← Chapters

လူရိုင်းတို့၏ နယ်မြေ

Vol. 19 Ch. 258

လူရိုင်းတို့၏ နယ်မြေ

Vol. 19 Ch. 258

နဂါးကျောရိုးပုံသဏ္ဌာန် တောင်တန်းကြီးပေါ်တွင် တည်ဆောက်ထားသော နံရံတံတိုင်းကြီးတစ်ခုရှိသည်။ ၎င်းက လက်စွပ်ကွင်းကြီးတစ်ခုနှင့်ဆင်တူပြီး တောင်ပိုင်းအရုဏ်ဦးကုန်းမြေကို အတွင်းပိုင်းနှင့် အပြင်ပိုင်းဟူ၍ နှစ်ပိုင်းခွဲခြားပေးထားသည်။

ထိုတောင်တန်းကြီးအား ကောင်းကင်မြူခိုးအတားအဆီးဟု လူများက သိကြ၏။

ကောင်းကင်မြူခိုးမြို့သည် ကောင်းကင်မြူခိုးအတားအဆီး၏ အလယ်ဗဟိုကဲ့သို့ဖြစ်သည်။ တံတိုင်းကြီးကို ညီတူညီမျှ အပိုင်းများပိုင်းခြားထားပြီး အပိုင်းတစ်ခုစီတိုင်းတွင် တစ်နှစ်ပတ်လုံး နေရာချထားခြင်းခံရသည့် အစောင့်အကြပ်တစ်ဦးစီ ရှိသည်။ ရာသီ၄ ရာသီလုံး မည်ကဲ့သို့ဖြစ်နေပါစေ၊ ရာသီဥတုသည် မည်မျှ အေးနေ၊ပူနေပါစေ၊ မိုးများ မည်မျှပင်သည်းထန်စွာရွာသွန်းနေပါစေ သူတို့သည် သူတို့ စောင့်ကြပ်ရသောနယ်မြေမှ ထွက်ခွာလာကြလိမ့်မည်မဟုတ်ပေ။

သူတို့စောင့်ကြပ်သော ကောင်းကင်မြူခိုးအတားအဆီး၏ အပိုင်းအား ဖြတ်သန်းလိုသည့် လူရိုင်းများအားလုံးသည် ဤအစောင့်အကြပ်များ၏ အလောင်းများကို ဖြတ်ကျော်သွားမှသာ ရပေလိမ့်မည်။

ဆရာဦးလေးပိုင်သည် အစောင့်အကြပ်များထဲမှ တစ်ဦးဖြစ်သည်။ သူသည် သူစောင့်ကြပ်ရသော တံတိုင်း၏ အပိုင်းပေါ်တွင်သာ အမြဲတစေထိုင်နေပြီး လူရိုင်းမျိုးနွယ်စုများ တည်ရှိရာအရပ်ဆီသို့ လှမ်းကြည့်နေတတ်သည်။ တစ်ခါတစ်ရံတွင် သူ့ပုံစံက မှိုင်တွေနေပုံပေါ်ပြီး အခြားအချိန်များတွင်တော့ သူ့မျက်နှာထက်တွင် စိတ်ရှုပ်ထွေးသောအမူအရာတစ်ခု ရှိနေတတ်၏။

ကောင်းကင်သည် အလင်းရောင်စတင်ထွက်ပေါ်လာပြီ ဖြစ်သော်ငြား ဤနယ်မြေသည်တော့ အမှောင်ထုနှင့် မြူခိုးများဖြင့် ဖုံးလွှမ်းနေဆဲဖြစ်သည်။ သူတောင် အဝေးသို့မမြင်နိုင်ပေ။ ဆရာဦးလေးပိုင်သည် ခေါင်းငုံ့ကာ မျက်လုံးများကိုမှိတ်လိုက်ပြီး သူ့မျက်လုံးများအတွင်းမှ စိတ်ခံစားချက်များကို ဖုံးကွယ်လိုက်သည်။

သို့သော် သူ့မျက်ခွံများ လုံးဝပိတ်ကျသွားသည့် အချိန်မှာပင်၊ သူက မျက်လုံးများကို အလျင်အမြန်ပြန်ဖွင့်လိုက်မိသည်။ ထိုမျက်လုံးများထဲတွင် စူးရှတောက်ပသော အကြည့်တစ်ခု ချက်ချင်းဖြစ်ပေါ်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် သူ့အနောက်မှ ကောင်းကင်သည်လည်း တွန့်လိမ်ပုံပျက်သွားပြီး ထိုတွန့်လိမ်ပုံပျက်မှု အတွင်းမှ ခရမ်းရောင်ဝတ်ရုံများနှင့် လူနှစ်ဦး လျှောက်ထွက်လာခဲ့သည်။ ထိုနှစ်ဦးသည် ထျန်းရှဲ့ကျီနှင့် စုမင်တို့ဖြစ်သည်။

ဆရာဦးလေးပိုင်သည် မျက်မှောင်ကြုတ်လိုက်သော်ငြား နောက်သို့လှည့်မကြည့်ခဲ့ပေ။ ထိုအစား မျက်လုံးများကိုသာ နောက်တစ်ကြိမ်ပြန်မှိတ်ထားလိုက်ပြီး ခရမ်းရောင်ဝတ်ရုံနှင့် ထျန်းရှဲ့ကျီသည် သူ့အား ဖြတ်ကျော်သွားကာ ကောင်းကင်မြူခိုး အတားအဆီးအပြင်သို့ ထွက်ခွာသွားခွင့်ပြုထားချေသည်။

စုမင်သည် ထျန်းရှဲ့ကျီနောက်မှ လိုက်လာရင်းဖြင့် တံတိုင်းပေါ်တွင် ဆရာဦးလေးပိုင်နှင့် နောက်တစ်ကြိမ်ထပ်မံ ဆုံတွေ့လိုက်ရသည်။ ဘာအကြောင်းကြောင့်မှန်း မသိသော်လည်း ဤအမျိုးသားကို မြင်လိုက်ရသည့်အချိန်တွင် သူစိတ်သက်သာရာရသွားလို ခံစားလိုက်မိ၏။ ဤနေရာတွင် ဆရာဦးလေးပိုင်နှင့် သူစကားပြောခဲ့ပြီး သူ့အား ရင်းနှီးကျွမ်းဝင်သည့် ခံစားချက်ကိုပေးစွမ်းသော သူလေးစားရသည့်ထိုလူသည် လူရိုင်းမျိုးနွယ်စုမှ အမျိုးသမီးတစ်ယောက်နှင့် တိုက်ခိုက်နေခဲ့သည်ကို သူမှတ်မိနေသေး၏။

သူတို့နှစ်ဦး တိုက်ခိုက်ခဲ့စဉ်တွင် ပြင်းထန်၍ အစွမ်းထက်သောအရှိန်အဝါတစ်ခုကို ဖြစ်ပေါ်စေခဲ့သဖြင့် ထိုအချိန်က စုမင်အနားသို့ပင် မကပ်နိုင်ခဲ့ပေ။ သူ ဤလူကို အမြဲတမ်းစိုးရိမ်နေခဲ့မိခြင်းဖြစ်သည်။ ယခု သူနှင့်နောက်တစ်ကြိမ်တွေ့လိုက်ရသဖြင့် သူ၏ဆရာဦးလေးပိုင်ကို ဖြတ်လျှောက်သွားပြီးနောက်တွင် စုမင် သူ့ကိုပြန်လှည့်ကြည့်ပြီး ပြုံးပြလိုက်သည်။

သူထိုသို့လုပ်လိုက်သည်နှင့် ဆရာဦးလေးပိုင်၏ မျက်လုံးများကပြန်ပွင့်လာပြီး စုမင်ကို လှမ်းကြည့်လာသည်။

“အဲဒီ အရူးအဘိုးကြီးနောက်ကို လိုက်မယ်ဆိုရင်၊ မင်းကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မှဖြစ်မယ်”

ထိုသို့ပြောပြီးသည်နှင့် ညာလက်ဖြင့် လေထဲသို့ ဆွဲယူဟန်ပြုလိုက်ရာ လေထုထဲတွင် လက်သည်းခွံအရွယ်အစားရှိသော အဖြူရောင် အကြေးခွံလေးတစ်ခု ရုတ်ခြည်းဖြစ်ပေါ်လာသည်။ သူက ထိုအရာကိုစုမင်ထံ တွန်းပို့လိုက်သည်။

“ဒါကို ယူထား။ အဲဒါမှာ ငါ့ရဲ့တိုက်ခိုက်မှု တစ်ကြိမ်စာ စွမ်းအားပါတယ်။ မင်းကိုမင်း ကာကွယ်ဖို့ အဲဒါကိုသုံး”

ဆရာဦးလေးပိုင်သည် စကားပြောပြီးသည်နှင့် မျက်လုံးများကို ပြန်မှိတ်သွားချေသည်။

စုမင် အဖြူရောင်အကြေးခွံကို လက်ထဲတွင်ကိုင်လိုက်သောအခါ ၎င်းထံမှအသက်စွမ်းအားများ စီးထွက်လာပြီး စုမင်စိတ်ဝိညာဉ်ကို လန်းဆန်းသွားစေသည်။ သူ လက်သီးလက်ဝါးထပ်ကာ ဆရာဦးလေးပိုင်ကို အရိုအသေပေးလိုက်သည်။ သူ့အရှေ့မှ ဤလူနှင့်နှစ်ကြိမ်ခန့်သာ တွေ့ဖူးသော်လည်း ထိုသူ့အပေါ်သို့ ရင်းနှီးနွေးထွေးသော ခံစားမှုသည်တော့ အမြဲတမ်း မတွေ့ဆုံရလျှင်ပင် ပျောက်ကွယ်သွားလိမ့်မည် မဟုတ်ပေ။ ထိုအစား ၎င်းခံစားချက်က ပိုမို၍ပင် အားကောင်းလာသေး၏။

စုမင် ကောင်းကင်မြူခိုး အတားအဆီးအပြင်သို့ ထွက်လိုက်မိသည်နှင့် အသက်ကို ပြင်းပြင်းရှူရှိုက်လိုက်မိ၏။ ကောင်းကင်မြူခိုး အတားအဆီးပေါ်တွင် သူပထမဆုံးအကြိမ်မတ်တတ်ရပ်လျက် အပြင်သို့လှမ်းကြည့်ခဲ့မိစဉ်က သူခံစားခဲ့ရသော သွေးဆာမှုနှင့် အထီးကျန်ဆန်သောခံစားချက်များက သူ့နှလုံးသားထဲ၌ တစ်ဖန်ပြန်လည် ထွက်ပေါ်လာခဲ့သည်။

ဤနယ်မြေသည် သူနှင့်ရင်းနှီးကျွမ်းဝင်ခြင်းမရှိသော နေရာတစ်ခုဖြစ်သည်။ ဤနေရာတွင် လူမျိုးနှစ်မျိုးအကြား ပျောက်ကွယ်မသွားနိုင်မည့် အမုန်းတရားများ ရှိနေသည်။ ထိုအမုန်းတရားသည် ဤနေရာတွင် အချိန်ကြာမြင့်စွာရှိနေခဲ့ပြီး နောက်ဆုံးတွင် နယ်မြေထဲသို့ဝင်ရောက်လာသော မာန်စွမ်းအားရှင်များ၏ စိတ်နှလုံးကို ဖိအားပေးနိုင်သည့် စိတ်ဓာတ်ကျဖွယ် လေးလံထိုင်းမှိုင်းသော ခံစားချက်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

ထိုစိတ်ဓာတ်ကျဖွယ်ခံစားချက်ကြီးသည် သူတို့အား အသက်မရှူနိုင်တော့သည့် အခြေအနေ ရောက်သည်အထိ သူတို့၏အသက်ရှူနှုန်းကို လျင်မြန်လာစေပြီး အသက်ရှူမွန်းကျပ် သွားစေနိုင်လေသည်။ စုမင်နှင့် ထျန်းရှဲ့ကျီတို့ ရှေ့သို့ တိုးဝင်သွားသည်နှင့်အမျှ ထိုခံစားချက်ကြီးက ပိုမိုပြန်းထန်လာခဲ့သည်။

သူတို့ရှေ့တိုးလေလေ၊ ထိုခံစားချက်က ပိုမိုသန်မာလာလေလေပင်ဖြစ်ပြီး နောက်ဆုံးတွင် ရင်ဘတ်မှပေါက်ထွက်တော့မည်ကဲ့သို့ခုန်လှုပ်နေသော သူ့နှလုံးခုန်သံကိုပင် စုမင် ပြန်ကြားလာရသည်။

သူ့အားတိုက်ခတ်နေသည့် အဝေးမှလာသောလေများထဲတွင် ဤနယ်မြေနှင့် မရင်းနှီးသူများအား ငြင်းဆန်နေသကဲ့သို့ အားတစ်မျိုးပါဝင်နေခဲ့သည်။ ထိုအထဲတွင် မကြိုဆိုသောဧည့်သည်နှစ်ဦးအပေါ် ကုန်းမြေကိုယ်တိုင်၏ အမုန်းတရားများပင် ပါဝင်နေသကဲ့သို့ပင်။ မာန်စွမ်းအားရှင်များနှင့် လူရိုင်းများတွေ့ဆုံခဲ့လျှင် နောက်ဆုံး တစ်ဖက်မှသေဆုံးသွားသည်အထိ သတ်ဖြတ်ရမည်ဟု ပြောပြနေသယောင်ယောင် ...

စုမင်ခံစားနေရသော စိတ်ဓာတ်ကျဖွယ် လေးလံထိုင်းမှိုင်းသော ခံစားချက်နှင့်ယှဉ်လျင် ထျန်းရှဲ့ကျီမျက်နှာထက်မှ ရက်စက်ကြမ်းကြုတ်မှုသည် ပိုမို၍ပင်သန်မာလာခဲ့သေးသည်။ သူ၏ ရက်စက်သောအပြုံး၊ မျက်လုံးများအတွင်းမှ သွေးဆာမှုများနှင့် မျက်ဝန်းများအနက်ပိုင်းမှ အကြင်နာတရားကင်းမဲ့သော အရိပ်အယောင်များသည် ထျန်းရှဲ့ကျီအား စုမင်လုံးဝမရင်းနှီးသော လူတစ်ဦးသဖွယ် ပြောင်းလဲသွားစေသည်။

စုမင် ဆက်ကြည့်နေစဉ်မှာပင် ထျန်းရှဲ့ကျီသည် လေထဲမှာပင်ရုတ်တရက် ရပ်တန့်သွားသည်။ ကောင်းကင်သည် အုံ့မှိုင်းသွားပြီး တိမ်စိုင်တိမ်မည်းများ စတင်စုဝေးလာဟန်ဖြင့် မည်းမှောင်လာခဲ့သည်။

“စတုတ္ထလေး” ထျန်းရှဲ့ကျီက စုမင်ကိုကျောခိုင်းလျက် အဝေးသို့ကြည့်နေရင်းမှ ချောက်ချားဖွယ်ကောင်းသော အသံဖြင့် ပြောလာသည်။ “ဘေးက စောင့်ကြည့်နေပြီး ငါ့အတွက် ပုံဆွဲပေး”

စုမင် ခေါင်းညိတ်ပြပြီး အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ သူ့ပတ်လည်ကို လှည့်ပတ်ကြည့်ကာ ဤထူးဆန်းကာ မရင်းနှီးသောနယ်မြေကို သေချာစစ်ဆေး ကြည့်လိုက်မိသည်။ လူရိုင်းများနှင့် မာန်စွမ်းအားရှင်များအကြား မုန်းတီးမှုအပေါ် သူ၏နားလည်သဘောပေါက်မှုက အကန့်အသတ်ဖြင့်သာရှိပြီး သူ့ကိုသူလည်း ဤကုန်းမြေမှ မာန်စွမ်းအားရှင်အဖြစ် သတ်မှတ်ရန် ခဲယဉ်းပေသည်။ သူ့အနေဖြင့် တောင်ပိုင်းအရုဏ်ဦးကုန်းမြေ၏ မာန်စွမ်းအားရှင်များနှင့် လူရိုင်းများအကြားမှ ပြင်းထန်သောသတ်ဖြတ်မှုများကိုလည်း သူနားလည်နိုင်ရန် ခဲယဉ်းလှသည်။

သူ နားမလည်နိုင်ခဲ့ပေ ...

ထျန်းရှဲ့ကျီသည် လက်များကို နောက်ပစ်ထားပြီး သူ့ခရမ်းရောင်ဝတ်ရုံများကမူ လေထဲတွင် တဖျတ်ဖျတ်လွင့်မျောနေသည်။ သူ၏ ရှည်လျားသော ခရမ်းရောင်ဆံပင်သည်လည်း အလားတူ ဝေ့ဝဲလွင့်မျောနေ၏။ အဝေးမှကြည့်လျှင် သူသည် လူရိုင်းများ၏ နယ်မြေထဲတွင် တောက်ပစွာလောင်ကျွမ်းနေသော ခရမ်းရောင်မီးတောက်လုံးကြီး တစ်ခုသဖွယ်ပင်ဖြစ်သည်။

ထျန်းရှဲ့ကျီ၏ ပါးစပ်မှ စူးရှသော ဟိန်းဟောက်သံတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။  သူခေါင်းမော့ကာ ဟိန်းဟောက်လိုက်သော အချိန်တွင် စုမင် သိသိသာသာပင် လှုပ်ရှားသွားခဲ့ရချေသည်။

ထိုအခိုက်အတန့်မှာပင် ထျန်းရှဲ့ကျီထံမှ ကောင်းကင်ဘုံ၏ စွမ်းအားကိုပင် ဂရုမစိုက်ပုံပေါ်သည့် အထိန်းအချုပ်မဲ့သော ဝင့်ကြွားမှုနှင့် လွှမ်းမိုးနိုင်သော အရှိန်အဝါတစ်ခု ထွက်ပေါ်လာခဲ့သည်။ သူသည် ကောင်းကင်တွင်ရပ်လျက် သူဤနေရာတွင် ရှိနေကြောင်း လူရိုင်းများအား သိစေလိုသောပုံစံဖြင့်

အော်ဟစ်ဟိန်းဟောက်လိုက်ခြင်း ဖြစ်သည်။ သူ့အသံသည် အရပ်မျက်နှာအနှံ့သို့ ပဲ့တင်ထပ်သွားပြီး အဝေးသို့ ပျံ့နှံ့သွားခဲ့သည်။

ကောင်းကင်သည်ပင် တုန်ခါသွားဟန်ဖြင့် တွန့်လိမ်နေသော လှိုင်းဂယက်များ လေထဲတွင် ဖြစ်ပေါ်လာသည်။ တုန်ခါမှုအတွင်းမှ ကြောက်ရွံ့ တုန်လှုပ်ခြင်းများသည် လှိုင်းဂယက်များအတွင်း စိမ့်ဝင်သွားပြီး အပြင်သို့ ပျံ့နှံ့သွားလေသည်။

စုမင် အသက်ကိုပင်ပြင်းပြင်းရှူရှိုက်လိုက်မိသည်။ ဤနေရာသည် လူရိုင်းများ၏ နယ်မြေအနက်ပိုင်းထဲတွင် တည်ရှိနေခြင်းမဟုတ်ပဲ ကောင်းကင်မြူခိုး အတားအဆီးအနီး နယ်နိမိတ်တွင် ဖြစ်သော်လည်း ဤနေရာသည် လူရိုင်းများ၏ ပိုင်နက်နယ်မြေ ဖြစ်နေဆဲဆိုတာကိုတော့ သူသိချေသည်။ ဤနယ်မြေအတွင်းတည်ရှိသော မျိုးနွယ်စုများ အားလုံးနီးပါးသည် လူရိုင်းများသာဖြစ်သည်။

အကယ်၍ လူတစ်ဦးသည် သူတစ်ယောက်တည်းသာရှိနေပြီး လူရိုင်းမျိုးနွယ်စုများ အတွင်းသို့ခိုးဝင်ကာ နှလုံးသားမှ သွေးစက်၁၀၀၀ကို စုဆောင်းလိုသည်ဆိုလျှင်၊ ထိုလူသည် သူ့ဆရာထျန်းရှဲ့ကျီကဲ့သို့ လူရိုင်းများအား သူဤနေရာတွင်ရှိနေသည်ဟု ပြောပြနေသလိုမျိုးတော့ မောက်မာဝင့်ကြွားလွန်းစွာ အော်ဟစ်လိမ့်မည်မဟုတ်သည်မှာ အသေအချာပင်ဖြစ်သည်။

သို့သော် ထျန်းရှဲ့ကျီကတော့ ထိုသို့ပြုလုပ်ခဲ့သည် ...

အဝေးမှကြည့်လျှင် ခရမ်းရောင်မီးတောက်လုံးကြီးသဖွယ် သူ့ခန္ဓာကိုယ်နှင့် မယုံနိုင်လောက်အောင်ပင် အထက်စီးဆန်သော အပြုအမူတို့ဖြင့် သူ၏ ရောက်ရှိလာမှုကို ဤနယ်မြေဧရိယာအတွင်းရှိ လူရိုင်းများသိအောင် ကြေညာခဲ့လေသည်။

ဆရာဦးလေးပိုင်က သူ့ဆရာကို အဘယ်ကြောင့် အရူးအဘိုးကြီးဟု ခေါ်ခဲ့သည်ကို စုမင် ရုတ်တရက်နားလည်သွားမိသည်။ သူ့အား အဘယ်ကြောင့် အဖြူရောင်အကြေးခွံလေး ပေးခဲ့ရခြင်းကိုလည်း နားလည်သွားရ၏ ...

ထျန်းရှဲ့ကျီ ယခုလိုအရာမျိုးလုပ်သည်မှာ ပထမဆုံးအကြိမ်မဟုတ်သလို ဒုတိယအကြိမ်လည်းမဟုတ်သည်မှာ ရှင်းလင်းနေပေသည်။ ဤအရာသည် အချိန်အတော်ကြာပြီးတိုင်း တစ်ခါ ပုံမှန်ဖြစ်ပျက်နေခဲ့ခြင်းပင် ဖြစ်နိုင်သည်။

‘လူမျိုးတစ်မျိုး ဒါမှမဟုတ် မျိုးနွယ်စုတစ်စု ဆိုရင်တောင်၊ သူတို့ကို နှစ်ပေါင်းများစွာ ဒီလိုပုံစံမျိုးနဲ့ အကြိမ်ကြိမ်အတိုက်ခံနေရမယ်ဆိုရင်၊ သူတို့ကိုတိုက်တဲ့ ရန်သူအတွက်တော့ ဒါက မာနထောင်လွှားတာလို့ ပြောလို့ရပေမဲ့ သူတို့အတွက်တော့ ဒါက အရှက်ခွဲခံရသလိုပဲ ...’

‘ဒါဆို ဒီဟာက အာရုံစိုက်မှုတွေအများကြီးကို ဆွဲဆောင်နိုင်မှာအသေအချာပဲ။ သူတို့က အာရုံစိုက်မိသွားတာနဲ့ သူတို့ကိုလာတိုက်တဲ့ ဒီရန်သူရဲ့လုပ်ရပ်တွေအတွက် စေ့စေ့စပ်စပ်ပြင်ဆင်မှုတွေ လုပ်ထားလိမ့်မယ် ...’

‘ဆရာက ဒီနေရာကို အကြိမ်ကြိမ် လာခဲ့တာ။ ဆိုလိုချင်တဲ့သဘောက လူရိုင်းတွေရဲ့ ကြိုတင်ပြင်ဆင်ထားတဲ့ တိုက်ခိုက်မှုတွေကို သူကြုံခဲ့ရပြီးပြီပေါ့။ ဒါပေမဲ့ သူက ဒီလိုလုပ်ဖို့ကိုပဲ ရွေးချယ်နေတုန်း ... ပြီးတော့ သူဒီရောက်နေပြီ ဆိုတာကိုတောင် ... လူရိုင်းတွေကို ပြောပြလိုက်သေးတယ် ...’

စုမင် စဉ်းစားနေစဉ်မှာပင် တစ်စုံတစ်ရာက သူ့အာရုံကို ဖမ်းစားသွားခဲ့သည်။ သူအဝေးသို့ ချက်ချင်းမော့ကြည့်လိုက်မိပြီး ထိုအရာကိုမြင်လိုက်ရချိန်တွင် သူ့မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့ရသည်။

အဝေးတွင် ကောင်းကင်မှတိမ်စိုင်များသည် အရှေ့သို့ ရွေ့လျားလာနေပြီး အနက်ရောင်အစက်အပြောက်များသည်လည်း စုမင်တို့ထံသို့ အလျင်အမြန်ဦးတည်လာနေကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုအနက်ရောင် အစက်အပြောက်များက ရှင်းလင်းပြတ်သားလာခဲ့ပြီး ၎င်းတို့အားလုံးသည် တစ်ကောင်နှင့်တစ်ကောင် မတူညီကြသော သားရဲရိုင်းများဖြစ်သည်။

ထိုသတ္တဝါများသည် အလွန်မကြီးမားကြပေ။ ၎င်းတို့သည် ပေတစ်ဒါဇင်ခန့် အရွယ်အစားရှိပြီး ၎င်းတို့အားလုံး၌ တောင်ပံတစ်စုံဆီရှိကာ စုမင်တို့ဆီသို့ ပျံသန်းလာနေကြချေသည်။ သားရဲများပေါ်တွင် မတ်တတ်ရပ်နေသော လူများကိုလည်း စုမင် တွေ့လိုက်ရသည်။ ထိုသူတို့၏ မျက်နှာများထက်တွင် ဖုံးလွှမ်းနေသော မာန်အမှတ်အသားများမရှိပဲ၊ တိရစ္ဆာန်ရုပ်ပုံများကိုသာ သူတို့အရေပြားများပေါ်တွင် ရေးထွင်းထားကြလေသည်။

“မင်းရဲ့ ပုံဆွဲတဲ့ကိစ္စကိုပဲ အာရုံ အပြည့်အဝစိုက်ထား”

ထျန်းရှဲ့ကျီ၏ နှုတ်ခမ်းထောင့်စွန်းရှိ အပြုံးမှ ရက်စက်ကြမ်းကြုတ်မှုသည် အမြင့်ဆုံးသို့ရောက်ရှိသွားပြီး ကောင်းကင်ကိုပင် တုန်လှုပ်သွားစေနိုင်သည့် သတ်ဖြတ်ခြင်း အရှိန်အဝါတစ်ခုကလည်း သူ့ကိုယ်မှ ပေါက်ကွဲထွက်ပေါ်လာသည်။ စကားပြောပြီးသည်နှင့် ထျန်းရှဲ့ကျီက ရှေ့သို့တစ်လှမ်းတက်လိုက်သည်။

သူ့နောက်ရှိ မူလကပုံရိပ်ယောင်သွေးပင်လယ်ကြီးသည် ယခုတော့ အစစ်အမှန်ဖြစ်သည့်ပုံ ပေါ်နေချေပြီ။ သွေးပင်လယ်အတွင်းရှိကျောက်ရုပ်တု၏ မျက်လုံးများထဲတွင် အလင်းတစ်ခုဖြစ်ပေါ်လာပြီး သတ်ဖြတ်လိုသော စိတ်လှုပ်ရှားမှုဖြင့် တောက်ပလာခဲ့သည်။

ထျန်းရှဲ့ကျီသည် မျက်လုံးများအတွင်းမှ သတ်ဖြတ်လိုစိတ်များနှင့်အတူ အနက်ရောင် အစက်အပြောက်များဆီသို့ မုန်တိုင်းတစ်ခုသဖွယ် တိုးဝင်သွားသည်ကို စုမင် တွေ့လိုက်ရသည်။ သူ့နောက်ရှိ သွေးပင်လယ်ထဲတွင်လည်း လှိုင်းလုံးများ မြင့်တက်ဖြစ်ပေါ်လာပြီး အနက်ရောင် အစက်အပြောက်များဆီသို့ ဦးတည်တိုးဝင်သွားလေသည်။

လေထဲတွင် အော်ဟစ်ဟိန်းဟောက်သံများ ပဲ့တင်ထပ်သွားပြီး သားရဲရိုင်းများထက်တွင် ရပ်နေသော လူရိုင်းတို့၏ မျက်နှာများပေါ်တွင်လည်း အလားတူ ရက်စက်ကြမ်းကြုတ်မှုမျိုးကို စုမင်တွေ့လိုက်ရသည်။ သူတို့သည် သေဆုံးရမည်ကို ကြောက်ရွံ့ခြင်းမရှိပဲ လျှာများကိုကိုက်ပြီး သွေးများ ထွေးထုတ်လိုက်ကြသည်။ ထိုသွေးများသည် မရေမတွက်နိုင်အောင် များပြားသော သွေးနီရောင် ပိုးမွှားကောင်များအဖြစ် ပြောင်းလဲသွားပြီး ထျန်းရှဲ့ကျီထံ တိုးဝင်သွားကြသည်။

လူရိုင်းအချို့က ဦးခေါင်းခွံများကို ထုတ်ယူလာကြပြီး ထိုအရာများကို ရိုက်နှက်လိုက်ရာ အနက်ရောင်အခိုးအငွေ့များ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသည့် ရုပ်ဆိုးအကျည်းတန်သော အမုန်းတရားတစ္ဆေများအဖြစ် ပြောင်းလဲသွားကြသည်။

လူရိုင်းအချို့ကမူ သူတို့ထိုင်ချလိုက်ကြသည်နှင့် သူတို့အောက်မှ သားရဲရိုင်းများသည် စူးရှနာကျင်စွာ အော်ဟစ်လိုက်ကြပြီး ၎င်းသားရဲတို့၏ အသားနှင့်သွေးများသည် သူတို့အရိုးများဆီမှ စုတ်ပြဲထွက်သွားကြသည်။ ထိုပမာဏ များပြားလှသော အသားပိုင်းများသည် သွေးနီရောင် ဘီလူးကြီးများအဖြစ် အတူတကွ စုဝေးသွားကြပြီး ဟိန်းဟောက်အော်ဟစ်လျက် ထျန်းရှဲ့ကျီထံ တိုးဝင်သွားကြသည်။

အသားနှင့်သွေးများကို ဆုံးရှုံးလိုက်ရသော သတ္တဝါများတွင် အဖြူရောင်အရိုးကိုယ်ထည်ကြီးများသာ ကျန်ရစ်ခဲ့သည်။ သို့သော် သူတို့မျက်လုံးများအတွင်းရှိ တစ္ဆေမီးတောက်များသည်တော့ အေးစက်ခက်ထန် ကြမ်းကြုတ်မှုများနှင့် တောက်လောင်လျက်ရှိသည်။

လူရိုင်းများစွာသည် သူတို့အောက်ရှိ သားရဲရိုင်းများအပေါ် ဆောင့်နင်းလိုက်ပြီး လေထဲသို့ ခုန်တက်လိုက်ကြသည်။ သူတို့ခန္ဓာကိုယ်များသည် ချက်ချင်းကြီးမားလာပြီး သူတို့ခန္ဓာကိုယ်များမှ ထိတ်လန့်တုန်လှုပ်ဖွယ် စွမ်းအားတစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး သူတို့၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်များသည် သူတို့အတွက် အသန်မာဆုံးသော အစွမ်းထက်မာန်အကြောမျှင်များ အဖြစ် ပြောင်းလဲသွားသည်။ သူတို့ကလည်း ထျန်းရှဲ့ကျီထံ တိုးဝင်သွားကြသည်။

စုမင် ထိုမြင်ကွင်းကို သေချာစောင့်ကြည့်နေမိသည်။ ဤနတ်ဘုရားစွမ်းရည်များအားလုံးသည် သူယခင်က တစ်ခါမှမမြင်ဖူးခဲ့သော ပညာရပ်များဖြစ်သည်။ အထူးသဖြင့် သတ္တဝါကြီးများ၏ အသွေးအသားများထံမှ ဘီလူးကြီးများ ဖန်တီးလိုက်ပြီး ထိုသတ္တဝါကြီးများသည် ၎င်းတို့ခန္ဓာကိုယ်တွင် အရိုးများသာ ကျန်ရှိနေတော့သော်လည်း ဆက်လက်အသက်ရှင်အောင် ပြုလုပ်ပေးနိုင်သော အစီအရင်ပင်ဖြစ်သည်။ ထိုအရာသည် စုမင်၏ အသက်ရှူသံများကိုပင် လျင်မြန်သွားစေခဲ့သည်။

“မင်းက လူရိုင်းမျိုးနွယ်စုရဲ့ နတ်ဆရာတစ်ယောက်ကိုး။ ကြည့်ရတာ ဒီနေ့ငါ့ဆီလာဖို့ ပိုကောင်းကောင်း ပြင်ဆင်ထားတဲ့ပုံပဲ ... မင်းနှစ်ပေါင်းများစွာ စောင့်နေခဲ့ရတယ် ထင်တယ်။ နောက်ဆုံးတော့ ဒီနေ့ ငါပြန်ရောက်လာပြီမို့ ... မင်း ထပ်စောင့်စရာ မလိုတော့ပါဘူး”

ထျန်းရှဲ့ကျီ၏ ကြောက်မက်ဖွယ်ရယ်မောသံသည် ကောင်းကင်ထက်တွင် မြည်ဟည်းနေသည်။

ဟိန်းဟောက်သံများသည် ကောင်းကင်ကိုပင် တုန်ခါသွားစေခဲ့သည်။ စုမင်မျက်စိထဲသို့ မြင်ကွင်းများစွာ ဝင်ရောက်လာပြီး ၎င်းတို့ထဲတွင် ထျန်းရှဲ့ကျီသည် မောက်မာဝင့်ကြွားစွာဖြင့် ထိုလူရိုင်းများကို အထိန်းအကွပ်မရှိ သတ်ဖြတ်နေချေသည်။

သွေးပိုးကောင်များသည် ထျန်းရှဲ့ကျီခန္ဓာကိုယ်အား ထိုးဖောက်ရန် တိုးဝင်လိုက်ကြသော်လည်း ၎င်းတို့သည် ချက်ချင်း ခရမ်းရောင်ပြောင်းကာ ပေါက်ကွဲသွားကြသည်။

ဦးခေါင်းခွံများထံမှ အမုန်းတရားတစ္ဆေများ ထျန်းရှဲ့ကျီ အနီးသို့ရောက်လာချိန်တွင် သွေးပင်လယ်အတွင်းမှ ကျောက်ရုပ်တုသည် ၎င်း၏ ပါးစပ်ကြီးကို ကျယ်ပြန့်စွာ ဟလိုက်ပြီး ၎င်းတစ္ဆေများအား ပါးစပ်ထဲသို့ တစ်ချက်တည်းဖြင့် စုပ်ယူလိုက်သည်။ ကျောက်ရုပ်တုသည် တစ္ဆေတို့အားလုံးကို မျိုချပြီးသည်နှင့် ၎င်း၏မျက်လုံးများအတွင်းမှ ရက်စက်ကြမ်းကြုတ်မှုနှင့် စိတ်လှုပ်ရှားမှုများက ပိုမိုပြင်းထန်လာခဲ့သည်။

(Spirit medium ဆိုတာ ဝိညာဉ်တွေနဲ့ သက်ရှိတွေကြား အဆက်အစပ် ပြုလုပ်ပေးတဲ့လူမျိုးတွေပေါ့။ မြန်မာလိုဆို နတ်ဆရာတွေ၊ နတ်ဝင်သည်မျိုးတွေပါ)

***

All Chapters