အခါ ကျင့်ကြံမှုကို ပေါ့ပေါ့တန်တန် မလုပ်နဲ့ဦး။ ဆရာက မင်းကို ယုံကြည်တယ်... မင်း တစ်နေ့မှာ ဒီလောကရဲ့ အထွတ်အထိပ်ကို အမှန်တကယ် ရောက်ရှိလာမယ်ဆိုတာကို ဆရာ ယုံကြည်တယ်...”

ချန်ကျီရှင်းက အသာအယာ ခေါင်းညိတ်ပြလိုက်သည်။

“ကျွန်တော် ဆရာ့ကို လာခေါ်ပါ့မယ်”

သူက အသံမထွက်ဘဲ နှုတ်ခမ်းလှုပ်ရုံမျှဖြင့် ကတိပေးလိုက်၏။

ရှူးးး

မင်္ဂလာတိမ်တိုက်သည် မုယွဲ့မေနှင့် ထိုလူစုကို တင်ဆောင်လျက် ကောင်းကင်ယံသို့ ပျံတက်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့သည် ကျယ်ပြောလှသော ကောင်းကင်ပြာကြီးထဲ၌ ပျောက်ကွယ်သွားကြတော့သည်။

မုယွဲ့မေနှင့် ထိုလူစု ထွက်ခွာသွားပြီးနောက် စောစောကမှ သက်ဝင်လှုပ်ရှားနေသော ကွမ်းဟဲခန်းမဆောင်ကြီးမှာ သေလူကဲ့သို့ တိတ်ဆိတ်သွားတော့၏။

“ကျီရှင်း... မင်း အဲဒီမေးခွန်းကို မမေးခဲ့သင့်ဘူး"

အထက်ထိုင်ခုံမှ ချင်းထျန်းကျန့်က တိုးတိတ်စွာ သက်ပြင်းချလိုက်သည်။

ချန်ကျီရှင်းက ပြန်မဖြေခဲ့ပေ။

သူက ငတုံးမဟုတ်ပေ။ ချင်းထျန်းကျန့်နှင့် အခြားသူများ၏ သဘောထားကို ကြည့်ခြင်းအားဖြင့် တိမ်တိုက်စီးကာ ရောက်လာသော ထိုလူစုမှာ ချင်းထျန်းကျန့်နှင့် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေထက် များစွာသာလွန်သော စွမ်းအားနှင့် နောက်ခံရှိကြောင်း သူ သိလိုက်သည်။

သို့မဟုတ်ပါက ချင်းထျန်းကျန့်အနေဖြင့် ငြင်းဆန်စကား တစ်ခွန်းပင် မဟရဲဘဲ ရှိနေစရာ အကြောင်းမရှိချေ။

သို့သော်လည်း သူတို့ကို အမျက်ထွက်စေနိုင်သည့် အန္တရာယ်ရှိနေသော်လည်း သူ မေးခဲ့သည်။

ဤသည်မှာ အကျိုးအမြတ် သို့မဟုတ် အနိုင်အရှုံးအတွက် မဟုတ်ပေ။

အတိတ်က သူ အခက်အခဲများနှင့် ရင်ဆိုင်ရချိန်တိုင်းတွင် မုယွဲ့မေသည်လည်း အကျိုးအပြစ်များကို တွက်ချက်မနေဘဲ သူ့အတွက် ရှေ့ထွက်ကာကွယ်ပေးခဲ့ဖူးသောကြောင့်ပင်။

မုယွဲ့မေက လုပ်ပေးနိုင်ခဲ့လျှင် သူကရော ဘာကြောင့် မလုပ်ပေးနိုင်ရမှာလဲ။

“ဂိုဏ်းချုပ်... အဲဒီလူတွေရဲ့ နောက်ခံက ဘာလဲ”

ချန်ကျီရှင်းက သူ၏ရင်ထဲမှ သံသယကို အတည်ပြုရန်အတွက် လေးနက်စွာ မေးလိုက်သည်။

ချင်းထျန်းကျန့်၏ မျက်ဝန်းများမှာ အရောင်မျိုးစုံ ပြောင်းသွားပြီး အသက်ကို ပြင်းပြင်းရှူကာ စကားတစ်ခွန်းကို ဖြည်းညှင်းစွာ ပြောလိုက်သည်

“မသေမျိုး တာအိုမျိုးနွယ်... မသေမျိုးတက်လှမ်းခြင်း နတ်ဘုရားဂိုဏ်းပဲ”

ချက်ချင်းပင် ချန်ကျီရှင်း၏ မျက်ဝန်းအစုံ၌ စူးရှသော အလင်းတန်းများ ဝင်းလက်သွားတော့သည်။

သုံးရက်ကြာပြီးနောက် အရုဏ်တက်ချိန်၊ ကောင်းကင်ယံ၌ အလင်းဖျော့ဖျော့ ပေါ်စအချိန်တွင်...

ချန်ကျီရှင်းသည် ကွမ်းဟဲခန်းမဆောင်သို့ သွားရောက်ကာ ချင်းထျန်းကျန့်ကို နှုတ်ဆက်လိုက်ပြီး မည်သူ့ကိုမျှ အသိမပေးဘဲ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေမှ တစ်ဦးတည်း ထွက်ခွာလာခဲ့သည်။

လီရန်နှင့် အခြားသူများ ချန်ကျီရှင်းကို လာရောက်ရှာဖွေချိန်တွင်တော့ အချိန်နှောင်းသွားခဲ့သည်။

ချန်ကျီရှင်းသည် အမိုးပါသော လှေနက်ကလေးတစ်စင်းကို စီးနင်းကာ ဆန်းလန်မြစ်ကြောင်းအတိုင်း ဆန်တက်သွားခဲ့ပြီး မြူထုများဖုံးလွှမ်းနေသော ရေပြင်ကျယ်ကြီးထဲ၌ ပျောက်ကွယ်သွားခဲ့သည်။

“အိမ်ပြန်ရအောင်"

လှေနက်ကလေး၏ ကုန်းပတ်ပေါ်တွင် နှင်းကဲ့သို့ ဖြူစင်သော ဝတ်ရုံကို ဆင်မြန်းထားသည့် ချန်ကျီရှင်းက တင်ပျဉ်ခွေထိုင်နေ၏။ သူ၏ နှုတ်ခမ်းထက်တွင် ရှေးဟောင်းပလွေတစ်လက်ကို တေ့ထားပြီး အေးမြသာယာသော တေးသွားတစ်ခုကို ဖန်တီးနေသည်။

တက်မကလေးက စိမ်းမြသော ရေပြင်ကို အသာအယာ ခွဲထုတ်သွားသည်။ လှေနက်ကလေးမှာလည်း ရေလှိုင်းများပေါ်၌ ငြိမ့်ညောင်းစွာ လွင့်မျောနေ၏။

လှေ၏အနောက်ဘက်တွင်မူ လွန်ခဲ့သောတစ်နှစ်က ချန်ကျီရှင်းကို ကောင်းကင်လှိုင်းနယ်မြေသို့ ပို့ဆောင်ပေးခဲ့သော လှေသူကြီးအိုကြီး ရှိနေဆဲပင်။ သူသည် ခမောက်ကလေးကို ဆောင်းကာ တံငါသည်သီချင်းတစ်ပုဒ်ကို အေးအေးလူလူ သီဆိုနေသည်။

မြစ်ကမ်းဘေး ဝဲယာမှ ရှုခင်းများမှာ တဖြည်းဖြည်း နောက်သို့ ကျန်ရစ်ခဲ့ပြီး ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေမှာလည်း မြင်ကွင်းမှ တဖြည်းဖြည်း ဝေးကွာကာ လုံးဝကွယ်ပျောက်သွားတော့သည်။

ချန်ကျီရှင်းသည် ဇီဝေချန်မိသားစုမှ ထွက်ခွာလာစဉ်က ကောင်းကင်လှိုင်းနယ်မြေသို့ ဖုန်မှုန့်များကြားမှ ခရီးသွားတစ်ဦးအဖြစ် တစ်ဦးတည်း ရောက်ရှိလာခဲ့ခြင်းပင်။ ယနေ့ သူ ပြန်လည်ထွက်ခွာသွားချိန်တွင်မူ သူ ရောက်လာစဉ်က ဘယ်သူမှ မသိသော လူစိမ်းတစ်ယောက်ဖြစ်ခဲ့သော်လည်း ယခု အိမ်ပြန်ချိန်တွင်မူ ဤလောကတွင် သူ့အမည်ကို မသိသူမရှိတော့ပေ။

All Chapters