← Chapters

အခန်း (၄၈၅-၄၈၆)

Vol. 49 Ch. 485-486

အခန်း (၄၈၅-၄၈၆)

Vol. 49 Ch. 485-486

အခန်း။ ၄၈၅

သွေးညှီနံ့များနှင့် နှင်းခဲများ ဖုံးလွှမ်းနေသော မြို့ရိုးမြင့်ထက်တွင် အသက်ရှင်ကျန်ရစ်သည့် ဆင့်ကဲပြောင်းလဲသူများက အသက်ကို ပြင်းပြင်းရှူရင်း ထိတ်လန့်တုန်လှုပ်နေကြဆဲပင်။

ဝေးလံသောအရပ်မှ တိုးဝင်လာသော ဇွန်ဘီဒီရေလှိုင်းကြီးကို ကြည့်ရင်း သူတို့၏ မျက်နှာများမှာ စက္ကူကဲ့သို့ ဖြူဖတ်ဖြူလျော် ဖြစ်သွားကြပြီး မျှော်လင့်ချက်ကင်းမဲ့မှုများမှာ အလျင်အမြန် ပျံ့နှံ့သွားခဲ့ရာ အချို့ဆိုလျှင် ခြေထောက်များပင် တုန်ယင်နေကြတော့သည်။

"ဒါကို ငါတို့ ဘယ်လို တိုက်ရမှာလဲ။ ဒီဝံပုလွေကြီးတွေကိုတောင် မတားနိုင်တာ အခု ဇွန်ဘီဒီရေလှိုင်းကလည်း ထပ်ရောက်လာပြန်ပြီ။ ကောင်းကင်ကြီးက အလယ်ကောင်းကင် အခြေစိုက်စခန်းကို ဖျက်ဆီးပစ်ဖို့ ကြံစည်နေတာလား"

"ဒီဇွန်ဘီဒီရေလှိုင်း ရောက်လာတဲ့အချိန်ကလည်း တိုက်ဆိုင်လွန်းနေတယ်။ တမင်သက်သက် ပေါ်လာသလိုပဲ။ ဇွန်ဘီဘုရင်က ဒီဝံပုလွေကြီးတွေနဲ့ မပူးပေါင်းဘူးဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး "

"အင်း... နှမြောစရာပဲ..."

မြို့ရိုးထက်မှ ဆင့်ကဲပြောင်းလဲသူများနှင့် စစ်သည်များသာမကဘဲ နောက်တန်းရှိ အဆင့်မြင့်အရာရှိကြီးများသည်လည်း တဟုန်ထိုး ဝင်ရောက်လာသော ဇွန်ဘီဒီရေလှိုင်းကို မြင်လိုက်ရသောအခါ ခန္ဓာကိုယ်များ တုန်ယင်လျက် အကြီးအကျယ် စိတ်ပျက်အားငယ်သွားကြပြီး မျက်လုံးများကို နာကျင်စွာ မှိတ်ထားလိုက်ကြတော့သည်။

ယခုအချိန်တွင် အလယ်ကောင်းကင် အခြေစိုက်စခန်းမှာ ကယ်တင်ရန် မဖြစ်နိုင်တော့ကြောင်း သူတို့အားလုံးထက် ပို၍ နားလည်ထားကြသည်။

အကယ်၍ နောက်တစ်ခဏ၌ အံ့ဖွယ်တစ်စုံတစ်ရာ ပေါ်မလာခဲ့လျှင် အခြေစိုက်စခန်း၏ အစိတ်အပိုင်းအများစုမှာ မြေမြှုပ်သင်္ဂြိုဟ်ခြင်း ခံရတော့မည် ဖြစ်သည်။

"တောက် အားလုံး တောင့်ခံထားကြစမ်း စစ်နတ်ဘုရားကြီး ရောက်လာတာနဲ့ ငါတို့မှာ မျှော်လင့်ချက် ရှိသေးတယ်။ စစ်နတ်ဘုရားကြီးရဲ့ အစွမ်းကို အားလုံး သိကြတာပဲ မဟုတ်လား"

မြို့ရိုးထက်တွင် စိတ်ဓာတ်ကျဆင်းနေသော ရဲဘော်များကို မြင်သောအခါ တစ်စုံတစ်ယောက်က စိတ်ဓာတ်မြှင့်တင်ရန် အော်ဟစ်လိုက်သည်။ ဤအတိုင်းသာ ဆက်သွားလျှင် ရန်သူနှင့် ထပ်မံမရင်ဆိုင်ရမီမှာပင် သူတို့ဘက်က အားလုံး ပြိုလဲသွားနိုင်သောကြောင့်ပင်။

သို့သော်လည်း ထိုကဲ့သို့ နှုတ်ဖြင့် အားပေးမှုမှာ ထိရောက်မှု မရှိခဲ့ပေ။ ဇွန်ဘီဒီရေလှိုင်း ရောက်ရှိလာခြင်းက လူတိုင်း၏ရင်ထဲမှ နောက်ဆုံးကျန်ရှိနေသော မျှော်လင့်ချက်အလင်းတန်းလေးကို ရိုက်ချိုးဖျက်ဆီးပစ်လိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။

ယခင်က နှင်းခဲဧရာမဝံပုလွေများ၏ တိုက်ခိုက်မှုကို ရင်ဆိုင်စဉ်၌ စစ်နတ်ဘုရားကြီး အလျင်အမြန် ရောက်ရှိလာပြီး တိုက်ပွဲအခြေအနေကို ပြောင်းလဲကာ အန္တရာယ်မှ ကယ်တင်ပေးလိမ့်မည်ဟု မျှော်လင့်ခဲ့ကြသော်လည်း ယခုအချိန်၌မူ သူတို့ လုံးဝ မျှော်လင့်ချက် မရှိတော့ချေ။

ဇွန်ဘီဒီရေလှိုင်းကို အနိုင်ယူဖို့လား။

ထိုသူမှာ စစ်နတ်ဘုရားကြီး ဖြစ်နေလျှင်ပင် ၎င်းမှာ လွယ်ကူသော ကိစ္စမဟုတ်ပေ။ စစ်နတ်

ဘုရားကြီးက မည်မျှပင် အစွမ်းထက်ပါစေ သူသည် အရာရာကို တတ်နိုင်သူတော့ မဟုတ်ပေ။ အထူးသဖြင့် အဆုံးမရှိသော ဇွန်ဘီဒီရေလှိုင်းကြီးအတွင်း ပိတ်မိသွားပါက သူသည်လည်း အင်အားကုန်ခမ်းကာ သေဆုံးသွားနိုင်သည်သာ ဖြစ်သည်။

ထိုမျှသာမက စစ်နတ်ဘုရားကြီး၏ အစွမ်းမှာ အနှိုင်းမဲ့နေ၍ ဇွန်ဘီဒီရေလှိုင်း၏ တိုက်ခိုက်မှုအောက်တွင် အချိန်အကြာကြီး တောင့်ခံနိုင်လျှင်ပင် ထိုအရာက များစွာ အဓိပ္ပာယ်မရှိပေ။ အဘယ်ကြောင့်ဆိုသော် အရေအတွက် သာလွန်မှုကြောင့် ဇွန်ဘီဒီရေလှိုင်းက အရပ်မျက်နှာအသီးသီးမှ ထိုးဖောက်ဝင်ရောက်ကာ မြို့တစ်ခုလုံးကို အပျက်အစီးများအဖြစ် ပြောင်းလဲပစ်နိုင်သောကြောင့်ပင်။ ထိုအချိန်ရောက်လျှင် အလယ်ကောင်းကင် အခြေစိုက်စခန်းမှာ ခုခံနိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။

မြို့အပြင်ဘက်တွင် နှင်းခဲဧရာမဝံပုလွေခေါင်းဆောင်ကြီးသည် သွေးရောင်လွှမ်းသော မျက်လုံးများဖြင့် အဆုံးမရှိသော ဇွန်ဘီဒီရေလှိုင်းကို စိုက်ကြည့်နေသည်။ ၎င်းသည် နီးကပ်လာသော အန္တရာယ်ကို ခံစားမိပုံရပြီး ချွန်ထက်လှသော အဖြူရောင်စွယ်ကြီးများကို ထုတ်ပြကာ ရှေ့တန်းမှနေ၍ ရန်မူနေတော့သည်။

"အူး... ဝူး..."

နောက်တစ်ခဏ၌ ဝံပုလွေခေါင်းဆောင်ကြီးသည် ကောင်းကင်သို့ မော့၍ အူလိုက်သည်။ တစ်ခဏအတွင်းမှာပင် နှင်းခဲဧရာမဝံပုလွေ တစ်ထောင်ကျော်တို့သည် အလယ်ကောင်းကင်မြို့၏ မြို့ရိုးမြင့်ကြီးကို တိုက်ခိုက်နေခြင်းကို ပြတ်ပြတ်သားသား စွန့်လွှတ်လိုက်ကြသည်။ သူတို့သည် လှည့်ပြန်လိုက်ကြပြီး ဟိန်းဟောက်လျက် ဇွန်ဘီဒီရေလှိုင်းဆီသို့ ဦးတည်ကာ တစ်ဟုန်ထိုး ပြေးဝင်သွားကြတော့သည်။

"ဒါက..."

နှင်းခဲဧရာမဝံပုလွေများမှာ ထူးဆန်းစွာ တိုက်ပွဲကို ရပ်တန့်လိုက်ရုံတင်မကဘဲ ဆုတ်ခွာသွားသည်ကို မြင်လိုက်ရသောအခါ အလယ်ကောင်းကင် အခြေစိုက်စခန်းမှ လူများမှာ အကြောင်းရင်းကို နားမလည်နိုင်ဘဲ ခေတ္တမျှ ကြောင်အမ်းသွားကြသည်။ သို့သော်လည်း မကြာမီမှာပင် လူတိုင်းမှာ ဝမ်းသာအားရ ဖြစ်သွားကြတော့သည်။

ဝံပုလွေများ၏ လုပ်ရပ်မှာ မည်သည့်အကြောင်းကြောင့်ပင် ဖြစ်ပါစေ အခြေစိုက်စခန်းကို တိုက်ခိုက်ခြင်း မပြုသရွေ့ ၎င်းမှာ အကျိုးရှိလှသည်။ အခြေစိုက်စခန်းရှိ လူသားများမှာ နောက်ဆုံးတွင် အသက်ရှူချောင်ကာ အနားယူရန် အချိန်ရသွားခဲ့ပြီ ဖြစ်သည်။

"ဟူး "

လူအတော်များများမှာ သက်ပြင်းကို ပြင်းပြင်းချလိုက်ကြပြီး မြေပြင်ပေါ်သို့ ပြိုလဲကျကာ အမောတဖြည် ရှူနေကြတော့သည်။ သေဘေးမှ လွတ်မြောက်လာရန်မှာ မလွယ်ကူလှပေ။ အခြားသူများစွာမှာမူ လေးနက်သော အမူအရာများဖြင့် ကျဆုံးသွားသော ရဲဘော်များ၏ ရုပ်အလောင်းများကို စတင်စုစည်းကြတော့သည်။

အပိုင်းပိုင်းအစစ ဖြစ်နေသော အလောင်းများအတွက်မူ သူတို့သည် အစိတ်အပိုင်းအားလုံးကို လိုက်လံကောက်ယူကာ အလောင်းတစ်ခု ပြည့်စုံသွားစေရန် ပြန်လည်စပ်ဟပ်ပေးနေကြတော့သည်။

ထိုရုပ်အလောင်းများကို စနစ်တကျ ကိုင်တွယ်ပြီးနောက်တွင် အာဏာပိုင်များက နောက်ပိုင်း၌ လိုအပ်သလို စီမံခန့်ခွဲပေးပြီး ဆုလာဘ်များ ချီးမြှင့်ပေးမည်ဖြစ်သည်။

ဝုန်း... ဝုန်း...

နှင်းခဲဧရာမဝံပုလွေ တစ်ထောင်ကျော်တို့သည် မြေပြင်ပေါ်၌ မြင်းအုပ်ပေါင်းသောင်းခြောက်ထောင် ပြေးလွှားနေသကဲ့သို့ တစ်ဟုန်ထိုး ပြေးဝင်လာကြရာ မြေပြင်မှာ အဆက်မပြတ် ဟိန်းဟောက်တုန်ခါနေပြီး ဖုန်မှုန့်များမှာလည်း နေရာအနှံ့ ပျံ့လွင့်နေတော့သည်။

အခြားတစ်ဖက်တွင်မူ လုချွမ်းသည် ကျိရုရွှယ်နှင့်အတူ ကောင်းကင်ယံ၌ မြင့်မားစွာ ရပ်တန့်လျက် အောက်ဘက်ရှိ ဇွန်ဘီဒီရေလှိုင်းနှင့် အရှိန်ချင်းညှိကာ အဝေးမှ အကဲခတ်နေသည်။

"ဒီနေ့တော့ သွေးချောင်းစီးမယ့် တိုက်ပွဲတစ်ခု ဖြစ်တော့မှာပဲ"

ထိပ်တိုက်တွေ့ဆုံတော့မည့် နှစ်ဖက်အင်အားစုကို ကြည့်ရင်း လုချွမ်းက မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်သည်။ ဤနှင်းခဲဧရာမဝံပုလွေများကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ပြီး သူတို့၏ အင်အားမှာ အတော်အတန် ကောင်းမွန်လှသော်လည်း အကယ်၍ သူ၏ ဇွန်ဘီဒီရေလှိုင်းကသာ ဤဝံပုလွေကြီးများကို ဝါးမြိုနိုင်ခဲ့လျှင် သူ ရှုံးမည်မဟုတ်ပေ။

တိုက်ပွဲများဖြင့် တိုက်ပွဲဝင်လိုစိတ်ကို ပျိုးထောင်ကာ မရေမတွက်နိုင်သော တိုက်ပွဲများကို ဖြတ်ကျော်ပြီးနောက်တွင် သူ၏ ဇွန်ဘီစစ်တပ်ကြီး၌ အဆင့်မြင့် ဇွန်ဘီရုပ်သေး အမြောက်အမြား ရှိလာပေလိမ့်မည်။

ထိုအချိန်ရောက်လျှင် သူ၏ ထိန်းချုပ်မှုအောက်ရှိ ဇွန်ဘီဒီရေလှိုင်းကြီးမှာ မည်သူမျှ မတားဆီးနိုင်သော လမ်းတွင်တွေ့သမျှ ရန်သူမှန်သမျှကို မြက်ခုတ်စက်ကဲ့သို့ ရှင်းလင်းသွားမည့် စစ်တပ်ကြီး ဖြစ်လာပေလိမ့်မည်။

"ဒီနှင်းခဲဧရာမဝံပုလွေ တစ်ကောင်ချင်းစီမှာ အနည်းဆုံး အဆင့် ၄ အင်အားရှိနေတာပဲ... ပျံသန်းသူ ဇွန်ဘီတွေကို အရင်လွှတ်ပြီး ဒီကောင်တွေကို ကိုင်တွယ်ခိုင်းတာ အကောင်းဆုံး ဖြစ်လိမ့်မယ် "

နှင်းခဲဧရာမဝံပုလွေများ၏ စွမ်းရည်မှာ အဆင့်နိမ့် ဇွန်ဘီများကို အစုလိုက်အပြုံလိုက် ထိခိုက်စေနိုင်သဖြင့် လုချွမ်းအနေဖြင့် ထိုအခြေအနေမျိုးကို ရှောင်လွှဲလိုသည်။

သူ၏ လက်အောက်တွင် အဆုံးမရှိသော ဇွန်ဘီဒီရေလှိုင်းနှင့် အဆင့်နိမ့် ဇွန်ဘီ အမြောက်အမြား ရှိနေသော်လည်း ၎င်းတို့မှာလည်း စစ်အင်အားပင်။ အကျအဆုံးကို အနည်းဆုံးဖြစ်အောင် ထိန်းသိမ်းခြင်းက အကောင်းဆုံးပင်။

ထိုမျှသာမက နှင်းခဲဧရာမဝံပုလွေများသည် အစွမ်းထက်သော်လည်း မနှိုင်းယှဉ်နိုင်သော အင်အားမျိုးတော့ မဟုတ်ပေ။ အထူးသဖြင့် သူတို့မှာ မပျံသန်းနိုင်ကြချေ။ သူတို့ကို ရင်ဆိုင်ရာတွင် ပျံသန်းသူ ဇွန်ဘီများမှာ သဘာဝပေး အားသာချက်ရှိသည်။

ထို့နောက် လုချွမ်း၏ စိတ်အာရုံစေခိုင်းမှုနှင့်အတူ မီးလျှံ ၁ နှင့် အခြားပျံသန်းသူ ဇွန်ဘီများသည် အရှိန်ကို အဆမတန် မြှင့်လိုက်ကြပြီး မကြာမီမှာပင် ဝံပုလွေအုပ်ကြီး၏ အထက် ကောင်းကင်ယံသို့ ရောက်ရှိသွားကြသည်။

တစ်ခဏအတွင်းမှာပင် တောက်ပသော ကြက်သွေးရောင် အလင်းတန်းများက ကောင်းကင်

တစ်ခုလုံးကို လင်းထိန်သွားစေပြီး နေမင်းငယ်လေးများနှင့် တူသော မီးလုံးကြီးများသည် တိမ်တိုက်များအကြားတွင် မြင့်မားစွာ ချိတ်ဆွဲထားသကဲ့သို့ ပေါ်ထွက်လာသည်။

အပူလှိုင်းများမှာလည်း နောက်တစ်စက္ကန့်၌ အောက်သို့ တစ်ဟုန်ထိုး ကျဆင်းတော့မည့်အလား တိုးဝှေ့လာကြသည်။

ရှူး... ရှူး... ရှူး...

ဒုံးကျည်များနှင့် တူသော မီးလုံးရာပေါင်းများစွာသည် ဝံပုလွေအုပ်ကြီးပေါ်သို့ အဆက်မပြတ် ဗုံးကြဲချလိုက်ရာ ကောင်းကင်ပြင်ကြီးမှာ ထိန်လင်းသွားတော့သည်။

"အူး... ဝူး..."

ကျဆင်းလာသော မီးလုံးကြီးများကို မော့ကြည့်ရင်း အဆင့် ၆ နှင်းခဲဧရာမဝံပုလွေ ခေါင်းဆောင်ကြီးမှာ ၎င်း၏ အစုအဖွဲ့ကို တစ်ဖန် ပြန်လည်အူလိုက်ပြန်သည်။

ချက်ချင်းပင် လျင်မြန်စွာ ပြေးလွှားနေသော ဝံပုလွေတစ်ကောင်ချင်းစီထံမှ အအေးဓာတ်များ ဖြာထွက်လာပြီး ပါးစပ်များမှ နှင်းခဲအသက်ရှူထုတ်မှုများကို ပြုလုပ်ကာ ရေခဲလှံများကို လျင်မြန်စွာ ဖန်တီးလိုက်ကြပြီး ကောင်းကင်မှ မီးလုံးများနှင့် ထိပ်တိုက်ရင်ဆိုင်စေလိုက်သည်။

ထိုအချိန်တွင် ဖန်သားကဲ့သို့ ကြည်လင်နေသော ရေခဲလှံများသည် ထူထပ်လှသော မြှားဖြူကြီးများအလား နေမင်းနှင့်တူသော မီးလုံးရာပေါင်းများစွာဆီသို့ ထိုးတက်သွားကြသည်။

ဘုန်း... ဘုန်း... ဘုန်း...

တစ်ခဏအတွင်း ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံများ ကောင်းကင်ယံ၌ အဆက်မပြတ် ဟိန်းထွက်သွားပြီး တောက်လောင်နေသော မီးလျှံတိုင်ကြီးများမှာ ကောင်းကင်သို့ ထိုးတက်သွားသည်။

မြေပြင်သာမကဘဲ ပတ်ဝန်းကျင်ရှိ လေထုမှာပင် ထိုပေါက်ကွဲမှုများကြောင့် တုန်ခါနေပြီး ကမ္ဘာမြေနှင့် ကောင်းကင်ယံမှာ ခေတ္တမျှ လှုပ်ခါသွားခဲ့သည်။

နှင်းခဲဧရာမဝံပုလွေများသည် ထိုတိုက်ခိုက်မှုကို အောင်မြင်စွာ တားဆီးနိုင်ခဲ့သော်လည်း စူးရှလှသော မီးအလင်းတန်းများမှာ အဆုံးမရှိဘဲ ဆက်လက်တောက်လောင်နေသည်။ အပူလှိုင်းများသည် အရပ်မျက်နှာအနှံ့သို့ တိုးဝှေ့သွားပြီး မြို့ရိုးမြင့်ကြီးအထိ ပြင်းထန်သော လေပြင်းများကို တိုက်ခတ်သွားစေသည်။

မြို့ရိုးထက်တွင် မျှော်လင့်ချက်ကင်းမဲ့နေသော လူသားများသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကြောင်အမ်းသွားကြပြီး မယုံကြည်နိုင်သော အမူအရာများ ဖြစ်ပေါ်လာကြသည်။

"ဘာတွေ ဖြစ်နေတာလဲ။ ဇွန်ဘီဘုရင်နဲ့ ဒီဝံပုလွေကြီးတွေက ဘာလို့ တိုက်နေကြတာလဲ"

"ဒါ... ဒါဆို ဇွန်ဘီဘုရင်က ငါတို့ကို ကူညီဖို့ ရောက်လာတာလား"

အခန်း။ ၄၈၆

မြို့ရိုးမြင့်ထက်၌ လူသားအုပ်စုမှာ အံ့ဩမှင်သက်နေကြဆဲဖြစ်သော်လည်း လုချွမ်း၏ ဇွန်ဘီရုပ်သေးများနှင့် နှင်းခဲဧရာမဝံပုလွေစစ်တပ်တို့ကြား အကွာအဝေးမှာမူ တဖြည်းဖြည်း နီးကပ်လာခဲ့ပြီဖြစ်သည်။

ဝုန်း... ဝုန်း... ဝုန်း...

နှင်းခဲဧရာမဝံပုလွေအုပ်ကြီး ဖန်တီးထားသော အရှိန်အဟုန်မှာ မြင်းသည်တော်သောင်းချီ ပြေးလွှားနေသကဲ့သို့ပင်။ ယခုအချိန်တွင် မြေပြင်မှာ ပြင်းထန်စွာ တုန်ခါနေပြီး နားကွဲမတတ် ဟိန်းဟောက်သံများမှာလည်း တရစပ် ထွက်ပေါ်နေတော့သည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်ယံ၌ မီးလျှံဇွန်ဘီရုပ်သေးများ၏ တိုက်စစ်မှာ တစ်ကျော့ပြန် ရောက်ရှိလာပြန်သည်။ တောက်လောင်နေသော မီးလုံးများမှာ တစ်ခုပြီးတစ်ခု ပေါင်းစပ်ဖြစ်တည်လာပြီး အောက်ဘက်ရှိ နှင်းခဲဧရာမဝံပုလွေများဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားကြသည်။

ခဏအတွင်းမှာပင် နှင်းခဲဝံပုလွေအုပ်၏ အထက်ကောင်းကင်ပြင်မှာ ကြက်သွေးရောင် မီးအလင်းတန်းများဖြင့် ဖုံးလွှမ်းသွားပြီး အပူလှိုင်းများမှာလည်း ရေတံခွန်သဖွယ် တိုးဝှေ့ကျဆင်းလာတော့သည်။

"အူးး... ဝူးးး..."

၎င်းကို မြင်သောအခါ ဝံပုလွေအုပ်အတွင်းရှိ အဆင့် ၆ နှင်းခဲဧရာမဝံပုလွေမှာ အေးစက်စွာ စိုက်ကြည့်လျက် အူလိုက်ပြန်သည်။ ချက်ချင်းပင် ဝံပုလွေများ၏ အထက်၌ ရေခဲလှံများ ပြန်လည်ဖြစ်တည်လာပြီး ကောင်းကင်မှ ကျဆင်းလာသော မီးလုံးများကို အဆက်မပြတ် ပစ်ချဖောက်ခွဲလိုက်ကြသည်။

ဘုန်း... ဘုန်း... ဘုန်း...

မီးလုံးများသည် နှင်းခဲဧရာမဝံပုလွေများ၏ အထက်နားလေးတွင်တင် ပေါက်ကွဲသွားကြပြီး မီးပန်းများပွင့်သကဲ့သို့ တောက်ပလှပနေတော့သည်။

သို့သော်လည်း မီးလုံးအရေအတွက်မှာ အလွန်အမင်း များပြားလှသဖြင့် တစ်ခါတစ်ရံတွင် ခုခံမှုကို ကျော်ဖြတ်ကာ အောက်သို့ ကျဆင်းသွားတတ်ရာ နှင်းခဲဝံပုလွေ တစ်ကောင်နှစ်ကောင်ခန့်မှာ လွင့်စင်သွားကြရသည်။

"အီး... အူး..."

အော်ဟစ်သံအချို့နှင့်အတူ ထိုဝံပုလွေများသည် တစ်ကိုယ်လုံး၏ တစ်ဝက်ခန့်မှာ မီးလောင်ကျွမ်းလျက် မည်းတူးကာ မလှမ်းမကမ်းရှိ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားကြသည်။ ခန္ဓာကိုယ်များမှာ အသားစများ လွင့်စင်ကာ ပြင်းထန်စွာ ဒဏ်ရာရရှိထားသဖြင့် မည်မျှပင် ရုန်းကန်စေကာမူ ပြန်လည်မထနိုင်ကြတော့ဘဲ ဝံပုလွေအုပ်၏ နောက်တွင် ကျန်ရစ်ခဲ့ကြရတော့သည်။

ကံကောင်းထောက်မစွာဖြင့် နှင်းခဲဝံပုလွေအုပ်၏ ခုခံမှုမှာ အလွန်တင်းကျပ်လှသဖြင့် မီးလုံးအနည်းငယ်သာ ခုခံမှုကို ကျော်ဖြတ်နိုင်ခဲ့သည်။

ထို့ကြောင့် ဝံပုလွေအုပ်မှာ အကျအဆုံး နည်းပါးလှပြီး ဝံပုလွေ အကောင်ရေ လေးငါးဆယ်

ခန့်သာ ကျန်ရစ်ခဲ့ရာ ၎င်းမှာ သူတို့၏ အင်အားကို ကြီးကြီးမားမား ထိခိုက်စေခြင်း မရှိပေ။

ထို့နောက်တွင် နှစ်ဖက်စလုံးမှာ အခြေအနေတင်းမာမှု ဖြစ်ပေါ်လာခဲ့သည်။

ကောင်းကင်မှ မီးလျှံဇွန်ဘီများက အဆက်မပြတ် တိုက်ခိုက်နေသော်လည်း အောက်ဘက်ရှိ နှင်းခဲဝံပုလွေအုပ်မှာမူ အမြင့်တွင် ပျံသန်းနေသော ထိုဇွန်ဘီများကို လက်လှမ်းမမီနိုင်ကြပေ။ သို့သော်လည်း သူတို့သည် ရေခဲလှံများကို အဆက်မပြတ် ဖန်တီးကာ အန္တရာယ်ရှိသော မီးလုံးများကို တားဆီးနေကြသည်။

မိနစ်အနည်းငယ်ခန့် တိုက်ခိုက်မှုများကို ကြံ့ကြံ့ခံပြီးနောက်တွင် နှင်းခဲဝံပုလွေအုပ်မှာ ဇွန်ဘီဒီရေလှိုင်း၏ ရှေ့တန်းသို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့သည်။

နောက်တစ်ခဏ၌ ဝံပုလွေတို့၏ ဟိန်းသံများမှာ တိုက်ပွဲမြေပြင်ထက်တွင် မိုးကြိုးပေါင်းသောင်းခြောက်ထောင် ပစ်ချလိုက်သကဲ့သို့ ဟိန်းထွက်သွားခဲ့ပြီး သူတို့ စုဆောင်းထားသမျှ ဒေါသများမှာ ချက်ချင်း ပေါက်ကွဲထွက်လာတော့သည်။

နှင်းခဲဝံပုလွေအုပ်အတွင်းရှိ ဝံပုလွေထောင်ပေါင်းများစွာမှာ တစ်ပြိုင်နက်တည်း နှင်းခဲအသက်ရှူထုတ်မှုများကို ပြုလုပ်လိုက်ကြရာ မရေမတွက်နိုင်သော ရေခဲစများနှင့် ရေခဲလှံများမှာ အဆုံးမရှိသကဲ့သို့ ပေါ်ထွက်လာပြီး အေးစက်သော အလင်းတန်းများကို ထုတ်လွှတ်နေတော့သည်။

ရှူး... ရှူး... ရှူး...

ခဏအတွင်းမှာပင် ရေခဲစများနှင့် ရေခဲလှံ ထောင်ပေါင်းများစွာမှာ လေထုကို တိုးဝှေ့ကာ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းလျက် ထိုးထွက်သွားကြသဖြင့် စူးရှလှသော အသံများမှာလည်း ထွက်ပေါ်လာသည်။

ဝုန်း... ဝုန်း... ဝုန်း...

ဤအေးစက်လှသော တိုက်ခိုက်မှုကြီး ရောက်ရှိလာသောအခါ ဇွန်ဘီဒီရေလှိုင်း၏ ရှေ့တန်းမှာ ဂျုံခင်းတစ်ခုကို ရိတ်သိမ်းလိုက်သကဲ့သို့ ချက်ချင်းပင် ပြောင်သလင်းခါသွားခဲ့သည်။ ချီတက်လာသော ဇွန်ဘီရုပ်သေးများသည် ရေခဲလှံနှင့် ရေခဲစများ၏ တိုက်ရိုက်ထိုးဖောက်ခြင်းကို ခံလိုက်

ရသဖြင့် ခန္ဓာကိုယ်များမှာ အပေါက်ကြီးများ ဖြစ်သွားခဲ့ရသည်။

သူတို့၏ ခန္ဓာကိုယ်များမှာ ပြင်းထန်လှသော စွမ်းအားအောက်တွင် အပိုင်းပိုင်းအစစ ပျက်စီးသွားခဲ့ပြီး နောက်ဘက်ရှိ မြေပြင်ပေါ်သို့ ပြင်းထန်စွာ လွင့်စင်ကျဆင်းသွားကြတော့သည်။

သို့သော်လည်း ဇွန်ဘီဒီရေလှိုင်း၏ ကြောက်မက်ဖွယ်ကောင်းမှုမှာ ၎င်း၏ ဧရာမ ပမာဏအပေါ်တွင် တည်ရှိနေခြင်းပင်။ ၎င်း၏ အတွင်းပိုင်းတွင် ကြောက်ရွံ့မှုကင်းမဲ့သော ဇွန်ဘီများဖြင့် ဖွဲ့စည်းထားခြင်းပင်။

ဇွန်ဘီဒီရေလှိုင်း၏ ပြင်းထန်လှသော တိုးဝင်မှုအောက်တွင် လစ်လပ်သွားသော နေရာများမှာ နောက်ဘက်မှ ဇွန်ဘီရုပ်သေးများဖြင့် ချက်ချင်း ပြန်လည်ပြည့်နှက်သွားခဲ့သည်။

ထိုမျှသာမက နှစ်ဖက်ကြား အကွာအဝေးမှာလည်း ပိုမိုနီးကပ်လာခဲ့ပြီ ဖြစ်သည်။ ကံမကောင်းစွာဖြင့် နှင်းခဲဧရာမဝံပုလွေများသည် စက္ကန့်အနည်းငယ်တိုင်းတွင် ကြောက်မက်ဖွယ်ကောင်းသော ရေခဲလှံတိုက်ကွက်များကို ထုတ်ဖော်လျက် ဇွန်ဘီအမြောက်အမြားကို သတ်ဖြတ်နေသော်လည်း ဇွန်ဘီဒီရေလှိုင်း၏ ချီတက်မှုကိုမူ အနည်းငယ်မျှပင် တားဆီးနိုင်ခြင်း မရှိခဲ့ပေ။

ဝုန်း... ဝုန်း... ဝုန်း...

နောက်တစ်ခဏချင်းမှာပင် နှင်းခဲဧရာမဝံပုလွေ တစ်ထောင်ကျော်တို့သည် ဆီးနှင်းတောင်ပြိုကျလာသကဲ့သို့ တစ်ဟုန်ထိုး တိုးဝင်လာကြပြီး အနက်ရောင် ဇွန်ဘီဒီရေလှိုင်းကြီး၏ တားဆီး၍မရသော အရှိန်အဟုန်နှင့် ပြင်းထန်စွာ ရိုက်ခတ်မိသွားတော့သည်။ အဖြူရောင်နှင့် အနက်ရောင်တို့၏ ထိပ်တိုက်တွေ့ဆုံမှုမှာ အလွန်ပင် သိသာထင်ရှားလှသည်။

နှင်းခဲဧရာမဝံပုလွေ တစ်ကောင်ချင်းစီသည် ပြေးဝင်လာသော ဇွန်ဘီရုပ်သေးများကို တိုက်ရိုက်ဝင်တိုက်လိုက်ရာ နားကွဲမတတ် ကြောက်မက်ဖွယ်ကောင်းသော အသံများ ထွက်ပေါ်လာသည်။

နှစ်ဖက်စလုံးသည် ခြေသည်းနှင့် အစွယ်များကိုသာ အားကိုးလျက် အပြန်အလှန် ကိုက်ခဲကာ အသားကုန် သတ်ဖြတ်နေကြတော့သည်။

သာမန်ဇွန်ဘီရုပ်သေးများသည် အနည်းဆုံး အဆင့် ၄ အင်အားရှိသော နှင်းခဲဧရာမဝံပုလွေများကို မယှဉ်နိုင်ကြပေ။ ကံကောင်းထောက်မစွာဖြင့် ဇွန်ဘီဒီရေလှိုင်းအတွင်းရှိ လုချွမ်း၏ အဆင့်မြင့်ဇွန်ဘီရုပ်သေးများမှာလည်း စတင်လှုပ်ရှားလာခဲ့သည်။

ဇွန်ဘီဒီရေလှိုင်း၏ ရှုပ်ထွေးလှသော တိုက်ပွဲမြေပြင်အတွင်း၌ မသေနိုင်သူ ၁ သည် ဇွန်ဘီများကို သောင်းကျန်းသတ်ဖြတ်နေသော အဆင့် ၅ နှင်းခဲဧရာမဝံပုလွေတစ်ကောင်ထံသို့ အဆင့် ၅ ရုပ်သေးအချို့နှင့်အတူ လျင်မြန်စွာ ချဉ်းကပ်သွားခဲ့သည်။

ရှူး...

ချက်ချင်းပင် မသေနိုင်သူ ၁ ထံမှ သွေးဆာနေသော နတ်ဘုရားအလင်းတန်းများ ဖြာထွက်လာပြီး ရန်သူကို တင်းကျပ်စွာ တုံ့နှောင်လိုက်သည်။ ထို့နောက် ၎င်း၏ ကျောရိုးဆူးများထံမှ သွေးရောင်လျှပ်စီးဘောလုံးများကို စုစည်းကာ အဆင့် ၅ နှင်းခဲဝံပုလွေဆီသို့ တိုက်ရိုက်ပစ်လွှတ်၍ ပေါက်ကွဲစေလိုက်သည်။

"ဝူး..."

လျှပ်စီးဘောလုံးများ၏ ထိမှန်မှုအောက်တွင် ထိုအဆင့် ၅ ဝံပုလွေမှာ တစ်ကိုယ်လုံး ဒဏ်ရာများဖြင့် မည်းတူးသွားပြီး အကြိမ်အနည်းငယ် အော်ဟစ်ကာ မြေပြင်ပေါ်သို့ အားအင်ကုန်ခမ်းစွာ လဲကျသွားပြီး ခုခံနိုင်စွမ်း ကင်းမဲ့သွားခဲ့သည်။

ချက်ချင်းပင် ဇွန်ဘီရုပ်သေး အုပ်စုကြီးမှာ အတင်းတိုးဝင်လာပြီး ထိုဝံပုလွေကို ဝိုင်းအုံဝါးမြိုပစ်လိုက်ကြတော့သည်။

ထိုမျှသာမက ဇွန်ဘီဒီရေလှိုင်း၏ အထက်၌ ပျံဝဲနေသော ကျိရုရွှယ်သည်လည်း ချက်ချင်းပင် လှုပ်ရှားလိုက်သည်။ သူမသည် စိတ်စွမ်းအားအပ်များကို စုစည်းကာ နတ်သမီးတစ်ပါး ပန်းကြဲသကဲ့သို့ အောက်သို့ တရစပ်ပစ်ချလိုက်ရာ အပ်တစ်ချောင်းချင်းစီမှာ နှင်းခဲဝံပုလွေများ၏ ဦးခေါင်းကို တိကျစွာ ထိုးဖောက်သွားခဲ့သည်။ တစ်ခဏချင်းအတွင်းမှာပင် ဝံပုလွေတစ်ကောင်ကို အသေသတ်နိုင်ခဲ့သည်။

နှစ်ဖက်တိုက်ပွဲအတွင်း လုချွမ်း၏ဘက်မှ သာလွန်သောအင်အားကို ပြသနိုင်ခဲ့သဖြင့် ခဏအတွင်းမှာပင် နှင်းခဲဝံပုလွေများစွာမှာ သနားစဖွယ် သေဆုံးသွားကြရသည်။ လုချွမ်း၏ဘက်မှလည်း အကျအဆုံး များပြားသော်လည်း ကံကောင်းထောက်မစွာဖြင့် သူတို့မှာ အဆင့်နိမ့်ဇွန်ဘီများသာ ဖြစ်သဖြင့် အချိန်မရွေး ပြန်လည်ဖြည့်တင်းနိုင်သည်။

တိုက်ပွဲမှာ ကြာရှည်မခံခဲ့ပေ။ မီးလျှံဇွန်ဘီများနှင့် မသေနိုင်သူ ၁ တို့ ပူးပေါင်းကာ အဆင့် ၆ နှင်းခဲဧရာမဝံပုလွေခေါင်းဆောင်ကြီးကို သတ်ဖြတ်လိုက်နိုင်ချိန်တွင် တိုက်ပွဲမှာ အဆုံးသတ်သွားခဲ့ပြီဖြစ်သည်။

နှင်းခဲဝံပုလွေအုပ်စုတစ်ခုလုံး အမြစ်ပြတ်ချေမှုန်းခြင်း ခံလိုက်ရပြီး တစ်ကောင်တစ်လေမျှ ထွက်ပြေးနိုင်ခြင်း မရှိခဲ့ပေ။

မြေပြင်မှာ သွေးချင်းချင်းနီလျက် မီးခိုးများဖုံးလွှမ်းနေသည်။ နှင်းခဲဝံပုလွေ အလောင်းများနှင့် ဇွန်ဘီများ၏ အကြွင်းအကျန်များမှာ မြေပြင်အနှံ့ ပျံ့ကျဲနေပြီး သွေးများမှာ မြစ်တစ်စင်းကဲ့သို့ စီးဆင်းနေကာ လေထုထဲ၌လည်း သွေးညှီနံ့များ ထူထပ်နေတော့သည်။

ကောင်းကင်ယံ၌ လုချွမ်း၏ အကြည့်မှာ အေးစက်နေသည်။ ဤနှင်းခဲဝံပုလွေများ၏ ကံကြမ္မာကို သူ ကြိုတင်ခန့်မှန်းထားပြီးသား ဖြစ်သည်။ အဆင့် ၆ တစ်ကောင်တည်းဖြင့် သူ၏ ဇွန်ဘီဒီရေလှိုင်းကို ယှဉ်ပြိုင်ရန်မှာ အဆင့်မမီသေးပေ။

အောက်ဘက်ရှိ အနည်းဆုံး အဆင့် ၄ ရှိသော နှင်းခဲဝံပုလွေ အလောင်းများကို ကြည့်ကာ လုချွမ်းသည် သူ၏ ဇွန်ဘီဒီရေလှိုင်းကို ထိုအလောင်းများကို စတင်ဝါးမြိုရန် အမိန့်ပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် နှင်းခဲဝံပုလွေများထံမှ နတ်ဆိုးအမြုတေဆေးလုံးများကို ထုတ်ယူကာ နောက်ပိုင်းတွင် ချီချီလေး အသုံးပြုနိုင်ရန် သိမ်းဆည်းခိုင်းလိုက်သည်။

သို့သော်လည်း လုချွမ်းသည် နှင်းခဲဝံပုလွေများ၏ နှင်းခဲစွမ်းရည်ကို ရုတ်တရက် သတိရသွားပြီး စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်လာခဲ့သည်။

"အကယ်၍ ငါ့ရဲ့ ဇွန်ဘီရုပ်သေးတွေက နှင်းခဲဝံပုလွေတွေရဲ့ စွမ်းရည်ကိုသာ ရရှိသွားမယ်ဆိုရင်..."

လုချွမ်းမှာ ဝမ်းသာအားရ ဖြစ်သွားပြီးနောက် အဆင့် ၆ ရှိသော တင့်ကားအမျိုးအစားဇွန်ဘီရုပ်သေး သုံးကောင်ကို အလျင်အမြန် ရွေးချယ်ကာ ဝါးမြိုဆင့်ကဲပြောင်းလဲခြင်းစွမ်းရည်ကို အသက်သွင်းပေးလိုက်ပြီး သူတို့ကို နှင်းခဲဝံပုလွေများနှင့် ပေါင်းစပ်စေလိုက်သည်။

ချက်ချင်းပင် ထိုရုပ်သေးသုံးကောင်မှာ အမြုတေဆေးလုံးထုတ်ယူပြီးသား နှင်းခဲဝံပုလွေအလောင်းများကို ကောက်ယူကာ ပါးစပ်များကို ဟလျက် ရူးသွပ်စွာ ဝါးမြိုတော့သည်။ ခဏအတွင်းမှာပင် ရုပ်သေးတစ်ကောင်ချင်းစီမှာ ဝံပုလွေတစ်ကောင်စီကို ဝါးမြိုလိုက်ကြရာ သူတို့ထံမှ နီရဲသော အလင်းတန်းများ ပိုမိုတောက်ပလာပြီး အရှိန်အဝါများလည်း လျင်မြန်စွာ မြင့်တက်လာခဲ့သည်။

အဆက်မပြတ် ဝါးမြိုပြီးနောက်တွင် ထိုအဆင့် ၆ ရုပ်သေးသုံးကောင်မှာ အလှည့်အပြောင်းအမှတ်သို့ ရောက်ရှိသွားကြပြီး ကြက်သွေးရောင် အလင်းတန်းများမှာ လျင်မြန်စွာ ကျုံ့ဝင်သွားကာ သုတို့၏ ပေါင်းစပ်ထားသော ပုံသဏ္ဌာန်များ ပေါ်ထွက်လာခဲ့သည်။

ယခုအခါတွင် မူလက သန်မာထွားကြိုင်းသော ရုပ်သေးများသည် အဆပေါင်းများစွာ ပိုမိုကြီးထွားလာပြီး တစ်ကောင်ချင်းစီမှာ ပေ ၃၀ ခန့်ကျော် မြင့်မားလာခဲ့သည်။ ကြမ်းတမ်း၍ မည်းနက်သော အကြေးခွံချပ်ကာများကြားတွင် ဆီးနှင်းကဲ့သို့ ဖြူဖွေးသော အမွှေးအမျှင်များ ထွက်ပေါ်လာသည်။

အနက်ရောင်အကြေးခွံများ ဖုံးလွှမ်းထားသော ဦးခေါင်းများမှာ ဝံပုလွေဦးခေါင်းများအဖြစ် ပြောင်းလဲသွားပြီး အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။

ထိုမျှသာမက ထိုရုပ်သေးသုံးကောင်လုံးမှာ နှင်းခဲဝံပုလွေများထံမှ နှင်းခဲအသက်ရှူထုတ်မှုဆိုသည့် သီးသန့်စွမ်းရည်ကို ရရှိသွားကြပြီး နှင်းခဲစွမ်းအင်ကို ပိုင်ဆိုင်သွားခဲ့ကြသည်။ ယခုအခါတွင် ထိုရုပ်သေးသုံးကောင်မှာ မီးလျှံဇွန်ဘီများကဲ့သို့ပင် ရှားပါးလှသော မှော်အမျိုးအစားဇွန်ဘီရုပ်သေးများအဖြစ် အောင်မြင်စွာ ကူးပြောင်းသွားခဲ့ပြီဖြစ်သည်။

"ကောင်းတယ်... ကောင်းတယ်... ငါ မျှော်လင့်ထားသလိုပါပဲ"

လုချွမ်းမှာ ကျေနပ်အားရသွားပြီး ခေတ္တစဉ်းစားကာ ထိုရုပ်သေးသုံးကောင်ကို "နှင်းခဲဝံပုလွေ ဇွန်ဘီရုပ်သေး" များဟု အမည်ပေးလိုက်သည်။

All Chapters