နတ်ဘုရားသင်္ချိုင်းလျှိုထဲ ဝင်ရောက်ခြင်း
Vol. 95 Ch. 1326
“ညီနောင်မန် ငါ့ကို နတ်ဘုရားသင်္ချိုင်းလျှိုထဲ မင်းနဲ့အတူ လိုက်ခွင့်ပေးပါ
“မင်းအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရပါဘူး။ ငါ့ကို မရှိသလို သဘောထားလည်း ရတယ် ... ငါ့ကို အထဲဝင်ခွင့်ပေးဖို့တော့ တောင်းဆိုချင်ပါတယ်။ အဲဒီအထဲ ရောက်တာနဲ့ ငါတို့ကိုယ့်လမ်းကိုယ် သွားနိုင်တယ်။ ငါ့ကံကြမ္မာကောင်းအတွက် ငါ့ဘာသာငါ သွားပါ့မယ်
“ဒါက ငါ့ရဲ့ရွေးချယ်မှုမလို့ ငါသေသေရှင်ရှင် မင်းနဲ့ ဘာမှမပတ်သက်စေရပါဘူး ညီနောင်မန်။ ငါ မင်းရဲ့ ကံကြွေးကို ထိခိုက်အောင်မလုပ်ပါဘူး။ ငါ ယွီဝမ်ကျန်းက ... ကံကြမ္မာကောင်းကို ရှာခွင့်လေး ရချင်ရုံတင်ပါ
“ငါ အသက်ရှင်လည်း ရတယ်။ သေလည်း ရတယ်.... ငါဟာ တောင်ပင်လယ်လောကမှာ မွေးဖွားပြီး ဒီမှာပဲ ကြီးပြင်းလာခဲ့တာ။ အဲဒီကျေးဇူးအကြွေးကို ပြန်ဆပ်ဖို့ ... ငါ့သွေး၊ ငါ့ကျင့်ကြံခြင်းအခြေခံ၊ ငါ့ရဲ့အရာရာကို ပေးဆပ်နိုင်တယ်” ယွီဝမ်ကျန်း၏ ခါးသီးနေသောအပြုံးတွင် ရူးမိုက်မှုတို့ ထင်ဟပ်နေသည်။ သတ္တမတောင်ပင်လယ်တွင် သူ မြင်တွေ့၊ ကြုံတွေ့ခဲ့ရသော အရာများမှာ မန်ဟို မြင်ခဲ့ရသောအရာများထက် များစွာဝမ်းနည်းစရာကောင်းလေသည်။
ဂြိုဟ်ကြီးသုံးလုံး ပျက်စီးသွား၍ မရေမတွက်နိုင်သော အသက်များ အဆုံးသတ်သွားကြသည်ကို သူ မျက်စိဖြင့် တပ်အပ်မြင်ခဲ့သည်။ တစ်ဂိုဏ်းပြီးတစ်ဂိုဏ်း အပြင်သူများ၏ အမြစ်ဖြုတ်သတ်ဖြတ်ခံခဲ့ရသည်ကို သူ တွေ့ခဲ့ရသည်။
လူတွေ အရှင်လတ်လတ် အစားခံနေရသည်ကိုပင် သူ မြင်ခဲ့ရလေသည်။
သူ့မိသားစု၊ သူ့မျိုးနွယ်စုနှင့် သူ့ဂိုဏ်းတွင် ... သူတစ်ယောက်တည်းသာ ရှင်ကျန်ခဲ့သည်။ ထို့ကြောင့် သူ အသက်ရှင်နေသည့်အကြောင်းရင်းက လက်စားချေဖို့အတွက် ဖြစ်သည်။
မန်ဟိုက ယွီဝမ်ကျန်းကို တိတ်ဆိတ်စွာ ကြည့်ပြီးနောက် လှည့်ထွက်သွားသည်။
“နောက်ကနေသာ လိုက်ခဲ့” သူက ပြောသည်။ ထို့နောက် အဝေးသို့ ထွက်သွားသော အလင်းတန်းတစ်တန်းအသွင် ပြောင်းသွား၏။ သိသိသာသာပင် သူသည် ချုံခိုတိုက်ခိုက်ဖို့ မရွေးချယ်ဘဲ ဘွင်းဘွင်းထင်းထင်း ဝင်တိုက်ရန် ရွေးချယ်ထားလေသည်။
ဤသည်က အပြင်သူများ၏ ကောင်းကင်ဘုံ (၁) မဟုတ်။ တောင်ပင်လယ်လောက ဖြစ်သည်မဟုတ်ပါလော။
ဝုန်းး
မန်ဟို ရှေ့တက်တိုက်ခိုက်သော အခိုက်အတန့်တွင် ယွီဝမ်ကျန်းသည် အရွယ်အစားကြီးမားလာ၏။ သူ့ကိုယ်တွင် သူ့အပြင်အားကိုယ်ခွန်အားကို အံ့မခန်းလိလိ ကြီးထွားလာစေရင်း သူ၏သွေးကြောများတစ်လျှောက် စီးဆင်းနေသော နတ်ဘုရားသွေးအနည်းအကျဉ်း ရှိသေးသယောင်ပင်။ အံ့ဩဖွယ်ကောင်းစွာနှင့် ယွီဝမ်ကျန်းအတွက် လူ့ဘီလူးကြီးတစ်ကောင်ဖြစ်လာရန် တခဏသာ ကြာလိုက်သည်။ သူက မန်ဟို့နောက်မှ လိုက်လာသည်။
လူနှစ်ယောက်၊ အက်ရှလွန်ကျင့်ကြံသူနှစ်ယောက်၊ အလင်းတန်းနှစ်တန်းသည် ဓားအိမ်မှ မထုတ်ရသေးသော ဓားများသဖွယ် လေကို ခွင်းလာကြ၏။ သူတို့နှစ်ယောက် အပြင်သူများ၏ မန္တန်ဝင်္ကပါကို ဝင်တိုက်လိုက်သဖြင့် တဝုန်းဝုန်းမြည်သံများ ပဲ့တင်ရိုက်ခတ်သွားသည်။
မန်ဟို့ကျင့်ကြံခြင်းအခြေခံသည် တာအိုဥသျှောင်များသာ သူ့ကို ရင်ဆိုင်နိုင်သည်အထိ အင်အားကြီးမား၏။ သူ စတင်တိုက်ခိုက်သော အခိုက်အတန့်တွင် အပြင်သူများစွာက အနက်ရောင်ကုဗတုံးများထဲမှ တဖွဲဖွဲထွက်လာကြပြီး သူ့ထံ ပြေးဝင်လာကြသည်။
တစ်ချိန်တည်းမှာပင် ကုဗတုံးများမှ ကြောက်မက်ဖွယ်အငွေ့အသက်များကို ထုတ်လွှတ်လိုက်ပြီး နတ်ဘုရားအာရုံစီးကြောင်းများက သူ့ကို တိုက်ခိုက်ရန် တဟုန်ထိုးထွက်လာကြလေသည်။
အဝေးတွင် မန်ဟို့လမ်းကို ပိတ်ဖို့ ချက်ချင်း ရွေ့လျားလာကြသော ထိတ်လန့်တုန်လှုပ်ဖွယ် အနှစ်သာရ ၅ ခု အရှိန်အဝါ သုံးခု ရှိနေသည်။
မန်ဟိုက အေးစက်စက် နှာမှုတ်လိုက်သည်။ ရက်စက်ကြမ်းကြုတ်သောအမူအရာများနှင့် အသတ်အဖြတ်အရှိန်အဝါများကို ထုတ်လွှတ်လျက် လာနေသော အပြင်သူများကို ကြည့်နေစဉ် မန်ဟို့မျက်ဝန်းများသည် သတ်ဖြတ်လိုစိတ်တို့ဖြင့် မီးဝင်းဝင်းတောက်လာ၏။ သူက အင်္ကျီလက်စကို ခါရင်း ပါရာဂွန်တံတားကို ဆင့်ခေါ်ကာ သူတို့အပေါ် ဖိချလိုက်သည်။
ချက်ချင်း သွေးပျက်စွာ အော်ဟစ်သံများ စီစီညံသွားပြီး မန်ဟို့ပတ်ပတ်လည်ရှိ ကြယ်တာရာကောင်းကင်သည် ကြေမွသွား၏။ ဤတိုက်ကွက်လေးတစ်ကွက်က သူ့လမ်းရှိ မည်သည့်အရာကိုမဆို ဖိခြေလိုက်လေပြီ။
အပြင်သူတစ်ထောင်ထက်မနည်း ပြားကပ်သွားသည်။ သူတို့၏အပြင်အားကိုယ်များမှာ ရစရာမရှိအောင် စိစိညက်ညက်ကြေနေပြီး အနုသုခုမနတ်ခန္ဓာများလည်း ပျက်စီးကုန်ကြသည်။
ဤအဖြစ်ကို မြင်တွေ့လိုက်ကြသော အပြင်သူအားလုံးမှာ ပါးစပ်အဟောင်းသားနှင့် မျက်နှာပျက်သွားကြသည်။ ချက်ချင်းပင် သူတို့သည် အထိတ်တလန့် နောက်ဆုတ်သွားကြ၏။
“တာအို... တာအိုဥသျှောင်”
“လခွမ်း တောင်ပင်လယ်လောကမှာ တာအိုဥသျှောင်တွေက ဖီးနစ်ငှက်မွှေးနဲ့ ချီလင်ချိုတွေလို ရှားသင့်တာမဟုတ်လား။ ဘယ်လိုလုပ် ဒီမှာ တစ်ယောက် ရောက်နေနိုင်တာတုန်း”
“ငါတို့ ကောင်းကင်ဘုံ (၁) က တာအိုဥသျှောင်အရှင်နှစ်ပါးက ဘာကြောင့် ဒီလူ့ကို မတားခဲ့တာပါလိမ့်”
အံ့အားသင့်နေသော အပြင်သူများမှာ အနားထပ်မကပ်ရဲလောက်အောင် ကြောက်နေကြ၍ သူ့အား ဖြတ်သွားခွင့် ပေးလိုက်ကြလေသည်။ ယွီဝမ်ကျန်းမှာတော့ မန်ဟို ကျားလှောင်အိမ်ဂြိုဟ်ကို တိုက်ခိုက်နေသော အပြင်သူများအား မည်ကဲ့သို့ချေမှုန်းခဲ့သည်ကို မြင်တွေ့ထား၍ မန်ဟို့ကို လေးလေးနက်နက် အထင်ကြီးထားသည့်တိုင် ဤအဖြစ်အပျက်က သူ့ကို တုန်လှုပ်သွားစေသေးသည်။
ရှေ့မှ သွားနေသော မန်ဟို့နောက်ကျောကို ကြည့်ရင်း ယွီဝမ်ကျန်းသည် .... မန်ဟိုမှာ ရုပ်ပိုင်းဆိုင်ရာအရ ကြောက်စရာမကောင်းသော်ငြား သူနှင့်ပတ်သက်၍ တစ်စုံတစ်ခုက ထူးခြားနေကြောင်း နားလည်သွား၏။
တောင်ပင်လယ်လောကအတွက် စစ်ပွဲက ... သူတို့ကို အမြစ်ဖြုတ်သုတ်သင်ခြင်းဖြင့် အဆုံးသတ်မည့်ပုံမပေါ်တော့ပေ။
သို့သော် အပြင်သူကျင့်ကြံသူများ နောက်ဆုတ်လိုက်သည့်အချိန်မှာပင် အနက်ရောင်ကုဗတုံးရာပေါင်းများစွာမှ ထုတ်လွှတ်နေသော နတ်ဘုရားအာရုံစီးကြောင်းများသည် မန်ဟို့အပေါ် ပြုံဆင်းလာကြ၏။
ဤနတ်ဘုရားအာရုံအစုအဝေးကား တာအိုဥသျှောင်များပင် ကြောက်လန့်ထိတ်ပျာမိလောက်မည်အထိ အင်အားကြီးမားလှသည်။ ၎င်းက ကြယ်တာရာကောင်းကင်အပြည့်နေရာယူသွားသော ဧရာမမျက်နှာကြီးတစ်ဖက်ဖြစ်လာပြီး မန်ဟို့ကို စားတော့မည့်အလား လှမ်းဟပ်သည်။
“တာအိုဥသျှောင်ဆိုလည်း ဘာအရေးလဲ။ ထွက်သွားစမ်း” အော်လိုက်သည့်အသံက အပြင်သူတစ်ယောက်တည်း၏အသံမဟုတ်၊ အပြင်သူရာပေါင်းများစွာ၏အသံ ဖြစ်သည်။
အသံသည် ကြယ်တာရာကောင်းကင်ကို တသိမ့်သိမ့်တုန်ရီစေလျက် ပဲ့တင်ထပ်သွားပြီး အမျက်ဒေါသအပြည့်ဖြင့် ဖိနှိပ်လိုက်၏။
“ထွက်သွားစမ်း” အပြင်သူပေါင်းများစွာက အော်ဟစ်ကြိမ်းမောင်းသည်။ အဝေးရှိ အပြင်သူများမှာမူ မန်ဟို ခွေးပြေးဝက်ပြေးပြေးရမည်ကို မြင်ရဖို့ စောင့်ကြည့်ရင်း မျက်လုံးများ လင်းလက်တောက်ပနေကြသည်။
မန်ဟို့မျက်နှာက တည်ငြိမ်နေသော်လည်း သူ့မျက်ဝန်းများသည် သွေးအေးနေ၏။ ဤအခိုက်အတန့်တွင် သူ၏နတ်ဘုရားအာရုံက နတ်ဘုရားအာရုံမျက်နှာကြီးထံ လိမ့်ထွက်သွားသည်။
သူ၏နတ်ဘုရားအာရုံသည် ပယ်ပယ်နှယ်နှယ် ထိုးချလိုက်သော လက်သီးကြီးအသွင်ပြောင်းသွား၏။
ဘုန်းးးး
လက်သီးက မျက်နှာကြီးကို အစိတ်စိတ်အမြွှာမြွှာ ခွဲရင်း ပေါက်ကွဲသံအကျယ်ကြီးအား ကောင်းကင်နှင့်မြေကြီးတစ်ခွင် ဟိန်းထွက်သွားစေသည်။
အက်ကြောင်းများက ကြယ်တာရာကောင်းကင်တစ်လျှောက် မြွေလိမ်မြွေကောက် ဖြာထွက်သွားသဖြင့် အက်ကွဲသံများ ဆူညံနေသည်။ ၎င်းတို့သည် အရပ်လေးမျက်နှာသို့ တဟုန်ထိုးထွက်သွားသော နဂါးများနှင့်တူပြီး အပြင်သူများကို ထိမှန်သောအခါ စူးစူးဝါးဝါးအော်သံကြီးများ ထွက်လာ၏။ အပြင်သူများအတွက် ထွက်ပြေးရန် အခွင့်မရလိုက်ပေ။ အတော်များများမှာ ပွဲချင်းပြီး တစစီဖြစ်ကုန်သည်။
တစ်ချိန်တည်းမှာပင် အနက်ရောင်ကုဗတုံးရာပေါင်းများစွာထံမှလည်း မချိတင်ကဲအော်သံများ ထွက်လာသည်။ အနက်ရောင်ကုဗတုံးတစ်တုံးပြီးတစ်တုံး ကွဲကြေပြီး အထဲရှိ အပြင်သူကျင့်ကြံသူများ အသတ်ခံလိုက်ရလေပြီ။ ပင့်သက်ရှိုက်သံများ ပိုမိုထွက်လာကြသည်။ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများမှာ မန်ဟို့ကို ကြောက်လွန်း၍ တုန်ပင်တုန်ရီနေကြလေပြီ။ တောင်ပင်လယ်လောကသို့ မလာခဲ့ခင်တုန်းက သူတို့သည် သူတို့ကိုယ်သူတို့ လူတကာ၏အပေါ်တွင် ရှိသည်ဟု ထင်မှတ်ခဲ့၍ တောင်ပင်လယ်လောကကို အထင်အမြင်သေးခဲ့ကြ၏။ သူတို့မှာ အင်မော်တယ်များကို အပျော်တမ်းသတ်ဖို့ မစောင့်နိုင်အောင် ဖြစ်ခဲ့ကြသည်။
သို့သော် မန်ဟို၏ ကြောက်မက်ဖွယ်အသွင်အပြင်ကို မြင်တွေ့ပြီးနောက် သူတို့ဝိညာဉ်များထဲ၌ ငုပ်လျှိုးနေခဲ့သော မှတ်ဉာဏ်များ၊ သူတို့အရိုးအတွင်း၌ ပိတ်လှောင်ခံထားရသော မှတ်ဉာဏ်များ၊ သူတို့ဘိုးဘေးများ၏ မှတ်ဉာဏ်များသည် ဖြည်းဖြည်းချင်း ပြန်လည်ထွက်ပြူလာကြ၏။
ထိုမှတ်ဉာဏ်များက ... သူတို့ဘိုးဘေးများ ပါရာဂွန်အင်မော်တယ်လောက၏ သိမ်းပိုက်ခြင်းခံခဲ့ရသော မှတ်ဉာဏ်များ ဖြစ်ကြသည်။
မန်ဟိုသည် အေးတိအေးစက်မျက်နှာထားဖြင့် ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်လိုက်၏။ လက်ရှိအပြင်သူအရေအတွက်အရ သူ၏ကျင့်ကြံခြင်းအခြေခံနှင့်ဆိုလျှင် သူတို့အားလုံးကို သတ်ဖို့ ခက်ခဲပေလိမ့်မည်။ သို့သော် သူ မျက်လုံးဝေ့ကြည့်လိုက်သည့်အခါ သူ့အကြည့်ကျရောက်သွားသော အပြင်သူအားလုံးမှာ ကတုန်ကယင်ဖြင့် နောက်ဆုတ်ကုန်ကြသည်။
သူက အေးစက်စက် နှာမှုတ်၍ ရှေ့ဆက်တက်သွား၏။ ဤတစ်ကြိမ်တွင် မည်သူမှ သူ့လမ်းကို မပိတ်ရဲကြပေ။ အကုန်လုံး သူ့ကို လမ်းဖယ်ပေးရင်း နောက်ဆုတ်သွားကြသည်။ သို့သော် သူ ဖြတ်သွားနေစဉ် သူတို့က သူ့အနောက်တွင် အဆင့်အဆင့်နေရာယူလိုက်ကြသည်။ မန်ဟိုမှာ စက်ဝိုင်းကြီး၏အလယ်ဗဟိုတွင် ဝိုင်းခံထားရသယောင်ပင်။
သို့သော် ကြောက်နေသူက သူမဟုတ်၊ အပြင်သူများ ဖြစ်သည်။
ယွီဝမ်ကျန်းက မန်ဟို့နောက်မှ ကပ်လိုက်လာသည်။ သူ့မျက်စိရှေ့တွင် ဖြစ်ပျက်နေသော မြင်ကွင်းက သူ့သွေးများကို ပွက်ပွက်ဆူလာစေသည်။
မန်ဟိုသည် ပတ်ဝန်းကျင်ကို အေးစက်စက်ကြည့်ရင်း ပျံသန်းနေပြီးနောက်ဆုံး အရှေ့တွင် ပလ္လင်အစုတ်တစ်ခုကို လှမ်းမြင်လိုက်၏။ ၎င်းမှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် ဖြတ်သန်းလာခဲ့ရသည့်အလား ရှေးကျပြီး ဆွေးမြည့်ပျက်စီးနေသည်။
ပလ္လင်ကား အကောင်းအတိုင်းမရှိတော့ပေ။ ခုနစ်ဆယ်ရာခိုင်နှုန်းမျှသာ ကျန်ခဲ့၏။ သို့ထိတိုင် ၎င်း၏ပတ်ပတ်လည်ရှိ ကြယ်တာရာကောင်းကင်မှာ ကြောက်မက်ဖွယ်ဖိအား ပါရှိသော အခိုးအငွေ့များကို ထုတ်လွှတ်ရင်း ပုံပျက်ရှုံ့တွနေသည်။
တစနှင့်တစ ဤပလ္လင်သည် ... တခြားဒိုင်မန်းရှင်းကို ဦးတည်နေသော ဝင်ပေါက်ဖြစ်ကြောင်း သိသာလာ၏။
မူလတုန်းက ဤပလ္လင်မှာ ယခုလို ဟင်းလင်းပြင်တွင် ထီးထီးတည်း ရှိမနေခဲ့ကြောင်းလည်း ထင်ရှားသည်။ မရေမတွက်နိုင်သော ကန့်သတ်မန္တန်များနှင့် အတားအဆီးများ သေချာပေါက် ရှိခဲ့လိမ့်မည်။ သို့သော် အပြင်သူများ ရောက်လာပြီးနောက် သူတို့သည် ပတ်ဝန်းကျင်ကို ရှင်းလင်းရင်း ပလ္လင်ကို ဟင်းလင်းပြင်တွင် ယခုလိုမြင်သာနေစေခဲ့ခြင်း ဖြစ်၏။
ပလ္လင်၏အရှေ့တွင် တင်းမာခက်ထန်သောမျက်နှာများဖြင့် အပြင်သူသုံးယောက် ရှိသည်။ သူတို့က အနှစ်သာရ ၅ ခု အဆင့် အခိုးအငွေ့များကို ထုတ်လွှတ်လျက် မန်ဟို့ကို စိုက်ကြည့်ရင်း ပျံဝဲနေကြသည်။
သူတို့သည် တောင်ပင်လယ်သခင်တစ်ဦးနှင့် အင်အားကွာခြားသော်လည်း ကောင်လေးရှောင်ရိဟန်အဆင့်လောက် ရှိကြ၏။
သူတို့က မန်ဟို ချဉ်းကပ်လာသည်ကို မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် ကြည့်နေကြသည်။ အလယ်ရှိတစ်ယောက်၏ ခေါင်းမှ ချိုတစ်ချို ထွက်နေပြီး အနီးကပ်ကြည့်ပါလျှင် ချိုသည် အနက်ရောင်မဟုတ်ဘဲ ခရမ်းရောင်ဖြစ်ကြောင်း မြင်ရလိမ့်မည်။
သူက ရှေ့တစ်လှမ်း တက်လာပြီး သူ့တွင် ကျန်အပြင်သူများနည်းတူ လူသတ်ငွေ့များ ရှိမနေကြောင်း ထင်ရှားလာသည်။ သူသည် လက်ယှက်၍ မန်ဟို့ကို အရိုအသေပေးရင်း ပြော၏။ “ကျုပ်က ကောင်းကင်ဘုံ (၁) ရဲ့ တာအိုမျိုးနွယ်စုက လောင်တောက်စစ်ပါ။ ဂါဝရပြုပါတယ် တာအိုဥသျှောင်မန်”
မန်ဟိုက အေးစက်စက် ပြန်ကြည့်သည်။ သူ မည်သူဖြစ်ကြောင်း ဤလူသိခြင်းက အံ့ဩစရာတော့မဟုတ်ပေ။ အပြင်သူများ ကျူးကျော်လာခဲ့တုန်းက သူသည် ကောင်းကင်ဘုံ (၁) ၏ ပါရာဂွန်အောဂူနှင့် ထိပ်တိုက်တွေ့ခဲ့၏။ တောင်ပင်လယ်လောကသားအများစုအနေဖြင့် မမြင်ခဲ့သော်လည်း အပြင်သူပညာရှင်များကတော့ မုချမြင်ခဲ့လိမ့်မည်။
ခရမ်းရောင်ချိုနှင့်အပြင်သူ၏မျက်လုံးများက ထူးဆန်းစွာ တောက်ပလာသည်။ သူက ဖြည်းဖြည်းချင်း စကားပြောသည်။ “တာအိုဥသျှောင်မန်၊ ခင်ဗျားရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ ခင်ဗျားရဲ့ အမြော်အမြင်အရ တောင်ပင်လယ်လောကအနေနဲ့ ... ဒီစစ်ပွဲမှာ မနိုင်နိုင်ဘူးဆိုတာ ခင်ဗျား သိပြီးသားနေမှာပါ။ ကောင်းကင်ဘုံ (၁) ဟာ တောင်ပင်လယ်လောကအတွက် ပြိုင်ဘက်မဟုတ်ရင်တောင်မှ ကောင်းကင်ဘုံ (၂)၊ ကောင်းကင်ဘုံ (၃) စသဖြင့် ကောင်းကင်ဘုံ (၃၃) ဘုံ ရှိသေးတယ်။ တောင်ပင်လယ်လောကအတွက် မျှော်လင့်ချက်မရှိဘူး
“ကောင်းကင်ဘုံ ၃၃ ဘုံဟာ တောင်ပင်လယ်လောကထဲက သက်ရှိအားလုံးကို အမြစ်ဖြုတ်ပစ်ချင်ပေမယ့် ဒီက အစွမ်းထက်ပညာရှင်တွေကိုလည်း လေးစားပါတယ်။ တာအိုရောင်ရင်းမန်၊ ခင်ဗျား ကောင်းကင်ဘုံ (၁) ရဲ့ အမိန့်တွေကို လိုက်နာပြီး ကျုပ်တို့နဲ့ ပူးပေါင်းမယ်ဆိုရင် ခင်ဗျားနဲ့ ခင်ဗျားမျိုးနွယ်စုရဲ့ လုံခြုံမှုကို ကျုပ် အာမခံနိုင်တယ်။ ခင်ဗျားတို့ မထိခိုက်စေရဘူးလို့ ကျုပ် ကတိပေးနိုင်တယ်
“ဉာဏ်ရှိတဲ့သူဟာ ရေလိုက်ငါးလိုက် နေတတ်တယ်တဲ့၊ တာအိုရောင်ရင်းမန် အဲဒီအဓိပ္ပါယ်ကို ခင်ဗျား နားလည်မှာပါ
“ခင်ဗျားရဲ့မျိုးနွယ်စုတင်မကဘူး ကျန်တဲ့လူတွေလည်း ပူးပေါင်းချင်ရင် ပူးပေါင်းနိုင်တယ်။ ကောင်းကင်ဘုံ (၁)က ခင်ဗျားတို့ကို မသတ်ပါဘူး။ တာအိုကျွန်တွေပဲ လုပ်ရမှာပါ
“အသေခံပြီး ဘာလုပ်မှာလဲ ... မဟုတ်ဘူးလား”
သူ့စကားကို တုံ့ပြန်သည့်အနေဖြင့် ယွီဝမ်ကျန်းသည် ဆိတ်ဆိတ်သာနေ၏။ သူက မန်ဟို့ကို ယုံသော်လည်း ဤအပြင်သူ၏ကမ်းလှမ်းချက်က သူ့နှလုံးသားကိုပင် အတန်ငယ်လှုပ်ရှားစေခဲ့သည်မဟုတ်ပါလော။
သို့သော် သူ့တွင် မျိုးနွယ်စုလည်း မရှိတော့၊ ဘာဆိုဘာမှ မရှိတော့ပေ။ သူ့မျိုးနွယ်စုနှင့် ဂိုဏ်း ရှိသေးစဉ်ကသာ ယခုလို ကမ်းလှမ်းခံရလျှင် သူ ဘာကိုရွေးချယ်မိမလဲ မသေချာပေ။ ထိုအတွေးက သူ့ရင်တွင်း၌ အကြောက်တရားမီးစလေးတစ်စ တောက်လောင်လာစေသည်။