ရွှေရောင် ငှက်
Vol. 19 Ch. 259
သားရဲကြီးများ၏ အသွေးအသားများမှ ဖြစ်ပေါ်လာသော ဘီလူးကြီးများသည် ထျန်းရှဲ့ကျီဆီသို့ တိုးဝင်သွားသလို၊ ထျန်းရှဲ့ကျီသည်လည်း ရက်စက်ကြမ်းကြုတ်သော မျက်နှာအမူအရာဖြင့် ၎င်းတို့ထံတိုးဝင်သွားသည်။ ၎င်းတို့နှစ်ဦးနှစ်ဖက်လုံးသည် ကျယ်လောင်စွာပေါက်ကွဲသံကြီးနှင့်အတူ တိုက်မိသွားကြပြီး ဘီလူးကြီးများသည် အပိုင်းပိုင်းအစစ ပျက်စီးသွားသော်လည်း ထျန်းရှဲ့ကျီကမူ ရူးသွပ်စွာရယ်မောလျက် ရှေ့သို့ဆက်လက်တိုးဝင်သွားခဲ့သည်။
ထျန်းရှဲ့ကျီ ဖြတ်သန်းသွားရာ ဧရိယာတစ်လျှောက်တွင်ရပ်နေသော လူရိုင်းများ၏ရင်ဘတ်တွင် သွေးသံရဲရဲ အပေါက်တစ်ခုဖြစ်ပေါ်လာခဲ့သည်။ သူတို့၏ နှလုံးများမရှိတော့ခြင်း ဖြစ်သည်။
ထျန်းရှဲ့ကျီက သူတို့၏နှလုံးများကို ဆွဲထုတ်သွားပြီးနောက် ထိုအရာများကို ချေမွပစ်လိုက်ရာ လူရိုင်းတို့၏ နှလုံးများမှသွေးများသည် လေထဲသို့ ရောနှောပေါင်းစပ်သွားကာ ထျန်းရှဲ့ကျီ၏ သွေးပင်လယ်အတွင်း၌ ပေါ်လာခဲ့ကြသည်။
ဤမြင်ကွင်းကိုမြင်သောအခါ စုမင် အသက်ရှူရပ်သွားတော့မလိုပင် ဖြစ်သွားခဲ့ပြီး ထျန်းရှဲ့ကျီအနောက်မှ သွေးပင်လယ်ကြီးကို ငေးကြည့်လိုက်မိသည်။ ထို ... ထိုသွေးပင်လယ်ကြီးသည် ...
“အဲဒါကြီးကို ဆရာသတ်ဖြတ်လို့ရတဲ့ သွေးတွေကနေ ဖန်တီးထားတာများလား ...” တီးတိုးရေရွတ်လိုက်မိ၏။
မျက်နှာပေါ်တွင် သားရဲပုံဆေးမှင်ကြောင်များရှိသော သူတို့ခန္ဓာကိုယ်ကို အသန်မာဆုံးလက်နက်ကဲ့သို့ အသုံးချလိုက်ကြသည့် လူရိုင်းများစွာသည် လေထုကိုပင် ဆုတ်ပြဲသွားစေသည့် အားတစ်ခုဖြင့် သူတို့လက်သီးများကို ရှေ့သို့ထိုးသွင်းလိုက်ကြသည်။ ဤလူများ ထျန်းရှဲ့ကျီကို အတူတကွ တိုက်ခိုက်လိုက်သည့် အချိန်မှာပင်၊ ထျန်းရှဲ့ကျီက သူ့လက်ကိုဝှေ့ယမ်းလိုက်ရာ သူ၏ခရမ်းရောင်ဝတ်ရုံက ချက်ချင်း ကြီးမားလာခဲ့သည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ခရမ်းရောင်ဝတ်ရုံကြီးသည် လူရိုင်းများအပါအဝင် ဧရိယာတစ်ခုလုံးကို ဖုံးအုပ်သွားလေသည်။
ဤမြင်ကွင်းသည် တစ်ခဏသာ ကြာမြင့်ခဲ့၏။ ထျန်းရှဲ့ကျီ၏ ခရမ်းရောင်ဝတ်ရုံ မူလအရွယ်အစားသို့ ပြန်လည်ပြောင်းလဲသွားချိန်တွင်တော့၊ လူရိုင်းများ၏ ရင်ဘတ်တွင် အပေါက်များဖြစ်ပေါ်နေခဲ့ပြီး သူတို့၏နှလုံးများ မရှိကြတော့ပေ။
“လူသေတွေကိုပဲ သနားပြီး သက်ရှိတွေကို အေးစက်စက်ဆက်ဆံတဲ့ လူရိုင်းတွေရဲ့ နတ်ဆရာတစ်ယောက် ... ငါ အရင်က မင်းလိုလူမျိုးတစ်ယောက်ကို သတ်ဖူးတယ်။ ပြီးတော့ မင်းတို့လိုလူမျိုးတွေနဲ့ တိုက်ရတာကိုအကြိုက်ဆုံးပဲ။ ဒီနေ့တော့ ငါ့နှလုံးသားကျေနပ်တဲ့အထိ သတ်ဖြတ်ရတော့မှာပဲ”
ထျန်းရှဲ့ကျီထံမှ ချောက်ချားဖွယ်ရာ အော်ဟစ်ရယ်မောသံကြီး ထွက်လာချိန်တွင်၊ သူ့နောက်ရှိသွေးပင်လယ်ကြီးသည် ဧရာမပါးစပ်ကြီးအဖြစ် ပြောင်းလဲသွားပြီး ပါးစပ်ကြီးကိုဟကာ လူရိုင်းများကို ဝါးမျိုလိုက်သည်။
၎င်းသည် လူရိုင်းများကို ဝါးမျိုလိုက်သောအခါ၊ ထိုလူရိုင်းများက တုန်ယင်သွားခဲ့ကြပြီး သူတို့ရင်ဘတ်ပေါ်တွင် လက်သီးတစ်လုံး ဖြစ်ပေါ်လာခဲ့သည်။ သူတို့မျက်နှာထက်တွင် နာကျင်နေဟန် အမူအရာဖြစ်ပေါ်လာခဲ့ပြီးနောက် သူတို့ရင်ဘတ်များသည် ပေါက်ကွဲသွားကြသည်။ ရင်ဘတ်များထဲမှ ထွက်ပေါ်လာသော နှလုံးများသည် ချေမွခံလိုက်ရပြီး ထွက်ပေါ်လာသော နှလုံးသွေးများအား သွေးပင်လယ်ပါးစပ်ကြီးမှ စုပ်ယူသွားလေသည်။
ထိုအချိန်အခိုက်အတန့်မှာပင်၊ လူရိုင်းများ၏ ပိုင်နက်နယ်မြေဘက်ဆီမှ အေးစက်စက် နှာခေါင်းရှူသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ စုမင် ထိုနေရာသို့ ချက်ချင်းလှည့်ကြည့်လိုက်ရာ အဖြူနှင့်အမည်း ဝတ်ရုံရှည်ကိုဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးသည် မြေပေါ်တွင် လျှောက်လှမ်းလာနေသည်ကို မြင်လိုက်ရ၏။ သူ ဘယ်အချိန်တည်းက ရောက်နေခဲ့ခြင်းမှန်း စုမင် မသိခဲ့ပါချေ။
အဘိုးအို၏ ဆံပင်များသည် ဖြူဖွေးနေသော်လည်း သူ့မျက်နှာသည်တော့ အရောင်မျိုးစုံဖြင့် ဖုံးအုပ်ခံထားရပြီး ဆေးမှင်ကြောင်များ ပြည့်နှက်နေလေသည်။ စုမင် ထိုအရာများကိုကြည့်လိုက်မိရာ ထိုအဘိုးအို၏မျက်နှာပေါ်မှ သားရဲပုံများကို သူခွဲခြားနိုင်စွမ်းမရှိကြောင်း သိလိုက်ရ၏။
အဘိုးအိုသည် ထိုနေရာတွင်သာ ရပ်လိုက်ပြီး စုမင်အားလှည့်တောင် မကြည့်ခဲ့ပေ။ သူသည် ထျန်းရှဲ့ကျီကိုသာ စူးစိုက်ကြည့်နေပြီး ညာလက်ကိုမြှောက်ကာ ကောင်းကင်ပေါ်သို့ ကုပ်ဆွဲယူဟန် ပြုလိုက်သည်။
သူထိုသို့လုပ်လိုက်သည်နှင့် ကောင်းကင်ကြီးသည် ရွှံ့နွံများအဖြစ် ပြောင်းလဲသွားသကဲ့သို့ ချက်ချင်းမှုန်မှိုင်းသွားသည်။ စုမင်အပေါ်သို့လည်း ဖိနှိပ်သောခံစားချက်တစ်ခု ဖြစ်ပေါ်လာသဖြင့် သူ့အသက်ရှူသံများပင် မြန်ဆန်လာခဲ့ရသည်။
တစ်ချိန်တည်းမှာပင် မှုန်မှိုင်းနေသော ကောင်းကင်တွင် များစွာသောအရိပ်များ ပေါ်ထွက်လာသည်ကိုလည်း စုမင်မြင်လိုက်ရ၏။ ထိုအရိပ်များ၏ မျက်နှာထက်တွင် အဘိုးအိုအပေါ် ကြည်ညိုလေးစားသောအမူအရာများ ရှိနေကြပြီး ၎င်းတို့၏ မျက်နှာများအရ သူတို့သည် ယခုလေးတင် ထျန်းရှဲ့ကျီ နှလုံးများဆွဲထုတ်ကာ သတ်ပစ်လိုက်သောလူရိုင်းများဖြစ်ကြောင်း စုမင်ပြောနိုင်ပေသည်။
ဤရာပေါင်းများစွာသော ဝိညာဉ်များသည် မှုန်မှိုင်းနေသော ကောင်းကင်ကိုပင် ဖုံးအုပ်ထားပြီး နတ်ဆရာက လေထုကို ဖမ်းဆုပ်ဟန်ပြုလိုက်သည်နှင့် ၎င်းတို့သည် မီးခိုးငွေ့များသဖွယ် သူ့ညာဘက်လက်ထဲသို့ တိုးဝင်လာခဲ့ကြသည်။ ခဏချင်းပင် ထိုအရာများသည် နတ်ဆရာ၏ ညာဘက်လက်၌ စုဝေးသွားကြပြီး ထွင်းဖောက်မြင်နိုင်သော ရေစက်တစ်စက်ဖြစ်ပေါ်လာခဲ့သည်။
ထိုရေစက်သည် သလင်းကျောက်သဖွယ် ကြည်လင်နေပြီး ၎င်းဖြစ်ပေါ်လာသည်နှင့် ထိတ်လန့်တုန်လှုပ်ဖွယ် အေးစက်မှုတစ်ခုက အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသည်။
ထျန်းရှဲ့ကျီက အေးစက်စွာရယ်မောရင်း သတ်ဖြတ်နေမှုကိုရပ်ကာ လှည့်ကြည့်လာသည်။ ဤအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုထဲ၌ ကံကောင်း၍မသေဆုံးခဲ့သော လူရိုင်းများသည် အလျင်အမြန် ပြန်လည်ဆုတ်ခွာသွားကြပြီး ဧရိယာတစ်ခုလုံးကို ပိတ်မိသည်အထိ ဝန်းရံလိုက်ကြသည်။ စုမင်သည်လည်း ထိုဧရိယာအတွင်း အပိတ်ခံလိုက်ရလေသည်။
“ငါ မင်းကိုဒီနေရာမှာ ၁၅နှစ်လောက် စောင့်နေခဲ့တာ”
နတ်ဆရာက ခြောက်ကပ်စွာပြောသည်။ ထို့နောက် သူ့အရှေ့တွင် လွင့်မျောနေသည့် ရေစက်အကြည်လေးကို ဆွဲယူကာ မျိုချလိုက်သည်။ ထိုသို့လုပ်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်က အပြင်းအထန် စတင်တုန်ယင်လာပြီး မျက်နှာထက်တွင် နာကျင်နေဟန်များ ဖြစ်ပေါ်လာခဲ့သည်။
“ဝမ်းနည်းပူဆွေးစွာ သေဆုံးခဲ့ရတဲ့ မင်းတို့အားလုံး ... ငါနတ်ဆရာကလည်း မင်းတို့ရဲ့ မကျေနပ်မှုနဲ့ ဝမ်းနည်းမှုတွေကို ခံစားရတယ်။ ငါ့ခန္ဓာကိုယ်နဲ့ မင်းတို့ရဲ့ အမုန်းတရားနဲ့ ဒေါသတွေကို ဖျောက်ဖျက်ပေးမယ်။ ဒီလူရဲ့လက်ထဲမှာသေဆုံးခဲ့တဲ့ လူများ၊ အခုသေဆုံးခဲ့ရတဲ့လူများ ... ငါ့ခန္ဓာကိုယ်ထဲကို လာကြကုန်လော့”
အဘိုးအိုသည် စကားပြောပြီးသည်နှင့် ပိုမိုပြင်းထန်စွာ တုန်ယင်လာခဲ့သည်။ သူ့မျက်လုံးများကို ဖြည်းညှင်းစွာပိတ်ချလိုက်သည်နှင့်အမျှ စုမင်နှင့်ထျန်းရှဲ့ကျီတို့ကို ဝန်းရံထားသော လူရိုင်းများထံတွင် လေးစားမှုနှင့် ကြောက်ရွံ့မှုများဖြစ်ပေါ်လာခဲ့သည်။
“စိတ်ဝင်စားစရာပဲ။ ဝိညာဉ်တွေကို ပေါင်းစည်းနိုင်တဲ့ နတ်ဆရာတစ်ယောက်က တကယ်ကြီး ဒီကိုရောက်နေတာပဲ ...”
ထျန်းရှဲ့ကျီသည် နှုတ်ခမ်းများကို လျှာဖြင့်သပ်လိုက်ပြီး သူ့မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်မှုများ ပေါ်လာခဲ့သည်။
စုမင် သူ့မူလနေရာတွင်သာ ရပ်နေမိ၏။ ဤသတ်ဖြတ်ပွဲသည် သူနှင့်ဘာမှမဆိုင်သလို၊ သူ လှုပ်ရှားရန်လည်းမလိုအပ်ပေ။ ထိုနေရာတွင်ရှိနေသော ထျန်းရှဲ့ကျီတစ်ဦးတည်းနှင့်ပင် မည်သူကမှ သူ့ကိုအာရုံမစိုက်ကြတော့ချေ။
အဆုံးတွင်တော့၊ ထျန်းရှဲ့ကျီနှင့်ယှဉ်လျင် စုမင်သည် အားနည်းလွန်းသဖြင့် အာရုံစိုက်မခံရခြင်းလည်း ဖြစ်သည်။
ထိုအချိန်တွင် နတ်ဆရာ၏ မျက်လုံးများ ပြန်ပွင့်လာခဲ့သည်။ သူ့မျက်ဝန်းများသည် မီးခိုးရောင်ဖြစ်နေပြီး မျက်လုံးများကို ပြန်ဖွင့်လိုက်သည့် အချိန်တစ်ခဏမှာပင် မရေမတွက်နိုင်လောက်အောင် များပြားသော အော်ဟစ်သံများ ပေါင်းစပ်ပါဝင်နေသကဲ့သို့ ဟိန်းဟောက်သံတစ်ခုသည် နတ်ဆရာ၏ပါးစပ်မှ ထွက်ပေါ်လာခဲ့သည်။
“ငါ့နှလုံးသား ပြန်ပေး”
အော်ဟစ်လိုက်သည်နှင့် အဘိုးအို၏ ခန္ဓာကိုယ်ပေါ်တွင် မရေမတွက်နိုင်သော မျက်နှာများပေါ်လာခဲ့သည်။ ထိုမျက်နှာများသည် သူ့အရေပြားပေါ်တွင် အော်ဟစ်ငိုကြွေးနေကြသဖြင့် အဘိုးအိုပုံစံကို ကြောက်မက်ဖွယ်ကောင်းသွားစေသည်။
သူသည် မြေပြင်ကိုခြေဖြင့်ဆောင့်နင်းကာ လေပေါ်ပျံတက်လိုက်ပြီး ထျန်းရှဲ့ကျီထံတိုးဝင်သွားသည်။ ထျန်းရှဲ့ကျီအနီးသို့ ရောက်သွားချိန်တွင် အဘိုးအိုသည် လက်တစ်ဖက်ကို ကောင်းကင်သို့ညွှန်ပြကာ ကျန်တစ်ဖက်ကို မြေပြင်သို့ ထိုးညွှန်လိုက်သည်။ ထို့နောက် ကောင်းကင်ပေါ်သို့ မော့ကြည့်ပြီး နောက်တစ်ကြိမ်အော်ဟစ်လိုက်ပြန်သည်။
“ငါ့ နှလုံးသားပြန်ပေး”
ရာသီဥတုသည်ပင် ပြောင်းလဲသွားသည်။ မှောင်မည်းနေသော ကောင်းကင်အဆုံးတွင် ဧရာမအရိုးလက်ကြီးတစ်ခုသည် လေထုထဲမှ ထွက်ပေါ်လာသည်။ ၎င်းသည် လေထုကိုဆုတ်ဖြဲလျက် ထျန်းရှဲ့ကျီထံ တိုးဝင်သွားသည်။
တစ်ချိန်တည်းမှာပင် အခြားအရိုးလက်တစ်ချောင်းသည်လည်း မြေကြီးထဲမှ ထိုးခွဲထွက်လာသဖြင့် မြေပြင်က တုန်ခါသွားရသည်။ ၎င်းသည်လည်း ကောင်းကင်မှအရိုးလက်ကြီးနှင့်အတူ ထျန်းရှဲ့ကျီထံတိုးဝင်သွားခဲ့သည်။
ထျန်းရှဲ့ကျီ၏ မျက်လုံးများသည် ရက်စက်ကြမ်းကြုတ်စွာ စူးရှတောက်ပသွားသည်။ သူ့နောက်မှ သွေးပင်လယ်ကြီးသည် သူ့ကိုဖုံးအုပ်လိုက်ပြီး သွေးပင်လယ်အတွင်းမှကျောက်ရုပ်တုသည် ၎င်း၏ရင်ဘတ်တွင်ပိုက်ထားသော လက်များကို ကောင်းကင်နှင့်မြေပြင်ထံမှ တိုးဝင်လာသော အရိုးလက်ကြီးများဆီသို့ ဖြည်းဖြည်းချင်းဖြန့်ကြက်လိုက်သည်။
နားအူမတတ်မြည်ဟည်းသံကြီးက တစ်လောကလုံးကိုပင် တုန်ခါသွားစေခဲ့သည်။ ကောင်းကင်မှအရိုးလက်ကြီးသည် အပိုင်းအစများ များစွာအဖြစ် ပြိုကွဲပျက်စီးသွားပြီး လေထဲ၌ပျောက်ကွယ်သွားသည်။
မြေပြင်မှ အရိုးလက်ကြီးသည်လည်း ကျောက်ရုပ်တုမှ လက်ဝါးရိုက်ချက်ကို မခုခံနိုင်ဟန်ဖြင့် ပြိုကွဲပျက်စီးသွားပြီး မိုးစက်မိုးပေါက်များသဖွယ် မြေပြင်ပေါ်သို့ကျဆင်းသွားခဲ့သည်။
နတ်ဆရာ၏မျက်လုံးများသည် စူးရှသွားပြီး အရိုးလက်များ ပျက်စီးသွားသည့်အချိန်မှာပင် သူ့လက်နှစ်ဖက်ကို ဖြန့်ကားလိုက်ပြီး ကောင်းကင်ဆီသို့ ကျယ်လောင်စူးရှစွာ အော်ဟစ်လိုက်သည်။
သူအော်ဟစ်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်သည် တုန်ယင်သွားပြီး သူ့အရေပြားပေါ်မှ တစ္ဆေမျက်နှာများသည်လည်း သူနှင့်အတူလိုက်ပါအော်ဟစ်လိုက်ကာ အဘိုးအို၏ ခန္ဓာကိုယ်မှ တိုးထွက်လာခဲ့ကြသည်။
ထိုတစ္ဆေသရဲများ ထွက်ခွာသွားသောအခါ အဘိုးအိုသည် တုန်ယင်သွားပြီး သူ့ရုပ်ခန္ဓာသည်လည်း အလျင်အမြန် ညှိုးရော်သွားခဲ့သည်။ အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပင်၊ အရိုးအရေပြိုင်းပြိုင်း ဖြစ်သွားကာ မြေပြင်ပေါ်လဲကျသွား၏။ ထိုအချိန်အခိုက်အတန့်မှာပင်၊ သူ့ခန္ဓာကိုယ်အတွင်းမှ နောက်ဆုံးဝိညာဉ်ကလည်း ထွက်ခွာသွားခဲ့ချေပြီ။
ကောင်းကင်သည် ထျန်းရှဲ့ကျီထံသို့ မုန်တိုင်းသဖွယ် တိုးဝင်နေကြသော တစ္ဆေသရဲတို့၏ အော်သံများဖြင့်သာ ပြည့်နှက်နေသည်။
ထျန်းရှဲ့ကျီသည် နှာခေါင်းရှုံ့လျက် ပြန်လည်ခုခံတိုက်ခိုက်တော့မည့်အချိန်တွင် သက်ပြင်းဖွဖွချသံနှစ်ခုသည် အဝေးကောင်းကင်မှ ခပ်တိုးတိုးပေါ်လာခဲ့သည်။
အသံထွက်ပေါ်လာချိန်တွင် စုမင်ထိုအရပ်ဆီသို့လှမ်းကြည့်လိုက်ရာ အဝေးရှိကောင်းကင်တွင် အမျိုးသားနှစ်ဦးလျှောက်လာနေသည်ကို တွေ့လိုက်ရ၏။
ထိုသည်မှာ အမျိုးသမီးများကပင် သက်ပြင်းချအရှုံးပေးသွားရလောက်သည်အထိ ချောမောလှပသော အမျိုးသားနှစ်ဦးပင်ဖြစ်သည်။ သူတို့သည် အဖြူရောင်ဝတ်ရုံရှည်များကို ဝတ်ဆင်ထားပြီး သူတို့၏ချောမောလှပမှုကြောင့် သူတို့ကို ကြည့်လိုက်မိသည့် မိန်းမ၊ ယောက်ျားမဆို ဆွဲဆောင်ခံလိုက်ရလိမ့်မှာ ဖြစ်သည်။
ပိုမိုတုန်လှုပ်ဖွယ် ကောင်းသည်မှာ ထိုသူနှစ်ဦး၏ နှုတ်ခမ်းများထက်တွင် ရင်သပ်ရှုမောဖွယ် အပြုံးကိုယ်စီရှိနေပြီး သူတို့နှစ်ဦးသည် ချစ်သူများသဖွယ် လက်ချင်းတွဲလျက် ရင်းနှီးစွာဖြင့် ရှေ့သို့လျှောက်လာနေခဲ့ခြင်း ဖြစ်သည်။
“ရောင်နီခွဲဖြာ ကျင့်စဉ်ကျင့်သူ” ပထမဆုံးအကြိမ်အဖြစ် ထျန်းရှဲ့ကျီ မျက်လုံးများထဲတွင် ရက်စက်မှု၊ စိတ်လှုပ်ရှားမှုများအပြင် လေးနက်မှုများ ဖြစ်ပေါ်လာခဲ့သည်။ “တွေ့မြင်ရခဲတဲ့ ရောင်နီခွဲဖြာ ကျင့်စဉ်ကျင့်သူတွေတောင်မှ ဒီနေရာမှာ ပေါ်လာတာပဲ။ စိတ်ဝင်စားစရာပဲ ... ရောင်နီခွဲဖြာ ကျင့်စဉ်ကျင့်သူ တစ်စုံရွေးရတာက လွယ်တာမှ မဟုတ်တာ ...”
ဝတ်ရုံအဖြူနှင့် အမျိုးသားနှစ်ဦးသည် ချစ်သူများသဖွယ် လက်ချင်းတွဲလျက် ရှေ့သို့ လျှောက်လာနေဆဲဖြစ်သည်။ သူတို့သည် ဤကမ္ဘာလောကနှင့် မသက်ဆိုင်ပုံပေါ်သော အလှတရားတစ်မျိုးဖြင့် တောက်ပနေသည့်မျက်လုံးများနှင့် ထျန်းရှဲ့ကျီကို ကြည့်လိုက်ကြသည်။
သူတို့အထဲမှ တစ်ဦးက ညင်သာစွာပြောသည်။ “မင်းက နှိပ်စက်ညှဉ်းပန်းခံလိုက်ရတဲ့ ဝိညာဉ်တွေကနေဖြစ်ပေါ်လာတဲ့ လူတစ်ဦးအတွက် နှလုံးသားဖြစ်လာလိမ့်မယ်”
ထိုစကားလုံးများထွက်ပေါ်လာသည်နှင့် ထျန်းရှဲ့ကျီထံသို့ တိုးဝင်လာနေသော တစ္ဆေဝိညာဉ်များစွာသည် ထျန်းရှဲ့ကျီအနီးသို့ ရောက်လာချိန်တွင် ရုတ်တရက်ဖြန့်ကြက် သွားခဲ့ကြသည်။ ထို့နောက် ၎င်းတို့သည် ထျန်းရှဲ့ကျီအား ရင်ဘတ်နေရာတွင် ထားလျက် ဧရာမပုံရိပ်ကြီးအဖြစ် ပြောင်းလဲသွားကြသည်။
ထိုပုံရိပ်ကြီးတစ်ခုလုံးသည် တစ္ဆေသရဲများဖြင့် ဖန်တီးထားခြင်းဖြစ်သည်။ ၎င်းတို့သည် အဆက်မပြတ်အော်ဟစ်နေကြပြီး ထိုအသံများက ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်နေချေသည်။
“မင်း နောက်ထပ် လှုပ်ရှားနိုင်တော့မှာ မဟုတ်သလို၊ ဘယ်ပညာရပ်ကိုမှလည်း ထပ်သုံးနိုင်တော့မှာမဟုတ်ဘူး။ မင်းက ဒီလူကြီးရဲ့နှလုံးသား ဖြစ်လာပေးရမယ် ... ပြီးရင်တော့ ... မင်း ပျက်စီးသေဆုံးသွားလိမ့်မယ်” ကျန်ချောမောလှပသော အမျိုးသားတစ်ဦးက ပြုံးလျက် နူးညံ့စွာပြောသည်။
စုမင်မျက်လုံးများသည် ပြူးကျယ်သွားရပြီးနောက် သူ့မျက်လုံးများက တစ်ဖန်ပြန်လည် ကျဉ်းမြောင်းသွားခဲ့သည်။ ဤတစ်ကြိမ်သည် သူလူရိုင်းများနှင့် ပထမဆုံးအကြိမ်တွေ့ဆုံဖူးခြင်းဖြစ်သည်ဟု ပြော၍ရသည်။ ဤနေရာမှာပင် လူသေများအပေါ် သနားကြင်နာသော်လည်း သက်ရှိများအပေါ်အေးစက်သော နတ်ဆရာကိုလည်း သူတွေ့ခဲ့ရသည်။
ယခုလည်း သူစိတ်ကူး၍ပင်မရနိုင်သည့် စွမ်းအားမျိုးကို ထိန်းချုပ်နေပုံပေါ်သည့် ရောင်နီခွဲဖြာ ကျင့်စဉ်ကျင့်သူများကို သူတွေ့နေရသည်။ ထို့အပြင် ယခုအချိန်၌ သူ့ဆရာထျန်းရှဲ့ကျီသည်ပင် ထို ရောင်နီခွဲဖြာ ကျင့်စဉ်ကျင့်သူများပြောသည့်အတိုင်း လိုက်ပါဖြစ်ပျက်နေခဲ့သည်။ ထျန်းရှဲ့ကျီပတ်ဝန်းကျင်မှ သွေးပင်လယ်ကြီးသည် စတင်ပျောက်ကွယ်လာနေချေပြီ။
စုမင်မျက်လုံးများထဲတွင် သတ်ဖြတ်လိုသည့် အမူအရာတစ်ခုသည် လျှပ်ပျက်သလိုဖြစ်ပေါ်သွားပြီး သူ့ကိုယ်ထဲတွင်လည်း ခေါင်းလောင်းသံများ ပဲ့တင်ထပ်သွားသည်။ အဖြူရောင် အကြေးခွံလေးသည် သူ့လက်ထဲတွင်ပေါ်လာသလို သူ့မျက်ခုံးများ အလယ်တွင်လည်း ဓားအမှတ်အသား၏ အစိမ်းရောင်အလင်းက တောက်ပလာခဲ့သည်။ သူ့မာန်အမှတ်အသားသည်လည်း သူ့ခန္ဓာကိုယ်ပေါ်တွင် မှိန်ဖျော့ဖျော့ဖြစ်ပေါ်လာခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူ့ဆရာထျန်းရှဲ့ကျီ၏ ခန္ဓာကိုယ်သည် အေးခဲလာပုံပေါ်နေခြင်းကြောင့်သာ မဟုတ်ပဲ၊ ထျန်းရှဲ့ကျီအား ဝန်းရံထားသော တစ္ဆေသရဲဝိညာဉ်များသည် လူတစ်ဦး၏ ပုံပန်းသဏ္ဌာန်မျိုး စတင်ရရှိလာပြီး ထျန်းရှဲ့ကျီသည် ထိုအရာကြီး၏ နှလုံးသားရှိရမည့်နေရာတွင် ရပ်နေခဲ့ခြင်းကြောင့်ဖြစ်သည်။ ထိုအရာကြီး၏ ပုံစံအရ ၎င်းသည် ထျန်းရှဲ့ကျီကို ၎င်းအတွင်း၌ မြုပ်နှံပစ်ချင်နေပုံ ပေါ်နေချေသည်။
သို့သော် စုမင်သံသယဝင်နေဆဲပင် ဖြစ်သည်။ သူ့ဆရာအကြောင်း သူနားလည်ထားသည်အရဆိုလျှင်၊ ထျန်းရှဲ့ကျီသည် သူ၏ရောက်ရှိလာမှုကို ဤကဲ့သို့ ပြောင်ပြောင်တင်းတင်းပြသရဲသည်ဆိုလျှင် သူသည် အဆင်ခြင်မဲ့စွာပြုမူလိမ့်မှာ မဟုတ်သည်တော့ အသေအချာပင်ဖြစ်သော်လည်း သူ့ဆရာဘာလုပ်ချင်နေမှန်း စုမင်စဉ်းစားမရပေ။
ဤအကျပ်အတည်းကာလအတွင်း စုမင်လှုပ်ရှားတော့မည့်အချိန်မှာပင် အသံတစ်သံထွက်ပေါ်လာခဲ့သည်။ ထိုအသံသည် ချောမောလှပသည့် ရောင်နီခွဲဖြာများ၏ အမူအရာကို အပြင်းအထန်ပြောင်းလဲသွားစေသကဲ့သို့၊ မြေပြင်ပေါ်တွင် လဲလျောင်းနေသည့် အရိုးအရေပြိုင်းပြိုင်းနှင့် နတ်ဆရာထံမှလည်း အံ့အားသင့်စွာအော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထို့ပြင် စုမင်နှင့်ထျန်းရှဲ့ကျီတို့ကို ဝန်းရံထားသော လူရိုင်းများကိုလည်း မယုံကြည်နိုင်မှုများအတွင်း နစ်မြုပ်သွားစေခဲ့ချေသည်။ ထိုအသံသည် ထျန်းရှဲ့ကျီထံမှ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
“ငါ့ရဲ့ ရှာမန်သားရဲရိုင်း ... ငါ မင်းကို ငါ့အသံနဲ့ ဆင့်ခေါ်တယ်”
ထျန်းရှဲ့ကျီအသံသည် လေထုထဲသို့ ပဲ့တင်ထပ်သွားသည်နှင့် ကောင်းကင်ကိုပင် တုန်ခါသွားစေသော ခပ်တိုးတိုးဟိန်းဟောက်သံတစ်ခုသည် အဝေးရှိနယ်မြေထံမှ ထွက်ပေါ်လာခဲ့သည်။ လေပြင်းများသည် ကုန်းမြေကိုဖြတ်သန်းတိုက်ခတ်သွားပြီး အဝေးရှိနေရာဒေသတွင် ... ပေ ၁၀၀၀၀ ခန့်အရွယ်အစားရှိမည်ဖြစ်သော ... ဧရာမ ရွှေရောင်ငှက်ကြီး ပေါ်လာခဲ့သည်။
“ဒါ ... ဒါက ငါတို့ရဲ့ အထွတ်အမြတ်သားရဲ၊ ရွှေငှက်ကြီးပဲ။ မင်း ... မင်းကဘယ်သူလဲ။ ဘာလို့ လူရိုင်းတွေရဲ့ အထွတ်အမြတ်ပညာရပ်ကို သိနေရတာလဲ” မြေပြင်ထက်တွင် လဲလျောင်းနေသော နတ်ဆရာအဘိုးအိုသည် ထိတ်လန့်အံ့အားသင့်မှုများ ပြည့်နှက်နေသော အမူအရာဖြင့် အံ့သြတကြီး အော်ဟစ်လိုက်သည်။
***