သီချင်းဆုံးသည်နှင့် သူတို့ထွက်သွားသည် ...
Vol. 19 Ch. 257
ထျန်းရှဲ့ကျီ မျက်နှာအမူအရာက မည်းမှောင်နေဆဲဖြစ်သည်။ သူသည် ရွာ၏ ဂိတ်တံခါးအနီးသို့ နီးကပ်လာသော်ငြား အရှိန်မလျော့ခဲ့ပေ။ တံခါးထဲသို့ ထျန်းရှဲ့ကျီ ခြေလှမ်းလိုက်ချိန်တွင် နောက်မှလိုက်ပါလာသော စုမင်မျက်လုံးများ ကျဉ်းမြောင်းသွားရသည်။ ဂိတ်တံခါးသည် တွန့်လိမ် ပုံပျက်နေသည်မှာ သူတို့ကရွာသားများကိုပင် သတိပေးနေစရာမလိုပဲ အခြားတစ်ဖက်သို့ချက်ချင်း ရောက်သွားသကဲ့သို့ပင်။ ထို့နောက်တွင် ထျန်းရှဲ့ကျီ၏ လမ်းလျှောက်နှုန်းက နှေးကျသွားခဲ့သည်။
စုမင်လည်း နောက်မှလိုက်ပြီး ရွာထဲသို့ လျှောက်ဝင်သွားလိုက်သည်။ သူတို့နှစ်ဦး အတွင်းသို့ရောက်ချိန်တွင် စုမင်ပြန်လှည့်ကြည့်မိရာ ဂိတ်တံခါးသည် ပုံမှန်အခြေအနေသို့ ပြန်လည်ပြောင်းလဲသွားပြီဖြစ်ကြောင်း တွေ့လိုက်ရ၏။
ဤနေရာသို့ ထျန်းရှဲ့ကျီ ပထမဆုံးအကြိမ်ရောက်ဖူးခြင်းမဟုတ်သည်မှာ အရှင်းအလင်းပင်ဖြစ်သည်။ ဤအချိန်တွင် မျိုးနွယ်စုအတွင်းမှ လူအများစုသည် နက်ရှိုင်းစွာအိပ်မောကျနေချေပြီ။ မိုးရွာသွန်းနေသဖြင့် သူတို့ပတ်ဝန်းကျင်၌ မီးပုံများလည်းမတွေ့ရပေ။ ဤတိတ်ဆိတ်မှုထဲတွင် မိုးရွာနေသံနှင့် ရံဖန်ရံခါ မိုးခြိမ်းသံများမှလွဲ၍ အခြားကြားနေရသော အသံတစ်သံသည် ထပ်ခါတလဲလဲမြည်ဟည်းနေသည့် ထိုအက်ကွဲသံပင်ဖြစ်သည်။
ထိုအသံသည် ထျန်းရှဲ့ကျီ၏ လမ်းကြောင်းကို ဦးဆောင်လမ်းပြနေသကဲ့သို့ပင် သူသည် ဗွက်အိုင်များကိုနင်းလျက် ရွာကိုဖြတ်လျှောက်လာခဲ့သည်။ သူတို့ တဖြည်းဖြည်းနှင့် အိမ်များကိုကျော်လာချိန်တွင် သူ့အရှေ့ရှိ သာမန်သားရဲအရေတဲလေးတစ်လုံးဆီမှ မီးရောင်ထွန်းလင်းနေသည်ကို စုမင်တွေ့လိုက်ရ၏။
ဤသည်မှာ စုမင်၏ နက်မှောင်တောင်မျိုးနွယ်စုနှင့် အရွယ်အစားချင်း တူညီလုနီးပါး မျိုးနွယ်စုငယ်လေးတစ်ခုဖြစ်သည်။ ဤကဲ့သို့သော မျိုးနွယ်စုငယ်လေးများသည် တောင်ပိုင်းအရုဏ်ဦး ကုန်းမြေတွင် မရေမတွက်နိုင်လောက်အောင် များပြားစွာရှိပေသည်။
ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ပြီးနောက် မီးရောင်လင်းနေသော တဲဆီသို့ စုမင် အကြည့်ကျရောက်သွားသောအခါ အရိုးအချင်းချင်း ပွတ်တိုက်မှုကြောင့် ဖြစ်ပေါ်နေပုံပေါ်သည့် အက်ကွဲသံများကို သူကြားလိုက်ရသည်။ ထျန်းရှဲ့ကျီသည် တဲဆီသို့လျှောက်သွားပြီး သားရေချပ်ကိုမကာ အထဲသို့ လျှောက်ဝင်သွားသည်။ စုမင်လည်း သူ့နောက်မှလိုက်ကာ တဲအတွင်းဝင်သွားမိသည်။ ထိုသို့ ဝင်လိုက်သည်နှင့် သူ့မျက်စိထဲသို့ ပထမဆုံးဝင်လာသောအရာသည် ဤတဲသေးသေးလေးအတွင်းတွင်ရှိနေသည့် များပြားလှသောအရိုးများပင်ဖြစ်သည်။
တဲထဲတွင် အရိုးများအပြင် ကျောက်တုံးအချို့လည်းရှိပြီး ဤအရာအများစုသည်တော့ ရွှင်းတူရိယာများအဖြစ် ပြောင်းလဲခံထားရချေသည်။
ဤမျှများပြားသော ရွှင်းများအား စုမင်ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ ထို့အပြင် တောင်ပိုင်းအရုဏ်ဦး ကုန်းမြေတွင် ရွှင်းတစ်ခုကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းလည်းဖြစ်သည်။
တုန်လှုပ်ချောက်ချားမှုတစ်ခုသည် စုမင်ကျောရိုးတစ်လျှောက် ပျံ့နှံ့သွားသည်။ ထိုရွှင်းများထံမှ သူအကြည့်ပြန်လွှဲလိုက်သောအခါ စုမင်အကြည့်သည် တဲအတွင်းရှိ အဘိုးအိုတစ်ဦးအပေါ်သို့ ကျရောက်သွားခဲ့သည်။
အဘိုးအို၏ ဆံပင်များက ဖြူဖွေးနေပြီး သူသည် သားရဲအရေများကို ဝတ်ဆင်ထားသော်လည်း ခန္ဓာကိုယ်အပေါ်ပိုင်းကိုမူ ဗလာကျင်းထားသည်။ သူသည် တဲအတွင်း ထိုင်နေရင်းဖြင့် လက်ထဲတွင် သားရဲအရိုးတစ်ခုကို ကျောက်ပြားအချပ်လေးဖြင့် ပွတ်တိုက်နေလေသည်။
ဤသားရဲအရိုး၏ ပုံစံသည် သူပြုလုပ်လိုသော အရိုးရွှင်းနှင့် မကိုက်ညီသဖြင့် မလိုအပ်သောအပိုင်းများကို ပွတ်တိုက်ဖယ်ရှားပစ်နေသကဲ့သို့ပင်။
မည်းမှောင်နေသော မျက်နှာအမူအရာနှင့်ထျန်းရှဲ့ကျီသည် ထိုအဘိုးအိုကိုကြည့်လိုက်ပြီး သူ့ရှေ့တည့်တည့်ရောက်သည်အထိ လျှောက်သွားကာ ထိုင်ချလိုက်သည်။ ထို့နောက် သူ့အကြည့်သည် အဘိုးအို၏လက်အတွင်းမှ ကျောက်ပြားနှင့်ပွတ်တိုက်နေဆဲဖြစ်သော သားရဲအရိုးထံရောက်ရှိသွားသည်။
အဘိုးအိုက အေးဆေးတည်ငြိမ်နေပေသည်။ သူ့အာရုံများအားလုံးသည် သူ့လက်များအတွင်းရှိ အရိုးပေါ်တွင်သာရောက်ရှိနေပြီး ထျန်းရှဲ့ကျီ၏ ရောက်ရှိလာမှုကိုသော်လည်းကောင်း၊ စုမင်၏ တည်ရှိမှုကိုသော်လည်းကောင်း သတိမပြုမိသကဲ့သို့ပင်ဖြစ်သည်။
သူသည် ထိုနေရာတွင်သာ တည်တည်ငြိမ်ငြိမ်ထိုင်လျက် အရိုးကိုပွတ်တိုက်နေချေသည်။ တဲအတွင်းတွင် အက်ကွဲသံများပဲ့တင်ထပ်နေသည်။ အသံတချို့ဆိုလျှင် လေထဲသို့ပါပျံ့လွင့်သွားပြီး အချိန်အတော်ကြာမြင့်အောင် ပဲ့တင်ထပ်နေတတ်သေး၏။
အချိန်များ ကုန်ဆုံးသွားသလို စုမင်၏ မျက်လုံးများသည် အဘိုးအိုလက်ထဲရှိ ရွှင်းထံမှ မခွာခဲ့ပေ။ အဆက်မပြတ် ပွတ်တိုက်မှုအောက်တွင် အရိုး၏ထောင့်ချိုးများက တဖြည်းဖြည်းလုံးဝန်းလာသည်ကို သူတွေ့လိုက်ရသည်။
ထျန်းရှဲ့ကျီသည် စကားတစ်ခွန်းမှ မပြောခဲ့ပေ။ သူသည်လည်း အဘိုးအိုကိုသာ စောင့်ကြည့်နေခဲ့ပြီး သူ့မျက်နှာထက်တွင် ပြောင်းလဲမှုများ စတင်ပြလာသည်။ တစ်ခါတစ်ရံတွင် သူ့မျက်နှာအမူအရာက လေးနက်သွားပြီး အခြားအချိန်များတွင်တော့ တစ်စုံတစ်ရာကိုနားလည်သဘောပေါက်သည့် အမူအရာမျိုးရှိနေကာ ရံဖန်ရံခါတွင်တော့ သူ့မျက်နှာထက်၌ ရှုပ်ထွေးသောအမူအရာများ ပေါ်လာတတ်သည်။
တဲအပြင်ဘက်တွင် မိုးကပိုသည်းလာခဲ့သည်။ ကောင်းကင်တွင် မိုးခြိမ်းသံများလည်း ရံဖန်ရံခါ မြည်ဟည်းနေပြီး တစ်ခါတစ်ရံတွင် လျှပ်စီးများကြောင့် ကောင်းကင်တစ်ခွင်လုံးပင် လင်းထိန်သွားတတ်သည်။
အဘိုးအို၏ အာရုံစူးစိုက်နိုင်စွမ်းသည် စုမင်ကိုပင် နားလည်သဘောပေါက်မှုအခြေအနေတစ်မျိုးသို့ ရောက်ရှိသွားစေသည်။ သူ မည်သည့်အချိန်တည်းက ဘေးတွင်ထိုင်ချမိပြီး ကျောက်ပြားချပ်ဖြင့် အရိုးအားပွတ်တိုက်နေသည်ကို ထိုင်ကြည့်နေမိမှန်း မသိတော့ပေ။ ထိုအခိုက်အတန့်တွင် ပိုင်စု နဝမတောင်ထွတ်သို့ လာနေကတည်းက မရရှိခဲ့ဖူးသော တည်ငြိမ်အေးချမ်းမှုကို ရရှိလိုက်လေသည်။
ဤအချိန်တွင် စုမင်သည် အရိုးကိုသာ အေးဆေးတည်ငြိမ်စွာ စိုက်ကြည့်နေပြီး မိမိကိုယ်ကိုပင်မေ့လျော့နေသည့် အခြေအနေသို့ ရောက်ရှိနေခဲ့သည်။ သူ့မျက်လုံးများထဲတွင် ကျောက်ပြားချပ်ဖြင့် ပွတ်တိုက်နေသောအရိုးကိုသာ မြင်နေချေသည်။ အဘိုးအို၏ဘေးတွင် ထိုင်နေရင်းဖြင့် ထျန်းရှဲ့ကျီ၏ ခန္ဓာကိုယ်ပေါ်မှ အဝတ်အစားများက ပြောင်းလဲနေပုံပေါ်နေသည်ကိုပင် စုမင်မမြင်ခဲ့ပေ။
ထိုပြောင်းလဲမှုသည် ခဏတာသာ ဖြစ်ပျက်သွားပြီး ၎င်း၏မူလအခြေအနေသို့ ပြန်လည်ပြောင်းလဲသွားသဖြင့် သေချာဂရုစိုက်ကြည့်ခြင်းမရှိလျှင် မည်သူမှထိုအရာကို ရှင်းရှင်းလင်းလင်းမြင်လိုက်လိမ့်မည်မဟုတ်ပေ။
အချိန်များ ကုန်ဆုံးသွားသည်။ အချိန်မည်မျှကုန်ဆုံးသွားမှန်း သူတို့မသိသော်လည်း နောက်ဆုံးတော့ အဘိုးအို၏ ကျောက်ပြားဖြင့်အရိုးအား ပွတ်တိုက်နေခဲ့ခြင်းက ရပ်တန့်သွားလေသည်။ သူရပ်တန့်သွားသောအခါ စုမင်စိတ်သည်လည်း ရုတ်တရက်ထိတ်လန့်သွားပြီး ပြန်လည်အသိဝင်လာခဲ့သည်။ အဘိုးအိုသည် အရိုးအားစစ်ဆေးနေဟန်ဖြင့် မြှောက်ကိုင်ထားပြီးကြည့်နေသည်ကို သူတွေ့လိုက်ရသည်။
အချိန်အတော်ကြာပြီးနောက်တွင် အဘိုးအိုသည် အရိုး၏ အနေအထားကိုပြောင်းလိုက်ပြီး ကျောက်ပြားဖြင့်ဆက်ကာ ပွတ်တိုက်လိုက်သည်။
ထျန်းရှဲ့ကျီ၏ စိတ်ရှုပ်ထွေးနေသော မျက်နှာအမူအရာက ပိုမိုနက်ရှိုင်းလာခဲ့သည်။ အချိန်အတော်ကြာပြီးနောက်တွင်တော့ သက်ပြင်းရှည်ကြီးတစ်ခုကိုချလိုက်ရင်း ထရပ်လိုက်လေသည်။
သူထရပ်လိုက်ချိန်မှာပင် အဘိုးအိုကလည်း ရပ်တန့်သွားခဲ့သည်။ သူ့လက်ထဲရှိ အရိုးကိုနောက်တစ်ကြိမ် မြှောက်ကြည့်လိုက်ချိန်တွင်တော့ ထိုအရိုးသည် ရွှင်းတစ်ခု ဖြစ်နေခဲ့ချေပြီ။ ထိုရွှင်းတွင် အပေါက်ငယ်လေးများ များစွာရှိသည်။ သူသည် ထိုရွှင်းကို တစ်ချက်စစ်ဆေးကြည့်ရှုပြီးသည်နှင့် ထျန်းရှဲ့ကျီအားမကြည့်ပဲ စုမင်ကိုမော့ကြည့်လာချေသည်။
ဤသည်မှာ ရေကဲ့သို့ငြိမ်းချမ်းသော အကြည့်တစ်ခုဖြစ်သည်။ ထိုမျက်လုံးများထဲတွင် အဆုံးမရှိသောအသိပညာများ ပါရှိနေပုံပေါ်ပြီး ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတို့နောက်ကွယ်ရှိ အမှန်တရားကိုပင် မြင်နေရပုံပေါ်ကာ ကမ္ဘာပေါ်ရှိအရာအားလုံးကို သိရှိနားလည်နေသကဲ့သို့ပင် ...
ထိုမျက်လုံးများထဲတွင် ကြင်နာမှု၊ ငြိမ်းချမ်းမှု၊ အေးချမ်းမှုများနှင့် အလင်းရောင်တစ်မျိုးတို့ ရှိနေခဲ့ပြီး အကြည့်နှင့် ဆုံလိုက်မိချိန်တွင် စုမင်သည်ပင် တည်ငြိမ်အေးချမ်း သွားခဲ့ရလေသည်။
အဘိုးအိုက ညာလက်ကိုမြှောက်ကာ အရိုးရွှင်းကို စုမင်ထံလှမ်းပေးလာသည်။
စုမင် ငြိမ်သက်စွာရပ်ရင်း အဘိုးအိုလက်ထဲမှ သာမန်ပုံစံ အရိုးရွှင်းကို လေးလေးစားစား လှမ်းယူလိုက်သည်။ အဘိုးအိုဆီမှ ရွှင်းကိုလက်ခံလိုက်ရသည့်အချိန်မှာပင် သူ့ထံကြည့်လာသော အဘိုးအို၏အကြည့်နောက်ကွယ်မှ အဓိပ္ပာယ်ကို စုမင်ရုတ်တရက်နားလည်သွားရ၏။ အဘိုးအိုသည် စုမင်အား ဤရွှင်းကို တီးမှုတ်စေလိုခြင်းဖြစ်သည်။
စုမင် အရိုးရွှင်းကို ကိုင်ထားရင်း မည်သို့စကားမှမဆိုပဲ နောက်သို့ခြေလှမ်း အနည်းငယ်ဆုတ်လိုက်ကာ မြေပြင်ထက်တွင် ထိုင်ချလိုက်ပြီး လက်ထဲမှရွှင်းကို ငေးစိုက်ကြည့်လိုက်မိသည်။ ပြင်ပမှ မိုးရွာနေသံများက ပိုမိုပြင်းထန်လာပြီး မိုးခြိမ်းသံများသည်လည်း အဆက်မပြတ် စတင်မြည်ဟည်းလာကြသည်။
စုမင် မျက်လုံးများကိုမှိတ်လိုက်ပြီး အရိုးရွှင်းကိုပါးစပ်တွင်တေ့လျက် ညင်ညင်သာသာ စတင်တီးမှုတ်လိုက်သည်။
သူသည် မူလက သီချင်းများကို ရွှင်းဖြင့်မည်သို့ တီးခတ်ရမည်မှန်း မသိခဲ့ပေ။ သို့သော် လွန်ခဲ့သောနှစ်များ တစ်လျှောက်တွင် သူတစ်ယောက်တည်းရှိနေပြီး သူ့အိမ်ကိုလွမ်းမိသည့် အချိန်များတွင် ထိုအသံမထွက်တော့သော ကျိုးပဲ့နေသည့်ရွှင်းလေးသည်သာ သူ့အပေါင်းအဖော်အဖြစ် ရှိနေခဲ့ခြင်းဖြစ်သည် ...
သူသည် ထိုအသံမထွက်သော ရွှင်းအား ညပေါင်းများစွာ တစ်ဦးတည်း ငြိမ်သက်စွာတီးမှုတ်လေ့ရှိပြီး သီချင်းတေးသွားများကို သူ့စိတ်ထဲ၌ ပြန်လည်ကြားယောင်နေလေ့ရှိသည်။
အထီးကျန်ဆန်သည့် အရိပ်အယောင်တစ်ခုပါဝင်နေသော တေးညည်းသံများသည် စုမင်ပါးစပ်ရှိရွှင်းထံမှ ထွက်ပေါ်လာကာ တဲပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်နေခဲ့ပြီးနောက် လေထဲသို့လွင့်မျောပြန့်ကျဲသွားကြသည်။
ထိုအချိန်တွင် ပြင်ပမှ မိုးခြိမ်းသံများသည်လည်း တိတ်ဆိတ်သွားကာ သည်းထန်နေသောမိုးသည်ပင် ညင်ညင်သာသာ ရွာကျလာသကဲ့သို့ပင်။ မိုးရွာသံများသည် ရွှင်းထံမှ တေးသံနှင့် ပေါင်းစပ်သွားပြီး တမ်းတသောတေးသံတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
စုမင်၏ ဤ တစ်မျိုးတည်းသော ရွှင်းအသံအား ပြုလုပ်နေခြင်းသည် သူ့မှတ်ဉာဏ်များထဲမှ သီချင်းအား တီးခတ်နေခြင်းဖြစ်သည်။ တေးသံကိုပြုလုပ်နေသော သူ့ပါးစပ်မှဝင်လေထွက်လေများသည် ရွှင်းအတွင်းတွင် လှုပ်ရှားနေသလို သူ့နှလုံးသားသည်လည်း အလားတူလှုပ်ရှားနေချေသည်။
ထိုခံစားချက်သည် ကုန်လွန်သွားခဲ့သော အတိတ်အချိန်များမှ အရာတို့ကို ပြန်လည်သတိရတမ်းတမှုတစ်မျိုး ဖြစ်သည်။
ထိုတေးသံသည် ဘယ်သောအခါမျှ ပြောင်းလဲသွားမည့်ပုံ မပေါ်ပေ။ ထိုအရာသည် ရိုးရှင်းသော သီချင်းနုတ်ကလေးတစ်ခုသာ ဖြစ်သော်လည်း ၎င်း၏ အတက်အကျများထဲတွင် အထီးကျန်မှုများ လွမ်းဆွတ်မှုများ ပါဝင်နေခဲ့သည်။
ဤအသံသည် ချစ်သူတစ်ဦးမှ ဝမ်းပန်းတနည်း ငိုကြွေးနေသကဲ့သို့၊ မျိုးနွယ်စုဝင်များက သူတို့မျက်လုံးများရှိ မျက်ရည်များကိုသုတ်လျက် တစ်စုံတစ်ဦးအား အော်ဟစ်နေကြသကဲ့သို့၊ ငယ်သူငယ်ချင်းတစ်ဦးသည် လက်သီးတင်းတင်းဆုပ်လျက် ဒေါသတကြီး အော်ဟစ်နေသကဲ့သို့ပင် ...
ထျန်းရှဲ့ကျီသည် မျက်လုံးမှတ်လျက် ရွှင်းမှတေးသံကို ငြိမ်သက်စွာ နားထောင်နေခဲ့သည်။ ထိုတေးသံကို နားထောင်နေရင်းဖြင့် သူ့မျက်နှာထက်မှ အေးစက်နက်မှောင်နေသော အမူအရာသည်လည်း ပျောက်ကွယ်သွားခဲ့ရသည်။
အဘိုးအိုသည်လည်း မျက်လုံးများကိုမှိတ်ထားပြီး သူ့အမူအရာက တည်ငြိမ်အေးချမ်းနေလေသည်။
ဤသည်မှာ အလွန်ရှည်လျားသော သီချင်းတစ်ပုဒ်ဖြစ်သည်။ ၎င်းတွင် နာမည်ရှိနိုင်သော်လည်း စုမင်ကတော့ ထိုနာမည်ကိုမသိပေ။ ဤသီချင်းကို သူ့မှတ်ဉာဏ်များထဲတွင် အကြိမ်ကြိမ်တီးမှုတ်ခဲ့သော်လည်း ဤတစ်ကြိမ်သည်တော့ ရွှင်းတစ်ခုဖြင့် အမှန်တကယ်တီးမှုတ်ရခြင်း ဖြစ်သည်။
သို့သော် ... ဤရွှင်းက သူ့ဟာမဟုတ်ပေ။ ဤရွှင်းဖြင့် တီးမှုတ်လိုက်သော သီချင်းထဲတွင် သူ့ဝိညာဉ်၊ သူ့အမှတ်တရများ ပါဝင်နေသော်လည်း ... အိမ်ဟူသော ခံစားချက်တော့ ကင်းမဲ့နေချေသည်။
သီချင်း ပြီးဆုံးသွားပြီ ...
စုမင် မျက်လုံးများကို ပြန်ဖွင့်ကာ လက်ထဲမှအရိုးရွှင်းကို ငေးကြည့်လိုက်မိသည်။ သူ့မျက်လုံးများထဲတွင် နားလည်သဘောပေါက်မှုများ ဖြစ်ပေါ်လာပြီး မတ်တတ်ထရပ်လိုက်ကာ ထိုရွှင်းကို အဘိုးအိုထံသို့ လေးလေးစားစား ပြန်ပေးလိုက်သည်။
အဘိုးအို၏ မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ သူက စုမင်ကို ကြင်ကြင်နာနာကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။
ထျန်းရှဲ့ကျီ၏ မျက်လုံးများလည်း ပြန်ပွင့်လာခဲ့သည်။ သို့သော် သူသည် အဘိုးအိုကို စကားတစ်ခွန်းမှ မပြောပဲ မတ်တတ်ထရပ်ကာ အပြင်သို့ လျှောက်လှမ်းထွက်ခွာသွားလေသည်။
အဆုံးထိအောင်ပင်၊ ထျန်းရှဲ့ကျီနှင့် အဘိုးအိုသည် တစ်ဦးနှင့်တစ်ဦး စကားမပြောခဲ့သော်လည်း အမှန်တကယ်တွင် ထိုနှစ်ဦးသည် စုမင်သီချင်းသံမှတစ်ဆင့် စကားလုံးထောင်ပေါင်းများစွာ ပြောဆိုခဲ့ပြီးဖြစ်သည်ကို စုမင်သိနေခဲ့၏။
ထျန်းရှဲ့ကျီထွက်သွားသောအခါ စုမင်လည်း ခဏတာတွန့်ဆုတ်နေပြီး သူ့နောက်မှလိုက်ပါသွားလိုက်ကာ သူတို့နှစ်ဦးသည် တဲအတွင်းမှထွက်ခွာသွားခဲ့ကြသည်။ ကောင်းကင်မှ မိုးသည် သည်းထန်စွာရွာသွန်းနေပြီး မိုးရေစက်များက သူတို့ခန္ဓာကိုယ်များနှင့် မြေပြင်ပေါ်ရှိ ဗွက်အိုင်များထဲသို့ ကျဆင်းလာကြသည်။
သူတို့နှစ်ဦး တဲနှင့် ပေတစ်ဒါဇင်ခန့် အဝေးသို့ရောက်ချိန်တွင် စုမင်ခြေလှမ်းများက ရုတ်တရက်ရပ်တန့်သွားသည်။ သူ့အကြည့်ထဲတွင်လည်း တွန့်ဆုတ်နေဟန်များ မရှိတော့ပဲ စိတ်ပိုင်းဖြတ်ပြီးဟန်များသာ ရှိနေတော့သည်။
သူရပ်သောအခါ ထျန်းရှဲ့ကျီကလည်း သူနှင့်အတူရပ်တန့်သွားခဲ့၏။ သို့သော် သူသည်စုမင်ကိုတော့ လှည့်မကြည့်ခဲ့ပေ။
စုမင် ထျန်းရှဲ့ကျီကို ဦးညွှတ်လိုက်ပြီး ယခုလေးတင်ထွက်ခွာလာသော တဲဆီသို့ ပြန်လှည့်ကာ လျှောက်သွားလိုက်သည်။ ထို့နောက် သားရေချပ်ကိုမလျက် အတွင်းသို့ ဝင်ရောက်သွားလိုက်သည်။
စုမင် တဲအတွင်းသို့ လျှောက်ဝင်လာသောအခါ အတွင်း၌ ထိုင်နေသောအဘိုးအိုက တည်ငြိမ်စွာလှမ်းကြည့်လာခဲ့သည်။
“ဆရာ ... မင်း ဒါကိုပြင်ပေးနိုင်မလား”
ရင်ဘတ်အတွင်းမှ သူ့အရိုးရွှင်းကို စုမင်ထုတ်ယူလိုက်သည်။ ဤရွှင်းတွင် အိမ်ဟူသောခံစားချက်မျိုး ရှိနေပေသည်။ ၎င်းတွင် အက်ကြောင်းများစွာရှိနေပြီး မည်သည့်အသံမှမပြုလုပ်နိုင်တော့ပေ။ စုမင် ထိုအရာကို အဘိုးအိုရှေ့သို့ချပေးလိုက်သည်။
အဘိုးအိုအကြည့်က ရွှင်းပေါ်သို့ကျရောက်သွားပြီး ရွှင်းကိုကောက်ကိုင်လိုက်သည်။ ထို့နောက် အနီးကပ်စစ်ဆေးကြည့်ရှုပြီးနောက် ခေါင်းညိတ်ပြလာချေသည်။
စုမင် အဘိုးအိုကိုလေးလေးစားစား ဦးညွှတ်လိုက်ပြီး တဲအတွင်းမှ လှည့်ထွက်လာခဲ့သည်။ ထို့နောက် သူသည် ထျန်းရှဲ့ကျီနှင့်အတူ ထိုရွာမှ ထွက်ခွာလာခဲ့သည်။
“မင်း အခုနားလည်သွားပြီလား ...” ရွာအပြင်ဘက်မှ မိုးရေထဲတွင် ထျန်းရှဲ့ကျီက တည်ငြိမ်စွာမေးလာသည်။
ဤအခိုက်အတန့်တွင် သူသည် ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားဆဲပင် ဖြစ်သော်လည်း သူ့မျက်နှာအမူအရာသည်တော့ အေးစက်နက်မှောင်နေခြင်း မရှိတော့ပေ။
“ပထမဆုံးတိုက်ပွဲက ဆရာ့ရဲ့ ကိုယ်ပိုင်ကျင့်ကြံမှုနည်းလမ်းတွေနဲ့ တိုက်ခိုက်တာ။ ဒုတိယတစ်ခုကတော့ ...” စုမင် ထျန်းရှဲ့ကျီကို ခဏကြည့်လိုက်ပြီးမှ စကားဆက်ပြောလိုက်သည်။ “အဲဒါက နှလုံးသားတွေရဲ့ တိုက်ပွဲပဲ”
“ငါနဲ့ ပထမဆုံးတိုက်ခဲ့တဲ့သူက ငါ့ရဲ့ ခုနစ်ယောက်မြောက် ဆရာတူညီငယ်။ ငါတို့ ဒုတိယတွေ့ခဲ့ရတဲ့လူကတော့ ... ငါ သူ့နာမည်ကိုမသိဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက တိုက်ဆိုင်မှုတစ်ခုကြောင့် ငါသူနဲ့တွေ့ခဲ့တာ။ ပြီးတော့ သူရွှင်းဖန်တီးနေတာကို ငါတစ်ခါမြင်ခဲ့ဖူးတယ် ...”
“အဲနောက်ပိုင်းတော့ ငါ့နှလုံးသားထဲမှာ အပြောင်းအလဲတစ်ခုကို ကြုံရတဲ့အချိန်တိုင်း သူ့ကိုရှာပြီး ငါ့နှလုံးသားနဲ့ ... ငါ့ နယ်ပယ်ကိုသုံးပြီး သူနဲ့တိုက်ခဲ့တယ် ...”
“မင်းက ရုပ်ပုံဖန်တီးခြင်းကို ဉာဏ်အလင်းပွင့်ခဲ့ပြီး မင်းစိတ်ကိုငြိမ်းချမ်းအောင်လုပ်ဖို့ အဲဒါကိုသုံးခဲ့တယ်။ မင်းက မင်းရဲ့ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကိုမလေ့ကျင့်ပဲ မင်းစိတ်ကိုပဲလေ့ကျင့်ခဲ့တယ် ... ဒီလမ်းကြောင်းကိုလျှောက်လှမ်းနေပြီး ငါမသိတဲ့တခြားလူတွေလည်း ရှိကောင်းရှိနိုင်တယ်။ ဒါပေမဲ့ ငါသိတဲ့လူတွေ ထဲမှာတော့ မင်းရယ်၊ ငါရယ်၊ မင်းဆရာတူအစ်ကိုတွေကပဲ ဒီလမ်းကြောင်းကိုလျှောက်နေကြတာ”
“ငါက အတော်ဝေးဝေးထိ လျှောက်ခဲ့ပြီးပြီ။ မင်းအစ်ကိုတွေကလည်း ဒီလမ်းအပေါ်မှာ ခြေလှမ်းအနည်းငယ်စီ လှမ်းခဲ့ကြပြီးပြီ။ အခု မင်းက နှလုံးသားရဲ့ ပထမဆုံးပြောင်းလဲမှုကို တွေ့ကြုံရတော့မယ် ... မင်းနှလုံးသားထဲက ပြောင်းလဲမှုက တခြားမင်းနောက်တစ်ယောက် ထပ်ပေါ်လာတာမျိုးပဲ”
ထျန်းရှဲ့ကျီက ညင်သာစွာရှင်းပြသည်။
“အဲဒါကို ဘယ်လိုလုပ်ရမယ်ဆိုတာတော့ ငါမင်းကိုပြောပြလို့မရဘူး။ ငါ့နှလုံးသားရဲ့ အပြောင်းအလဲတွေနဲ့ပတ်သက်တဲ့ အတွေ့အကြုံတွေကိုပဲ ငါမင်းကိုပြောပြလို့ရတယ် ... သွားကြစို့၊ လူရိုင်းမျိုးနွယ်စုထဲက လူရိုင်းတွေသတ်ဖို့ ငါမင်းကိုခေါ်သွားမယ် ... ငါ ခရမ်းရောင်ဝတ်လိုက်ပြီးတာနဲ့ နှလုံးသွေးစက် ၁၀၀၀ စုလို့မပြည့်မချင်း ဒီအခြေအနေက ပျောက်သွားမှာ မဟုတ်ဘူး”
ထျန်းရှဲ့ကျီက လေထဲသို့ ခြေတစ်လှမ်းလှမ်းလိုက်သည်။ စုမင် အသက်ပြင်းပြင်းရှူလိုက်မိပြီး ‘နှလုံးသားရဲ့ ပြောင်းလဲမှု’ ဆိုသော စကားလုံးများကို တီးတိုးရေရွတ်လိုက်မိသည်။ ထို့နောက် သူ့အကြည့်များက စူးရှသွားပြီး ထျန်းရှဲ့ကျီနောက်မှ လိုက်ပါသွားလိုက်သည်။
ဆရာနှင့်တပည့်နှစ်ဦး ကောင်းကင်ထဲသို့ ပျောက်ကွယ်သွားသည်နှင့် ထျန်းရှဲ့ကျီက စုမင်ကို ခပ်တိုးတိုးပြောလာခဲ့သည်။ “သူက မျက်စိမမြင်ရဘူး။ မင်း အဲဒါကို တွေ့ခဲ့လား ...”
“မျက်စိမမြင်ရဘူးလား ...” စုမင် အလွန်အံ့အားသင့်သွားရသည်။
ထို့နောက် သူတို့နှစ်ဦး ထွက်ခွာလာခဲ့ကြတော့သည်။
***