အခန်း (၄၈၉-၄၉၀)
Vol. 49 Ch. 489-490
အခန်း။ ၄၈၉
ကောင်းကင်ယံ၌ ချောင်းယန်အခြေစိုက်စခန်းဆီသို့ ပျံသန်းလာနေသော ဧရာမနဂါးကြီးက ရုတ်တရက် တန့်သွားပြီး ရပ်တန့်လိုက်သည်။
ရွှေနီရောင်ရှိသော နဂါးမျက်လုံးအစုံသည် ၎င်း၏လမ်းကို ပိတ်ဆို့ထားသည့် လူသားဆင့်ကဲပြောင်းလဲသူများနှင့် လက်နက်ကိုင်ရဟတ်ယာဉ်များကို စိုက်ကြည့်လိုက်ရာ ခဏချင်းမှာပင် ဒေါသမီးများ တောက်လောင်လာခဲ့သည်။
"ဒီပုရွက်ဆိတ်တွေက ငါ ဟာလာဆိုတဲ့ မြင့်မြတ်တဲ့နဂါးကြီးရဲ့ လမ်းကို ပိတ်ရဲတယ်ပေါ့... သေတွင်းထဲကို ကိုယ်တိုင် ခုန်ဆင်းနေကြတာပဲ"
အခြားမျိုးနွယ်စုဝင်များနှင့်အတူ ဤထူးဆန်းသောကမ္ဘာသို့ ရောက်ရှိလာကတည်းက နဂါးကြီး ဟာလာသည် ပုရွက်ဆိတ်နှင့်တူသော ဤလူသားများကို တစ်ကြိမ်ထက်မက တွေ့ဖူးပြီးဖြစ်သည်။
သူ၏ မျိုးနွယ်စုဝင်များသည် လူသားမြို့များသို့ သွားရောက်ကာ လူသားများစွာကို သတ်ဖြတ်ပြီး သူတို့၏ သတ်ဖြတ်လိုသော အာသီသကို အဝပြောစွာ ဖြည့်ဆည်းခဲ့ကြပြီးပြီ။ ထိုသို့ ခုခံလိုသော လူသားအားလုံးသည်လည်း သူ၏နဂါးမီးလျှံများအောက်တွင် ပြာအဖြစ် ပြောင်းလဲသွားခဲ့ရသည်။
"ဝူး..."
နောက်တစ်ခဏ၌ ဟာလာသည် ကောင်းကင်ဟိန်းသွားအောင် ဟိန်းဟောက်လိုက်ရာ သူ၏တစ်ကိုယ်လုံးရှိ ကြက်သွေးရောင် အကြေးခွံများထံမှ မီးလျှံများ စီးဆင်းလာသကဲ့သို့ ဖြစ်ပေါ်လာပြီး ပြင်းထန်သော အရှိန်အဝါများဖြင့် ပတ်ဝန်းကျင်ကို လွှမ်းမိုးလိုက်သည်။
ဝူး... ဝူး... ဝူး...
လက်နက်ကိုင်ရဟတ်ယာဉ် အချို့မှာ အကြိမ်ရေမြင့်မားစွာ တုန်ခါသွားပြီး မရပ်မနား လှုပ်ခါနေတော့သည်။ ပျံသန်းနိုင်စွမ်းရှိသော ဆင့်ကဲပြောင်းလဲသူ ဆယ်ဂဏန်းခန့်မှာလည်း အခြေအနေမကောင်းချေ။ သူတို့မှာ ခေါင်းများ မူးဝေလာပြီး နဂါး၏ဖိအားအောက်တွင် အသည်းအသန် တောင့်ခံနေကြရသည်။
တစ်ခဏအတွင်းမှာပင် သူတို့၏ရင်ထဲ၌ သေဘေးကို ကြောက်ရွံ့မှုများ မြင့်တက်လာပြီး နှစ်ဖက်စလုံးကြားရှိ ကွာဟချက်ကို နက်နက်ရှိုင်းရှိုင်း သိရှိသွားကြသည်။ ဤနဂါးကြီးကို ရင်ဆိုင်ခြင်းမှာ ပုစဥ်းရင်ကွဲက လှည်းဘီးကို တားဆီးရန် ကြိုးစားနေသကဲ့သို့ပင်။ သို့သော်လည်း ချောင်းယန်အခြေစိုက်စခန်း၏ ဘေးကင်းရေးအတွက် သူတို့ထဲမှ မည်သူတစ်ဦးမျှ နောက်သို့ တစ်လှမ်းပင် မဆုတ်ခဲ့ကြချေ။
"ပစ်ကြစမ်း"
ရုတ်တရက်ဆိုသလို လက်နက်ကိုင်ရဟတ်ယာဉ်များက နဂါးကြီးဆီသို့ စတင်ပစ်ခတ်ကြတော့သည်။ ရဟတ်ယာဉ်အောက်ရှိ ဒုံးကျည်လောင်ချာများထံမှ တောက်ပသော မီးပွင့်များနှင့်အတူ ဒုံးကျည်များ ထွက်ပေါ်လာသည်။
ရှူး... ရှူး...
ဒုံးကျည်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး နဂါးကြီးဆီသို့ ဦးတည်သွားကြသည်။
ဘုန်း... ဘုန်း... ဘုန်း...
ဟာလာသည် မယုံကြည်နိုင်စွာဖြင့် သူ၏ခန္ဓာကိုယ်ကို ဒုံးကျည်များ ထိမှန်ပေါက်ကွဲသွားသည်ကို ကြည့်နေမိသည်။ သို့သော်လည်း အသံမှာ အလွန်ကျယ်လောင်သော်လည်း ဒုံးကျည်များ၏ စွမ်းအားမှာ ဟာလာ၏ အကြေးခွံများပေါ်တွင် အမည်းစက် အနည်းငယ်သာ ထင်ကျန်စေခဲ့ပြီး သူ့ကို အနည်းငယ် နေမထိထိုင်မသာ ဖြစ်စေရုံသာ တတ်နိုင်ခဲ့သည်။
သို့သော်လည်း ဟာလာမှာ အကြီးအကျယ် ဒေါသထွက်သွားခဲ့သည်။ ဤပုရွက်ဆိတ်များက သူကဲ့သို့ မြင့်မြတ်သော နဂါးမျိုးနွယ်စုဝင်တစ်ဦးကို အရင်ဦးအောင် တိုက်ခိုက်ရဲလိမ့်မည်ဟု သူ မယုံကြည်နိုင်ခဲ့ပေ။
ယခင်က တွေ့ဆုံမှုများတွင် လူသားများသည် သူ့ကို မြင်သည်နှင့် အလွန်အမင်း ထိတ်လန့်သွားကြပြီး သေခြင်းနှင့် ရှင်ခြင်းကြားတွင် အကျိုးမဲ့ ရုန်းကန်နေကြရကာ နောက်ဆုံးတွင် သူ၏ ကစားစရာအဖြစ်ဖြင့် သေဆုံးသွားကြရသူများသာ ဖြစ်သည်။
"ဝူး..."
တိုက်ခိုက်ခံရပြီးနောက် ဒေါသထွက်နေသော ဟာလာသည် နဂါးပါးစပ်ကို ဟလိုက်ရာ သူ၏လည်ချောင်းအတွင်းမှ ပြင်းထန်သော စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာသည်။ တစ်ခဏအတွင်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော ကြက်သွေးရောင် နဂါးမီးလျှံများ ပေါက်ကွဲထွက်လာတော့သည်။
ထိုပူပြင်းလှသော နဂါးမီးလျှံများသည် ပတ်ဝန်းကျင် လေထုကိုပင် လောင်ကျွမ်းစေနိုင်သော စွမ်းအားများ ရှိနေပုံရပြီး ရှေ့သို့ အလျင်အမြန် ပျံ့နှံ့သွားသည်။ ဒုံးကျည်များ ပစ်ခတ်နေဆဲဖြစ်သော လက်နက်ကိုင်ရဟတ်ယာဉ် အချို့မှာ တုံ့ပြန်ရန် အချိန်မရလိုက်ဘဲ ထိုနဂါးမီးလျှံများအတွင်းသို့ ကျရောက်သွားခဲ့သည်။
နောက်ဆုံးတွင် ရဟတ်ယာဉ်အတွင်းရှိ လူများမှာ အော်ဟစ်ရန်ပင် အချိန်မရလိုက်ဘဲ ရဟတ်ယာဉ်များနှင့်အတူ အရည်ပျော်သွားကာ သတ္တုရည်လုံးကြီးများအဖြစ် ပြောင်းလဲသွားကြတော့သည်။
မျက်တောင်အနည်းငယ်ခတ်အတွင်းမှာပင် ဝေဟင်၌ ပျံသန်းနေသော ရဟတ်ယာဉ်များမှာ လူတိုင်း၏မျက်စိရှေ့တွင်ပင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
နှစ်ဖက်ထိပ်တိုက်တွေ့မှုမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပွားသွားခြင်းဖြစ်ပြီး ဆင့်ကဲပြောင်းလဲသူများမှာ ဟာလာ၏ ဖိအားများမှ သတိပြန်ဝင်လာချိန်တွင် သတ္တုရည်လုံး အချို့သာ ကျန်ရှိတော့သည်။
"တောက်... အားလုံး တိုက်ကြစမ်း"
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ဆင့်ကဲပြောင်းလဲသူများ၏ မျက်လုံးများမှာ သွေးရောင်လွှမ်းသွားပြီး ဒေါသတကြီးဖြင့် ဟာလာကို တိုက်ခိုက်ကြတော့သည်။ ပြေးဝင်လာသော လေဓားများ၊ မီးမြွေများနှင့် အခြားသော တိုက်ကွက်များကို ကြည့်ကာ ဟာလာ၏ မျက်လုံးများတွင် အထင်အမြင်သေးမှုများ ဖြတ်ပြေးသွားခဲ့သည်။
၎င်းသည် ကာကွယ်ရန်ပင် မကြိုးစားဘဲ နဂါးမီးလျှံများကို နောက်တစ်ကြိမ် မှုတ်ထုတ်လိုက်ရာ ပြေးဝင်လာသော တိုက်ကွက်များကို လောင်ကျွမ်းစေပြီး ဆင့်ကဲပြောင်းလဲသူများဆီသို့ မဆုတ်မနစ် တိုးဝင်လာတော့သည်။
"အား..."
ဆင့်ကဲပြောင်းလဲသူများသည် ချက်ချင်းပင် အကျအဆုံးများပြားသွားခဲ့ပြီး လူအများအပြားမှာ နဂါးမီးလျှံများအောက်တွင် ပြာအဖြစ် ပြောင်းလဲသွားကြရသည်။ အဝေးတွင်ရှိနေသူအချို့မှာလည်း နဂါးမီးလျှံ၏ အရှိန်ကြောင့် ခန္ဓာကိုယ်များ ပြင်းထန်စွာ မီးလောင်ကျွမ်းကာ အော်ဟစ်လျက် ကောင်းကင်ယံမှ တစ်ဟုန်ထိုး ပြုတ်ကျကုန်ကြသည်။
နဂါးကြီးကို တားဆီးရန် စေလွှတ်လိုက်သော အဖွဲ့မှာ ပထမဆုံး ထိပ်တိုက်တွေ့ဆုံမှုမှာတင် တစ်ဖွဲ့လုံးနီးပါး ချေမှုန်းခံလိုက်ရသည်ဟု ဆိုနိုင်သည်။
နောက်တန်းရှိ မြို့ရိုးမြင့်ပေါ်တွင်မူ ဤမြင်ကွင်းကို ကြည့်နေကြသူအားလုံး မျက်နှာများ ဖြူလျော့ကုန်ကြသည်။
"တပ်မှူး ကျောက်..." အခြေစိုက်စခန်း၏ မြို့တော်ခေါင်းဆောင်က စိုးရိမ်တကြီးဖြင့် ကျောက်လင်းကို ကြည့်ကာ စကားပြောရန် တုံ့ဆိုင်းနေသည်။
"စိတ်မပူပါနဲ့ ဒီသတ္တဝါကို ကျွန်မ ကိုင်တွယ်ပါ့မယ်"
ကျောက်လင်းက အခြေအနေကို နားလည်သည်။ သူမသည် ဘေးပတ်ပတ်လည်ရှိ စိုးရိမ်နေကြသော ဆင့်ကဲပြောင်းလဲသူများနှင့် စစ်သည်များကို တစ်ချက်ကြည့်ကာ ခေါင်းညိတ်ပြပြီး ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။
"တပ်မှူး ကျောက်... ကျေးဇူးတင်လိုက်တာ။ ကျေးဇူးပြုပြီး သတိထားပါဦး"
မြို့တော်ခေါင်းဆောင်က စိတ်လှုပ်ရှားစွာ ပြောရှာသည်။
အမှန်စင်စစ် တပ်မှူးကျောက်အနေဖြင့် ထိုနဂါးကြီးကို တောင့်ခံနိုင်ပါ့မလားဆိုသည်ကို သူလည်း မသေချာပေ။ သို့သော် ၎င်းမှာ လက်ရှိအချိန်တွင် ချောင်းယန်အခြေစိုက်စခန်းကို ကာကွယ်ရန်အတွက် တစ်ခုတည်းသော နည်းလမ်းပင်။
ထိုအချိန်တွင် ဟာလာသည် လွတ်မြောက်သွားသော လူအနည်းငယ်ကို ရှင်းလင်းပြီးနောက် အခြေစိုက်စခန်းဆီသို့ တစ်ဟုန်ထိုး တိုးဝင်လာရာ ယခုအခါ တစ်ကီလိုမီတာမျှသာ ဝေးတော့သည်။
ကြောက်မက်ဖွယ်ကောင်းသော နဂါးအရှိန်အဝါနှင့် ပူပြင်းလှသော အပူလှိုင်းများမှာ မြို့ရိုးပေါ်သို့ ရိုက်ခတ်လာပြီး လူတိုင်း၏ရင်ထဲတွင် ကြောက်ရွံ့မှုများ အလျင်အမြန် အမြစ်တွယ်လာခဲ့သည်။
ချွင်...
ကံကောင်းထောက်မစွာဖြင့် ထိုအချိန်တွင် ကျောက်လင်းသည် သူမ၏ အရှိန်အဝါကို အပြည့်အဝ ထုတ်ဖော်လိုက်ပြီး တစ်ပါးကမ္ဘာသတ္တဝါ၏ အရိုးများဖြင့် ပြုလုပ်ထားသော ဖြူဖွေးသည့် ဓားရှည်ကြီးကို ခါးမှ ဆွဲထုတ်လိုက်သည်။
ထို့နောက် ကျောက်လင်း၏ ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဉ်စွမ်းအားများဖြင့် တစ်ပါးကမ္ဘာသတ္တဝါအရိုးများကို အသုံးပြု၍ အခြေစိုက်စခန်းက တီထွင်ထားသော ပျံသန်းရေးကိရိယာကို အသက်သွင်းလိုက်သည်။
ရုတ်တရက်ဆိုသလို အနက်ရောင်သေတ္တာအတွင်းမှ ၃ လံခန့် ရှည်လျားသော အနက်ရောင် အတောင်ပံတစ်စုံ ထွက်ပေါ်လာပြီး ကျောက်လင်းကို ကောင်းကင်ယံသို့ သယ်ဆောင်သွားတော့သည်။
ဝုန်း...
ကျောက်လင်းက ဓားရှည်ကို ဝှေ့ယမ်းလိုက်သည်နှင့် ပြာလွင်သော စိတ်ဝိညာဉ်အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး၊ သူမလက်ထဲရှိ ဓားရှည်မှာ ဟိန်းဟောက်သံနှင့်အတူ ပြေးဝင်လာသော နဂါးကြီးဆီသို့ ပြင်းထန်စွာ ခုတ်ပိုင်းလိုက်သည်။
တောက်ပလှသော ၃၀မီတာခန့်ရှိသည့် ဓားစွမ်းအင်မှာ ကောင်းကင်ယံ၌ လှပသော အပြာရောင်အလင်းတန်းတစ်ခုအဖြစ် မျဉ်းကြောင်းဆွဲလျက် မျက်တောင်တစ်ခတ်အတွင်း နဂါးကြီး၏ မျက်လုံးများဆီသို့ ရောက်ရှိသွားသည်။
ပြေးဝင်လာသော တိုက်ကွက်ကို ကြည့်ကာ ဟာလာသည် ယခင်က တွေ့ကြုံမှုများကို ပြန်တွေးပြီး ၎င်းမှာ သာမန်တိုက်ကွက်ဟုသာ ထင်မှတ်ကာ သိပ်ဂရုမစိုက်ဘဲ ကျောက်လင်းနှင့် ဓားစွမ်းအင်နှစ်ခုလုံးကို နဂါးမီးလျှံဖြင့် ဝါးမြိုပစ်ရန်သာ ကြံစည်လိုက်သည်။
သို့သော် မထင်မှတ်ဘဲ ထိုဓားစွမ်းအင်မှာ အလွန်အမင်း အစွမ်းထက်လှပြီး နဂါးမီးလျှံကို အလယ်မှ ဖြတ်တောက်ကာ ဟာလာ၏ ရင်ဘတ်ပေါ်တွင် တစ်မီတာခန့် ရှည်လျားသော ဒဏ်ရာကြီးတစ်ခုကို ထင်ကျန်စေခဲ့သည်။ ဒဏ်ရာမှ ကြက်သွေးရောင် သွေးစက်ကြီးတစ်စက်မှာ အလျင်အမြန် ဖြစ်တည်လာပြီး အောက်သို့ ကျဆင်းသွားသည်။
နာကျင်မှုကြောင့် ဟာလာမှာ အကြီးအကျယ် ဒေါသထွက်သွားပြီး ၎င်း၏ ဧရာမခန္ဓာကိုယ်ကြီးဖြင့် ကျောက်လင်းဆီသို့ တိုက်ရိုက်တိုးဝင်ကာ ပြင်းထန်သော တိုက်ပွဲကြီး ချက်ချင်း စတင်တော့သည်။
ဟာလာက နဂါးမီးလျှံများကို အသုံးပြု၍ ကျောက်လင်းကို အဆက်မပြတ် တိုက်ခိုက်သော်လည်း ကျောက်လင်းမှာမူ သူမ၏ ကိုယ်ခံပညာနှင့် ဓားစွမ်းအင်ကို အားကိုးလျက် ရှောင်တိမ်းကာ ပြန်လည်တိုက်ခိုက်နေသည်။
ဝုန်း... ဝုန်း...
တိုက်ပွဲမှာ ပို၍ပြင်းထန်လာပြီး အခြေစိုက်စခန်းရှေ့ရှိ ကောင်းကင်ပြင်တစ်ခုလုံးမှာ ကျောက်လင်းနှင့် နဂါးကြီးတို့၏ စစ်တလင်း ဖြစ်သွားတော့သည်။
"ဗြုန်း..."
မိနစ်အနည်းငယ်အကြာတွင် ကျောက်လင်း၏ ခန္ဓာကိုယ်တစ်ဝက်ခန့်မှာ မီးလောင်ကျွမ်း၍ မည်းတူးသွားပြီး နဂါး၏ အတောင်ပံဖြင့် ရိုက်ခတ်ခြင်းကို ခံလိုက်ရကာ သွေးများအန်လျက် မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
ဝူး...
ခန္ဓာကိုယ်ပေါ်တွင် သွေးစိုနေသော ဒဏ်ရာများစွာနှင့်အတူ ဒေါသထွက်နေသော ဟာလာသည် အတောင်ပံများကို ခတ်လျက် နောက်တစ်ကြိမ် တိုးဝင်လာပြန်သည်။ ၎င်း၏ မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်းနေပြီး စက်ဆုပ်ဖွယ်ကောင်းသော ကျောက်လင်းကို ၎င်း၏ခြေသည်းများဖြင့် ချေမှုန်းပစ်ရန် ကြံစည်နေသည်။
"တောက်... အမင်္ဂလာပဲ"
ကျောက်လင်းသည် ပြင်းထန်သော နာကျင်မှုကို အံတုလျက် အားယူထလိုက်ပြီး အဝေးသို့ အလျင်အမြန် ပျံသန်းသွားသည်။ သူမအနေဖြင့် ဤနဂါးကြီးကို အနိုင်မရနိုင်မှန်း သိလိုက်ရသဖြင့် အခြေစိုက်စခန်း၏ ဘေးကင်းရေးအတွက် နဂါးကြီးကို မြို့နှင့်ဝေးရာသို့ မျှော်လင့်ချက်ဖြင့် မျှားခေါ်သွားရန်သာ ရွေးချယ်လိုက်ရတော့သည်။
မြို့ရိုးပေါ်ရှိ လူများသည် နဂါးကြီးကို မျှားခေါ်သွားသော ကျောက်လင်းကို ကြည့်ရင်း ကျေးဇူးတင်စိတ်နှင့်အတူ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေကြတော့သည်။
"မဖြစ်ဘူး... ငါ လုချွမ်းဆီက အကူအညီတောင်းမှ ဖြစ်မယ်"
အခန်း။ ၄၉၀
ကျောက်လင်းသည် အရှိန်အဟုန်ဖြင့် လှုပ်ရှားနေစဉ် ပါးစပ်ထောင့်မှ သွေးစများကို သုတ်လိုက်ပြီး မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်သည်။
ခုနက ခေတ္တမျှ ထိပ်တိုက်ရင်ဆိုင်မှုအရ သူမ၏ လက်ရှိ အဆင့် ၆ အင်အားဖြင့် ဤဧရာမနဂါးကြီးကို မယှဉ်နိုင်မှန်း သူမ သိလိုက်ပြီဖြစ်သည်။ ယခုအချိန်တွင် ဤနဂါးကြီးကို ကိုင်တွယ်လိုပါက လုချွမ်း၏ အင်အားကိုသာ အားကိုးရန် ရှိတော့သည်။
ထို့ကြောင့် ကျောက်လင်းသည် ထူးခြားဆန်းပြားလှသော သူမ၏ ကိုယ်ဖော့ပညာကို အသုံးပြုကာ နောက်ဘက်မှ နဂါးကြီး၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းရင်း သူမ၏ မှတ်ဉာဏ်ထဲရှိ လမ်းကြောင်းအတိုင်း လီမြစ်မြို့ရှိရာ အရပ်ဆီသို့ အလျင်အမြန် ဦးတည်လိုက်တော့သည်။
"ဝူး..."
နောက်ဘက်ရှိ နဂါးကြီးမှာမူ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်ဖြင့် အတောင်ပံများကို ခတ်လျက် ရှေ့မှ ကျောက်လင်းကို မဆုတ်မနစ် လိုက်လံတိုက်ခိုက်နေသည်။ မြင့်မြတ်သော နဂါးမျိုးနွယ်စုဝင်တစ်ဦးဖြစ်သည့် ဟာလာသည် ကျောက်လင်း၏ အကြံအစည်ကို တစ်ချက်ကြည့်ရုံဖြင့် ရိပ်မိသည်။
သို့သော်လည်း ယခုအချိန်တွင် မြို့ထဲရှိ လူသားများကို သတ်ဖြတ်ခြင်းထက် သူ့ကို ဒေါသထွက်အောင် လုပ်ခဲ့သော ရှေ့မှ ပုရွက်ဆိတ်မလေးကို ကိုယ်တိုင်ကိုယ်ကျ နှိပ်စက်ရန် သူ ပို၍ အာသီသပြင်းပြနေသည်။
သူမက သူ့အပေါ်တွင် အနည်းငယ်မျှသာရှိသော ဒဏ်ရာများကိုသာ ပေးနိုင်ခဲ့စေကာမူ ၎င်းမှာ သူ့အတွက် အကြီးမားဆုံးသော စော်ကားမှုပင်။ မြင့်မြတ်သော နဂါးမျိုးနွယ်စုဝင်တစ်ဦးအနေဖြင့် ပုရွက်ဆိတ်တစ်ကောင်၏ ဒဏ်ရာပေးခြင်းကို ခံရသည်မှာ ခွင့်မလွှတ်နိုင်သော ကိစ္စဖြစ်သည်။ ကျောက်လင်းကို သူလက်ဖြင့် ချေမှုန်းနိုင်မှသာ သူ၏ အရှက်ရမှုကို ဆေးကြောနိုင်မည် ဖြစ်သည်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးလာသည်နှင့်အမျှ တစ်ဖက်က လိုက်ကာ တစ်ဖက်က ပြေးရင်း ချောင်းယန်အခြေစိုက်စခန်း တည်ရှိရာ နယ်မြေကို လျင်မြန်စွာ ကျော်ဖြတ်လာခဲ့ကြသည်။ နှစ်ဖက်စလုံးမှာ အပြန်အလှန် တိုက်ခိုက်နေကြပြီး တစ်ခါတစ်ရံတွင် ထိပ်တိုက်တွေ့ဆုံမှုများလည်း ရှိခဲ့သည်။
ကျောက်လင်းသည် သူမ၏ ကိုယ်ဖော့ပညာ အားသာချက်ကို အသုံးပြု၍ နဂါးကြီး၏ ဖမ်းဆီးခြင်းကို မခံရသော်လည်း လိုက်လံတိုက်ခိုက်ခံရမှုကြောင့် အတော်လေး အထိနာနေပြီဖြစ်သည်။
ဘုန်း... ဘုန်း... ဘုန်း...
နဂါးကြီး ဟာလာသည် ပူပြင်းလှသော မီးလုံးပေါင်း ဆယ်ဂဏန်းခန့်ကို နောက်တစ်ကြိမ် စုစည်းကာ ရှေ့မှ ကျောက်လင်းဆီသို့ ပစ်လွှတ်လိုက်ပြန်သည်။
"တောက်... အမင်္ဂလာပဲ"
"ငါသာ ဒီနေ့ မသေဘူးဆိုရင် နောက်တစ်ခါကျရင်တော့ နင့်ကို အရေခွံခွာပြီး အပိုင်းပိုင်းဖြစ်အောင် ငါသတ်ပြမယ် တိရစ္ဆာန်စုတ်"
ရှေ့မှ ကျောက်လင်းသည် တစ္ဆေတစ်ကောင်အလား လျင်မြန်လှသော ကိုယ်ဖော့ပညာကို အသုံးပြုကာ မိုးရွာသကဲ့သို့ ကျဆင်းလာသော မီးလုံးများကို ရှောင်တိမ်းရင်း အနောက်ဘက်ရှိ နဂါးကြီးကို ကြည့်ကာ အံကြိတ်၍ ပြောလိုက်သည်။
တစ်ချိန်တည်းမှာပင် ကျောက်လင်းသည် တိုက်ခိုက်မှုများကို ရှောင်တိမ်းရင်း လက်ဖဝါးခန့်
အရှည်ရှိပြီး ဒင်္ဂါးပြားခန့် အထူရှိသော "
အမြုတေဗုံးတစ်လုံးကို ဆွဲထုတ်ကာ နောက်ဘက်ရှိ နဂါးကြီးဆီသို့ ပစ်ပေါက်လိုက်သည်။ ထိုဗုံး၏ ပေါက်ကွဲမှုဒဏ်ကို ကာကွယ်ရန်အတွက် ဟာလာမှာ အရှိန်ကို မဖြစ်မနေ လျှော့ချလိုက်ရသည်။
ထိုအချိန်တွင် ကျောက်လင်း၏ အခြေအနေမှာ အလွန်ပင် ဆိုးရွားနေပြီ ဖြစ်သည်။ လမ်းတစ်လျှောက်တွင် နဂါးကြီး၏ ဖမ်းဆီးခြင်းကို မခံခဲ့ရသော်လည်း အင်အားချင်း ကွာခြားမှုမှာ အလွန်သိသာလှသည်။ အရှိန်အဟုန်ဖြင့် လှုပ်ရှားနေရသည့် ကာလအတွင်း သူမအနေဖြင့် ရန်သူ၏ တိုက်ခိုက်မှုအားလုံးကို လုံးဝဥဿုံ ရှောင်တိမ်းနိုင်ခြင်း မရှိခဲ့ပေ။
တိုက်ခိုက်မှု အကြိမ်အနည်းငယ် ခံရပြီးနောက်တွင် ကျောက်လင်းသည် ပြင်းထန်စွာ ဒဏ်ရာရရှိထားသော အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ နေရာအတော်များများမှာ မီးလောင်ကျွမ်း၍ မည်းတူးနေပြီး သွေးများမှာလည်း တရစပ် ထွက်ပေါ်နေသဖြင့် သွေးလူသားတစ်ယောက်အလား ဖြစ်နေသည်။
သူမ၏ နက်မှောင်လှသော ဆံနွယ်ထောင်ပေါင်းများစွာမှာပင် မီးလျှံများကြောင့် ခြောက်ကပ်ကာ မီးမြိုက်ကုန်ပြီဖြစ်သည်။ မျက်နှာပေါ်ရှိ ချွေးများနှင့် လမ်းတစ်လျှောက်မှ ဖုန်မှုန့်များမှာ ရွှံ့နွံများအဖြစ် ပေါင်းစပ်သွားပြီး သူမ၏မျက်နှာမှာလည်း မည်းတူးကာ ညစ်ပတ်နေတော့သည်။
နဂါးကြီး ဟာလာသည်လည်း ဤဖြစ်စဉ်အတွင်း၌ လုံးဝအထိအခိုက်မရှိဘဲ လွတ်မြောက်ခဲ့သည်တော့ မဟုတ်ပေ။ ကျောက်လင်း၏ မထင်မှတ်သော ဓားစွမ်းအင် တိုက်ကွက်များကြောင့် သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာအချို့ ထပ်မံရရှိခဲ့သည်။
ထိုမျှသာမက ကျောက်လင်း ပစ်ပေါက်လိုက်သော အမြုတေဗုံးများကို အခါအားလျော်စွာ ထိမှန်ခဲ့သဖြင့် သူ၏ခန္ဓာကိုယ်ပေါ်တွင် သွေးစိုနေသော ကျင်းပေါက်ကြီးများစွာလည်း ဖြစ်ပေါ်နေပြီဖြစ်သည်။
အခြေစိုက်စခန်းမှ ထုတ်လုပ်ထားသော ထိုဗုံးများက အလွန်ပင် အစွမ်းထက်လှသည်။ ဗုံးအတွင်းရှိ အဆင့် ၅ အမြုတေ အချို့နှင့် အဆင့် ၆ အမြုတေ တစ်လုံးတို့ တစ်ပြိုင်နက်တည်း ပေါက်ကွဲလိုက်ပါက အဆင့် ၇ သတ္တဝါများကိုပင် ဒဏ်ရာရစေနိုင်သော စွမ်းအားရှိသည်။
ယခုအချိန်တွင် ဟာလာ၏ ခန္ဓာကိုယ်ပေါ်မှ ပြင်းထန်သော ဒဏ်ရာအများစုမှာ ထိုအမြုတေဗုံးများကြောင့်ပင်။ ကျောက်လင်းမှာ လက်ရှိတွင် အဆင့် ၆ သာ ရှိသေးသဖြင့် သူမ ထုတ်လွှတ်လိုက်သော ဓားစွမ်းအင်မှာ ဟာလာအတွက် အပေါ်ယံ ရှပ်ထိရုံမျှသာ ရှိသည်။
နဂါးများ၏ ပြန်လည်ကုသနိုင်စွမ်းကြောင့် ထိုရှပ်ထိဒဏ်ရာများက တစ်ရက်နှစ်ရက်အတွင်း လုံးဝပျောက်ကွယ်သွားမည်ဖြစ်ရာ ဒဏ်ရာဟုပင် မခေါ်ဆိုနိုင်ချေ။ ဓားစွမ်းအင်ကို လျစ်လျူရှုထားနိုင်သော်လည်း အမြုတေဗုံးများ၏ ဒဏ်ကိုမူ လျှော့တွက်၍မရပေ။ ကျောက်လင်း ဗုံးပစ်လိုက်တိုင်း ဟာလာအနေဖြင့် အရှိန်လျှော့ကာ ခုခံကာကွယ်ရန် မဖြစ်မနေ လုပ်ဆောင်ရသည်။
ဤအချက်ကြောင့်ပင် ပုရွက်ဆိတ်တစ်ကောင်၏ ဒဏ်ရာပေးခြင်းကို ခဏခဏ ခံနေရသော ဟာလာမှာ လိုက်လံတိုက်ခိုက်ရင်း ပို၍ ဒေါသထွက်ကာ စိတ်မရှည် ဖြစ်လာတော့သည်။ ရှေ့မှ ထွက်ပြေးနေသော ကြွက်စုတ်မလေးကို အပိုင်းပိုင်း ဆွဲဖြဲပစ်ရန်သာ သူ ပြင်းပြင်းပြပြ ဆန္ဒရှိနေတော့သည်။
အချိန်များ ကုန်ဆုံးသွားပြီးနောက် နာရီဝက်ခန့်အကြာတွင် ကျောက်လင်းသည် သူမ၏ ပျံသန်းရေးကိရိယာကို အသုံးပြုလျက် လီမြစ်မြို့သို့ နောက်ဆုံးတွင် ဆိုက်ရောက်လာခဲ့သည်။ ရှေ့ရှိ လီမြစ်ကို မြင်သောအခါ ကျောက်လင်းသည် တန်းတန်းမတ်မတ် ပျံသန်းသွားခဲ့သည်။
ပျံသန်းရေးကိရိယာအတွင်းရှိ အမြုတေမှာ စွမ်းအင်ကုန်ခမ်းနေပြီဖြစ်သဖြင့် သူမ၏ ကိုယ်ပိုင်စိတ်ဝိညာဉ်စွမ်းအားများကို အစားထိုး အသုံးပြုလျက် လီမြစ်အခြေစိုက်စခန်းဆီသို့ အပြင်းနှင်လာခဲ့သည်။
မကြာမီမှာပင် ကျောက်လင်းသည် လီမြစ်မြို့၏ မြို့တွင်းပိုင်းကို ဖြတ်ကျော်လာခဲ့သည်။
"ဘာတွေဖြစ်နေတာလဲ။ မြို့ထဲက ဇွန်ဘီတွေ ဘယ်ရောက်ကုန်တာလဲ"
အောက်ဘက်သို့ ငုံ့ကြည့်လိုက်စဉ် ကျောက်လင်း တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိပြုမိသွားသည်။ ယခင်က လမ်းမများထက်၌ လှည့်လည်သွားလာနေတတ်သော ဇွန်ဘီများကို လုံးဝမတွေ့ရတော့ဘဲ တစ်မြို့လုံးမှာ ဟာလာဟင်းလင်း ဖြစ်နေကာ သူတို့၏ ဟိန်းသံများကိုလည်း မကြားရတော့ပေ။ ထိုအခါမှ ကျောက်လင်း သတိထားမိသည်မှာ လီမြစ်မြို့ထဲသို့ စတင်ဝင်ရောက်လာကတည်းက လမ်းတစ်လျှောက်တွင် ဇွန်ဘီတစ်ကောင်မျှ သူမ မတွေ့ခဲ့ရခြင်းပင်။
"ဝူး..."
သို့သော်လည်း ဇဝေဇဝါဖြစ်နေသော ကျောက်လင်းမှာ ဆက်လက်စဉ်းစားရန် အချိန်မရလိုက်ပေ။ နောက်ဘက်မှ နဂါးကြီးမှာ အရှိန်အဟုန်ဖြင့် နီးကပ်လာပြီဖြစ်ရာ နဂါး၏တိုက်ခိုက်မှုများကို ရှောင်တိမ်းရင်း အခြေစိုက်စခန်းဆီသို့သာ အမြန်ဆုံး ဦးတည်လိုက်ရသည်။
သိပ်မကြာခင်မှာပင် ကျောက်လင်းသည် လီမြစ်အခြေစိုက်စခန်းအနီးသို့ ရောက်ရှိလာခဲ့သည်။ သို့သော်လည်း နောက်တစ်စက္ကန့်တွင် မြင်လိုက်ရသော မြင်ကွင်းကြောင့် သူမ မှင်သက်သွားရပြန်သည်။ မူလက ဇွန်ဘီအမြောက်အမြား ကင်းလှည့်နေမည်ဟု မျှော်လင့်ထားသော်လည်း အခြေစိုက်စခန်းမှာလည်း ခြောက်ကပ်နေပြီး မြို့တံခါးဝ၌ နှစ်ခြိုက်စွာ အိပ်မောကျနေသော "
မိုးကြိုးဟိန်းသံမှလွဲ၍ မည်သူမျှ မရှိချေ။
"လုချွမ်း... ကယ်ပါဦး"
အခြားအရာများကို ဂရုမစိုက်နိုင်တော့ဘဲ ကျောက်လင်းသည် အခြေစိုက်စခန်းဆီသို့ အော်ဟစ်အကူအညီတောင်းရင်း အရှိန်ဖြင့် ပျံဝင်သွားတော့သည်။
"တောက်... လုချွမ်း ဘယ်ရောက်သွားတာလဲ"
လုချွမ်းထံမှ မည်သည့်တုံ့ပြန်မှုမျှ မရရှိသဖြင့် ပျာယာခတ်နေသော ကျောက်လင်းသည် အခြေစိုက်စခန်းအတွင်းသို့ ဝင်ရောက်ခိုလှုံရန် ကြိုးစားလိုက်သည်။ သို့သော် မထင်မှတ်ဘဲ မြို့တံခါးဝမှ မိုးကြိုးဟိန်းသံမှာ နိုးလာခဲ့ပြီး ကျောက်လင်း အတင်းဝင်ရန် ကြိုးစားနေသည်ကို မြင်သောအခါ သူ့မျက်လုံးများကို ပြူးကြည့်လိုက်သည်။
"ဝူး..."
မိုးကြိုးဟိန်း၏ ခရမ်းရောင်အမွှေးအမျှင်များမှာ ထောင်ထွက်လာပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်လိုက်သည်။ ၎င်းက ပြေးဝင်လာသော ကျောက်လင်းဆီသို့ မိုးကြိုးသံကဲ့သို့ ဟိန်းဟောက်လိုက်တော့သည်။
ဝုန်း...
ခရမ်းရောင်လျှပ်စီးများမှာ မိုးကြိုးဟိန်း၏ ပတ်ပတ်လည်တွင် ပျံ့နှံ့သွားပြီးနောက် ၎င်း၏ ပါးစပ်အတွင်းမှ လျှပ်စီးတိုင်ကြီးတစ်ခု ထွက်ပေါ်လာကာ ကျောက်လင်းဆီသို့ ဦးတည်၍ ပစ်လွှတ်လိုက်သည်။
"မကောင်းတော့ဘူး"
ပြေးဝင်လာသော လျှပ်စီးတိုင်ကို မြင်လိုက်ရသဖြင့် ကျောက်လင်း၏ မျက်နှာပျက်သွားကာ အနောက်ရှိ အတောင်ပံများကို အစွမ်းကုန်ခတ်၍ ဝေဟင်၌ ရှောင်တိမ်းလိုက်ရသည်။ သို့သော် ထိုသို့ရှောင်လိုက်ရသဖြင့် ကျောက်လင်း၏ အရှိန်မှာ သိသိသာသာ လျော့ကျသွားပြီး လျှပ်စီး၏ အရှိန်အဟုန်ကြောင့် မီတာဆယ်ဂဏန်းခန့် လွင့်စင်သွားကာ အနိုင်နိုင် ပြန်လည်ထိန်းလိုက်ရသည်။
ယခုအချိန်တွင် ကျောက်လင်းသည် အခြေစိုက်စခန်းထဲသို့ ပြန်ဝင်ရန် ကြိုးစားသော်လည်း နောက်ကျသွားခဲ့ပြီဖြစ်သည်။ နောက်ဘက်မှ နဂါးကြီးမှာ မီတာတစ်ရာပင် မဝေးတော့သော အကွာအဝေးသို့ ရောက်ရှိလာပြီဖြစ်ရာ နဂါးထံမှ ပူပြင်းလှသော အပူလှိုင်းများကို ကျောက်လင်း သိသိသာသာ ခံစားနေရပြီဖြစ်သည်။
"ငါ... ငါ နောက်တစ်ခါ ထပ်သေရတော့မှာလား..."
နီးကပ်လာသော နဂါးကြီးကို ရင်ဆိုင်ရင်း ကျောက်လင်း၏ မျက်နှာတွင် အားကိုးရာမဲ့သော အမူအရာ ပေါ်ထွက်လာသည်။
လုချွမ်းမရှိတဲ့အချိန်နဲ့ တဲ့တိုးရတယ်လို့။
နောက်တစ်စက္ကန့်တွင် ကျောက်လင်းသည် ပြတ်သားသော မျက်နှာထားဖြင့် သူမ၏ ခါးပိုက်အိတ်အတွင်း ကျန်ရှိနေသော အမြုတေဗုံး ၇ လုံးကို ချက်ချင်း အသက်သွင်းလိုက်သည်။ ထို့နောက် ပျံသန်းရေးကိရိယာကို အစွမ်းကုန် မြှင့်တင်လိုက်ပြီး နဂါးကြီးဆီသို့ တည့်တည့်မတ်မတ် အတင်းတိုးဝင်သွားတော့သည်။
ဘုန်း...
လီမြစ်အခြေစိုက်စခန်း တံခါးဝတွင် ကမ္ဘာပျက်မတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး တောက်လောင်နေသော မီးလျှံကြီးများမှာ ကျောက်လင်းနှင့် နဂါးကြီးကို တစ်ခဏချင်းအတွင်း ဝါးမြိုသွားခဲ့သည်။