အခန်း (၄၈၁-၄၈၂)
Vol. 49 Ch. 481-482
အခန်း။ ၄၈၁
ထို့နောက် လုချွမ်း၏ စိတ်အာရုံစေခိုင်းမှုအောက်တွင် ပျံသန်းနိုင်သော ဇွန်ဘီရုပ်သေး ရာပေါင်းများစွာတို့သည် ကောင်းကင်ယံ၌ ဖရိုဖရဲအကတစ်ခုကို ကပြဖျော်ဖြေကြတော့သည်။
ရှူး... ရှူး... ရှူး...
ပျံသန်းသူ ဇွန်ဘီများသည် တစ်ကောင်ပြီးတစ်ကောင် ကောင်းကင်သို့ ပျံတက်သွားကြပြီး ဟိုဟိုဒီဒီ ပျံသန်းကာ တစ်ခါတစ်ရံတွင် ဘေးချင်းယှဉ်၍လည်းကောင်း တစ်ခါတစ်ရံတွင် တစ်
ကောင်နှင့်တစ်ကောင် ကျော်ဖြတ်၍လည်းကောင်း ဝဲပျံနေကြသည်။
ကောင်းကင်ယံ၌ ငှက်အုပ်ကြီးတစ်အုပ် ပျံသန်းနေသည့်အလား လေထုကို တိုးဝှေ့ဖြတ်သန်းသွားသော အသံများမှာလည်း အဆက်မပြတ် ဟိန်းထွက်နေတော့သည်။
မိနစ်အနည်းငယ်ကြာ၍ အားရကျေနပ်သွားသောအခါ လုချွမ်းသည် ပျံသန်းသူ ဇွန်ဘီအားလုံးကို မြေပြင်သို့ ပြန်လည်ဆင်းသက်စေလိုက်သည်။ ဆက်လက်၍ သူသည် တောင်ပံမျိုးနွယ်စုကို အပြီးတိုင် ခြေမှုန်းရန် လိုအပ်နေပြီဖြစ်ရာ အချိန်ဖြုန်းနေရန် အကြောင်းမရှိပေ။
တောင်ပံစစ်တပ် ဆုတ်ခွာသွားသော လားရာကို ကြည့်ရင်း လုချွမ်းက မျက်မှောင်ကြုတ်လိုက်သည်။ ဤမျှများပြားသော တောင်ပံလူသားများကို စုစည်းနိုင်သည်ဆိုလျှင် ထိုဘက်တွင် သူတို့၏ ဌာနချုပ် ရှိနေနိုင်ချေ အလွန်များသည်။
ဝုန်း... ဝုန်း...
နောက်တစ်ခဏတွင် ငြိမ်သက်နေသော ဇွန်ဘီဒီရေလှိုင်းကြီးမှာ လုချွမ်း၏ ဦးဆောင်မှုနှင့်အတူ ရှေ့သို့ ဖြည်းညှင်းစွာ ပြန်လည်ချီတက်လာခဲ့သည်။ တိုးဝှေ့လာသော အနက်ရောင် ဇွန်ဘီဒီရေလှိုင်းကြောင့် မြေပြင်မှာလည်း အဆက်မပြတ် တုန်ခါနေတော့သည်။
ခေတ္တမျှ စဉ်းစားပြီးနောက် လုချွမ်းသည် သူ၏လက်အောက်ရှိ ပျံသန်းသူ ဇွန်ဘီ အားလုံးကို ကောင်းကင်သို့ ပျံတက်စေကာ ရှေ့မှနေ၍ ကင်းထောက်ခိုင်းလိုက်သည်။
တောင်ပံလူသား အရေအတွက်မှာ အလွန်များပြားလှသဖြင့် သူတို့၏ ဌာနချုပ်မှာလည်း သေးငယ်မည်မဟုတ်ချေ။ ရှေ့သို့ ဆက်လက်ရှာဖွေပါက သေချာပေါက် တွေ့ရှိနိုင်သည်။
မကြာမီမှာပင် ပျံသန်းသူ ဇွန်ဘီများ၏ အမြင်အာရုံမှတစ်ဆင့် လုချွမ်းသည် တောင်ပံလူသားတို့၏ ဌာနချုပ်တည်နေရာကို ရှာဖွေတွေ့ရှိသွားခဲ့သည်။
ဤအချိန်၌ တောင်စောင်းထက်တွင်ရှိသော တောင်ပံမျိုးနွယ်စုမှာ ထွက်ပြေးလာသူများထံမှ တိုက်ပွဲရလဒ်ကို ကြားသိရပြီးနောက် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသည်။
သူတို့၏ စစ်တပ်ကြီးမှာ ဤမျှအထိ အထိနာကာ အရှုံးကြီး ရှုံးနိမ့်ခဲ့ရသည်ကို တောင်ပံလူသားများမှာ မယုံကြည်နိုင်လောက်အောင် ဖြစ်နေကြသည်။
ချက်ချင်းပင် ထိုတောင်ပံလူသားများ၏ ရင်ထဲ၌ လက်စားချေလိုသော မီးလျှံများ တောက်လောင်လာခဲ့ပြီး တောင်တန်းတစ်ခုလုံးတွင် ဒေါသတကြီး ဟိန်းဟောက်သံများ လွှမ်းမိုးသွားတော့သည်။
မကြာမီ လုချွမ်းသည် သူ၏တပ်ဖွဲ့ကို ဦးဆောင်ကာ တောင်ခြေသို့ ရောက်ရှိလာခဲ့သည်။ လမ်းမှာ မညီမညာဖြစ်နေသောကြောင့် လုချွမ်းသည် ယာဉ်တန်းကို ဝေးလံသော လမ်းမကြီးပေါ်
တွင်သာ ထားရစ်ခဲ့ပြီး ကျိရုရွှယ်နှင့်အတူ ဇွန်ဘီဒီရေလှိုင်း၏ အထက်မှ ပျံသန်း၍ လိုက်ပါလာခဲ့သည်။
ထိုအချိန်တွင် ဒေါသတကြီး ဖြစ်နေသော တောင်ပံလူသားများသည်လည်း ဇွန်ဘီဒီရေလှိုင်း ရောက်ရှိလာမှုကို သိရှိသွားကြပြီး သူတို့၏ ဌာနချုပ်အတွင်းမှ တစ်ဦးပြီးတစ်ဦး ပျံထွက်လာကြတော့သည်။
"အို... အဆင့် ၆ တောင်ပံလူသားတွေ အများကြီး ရှိနေတာပဲ "
ကောင်းကင်ယံမှ လျင်မြန်စွာ ချဉ်းကပ်လာသော ရှေ့ဆုံးမှ တောင်ပံလူသားအချို့ကို မြင်လိုက်ရသောအခါ လုချွမ်းမှာ အနည်းငယ် အံ့အားသင့်သွားသည်။ ဤကမ္ဘာသို့ ရောက်ရှိနေသော တောင်ပံမျိုးနွယ်စုအတွင်း၌ အဆင့် ၆ အင်အားစု ဤမျှအထိ ရှိနေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် ကိုးဘော့လ်မျိုးနွယ်စုနှင့် မျက်လုံးနီမိစ္ဆာမြွေများတွင်ပင် အဆင့် ၆ ရှိသူ တစ်ဦးထက်ပို၍ ယခုထက်ထိ မတွေ့ရသေးသောကြောင့်ပင်။
"ဟင်းလင်းပြင်လမ်းကြောင်းရဲ့ တစ်ဖက်ကမ်းမှာရှိတဲ့ တောင်ပံမျိုးနွယ်စုက အဆင့် ၆ အင်အားစုတွေ အများကြီးရှိတဲ့ အစွမ်းထက်မျိုးနွယ်စုကြီးလား ဒါမှမဟုတ် ဒီဘက်ကမ္ဘာကို ရောက်လာပြီးနောက်မှာ ရန်သူမရှိဘူးအထင်နဲ့ ပေါ့ဆပြီး သူတို့ရဲ့ ထိပ်သီးပညာရှင်တွေအားလုံးကို လွှတ်လိုက်တာလားဆိုတာတော့ စိတ်ဝင်စားဖို့ တော်တော်ကောင်းတယ်"
ရှူး... ရှူး... ရှူး...
ထိုခဏတွင် နှစ်ဖက်အင်အားစုမှာ လေထဲ၌ ထိပ်တိုက်တွေ့ဆုံကြတော့သည်။ အဆင့် ၆ ဇွန်ဘီရုပ်သေးအချို့က ရှေ့မှဦးဆောင်လာရာ တောင်ပံမျိုးနွယ်စုသည်လည်း မြှားမိုးများကို ပစ်လွှတ်လိုက်ကြသည်။
၎င်းကို မြင်သောအခါ လုချွမ်းသည် သူ၏ ပျံသန်းသူတပ်ဖွဲ့ကို ရှေ့သို့ တိုက်ရိုက် တိုးဝင်
စေလိုက်ပြီး ပျံသန်းသူ (၁)၊ မီးလျှံ ၁ နှင့် အခြားမီးလျှံ ဇွန်ဘီများကို ရှေ့တန်းသို့ ပို့ကာ တောင်ပံလူသားများကို စတင်တိုက်ခိုက်စေတော့သည်။
ပထမဦးစွာ ရေထိန်းချုပ်သူ ၁ က သုံးထပ်ရေလိုက်ကာကြီးတစ်ခုကို ဖန်တီးလိုက်ရာ ကျဆင်းလာသော မြှားအားလုံးကို တားဆီးပိတ်ဆို့လိုက်သည်။ ထို့နောက်တွင် မီးလျှံ ၁ နှင့် မီးလျှံ ဇွန်ဘီများက သူတို့၏ စွမ်းအားကို ထုတ်ဖော်လိုက်ကြရာ တောက်လောင်နေသော မီးလျှံများမှာ တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားပြီး မရေမတွက်နိုင်သော မီးလုံးကြီးများအဖြစ် ပြောင်းလဲသွားသည်။
ဘုန်း... ဘုန်း... ဘုန်း...
ဧရာမ မီးလုံးကြီးများသည် အံ့ဩဖွယ်ကောင်းသော အရှိန်ဖြင့် ပျံထွက်သွားရာ တောင်ပံလူသားများမှာ ရှောင်တိမ်းရန် အချိန်မရလိုက်ဘဲ အများအပြား တိုက်ရိုက်ထိမှန်သွားကြသည်။ မီးလုံးများ ပေါက်ကွဲသွားသည့်အခါ အနီးနားရှိ တောင်ပံလူသား အတော်များများလည်း ရိုက်ခတ်မှုဒဏ်ကို ခံလိုက်ရသည်။
ချက်ချင်းပင် တောင်ပံလူသားတို့၏ အော်ဟစ်သံများမှာ ကောင်းကင်ယံမှ ပျံ့လွင့်လာပြီး ခန္ဓာကိုယ်များမှာ မီးလျှံများ ဝန်းရံလျက် ဆူပွက်နေသော ရေနွေးအိုးထဲသို့ မုန့်လုံးများ ပစ်ထည့်လိုက်သကဲ့သို့ တရစပ် ပြုတ်ကျကုန်တော့သည်။
တစ်ပြိုင်နက်တည်းမှာပင် အချို့သော မီးလုံးများမှာ တောင်စောင်းရှိ သစ်သားအိမ်များကို ထိမှန်သွားပြီး အလုံးစုံ ပျက်စီးသွားစေသည်။ အိမ်ထဲရှိ ဒဏ်ရာရနေသော တောင်ပံလူသားအချို့မှာ တုံ့ပြန်ရန် အချိန်မရလိုက်ဘဲ လေထဲသို့ လွင့်စင်သွားကြသည်။
မီးခိုးလုံးကြီးများနှင့် ပူပြင်းလှသော အပူရှိန်မှာ သူတို့၏ အသိုက်အဝန်းတစ်ခုလုံးသို့ အလျင်အမြန် ပျံ့နှံ့သွားခဲ့သည်။
အနီးနားတွင် အလုပ်လုပ်နေကြသော အသက်ရှင်ကျန်ရစ်သူ လူသားများသည် ဤမြင်ကွင်းကို ကြည့်ကာ ကြောင်အမ်းသွားကြပြီး နောက်တစ်စက္ကန့်တွင် ဘာဖြစ်နေသည်ကို သတိဝင်လာသောအခါ ခေါင်းမပါသော ကြက်များကဲ့သို့ ထိတ်လန့်တကြား ရူးသွပ်စွာ ထွက်ပြေးကြတော့သည်။
ရှူး... ရှူး...
ကောင်းကင်ယံ၌ သူတို့၏ အသိုက်အဝန်း ပျက်စီးသွားသည်ကို မြင်လိုက်ရသောအခါ တောင်ပံလူသား အချို့သည် အတောင်ပံများကို အားမာန်ပါပါ ခတ်လိုက်ပြီး လုချွမ်းနှင့် ကျိရုရွှယ်ရှိရာသို့ အတင်းတိုးဝင်ရန် ကြိုးစားကြသော်လည်း လမ်းခုလတ်၌ပင် လေကြောင်းတပ်ဖွဲ့မှ အခြား ဇွန်ဘီရုပ်သေးများ၏ ပိတ်ဆို့ခြင်းကို ခံလိုက်ရသည်။
လျှင်မြန်ဖျတ်လတ်သည့် အမျိုးအစားမှ ဆင့်ကဲပြောင်းလဲလာသော ပျံသန်းသူ ဇွန်ဘီများသည် လျင်မြန်စွာ လှုပ်ရှားလျက် ချဉ်းကပ်လာသော တောင်ပံလူသားများကို သူတို့၏ ခြေသည်းများဖြင့် အုပ်စုလိုက် ဝိုင်းဝန်းတိုက်ခိုက်ကြတော့သည်။
မကြာမီ ပြင်းထန်သော အော်ဟစ်သံများနှင့်အတူ တိုက်ခိုက်လာသော တောင်ပံလူသားများမှာ အသတ်ခံလိုက်ရပြီး မြေပြင်ပေါ်သို့ သနားစဖွယ် ပြုတ်ကျသွားကြသည်။
အများစုမှာ ခြေသည်းနှင့် ဓားသွားများအောက်တွင် သေဆုံးသွားကြပြီး ထွက်ပြေးရန် ကြိုးစားသူများကိုလည်း မီးလျှံ ဇွန်ဘီများက ဖန်တီးထားသော မီးနဂါးမြွေများက လိုက်လံတိုက်ခိုက်ကာ မီးလောင်ကျွမ်းစေလျက် အောက်သို့ ပစ်ချလိုက်သည်။
အင်အားကွာခြားချက်မှာ အလွန်ကြီးမားလှသဖြင့် အချိန်ကုန်လွန်လာသည်နှင့်အမျှ တောင်ပံလူသားများမှာ အလျင်အမြန် အသတ်ခံလိုက်ရသည်။ အဆင့် ၆ ရှိသော တောင်ပံလူသား အနည်းငယ်ပင်လျှင် ပျံသန်းသူ (၁)၊ မီးလျှံ ၁ နှင့် အခြားအဆင့် ၆ ရုပ်သေးများ၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် လျင်မြန်စွာ ကျရှုံးသွားခဲ့သည်။
"ဟင်းလင်းပြင်အက်ကွဲကြောင်းက ဒီအနီးအနားမှာပဲ ရှိရမယ် "
လုချွမ်းသည် အောက်ဘက်ရှိ ပျက်စီးနေသော တောင်ပံလူသားတို့၏ အသိုက်အဝန်းကို အေးစက်စွာ ကြည့်လိုက်ပြီး စိတ်အာရုံဖြင့် အနီးနားရှိ ဇွန်ဘီရုပ်သေးများကို အလျင်အမြန် စုရုံးရန် အမိန့်ပေးလိုက်သည်။
ဇွန်ဘီရုပ်သေးများသည် အပျက်အစီးများကြားတွင် ကျန်ရှိနေသော တောင်ပံလူသား အနည်းငယ်ကို စတင်ရှင်းလင်းလိုက်သောအခါမှ ထိတ်လန့်နေသော အသက်ရှင်ကျန်ရစ်သူများမှာ သတိပြန်ဝင်လာကြသည်။
သို့သော် သူတို့ထံသို့ ချဉ်းကပ်လာသော ကြောက်မက်ဖွယ် ဇွန်ဘီရုပ်သေးများကို မြင်လိုက်ရသောအခါ သူတို့၏ မျက်နှာများမှာ ချက်ချင်း ပြောင်းလဲသွားတော့သည်။
"ဇွန်ဘီတွေ "
"ဇွန်ဘီတွေ အများကြီးပဲ "
"ဒါက ဇွန်ဘီဒီရေလှိုင်းပဲ။ တောင်ပံလူသားတွေ ဇွန်ဘီဒီရေလှိုင်းကြောင့် အမြစ်ပြတ်သွားပြီ "
ဇွန်ဘီရုပ်သေးများက ထွက်ပေါက်အားလုံးကို ပိတ်ဆို့ထားသဖြင့် ပင်ပန်းနွမ်းနယ်နေသော အသက်ရှင်ကျန်ရစ်သူများသည် တစ်ဦးနှင့်တစ်ဦး ပူးကပ်လျက် ချဉ်းကပ်လာသော ဇွန်ဘီများကို ကြည့်ကာ မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေတော့သည်။
ထိုအချိန်တွင် လူအုပ်ထဲရှိ ဆင့်ကဲပြောင်းလဲသူအချို့မှာမူ ထို ဇွန်ဘီများကို သံသယစိတ်ဖြင့် စောင့်ကြည့်နေကြသည်။ သူတို့မှာ မူလက ရှန်ချွမ်းမြို့မှ အသက်ရှင်ကျန်ရစ်သူများ မဟုတ်ဘဲ နဂါးပြည်နယ်ရှိ အခြားအခြေစိုက်မြို့များမှ ဖြစ်ကြသည်။ တာဝန်တစ်ခုဖြင့် ထွက်လာစဉ် တောင်ပံလူသားတို့၏ ကျွန်ပြုခြင်းကို ခံခဲ့ရသူများ ဖြစ်သည်။
ဤမျှများပြားလှသော ဇွန်ဘီများအား အနီးကပ် မြင်လိုက်ရသောအခါ သူတို့၏ရင်ထဲ၌ သံသယတစ်ခု ချက်ချင်း ပေါ်လာခဲ့သည်။
"ဇွန်ဘီတွေကလည်း အများကြီးပဲ အနားကိုလည်း တော်တော် ကပ်နေပြီ။ လီမြစ်မြို့က ဇွန်ဘီဘုရင်ကိုယ်တိုင်များ ရောက်လာတာလား မသိဘူး"
လုချွမ်းသည်လည်း ဤလူအုပ်ကို သတိပြုမိလိုက်ပြီး သူ၏မျက်ဝန်းထဲတွင် သတ်ဖြတ်လိုစိတ်များ ဝင်းလက်သွားသည်။
သို့သော် ကျောက်လင်းနှင့် ထားခဲ့သော ကတိကို သတိရကာ ဤလူများကို သတ်ဖြတ်ခြင်းမပြုရန် ဆုံးဖြတ်လိုက်ပြီး ဇွန်ဘီရုပ်သေးများကို လမ်းဖယ်ပေးရန် အမိန့်ပေးလိုက်သည်။
"အမြန်သွားကြတော့ "
လမ်းပွင့်သွားသည်ကို မြင်သောအခါ အသက်ရှင်ကျန်ရစ်သူများက ဘာကြောင့်လဲဟု စဉ်းစားမနေတော့ဘဲ ဝမ်းသာအားရဖြင့် ထိုလမ်းကြောင်းအတိုင်း ပြေးထွက်သွားကြတော့သည်။
အသက်ရှင်ကျန်ရစ်သူများ ထွက်ခွာသွားပြီးနောက် လုချွမ်းသည် ခြံထဲ၌ လှောင်ထားသော သားရဲများဘက်သို့ အာရုံလှည့်လိုက်ရာ နောက်တစ်ခဏ၌ ထိုသားရဲများမှာ သနားညှာတာမှုကင်းမဲ့စွာ အသတ်ခံလိုက်ရသည်။
ထို့နောက် လုချွမ်းသည် သူ၏ ဇွန်ဘီဒီရေလှိုင်းကို တောင်ပံလူသားများနှင့် သားရဲအလောင်းများအား စားသောက်ပွဲကြီး ကျင်းပခွင့်ပေးလိုက်ပြီး သူကိုယ်တိုင်မှာမူ ကောင်းကင်ယံ၌ ရပ်တန့်လျက် ကြီးမားသော စိတ်ဝိညာဉ်အင်အားကို ထုတ်ဖော်လိုက်သည်။
ခဏအတွင်းမှာပင် ရှန်ချွမ်းမြို့နှင့် ပတ်ဝန်းကျင်ဒေသရှိ ဇွန်ဘီတိုင်းသည် ဖိတ်ခေါ်ခြင်းခံရသကဲ့သို့ လုချွမ်းရှိရာ အရပ်သို့ စုရုံးရောက်ရှိလာကြသည်။ လုချွမ်းသည် ဤအခွင့်အရေးကို အသုံးချကာ သူ၏ ဇွန်ဘီဒီရေလှိုင်းကို ပိုမိုတိုးချဲ့ရန် ရည်ရွယ်ထားတော့သည်။
အခန်း။ ၄၈၂
ရှန်ချွမ်းမြို့အပြင်ဘက်တွင်
ဝူး... ဝူး... ဝူး...
ဤအချိန်၌ ရဟတ်ယာဉ်တစ်စင်းသည် အလွန်မြင့်မားသော ကောင်းကင်ယံထက်တွင် အရှိန်အဟုန်ဖြင့် ပျံသန်းနေပြီး ၎င်း၏ ဦးတည်ရာမှာ ရှန်ချွမ်းမြို့ဆီသို့ တိုက်ရိုက်ပင်။
ယာဉ်အတွင်းခန်းထဲတွင်မူ လက်နက်အပြည့်အစုံ တပ်ဆင်ထားသော လူငယ်ဆင့်ကဲပြောင်းလဲသူတစ်ဦးသည် မြေပုံတစ်ခုကို ကိုင်ထားရင်း သူ၏နောက်ကွယ်မှ အသင်းခေါင်းဆောင်ကို ညည်းညူနေတော့သည်။
"ခေါင်းဆောင်... ဒီတစ်ခေါက် တာဝန်က အရမ်းဝေးလွန်းတယ်ဗျ။ ကျွန်တော်တို့ အခြေစိုက်
စခန်းက ဟုန်လော့မြို့နဲ့ဆို လီ သုံးလေးရာလောက် ဝေးတာ။ အဲဒီ သစ်ခွမြွေတွေရဲ့ အသိုက်က ဟုန်လော့မြို့မှာပဲ ရှိတာလား။ တကယ်လို့... တကယ်လို့ လမ်းမှာ အဆင့် ၅ ရှိတဲ့ ပျံသန်းနိုင်တဲ့ သားရဲတစ်ကောင်နဲ့များ တိုးရင် ကျွန်တော်တို့အဖွဲ့တော့ သွားပြီပဲ"
ယခုတစ်ခေါက် သူတို့အဖွဲ့ လက်ခံထားသော တာဝန်မှာ သစ်ခွမြွေ သည်းခြေ အခု ၃၀ ရရှိရန် ဖြစ်သည်။ သစ်ခွမြွေဆိုသည်မှာ အုပ်စုလိုက်နေထိုင်တတ်သော မြွေအမျိုးအစားဖြစ်ပြီး ၎င်း၏ ကိုယ်ပေါ်တွင် သစ်ခွပန်းနှင့်တူသော အဝါရောင်ပန်းပွင့်ပုံစံ အကွက်များ ပါရှိသောကြောင့် ထိုအမည်တွင်ခြင်းပင်။
ထိုစကားကို ကြားသောအခါ အနောက်မှ အသင်းခေါင်းဆောင် မပြောမီ ဘေးနားရှိ အသင်းဖော်တစ်ဦးက ရယ်မောလျက် ပြောလိုက်သည်။
"ကျန်းယွီ... မင်းကို ငါ အမြဲပြောသားပဲ။ စာအုပ်စာတမ်းတွေ ပိုဖတ်ပါဆိုတာကို မင်းက နားမထောင်ဘဲ လျှောက်ဆော့နေတာ။ အခုတော့ ကြည့်စမ်း ဒီသစ်ခွမြွေတွေက ဟုန်လော့မြို့မှာပဲ ရှိတာကွ။ တခြားဘယ်နေရာမှာမှ ဒီလိုသားရဲမျိုး မတွေ့ရသေးဘူး။ အာဏာပိုင်တွေ ခန့်မှန်းတာကတော့ ဟုန်လော့မြို့ရဲ့ ထူးခြားတဲ့ ပတ်ဝန်းကျင်ကြောင့် သာမန်မြွေမျိုးစိတ်တွေကနေ သစ်ခွမြွေတွေအဖြစ် ဆင့်ကဲပြောင်းလဲသွားတာလို့ ယူဆရတယ်"
ထိုစကားကို ကြားရသောအခါ လူငယ်ဆင့်ကဲပြောင်းလဲသူ ကျန်းယွီမှာ နှုတ်ခမ်းဆူသွားသည်။
"ဟွန်း... ကျန်းလေးရာ မင်း ပြောသလောက် မလွယ်ဘူး။ ငါတို့အဖွဲ့မှာ အဆင့် ၄ ဆိုလို့ ငါတစ်ယောက်ပဲ ရှိတာ။ အရေးကြီးတဲ့ တာဝန်တွေ ယူခွင့်မရှိလို့ ဒီသစ်ခွမြွေသည်းခြေ ရှာတဲ့အလုပ်ကို ခက်ခက်ခဲခဲ လုယူထားရတာ။ ဒါပေမဲ့ ဒီတာဝန်သာ ပြီးသွားရင် ငါတို့အဖွဲ့ စုထားတဲ့ ရမှတ်တွေက ဆင့်ကဲပြောင်းလဲခြင်း ဆေးရည်အချို့နဲ့ လဲဖို့ လုံလောက်သွားပြီ။ အဲဒီအခါ ကျန်းနဲ့ လီတို့ နှစ်ယောက်လုံး အဆင့် ၄ ကို တက်နိုင်မယ်။ အဲဒီကျရင် ငါတို့အဖွဲ့က အရေးကြီးတာဝန်တွေ ယူလို့ရရုံတင်မကဘဲ တိုက်ပွဲတွေမှာလည်း ငါ့ရဲ့ ဖိအားတွေ အများကြီး လျော့သွားလိမ့်မယ်"
"ပြီးတော့ လီပြောသလိုပဲ။ မင်း စာအုပ်တွေ ပိုဖတ်စမ်းပါ။ တစ်နေ့ကုန် ပျင်းမနေနဲ့ မဟုတ်ရင် မင်းအဖေ မျက်နှာကို မထောက်ဘဲ အဖွဲ့ထဲကနေ ကန်ထုတ်ပစ်မှာနော် "
ဤအချိန်၌ အတွေ့အကြုံရင့်ကျက်ဟန်ရှိသော အသင်းခေါင်းဆောင်က နှာခေါင်းရှုံ့ကာ အေးစက်စွာ ကြိမ်းမောင်းလိုက်သည်။ ခေါင်းဆောင်၏ အဆူအဆဲကို ကြားသောအခါ လူငယ်ကျန်းယွီမှာ သိုးကလေးတစ်ကောင်အလား ဖြစ်သွားပြီး ဘာမှမပြောရဲတော့ချေ။
ကျန်းယွီ ငြိမ်သွားသည်ကို မြင်မှ ခေါင်းဆောင်လည်း ဆက်မပြောတော့ပေ။ ဤကောင်လေးမှာ အမြဲတမ်း ဤအတိုင်းပင်။ သူ၏အဖေမှာ သူ၏ ရဲဘော်ဟောင်းတစ်ဦးသာ မဟုတ်ပါက ဤကောင်လေးကို အဖွဲ့ထဲသို့ ထည့်မည်မဟုတ်ပေ။
ထို့နောက် သူသည် ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်ကာ မျက်မှောင်ကြုတ်လျက် ရှေ့မှ လေယာဉ်မှူးကို သတိပေးလိုက်သည်။
"ဝမ်ကြီး... ငါတို့ အခု ရှန်ချွမ်းမြို့ပြ ဧရိယာနဲ့ သိပ်မဝေးတော့ဘူး။ ဟိုစိတ်အနှောင့်အယှက်ပေးတတ်တဲ့ တောင်ပံလူသားတွေကို သတိထားရှောင်ဦးနော်"
"နားလည်ပါပြီဗျ..."
လေယာဉ်မှူး ဝမ်ကြီးက စစ်သားပီပီ အလေးပြုလိုက်သည်။ ရဟတ်ယာဉ်၏ အရှိန်မှာ သိပ်မမြန်လှသဖြင့် အကယ်၍ တောင်ပံလူသားများ၏ ဖမ်းဆီးခြင်းကို ခံရပါက သေချာပေါက် ဒုက္ခရောက်မည် ဖြစ်သည်။ ထို့ကြောင့် ဝမ်ကြီးသည် ရှန်ချွမ်းမြို့ ဧရိယာကို ရှောင်ကွင်းရန် လမ်းကြောင်းကို သတိထား၍ ပြောင်းလဲလိုက်သည်။
သို့သော်လည်း ခဏအကြာတွင် ဝမ်ကြီးသည် ဝေးလံသော အရပ်မှ မြင်ကွင်းတစ်ခုကြောင့် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
"ဘာလို့ ဒီ ဇွန်ဘီတွေအားလုံးက လားရာတစ်ခုတည်းကို သွားနေကြတာလဲ..."
မြေပြင်ပေါ်တွင် ဆယ်ဂဏန်း၊ ရာဂဏန်းရှိသော ဇွန်ဘီအုပ်စုကြီးများသည် အရိပ်မည်းကြီးများသဖွယ် ရှန်ချွမ်းမြို့၏ ဘယ်ဘက်ခြမ်းဆီသို့ စုပြုံတိုးဝင်နေကြသည်ကို သူတို့ မြင်လိုက်ရသည်။
"ခေါင်းဆောင်... တစ်ခုခုတော့ မှားနေပြီ လာကြည့်ပါဦး "
ဝမ်ကြီး၏ အော်ဟစ်သံကြောင့် အသင်းခေါင်းဆောင်နှင့် အခြားသူများ အာရုံရောက်လာကြသည်။
"ဘာတွေ ဖြစ်နေတာလဲ... ဝမ်ကြီး အဲဒီနောက်ကို လိုက်ကြည့်စမ်း။ အမြင့်ကိုတော့ သတိထားဦး"
အသင်းခေါင်းဆောင်သည် မြေပြင်ပေါ်ရှိ ထူးခြားသော အခြေအနေကို သတိပြုမိသွားသဖြင့် ရှေ့သို့တိုးကာ မျက်မှောင်ကြုတ်ကြည့်လိုက်ပြီး စပ်စုလိုစိတ်ဖြင့် ဝမ်ကြီးကို ညွှန်ကြားလိုက်သည်။
"ဒါပေမဲ့... တောင်ပံလူသားတွေကရော ခေါင်းဆောင်"
"ဘာမှမဖြစ်ဘူး။ ခဏလောက်ပဲ နောက်ကလိုက်ကြည့်မယ်။ အဝေးကနေပဲ အကဲခတ်ရအောင် တစ်ခုခုလွဲနေတယ်လို့ ခံစားရတာနဲ့ ချက်ချင်းထွက်မယ်"
မကြာမီမှာပင် ရဟတ်ယာဉ်သည် ရှန်ချွမ်းမြို့နှင့် မဝေးသော နေရာသို့ ရောက်ရှိလာခဲ့သည်။ ဝေးလံသော မြေပြင်ထက်တွင် တစ်စုံတစ်ခုမှာ စုရုံးနေပြီး အဆုံးမရှိသော ပင်လယ်ပြင်ကြီး သို့မဟုတ် အနက်ရောင် ဒီရေလှိုင်းကြီးတစ်ခုအလား မြင်တွေ့နေရသည်။
"မကောင်းတော့ဘူး... ဒါ ဇွန်ဘီဒီရေလှိုင်းပဲ မြန်မြန်... ဆုတ်ကြတော့ "
ယခုတစ်ကြိမ်တွင်မူ တစ်ခုခု အကြီးအကျယ် မှားယွင်းနေပြီဖြစ်ကြောင်း အသင်းခေါင်းဆောင်က သိရှိသွားသဖြင့် အသည်းအသန် အော်ဟစ်လိုက်သည်။
အခြားအသင်းသားများမှာလည်း ထိတ်လန့်သွားကြပြီး ပြတင်းပေါက်များဆီသို့ အပြေးအလွှား သွားကြည့်ကြရာ ရှေ့တွင် မြင်နေရသော အနက်ရောင် ဇွန်ဘီဒီရေလှိုင်းကြီးကြောင့် အားလုံး၏ မျက်နှာများမှာ သိသိသာသာ ဖြူဖတ်ဖြူလျော် ဖြစ်သွားကြတော့သည်။
လေယာဉ်မှူးဝမ်ကြီးမှာလည်း ထိုစကားကို ကြားသည်နှင့် ရင်ထဲတွင် တုန်လှုပ်သွားပြီး ကျောပြင်တစ်ခုလုံး ချွေးစေးများ ထွက်လာခဲ့သည်။ သူသည် ထိန်းချုပ်မောင်းတံကို အမြန်ဆွဲယူကာ ရဟတ်ယာဉ်ကို လှည့်၍ အရှိန်အဟုန်ဖြင့် ဆုတ်ခွာမောင်းနှင်တော့သည်။
သူတို့သည် ဆယ်မိနစ်ကျော်ခန့် အသည်းအသန် မောင်းနှင်ထွက်ပြေးခဲ့ပြီးနောက် နောက်ကွယ်တွင် ဇွန်ဘီဒီရေလှိုင်းကို မမြင်ရတော့သည့် အခါမှသာ ရဟတ်ယာဉ်ပေါ်ရှိ လူများမှာ သက်ပြင်းချနိုင်ကြတော့သည်။
"ကံကောင်းလို့ဗျာ... ရှန်ချွမ်းမြို့နားက ဒီနယ်မြေကို တောင်ပံလူသားတွေ သိမ်းထားတာ မဟုတ်ဘူးလား။ အခု ဘာလို့ ဇွန်ဘီဒီရေလှိုင်းကြီး ရောက်နေတာလဲ"
လူငယ်ဆင့်ကဲပြောင်းလဲသူက နဖူးမှ ချွေးများကို သုတ်ရင်း အားပျော့စွာ မေးလိုက်သည်။
"သေချာပေါက် ဇွန်ဘီဘုရင် တစ်ကောင်ရှိနေလို့ပဲ ဖြစ်ရမယ်။ မဟုတ်ရင် ဒီလောက် ကြောက်
စရာကောင်းတဲ့ ဇွန်ဘီဒီရေလှိုင်းမျိုး ဒီနေရာမှာ ပေါ်မလာနိုင်ဘူး"
အသင်းဖော်တစ်ဦးက လေးနက်စွာ မှတ်ချက်ပြုသည်။
"တကယ်လို့ ဒီ ဇွန်ဘီဒီရေလှိုင်းက နဂါးပြည်နယ်ဘက်ကို စီးဝင်သွားရင်တော့ ချောင်ယန်းအခြေစိုက်စခန်းအနေနဲ့ တစ်ပါးကမ္ဘာသား ကျူးကျော်မှုကိုတင်မကဘဲ ဇွန်ဘီဒီရေလှိုင်းကိုပါ ရင်ဆိုင်ရတော့မယ်။ အခြေအနေက တကယ့်ကို ဆိုးဝါးသွားလိမ့်မယ် ထားလိုက်တော့... ငါတို့ ဒီတာဝန်ကို ဆက်မလုပ်တော့ဘူး။ အခုချက်ချင်း ချောင်းယန်အခြေစိုက်စခန်းကို ပြန်မယ်။ ရှန်ချွမ်းမြို့မှာ ဇွန်ဘီဒီရေလှိုင်း ပေါ်လာတဲ့အကြောင်းကို စစ်နတ်ဘုရားထံ အစီရင်ခံရမယ်။ သူပဲ ဆုံးဖြတ်ပါစေ"
အသင်းခေါင်းဆောင်က မျက်မှောင်ကြုတ်လျက် အသင်းသားအားလုံးကို ပြောလိုက်သည်။ ထိုစကားကို ကြားသောအခါ ထိတ်လန့်နေသော အသင်းသားများအားလုံးက ကန့်ကွက်ခြင်းမရှိဘဲ ခေါင်းညိတ်လက်ခံကြသည်။
တစ်ချိန်တည်းမှာပင် တောင်ပံလူသားတို့၏ အသိုက်အဝန်း တည်ရှိရာနေရာ၌
လုချွမ်းသည် ဇွန်ဘီရုပ်သေး စစ်တပ်ကို အစေ့အစပ် ရှာဖွေခိုင်းပြီးနောက် နောက်ဆုံးတွင် တောင်စောင်းရှိ ဂူတစ်ခုအတွင်း၌ တောင်ပံလူသားများ ထွက်ပေါ်လာရာ ဟင်းလင်းပြင်အက်ကွဲကြောင်းကို ရှာဖွေတွေ့ရှိသွားခဲ့သည်။
ယခုအချိန်တွင် ဇွန်ဘီရုပ်သေး အများအပြားသည် ထိုအက်ကွဲကြောင်း၏ ရှေ့၌ စောင့်ကြပ်နေကြပြီး အက်ကွဲကြောင်းကို ဖြတ်သန်းလာမည့် မည်သည့် တောင်ပံလူသားကိုမဆို သတ်ဖြတ်ရန် အသင့်ပြင်ထားကြသည်။
အနီးနားတွင် ရပ်နေသော လုချွမ်းသည် ဤနေရာသို့ ဇွန်ဘီများ ပိုမိုစုရုံးလာသည်ကို ခံစားမိသဖြင့် မပြုံးဘဲ မနေနိုင်ပေ။ လီမြစ်မြို့တွင် ရှိစဉ်က သူ၏လက်အောက်ရှိ ဇွန်ဘီဒီရေလှိုင်း စစ်တပ်မှာ သုံးသိန်းခန့်သာ ရှိခဲ့ရာ ဤအရေအတွက်မှာ သူ့အတွက် အားရကျေနပ်မှု မရှိသေးပေ။ ယခု ရှန်ချွမ်းမြို့သို့ ရောက်လာချိန်တွင် သူ၏ ဇွန်ဘီစစ်တပ်ကို တိုးချဲ့ရန် အခွင့်အရေးကို လက်လွှတ်မည် မဟုတ်ပေ။
နှစ်နာရီအကြာတွင် ဂူအပြင်ဘက်ရှိ ဇွန်ဘီစစ်တပ်မှာ ငါးသိန်းအထိ တိုးပွားလာသည်ကို ခံစားမိသောအခါ လုချွမ်းသည် ကျိရုရွှယ်ကို ဦးဆောင်၍ ဂူအတွင်းမှ ထွက်လာခဲ့သည်။
အောက်ဘက်တွင် တောင်စောင်းတစ်ခုလုံးနှင့် မြေပြင်အနှံ့ ဖုံးလွှမ်းနေသော ထူထပ်လှသည့် ဇွန်ဘီအုပ်ကြီးကို ကြည့်ရင်း လုချွမ်းမှာ ယုံကြည်မှုများ ပြည့်ဝနေတော့သည်။
"တစ်ခြားကမ္ဘာကနေ လာကျူးကျော်တဲ့သူတွေနဲ့ တွေ့ပြီဆိုမှတော့ သူတို့ကို အပြတ်မရှင်းဘဲ နေစရာအကြောင်းကို မရှိတာ"
ဘေးနားရှိ ကျိရုရွှယ်သည်လည်း ပင်လယ်ပြင်ကြီးသဖွယ် မည်းမှောင်နေသော ဇွန်ဘီဒီရေလှိုင်းကို ကြည့်ရင်း စိတ်လှုပ်ရှားနေမိသည်။ ဤ ဇွန်ဘီဒီရေလှိုင်း၏ ပမာဏမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှရာ မဟာဗျူဟာမြောက် လက်နက်များကို အသုံးမပြုဘဲနှင့် မည်သည့် လူသားအခြေစိုက်စခန်းမှ တောင့်ခံနိုင်မည် မဟုတ်ပေ။
ယခုဘဝတွင် ဖေဖေ၏ အကူအညီဖြင့် အရာရာမှာ ပြောင်းလဲသွားလိမ့်မည်။ လူသားမျိုးနွယ်မှာလည်း ပျက်သုဉ်းမည်မဟုတ်သလို တစ်ပါးကမ္ဘာသားများကလည်း ဤကမ္ဘာကို သိမ်းပိုက်နိုင်မည်မဟုတ်ချေ။
နှစ်ရက်အကြာတွင် ဇွန်ဘီဒီရေလှိုင်းမှာ အလုံးစုံ စုရုံးပြီးစီးသွားခဲ့သည်။ လုချွမ်းသည် ကျိရုရွှယ်ကို ဦးဆောင်၍ ဂူထဲမှ ထပ်မံထွက်လာခဲ့သည်။ ယခုအချိန်တွင် လုချွမ်း၏ စိတ်ဝိညာဉ်အင်အား လွှမ်းခြုံမှုအတွင်းရှိ ဇွန်ဘီအားလုံး ဤနေရာသို့ ရောက်ရှိနေကြပြီဖြစ်သည်။ အဆုံးမရှိသော ဇွန်ဘီဒီရေလှိုင်းကြီးကို ကြည့်ရင်း ကျိရုရွှယ်မှာ ယုံကြည်မှုများ ပြည့်နှက်နေလျက် လုချွမ်းကို ပြုံး၍ ကြည့်ကာ ပြောလိုက်သည်။
"ဖေဖေ... နောက်ထပ် ကျွန်မတို့ ပင်လယ်ပြည်နယ်ဆီကို သွားကြရအောင်"