← Chapters

အခန်း (၂၀၇-၂၀၈)

Vol. 21 Ch. 207-208

အခန်း (၂၀၇-၂၀၈)

Vol. 21 Ch. 207-208

အခန်း။ ၂၀၇

လှိုင်းလုံးတို့သည် တက်လိုက်ကျလိုက်နှင့် ဆက်လက်ရှိနေဆဲပင်။

ချန်ကျီရှင်းသည် အမိုးပါသော လှေနက်ကလေးပေါ်မှ ဆင်းလိုက်ချိန်တွင် ကောင်းကင်ယံမှာ နေဝင်ရိုးရီ အချိန်သို့ ရောက်ရှိနေပြီဖြစ်သည်။

သူသည် အလောတကြီး မလုပ်ဘဲ ဇီဝေတောင်တန်းဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားခဲ့သည်။

သို့သော် သူ၏ ခြေလှမ်းတစ်လှမ်းချင်းစီတိုင်းမှာ ဟင်းလင်းပြင်ကို ကျုံ့လိုက်သကဲ့သို့ ပေပေါင်းထောင်ချီသော အကွာအဝေးကို မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွားစေ၏။

တစ်နာရီခန့် ကြာသောအခါ ညဉ့်အမှောင်မှာ ပို၍ နက်ရှိုင်းလာပြီး သစ်ပင်ဖျားများအထက်တွင် လင်းလက်တောက်ပသော လပြည့်ဝန်းကြီး ပေါ်ထွက်လာခဲ့သည်။

အဝေးမှနေ၍ ဇီဝေတောင်တန်း၏ ပုံရိပ်မှာ ချန်ကျီရှင်း၏ မျက်စိရှေ့မှောက်သို့ ပေါ်လာတော့သည်။ တောင်ပတ်လမ်း၏ ဝဲယာတစ်ဖက်တစ်ချက်မှ ဖားသံ၊ ပုစဉ်းရင်ကွဲသံများမှာလည်း ဆူညံစွာ ထွက်ပေါ်နေ၏။

ရုတ်တရက် ချန်ကျီရှင်းသည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ဘေးဘက်ရှိ မှောင်မိုက်နေသော တောအုပ်အတွင်းသို့ လှည့်ကြည့်လိုက်သည်။

ဖြောင်း ဖြောင်း ဖြောင်း…

လက်ခုပ်တီးသံတစ်ခု ထွက်ပေါ်လာသည်။

“တကယ်ကို အံ့သြစရာပဲ။ တိုတောင်းလှတဲ့ သုံးနှစ်အတွင်းမှာ မင်းရဲ့ ကျင့်ကြံမှုက စစ်မှန်သောကိုယ်ထည် ဆဌမအဆင့်ကို ရောက်နေပြီပဲ။ နယ်ပယ်တစ်ဝက် နိဗ္ဗာန်န အဆင့်ရှိတဲ့သူကိုတောင် သတ်နိုင်လောက်တဲ့အထိ အားကောင်းနေပြီပေါ့"

နောက်ပြောင်သလိုလို အသံတစ်ခု ထွက်ပေါ်လာပြီးနောက် အနက်ရောင် ဝတ်ဆင်ထားသော လူရိပ်တစ်ခုမှာ တောအုပ်အမှောင်ထုအတွင်းမှ ထွက်ပေါ်လာခဲ့သည်။

“ညီလေး... မတွေ့ရတာ ကြာပြီနော်"

ထိုအနက်ရောင်ဝတ်စုံနှင့် လူမှာ ငြိမ်သက်စွာ ရပ်နေပြီး သူ၏ နှုတ်ခမ်းထက်တွင် သိမ်မွေ့သော အပြုံးတစ်ခုက တဖြည်းဖြည်း ပေါ်လာခဲ့သည်။

တောက်ပသော လပြည့်ဝန်းကြီးအောက်၌ တောင်လေက အေးမြစွာ တိုက်ခတ်နေသည်။ ရေတံခွန်ကဲ့သို့ စီးကျနေသော ဆံနွယ်နက်များ၊ မှင်ကဲ့သို့ နက်မှောင်သော ဝတ်စုံတို့ကို ဆင်မြန်းထားသော ထိုလူရိပ်မှာ သဘာဝအလျောက် ထွက်ပေါ်နေသော အရှိန်အဝါများကြောင့် ဘုရင်ငယ်တစ်ပါးအလား ခန့်ညားလှသည်။

အခြားတစ်ဦးမှာမူ နှင်းပွင့်ကဲ့သို့ ဖြူစင်သော ဝတ်စုံကို ဝတ်ဆင်ထားပြီး ပန်းချီကားထဲမှ ထွက်လာသော မြင့်မြတ်သည့် သခင်လေးတစ်ဦးအလား သိမ်မွေ့ကျော့ရှင်းသည်။ လပြည့်ည၏ တောင်ထိပ်ပေါ်၌ ထိုလူရိပ်နှစ်ခုမှာ အကွာအဝေးတစ်ခုမှနေ၍ တစ်ဦးကိုတစ်ဦး ရင်ဆိုင်ကြည့်နေကြပြီး တောင်လေကြောင့် သူတို့၏ အဝတ်အစားများမှာ တလွင့်လွင့် ဖြစ်နေ၏။

“အံ့သြသွားတာလား အဲဒီတုန်းက မင်းလက်ထဲမှာ ငါမသေခဲ့ဘူးလေ။ အဲဒီအစား ငါပြန်လာခဲ့ပြီ။ အသက်ရှင်လျက်နဲ့ ပြန်လာခဲ့ပြီ"

ချန်ကျောက်ရှင်းသည် ချန်ကျီရှင်းကို ကြည့်ကာ ပြုံးယောင်သန်းနေသော်လည်း သူ၏မျက်ဝန်းများထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ရှိနေသည်။ ချန်ကျီရှင်းက ပြန်မဖြေဘဲ ချန်ကျောက်ရှင်းကို စူးစိုက်ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။

သူ သေချာပေါက် သိလိုက်သည်။ ရှေ့တွင်ရှိနေသူမှာ လွန်ခဲ့သော သုံးနှစ်က ချန်ကျောက်ရှင်း အစစ်အမှန်ပင်။

“ပထမဆုံးအနေနဲ့... ဂုဏ်ပြုပါတယ်”

ချန်ကျီရှင်းက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

“ဒုတိယအနေနဲ့... မင်း ဒီတစ်ခေါက် ပြန်လာတာက လက်စားချေဖို့လား”

ဇာတ်လမ်းက ဘာကြောင့် ပြောင်းလဲသွားမှန်း သူ မသိသော်လည်း လွန်ခဲ့သော သုံးနှစ်က သေသင့်နေပြီဖြစ်သောသူမှာ ပြန်လည်ရှင်သန်လာခဲ့သည်။ သုံးနှစ်အစောပိုင်းကထက်လည်း ကျင့်ကြံမှုမှာ များစွာ ပိုမိုအားကောင်းလာခဲ့သည်။

သို့သော် ဤအရာမှာ ဘာကိုမှ ပြောင်းလဲပစ်နိုင်ခြင်း မရှိပေ။ သုံးနှစ်အစောပိုင်းကတည်းက ချန်ကျီရှင်းသည် ချန်ကျောက်ရှင်းကို မကြောက်ခဲ့ဖူးရာ ယခု ပို၍ အားကောင်းလာချိန်တွင် ပို၍ပင် မကြောက်တော့ချေ။

“အဲဒီလို ရည်ရွယ်ချက်တော့ ရှိတာပေါ့”

ချန်ကျောက်ရှင်းက ပွင့်လင်းစွာ ခေါင်းညိတ်ပြလိုက်ပြီး လက်ကို ဖြန့်ပြကာ အသံနေအထားကို ပြောင်းလျက် ပြောလိုက်သည်။

“ဒါပေမဲ့ အခုလောလောဆယ်တော့ ငါက မင်းရဲ့ ပြိုင်ဘက်မဟုတ်သေးဘူးလေ။ ဒါကြောင့် အဲဒီကိစ္စကို မေ့လိုက်ရအောင်"

ချန်ကျီရှင်းမှာ အနည်းငယ် အံ့သြသွားပြီးမှ အသာအယာ ရယ်မောကာ

“မင်းက အမြဲတမ်း အရှုံးမပေးတတ်တဲ့သူ၊ သူများအောက် ရောက်နေတာကို ဘယ်တော့မှ ဝန်မခံတဲ့သူလေ။ မင်းဆီကနေ ဒီလိုစကားမျိုး ကြားရတာ တကယ်ကို ရှားပါတယ်”

ချန်ကျောက်ရှင်းက ကိုယ့်ကိုကိုယ် လှောင်ပြောင်သလိုမျိုး ခေါင်းခါလိုက်ပြီး

“သုံးနှစ်ဆိုတာ အချိန်အကြာကြီးပဲလေ။ လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားက ပြောင်းလဲသွားတာ၊ ကြီးပြင့်လာတာမျိုး ရှိတတ်တာပဲ”

ချန်ကျီရှင်းက “အင်း” ဟု ခပ်တိုးတိုး ပြန်ဖြေလိုက်ပြီး

“ဒါဆို မင်းရဲ့ အစီအစဉ်က ဇီဝေချန်မိသားစုဆီ ပြန်ဖို့လား”

ခေတ္တမျှ ရပ်ပြီးမှ ချန်ကျီရှင်းက လေးနက်စွာ ပြောလိုက်သည်။

“စိတ်ချပါ ငါက အဲဒီလောက် စိတ်သဘောထား သေးသိမ်တဲ့သူ မဟုတ်ဘူး။ အတိတ်က ကိစ္စတွေက အတိတ်မှာပဲ ကျန်ခဲ့ပါပြီ။ ငါ မင်းကို အဲဒီအတွက် ဘာမှ လုပ်မှာမဟုတ်ဘူး။ မင်း ပြန်ချင်တယ်ဆိုရင် စိတ်ကြိုက် ပြန်လို့ရပါတယ်”

ဤသုံးနှစ်တာအတွင်း ချန်ကျီရှင်းသည် တစ်ခါတစ်ရံ တွေးမိတတ်သည်။ သူနှင့် ချန်ကျောက်ရှင်းကြားတွင် ကြီးမားလှသော အာဃာတမျိုး မရှိခဲ့ဘဲ ရွယ်တူချင်း ပြိုင်ဆိုင်လိုစိတ်သာ ဖြစ်ခဲ့ခြင်းပင်။

သူ၏ အစောပိုင်း လုပ်ဆောင်ချက်များမှာ ပြင်းထန်လွန်းသွားခဲ့ခြင်းပင်။

ထိုစကားကို ကြားသောအခါ ချန်ကျောက်ရှင်းက ဘာမှ ထပ်မပြောဘဲ ခပ်တိုးတိုးသာ ရယ်မောလိုက်သည်။

“မလိုပါဘူး မင်း အခု ချန်မိသားစုမှာ ကောင်းကောင်းမွန်မွန် ရှိနေတာပဲ။ ဘိုးဘိုးက မင်းကို ချန်မိသားစုရဲ့ အနာဂတ် ဂိုဏ်းချုပ်အဖြစ် ပြုစုပျိုးထောင်ချင်နေတာ ထင်ရှားတယ်။ မိသားစုထဲမှာလည်း မင်းက အလေးပေးခံနေရတာပဲ”

“ငါ အခု ပြန်သွားရင် ငါ့ရဲ့ အနေအထားကလည်း အခက်တွေ့ရမှာဖြစ်သလို မိသားစုဝင် အားလုံးအတွက်လည်း အနေရခက်စေလိမ့်မယ်”

“နေရခက်ပြီး ရှက်စရာတွေ ဖြစ်နေမယ့်အစား မတွေ့တာက ပိုကောင်းပါတယ်”

ချန်ကျောက်ရှင်းသည် ခေါင်းခါလိုက်ပြီး အဝေးမှ မီးရောင်များ လင်းထိန်နေသော ဇီဝေတောင်တန်းကြီးကို တိတ်ဆိတ်စွာ ငေးကြည့်နေမိသည်။

“အမှန်အတိုင်း ပြောရရင် ငါမရှိဘဲနဲ့ မိသားစုက ဒီလောက်အထိ ကောင်းကောင်းမွန်မွန် ရှိနေတာကို မြင်ရတော့ စိတ်ထဲမှာ တစ်ခုခုလိုနေသလို ခံစားရပေမယ့် အများအားဖြင့်တော့ ဝမ်းသာမိပါတယ်"

“ငါ ဒီတစ်ခေါက် အန္တရာယ်တွေကြားက ပြန်လာတာက မိသားစုကို အဝေးကနေ တစ်ချက်

လောက် လှမ်းကြည့်ဖို့ပါပဲ အဲ့ဒါနဲ့တင် လုံလောက်ပါပြီ”

ခေတ္တမျှ ရပ်ပြီးနောက် ချန်ကျောက်ရှင်းသည် အကြည့်ကို လွှဲလိုက်ပြီး ချန်ကျီရှင်းကို ကြည့်ကာ သူ၏ မျက်နှာထားမှာ တဖြည်းဖြည်း လေးနက်သွားတော့သည်။

“ငါ အန္တရာယ်တွေကြားက ပြန်လာတာက ပြန်လည်ဆုံစည်းဖို့ မဟုတ်ဘဲ မင်းကို အရေးကြီးတဲ့ အချက်နှစ်ချက် ပြောပြဖို့ပါ”

“ပထမအချက်က... မီးခဲအဖွဲ့အစည်းက မင်း ထင်ထားတာထက် ပိုပြီး အန္တရာယ်များတယ်။ သူတို့က မင်းကို ပစ်မှတ်ထားပြီးသားပါ။ အရင်က သူတို့ မလှုပ်ရှားခဲ့တာက တခြားအလုပ်တွေနဲ့ ရှုပ်နေလို့ပဲ”

“အခု ငါ့ကိစ္စက ပြီးသွားပြီဆိုတော့ သူတို့တွေ မင်းကို ကိုင်တွယ်ဖို့ အခွင့်အရေး ရှာကြလိမ့်မယ်။ ဖြစ်နိုင်ရင် မိသားစုကနေ ထွက်သွားပါ။ ဝေးနိုင်သမျှ ဝေးဝေးကို သွားပါ။ မိသားစုတစ်ခုတည်းရဲ့ အင်အားနဲ့တင်... မင်းကို မကာကွယ်နိုင်ဘူး”

ချန်ကျောက်ရှင်းက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး လေးနက်သော အသံဖြင့် ဆက်ပြောသည်။

“ဒုတိယအချက်က... အဲဒီလူတွေက အရူးတွေပဲ။ သူတို့က ရှေးခေတ် အင်အားကြီးသူတွေရဲ့ ဝိညာဉ်အကြွင်းအကျန်တွေကို အများကြီး စုဆောင်းထားကြတယ်။ ဒီခေတ်ကြီးကို စိုးမိုးဖို့အတွက် အဲဒီဝိညာဉ်တွေကို ပြန်လည်မွေးဖွားခိုင်းနေကြတာ"

“ရှေးခေတ်နဲ့ ခေတ်သစ်ကြားက တိုက်ပွဲကြီးက မကြာခင်မှာ စတင်တော့မယ်။ မင်း ပိုပြီး အားကောင်းလာအောင် မြန်မြန်လုပ်ရမယ်။ မိသားစုကိုပါ ခေါ်ပြီး တိုးတက်အောင် လုပ်ရမယ်”

“မဟုတ်ရင်တော့... ဇီဝေချန်မိသားစုက အဲဒီခေတ်ဟောင်းက ဝိညာဉ်အကြွင်းအကျန်တွေအတွက် ပူဇော်သက္ကာတစ်ခုပဲ ဖြစ်သွားလိမ့်မယ်”

ထိုစကားကို ကြားလိုက်ရချိန်တွင် ချန်ကျီရှင်း၏ မျက်ဝန်းများမှာ မသိမသာ ဝင်းလက်သွားတော့သည်။

သူသည် မီးခဲအဖွဲ့အစည်း၏ ရည်ရွယ်ချက်အချို့ကို ရိပ်မိထားပြီးသား ဖြစ်သည်။

ချန်ကျောက်ရှင်း၏ စကားများက သူ၏ သံသယကို ပိုမိုခိုင်မာသွားစေခဲ့သည်။

“ကျေးဇူးပဲ... ငါ နားလည်ပါပြီ"

ချန်ကျီရှင်းက ကျေးဇူးတင်စကားဆိုလိုက်ပြီးနောက် “မင်းကရော ဘယ်ကိုသွားဖို့ စိတ်ကူးထားလဲ” ဟု မေးလိုက်သည်။

“သဘာဝအတိုင်း မီးခဲအဖွဲ့ဆီကိုပဲ ပြန်ရမှာပေါ့"

ချန်ကျောက်ရှင်းက ရယ်မောလိုက်ပြီး “မင်းကတော့ ဇီဝေကြယ်တာရာရဲ့ အနာဂတ်အရှင်သခင်အဖြစ် တာဝန်ယူလိုက်ပါ။ ငါကတော့ မီးခဲအဖွဲ့ကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားကြည့်မယ်”

“လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက ငါက အလင်းထဲမှာရှိပြီး မင်းက အမှောင်ထဲမှာ ရှိခဲ့တာလေ”

“ဒါပေမဲ့ အခုတော့ ငါတို့နှစ်ယောက်ရဲ့ အလင်းနဲ့အမှောင် အခန်းကဏ္ဍတွေကို အလဲအလှယ်လုပ်ရမယ့် အချိန်ရောက်ပြီပေါ့”

ပြောပြောဆိုဆိုနှင့် ချန်ကျောက်ရှင်းသည် ချန်ကျီရှင်း၏ အနားသို့ လျှောက်လာပြီး ဘေးတွင် ခေတ္တရပ်လိုက်သည်။

“ငါ့အဖေက လူဆိုးတစ်ယောက်မဟုတ်ပါဘူး။ သူ မိသားစုဆီ ပြန်လာတဲ့အခါ သူ့ကို အတင်းအကျပ် ဆန့်ကျင်တာမျိုး မလုပ်ပါနဲ့ဦး"

ခဏမျှ စဉ်းစားပြီးနောက် ချန်ကျောက်ရှင်းသည် တစ်ခုခုကို သတိရသွားပုံရပြီး နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာကာ တိုးတိတ်စွာ ပြောလိုက်သည်။

“ငါတို့နောက်တစ်ကြိမ် ပြန်ဆုံတဲ့အခါ... ငါတို့နှစ်ယောက်စလုံး ကိုယ်စီရဲ့ အထွတ်အထိပ် နယ်ပယ်တွေမှာ ရပ်တည်ပြီး ဆုံနိုင်ကြဖို့ မျှော်လင့်ပါတယ်”

စကားဆုံးသည်နှင့် ချန်ကျောက်ရှင်းသည် ချန်ကျီရှင်း၏ ဘေးမှ ဖြတ်ကျော်ကာ ဝေးရာသို့ ထွက်ခွာသွားတော့သည်။

ချန်ကျီရှင်းသည် မျက်မှောင်ကြုတ်လျက် ထွက်ခွာသွားသော ချန်ကျောက်ရှင်း၏ ကျောပြင်ကို ကြည့်ရင်း သူ၏ နှုတ်ခမ်းထောင့်၌လည်း အပြုံးတစ်ခု ပေါ်လာခဲ့သည်။

“ကိုယ်စီရဲ့ အထွတ်အထိပ်မှာ ပြန်ဆုံကြမယ် ဟုတ်လား”

ချန်ကျီရှင်းက အသာအယာ ပြုံးလိုက်ပြီးနောက် တွေဝေမနေတော့ဘဲ ဇီဝေတောင်တန်းဆီသို့ ဦးတည်ထွက်ခွာလာခဲ့တော့သည်။

နာရီဝက်ခန့် ကြာပြီးနောက် ညဥ့်နက်ပိုင်း ဖြစ်သော်လည်း ဇီဝေတောင်တန်းကြီးမှာ ရုတ်တရက် ဆူညံသက်ဝင်လာခဲ့သည်။

“တတိယသခင်လေး ပြန်လာပြီဟေ့”

စိတ်လှုပ်ရှားလွန်းသော အော်ဟစ်သံကြီးနှင့်အတူ

ဝူး ဝူး ဝူး

ဇီဝေတောင်တန်း တစ်ခုလုံးရှိ မီးအိမ်များမှာ ချက်ချင်းပင် လင်းထိန်သွားတော့သည်။ နောက်တစ်ခဏတွင် လူရိပ်ပေါင်းများစွာမှာ ဇီဝေတောင်တန်း၏ တောင်တံခါးဝဆီသို့ အလုအယက် ပြေးထွက်လာကြ၏။

“တတိယသခင်လေး”

“တတိယသခင်လေး နောက်ဆုံးတော့ ပြန်ရောက်လာပြီဟေ့ ဟားဟား”

ရယ်မောသံများ ဆူညံသွားကာ အရပ်မျက်နှာ အသီးသီးမှ လူများမှာ တောင်တံခါးဝတွင် စုရုံးလာကြ၏။ ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ ဖရိုဖရဲဖြစ်နေသော ဆံပင်ဖြူများနှင့် သန်မာထွားကျိုင်းသော အဖိုးအိုကြီး ချန်တောက်ယန်ပင်။

သူ၏အနောက်တွင် ပြုံးရွှင်နေသော ငရဲပြည်အကြီးအကဲများ ရှိနေပြီး ထိုနောက်တွင်တော့ တောင်ထိပ်သခင်များ၊ အကြီးအကဲများနှင့် ချန်မိသားစု တပည့်များစွာ ရှိနေကြသည်။

“တတိယသခင်လေး... မင်း နောက်ဆုံးတော့ ပြန်လာပြီပေါ့”

“တတိယသခင်လေးရာ... မင်းကတော့ ငါတို့ကို တကယ် ဖုံးကွယ်ထားနိုင်တာပဲ။ မုန့်မိသားစုနဲ့ တိုက်ပွဲသာ မဖြစ်ခဲ့ရင် ငါတို့မိသားစုရဲ့ တတိယသခင်လေးက ဒီလောက်အထိ အင်အားကြီးတယ်ဆိုတာ ဘယ်သူသိမှာလဲ”

“ကျီရှင်း... မင်းလုပ်ခဲ့တာတွေက တကယ်ကို ကောင်းပါတယ်။ မင်းရဲ့ တတိယအစ်ကိုသာ ဒါတွေကို သိရင် သူလည်း အရမ်းဝမ်းသာမှာပဲ”

“ဟားဟားဟား... ငါတို့ ဇီဝေချန်မိသားစုကနေ စစ်မှန်တဲ့ ထာဝရရှင်သန်ခြင်းမျိုးစေ့တစ်ယောက် ပေါ်ထွက်လာလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ”

“တတိယသခင်လေး... ငါ့ကို မှတ်မိလား မင်းကလေးဘဝတုန်းက ဒီအဖိုးကြီး မင်းကို ချီဖူးတယ်လေ”

“တတိယသခင်လေး... အခု ပြန်လာပြီဆိုတော့ ငါ့ဆီကိုလည်း တစ်ခေါက်လောက် လာလည်ဦးနော်”

“ဟုတ်တယ်... ဟုတ်တယ်... မကြာသေးခင်ကမှ ငါက အဖိုးတန်ရတနာအချို့ ရထားတာ။ တတိယသခင်လေးကို ပေးဖို့အတွက် အင်မတန် သင့်တော်တာပဲ”

အသံပေါင်းစုံဖြင့် ဆူညံနေသော်လည်း ချန်တောက်ယန်ကတော့ ပြုံးလျက် စကားတစ်ခွန်းသာ ပြောလိုက်သည်။

“ပြန်လာနိုင်တာ ကောင်းပါတယ်လေ"

နှုတ်ဆက်စကားများ ပြောဆိုပြီးနောက် ချန်ကျီရှင်းသည် တတိယတောင်ထိပ်ဆီသို့ လျှောက်လှမ်းလာခဲ့သည်။ သူ တတိယတောင်ထိပ်သို့ ခြေချလိုက်သည်နှင့် နုပျိုသော လူရိပ်ကလေးတစ်ခုမှာ အဝေးမှ ပြေးလာပြီး သူ၏ရင်ခွင်ထဲသို့ တိုးဝင်လာခဲ့သည်။

“သခင်လေး... သခင်လေးကတော့ တကယ့်ကို ရက်စက်တာပဲ။ တစ်နှစ်လုံးလုံး တစ်ခါမှ ပြန်မလာဘူး"

ချန်ကျီရှင်း ငုံ့ကြည့်လိုက်ချိန်တွင် အနည်းငယ် အံ့သြသွားမိသည်။ လွန်ခဲ့သော တစ်နှစ်က သူ၏ ရင်ဘတ်အထိသာ ရှိခဲ့သော အသားညိုညိုနှင့် မိန်းကလေးငယ်မှာ ယခုအခါ သူ၏ နှာခေါင်းအထိ အရပ်ရှည်လာခဲ့သည်။

တစ်ချိန်က ပိန်ပိန်ပါးပါး ခန္ဓာကိုယ်လေးမှာလည်း လှပသော ကိုယ်လုံးကိုယ်ပေါက်နှင့် ကျော့ရှင်းသော မိန်းမပျိုလေးတစ်ဦးအဖြစ် ပြောင်းလဲနေခဲ့သည်။ ပျိုမြစ်သော ရနံ့လေးက လေထဲတွင် ပျံ့လွင့်နေသဖြင့် ချန်ကျီရှင်းမှာ မသိလိုက်ဘဲ တစ်ချက်မျှ ရှူရှိုက်မိသွားသည်။

“အင်းလေ... အခု ငါ ပြန်လာပြီမဟုတ်လား"

ချန်ကျီရှင်းက ရယ်မောလိုက်ပြီး ပိလော့ကို သူ၏ရင်ခွင်ထဲမှ အသာအယာ ဖယ်လိုက်သည်။ ပိလော့က ခေါင်းမော့ကြည့်လိုက်ရာ အရည်လဲ့နေသော မျက်လုံးဝိုင်းကြီးများကို တွေ့လိုက်ရ၏။

“ဘိုးဘိုးကြီးက သခင်လေး ဒီနေ့ ပြန်လာမယ်လို့ ပြောထားလို့ အထူးဟင်းလျာတွေ အများကြီး ပြင်ဆင်ပြီး အိုးထဲမှာ နွေးထားပေးတယ်လေ။ လူတိုင်းက သခင်လေး ပြန်လာပြီး ထမင်းအတူစားဖို့ စောင့်နေကြတာ”

ပိလော့က သူမ၏မျက်လုံးများကို ပွတ်လိုက်ရင်း ရယ်မောကာ ပြောလိုက်သည်။

“ကောင်းပြီလေ"

ချန်ကျီရှင်း၏ ရင်ထဲ၌ နွေးထွေးသွားပြီး ရှေ့သို့ လှမ်းကြည့်လိုက်သည်။ ခန်းမဆောင်ကြီး၏ အဝင်ဝတွင် မိုချင်းယွဲ့က သူ့ကို ကြည့်ကာ ပြုံးနေပြီး ရွမ်နန်ကျူကလည်း ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းငုံ့ကာ သူ့ကို ကြည့်နေ၏။

ဘေးနားတွင် တုကူးနီက ချန်ကျီရှင်းကို အသာအယာ ခေါင်းညိတ်ပြနေပြီး ဟွာလင်ဟိုကတော့ ခေါင်းကို ကုတ်ရင်း မျက်နှာချိုသွေးကာ “နေကောင်းလား သခင်လေး” ဟု နှုတ်ဆက်နေသည်။

အနည်းငယ် ဝေးရာတွင် ချန်ချိုးအာနှင့် ကျိန်စာသင့်လူငယ် ချန်ပုချီတို့မှာ ကြယ်စင်များဖြင့် ပြည့်နှက်နေသော ကောင်းကင်ယံကို ကြည့်ကာ အတွေးကိုယ်စီနှင့် ငေးမောနေကြသည်။

“ထမင်းစားချိန် ရောက်ပြီ”

ပိလော့က ခါးထောက်ကာ အော်ဟစ်လိုက်ချိန်တွင် လူတိုင်း သတိဝင်လာကြပြီး ရယ်မောလျက် စားပွဲဝိုင်းတွင် စုရုံးထိုင်လိုက်ကြသည်။ ပင်မထိုင်ခုံကိုတော့ ချန်ကျီရှင်းအတွက် ချန်ထားပေး၏။

ချန်ကျီရှင်းက အသာအယာ ပြုံးလိုက်သည်။ ဇီဝေတောင်တန်းသည် သူ၏ အိမ်ဖြစ်ပြီး တတိယတောင်ထိပ်မှာတော့ သူ၏ အစစ်မှန်ဆုံးသော ခိုလှုံရာပင်။

မိသားစု ထမင်းစားပွဲ ပြီးဆုံးသွားချိန်တွင် ညဥ့်မှာ အတော်ပင် နက်နေပြီဖြစ်သည်။ လူတိုင်း တစ်ဦးပြီးတစ်ဦး လူစုခွဲသွားကြသော်လည်း မိုချင်းယွဲ့မှာ ကျန်ရစ်ခဲ့၏။

“မမယွဲ့အာ”

ချန်ကျီရှင်းက သူမကို သိချင်စိတ်ဖြင့် ကြည့်လိုက်သည်။

မိုချင်းယွဲ့သည် လက်ထဲမှ ပန်းကန်နှင့် ထမင်းစားတံကို ချလိုက်ပြီး အသက်ကို ပြင်းပြင်းရှူကာ ပြောလိုက်သည်။

“မောင်လေးကျီရှင်း... အခုအချိန်ကတော့ မောင်လေးကို တစ်ချို့အကြောင်းအရာတွေကို ဖွင့်ပြောပြရမယ့် အချိန်ရောက်ပြီလို့ မမ ထင်တယ်”

ထိုစကားကို ကြားလိုက်ရချိန်တွင် ချန်ကျီရှင်း၏ ရင်ထဲ၌ သိသိသာသာ လှုပ်ခတ်သွားသည်။

အိုး…

မသေမျိုး တာအိုမျိုးနွယ်စုဖြစ်တဲ့ ကောင်းကင်သန့်စင်ရာနန်းတော်ရဲ့ လက်ရှိ သူတော်စင်မလေးက အရာအားလုံးကို ဖွင့်ပြောတော့မှာလား။

အခန်း။ ၂၀၈

လမင်းက သာယာစွာ လင်းလက်နေပြီး ကြယ်စင်တို့မှာလည်း ကျဲပါးလှသည်။ ညဉ့်အမှောင်က ပို၍ နက်ရှိုင်းလာခဲ့သည်။

ညဉ့်နက်ပိုင်းအချိန်တွင် ဇီဝေတောင်တန်းကြီးမှာ တိတ်ဆိတ်ခြောက်သွေ့နေပြီး အရင်ကကဲ့သို့ ဆူညံသက်ဝင်ခြင်း မရှိတော့ချေ။ တတိယတောင်ထိပ်၏ တောင်ပတ်လမ်းကလေးတစ်ခုပေါ်

တွင် မိုချင်းယွဲ့နှင့် ချန်ကျီရှင်းတို့က ဘေးချင်းယှဉ်လျက် လမ်းလျှောက်နေကြသည်။

“အချိန်တွေက တကယ်ကို မြန်တာပဲနော်... ဟုတ်တယ်မလား ပုံမှန်ဆိုရင်တော့ သတိမထားမိပေမယ့် ပြန်ကြည့်လိုက်တဲ့အခါကျတော့မှ စကားပြောသင်စအရွယ် ကလေးလေးကနေ အခုတော့ တစ်လောကလုံးက ဝိုင်းပြီး ချီးမွမ်းနေရတဲ့ ထာဝရရှင်သန်ခြင်းပါရမီရှင်တစ်ယောက် ဖြစ်နေပြီပဲ"

မိုချင်းယွဲ့က ပြုံးလျက် ပြောလိုက်သည်။

“ဟုတ်တယ်... အချိန်ဆိုတာ အဲဒီလိုပါပဲ။ အဲဒီထဲမှာ ရှိနေတုန်းကတော့ သတိမထားမိပေမယ့် နောက်ကြောင်းပြန်လှည့်ကြည့်လိုက်မှသာ အချိန်တွေ ကုန်ဆုံးသွားတဲ့ အမှတ်အသားတွေကို မြင်နိုင်တော့တာ"

ချန်ကျီရှင်းကလည်း အသာအယာ သက်ပြင်းချမိသည်။ အမှန်စင်စစ် သူသည် ဤကမ္ဘာလောကထဲတွင် ရှိနေခဲ့သည်မှာ ၁၃ နှစ် ရှိခဲ့သည်။ သူ၏ ယခင်ဘဝမှ မှတ်ဉာဏ်များမှာလည်း တဖြည်းဖြည်းနှင့် ဝေဝါးလာခဲ့သည်။ တစ်ခါတစ်ရံတွင် သူ၏ ယခင်ဘဝဆိုသည်မှာ အိပ်မက်တစ်ခုသာလားဟုပင် သူ တွေးမိတတ်သည်။

“ကျီရှင်း... ဒီနှစ်တွေအတွင်းမှာ မင်း ငါ့ရဲ့ အထောက်အထားကို သံသယဝင်နေခဲ့တာ ကြာပြီမလား ဘာလို့ ငါ့ကို တစ်ခါမှ မမေးခဲ့တာလဲ”

မိုချင်းယွဲ့က ရုတ်တရက် ခေါင်းစဉ်ကို ပြောင်းလိုက်သည်။ ချန်ကျီရှင်းက မျက်ခုံးပင့်လိုက်သော်လည်း သူ၏မျက်နှာတွင် အံ့သြသည့် အရိပ်အယောင် များများစားစား မရှိချေ။ သူက ခဏမျှ စဉ်းစားပြီးနောက် သိမ်မွေ့စွာ ပြုံးလိုက်ရင်း “အထောက်အထားဆိုတာ အရေးမကြီးပါဘူး။ မမ ပြောပြချင်တဲ့အခါကျရင် သဘာဝအတိုင်း ပြောပြလာလိမ့်မယ်လို့ ကျွန်တော် ယူဆထားလို့ပါ”

“အခုကတော့ ငါပြောပြချင်တဲ့ အချိန်ပဲ"

မိုချင်းယွဲ့က ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး အသက်ကို ပြင်းပြင်းရှူကာ ဖြည်းညှင်းစွာ ဆိုလိုက်သည်

“မင်း ကောင်းကင်သန့်စင်ရာနန်းတော်အကြောင်း ကြားဖူးလား”

“မသေမျိုး တာအိုမျိုးနွယ်စုကြီး သုံးခုထဲက တစ်ခုဖြစ်တဲ့ ကောင်းကင်သန့်စင်ရာနန်းတော်ကို ပြောတာလား”

ချန်ကျီရှင်းက မေးလိုက်သည်။

“မှန်တယ်... ငါ... ငါ အဲဒီကနေ လာတာ"

မိုချင်းယွဲ့က ခေါင်းညိတ်ပြလိုက်သည်။ သူမ၏ စိတ်ကူးထဲတွင်တော့ ချန်ကျီရှင်းမှာ အလွန်အမင်း အံ့သြတုန်လှုပ်သွားလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း အမှန်တကယ်တွင် ထိုသို့ ဖြစ်မလာခဲ့ချေ။ အဲဒီအစား ချန်ကျီရှင်း၏ မျက်နှာထားမှာ တည်ငြိမ်နေပြီး အံ့သြသည့် အရိပ်အယောင် အနည်းငယ်မျှပင် မရှိပေ။

၎င်းကို မြင်သောအခါ မိုချင်းယွဲ့မှာ အံ့သြသွားပြီး မမေးဘဲ မနေနိုင်တော့ချေ။

“ငါ ကောင်းကင်သန့်စင်ရာနန်းတော်ကဆိုတာကို မင်း ကြိုသိနေတာလား ဘယ်တုန်းက သိတာလဲ”

ချန်ကျီရှင်းက ခေါင်းညိတ်ပြလိုက်ပြီး ပြုံးလျက် ပြန်ပြောသည်။

“ဟုတ်ကဲ့... အကြမ်းဖျင်းပေါ့။ အရင်ကတည်းက သံသယရှိခဲ့တာပါ။ ဒါပေမဲ့ တကယ့်ကို အတည်ပြုနိုင်ခဲ့တာကတော့ စစ်မှန်သောကိုယ်ထည် နည်းစနစ် ၁၃ မျိုးကြောင့်ပဲ"

“ဒါကြောင့်ကိုး"

မိုချင်းယွဲ့က သဘောပေါက်သွားပြီးနောက် ခဏမျှ စဉ်းစားကာ ပွင့်ပွင့်လင်းလင်းပင် မေးလိုက်တော့သည်။

“ဒါဆိုရင် ငါ မင်းကို အပွင့်လင်းဆုံး ပြောပြတော့မယ်။ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေမှာ မင်းပြသခဲ့တဲ့ စွမ်းဆောင်ရည်တွေက တကယ်ကို အံ့မခန်းပါပဲ။ မသေမျိုး မျိုးနွယ်စုကြီး သုံးခုစလုံးက မင်းကို သတိထားမိသွားကြပြီ။ ငါတို့ရဲ့ နန်းတော်သခင်က မင်းကို အတော်လေး အထင်ကြီးနေပြီး မင်းကို ငါတို့ရဲ့ ကောင်းကင်သန့်စင်ရာနန်းတော်ဆီ ခေါ်ဆောင်သွားချင်နေတာ”

စကားပြောရင်းနှင့်ပင် မိုချင်းယွဲ့က ချန်ကျီရှင်းကို ကြည့်လိုက်ရာ သူသည် ထူးထူးခြားခြား ခံစားချက်မျိုး ပြသခြင်း မရှိသဖြင့် သူမက ပြုံးလျက် ဆက်ပြောသည်။

“သေချာ စဉ်းစားကြည့်ပါဦး မောင်လေးကျီရှင်း... မသေမျိုး မျိုးနွယ်စုတွေရဲ့ ကမ္ဘာနဲ့ အခု ကျင့်ကြံခြင်းလောကဆိုတာ... လုံးဝကို ကွဲပြားခြားနားတဲ့ ကမ္ဘာနှစ်ခုပဲ”

“လက်ရှိ ကျင့်ကြံခြင်းလောကက ငါတို့ မသေမျိုးမျိုးနွယ်စုတွေ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်တုန်းက ရှိခဲ့တဲ့ အဆင့်မှာပဲ သောင်တင်နေတုန်းပဲ ရှိသေးတာ။ အကယ်၍ မင်းသာ မသေမျိုးမျိုးနွယ်စုထဲကို ဝင်လာမယ်ဆိုရင် မင်းရဲ့ ပါရမီတွေက တကယ့်ကို အစွမ်းကုန် တိုးတက်လာလိမ့်မယ်”

“အဲဒါက မင်းလို ပါရမီရှင်တစ်ယောက် တောက်ပပြီး ထူးချွန်ထွက်ပေါ်လာရမယ့် စင်မြင့်အစစ်ပဲ”

မိုချင်းယွဲ့က စိတ်အားထက်သန်စွာ ပြောဆိုပြီးနောက် ချန်ကျီရှင်းက တည်ငြိမ်နေဆဲဖြစ်သည်ကို မြင်သောအခါ သူမ၏ အသံကို အနည်းငယ် လျှော့ချလိုက်ပြီး “ဒါကတော့ တစ်ညတည်းနဲ့ ဆုံးဖြတ်ရမယ့် ကိစ္စကြီးတစ်ခုတော့ မဟုတ်ပါဘူးလေ။ အရှေ့ဘက်လျှို့ဝှက်နယ်မြေရဲ့ ပြိုင်ပွဲကြီးကလည်း စတင်တော့မှာဆိုတော့ ပြိုင်ပွဲပြီးမှပဲ ဒီကိစ္စကို ဆက်ဆွေးနွေးလို့ ရတာပဲ”

ချန်ကျီရှင်းက ခေါင်းညိတ်လိုက်ပြီး “ဟုတ်ကဲ့... လောစရာမရှိပါဘူး။ အကယ်၍ ကျွန်တော်သာ မသေမျိုးမျိုးနွယ်စုထဲကို ဝင်ဖို့ ဆုံးဖြတ်ဖြစ်ခဲ့ရင် ကောင်းကင်သန့်စင်ရာနန်းတော်ကိုပဲ ပထမဆုံး ရွေးချယ်မှာပါ”

“ကောင်းပြီ တစ်နေ့နေ့မှာ မင်းကို ကောင်းကင်သန့်စင်ရာနန်းတော်မှာ တွေ့နိုင်ဖို့ ငါ မျှော်လင့်နေမယ်"

မိုချင်းယွဲ့က အသာအယာ ပြုံးလိုက်တော့သည်။

နောက်တစ်နေ့ နံနက်ခင်း ခေါင်းလောင်းသံမှာ ကြည်လင်သာယာစွာဖြင့် တောင်စဉ်တစ်ခုလုံး ပျံ့လွင့်သွားသည်။ နံနက်ခင်း၏ နေခြည်နုနုမှာ ဇီဝေတောင်တန်း တစ်ခုလုံးကို ရွှေရောင်ပါးပါး လွှမ်းခြုံထားသကဲ့သို့ ဖြာကျနေ၏။

ချန်ကျီရှင်းသည် ကုတင်ပေါ်၌ တင်ပျဉ်ခွေထိုင်ရင်း ရှေ့ဆက်ရမည့် လမ်းစဉ်ကို စဉ်းစားနေမိသည်။ ယခုအခါ သူသည် တာအိုကြီး ခြောက်ခုကို ပိုင်ဆိုင်ထားပြီဖြစ်သည်။

၎င်းတို့မှာကား စွမ်းအားတာအို၊ ဓားတာအို၊ ဝိညာဉ်တာအို၊ ခန္ဓာကိုယ်တာအို၊ ဆွဲငင်အားတာအိုနှင့် မီးလျှံတာအိုတို့ပင်။

စစ်မှန်သောကိုယ်ထည် ပထမအဆင့်မှာတင် တာအိုကြီး ခြောက်ခုကို ပိုင်ဆိုင်ထားခြင်းက ချန်ကျီရှင်း၏ တိုက်ခိုက်ရေးစွမ်းရည်ကို နိဗ္ဗာန်နနယ်ပယ်အောက်တွင် ပြိုင်ဘက်ကင်း ဖြစ်စေခဲ့သည်။ သို့သော် ဤအချက်ကပင် ချန်ကျီရှင်းအတွက် ရှေ့ဆက်ရမည့်လမ်းတွင် တစ်ခါဖူးမျှ မရှိခဲ့ဖူးသော ဝေခွဲမရသည့် အခြေအနေတစ်ခုကို ဖြစ်ပေါ်စေခဲ့၏။

သူ၏ တာအိုဆိုင်ရာ သိမြင်နားလည်မှုများမှာ ကုန်ခမ်းလုနီးပါး ဖြစ်နေပြီဖြစ်သည်။ ရှေ့သို့ ဆက်လက်တိုးတက်ရန်အတွက် သူသည် ယခင်က တစ်ခါမှ မစူးစမ်းခဲ့ဖူးသည့် တာအိုမျိုးစေ့အသစ်တစ်ခုကို ထပ်မံဖော်ထုတ်ရမည်ဖြစ်သည်။

“ခုနစ်ခုမြောက် တာအိုအတွက် ငါ ဘာကို ရွေးရမလဲ”

ချန်ကျီရှင်းက မေးစေ့ကို ပွတ်သပ်ရင်း အတွေးနက်နေမိသည်။

“ယင်နဲ့ယန်ရဲ့ ဆန့်ကျင်ဘက် အစွန်းတရားတွေလား”

“ဒါမှမဟုတ် အခြေခံ ဓါတ်ကြီးငါးပါးလား”

ချန်ကျီရှင်း အတွေးလွန်နေစဉ်မှာပင်

“သခင်လေး... ဘိုးဘိုးကြီးက သခင်လေးကို ပင်မတောင်ထိပ်ကို လာခဲ့ဖို့ သတင်းပို့လိုက်ပါတယ်”

ပိလော့၏ ချစ်စဖွယ် အသံလေးမှာ တံခါးပြင်ပမှ ထွက်ပေါ်လာသည်။

“လာပြီ"

ချန်ကျီရှင်းက အသက်ကို ပြင်းပြင်းရှူထုတ်လိုက်ပြီး စိတ်ကို ပြန်လည်စုစည်းကာ ထရပ်လိုက်တော့သည်။

ခေတ္တအကြာတွင် ချန်ကျီရှင်းသည် ပင်မတောင်ထိပ်ဆီသို့ ဦးတည်ထွက်ခွာလာခဲ့သည်။

“တတိယသခင်လေး"

“တတိယသခင်လေး"

လမ်းတစ်လျှောက်တွင် အကြီးအကဲများနှင့် ချန်မိသားစုဝင် အမြောက်အမြားက သူ့ကို ရိုသေလေးစားစွာ နှုတ်ဆက်ကြသည်။ သူတို့၏ မျက်ဝန်းများတွင်လည်း တစ်ခါမှ မရှိဖူးသော ခန့်ညားထိတ်လန့်မှုများ ပြည့်နှက်နေ၏။ ချန်ကျီရှင်းကမူ အသာအယာ ခေါင်းညိတ်ရုံမျှဖြင့် ပြန်လည်တုံ့ပြန်ခဲ့သည်။

အမွှေးတိုင်တစ်တိုင် ကုန်ဆုံးချိန်ခန့်တွင် ချန်ကျီရှင်းမှာ ပင်မတောင်ထိပ်၏ ခန်းမဆောင်ကြီးအတွင်းသို့ ရောက်ရှိသွားခဲ့သည်။ အေးစက်လှသော ကျောက်သားထိုင်ခုံပေါ်တွင် ချန်တောက်

ရန်သည် ထိုနေ့နံနက်က အမှောင်တပ်ဖွဲ့ထံမှ ပေးပို့လာသော သတင်းအချက်အလက်များကို ဖတ်ရှုရင်း မျက်မှောင်ကြုတ်နေ၏။

ခြေသံကြားသောအခါ ချန်တောက်ယန်က လက်ထဲမှ သတင်းလွှာကို ဘေးသို့ ချလိုက်ပြီး မျက်နှာထားကို ပြန်လည်ပြင်ဆင်လျက် ပြောလိုက်သည်။

“ရောက်လာပြီလား ထိုင်ဦး"

“ဘိုးဘိုး"

ချန်ကျီရှင်းက လက်အုပ်ချီ နှုတ်ဆက်လိုက်ပြီး ချန်တောက်ယန်၏ ဘေးတွင် ဝင်ထိုင်လိုက်သည်။

“မနက်စောစောစီးစီး ကျွန်တော့်ကို ခေါ်လိုက်တာ ဘာကိစ္စရှိလို့လဲ”

ချန်ကျီရှင်းသည် ဘေးရှိ စားပွဲပေါ်တွင် တည်ထားသော ဝိညာဉ်လက်ဖက်ရည်အိုးကို ယူကာ မြိန်ရည်ယှက်ရည် သောက်လိုက်ပြီး “ဒီလက်ဖက်ရည်က တော်တော်ကောင်းတာပဲ ဘယ်က ရတာလဲ”

“မင်းကတော့ တော်တော်လေးကို အားမနာတတ်တော့တာပဲနော်"

ချန်တောက်ယန်က ရယ်မောလိုက်ပြီး “ဒါက မင်းရဲ့ကိစ္စတွေကို ငါလိုက်ရှင်းပေးတုန်းက ဆေးဘုရင်ချိုင့်ဝှမ်းကို အမြစ်ပြတ်ရှင်းရင်း သူတို့ရဲ့ သိုလှောင်ရုံထဲကနေ ရခဲ့တာပေါ့။ ဒါက နှစ်

တစ်ထောင် အသိဉာဏ်ပွင့် လက်ဖက်ရည်ပဲ တကယ့်ကို ထူးခြားတယ်။ နောက်မှ အကြီးအကဲမဟူရာကို မင်းအတွက် တစ်ချို့ ပေးခိုင်းလိုက်မယ်”

“ကောင်းပြီလေ"

ချန်ကျီရှင်းက ပြုံးဖြဲဖြဲဖြင့် “ဘိုးဘိုးက ကျွန်တော့်ကိစ္စ လိုက်ရှင်းပေးတာလို့ ပြောပေမယ့်... ဒီတစ်ခေါက် ကျူးပြည်နယ်က မုန့်မိသားစု၊ ဆေးဘုရင်ချိုင့်ဝှမ်းနဲ့ တခြား အင်အားစု အငယ်စား ငါးခု၊ ခြောက်ခုလောက်ကို ဖြိုလဲပစ်လိုက်တာဆိုတော့ ချန်မိသားစုအတွက်လည်း အကျိုးအမြတ်တွေ အများကြီး ရခဲ့တာ မဟုတ်လား”

“ဟားဟားဟား... အမှန်ပဲ”

ထိုအကြောင်းကို စဉ်းစားမိသောအခါ ချန်တောက်ယန်မှာ စိတ်ကြည်လင်သွားဟန်ရှိသည်။

“ဒီတစ်ခေါက် ကျူးပြည်နယ် မုန့်မိသားစုနဲ့ တခြားအင်အားစုတွေကို နှိမ်နင်းရာကနေ ရခဲ့တဲ့ အရင်းအမြစ်တွေက ချန်မိသားစုရဲ့ ရာစုနှစ်ပေါင်းများစွာ စုဆောင်းမှုနဲ့တောင် ညီမျှနေပြီ ပြီးတော့ မင်း မထွက်ခွာခင် ငါ့ကို ပေးခဲ့တဲ့ အခြေခံ ချီစွမ်းအင်သန့်စင်နည်းစနစ်သာ ရှိရင်...”

“နောက်ထပ် ဆယ်နှစ်အတွင်းမှာ ချန်မိသားစုကို အထက်ကနေ အောက်အထိ တော်လှန်ပြောင်းလဲမှုတွေ ဖြစ်လာစေရမယ်လို့ ငါ ယုံကြည်တယ်”

စကားပြောရင်း ချန်တောက်ယန်က လက်တစ်ဖက်ကို ဆန့်ထုတ်ကာ လေးနက်သော အကြည့်များဖြင့် “ဆယ်နှစ်အတွင်းမှာ ချန်မိသားစုကနေ အနည်းဆုံး စစ်မှန်သောကိုယ်ထည်နယ်ပယ် ကျင့်ကြံသူ ၅၀ လောက် ပေါ်ထွက်လာအောင် ငါ လုပ်နိုင်တယ်”

“စစ်မှန်သောကိုယ်ထည် ကျင့်ကြံသူ ၅၀ တောင်လား”

ထိုစကားကြောင့် ချန်ကျီရှင်း၏ မျက်ဝန်းများမှာ သိသိသာသာ ဝင်းလက်သွားသည်။ ဇီဝေချန်မိသားစုမှာ အင်အားကြီးသည်ဟု ဆိုရသော်လည်း ၎င်းမှာ ချန်တောက်ယန်၊ ငရဲပြည်အကြီးအကဲများနှင့် အမှောင်တပ်ဖွဲ့ဝင် အနည်းငယ်ကြောင့်သာ ဖြစ်သည်။ အမှန်စင်စစ် ချန်မိသားစု၏ အလယ်အလတ်တန်းစား အင်အားစုမှာ ထင်သလောက် မများပြားလှချေ။

"တကယ်လို့ ချန်မိသားစုမှာ စစ်မှန်သောကိုယ်ထည်ကျင့်ကြံသူ အယောက် ၅၀ လောက်သာ တကယ် ပေါ်လာခဲ့ရင် အဲဒီထဲက ဘယ်နှယောက်လောက်များ နိဗ္ဗာန်နနယ်ပယ်အဆင့်အထိ တက်လှမ်းနိုင်ကြမလဲ"

ထိုအချိန်ကျလျှင်တော့ ဇီဝေချန်မိသားစုသည် မသေမျိုး တာအိုမျိုးနွယ်စုကြီးများပြီးလျှင် ဒုတိယလိုက်မည့် တကယ့် အင်အားကြီး အဖွဲ့အစည်းကြီးတစ်ခု ဖြစ်လာပေတော့မည်။ ချန်ကျီရှင်းအတွက်လည်း ဤသည်မှာ အကြီးမားဆုံးသော ကျောထောက်နောက်ခံပင် ဖြစ်ပေလိမ့်မည်။

All Chapters