← Chapters

အခန်း (၄၈၇-၄၈၈)

Vol. 49 Ch. 487-488

အခန်း (၄၈၇-၄၈၈)

Vol. 49 Ch. 487-488

အခန်း။ ၄၈၇

ထို့နောက် လုချွမ်းသည် နှင်းခဲဝံပုလွေ ဇွန်ဘီရုပ်သေးများ၏ စွမ်းရည်များကို စတင်စမ်းသပ်တော့သည်။

အကယ်၍ ဤရုပ်သေးသုံးကောင်၏ နှင်းခဲအသက်ရှူထုတ်မှုမှာ အဆင့် ၆ နှင်းခဲဧရာမဝံပုလွေနှင့် ရင်ဘောင်တန်းနိုင်မည်ဆိုပါက လုချွမ်းအနေဖြင့် အဆင့် ၆ မီးလျှံဇွန်ဘီ နှစ်ကောင်နှင့် ညီမျှသော အစွမ်းထက် မှော်အမျိုးအစား ရုပ်သေးသုံးကောင်ကို ပိုင်ဆိုင်ရရှိမည် ဖြစ်သည်။

လုချွမ်းက စိတ်ဖြင့် ချက်ချင်း အမိန့်ပေးလိုက်သည်။

ရုတ်တရက်ဆိုသလို နှင်းခဲဝံပုလွေ ရုပ်သေးသုံးကောင်မှာ ဘေးသို့ လျင်မြန်စွာ လူစုခွဲလိုက်ကြပြီး သူတို့၏ ခန္ဓာကိုယ်များထံမှ အလိုအလျောက် အေးစက်သော လေထုများ ဖြာထွက်လာသည်။

ထို့နောက် ရုပ်သေးသုံးကောင်လုံးမှာ ပါးစပ်များကို အကျယ်ကြီးဟလျက် ဆီးနှင်းကဲ့သို့ ဖြူဖွေးသော နှင်းခဲအသက်ရှူထုတ်မှုများကို တစ်ပြိုင်နက်တည်း ထုတ်လွှတ်လိုက်ကြသည်။

နောက်တစ်ခဏ၌ ဇွန်ဘီရုပ်သေးများ၏ ထိန်းချုပ်မှုအောက်တွင် သူတို့ဦးခေါင်းပေါ်၌ လွင့်မျောနေသော နှင်းခဲငွေ့များသည် ကြီးမားသော အသွင်ပြောင်းလဲမှုများကို ဖြစ်ပေါ်စေခဲ့သည်။

ထူးခြားသည်မှာ ရုပ်သေးသုံးကောင်လုံး၏ စွမ်းရည်အသုံးချပုံမှာ တစ်ကောင်နှင့်တစ်ကောင် မတူညီကြပေ။ ပထမတစ်ကောင်မှာ နှင်းခဲငွေ့များကို မာကျောသော ရေခဲချပ်ပြားများအဖြစ် ပြောင်းလဲကာ ၎င်း၏ခန္ဓာကိုယ်ကို ဖုံးလွှမ်းစေပြီး အလွန်အစွမ်းထက်သော ကာကွယ်ရေး ရေခဲချပ်ကာအစုံကို ဖန်တီးလိုက်သည်။

ဒုတိယမြောက် ရုပ်သေးမှာမူ နှင်းခဲငွေ့များကို နှင်းခဲနယ်ပယ်"ဟအဖြစ် ပြောင်းလဲလိုက်သည်။ ၎င်းက ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်နှင့် ရိုးတွင်းခြင်ဆီအထိ အေးစက်လှသော နှင်းခဲများမှာ လျင်မြန်စွာ ပျံ့နှံ့သွားပြီး ဘောလုံးကွင်းတစ်ခုထက်ပင် ကြီးမားသော နှင်းခဲနယ်မြေကြီးတစ်ခု ဖြစ်ပေါ်လာသည်။

ထိုနယ်မြေအတွင်းရှိ ဇွန်ဘီရုပ်သေးများသည် ခြေထောက်အောက်မှ နှင်းခဲများ၏ ကပ်ငြိမှုကို ချက်ချင်းခံလိုက်ရပြီး အအေးဓာတ်မှာ အထက်သို့ ပျံ့နှံ့သွားသဖြင့် သူတို့၏ လှုပ်ရှားမှုမှာ အပြင်လူများထက် အဆပေါင်းများစွာ နှေးကွေးသွားခဲ့သည်။

နောက်ဆုံးတစ်ကောင်မှာမူ နှင်းခဲငွေ့များကို အသုံးပြု၍ နှင်းခဲမုန်တိုင်းတစ်ခုကို ဖန်တီးလိုက်ရာ ကောင်းကင်ယံ၌ ရေခဲစပေါင်း ထောင်သောင်းချီ၍ လွင့်ပျံလာတော့သည်။

ဝုန်း...

ထိုမုန်တိုင်းကို ပစ်လွှတ်လိုက်သောအခါ မြေပြင်အကျယ်ကြီးမှာ ပျားအုံတစ်ခုအလား ဖြစ်သွားခဲ့ပြီး တစ်မီတာကျော် နက်သော ကျင်းချိုင့်များဖြင့် ပြည့်နှက်သွားခဲ့သည်။

"မဆိုးဘူးပဲ အဆင့် ၆ နှင်းခဲဧရာမဝံပုလွေနဲ့ တော်တော်လေး နီးစပ်တာပဲ..."

ရုပ်သေးသုံးကောင်၏ စွမ်းရည်ပြသမှုကို ကြည့်ရင်း လုချွမ်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် လက်ကို ဝှေ့ယမ်းကာ ထိုရုပ်သေးများကို ဇွန်ဘီဒီရေလှိုင်းအတွင်းသို့ ပြန်လည်ဝင်ရောက်စေပြီး ကျန်ရှိနေသော ဝံပုလွေအလောင်းများကို ဝါးမြိုရန် စေခိုင်းလိုက်သည်။

တစ်ချိန်တည်းမှာပင် အလယ်ကောင်းကင် အခြေစိုက်စခန်း၏ မြို့ရိုးမြင့်ထက်၌ မျက်လုံးပေါင်းများစွာသည် ဝေးလံသော တိုက်ပွဲမြေပြင်ဆီသို့ စိုက်ကြည့်နေကြသည်။ တိုက်ပွဲ၏ ရလဒ်ကို မြင်လိုက်ရသောအခါ လူတိုင်း၏ မျက်နှာတွင် အံ့ဩမှင်သက်မှုများ အထင်အရှား ပေါ်လွင်နေတော့သည်။

"အဲဒီဝံပုလွေကြီးတွေက ဇွန်ဘီဒီရေလှိုင်းကို လုံးဝမယှဉ်နိုင်ပါလား။ အကုန်လုံး ဝါးမြိုခံလိုက်ရပြီ"

"ဟုတ်တယ်... ဒီဇွန်ဘီဘုရင်က တကယ့်ကို ကြောက်စရာကောင်းတာပဲ။ သူသာ ဇွန်ဘီဒီရေလှိုင်းကို တစ်ခါလွှတ်လိုက်ရင် ဒုက္ခပေးနေတဲ့ တစ်ပါးကမ္ဘာသားတွေတောင် မယှဉ်နိုင်ဘူး"

"ဟူး... ဒီဇွန်ဘီဒီရေလှိုင်းက ဒီကနေ ထွက်သွားပါ့မလား။ တကယ်လို့ သူတို့က မထွက်သွားဘဲနဲ့..."

ထိုစကားအဆုံးတွင် လူတိုင်း၏ မျက်နှာ၌ စိုးရိမ်ပူပန်မှုများ အရိပ်ထင်လာခဲ့သည်။ အလယ်ကောင်းကင်မြို့သားများအနေဖြင့် ဝံပုလွေများကိုပင် မတားဆီးနိုင်ခဲ့ရာ ဇွန်ဘီဒီရေလှိုင်းကြီးကိုမူ မည်သို့မျှ ခုခံနိုင်မည် မဟုတ်ပေ။ အကယ်၍ ဇွန်ဘီဒီရေလှိုင်းသာ မြို့ဆီသို့ ဦးတည်လာပါက အလယ်ကောင်းကင် အခြေစိုက်စခန်းမှာ ကျဆုံးမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

သို့သော်လည်း ဤမျှကြီးမားသော အင်အားစုကို ရင်ဆိုင်ရန် သူတို့တွင် ဘာမှလုပ်နိုင်စွမ်းမရှိသဖြင့် နောက်ဆုံးစီရင်ချက်ကို စောင့်ဆိုင်းနေရုံသာ တတ်နိုင်တော့သည်။

တစ်နာရီအကြာတွင် မြေပြင်ပေါ်ရှိ နှင်းခဲဝံပုလွေအလောင်းများအားလုံးမှာ ဇွန်ဘီဒီရေလှိုင်းအတွင်းသို့ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ဤအချိန်၌ လုချွမ်းသည် ယခုတိုက်ပွဲမှ ရရှိခဲ့သော အကျိုးအမြတ်နှင့် ဆုံးရှုံးမှုများကို စတင်တွက်ချက်တော့သည်။

စိတ်ဝိညာဉ်ဆက်နွှယ်မှုစွမ်းရည်ကြောင့် လုချွမ်းအနေဖြင့် များစွာ အားစိုက်စရာမလိုဘဲ သူလိုအပ်သော အချက်အလက်များကို လျင်မြန်စွာ စာရင်းပြုစုနိုင်ခဲ့သည်။

အဆင့်နိမ့် ဇွန်ဘီရုပ်သေးများမှာ အကျအဆုံး များပြားလှသည်။

၎င်းမှာ မျှော်လင့်ထားပြီးသားပင်။ ဇွန်ဘီဒီရေလှိုင်းသည် အနည်းဆုံး အဆင့် ၄ ရှိသော နှင်းခဲဧရာမဝံပုလွေများကို ရင်ဆိုင်ခဲ့ရခြင်းဖြစ်ရာ အဆင့်နိမ့်ရုပ်သေးများ၏ ဆုံးရှုံးမှုကို လုချွမ်းအနေဖြင့် ကြိုတင်တွက်ဆထားပြီးသားဖြစ်သည်။

ထိုအဆင့်နိမ့်ရုပ်သေးများသည် ဝံပုလွေများကို ကြီးမားသော ထိခိုက်မှု မပေးနိုင်ခဲ့သော်လည်း သူတို့၏ အရှိန်အဟုန်ကို ထိရောက်စွာ ဟန့်တားပေးနိုင်ခဲ့သည်။ ထို့ကြောင့် သူတို့၏ စွမ်းဆောင်ချက်မှာ လျှော့တွက်၍မရသလို အလဟဿ အနစ်နာခံခြင်းလည်း မဟုတ်ပေ။

ပထမနှင့် ဒုတိယအဆင့် ရုပ်သေးများအပြင် ဝံပုလွေအုပ်ကို တိုက်ခိုက်ရာတွင် အဓိကအင်အားစုဖြစ်သော တတိယနှင့် စတုတ္ထအဆင့် ရုပ်သေးများမှာလည်း အများအပြား ဆုံးရှုံးခဲ့ရသည်။

ထိုရုပ်သေးအများစုမှာ တိုက်ခိုက်နေစဉ်အတွင်း အဆင့် ၄ ဝံပုလွေများ၏ ကိုက်ခဲခြင်းကို ခံရ၍သော်လည်းကောင်း ထိပ်တိုက်မတိုးမီ နှင်းခဲတိုက်ကွက်များ၏ ထိုးဖောက်ခြင်းကို ခံရ၍သော်လည်းကောင်း သေဆုံးခဲ့ကြခြင်းပင်။

ထို့ပြင် အဆင့် ၅ ရုပ်သေးအချို့မှာလည်း ရန်သူ့ဘက်မှ အဆင့်တူ ဝံပုလွေများနှင့် ရင်ဆိုင်ရာတွင် ကျဆုံးခဲ့ကြသည်။ သို့သော်လည်း ဇွန်ဘီဒီရေလှိုင်းက နှင်းခဲဝံပုလွေအလောင်းများကို ဝါးမြိုပြီးနောက်တွင် စတုတ္ထအဆင့်ရှိသော ရုပ်သေးအများအပြားမှာ အဆင့် ၅ သို့ ချောမွေ့စွာ တက်လှမ်းနိုင်ခဲ့ကြသဖြင့် လုချွမ်း၏ အဆင့် ၅ ရုပ်သေးအရေအတွက်မှာ သိသိသာသာ တိုးပွားလာခဲ့သည်။

အဆင့် ၅ သာမကဘဲ အဆင့် ၄ နှင့် အဆင့် ၆ ရုပ်သေးအရေအတွက်မှာလည်း ဤနှင်းခဲဝံပုလွေအလောင်းများ၏ အာဟာရကြောင့် မြင့်တက်လာခဲ့သည်။ ခြုံငုံကြည့်လျှင် အဆင့်နိမ့်ရုပ်သေး အရေအတွက်မှာ လျော့နည်းသွားသော်လည်း အဆင့်မြင့်ရုပ်သေးများမှာမူ သိသိသာသာ များပြားလာခဲ့ပြီဖြစ်သည်။

"ဒီတစ်ခေါက်တော့ တကယ်ကို မြတ်တာပဲ လာရကျိုးနပ်တယ်"

အဆင့် ၆ ရှိသော နှင်းခဲဝံပုလွေ ရုပ်သေးသုံးကောင် ရရှိခဲ့ခြင်းနှင့် အဆင့်မြင့်ရုပ်သေးများ အစုလိုက်အပြုံလိုက် တိုးပွားလာခြင်းကို တွေးတောရင်း လုချွမ်းမှာ အလွန်ပင် စိတ်လှုပ်ရှားနေမိသည်။

လူသားအခြေစိုက်စခန်းကို ကူညီရန် ဆုံးဖြတ်ခဲ့ခြင်းအတွက်လည်း ဝမ်းသာမိသည်။

အဆင့်နိမ့်ဇွန်ဘီများကို အချိန်မရွေး အုပ်စုလိုက် ပြန်လည်စုဆောင်းနိုင်သော်လည်း အဆင့်မြင့်ဇွန်ဘီများမှာမူ တဖြည်းဖြည်းချင်း မွေးမြူရခြင်းပင်။ ယခုကဲ့သို့ တစ်ဟုန်ထိုး ချမ်းသာကြွယ်ဝသွားခြင်းမှာ ထိုနှင်းခဲဝံပုလွေများ ကျေးဇူးကြောင့်ပင်။

ယခုအခါ သူ၏လက်အောက်တွင် အဆင့် ၆ ရုပ်သေး ဆယ်ဂဏန်းနှင့် အဆင့် ၅ ဇွန်ဘီ နှစ်ရာကျော် ရှိနေပြီဖြစ်ရာ လုချွမ်း၏ ရင်ထဲ၌ ရည်မှန်းချက်များ ပြင်းထန်လာခဲ့သည်။

ဤအင်အားဖြင့် သူသည် မည်သည့်နေရာသို့မဆို သွားနိုင်ပြီဖြစ်ပြီး တစ်ပါးကမ္ဘာသားများကို ရှင်းလင်းရန် လှည့်ပြန်လိုက်သည့်အခါ ထိုမျိုးနွယ်စုများမှာ သူ၏ ဇွန်ဘီစစ်တပ်အောက်တွင် ချက်ချင်း ချေမှုန်းခံရပေလိမ့်မည်။

ထိုအချိန်တွင် ကျိရုရွှယ်သည် နတ်ဆိုးအမြုတေဆေးလုံးများ အပြည့်ထည့်ထားသော အိတ်ကြီးကို ကိုင်လျက် ပြုံးရွှင်စွာ ပျံသန်းလာခဲ့သည်။

"သွားကြစို့"

၎င်းကို မြင်သောအခါ လုချွမ်းသည် ဝေးလံသော လူသားအခြေစိုက်စခန်းကို တစ်ချက်လှမ်းကြည့်လိုက်သော်လည်း ဆက်သွယ်ရန် ရည်ရွယ်ချက်မရှိဘဲ ဇွန်ဘီဒီရေလှိုင်းကို ဦးဆောင်ကာ တိုက်ပွဲမြေပြင်မှ အရှေ့ဘက်ဆီသို့ တရွေ့ရွေ့ ထွက်ခွာလာခဲ့တော့သည်။

အလယ်ကောင်းကင် အခြေစိုက်စခန်း။

ဇွန်ဘီဒီရေလှိုင်း၏ လှုပ်ရှားမှုကို သတိကြီးစွာ စောင့်ကြည့်နေကြသော အခြေစိုက်စခန်းမှ အဆင့်မြင့်အရာရှိများသည် ဇွန်ဘီဒီရေလှိုင်း တရွေ့ရွေ့ ဝေးကွာသွားသည်ကို မြင်သောအခါမှသာ သက်ပြင်းချနိုင်ကြတော့သည်။

"ကံကောင်းလိုက်တာ ဇွန်ဘီဒီရေလှိုင်းက ငါတို့မြို့ဆီကို ဦးတည်မလာလို့ပဲ။ မဟုတ်ရင် ငါတို့ရဲ့ လက်ရှိအင်အားနဲ့ဆိုရင် နောက်ဆက်တွဲက တွေးကြည့်လို့တောင် မရဘူး"

"ကောင်းလိုက်တာ တကယ့်ကို ကောင်းကင်က မစတာပဲ။ ဇွန်ဘီဘုရင်က ဘာအကြံနဲ့ပဲဖြစ်ဖြစ် အခုတော့ သူတို့ ထွက်သွားပြီ။ ငါတို့မြို့လည်း ဘေးကင်းသွားပြီ"

"ဟူး... ဒီဇွန်ဘီဒီရေလှိုင်းက တကယ့်ကို ကြောက်စရာကောင်းတာပဲ။ ငါ့အပေါ်မှာ ဖိအားတွေ အများကြီး ပေးနေသလိုပဲ။ တကယ်လို့ နောင်တစ်ချိန်မှာ ဇွန်ဘီဘုရင်က ဒီစစ်တပ်ကြီးနဲ့ ငါတို့ကို တိုက်ခိုက်လာရင် ဘယ်လိုခုခံရမလဲဆိုတာ မတွေးရဲစရာပဲ..."

သို့သော်လည်း သက်ပြင်းများစွာ ချပြီးနောက်တွင် လူတိုင်းမှာ တစ်စုံတစ်ခုကို သတိပြုမိသွားပုံရပြီး အမူအရာများမှာ ရှုပ်ထွေးသွားကြသည်။ မြို့ကို ဖျက်ဆီးတော့မည့် ဝံပုလွေအုပ်ကြီးအား ဇွန်ဘီဘုရင်က ဖြေရှင်းပေးသွားခဲ့ခြင်းပင်။

သွယ်ဝိုက်သောနည်းဖြင့် ဆိုရလျှင် အလယ်ကောင်းကင် အခြေစိုက်စခန်းကို ဇွန်ဘီဘုရင်က ကယ်တင်ပေးခဲ့ခြင်းပင်။ ယခင်က ဇွန်ဘီများကို အသေအလဲ မုန်းတီးခဲ့ကြသူများက ယခုအခါ မထင်မှတ်ဘဲ ဇွန်ဘီများ၏ ကယ်တင်ခြင်းကို ခံလိုက်ရသည်။ ဇွန်ဘီဘုရင်၏ အင်အားမှာလည်း အထင်အရှားပင်။

ဤအချင်းအရာက လူသားအခြေစိုက်စခန်းများအကြား မကြာသေးမီက ပျံ့နှံ့နေသော ငြင်းခုံဆွေးနွေးဖွယ် အယူအဆတစ်ခုကို သတိရစေသည်။

ထိုအချက်မှာ လူသားတွေအနေနဲ့ ဒီတစ်ပါးကမ္ဘာသားတွေကို တိုက်ထုတ်ဖို့ ဇွန်ဘီဘုရင်နဲ့ ပူးပေါင်းသင့်လားဆိုသည်ပင်။

ဇွန်ဘီဘုရင်၏ အင်အားနှင့်သာ ပူးပေါင်းပါက လူသားတို့၏ ဖိအားမှာ သိသိသာသာ လျော့နည်းသွားမည်ဖြစ်ကြောင်း အခြေစိုက်စခန်းမှ အထူးချွန်ဆုံးပုဂ္ဂိုလ်များက အသိအမှတ်ပြုထားကြသည်။

သို့သော်လည်း လူသားများနှင့် ဇွန်ဘီဘုရင်ကြားမှ ရန်ငြိုးရန်စများကြောင့် ဤအယူအဆကို လက်တွေ့အကောင်အထည်ဖော်ရန်မှာ ခက်ခဲလှသည်။ ဇွန်ဘီဘုရင်က လူသားတို့၏ ဤကဲ့သို့ ရယ်စရာကောင်းသော အကြံဉာဏ်ကို လက်ခံလိမ့်မည်ဟု မည်သူမျှ မယုံကြည်ကြပေ။

အခန်း။ ၄၈၈

နှင်းခဲဧရာမဝံပုလွေများကို ကိုင်တွယ်ဖြေရှင်းပြီးနောက် လုချွမ်းသည် သူ၏ ဧရာမဇွန်ဘီဒီရေလှိုင်းကြီးကို အရှေ့ဘက်သို့ ဦးဆောင်ကာ မြေပုံညွှန်ကြားချက်များအတိုင်း ယာဉ်တန်းကို ကျွမ်းကျင်စွာ မောင်းနှင်လျက် တည်ငြိမ်စွာ ချီတက်လာခဲ့သည်။

ယခုအချိန်တွင် ကျယ်ပြန့်သော လမ်းမထက်၌ အရပ်မျက်နှာအနှံ့တွင် အနက်ရောင်ဇွန်ဘီဒီရေလှိုင်းကြီးမှလွဲ၍ အခြားဘာမျှ မရှိချေ။ လမ်းတစ်လျှောက်ရှိ အတားအဆီးဖြစ်နေသော ကားများကို ရှေ့တန်းမှ ဇွန်ဘီများက ဘေးသို့ တွန်းဖယ်ပေးနေသဖြင့် ယာဉ်တန်းမှာ မည်သည့်အနှောင့်အယှက်မျှမရှိဘဲ ခရီးဆက်နိုင်ခဲ့သည်။

လုချွမ်းကို ဝမ်းမြောက်စေသည်မှာ ခရီးသွားနေစဉ်အတွင်းမှာပင် စတုတ္ထအဆင့်ရှိသော ဇွန်ဘီရုပ်ဆေးအချို့မှာ ပဉ္စမအဆင့်သို့ ထပ်မံတက်လှမ်းနိုင်ခဲ့ခြင်းပင်။ အနည်းဆုံး အဆင့် ၄ အင်အားရှိသော နှင်းခဲဧရာမဝံပုလွေများ၏ ခန္ဓာကိုယ်များတွင် စွမ်းအင်များ အလွန်အမင်း ပြည့်ဝနေသဖြင့် ဇွန်ဘီရုပ်သေးများ အဆင့်တက်ရန်အတွက် ကြီးမားသော အထောက်အပံ့ ဖြစ်စေခဲ့သည်။

ရှေ့ဆက်သွားမည့် ကာလအတွင်းတွင်လည်း ဇွန်ဘီရုပ်သေးများစွာ ဆက်လက်၍ အဆင့်တက်လာဦးမည်ဟု လုချွမ်း ခန့်မှန်းထားသည်။

"လမ်းခရီးမှာ နှင်းခဲဝံပုလွေတွေလိုမျိုး ကိုယ့်ကိုယ်ကိုယ် အနစ်နာခံပြီး လာလှူကြမယ့်သူတွေ နောက်ထပ်ရှိဦးမလား မသိဘူး..."

လုချွမ်းသည် ကားမောင်းသူဘေးရှိ ထိုင်ခုံတွင် မှီရင်း မြေပုံကို ကိုင်ကာ ပျော်ရွှင်စရာ အတွေးများကို နယ်ချဲ့နေမိသည်။

အကယ်၍ ဤကဲ့သို့သာ နောက်ထပ် အကြိမ်အနည်းငယ် ဖြစ်ပွားခဲ့လျှင် သူ၏လက်အောက်ရှိ အဆင့် ၆ ဇွန်ဘီရုပ်သေး အရေအတွက်မှာ ရာဂဏန်းအထိ ရောက်ရှိသွားနိုင်သည်ဟု လုချွမ်း ယူဆမိသည်။

သို့သော်လည်း သူ၏ အတွေးများမှာ အလွန်အမင်း စိတ်ကူးယဉ်ဆန်နေကြောင်း သူကိုယ်တိုင် သိသည်။ တစ်ပါးကမ္ဘာမှ ကျူးကျော်လာသော မျိုးနွယ်စုများမှာ မိုက်မဲသူများ မဟုတ်ကြပေ။ အဆုံးမရှိသော ဇွန်ဘီဒီရေလှိုင်းကြီးကို မြင်ပါလျက်နှင့် ဇွတ်တိုးတိုက်ခိုက်မည့် နှင်းခဲဝံပုလွေများကဲ့သို့ သတ္တဝါမျိုးမှာ အလွန်ရှားပါးလှသည်။

ယခင်က ဇွန်ဘီဒီရေလှိုင်းနှင့် အခြားမျိုးနွယ်စုများ ဆုံတွေ့သည့်အခါ ထိုမျိုးနွယ်စုများက အခြေအနေကို ကြည့်ကာ ချက်ချင်း ထွက်ပြေးသွားတတ်ကြသည်။ ထို့ကြောင့် အစပိုင်းတွင် နှင်းခဲဝံပုလွေများသည်လည်း ထွက်ပြေးကြလိမ့်မည်ဟု လုချွမ်း ထင်ခဲ့ခြင်းပင်။

သို့သော် မထင်မှတ်ဘဲ ထိုဝံပုလွေများသည် အလွန်စေတနာကောင်းသောဝံပုလွေများ ဖြစ်နေခဲ့ပြီး သူ့အတွက် ကြီးမားသော လက်ဆောင်ကို ပေးအပ်သွားခဲ့ကြသည်။

ကားရှေ့ခန်းတွင် လုချွမ်းက စိတ်ကူးယဉ်နေသကဲ့သို့ နောက်ခန်းတွင်လည်း ကျိရုရွှယ်မှာ တင်ပျဉ်ခွေထိုင်ရင်း ပီနံအိတ်ထဲမှ များပြားလှသော နတ်ဆိုးအမြုတေဆေးလုံးများကို ကြည့်ကာ ပီတိဖြစ်နေသည်။

၎င်းမှာ အိပ်ချင်နေတုန်း အုံးသီးလာချပေးသကဲ့သို့ပင်။ ယခင်က စုဆောင်းထားသော အမြုတေဆေးလုံးများမှာ စွမ်းအင်ဆေးရည်များ ဖော်စပ်ရာတွင် ကုန်သလောက် ဖြစ်နေပြီဖြစ်ရာယခုအခါ အစုလိုက်အပြုံလိုက် ပြန်လည်ရရှိခဲ့ပြီ ဖြစ်သည်။

ဤအမြုတေဆေးလုံးများနှင့် ယာဉ်တန်းတွင် ပါလာသော စမ်းသပ်ခန်းသုံး ပစ္စည်းများကို အသုံးပြု၍ မကြာမီတွင် စွမ်းအင်ဆေးရည် အမြောက်အမြား ရရှိတော့မည်ဖြစ်ရာ သူမ၏ ကျင့်စဉ်အဆင့်မှာလည်း မလွဲမသွေ တိုးတက်လာပေလိမ့်မည်။

သူမ၏ ယခင်ဘဝကာလအတွင်း၌ လူသားမျိုးနွယ်ထဲတွင် ရာထူးကြီးကြီးမားမား ရခဲ့သော်လည်း ယခုကဲ့သို့ လွတ်လပ်စွာ အသုံးပြုနိုင်သော ကျင့်ကြံခြင်း အရင်းအမြစ်များကို ဤမျှအထိ မပိုင်ဆိုင်ခဲ့ဖူးပေ။ ဇွန်ဘီဘုရင် ဖြစ်သူ ဖေဖေနောက်ကို လိုက်လာရခြင်းမှာ တကယ့်ကို အနာဂတ်ရှိသည်။

ယခင်ဘဝတွင် ကျိရုရွှယ်၏ အဆင့်အတန်းမှာ လက်ရှိ ကျောက်လင်း၏ ရာထူးနှင့် တန်းတူ သို့မဟုတ် ထို့ထက်ပင် မြင့်မားခဲ့ဖူးသည်။ သို့သော်လည်း ထိုအချိန်က ဝံပုလွေထောင်ချီကို သတ်ဖြတ်ပြီးနောက် ရရှိလာသော နတ်ဆိုးအမြုတေဆေးလုံးအားလုံးကို သူမတစ်ဦးတည်း ပိုင်ဆိုင်ရယူရန်မှာ မဖြစ်နိုင်ခဲ့ပေ။

လက်ရှိ လူသားတို့၏ အင်အားအရ မည်သည့်အခြေစိုက်စခန်းမျှ ထိုကဲ့သို့ စွမ်းဆောင်နိုင်ခြင်း မရှိသေးသလို အကယ်၍ လူသားစစ်တပ်က အင်အားစုစည်းပြီး ထိုဝံပုလွေများကို ဝိုင်းရံသတ်ဖြတ်ခဲ့လျှင်ပင် ရရှိလာသော အမြုတေဆေးလုံးများကို ကျိရုရွှယ်တစ်ယောက်တည်း လက်ထဲသို့ ထည့်ပေးမည် မဟုတ်ချေ။

...

ချောင်းယန်အခြေစိုက်စခန်း…

စစ်တပ်စခန်းအတွင်းရှိ ရုံးခန်းတစ်ခု၌

တောက်... တောက်... တောက်...

အဝေးမှ အလျင်စလို ပြေးလာသော ခြေသံများ ထွက်ပေါ်လာပြီး မကြာမီမှာပင် လူငယ်အရာရှိတစ်ဦးမှာ ရုံးခန်းတံခါးဝသို့ ရောက်ရှိလာခဲ့သည်။

"စစ်နတ်ဘုရားမ"

လူငယ်အရာရှိက အလေးပြုလိုက်သည်။

"ဝင်ခဲ့ အဆက်အသွယ်ရပြီလား။ အခြေအနေက ဘယ်လိုလဲ။ အလယ်ကောင်းကင် အခြေစိုက်စခန်းက ဇွန်ဘီဒီရေလှိုင်းတွေ ဆုတ်ခွာသွားပြီဆိုတာ အတည်ပြုနိုင်ပြီလား"

ကျောက်လင်းသည် ခေါင်းမော့ကာ မျက်မှောင်ကြုတ်လျက် သူမ၏လက်ထောက်ကို ကြည့်ကာ မေးလိုက်သည်။

ယခင်က အလယ်ကောင်းကင်မြို့မှ အကူအညီတောင်းခံစာ ရရှိခဲ့စဉ်က အဆင့်မြင့်အရာရှိများ ဆွေးနွေးခဲ့ကြပြီး နောက်ဆုံးတွင် ပြည်နယ်နှစ်ခုကို ကွပ်ကဲနေသည့် အနှိုင်းမဲ့စစ်နတ်ဘုရားမ ကျောက်လင်းကိုသာ ဆုံးဖြတ်ချက်ချခိုင်းခဲ့သည်။ အခြေစိုက်စခန်းတစ်ခု အသိမ်းခံရပါက အနည်းဆုံး လူသောင်းချီ၍ တစ်ပါးကမ္ဘာသားများလက်တွင် သေဆုံးရမည်ဖြစ်ရာ ကျောက်လင်းအနေဖြင့် မကူညီဘဲ မနေနိုင်ခဲ့ပေ။

သို့သော်လည်း ကျောက်လင်းသည် သူမ၏ ဆင့်ကဲပြောင်းလဲသူအဖွဲ့ကို ဦးဆောင်ကာ ရဟတ်ယာဉ်အုပ်စုကြီးဖြင့် ထွက်ခွာရန် ပြင်ဆင်နေစဉ်မှာပင် အလယ်ကောင်းကင်မြို့ဘက်မှ အန္တရာယ်ကင်းသွားပြီဖြစ်ကြောင်း သတင်းရောက်လာခဲ့သည်။

အလယ်ကောင်းကင်မြို့၏ ပြောကြားချက်အရ သဋတို့ရင်ဆိုင်နေရသော ဝံပုလွေအုပ်ကြီးကို ဇွန်ဘီဒီရေလှိုင်းက ရှင်းလင်းပေးသွားခဲ့ပြီး ယခုအခါ ဇွန်ဘီဒီရေလှိုင်းလည်း ထွက်ခွာသွားပြီဖြစ်ရာ မြို့မှာ လုံးဝဘေးကင်းသွားပြီဟု ပြောလိုက်သည်။

"ဟုတ်ကဲ့ စစ်နတ်ဘုရားမ။ အလယ်ကောင်းကင်မြို့ရဲ့ အဆိုအရ သူတို့က ဆင့်ကဲပြောင်းလဲသူတွေကို လွှတ်ပြီး စုံစမ်းခိုင်းခဲ့ရာမှာ ဇွန်ဘီဒီရေလှိုင်းက ဘာအစအနမျှမကျန်အောင် ပျောက်ကွယ်သွားပြီလို့ သိရပါတယ်"

လူငယ်အရာရှိက အတည်ပြု၍ပြောလိုက်သည်။

"ဇွန်ဘီဒီရေလှိုင်းလား... နောက်ထပ် ဇွန်ဘီဘုရင်တစ်ပါး ပေါ်လာလိမ့်မယ်လို့ မထင်ထားမိဘူး"

ထိုစကားကြောင့် ကျောက်လင်းမှာ စိတ်အနည်းငယ်သက်သာရာ ရသွားသော်လည်း ရုတ်တရက်ပေါ်လာသော ထိုဇွန်ဘီဘုရင်အကြောင်းကို တွေးတောမိသောအခါ မျက်မှောင်ပြန်ကြုတ်မိသွားသည်။ ပုံမှန်အားဖြင့် ဇွန်ဘီဒီရေလှိုင်းသည် ဝံပုလွေအုပ်ကို နှိမ်နင်းပြီးလျှင် အနီးနားရှိ အလယ်ကောင်းကင်မြို့ကိုလည်း ချန်ထားမည်မဟုတ်ပေ။

ဒီဇွန်ဘီဘုရင်က ဘာကြောင့် ဒီလိုလုပ်ခဲ့တာလဲ။ တစ်စုံတစ်ရာ ကြံစည်နေတာလား။

ကျောက်လင်း အတွေးနယ်ချဲ့နေစဉ်မှာပင် တံခါးအပြင်ဘက်မှ အလျင်စလိုပြေးလာသော ခြေသံများ ထွက်ပေါ်လာပြန်သည်။ ၎င်းမှာ ယခင် ယွီဟွာဂိုဏ်းမှ ကျောက်လင်း၏ လက်အောက်ငယ်သားဟောင်းဖြစ်ပြီး ယခုအခါ သူမ၏ တိုက်ရိုက်လက်အောက်ခံ ဖြစ်လာသူဖြစ်သည်။

သူသည် မျက်နှာတစ်ခုလုံး ပျာယာခတ်လျက် ရုံးခန်းထဲသို့ ပြေးဝင်လာသည်။

"အစ်မကြီး... အခြေအနေမကောင်းတော့ဘူး"

"ဘာတွေ ဆူညံနေတာလဲ တည်တည်ငြိမ်ငြိမ်နေစမ်း"

ကျောက်လင်းက အော်ဟစ်ငေါက်ငမ်းလိုက်သည်။

မကြာသေးမီက ကျောက်လင်း၏ ကျင့်စဉ်မှာ သိသိသာသာ တိုးတက်လာပြီး အဆင့် ၇ သို့ နီးကပ်နေပြီဖြစ်ရာ သူမ၏ အရှိန်အဝါမှာလည်း ပိုမိုပြင်းထန်လာခဲ့သည်။ အငေါက်ခံလိုက်ရသော ဆင့်ကဲပြောင်းလဲသူမှာ တစ်ကိုယ်လုံး တောင့်တင်းသွားပြီး အသံကို ထိန်းကာ တုန်ရင်စွာဖြင့် ပြောလိုက်သည်။

"အစ်မကြီး... အခြေအနေက တကယ်ဆိုးနေတာပါ။ ကျွန်တော်တို့ရဲ့ ဆင့်ကဲပြောင်းလဲသူအဖွဲ့တစ်ခုက အခြေစိုက်စခန်းဆီကို အရှိန်အဟုန်နဲ့ ပျံသန်းလာနေတဲ့ ဧရာမနဂါးတစ်ကောင်ကို တွေ့လိုက်ရတယ်။ မကြာခင်မှာပဲ ဒီကို ရောက်တော့မှာပါ"

"ဘာ ဧရာမနဂါး ဟုတ်လား"

ထိုစကားကြောင့် ကျောက်လင်း၏ မျက်နှာထားမှာ ရုတ်တရက် ပြောင်းလဲသွားပြီး ထိုင်နေရာမှ ဝုန်းခနဲ ထရပ်လိုက်သည်။ ဘေးရှိ လူငယ်အရာရှိမှာလည်း နဂါးဟူသော အသံကို ကြားရုံဖြင့် မျက်နှာဖြူလျော့သွားတော့သည်။

ဧရာမနဂါးများမှာ အနိမ့်ဆုံး အဆင့် ၇ မှ စတင်ကြောင်း လူတိုင်းသိထားကြသည်။ သို့သော် လက်ရှိ အခြေစိုက်စခန်းတွင် အင်အားအကောင်းဆုံးဖြစ်သော ကျောက်လင်းသည်ပင် အဆင့် ၆ သာ ရှိသေးသည်။ ကျောက်လင်းမှာ အဆင့် ၆ အချင်းချင်းကြား အနှိုင်းမဲ့နေစေကာမူ နဂါးတစ်ကောင်ကို ရင်ဆိုင်ရန်မှာမူ မဖြစ်နိုင်သလောက်ပင်။

သို့သော်လည်း ဆုတ်ခွာရန် လမ်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် မြို့အတွင်း၌ အသက်ရှင်

ကျန်ရစ်သူ တစ်သန်းကျော် ရှိနေသောကြောင့်ပင်။ ထို့ပြင် သူမတွင် ပြန်လည်ရှင်သန်

နိုင်စွမ်းရှိနေသဖြင့် သေခြင်းတရားကို မကြောက်ပေ။

မကြာမီမှာပင် ကျောက်လင်းသည် အခြားသူများကို ဦးဆောင်ကာ မြို့ရိုးမြင့်ပေါ်သို့ တက်ရောက်ခဲ့သည်။ ယခုအချိန်တွင် မြို့ရိုးပေါ်ရှိ လေထုမှာ တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားတော့မည့်အလား တင်းမာခြောက်ခြားနေပြီး သတ်ဖြတ်လိုစိတ်များ ဖုံးလွှမ်းနေသည်။

စစ်တပ်အရာရှိများစွာမှာ လက်နက်များကို တင်းကျပ်စွာ ဆုပ်ကိုင်လျက် ဝေးလံသော ကောင်းကင်ယံရှိ ဧရာမ ပုံရိပ်ကြီးကို အကြည့်မပျက် ကြည့်နေကြသည်။ ထိုနဂါးကြီးမှာ အလွန်ပင် ကြီးမားလှပြီး ကြောက်မက်ဖွယ်ကောင်းသော မျက်နှာထားရှိသည်။

၎င်း၏ ဦးခေါင်းပေါ်မှ နီညိုရောင်ဦးချိုများက ကောင်းကင်ကို ထိုးဖောက်မတတ် ရှိနေပြီး တစ်ကိုယ်လုံးကို နေရောင်အောက်တွင် တောက်ပနေသော အနီရောင် အကြေးခွံများဖြင့် ဖုံးလွှမ်းထားသည်။ ၎င်း၏ ဧရာမ အတောင်ပံကြီးများက ခတ်လိုက်တိုင်း အပူလှိုင်းများ ပျံ့လွင့်လာသည်။

"ဝူး..."

နဂါးကြီး၏ ဟိန်းဟောက်သံမှာ ပတ်ဝန်းကျင် လေထုကိုပင် တုန်ခါသွားစေသည်။ မြို့ရိုးပေါ်ရှိ လူများမှာ နားထဲတွင် အူသွားကာ ခေါင်းများ မူးဝေကုန်ကြသည်။

ထိုနဂါးကြီးမှာ ကြီးမားသော်လည်း အရှိန်မှာ အလွန်ပင် မြန်ဆန်လှရာ မျက်တောင်တစ်ခတ်အတွင်းမှာပင် ချောင်းယန်အခြေစိုက်စခန်းနှင့် မီတာထောင်ဂဏန်းမျှသာ ဝေးတော့သည်။ ထိုအချိန်တွင် ဆင့်ကဲပြောင်းလဲသူအများအပြားနှင့် ရဟတ်ယာဉ်အုပ်စုများက နဂါးကြီးကို တားဆီးရန်အတွက် သတ္တိရှိရှိဖြင့် ဝေဟင်သို့ ပျံတက်သွားကြတော့သည်။

ကောင်းကင်ယံတွင် ထိပ်တိုက်ရင်ဆိုင်မှုကြီး စတင်တော့မည်ဖြစ်သည်။

All Chapters