← Chapters

အခန်း (၂၀၉-၂၁၀)

Vol. 21 Ch. 209-210

အခန်း (၂၀၉-၂၁၀)

Vol. 21 Ch. 209-210

အခန်း။ ၂၀၉

“လူသတ် လုယက်တာက ရွှေခါးပတ်တွေ ပေးအပ်နိုင်ပြီး တံတားခင်း လမ်းဖောက်တာကတော့ အလောင်းတောင် ရှာမတွေ့နိုင်ဘူးတဲ့”

“အရိုးရှင်းဆုံးနဲ့ အရှေးကျဆုံး လုယက်တိုက်ခိုက်မှုက မိသားစုတစ်ခုကို အမြန်ဆုံး အင်အားကြီးလာစေတဲ့ နည်းလမ်းပဲပေါ့”

ချန်ကျီရှင်းက ပြုံးလျက် ပြောလိုက်သည်။

“မှန်တာပေါ့။ နှစ်ပေါင်းထောင်ချီ သက်တမ်းရှိတဲ့ ကျူးပြည်နယ် မုန့်မိသားစုနဲ့ ဆေးဘုရင်ချိုင့်ဝှမ်းတို့ရဲ့ အခြေခံအုတ်မြစ်တွေဟာ အခုတော့ တစ်ညတည်းနဲ့ လက်ပြောင်းသွားခဲ့ပြီ။ ဒါက ငါတို့ ဇီဝေချန်မိသားစုရဲ့ ကြွယ်ဝမှုကို အနည်းဆုံး ငါးဆယ်ရာခိုင်နှုန်းလောက် တိုးပွားစေခဲ့တာပဲ”

ချန်တောက်ယန်က ခေါင်းညိတ်ပြုံးရွှင်ရင်း

“မင်း အပြင်မှာ ရန်သူတွေ ဘာတွေရှိသေးလဲ မရှိရင်လည်း... တစ်ယောက်ယောက်ကို တမင်သွားဆွလိုက်ပါလား”

ထိုစကားကို ကြားသောအခါ ချန်ကျီရှင်းမှာ နဖူးကို လက်ဖြင့် အုပ်လိုက်မိတော့သည်။

ဘိုးဘိုးကတော့ လူသတ်လုယက်ရတာကို အရသာတွေ့ပြီး စွဲလမ်းသွားပြီ ထင်တယ်။

“နောက်တာပါကွာ။ ငါတို့သာ တကယ် အဲဒီလို လိုက်လုပ်နေရင် လူတိုင်းက ငါတို့ကို စိုးရိမ်

ထိတ်လန့်ပြီး ရန်သူလို သတ်မှတ်လာကြလိမ့်မယ်။ ဒါဆိုရင် ငါတို့ ချန်မိသားစုက ကျင့်ကြံခြင်းလောကတစ်ခုလုံးရဲ့ တစ်ဖက်ခြမ်းကို ရောက်သွားမှာပေါ့”

သူတို့ ခေတ္တမျှ စကားစမြည် ပြောဆိုပြီးနောက် ချန်ကျီရှင်းက လက်ဖက်ရည်ကို တစ်ငုံသောက်ကာ မေးလိုက်သည်။

“ဘိုးဘိုး... ကျွန်တော့်ကို မနက်စောစော ခေါ်လိုက်တာက ဒီကိစ္စလေး ဆွေးနွေးဖို့ပဲလား”

“အော်... အရေးကြီးဆုံး အကြောင်းရင်းကို မေ့တော့မလို့ပဲ"

ချန်တောက်ယန်က ခေါင်းခါလိုက်ပြီး ချန်ကျီရှင်းကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။

“ကျီရှင်း... အရှေ့ဘက်လျှို့ဝှက်နယ်မြေရဲ့ ပြိုင်ပွဲကြီးက စတော့မယ်။ မင်း ဘယ်လို ထင်လဲ”

“အရှေ့ဘက်လျှို့ဝှက်နယ်မြေရဲ့ ပြိုင်ပွဲကြီး...”

ချန်ကျီရှင်းက မျက်မှောင်ကြုတ်လိုက်သည်။

ဤပြိုင်ပွဲကြီးသည် အရှေ့ဘက်လျှို့ဝှက်နယ်မြေတစ်ခုလုံးတွင် အကြီးမားဆုံးသော ပွဲတော်ကြီးဖြစ်ပြီး မသေမျိုး တာအိုမျိုးနွယ်စုကြီး သုံးခုက ပူးပေါင်းကျင်းပခြင်းပင်။ နယ်မြေအတွင်းရှိ ဂိုဏ်းပေါင်းစုံ၊ မိသားစုပေါင်းစုံမှ ပါရမီရှင်များ ပါဝင်နိုင်ကြသည်။ အတိတ်ကာလများတွင် တောင်တန်းကြီးများထဲမှ ရှေးဦးမျိုးနွယ်စုများ၊ သားရဲကြီးများနှင့် မိစ္ဆာဂိုဏ်းများပင် ဤပွဲ၌ ထွက်ပေါ်လာတတ်ကြသည်။

၎င်းသည် ပါရမီရှင်ပေါင်းများစွာ ထိပ်တိုက်တွေ့ကာ အထွတ်အထိပ်သို့ တက်လှမ်းရန် ကြိုးစားကြသည့် စင်မြင့်ကြီးပင်။ သို့သော် ပါဝင်ရန်အတွက် အရှေ့ဘက်လျှို့ဝှက်အမိန့်လွှာဟူသော လက်မှတ် လိုအပ်သည်။

၎င်းမှာ အစောင်ပေါင်း သုံးရာသာ ရှိသဖြင့် သန်းနှင့်ချီသော ကျင့်ကြံသူများကြားတွင် ရရှိရန် အလွန်ပင် ခက်ခဲလှသည်။ ထို့ကြောင့် ပြိုင်ပွဲမစမီမှာပင် ထိုအမိန့်လွှာကို လုယက်ကြရင်း တစ်နယ်မြေလုံး သွေးချောင်းစီးတတ်ကြ၏။

ဇီဝေချန်မိသားစုမှာတော့ ထိပ်တန်းမိသားစုဖြစ်သဖြင့် ထိုလက်မှတ်ကို လုနေစရာမလိုဘဲ အလိုအလျောက် ရရှိပြီးသား ဖြစ်သည်။ သို့သော် ချန်ကျီရှင်းမှာ ယခုတစ်ခေါက်တွင် ထိုဗွက်အိုင်ထဲသို့ ဝင်ရန် စိတ်မပါလှချေ။

ပထမအချက်မှာ ပြိုင်ပွဲ၏ အရည်အသွေးမှာ ပြောင်းလဲသွားခဲ့ပြီး အင်အားကြီးသူအချို့မှာ သူတို့၏ ပါရမီရှင်များကို ဖုံးကွယ်ထားတတ်ကြသည်။ ဒုတိယအချက်မှာ ပြိုင်ပွဲကို အသက်အရွယ်အလိုက် ခွဲခြားထားရာ ချန်ကျီရှင်း ပါဝင်ရမည့် အသက် ၃၀ အောက် အတန်းအစားတွင် သူ့ကို ယှဉ်နိုင်မည့်သူ မရှိဘူးဟု သူက ယုံကြည်နေသည်။

“မိသားစုမှာ အရင်းအမြစ်တွေက လုံလောက်နေပြီပဲ။ ကျွန်တော် သွားပြိုင်တာက ဘာမှ ထူးခြားလာမှာ မဟုတ်ဘူးလေ”

ချန်ကျီရှင်းက ခေါင်းခါကာ ပြောလိုက်သည်။ သူသည် အပိုပြချင်သူ မဟုတ်သဖြင့် အဓိပ္ပာယ်မရှိသော ပြိုင်ပွဲကို စိတ်မဝင်စားပေ။

“ဒါလည်း ဟုတ်တာပါပဲ"

ချန်တောက်ယန်က ပြုံးလိုက်ပြီး

“ဒါပေမဲ့ ဒီတစ်ခေါက် ပြိုင်ပွဲက အရင်နဲ့ မတူဘူး။ အရင်က ငြိမ်နေတဲ့ ရှေးဦးမျိုးနွယ်တွေ၊ မိစ္ဆာဂိုဏ်းတွေနဲ့ ထူးဆန်းတဲ့ သားရဲမျိုးနွယ်တွေက သူတို့ရဲ့ ပါရမီရှင်တွေကို လွှတ်ပြီး ပါဝင်ခိုင်းကြလိမ့်မယ်။ ဒီတစ်ကြိမ် ပြိုင်ပွဲရဲ့ အဆင့်အတန်းက နှစ်ပေါင်းရာချီအတွင်းမှာ အမြင့်ဆုံး ဖြစ်လာလိမ့်မယ်လို့ ငါ ထင်တယ်”

“အင် ဘာလို့လဲ”

ချန်ကျီရှင်းမှာ အနည်းငယ် အံ့သြသွားသည်။

“မသေမျိုး တာအိုမျိုးနွယ်စုကြီး သုံးခုက ဒီပြိုင်ပွဲမှာ တပည့်သစ်တွေ ရွေးချယ်တော့မှာမို့လို့ပေါ့"

ချန်တောက်ယန်က ဆက်ပြောသည်။

“အရင်က အင်အားကြီးသူတွေ မလာကြတာက မသေမျိုးမျိုးနွယ်စုတွေဘက်က တပည့်သစ်ခေါ်ယူမှုကို ပိတ်ထားလို့ပဲ။ အခု သူတို့က တံခါးပြန်ဖွင့်လိုက်ပြီဆိုတော့ ရာစုနှစ်ချီပြီး ငြိမ်နေတဲ့ မျိုးနွယ်စုတွေကလည်း ဒီအခွင့်အရေးကို လက်လွတ်ခံကြမှာ မဟုတ်ဘူး”

ချန်ကျီရှင်းက ခေါင်းညိတ်ရင်း စဉ်းစားစရာတစ်ခုကို မေးလိုက်သည်။

“မသေမျိုး မျိုးနွယ်စုတွေမှာ ဘာတွေရှိလို့ တစ်လောကလုံးက ဒီလောက်အထိ တမ်းတနေကြတာလဲ”

“ထူးထူးခြားခြား လျှို့ဝှက်ချက်ကြီးတွေတော့ မဟုတ်ပါဘူး...”

ချန်တောက်ယန်က ခေတ္တမျှ စဉ်းစားပြီးမှ “လူတွေက မသေမျိုးမျိုးနွယ်စုထဲကို ဝင်ချင်ကြတာက အပြင်လောကထက် အရင်းအမြစ်တွေ ပိုကောင်းနေလို့ဆိုတာထက် ပိုအရေးကြီးတဲ့ အချက်တစ်ခု ရှိသေးတယ်...”

ခဏမျှ ရပ်ပြီးမှ

“မင်း သိလား အရှေ့ဘက်လျှို့ဝှက်နယ်မြေမှာ ကျင့်ကြံသူတွေကို အဆွဲဆောင်နိုင်ဆုံး အရာက ဘာလဲဆိုတာ”

ချန်ကျီရှင်းက တွေဝေမနေဘဲ ပြန်ဖြေလိုက်သည်။

“သဘာဝအတိုင်း ထာဝရရှင်သန်ခြင်းလမ်းစဉ်ကို ရောက်ဖို့ပေါ့”

“အတိအကျပဲ"

ချန်တောက်ယန်က အသာအယာ ပြုံးလိုက်ရင်း ပြောလိုက်သည်။

“လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးထောင်က ကြီးမားတဲ့ ပြောင်းလဲမှုကြီး ဖြစ်ပြီးကတည်းက အရှေ့ဘက်လျှို့ဝှက်နယ်မြေထဲမှာရှိတဲ့ ထာဝရရှင်သန်ခြင်းနယ်ပယ်ကျင့်ကြံသူတွေ အားလုံးက တစ်ညတည်းနဲ့ အရိပ်အယောင်မကျန် ပျောက်ကွယ်သွားခဲ့ကြတယ်။ အဲဒီအချိန်ကစပြီး ဒီလောကမှာ ထာဝရရှင်သန်ခြင်း အရှင်သခင်ဆိုတာ မရှိတော့ဘူး”

“ဒီနေ့ခေတ်မှာ ကိုယ့်ရဲ့ ကိုယ်ပိုင်အစွမ်းနဲ့တင် ထာဝရရှင်သန်ခြင်း အဆင့်ကို တက်လှမ်းဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ အဲဒီနယ်ပယ်ကို ရောက်အောင် ရှာဖွေနိုင်မယ့် တစ်ခုတည်းသော နေရာကတော့...”

ချန်တောက်ယန် စကားမဆုံးခင်မှာပင် ချန်ကျီရှင်း၏ မျက်ဝန်းများမှာ အရောင်တောက်သွားပြီး “မသေမျိုး တာအိုမျိုးနွယ်စုတွေပဲလား” ဟု ဖြတ်မေးလိုက်သည်။

“အတိအကျပဲ”

ချန်တောက်ယန်က ချန်ကျီရှင်းကို ကျေနပ်အားရစွာ ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။

“မသေမျိုးမျိုးနွယ်စုတွေက အရှေ့ဘက်နယ်မြေက တခြားအင်အားစုတွေ အားလုံးထက် သာလွန်ပြီး လောကပြင်ပမှာ သီးသန့်ရပ်တည်နိုင်တာက... ဒီခေတ်ကြီးမှာ သူတို့ဆီမှာပဲ ထာဝရရှင်သန်ခြင်းနယ်ပယ်က ပုဂ္ဂိုလ်တွေ ရှိနေလို့ပဲ။ သူတို့ဆီမှာပဲ အဲဒီလမ်းစဉ်ကို အတည်ပြုနိုင်မယ့် နည်းလမ်းရှိတယ်”

“မသေမျိုး တာအိုမျိုးနွယ်စုကြီး သုံးခုဖြစ်တဲ့... ကောင်းကင်သန့်စင်ရာနန်းတော်၊ တာ့လော့တာအိုနယ်မြေနဲ့ မသေမျိုးတက်လှမ်းခြင်း နတ်ဘုရားဂိုဏ်း”

“ဒီမျိုးနွယ်စုကြီး သုံးခုက အရှေ့ဘက်နယ်မြေရဲ့ ထာဝရရှင်သန်ခြင်း လမ်းစဉ်နဲ့ အဲဒီလမ်းကို သွားနိုင်မယ့် တံခါးပေါက်ကို အခိုင်အမာ ထိန်းချုပ်ထားကြတာပဲ”

ထိုစကားကို ကြားရသောအခါ ချန်ကျီရှင်း သဘောပေါက်သွားခဲ့သည်။

ထာဝရရှင်သန်ခြင်း တာအိုကို အတည်ပြုပြီး ကောင်းကင်နှင့်မြေကြီးရှိသရွေ့ အသက်

ရှည်နေထိုင်နိုင်ခြင်းဆိုသည်မှာ မည်သည့်ကျင့်ကြံသူအတွက်မဆို ငြင်းဆန်ရန်မဖြစ်နိုင်သော အရာပင်။

လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကမှ နောက်ဆုံးအကြိမ် တပည့်သစ်ခေါ်ယူခဲ့သော မသေမျိုးမျိုးနွယ်စုတို့က ယခုတစ်ခေါက် ပြန်လည်တံခါးဖွင့်ချိန်တွင် တစ်လောကလုံးရှိ အင်အားကြီးသူများမှာ ထိုတံခါးပေါက်ကို ဝင်ရောက်နိုင်ရန် အစွမ်းကုန် ကြိုးစားကြပေလိမ့်မည်။

“ဒါက ပြိုင်ပွဲတစ်ခု မဟုတ်ဘဲ... ထာဝရရှင်သန်ခြင်း အခွင့်အရေးအတွက် တိုက်ပွဲပဲ”

ချန်ကျီရှင်းက လေးနက်စွာ တွေးတောနေမိသည်။ ရွှေခေတ်ကြီး ရောက်လာတော့မည်လား

“ကျီရှင်း... မင်းကို ပြိုင်ပွဲဝင်ဖို့ ငါ အတင်းအကျပ် မတိုက်တွန်းပါဘူး။ အကယ်၍ မင်း သွားချင်တယ်ဆိုရင်တော့ ငါ့ကို ပြောပါ”

ချန်တောက်ယန်က ပြုံးလျက် ဆိုလိုက်ပြီးမှ တစ်ခုခုကို သတိရသွားဟန်ဖြင့် သက်ပြင်းချကာ ဆက်ပြောသည်။

“ဒီတစ်ခေါက် ပြိုင်ပွဲမှာ အရင်က ပုန်းကွယ်နေတဲ့ အင်အားကြီးသူတွေ ဘယ်လောက်တောင် ထွက်လာမလဲဆိုတာ စောင့်ကြည့်ရမှာပဲ။ မကြာသေးခင်ကမှ ငါတို့ အမှောင်တပ်ဖွဲ့က နိဗ္ဗာန်နနယ်ပယ်အင်အားကြီးသူ အယောက် ၁၀ ထက်မနည်း ရုတ်တရက် ပေါ်ထွက်လာတာကို စုံစမ်းမိထားတယ်”

“ရယ်စရာကောင်းတာတစ်ခုက... ဟွိုင်ပြည်နယ်မှာ သူဌေးကြီး အဖိုးအိုတစ်ယောက်ရှိတယ်။ သူက ဒီနှစ်တွေအတွင်းမှာ မယားငယ်ပေါင်း တစ်ရာကျော် ယူထားပြီး သားသမီးတွေလည်း အများကြီးပဲ။ လူတွေက သူ့ကို မိန်းမကိစ္စနဲ့ပဲ သေလိမ့်မယ်လို့ လှောင်ကြတာပေါ့။ ဒါပေမဲ့ လွန်ခဲ့တဲ့ ရက်ပိုင်းကမှ သူ့အခန်းထဲကနေ ရွှေရောင်အလင်းတွေ ထွက်လာပြီး တာအိုသံတွေ ဟိန်းထွက်လာသတဲ့။ သူက မသိမသာနဲ့ နိဗ္ဗာန်နနယ်ပယ်ကို ချိုးဖောက် တက်လှမ်းသွားတာပဲ”

ပြောသူက သာမန်ကာလျှံကာ ပြောလိုက်သော်လည်း နားထောင်သူ ချန်ကျီရှင်းမှာမူ မျက်ဝန်းများ ဝင်းလက်သွားခဲ့သည်။

“အင် မယားငယ် တစ်ရာကျော် သားသမီးတွေလည်း မရေမတွက်နိုင်ဘူး ဟုတ်လား”

ချန်ကျီရှင်းက မျက်လုံးကို မှေးကြည့်လိုက်သည်။

“ဟုတ်တယ်”

ချန်တောက်ယန်က ရယ်မောကာ ပြန်ပြောသည်။

“သူ့ကို မလှောင်နဲ့ဦး။ အဲဒီအဖိုးကြီးက တကယ့်ကို ကံကောင်းတာ။ သူယူထားတဲ့ မိန်းမတွေက အကုန်အလှပဂေးတွေချည်းပဲ။ တချို့ဆိုရင် နာမည်ကြီးမိသားစုက သမီးပျိုတွေနဲ့ ဂိုဏ်းတွေရဲ့ သူတော်စင်မတွေတောင် ပါသေးတယ်။ အဲဒီမိန်းမတွေက ဘာဆေးတွေ တိုက်ထားလဲ မသိပါဘူး။ သူ့ကိုပဲ အရူးအမူးဖြစ်ပြီး ကျင့်ကြံမှုကိုတောင် ဂရုမစိုက်တော့ဘဲ သူ့အတွက် ကလေးတွေပဲ မွေးပေးနေကြတာတဲ့။ တကယ့်ကို ထူးဆန်းတယ်”

ချန်ကျီရှင်းမှာ ပို၍ သေချာသွားခဲ့ကာ ဤအဖိုးအိုသည် သူရှာနေသော နတ်ဘုရားရွေးချယ်ခံ ပါရမီရှင် ကိုးဦးထဲမှ တစ်ယောက် ဖြစ်နေနိုင်သည်။

“ဘိုးဘိုး... အဲဒီလူရဲ့ နာမည်ကို သိလား”

ချန်တောက်ယန်မှာ အနည်းငယ် အံ့သြသွားပြီး “နာမည်တော့ ငါလည်း မသိဘူး။ ဘာလို့လဲ... ကျီရှင်း မင်းက အဲဒီလူကို စိတ်ဝင်စားလို့လား”

“နည်းနည်းပါ"

“ရပါတယ်... ဒါက ကိစ္စအသေးအမွှားလေးပဲ။ ငါ အမှောင်တပ်ဖွဲ့ကို စုံစမ်းခိုင်းလိုက်မယ်”

“ဟုတ်ကဲ့... သူ့ကို ရိပ်မိမသွားအောင်တော့ သတိထားပေးပါဦး"

“စိတ်ချပါ... ဒီလောက်ကိစ္စမျိုးကို အမှောင်တပ်ဖွဲ့က ကောင်းကောင်း ကိုင်တွယ်နိုင်ပါတယ်”

ခဏအကြာတွင် ချန်ကျီရှင်းသည် ဘိုးဘိုး၏ ခန်းမဆောင်မှ ထွက်ခွာလာခဲ့သည်။ နေမင်းမှာ ခေါင်းပေါ်သို့ တည့်တည့်ရောက်နေပြီဖြစ်၏။

“ကျန်နေတဲ့ လမ်းစဉ် သုံးခုကို မြန်မြန် အဆုံးသတ်ပြီး နိဗ္ဗာန်နနယ်ပယ်ကို တက်လှမ်းနိုင်ဖို့ နည်းလမ်းရှာရမယ်”

ရွှေခေတ်ကြီး စတင်တော့မည်ဖြစ်ရာ သူ၏ အင်အားကို အမြန်ဆုံး မြှင့်တင်ရန် လိုအပ်နေပြီဖြစ်သည်။ သူသည် တွေဝေမနေဘဲ ပဉ္စမတောင်ထိပ်ရှိ ကျမ်းစာဆောင်ဆီသို့ ဦးတည်ထွက်ခွာလာခဲ့သည်။

ကျမ်းစာဆောင်ကို စောင့်ကြပ်နေသူမှာ အမြဲတမ်း အေးအေးလူလူနေတတ်သော အကြီးအကဲမေပင်။ သူသည် ချန်ကျီရှင်းကို မြင်သောအခါ ဝါးကုလားထိုင်ပေါ်မှ ချက်ချင်းထကာ ပြုံးလျက် နှုတ်ဆက်သည်။

“တတိယသခင်လေး... ဘာကိစ္စရှိလို့ ဒီကို ရောက်လာတာလဲ”

ချန်ကျီရှင်းက သူ့ကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

“အကြီးအကဲမေ... မိသားစုထဲမှာ ရှိသမျှ ကျင့်စဉ်တွေ အားလုံးကို စုစည်းပြီး ကျွန်တော့်ဆီ ယူလာပေးပါ”

အခန်း။ ၂၁၀

ခေတ္တမျှကြာပြီးနောက် ပဉ္စမတောင်ထိပ်ရှိ ကျမ်းစာဆောင်အတွင်း၌...

ကျင့်စဉ်စာအုပ်များမှာ နံရံများကဲ့သို့ တစ်ထပ်ပြီးတစ်ထပ် မြင့်မားနေပြီး တောင်ပုံရာပုံ ဖြစ်နေတော့သည်။ ထိုစာအုပ် နံရံများအလယ်တွင် တင်ပျဉ်ခွေထိုင်နေသော ချန်ကျီရှင်းကို ကြည့်ကာ အကြီးအကဲမေက စေတနာဖြင့် သတိပေးလိုက်သည်။

“တတိယသခင်လေး... အများကြီးကို တစ်ပြိုင်နက်တည်း လုပ်ဆောင်ဖို့ ကြိုးစားတာက ပညာရှိရာမကျဘူးနော်။ ဒီလောက်များပြားတဲ့ စာအုပ်တွေကို ဖတ်ဖို့ဆိုတာ ဘယ်လောက်တောင် ကြာမလဲ မသိနိုင်ဘူး။ ဖြည်းဖြည်းချင်းပဲ လုပ်ဆောင်ပါလား”

“ရပါတယ် အကြီးအကဲမေ။ အကြီးအကဲရဲ့ အလုပ်တွေကိုသာ သွားလုပ်ပါ။ ကျွန်တော့်အတွက် စိတ်မပူပါနဲ့"

ချန်ကျီရှင်းက ဘေးရှိ စာအုပ်တစ်အုပ်ကို အသာအယာ ဆွဲယူလိုက်ပြီး စတင်ဖတ်ရှုနေပြီဖြစ်သည်။

“ကောင်းပါပြီလေ... ဒါဆိုရင် တစ်ခုခုလိုရင် ကျွန်တော့်ကို အချိန်မရွေး ခေါ်လိုက်ပါဦး"

အကြီးအကဲမေက ခေါင်းညိတ်ကာ ထွက်ခွာသွားတော့သည်။ ချန်ကျီရှင်းမှာမူ များပြားလှသော တာအိုကျင့်စဉ်များကြားထဲတွင် စိတ်နှစ်ကာ တရားထိုင်ခြင်း အခြေအနေသို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့သည်။

“ခုနစ်ခုမြောက် တာအိုအတွက်ဆိုရင်... လေ၊ မိုး၊ မိုးကြိုးနဲ့ လျှပ်စီးတွေ ပါဝင်တဲ့ အခြေခံဓာတ်ကြီးငါးပါးကနေ စတင်သင့်တာပေါ့...”

ချန်ကျီရှင်းက တိုးတိတ်စွာ ရေရွတ်နေမိသည်။

တစ်ချိန်တည်းမှာပင် အရှေ့ဘက်လျှို့ဝှက်နယ်မြေ၊ ဆယ့်သုံးပြည်နယ်ထဲမှ တစ်ခုဖြစ်သော ဟွိုင်ပြည်နယ်ရှိ နတ်ဘုရားတံခါးမြို့တော်၌ ဧကတစ်ထောင်ခန့် ကျယ်ဝန်းသော လီအိမ်တော်ကြီးတစ်ခုလုံးမှာ ယနေ့တွင် ပျော်ရွှင်စရာ အသံများဖြင့် ပြည့်နှက်နေသည်။ ရထားလုံး သုံးစင်း ပြိုင်တူဝင်နိုင်သော ခန့်ညားသည့် ပင်မတံခါးကြီးတွင် မင်္ဂလာအထိမ်းအမှတ် အလှဆင်မှုများနှင့် အနီရောင် မီးအိမ်များမှာ စီတန်းချိတ်ဆွဲထား၏။

တံခါးနီကြီးပေါ်တွင် မင်္ဂလာဟူသော စာလုံးကြီးနှစ်လုံးကို ထင်ရှားစွာ ကပ်ထားသည်။

လီအိမ်တော် တစ်ခုလုံးမှာ အထက်အောက် ရှုပ်ယှက်ခတ်ကာ အလုပ်များနေကြပြီး လမ်းမပေါ်တွင်လည်း မင်္ဂလာစီတန်းလှည့်လည်ပွဲမှာ နဂါးကြီးတစ်ကောင်အလား ရှည်လျားလှသည်။

အဝေးမှပင်လျှင် စီတန်းလှည့်လည်ပွဲ၏ မောင်းသံ၊ ဗုံသံများနှင့် ယဉ်ကျေးမှု ယမ်းပေါက်ကွဲသံများကို ကြားနေရ၏။ ထို့အပြင် အရပ်မျက်နှာအသီးသီးမှ ဧည့်သည်တော်များ၏ ဆန်းပြားသော ရထားလုံးများမှာ လီအိမ်တော်ရှေ့သို့ ရောက်ရှိလာကြပြီး လက်ဆောင်ပစ္စည်းများကို ပေးအပ်နေကြသည်။

“သခင်ကြီး... နောက်ထပ် မယားငယ်ချောချောလေးတစ်ယောက် ထပ်ယူတာ ဂုဏ်ယူပါတယ်ဗျာ”

“နိဗ္ဗာန်နနယ်ပယ်ကို တက်လှမ်းနိုင်တဲ့ သခင်ကြီးအတွက် အထူးဆုတောင်းပေးပါတယ်။ ထာဝရရှင်သန်ပြီး စည်းစိမ်ချမ်းသာတွေ တိုးပွားပါစေ”

“သခင်ကြီးက အသက်ကြီးပေမယ့် တကယ့်ကို သန်မာပြီး စွမ်းဆောင်နိုင်ရည်ရှိတာပဲ။ အနာဂတ်မှာတော့ တစ်လောကလုံးက သခင်ကြီးရဲ့ အမည်ကို ကြားတာနဲ့တင် သိနေကြတော့မှာပဲ”

ဟွိုင်ပြည်နယ်ရှိ အင်အားကြီးသူ အသီးသီးမှာ ပြုံးရွှင်လျက် ရှားပါးရတနာများကို ပေးအပ်နေကြသည်။

“ဟွိုင်ပြည်နယ် စီကုန်းမိသားစုကနေ ကျောက်စိမ်းနက် ချီလင်သားပေါက် တစ်စုံ ပေးအပ်ပါတယ်”

အခမ်းအနားမှူးက အသက်ကိုပြင်းပြင်းရှူကာ ကျယ်လောင်စွာ ကြေညာလိုက်ချိန်တွင်

လီအိမ်တော်တစ်ခုလုံးမှာ ဟိုးလေးတကျော် ဖြစ်သွားတော့သည်။

ဟွိုင်ပြည်နယ် စီကုန်းမိသားစုဆိုသည်မှာ ဤခေတ်၏ ထိပ်တန်းအင်အားကြီး မိသားစုတစ်ခုပင်။ ယခုအခါ လီသခင်ကြီး၏ မင်္ဂလာပွဲသို့ စီကုန်းမိသားစုက လက်ဆောင်များဖြင့် လာရောက်ခြင်းမှာ လီသခင်ကြီးသည် ဟွိုင်ပြည်နယ်၏ အထက်တန်းလွှာအသစ် ဖြစ်လာပြီဖြစ်ကြောင်း သက်သေပြလိုက်ခြင်းပင်။

“အိုး... ဒီလီသခင်ကြီးကတော့ တကယ်ကို ကံကောင်းတာပဲ။ ၁၀၉ ယောက်မြောက် မယားငယ်ကို ရတာတင်မကဘူး။ နိဗ္ဗာန်နနယ်ပယ်ကိုလည်း ရောက်သွားသေးတယ်။ စီကုန်းမိသားစုနဲ့လည်း အဆက်အသွယ် ရသွားပြီ”

“ဒီလီသခင်ကြီးက တကယ်ကို ဖုံးကွယ်ထားနိုင်တာပဲ။ လွန်ခဲ့တဲ့ ရက်ပိုင်းက လီအိမ်တော် အတိုက်ခိုက်ခံရတာသာ မရှိရင် သူ ဒီလောက်အထိ အင်အားကြီးနေတာကို ဘယ်သူမှ သိမှာမဟုတ်ဘူး”

“ထူးတော့ ထူးဆန်းတယ်ဗျ။ လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက သူက ဝိညာဉ်ပြုစုပျိုးထောင်ခြင်းအဆင့်မှာပဲ ရှိတာလေ။ ဆယ်နှစ်အတွင်းမှာ ဘယ်လိုလုပ်ပြီး နိဗ္ဗာန်နနယ်ပယ်အထိ ခုန်တက်သွားရတာလဲ”

“ဟုတ်ပဗျာ... အဲဒီတုန်းက သူ့ရဲ့ ပါရမီကလည်း သာမန်ပဲရှိတာ။ အခုတော့ မယားငယ် ၁၀၉ ယောက်ရှိပြီး အကုန်လုံးကလည်း အသက် ၁၈ နှစ်အောက်တွေချည်းပဲတဲ့”

“သူ နိဗ္ဗာန်နနယ်ပယ်ကို ရောက်သွားတာကိုတော့ ငါမနာလိုပါဘူး။ မယားငယ် ၁၀၉ ယောက်ရှိတာကိုပဲ တကယ် မနာလိုတာဗျာ”

ဧည့်သည်များမှာ အချင်းချင်း တိုးတိုးတိတ်တိတ်ဖြင့် အံ့သြစွာ ပြောဆိုနေကြသည်။

တစ်ချိန်တည်းမှာပင် ဘေးဘက် အဆောင်တစ်ခုအတွင်း၌ ရှိနေသော လီမိသားစု၏ သခင်ကြီး လီချန်စိမ်းသည် မယားငယ် သုံးဦးက သူ့ကို ဝတ်စားဆင်ယင်ပေးနေသော်လည်း သူ၏စိတ်ထဲတွင်မူ လုံးဝ ပျော်ရွှင်မနေနိုင်ခဲ့ပေ။

“အားလုံး ထွက်သွားကြစမ်း"

လီချန်စိမ်းက လက်ယမ်းပြလိုက်ရင်း တစ်ခုခုကို သတိရသွားဟန်ဖြင့် “ဒီနေ့က ငါ့ရဲ့ မင်္ဂလာပွဲကြီးပဲ။ ငါတို့မိသားစုရဲ့ ရိုးရာထုံးတမ်းစဉ်လာတွေကို သားသမီးမြေးမြစ်တွေကို ပြောပြဖို့ မမေ့ကြနဲ့ဦး” ဟု မှာလိုက်သည်။

လှပနုပျိုသော ဇနီးငယ်များမှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ ပြုံးလျက် ပြန်ဖြေကြသည်

“စိတ်မပူပါနဲ့ ယောက်ျားရယ်။ ယောက်ျားရဲ့ မိသားစုစည်းကမ်းတွေကို ကျွန်မတို့ နေ့တိုင်း ရွတ်ဖတ်နေတာပဲ။ ဘယ်လိုလုပ် မေ့ပါ့မလဲ”

“ကဲ... ရွတ်ပြကြစမ်း"

လီချန်စိမ်းက ပြောလိုက်သည်။

“မိဘအပေါ် မသိတတ်ခြင်း သုံးမျိုးထဲမှာ သားသမီးမြေးမြစ် မရှိတာက အကြီးမားဆုံး အပြစ်ပဲ”

“ကျွန်မတို့ လီမျိုးနွယ်စုက စည်ပင်ထွန်းကားပြီး သားသမီးမြေးမြစ်တွေ ဝေေဝဆာဆာနဲ့ ပြန့်ပွါးနေရမယ်”

“အိမ်ထောင်ပြု သားမွေးပြီး မသိမသာ အင်အားချဲ့ထွင်ခြင်းက ကျွန်မတို့ လီမျိုးနွယ်စုရဲ့ အကြီးမားဆုံး ပန်းတိုင်ပဲ”

ဤစကားများကို ကြားရမှ လီချန်စိမ်း၏ မျက်နှာမှာ အနည်းငယ် ပြေလျော့သွားပြီး ခေါင်းညိတ်ပြကာ မယားငယ်များကို အပြင်သို့ ထွက်ခွာစေလိုက်သည်။

အားလုံး ထွက်သွားပြီးနောက် လီချန်စိမ်းသည် ဝိုင်တစ်ခွက်ကို တစ်ဦးတည်း မော့လိုက်ပြီး နှုတ်ခမ်းကို သပ်လျက် သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။

“အခုရမယ့် ထျန်းရွှမ်းတာအိုဂိုဏ်းက သူတော်စင်မလေးကတော့ ငါ့အတွက် ပါရမီရှင် သားသမီးကောင်းလေးတွေ မွေးပေးနိုင်ပါစေလို့ပဲ ဆုတောင်းရတော့မှာပဲ"

လီချန်စိမ်းက တိုးတိတ်စွာ ရေရွတ်ရင်း အဝေးမှ ဗုံသံ၊ မောင်းသံများကို နားထောင်ကာ မျှော်လင့်ချက်အပြည့်ဖြင့် စောင့်စားနေတော့သည်။

သူ့အမည်က လီချန်စိမ်းဖြစ်ပြီး သာမန် ကျင့်ကြံခြင်းမိသားစုလေးတစ်ခုမှာ မွေးဖွားခဲ့သူ ဖြစ်သည်။ ကျင့်ကြံခြင်းမိသားစုဟု ဆိုသော်လည်း သာမန်လူသားများနှင့် သိပ်မခြားနားလှပေ။ သူ၏ မိခင်မှာ ခန္ဓာကိုယ်ကျင့်ကြံခြင်းအဆင့်သာရှိပြီး ဖခင်မှာမူ အနည်းငယ်သာလွန်ကာ ဝိညာဉ်ပြုစုပျိုးထောင်ခြင်းအဆင့်အထိသာ ရောက်ရှိခဲ့သည်။ ကျင့်ကြံခြင်းလောကတွင်တော့ သူတို့မှာ အောက်ခြေလူတန်းစားများသာ ဖြစ်ကြ၏။

ချန်စိမ်းထာဝရရှင်သန်ခြင်းဟု အမည်ပေးထားသော်လည်း လီချန်စိမ်း၏ ပါရမီမှာ ငယ်ငယ်ကတည်းက သေဆုံးသွားသော မိဘများထက်ပင် ညံ့ဖျင်းနေခဲ့သည်။ အကြိမ်ပေါင်းများစွာ စမ်းသပ်စစ်ဆေးသော်လည်း သူ၏ပါရမီမှာ ရှေးဦးပုံရိပ်တစ်ခုတည်းသာ ရှိသည့် သနားစရာအဆင့်သာ ဖြစ်သည်။ သူ မွေးဖွားပြီး မကြာမီမှာပင် သူ၏မိဘများမှာ နတ်ဘုရားခရီးစဉ်အဆင့် ကျင့်ကြံသူနှစ်ဦး တိုက်ခိုက်သည်ကို သွားရောက်ကြည့်ရှုရာမှ ဘေးထွက်ဒဏ်ချက်များကြောင့် အသက်ဆုံးပါးသွားခဲ့ကြသည်။

လီချန်စိမ်း၏ ပထမဆုံး အသက် ၃၀ အတွင်းမှာတော့ ဂိုဏ်းအသီးသီးသို့ ဝင်ရောက်နိုင်ရန် ကြိုးစားရင်း အသည်းအသန် ကျင့်ကြံခဲ့ရသည်။ သို့သော် အကြိမ်ပေါင်းများစွာ ငြင်းပယ်ခံရပြီး အစေခံအဖြစ်ပင် ဝင်ခွင့်မရခဲ့သဖြင့် လီချန်စိမ်းမှာ စိတ်ဓာတ်ကျခဲ့ရ၏။

အချိန်တွေက မြန်ဆန်လှသည်။ လီချန်စိမ်း အသက် ၁၀၀ ပြည့်ချိန်တွင် သူ၏ ကျင့်ကြံမှုမှာ ဝိညာဉ်ပြုစုပျိုးထောင်ခြင်း အဆင့်သို့ပင် မရောက်တရောင်သာ ရှိသေးသဖြင့် သူသည် နောင်တများစွာဖြင့် သေဆုံးရန်သာ ပြင်ဆင်နေခဲ့သည်။

သို့သော်လည်း တစ်ညတွင် သားသမီးများလေ၊ ကံကောင်းလေဟု အမည်ရသော ထူးဆန်းသည့် ရှေးဟောင်းကျင့်စဉ်တစ်ခုမှာ သူ၏စိတ်ထဲသို့ ရုတ်တရက် ရောက်ရှိလာခဲ့သည်။ ဤကျင့်စဉ်မှာ အဓိပ္ပာယ်မရှိလောက်အောင် ထူးခြားလှသည်။

အဘယ်ကြောင့်ဆိုသော် ၎င်းသည် ကိုယ်တိုင်ကျင့်ကြံရန် မလိုဘဲ အိမ်ထောင်ပြုပြီး သားသမီးများများ မွေးနိုင်လေလေ ထိုသားသမီးများ၏ ပါရမီနှင့် စွမ်းအားများကို သူက ရရှိလေလေ ဖြစ်သောကြောင့်ပင်။

ထို့ကြောင့်ပင် သစ်ဆွေးပင်က ပန်းပွင့်လာခဲ့ကာ အသက် ၁၀၀ အရွယ်တွင် လီချန်စိမ်းသည် သူ၏ ရှိသမျှ ပိုင်ဆိုင်မှုအားလုံးကို သုံးစွဲကာ တစ်ညတည်းနှင့် အမျိုးသမီး ၁၀ ဦးကျော်ကို လက်ထပ်လိုက်သည်။

သူ၏ ညစဉ်ညတိုင်း မနားမနေ ကြိုးစားမှုကြောင့် ကောင်းကင်ဘုံက သူ၏ ဝီရိယကို အသိအမှတ်ပြုခဲ့ပုံပင်။ ထိုအမျိုးသမီး ၁၀ ဦးကျော်မှာ ဆက်တိုက်ဆိုသလို ကိုယ်ဝန်ရရှိခဲ့ကြပြီး ကံကောင်းထောက်မစွာဖြင့် ရှေးဦးပုံရိပ်ခြောက်ခုပါသော ကလေးတစ်ဦးကို မွေးဖွားလာခဲ့သည်။

ထိုအချိန်မှစ၍ လီချန်စိမ်း၏ ပါရမီမှာ တစ်ခုတည်းမှ ခြောက်ခုအထိ ရုတ်တရက် မြင့်တက်သွားခဲ့သည်။ ပါရမီ မြင့်တက်လာခြင်းနှင့်အတူ ယခင်က ရပ်တန့်နေသော သူ၏ ကျင့်ကြံမှုမှာလည်း လျင်မြန်စွာ တိုးတက်လာခဲ့သည်။

ခြောက်လအတွင်းမှာပင် ဝိညာဉ်ပြုစုပျိုးထောင်ခြင်း အဆင့်၏ အသေးစား အဆင့် ၉ ဆင့်လုံးကို ကျော်ဖြတ်ကာ ဟင်းလင်းပြင်ကူးပြောင်းခြင်းအဆင့်သို့ တစ်ဟုန်ထိုး ရောက်ရှိသွားခဲ့တော့သည်။

ဤသည်မှာ လီချန်စိမ်းကို အလွန်အမင်း စိတ်လှုပ်ရှားစေခဲ့ပြီး သူ၏ဘဝတစ်ခုလုံးကို အိမ်ထောင်ပြု သားမွေးသည့် အလုပ်၌သာ အာရုံစိုက်ရန် ဆုံးဖြတ်စေခဲ့သည်။

[သားသမီးများလေ ကံကောင်းလေ]

သူ မွေးဖွားလိုက်သော သားသမီးများက အင်အားကြီးလေလေ သူက ပို၍ အင်အားကြီးလေလေ ဖြစ်သည်။ သားသမီးများ၏ ပါရမီက သူ့ကို ခွန်အားပေးနိုင်ရုံသာမက သူ၏ သားသမီးများမှ ဆင်းသက်လာသော မြေးမြစ်များ၏ ကျင့်ကြံမှုအဆင့်များကလည်း သူ့ထံသို့ အရှိန်အဝါများ ပြန်လည်သက်ရောက်စေသည်။

ထို့ကြောင့်ပင် ဆယ်နှစ်အတွင်းမှာပင် သူ၏ သားသမီးမြေးမြစ်များမှာ အဆမတန် တိုးပွားလာခဲ့ပြီး သူ၏ ကျင့်ကြံမှုမှာလည်း မယုံနိုင်လောက်အောင် ခုန်တက်သွားခဲ့သည်။

ဆယ်နှစ်တိုတိုအတွင်းမှာတင် သူသည် သေအံ့ဆဲဆဲ အသက် ၁၀၀ အရွယ် အဖိုးအိုတစ်ဦးမှသည် ယခုခေတ်၏ ထိပ်တန်းကျင့်ကြံသူကြီး နိဗ္ဗာန်နနယ်ပယ် အရှင်သခင်ကြီးတစ်ဦးအဖြစ်သို့ လုံးဝ အသွင်ပြောင်းလဲသွားခဲ့သည်။

All Chapters