အခန်း (၄၈၃-၄၈၄)
Vol. 49 Ch. 483-484
အခန်း။ ၄၈၃
ဝုန်း... ဝုန်း...
အေးချမ်းသာယာနေသော ကမ္ဘာမြေက ရုတ်တရက်ဆိုသလို အနည်းငယ် တုန်ခါလာခဲ့သည်။ သစ်ပင်များမှာ ယိမ်းထိုးနေကြပြီး အဝေးမှ အနီးဆီသို့ စဉ်ဆက်မပြတ်သော ဟိန်းဟောက်သံများမှာ ဟောင်ကင်ယံ၌ ပဲ့တင်ထပ်နေသည်။
ထိတ်လန့်သွားကြသော သားရဲများနှင့် ငှက်များသည် ကြောက်လန့်တကြား အော်ဟစ်ကာ အရပ်ရပ်သို့ ထွက်ပြေးသွားကြတော့သည်။
ဝေးလံသော အရပ်ဆီ၌ လှိုင်းလုံးကြီးတစ်ခုနှင့်တူသော ဇွန်ဘီဒီရေလှိုင်းကြီးသည် တရွေ့ရွေ့ ချီတက်လာနေသည်။ ၎င်းသည် အရာရာကို ဖျက်ဆီးပစ်နိုင်သော စွမ်းအားကို ဆောင်ကျဉ်းလာပုံရပြီး ၎င်း၏ လမ်းကြောင်းပေါ်ရှိ သက်ရှိမှန်သမျှကို အမှောင်ထုအတွင်း ဝါးမြိုသွားတော့သည်။
ဇွန်ဘီဒီရေလှိုင်း၏ နောက်ကွယ်မှ အဆုံးမရှိသော ဖုန်မှုန့်လုံးကြီးများသည် ကောင်းကင်သို့ ထိုးတက်လာကာ နေရာအနှံ့ ပျံ့နှံ့သွားပြီး ကောင်းကင်ပြင်ကို မီးခိုးရောင် လိုက်ကာတစ်ခုဖြင့် ဖုံးလွှမ်းထားလိုက်သည်။
အကြိမ်ကြိမ် နင်းခြေခြင်းခံထားရသော မြက်ခင်းပြင်များမှာ ပြားကပ်သွားပြီး သစ်ပင်တိုင်းမှာလည်း ဆင့်ကဲရောက်ရှိလာသော ခန္ဓာကိုယ်များ၏ တိုက်မိမှုကြောင့် တိုက်ရိုက်ကျိုးပဲ့သွားကာ သစ်ပင်အထက်ပိုင်းများမှာ မြေပြင်သို့ ပြိုလဲကျဆင်းလျက် အပိုင်းပိုင်း အစစ ဖြစ်ကုန်တော့သည်။
ဧရာမ ဇွန်ဘီဒီရေလှိုင်းကြီး ဖြတ်သန်းသွားရာတွင် မည်သည့်သက်ရှိမျှ ကျန်ရစ်ခြင်းမရှိပေ။ သစ်ပင်များ ပြိုလဲကုန်ပြီး တောင်ကုန်းဖြစ်စေ၊ ချောက်ကမ်းပါးဖြစ်စေ သူတို့ ရောက်ရှိပြီးနောက်တွင် အရာအားလုံးမှာ ကတုံးတုံးခံလိုက်ရသကဲ့သို့ ပြောင်သလင်းခါသွားတော့သည်။
ဤအချိန်၌ ကျယ်ပြန့်လှသော ဇွန်ဘီဒီရေလှိုင်း၏ အဆုံးတွင် မော်တော်ယာဉ်တန်းတစ်ခုမှာ တရွေ့ရွေ့ မောင်းနှင်နေသည်။ အစွမ်းထက်သော အဆင့်မြင့် ဇွန်ဘီရုပ်သေးအချို့မှာ ယာဉ်တန်း၏ ဘေးတစ်ဖက်တစ်ချက်စီမှ စောင့်ကြပ်၍ လိုက်ပါလာကြသည်။
ရှန်ချွမ်းမြို့ရှိ တောင်ပံမျိုးနွယ်စုကို ကိုင်တွယ်ပြီးနောက် လုချွမ်းသည် ဇွန်ဘီဒီရေလှိုင်း စစ်တပ်ကြီးကို ဦးဆောင်ကာ အရှေ့ပင်လယ်ဆီသို့ တိုက်ရိုက် ဦးတည်ခဲ့သည်။ ယခုဆိုလျှင် နှစ်ရက်ပင် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။
လမ်းခရီးတစ်လျှောက်တွင် ဇွန်ဘီဒီရေလှိုင်း စစ်တပ်ကြီးမှာ တောင်များကို ကျော်ဖြတ်၍ မြစ်များကို ဖြတ်ကူးကာ အတားအဆီးအားလုံးကို အနှောင့်အယှက်မရှိ ရှင်းလင်းလာခဲ့သည်။ တွေ့ရှိသမျှ သားရဲများသည် မြင်သည်နှင့် ထွက်ပြေးကြပြီး အချို့မှာမူ ဇွန်ဘီဒီရေလှိုင်း၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။
လမ်းတွင်တွေ့သော ဇွန်ဘီများကိုလည်း လုချွမ်းက ဇွန်ဘီရုပ်သေးများအဖြစ် တိုက်ရိုက်ပြောင်းလဲကာ ဇွန်ဘီဒီရေလှိုင်းအတွင်းသို့ ပေါင်းထည့်လိုက်သည်။
သဘာဝအတိုင်းပင် လမ်းခရီးတစ်လျှောက်တွင် အခြားသော မျိုးနွယ်စုများနှင့် အကြိမ်ကြိမ် ဆုံတွေ့ခဲ့သော်လည်း လုချွမ်းမှာ ရှေးဟောင်းအပျက်အစီးများကို ရှာဖွေရန် အရှေ့ပင်လယ်သို့ အမြန်သွားလိုသဖြင့် သူတို့ကို အသည်းအသန် လိုက်လံတိုက်ခိုက်ခြင်း မပြုခဲ့ပေ။
ထိုမျိုးနွယ်စုများသည်လည်း ဇွန်ဘီဒီရေလှိုင်း စစ်တပ်ကြီးနှင့် ဆုံတွေ့သောအခါ မိုက်မဲခြင်းမရှိကြပေ။ ဤမျှကြီးမားသော ဇွန်ဘီဒီရေလှိုင်းကြီးကို မြင်လိုက်ရသည်နှင့် သူတို့မှာ အဝေးသို့ ရှောင်ထွက်သွားကြပြီး အနားသို့ပင် မချဉ်းကပ်ရဲကြချေ။
ယာဉ်တန်း၏ အရှေ့ဆုံးရှိ ပထမဆုံးကားတွင် လုချွမ်းသည် မောင်းနှင်သူနေရာ၌ ထိုင်ရင်း မြေပုံကို အထပ်ထပ် အခါခါ လေ့လာနေသည်။
"ရှေ့နားဆို အလယ်ကောင်းကင်မြိုကို ရောက်တော့မယ် ကြည့်ရတာ ဇွန်ဘီဒီရေလှိုင်းကို နည်းနည်း ထပ်တိုးချဲ့လို့ရဦးမယ် ထင်တယ်"
လမ်းခရီးတစ်လျှောက်တွင် လုချွမ်းက ဝါးမြိုသိမ်းပိုက်ခဲ့သော လေလွင့် ဇွန်ဘီ အရေအတွက်မှာ အတော်ပင် များပြားလှသည်။
ယခုဆိုလျှင် ဇွန်ဘီဒီရေလှိုင်းမှာ ရှန်ချွမ်းမြို့မှ ထွက်ခွာလာစဉ်ကထက် သိသိသာသာ ကြီးမားလာခဲ့ပြီဖြစ်သည်။
ယခုတစ်ခေါက် ဇွန်ဘီဒီရေလှိုင်း၏ လမ်းကြောင်းမှာ အလယ်ကောင်းကင်မြို့ကို ဖြတ်သန်းသွားမည်ဖြစ်ရာ သေချာပေါက် အကျိုးအမြတ်များစွာ ရရှိလိမ့်မည်ဖြစ်သည်။
ဇွန်ဘီဒီရေလှိုင်းအတွင်း ဇွန်ဘီအရေအတွက် များလေလေ သူ၏ စွမ်းအားမှာ ပိုမိုကြောက်မက်
ဖွယ် ကောင်းလေလေဖြစ်ရာ လုချွမ်းအနေဖြင့် ဇွန်ဘီဒီရေလှိုင်း၏ ပမာဏ ပိုမိုကြီးမားလာရန် မျှော်လင့်နေမိခြင်းမှာ သဘာဝပင်။
တစ်ချိန်တည်းမှာပင် ကား၏ဘေး၌ ဆင့်ကဲပြောင်းလဲထားသော ဧရာမလိပ်ကြီးက ကားနှင့်အရှိန်တူညီစွာဖြင့် ဘေးချင်းယှဉ် လိုက်ပါလာနေသည်။
လိပ်ကြီး၏ ကျောပေါ်တွင် ကျိရုရွှယ်၏ သေးငယ်သော ကိုယ်လုံးလေးမှာ ငြိမ်သက်စွာ ထိုင်နေပြီး ကျင့်စဉ်ကျင့်ကြံခြင်းကိုသာ အာရုံစိုက်နေသည်။
လုချွမ်းက လှမ်းကြည့်လိုက်ရာ သူ၏ မျက်နှာထက်တွင် နူးညံ့သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။
"ချီချီလေးက တကယ့်ကို ဝီရိယကောင်းတာပဲ "
သို့သော် မထင်မှတ်ဘဲ နောက်တစ်စက္ကန့်တွင် လုချွမ်း၏ အမူအရာမှာ ပြောင်းလဲသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ရှေ့မှ ကင်းထောက်နေသော ပျံသန်းသူ ဇွန်ဘီက တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိလိုက်သောကြောင့်ပင်။
အလယ်ကောင်းကင်မြို့…
ယခုအချိန်တွင် အလယ်ကောင်းကင် အခြေစိုက်စခန်းအတွင်းရှိ လေထုမှာ အလွန်အမင်း လေးလံထိုင်းမှိုင်းနေသည်။ မြင့်မား၍ ခိုင်ခံ့လှသော မြို့တံခါးကြီးများကို တင်းကျပ်စွာ ပိတ်ထားပြီး ယခင်က စည်ကားခဲ့သော လမ်းမများပေါ်တွင်လည်း လူသူကင်းမဲ့လျက် တိတ်ဆိတ်ခြောက်ခြားနေတော့သည်။
များပြားလှသော အသက်ရှင်ကျန်ရစ်သူများသည် သူတို့အိမ်များအတွင်း၌သာ စုပြုံနေကြပြီး မျက်နှာများတွင် ကြောက်ရွံ့စိုးရိမ်မှုများ ပြည့်နှက်လျက် ကံကောင်းပါစေကြောင်း ဆုတောင်းနေကြရသည်။
တုတ်... တုတ်... တုတ်...
လက်နက်ကိုယ်စီ ကိုင်ဆောင်ထားသော စစ်တပ်တန်းလျားများသည် လမ်းမများအတိုင်း ပြေးလွှားသွားကြပြီး မြို့ရိုးမြင့်ကြီးများပေါ်သို့ တက်ရောက်ကာ အခြေစိုက်စခန်း အပြင်ဘက်ရှိ ရန်သူများကို ပစ်မှတ်ထား၍ လက်နက်ကြီးများနှင့် သေနတ်များကို အသင့်ပြင်လိုက်ကြသည်။
ထို့ပြင် အခြေစိုက်စခန်း၏ အင်အားအကောင်းဆုံးဖြစ်သော ဆင့်ကဲပြောင်းလဲသူများသည်
လည်း မြို့ရိုးထက်တွင် နေရာယူထားကြပြီး ရှေ့မှမြင်ကွင်းကို မျက်မှောင်ကြုတ်၍ ကြည့်ရင်း တိုက်ပွဲဝင်လိုစိတ်များ မျက်ဝန်း၌ ပြည့်နှက်နေကြသည်။
မြို့ရိုးနှင့် မီတာနှစ်ထောင်ကျော်ဝေးသော လွင်ပြင်ထက်တွင်မူ ဧရာမ သတ္တဝါကြီးများမှာ စနစ်တကျ တန်းစီရပ်နေကြသည်။ သွေးဆာနေသော အနီရောင်မျက်လုံးအစုံတို့က မြို့ရိုးထက်မှ အရာအားလုံးကို အေးစက်စွာ ကြည့်ရှုနေကြသည်။
သူတို့မှာ အရေအတွက် များပြားလှသော နှင်းခဲဧရာမဝံပုလွေများဖြစ်ပြီး သူတို့၏ ခန္ဓာကိုယ်များထံမှ ယုတ်မာညစ်ထေးသော အရှိန်အဝါများ ဖြာထွက်နေတော့သည်။
နှင်းခဲဧရာမဝံပုလွေများသည် သဘာဝအတိုင်းပင် တစ်ပါးကမ္ဘာမှ သတ္တဝါများဖြစ်ကြပြီး နှင်းခဲစွမ်းအင်များကို ပိုင်ဆိုင်ထားကြသည်။ အရွယ်ရောက်ပြီးသော ဝံပုလွေအများစုမှာ စတုတ္ထအဆင့်များဖြစ်ကြပြီး အလွန်အေးမြသော နှင်းခဲအသက်ရှူထုတ်မှုကို ပြုလုပ်နိုင်ကြသည်။
ထိုနှင်းခဲအသက်ရှူထုတ်မှုဖြင့် သူတို့သည် တိုက်ခိုက်ရန် သို့မဟုတ် ကာကွယ်ရန်အတွက် ရေခဲချပ်ကာ၊ ရေခဲလွန်နှင့် ရေခဲလှံများကို ဖန်တီးနိုင်ကြသည်။ သူတို့၏ စွမ်းအားမှာ အလွန်အမင်း မကြီးမားလှသော်လည်း အဆင့် ၅ အောက်ရှိသူများအတွက်မူ ခုခံရန် သို့မဟုတ် ထိုးဖောက်ရန် ခက်ခဲလှသည်။
အဆင့် ၅ သို့ ရောက်ရှိသွားသော ဝံပုလွေအချို့မှာမူ သူတို့၏ မျိုးနွယ်စုသီးသန့် စွမ်းရည်များကို အသက်သွင်းနိုင်ကြပြီး အလွန်အစွမ်းထက်ကြသည်။ ထို့ပြင် သူတို့မှာ အလွန်ကြီးမားကြပြီး အရွယ်ရောက်ပြီးပါက အနည်းဆုံး ၃ မီတာခန့် မြင့်ကြသည်။
ပိုးသားကဲ့သို့ ချောမွေ့ဖြူဖွေးသော အမွှေးအမျှင်များဖြင့် ဖုံးလွှမ်းထားကာ မြင့်မြတ်သောအသွင်ဆောင်သော်လည်း ပတ်ဝန်းကျင်သို့ အမြဲတမ်း အေးစက်သော အအေးဓာတ်များကို ထုတ်လွှတ်နေကြသည်။
ဝံပုလွေတစ်ထောင်ခန့် စုရုံးနေခြင်းကြောင့် သူတို့ထုတ်လွှတ်သော အအေးဓာတ်မှာ မြို့ရိုးရှေ့ရှိ အပူချိန်ကို သိသိသာသာ ကျဆင်းသွားစေပြီး မြေပြင်ပေါ်ရှိ မြက်ပင်များမှာလည်း ထူထပ်သော နှင်းခဲများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။
ယခုအချိန်တွင် ဧရာမဝံပုလွေကြီးတစ်ကောင်၏ ဦးဆောင်မှုဖြင့် ထိုဝံပုလွေအုပ်ကြီးမှာ မြို့ရိုးကို စိုက်ကြည့်နေကြပြီး သူတို့၏ မျက်ဝန်းထဲတွင် သတ်ဖြတ်လိုစိတ်နှင့် လောဘစိတ်များ ထင်ဟပ်နေသည်။
ဝံပုလွေများ၏ အူသံများမှာ အလယ်ကောင်းကင် အခြေစိုက်စခန်းအတွင်းသို့ အဆက်မပြတ် ပျံ့လွင့်လာပြီး အသက်ရှင်ကျန်ရစ်သူများ၏ စိတ်ကို ခြောက်ခြားစေတော့သည်။ ၎င်းသည် လူသားတို့၏ ရင်ထဲမှ စိုးရိမ်ပူပန်မှုများကို ပိုမိုပြင်းထန်လာစေသည်။
အမှန်စင်စစ် အလယ်ကောင်းကင် အခြေစိုက်စခန်းသည် တည်ထောင်ပြီးကတည်းက အကြီးမားဆုံးသော အကျပ်အတည်းနှင့် ရင်ဆိုင်နေရခြင်းပင်။ မြို့တစ်ခုလုံးကို နှင်းခဲဧရာမဝံပုလွေ အရေအတွက် တစ်ထောင်ကျော်က ဝိုင်းရံထားသည်။
ဝံပုလွေတို့၏ အရှိန်အဟုန်အရ မြို့သူမြို့သားများကို ရွှေ့ပြောင်းရန် ကြိုးစားလျှင်ပင် အချိန်မီတော့မည် မဟုတ်ပေ။ မြို့ကျဆုံးသွားပါက အလယ်ကောင်းကင် အခြေစိုက်စခန်းတစ်ခုလုံးသည် ထိုဝံပုလွေများ၏ အမဲလိုက်ကွင်းပြင် ဖြစ်သွားမည်ဖြစ်ပြီး လူသားများမှာလည်း သူတို့၏ အစာအာဟာရ ဖြစ်သွားပေလိမ့်မည်။
ထိုကဲ့သို့ ဆိုးဝါးသောရလဒ်ကို ရှောင်လွှဲနိုင်ရန် လူသားများအနေဖြင့် သေမင်းနှင့် ရင်ဆိုင်၍ တိုက်ခိုက်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိချေ။
မြို့ရိုးထက်တွင် အခြေစိုက်စခန်း၏ အဆင့်မြင့်အရာရှိများသည် မြေပြင်ပေါ်ရှိ သွေးဆာနေသော ဝံပုလွေအုပ်ကြီးကို ကြည့်ကာ လေးနက်သော အမူအရာများ ဖြစ်နေကြသည်။
ဤသေရေးရှင်ရေး တိုက်ပွဲမှာ မလွဲမသွေ ဖြစ်ပွားတော့မည် ဖြစ်သည်။ နောက်ဆုံးရလဒ် မည်သို့ပင်ဖြစ်စေ အလယ်ကောင်းကင် အခြေစိုက်စခန်းအနေဖြင့် ကြီးမားသော တန်ဖိုးကို ပေးဆပ်ရပေလိမ့်မည်။
"မြို့တော်ဝန်... ဒီတစ်ခေါက် တိုက်ခိုက်လာတဲ့ ဝံပုလွေ အရေအတွက်က ၁၃၀၂ ကောင် ရှိပါတယ်။ အများစုက စတုတ္ထအဆင့်တွေဖြစ်ပြီး အဆင့် ၅ ရှိနိုင်တာက ၁၃ ကောင်၊ အဆင့် ၆ ကတော့ တစ်ကောင် ရှိပါတယ် "
ဤအချိန်၌ တည်ငြိမ်လေးနက်သော အရာရှိတစ်ဦးက မြို့တော်ဝန်ထံသို့ လာရောက်အစီရင်ခံသည်။ ထိုစကားကို ကြားသောအခါ မြို့တော်ဝန် ဘာမှမပြောရသေးမီမှာပင် အနီးနားရှိ အဆင့်မြင့်အရာရှိအားလုံး ထိတ်လန့်သွားကြပြီးနောက် မျက်နှာများတွင် မျှော်လင့်ချက်ကင်းမဲ့သော အမူအရာများ ပေါ်လာကြသည်။
မြို့တော်ဝန်၏ မျက်နှာမှာလည်း ပျက်ယွင်းသွားပြီး သူသည် အနီးနားရှိ လက်ထောက်တစ်ဦးကို အမြန်ခေါ်ယူလိုက်သည်။
"မြို့တော်ဝန် "
စစ်ဘက်လက်ထောက်က အပြေးအလွှား ရောက်ရှိလာပြီး အလေးပြုလိုက်သည်။
"အဆင့် ၅ တွေ အများကြီးအပြင် အဆင့် ၆ တစ်ကောင်တောင် ပါနေတာလား။ အလယ်ကောင်းကင် အခြေစိုက်စခန်း အနေနဲ့ ဒါကို ဘာနဲ့ ခုခံနိုင်မှာလဲ"
"အကူအညီတောင်းတဲ့ သတင်းစကားတွေ ပို့ပြီးပြီလား။ အထူးသဖြင့် ချောင်းယန်အခြေစိုက်
စခန်းကိုရောပဲ"
"မြို့တော်ဝန်... သတင်းစကားအားလုံး ပို့ပြီးပါပြီ။ ချောင်းယန်အခြေစိုက်စခန်းကို သီးသန့်စာ သုံးစောင် ပို့ထားပြီး စစ်နတ်ဘုရားကိုယ်တိုင် လာရောက်ကူညီပေးဖို့ အတိအလင်း တောင်းဆိုထားပါတယ်"
အခန်း။ ၄၈၄
တစ်ချိန်တည်းမှာပင် ဇွန်ဘီဒီရေလှိုင်းကြီးအတွင်း၌ ရှိနေသော လုချွမ်းသည် ပျံသန်းသူ ဇွန်ဘီ၏ အမြင်အာရုံမှတစ်ဆင့် အလယ်ကောင်းကင် အခြေစိုက်စခန်း၏ လက်ရှိအခြေအနေကို သိရှိသွားခဲ့သည်။
မြို့ကို ဝိုင်းရံထားသည့် ဆီးနှင်းကဲ့သို့ ဖြူဖွေးသော ဧရာမဝံပုလွေ တစ်ထောင်ခန့်ကို မြင်လိုက်ရသောအခါ လုချွမ်းမှာ မျက်မှောင်ကြုတ်သွားမိသည်။
"ကြည့်ရတာ ဒီမြို့တော့ ခုခံနိုင်တော့မှာ မဟုတ်ဘူး "
ထိုဖြူဖွေးသော ဝံပုလွေကြီးများသည် မည်သို့သော သတ္တဝါမျိုးဖြစ်သည်ကို လုချွမ်း အတိအကျ မသိရှိသလို သူတို့နှင့်ပတ်သက်သော အချက်အလက်များလည်း မရှိသော်လည်း အခြေစိုက်စခန်းတစ်ခုလုံးကို အရေးပေါ်အခြေအနေ ဖြစ်သွားအောင် ပြုလုပ်နိုင်သည်ဆိုလျှင် သူတို့မှာ အားနည်းမည့်သူများ မဟုတ်ကြောင်း သိသာလှသည်။
ချက်ချင်းပင် လုချွမ်းသည် ဇွန်ဘီဒီရေလှိုင်းတစ်ခုလုံး၏ ချီတက်နှုန်းကို လျှော့ချလိုက်သည်။ လူသားအခြေစိုက်စခန်းကို တိုက်ခိုက်နေသော တစ်ပါးကမ္ဘာမှ သတ္တဝါများနှင့် ဆုံတွေ့ရလိမ့်မည်ဟု လုချွမ်း မမျှော်လင့်ထားခဲ့ပေ။
"ဒါပေမဲ့ အခုတော့ ဒါကို ဘယ်လိုကိုင်တွယ်ရမလဲ။ ဘာမှမမြင်သလိုပဲ ကျော်သွားရမလား ဒါမှမဟုတ် ဝင်ပြီး ကယ်လိုက်ရမလား"
လုချွမ်း၏ ရင်ထဲ၌ ဝေခွဲမရဖြစ်နေမိသည်။
ကယ်ရမလား၊ မကယ်ရဘူးလား။
"ဖေဖေ... ဘာဖြစ်လို့လဲဟင်။ တစ်ခုခု ဖြစ်လို့လား"
ထိုခဏတွင် လှုပ်ရှားမှုထူးခြားသွားသည်ကို ခံစားမိသော ကျိရုရွှယ်သည် သူမ၏ ကျင့်ကြံခြင်းမှ နိုးထလာခဲ့သည်။ ဇွန်ဘီဒီရေလှိုင်း၏ အရှိန်မှာ သိသိသာသာ နှေးကွေးသွားသည်ကို သတိပြုမိသဖြင့် သူမ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
ဖေဖေက ဘာလို့ အရှိန်လျှော့လိုက်တာလဲ။
လုချွမ်း၏ ထူးခြားသော အမူအရာကို မြင်သောအခါ သူမ မမေးဘဲ မနေနိုင်တော့ချေ။
ထိုစကားကို ကြားမှ လုချွမ်းသည် သူ၏ ဝေခွဲမရဖြစ်မှုများမှ သတိဝင်လာပြီး ဘေးနားရှိ ကျိရုရွှယ်ကို ပြောပြလိုက်သည်။
"ချီချီ... စောစောက ဖေဖေ ပျံသန်းသူ ဇွန်ဘီကနေတစ်ဆင့် တွေ့လိုက်တာကတော့..."
ထို့နောက် လုချွမ်းသည် နှင်းခဲဧရာမဝံပုလွေများ၏ ထူးခြားချက်များကို ကျိရုရွှယ်အား ရှင်းပြလိုက်သည်။ ကျိရုရွှယ်သည် ထိုစကားကို ကြားသည်နှင့် မျက်ဝန်းများ ဝင်းလက်သွားခဲ့သည်။ ဤဖြူဖွေးသော ဝံပုလွေကြီးများသည် နှင်းခဲဧရာမဝံပုလွေများပင်။
ရှေ့တွင် ဤမျှများပြားသော ဝံပုလွေအုပ်ကြီးနှင့် ဆုံတွေ့ရလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။
"ဖေဖေ... သမီး ထင်တာမမှားဘူးဆိုရင် မြို့ကို ဝိုင်းထားတဲ့ အဲဒီဝံပုလွေဖြူကြီးတွေဟာ တစ်ပါးကမ္ဘာက နှင်းခဲဧရာမဝံပုလွေတွေပဲ ဖြစ်ရမယ်။ နှင်းခဲဧရာမဝံပုလွေ အကောင်
တစ်ထောင်ကျော်ကို ရင်ဆိုင်ဖို့ဆိုတာ အလယ်ကောင်းကင် အခြေစိုက်စခန်းအတွက် မဖြစ်
နိုင်သလောက်ပါပဲ။ ဒီအတိုင်းဆိုရင် အလယ်ကောင်းကင် အခြေစိုက်စခန်းက အဲဒီဝံပုလွေတွေရဲ့ သွေးချောင်းစီး သတ်ဖြတ်တာကို ခံရဖို့ အခွင့်အလမ်း အများကြီး ရှိနေတယ်"
ကျိရုရွှယ်က လုချွမ်းကို ရှင်းပြရင်း သက်ပြင်းချလိုက်သည်။ နှင်းခဲဧရာမဝံပုလွေ တစ်ကောင်ချင်းစီမှာ အနည်းဆုံး စတုတ္ထအဆင့်နှင့်အထက် အင်အားရှိကြောင်း သိထားရမည်ဖြစ်ရာ အကောင်ရေ တစ်ထောင်ကျော်ဆိုသော ပမာဏမှာ သာမန်အခြေစိုက်စခန်းတစ်ခုအနေဖြင့် မည်သို့မျှ ခုခံနိုင်စွမ်းမရှိချေ။
အကယ်၍ ထိုအခြေစိုက်စခန်းတွင် အဆင့် ၅ နှင့် အဆင့် ၆ ရှိသော ဆင့်ကဲပြောင်းလဲသူများစွာ ရှိနေလျှင်တော့ တစ်မျိုးပင်။ သို့သော်လည်း လက်ရှိတွင် အဆင့် ၅ နှင့် အဆင့် ၆ ဆင့်ကဲပြောင်းလဲသူများမှာ အလွန်ပင် ရှားပါးလှပြီး ပြည်နယ်တိုင်းတွင် သူတို့ကို အလုအယက် လိုအပ်နေကြခြင်းပင်။
အကယ်၍ အလယ်ကောင်းကင် အခြေစိုက်စခန်းတွင် ထိုကဲ့သို့ ပညာရှင်များရှိခဲ့လျှင်ပင် မြို့တော်ကြီးများက အခြားမြို့များကို ကူညီရန်အတွက် ခေါ်ယူအသုံးချသွားလောက်ပြီ ဖြစ်သည်။
"ဖေဖေ... သမီးတို့ သူတို့ကို ကူညီပေးကြရင်ရော ဘယ်လိုလဲ"
ခေတ္တမျှ ဝေခွဲမရဖြစ်ပြီးနောက် ကျိရုရွှယ်က မေးလိုက်သည်။ တစ်ပါးကမ္ဘာသားများ၏ ကျူးကျော်မှုကို ရင်ဆိုင်ရာတွင် လူသားမျိုးနွယ်ဘက်မှ အကျအဆုံး များပြားလွန်းပါက ဖေဖေနှင့် သူမအပေါ်သို့ ရောက်ရှိလာမည့် ဖိအားများမှာ အဆမတန် ကြီးမားလာပေလိမ့်မည်။
ထို့ပြင် ရန်သူ၏ရန်သူသည် မိတ်ဆွေပင်။
လုချွမ်းအနေဖြင့် တစ်ပါးကမ္ဘာသားများကို တိုက်ထုတ်ရန် ဆုံးဖြတ်ထားပြီးဖြစ်ရာ ယခုအချိန်မှစ၍ လူသားမျိုးနွယ်အပေါ် စေတနာထားပြခြင်းသည်လည်း ကောင်းမွန်သော ကိစ္စတစ်ခု ဖြစ်လာနိုင်သည်။
"ကောင်းပြီလေ... ငါ့သမီးလေး ချီချီရဲ့ စကားကို ဖေဖေ နားထောင်ပါ့မယ် "
ထိုစကားကို ကြားသောအခါ လုချွမ်းက ပြုံးလိုက်ပြီး ကျိရုရွှယ်ကို ခေါင်းညိတ်ပြလိုက်သည်။ နှင်းခဲဧရာမဝံပုလွေများသည် အလယ်ကောင်းကင် အခြေစိုက်စခန်းအတွက် အလွန်ဒုက္ခပေးနိုင်သော အရာများ ဖြစ်နိုင်သော်လည်း သူ၏ ဇွန်ဘီဒီရေလှိုင်း စစ်တပ်ကြီးအတွက်မူ ရွှံ့ရုပ်၊ မြေရုပ်များကဲ့သို့သာ ဖြစ်သည်။
တစ်ပါးကမ္ဘာသားများကို တိုက်ထုတ်ရာတွင် လူသားမျိုးနွယ်မှာ လက်ရှိအချိန်၌ အဓိက အင်အားစုဖြစ်နေသဖြင့် လူသားများ အစောတည်းက အရှုံးကြီးရှုံးသွားသည်ကို လုချွမ်း မမြင်လိုပေ။ ယခု ဆုံတွေ့သွားပြီဖြစ်ရာ တစ်ဖက်လူကို ဝင်ရောက်ကူညီပေးလိုက်ရုံသာ ရှိတော့သည်။
သူသည် ဤနှင်းခဲဧရာမဝံပုလွေများကို အမြစ်ပြတ်ချေမှုန်းနိုင်စွမ်းရှိသည်ဟု သူကိုယ်ကိုယ် အပြည့်အဝယုံကြည်ချက်ရှိနေသည်။
...
တစ်ချိန်တည်းမှာပင် အလယ်ကောင်းကင်အခြေစိုက်စခန်း၌
"အူး... ဝူး..."
ရှေ့ဆုံးမှဦးဆောင်နေသော အဆင့် ၆ နှင်းခဲဧရာမဝံပုလွေခေါင်းဆောင်ကြီးထံမှ ကောင်းကင်ဟိန်းထွက်သွားစေမည့် အူသံတစ်ချက်နှင့်အတူ အားကောင်းလှသော အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာသည်။
ဝုန်း...
ဝံပုလွေစစ်တပ်တစ်ခုလုံး တစ်ပြိုင်နက်တည်း ပြန်လည်အူလိုက်ကြရာ တိုက်ပွဲမြေပြင်တစ်ခုလုံးတွင် ကြောက်မက်ဖွယ်ကောင်းသော တုန်ခါမှုကြီးနှင့်အတူ ပဲ့တင်သံများ ဟိန်းထွက်သွားတော့သည်။
နှင်းခဲဧရာမဝံပုလွေ တစ်ထောင်ကျော်တို့သည် ဆီးနှင်းကဲ့သို့ဖြူဖွေးသော လျှပ်စီးတန်းများအလား မြို့ရိုးမြင့်ကြီးများဆီသို့ တစ်ဟုန်ထိုး ပြေးဝင်လာကြသည်။
"ပစ်ကြ ပစ်ကြစမ်း "
မြို့ရိုးထက်တွင် တပ်မှူးကြီးက တိုက်ခိုက်ရန် အမိန့်များပေးလိုက်သည်။ တစ်ခဏအတွင်းမှာပင် သေနတ်သံများ တဒေါက်ဒေါက်မြည်ဟည်းသွားပြီး မြို့ရိုးထက်တွင် မီးပွင့်များ လင်းလက်သွားကာ မီးခိုးများလည်း ဖုံးလွှမ်းသွားသည်။
ကျည်ဆန်မိုးများမှာ ပြေးဝင်လာသော ဝံပုလွေအုပ်ကြီးဆီသို့ တရစပ်ကျရောက်သွားတော့သည်။ တစ်ပြိုင်နက်တည်းမှာပင် မော်တာအမြောက်ကျည်များကိုလည်း ဝံပုလွေအုပ်အတွင်းသို့ ပစ်လွှတ်လိုက်ကြသည်။
"ဝူးး..."
ရှေ့တန်းမှ ဝံပုလွေတို့၏ ဟိန်းသံများစွာ ထွက်ပေါ်လာပြီး ဝံပုလွေအုပ်နှင့် မြို့ရိုးကြား အကွာအဝေးမှာ ပို၍နီးကပ်လာသည်။ ကျည်ဆန်များက ဝံပုလွေအုပ်ကို ဖုံးလွှမ်းသွားသော်လည်း ကြီးမားသော ထိခိုက်မှုမပေးနိုင်ပေ။
ဖောက်ထွက်နိုင်စွမ်းမြင့်မားသော ကျည်ဆန်များသည်ပင် အဆင့် ၄ ရှိသော နှင်းခဲဧရာမဝံပုလွေများ၏ ခုခံနိုင်စွမ်းကို မယှဉ်နိုင်ချေ။
ကံကောင်းထောက်မစွာဖြင့် မျက်လုံးကို တိုက်ရိုက်ထိမှန်ခြင်းမျိုးမှလွဲလျှင် ထိုကျည်ဆန်
များသည် သူတို့၏ ခိုင်မာလှသော အဖြူရောင်သားရေကို အနည်းငယ်ပွန်းပဲ့စေရုံနှင့် သွေးစအချို့ထွက်စေရုံသာ တတ်နိုင်ပြီး အတွင်းသားထဲအထိ ဖောက်ဝင်ရန် မဖြစ်နိုင်ပေ။
ဘုန်း... ဘုန်း... ဘုန်း...
စက္ကန့်အနည်းငယ်အကြာတွင် ဝံပုလွေအုပ်အတွင်း အမြောက်ကျည်များ ပေါက်ကွဲသွားပြီး မီးလုံးကြီးများနှင့်အတူ အသားစများ လွင့်စင်သွားသည်။ အမြောက်ကျည်များသည် ကျည်ဆန်များထက် များစွာအစွမ်းထက်သဖြင့် နှင်းခဲဧရာမဝံပုလွေ တစ်ဒါဇင်ခန့်ကို မြေပြင်ပေါ်သို့ လွင့်စင်သွားစေသည်။
အချို့မှာ ခန္ဓာကိုယ်တွင် အပေါက်ကြီးများဖြစ်သွားပြီး အချို့မှာမူ ခြေလက်အင်္ဂါများ ပြတ်တောက်သွားကြသည်။ သို့သော် အဆင့် ၄ သတ္တဝါများမှာ အလွန်ပြင်းထန်သော ဇွဲရှိသဖြင့် ချက်ချင်းသေဆုံးမသွားဘဲ သွေးအိုင်ထဲတွင် နာကျင်စွာ အော်ဟစ်နေကြသည်။
အဖော်များ၏ နာကျင်စွာအော်ဟစ်သံများက ကျန်ရှိသော ဝံပုလွေများကို ပို၍ဒေါသထွက်စေသည်။ မြို့ရိုးနှင့် နီးကပ်နေသူများက နှင်းခဲအသက်ရှူထုတ်မှုများကို ပြုလုပ်လိုက်ရာ ရေခဲလှံများနှင့် ရေခဲဆူးချွန်များ ပေါ်ထွက်လာသည်။
ရှူး... ရှူး... ရှူး...
ခဏအတွင်းမှာပင် ကောင်းကင်ယံ၌ ရေခဲလှံများ ပြည့်နှက်သွားပြီး မြို့ရိုးထက်သို့ ထိုးစိုက်သွားတော့သည်။ မြို့ရိုးပေါ်ရှိ ဆင့်ကဲပြောင်းလဲသူများနှင့် စစ်သားများစွာမှာ ရေခဲလှံများ ထိမှန်ကာ အော်ဟစ်လျက် မြေပြင်သို့ ပြုတ်ကျကုန်ကြသည်။
ဝူး... ဝူး...
ထိုအချိန်တွင် အဆင့် ၅ ရှိသော နှင်းခဲဧရာမဝံပုလွေ တစ်ဒါဇင်ခန့်က ပူးပေါင်းလိုက်ပြီး နှင်းခဲမုန်တိုင်းတစ်ခုကို ဖန်တီးလိုက်သည်။ ရေခဲစပေါင်းများစွာ ပါဝင်သော ထိုမုန်တိုင်းသည် မြို့ရိုးထက်သို့ တိုက်ခတ်သွားရာ မြို့ရိုးပေါ်ရှိ ဆင့်ကဲပြောင်းလဲသူများက ခုခံရန်ကြိုးစားသော်လည်း မုန်တိုင်း၏ အရှိန်ကို ထက်ဝက်ခန့်သာ လျှော့ချနိုင်ခဲ့သည်။
နောက်တစ်ခဏတွင် နှင်းခဲမုန်တိုင်းမှာ မြို့ရိုးထက်သို့ ရိုက်ခတ်သွားပြီး မြို့ရိုးပေါ်တွင် သွေးချောင်းစီးသွားစေကာ ခုခံနေသော စစ်သားနှင့် ဆင့်ကဲပြောင်းလဲသူများ အမြောက်အမြား အကျအဆုံးရှိသွားခဲ့သည်။
"တောက်... အမင်္ဂလာပဲ "
မြို့ရိုးနောက်ကွယ်ရှိ ဘေးကင်းရာဇုန်တွင် စောင့်ကြည့်နေသော အဆင့်မြင့်အရာရှိကြီးများမှာ ဤမြင်ကွင်းကိုကြည့်ကာ ဒေါသထွက်လျက် မျှော်လင့်ချက်ကင်းမဲ့နေကြသည်။
သို့သော် ထိုအချိန်မှာပင် ငြိမ်သက်နေသော အဆင့် ၆ ဝံပုလွေခေါင်းဆောင်ကြီးမှာ တစ်စုံတစ်ခုကို သတိပြုမိသွားပုံရပြီး နောက်ဘက်သို့ လှည့်၍ ရုတ်တရက် အူလိုက်သည်။
ချက်ချင်းပင် ဝံပုလွေအုပ်၏ တိုက်စစ်မှာ တန့်သွားပြီး အားလုံးနောက်ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။ ဤထူးဆန်းသော မြင်ကွင်းက အခြေစိုက်စခန်းရှိ လူများ၏ အာရုံကိုလည်း ဖမ်းစားသွားခဲ့သည်။
နောက်တစ်ခဏ၌ ဝေးလံသောအရပ်ဆီမှ ကောင်းကင်ယံကို ဖုံးလွှမ်းမတတ် များပြားလှသော အနက်ရောင် ဇွန်ဘီဒီရေလှိုင်းကြီးက တစ်ဟုန်ထိုးတိုးဝင်လာသည်။ ၎င်း၏ အရှိန်အဟုန်ကြောင့် ကောင်းကင်ကြီးတစ်ခုလုံး ညအချိန်ရောက်သွားသကဲ့သို့ မည်းမှောင်သွားတော့သည်။
"ဇွန်ဘီဒီရေလှိုင်းပဲ "
"ဇွန်ဘီဘုရင် ပါလာပြီ "
"သွားပြီ... ဇွန်ဘီဘုရင်က နှင်းခဲဧရာမဝံပုလွေတွေနဲ့ ပူးပေါင်းလိုက်တာပဲ ဖြစ်ရမယ် "