မိစ္ဆာသားရဲတစ်ကောင်ထက် မပိုဘူး
Vol. 95 Ch. 1327
“ငါ့ကို ဘက်ပြောင်းအောင် ... မဲဆွယ်နေတာလား” မန်ဟိုက အေးစက်စွာ မေးသည်။ သူ့အမူအရာက တည်ငြိမ်နေသော်လည်း ခိုင်မာပြတ်သားမှုအား သူ့မျက်ဝန်းထဲတွင် မြင်ရနိုင်သည်။ “မင်းတို့က အဲဒီလိုလုပ်နိုင်တဲ့ အရည်အချင်းမရှိဘူး"
အခြေအနေကို မသိနားမလည်သော အပြင်သူတစ်ယောက်သာ မန်ဟို့ကို ယခုလို ပြောလိမ့်မည်။ ဤပုဂ္ဂိုလ်သည် မန်ဟို့အကြောင်းသိသော ပါရာဂွန်အောဂူဖြစ်ခဲ့လျှင် ယခုလိုစကားမျိုး ဘယ်တော့မှ ပြောမည်မဟုတ်ပေ။
ပါရာဂွန်အင်မော်တယ်လောက၏နေ့ရက်တွေတုန်းက တစ်လောကလုံး စိစိညက်ညက်ကြေမွပျက်စီးနေသည့်အချိန်၌ပင် ၎င်း၏လူများသည် ပျက်စီးသေကြေနေကြရသည့်တိုင် ကောင်းကင်ဘုံ ၃၃ ဘုံကို သစ္စာခံဖို့ ဘယ်တော့မှ ခေါင်းမငုံ့ခဲ့ပေ။ ထိုစဉ်တုန်းကသာ ထိုသို့ဖြစ်ခဲ့လျှင် ယခု တောင်ပင်လယ်လောက အင်အားကြီးမားလာခဲ့သည့်အချိန် ၊ ပါရာဂွန်အင်မော်တယ်လောကအတွက် ကလဲ့စားချေနေသည့်အချိန်၌ အညံ့ခံခေါင်းငုံ့လိမ့်မည်လော။
သစ္စာခံခေါင်းငုံ့ခြင်းကား ... မိမိလူမျိုးကို သစ္စာဖောက်ရာရောက်သည်၊ မိမိအိမ်ကို သစ္စာဖောက်ရာရောက်သည်၊ မိမိ၏အရာအားလုံးကို သစ္စာဖောက်ရာရောက်သည်။ တာအိုကျွန်ဖြစ်လာသည့်အခါ မိမိ၏သေခြင်းရှင်ခြင်းသည် မိမိထိန်းချုပ်မှုအောက်တွင် ရှိတော့မည်မဟုတ်။ လွတ်လပ်မှုမရှိမှတော့ အသက်ရှင်နေလဲ ဘာထူးတော့မည်နည်း။
ယွီဝမ်ကျန်းသည် မန်ဟို့တုံ့ပြန်မှုကို ကြားသောအခါ လွန်စွာစိတ်အေးသွား၏။
ခရမ်းရောင်ချိုနှင့်အပြင်သူမှာမူ မန်ဟို့ကို တခဏကြည့်ပြီးနောက် သိပ်မအံ့ဩသည့်အလား ခပ်ဟဟရယ်သည်။ ထို့နောက် သူနှင့်အပြင်သူနှစ်ယောက်က နောက်ဆုတ်လမ်းဖယ်ပေးကြသည်။
“ခင်ဗျားအလိုက အဲဒီလိုဆိုရင် တာအိုဥသျှောင်မန် ကျုပ်တို့ ခင်ဗျားကို မတားတော့ပါဘူး။ နတ်ဘုရားသင်္ချိုင်းလျှိုထဲ ဝင်ခွင့်ပြုပါ့မယ်။ ကျေးဇူးပြုပြီး သွားပါ” ခရမ်းရောင်ချိုနှင့် အပြင်သူက ပြုံးပြီး မန်ဟို့ကို သွားဖို့ လက်ဟန်ပြသည်။
ယွီဝမ်ကျန်းမှာ စိတ်သက်သာရာရသွားသည်။ ဤအနှစ်သာရ ၅ ခု အပြင်သူများထံမှ ခံစားနေရသော ဖိအားသည် သူ မည်မျှအားနည်းကြောင်း သဘောပေါက်မိသွားစေ၏။ သူ့မှာ စိတ်အေးသွားသော်လည်း စိတ်တိုတိုဖြင့် အံတင်းတင်းကြိတ်လိုက်ပြီး အသက်အန္တရာယ်ရှိလျှင်တောင်မှ နတ်ဘုရားသင်္ချိုင်းလျှိုထဲ သွားမှဖြစ်မည်ဟု သူ့ကိုယ်သူ ပြောလိုက်သည်။
သို့သော် ယွီဝမ်ကျန်းသည် ရှေ့ဆက်သွားတော့မည့်အချိန်မှာပင် မန်ဟို တစ်လက်မလေးပင် မလှုပ်သေးကြောင်း သတိထားမိလိုက်၏။
အပြင်သူသုံးယောက်ကို ကြည့်နေသော မန်ဟို့မျက်နှာအပေါ်တွင် ထူးဆန်းသောအမူအရာတစ်ခု ပေါ်လာပြီး သူက တဟားဟား အော်ရယ်တော့သည်။
“မင်းတို့သုံးယောက် ကျင့်ကြံရင်းနဲ့ ဂေါက်များ ဂေါက်သွားလား။ ဒါမှမဟုတ် အရင်ကတည်းက ကျပ်မပြည့်တာလား ဟမ်” သူက ရုတ်တရက် ရှေ့တစ်လှမ်းတက်လိုက်ပြီး သူ့ခြေဖဝါး ကျသွားသောအခါ ဘီလူးကြီးတစ်ကောင် ကြယ်တာရာကောင်းကင်မှ နင်းချလိုက်သကဲ့သို့ သူ့စွမ်းအားသည် တဟုန်းဟုန်း ထကြွလာ၏။ ၎င်းကား ပင်လယ်လှိုင်းလုံးကြီးများ အလိပ်လိပ်ထနေသည့်အလားပင်။
“ဒါက တောင်ပင်လယ်လောက၊ ကောင်းကင်ဘုံ (၁) မဟုတ်ဘူး။ ဒီက အရာအားလုံးက တောင်ပင်လယ်လောကရဲ့အပိုင်၊ မင်းတို့အပိုင်မဟုတ်ဘူး။ မင်းတို့ ဒီနားမှာ ရပ်နေတာလေးကြောင့်နဲ့ ငါက သွားဖို့လာဖို့ မင်းတို့ခွင့်ပြုချက်ကို လိုတယ်တဲ့လား ဟမ်”
အပြင်သူသုံးယောက် ရင်တဒိန်းဒိန်း ခုန်လာသည်။ တောင်များ သူတို့အပေါ် ကျလာသည့်အလား၊ ကောင်းကင်များ သူတို့၏နှလုံးသားကို ဖိနှိပ်နေသည့်အလား ခံစားရသည်။ သူတို့သည် မျက်နှာပျက်သွားပြီး ကပျာကယာ နောက်ဆုတ်သွားကြ၏။
“ငါ လာရင် မင်းတို့က ငါ့အတွက် ‘ဒီတိုင်းလေး နောက်ဆုတ်ပြီး လမ်းဖယ်’ပေးလို့ရတယ် ထင်နေသလား
“တောင်ပင်လယ်လောကနှင့် ကောင်းကင်ဘုံ (၁) က စစ်ဖြစ်နေတာလေ။ မင်းတို့သုံးယောက်က ... ငါ မင်းတို့ကို မသတ်ဘူးလို့ ဘာကြောင့်များ ယုံကြည်ချက်ရှိနေတာလဲ” မန်ဟိုက ခေါင်းနောက်လှန်ကာ ဟားတိုက်ရယ်သည်။ ထို့နောက် သူသည် ရှေ့သို့ ခြေလှမ်းသုံးလှမ်းလှမ်းလိုက်၏။ တစ်လှမ်းစီတိုင်းက သူ့ထံမှ ထူးခြားဆန်းကြယ်စွမ်းအားတို့ ဟုန်းခနဲ ထွက်ပေါ်လာစေသည်။ ကြောက်ခမန်းလိလိ ကြီးကျယ်ခမ်းနားမှုမှာ စောင့်ကြည့်နေသူများအတွက် မကြည့်ဝံ့အောင်ပင် ဖြစ်ရသည်။ သူ ထုတ်လွှတ်နေသော ဖိအားသည် အဆုံးမဲ့အားကြီးဖြင့် သက်ရောက်လာ၏။ လေမုန်တိုင်းတစ်လုံးက အရပ်လေးမျက်နှာတွင် ဝုန်းဒိုင်းကြဲရင်း တိုက်ခတ်သွားပြီး ဖိအားမှာ အပြင်သူသုံးယောက်အပေါ် ပြင်းထန်စွာ ကျရောက်လာသည်။
စွမ်းအားထွက်ပေါ်လာမှုလေးကတင် အရာအားလုံးကို ပြင်းပြင်းထန်ထန် တုန်လှုပ်သွားစေပြီး အပြင်သူသုံးယောက်အား ချာချာလည်မူးဝေလာစေသဖြင့် သုံးယောက်လုံး သွေးအန်လိုက်ကြရသည်။ သူတို့ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများပင်လျှင် ကျွတ်ထွတ်စပြုလာသည့်အတွက် သူတို့အားလုံး နောက်ဆုတ်လိုက်ကြ၏။
“မန်ဟို ရာရာစစ”
“မင်း ငါတို့မျိုးနွယ်စုရဲ့ အဆင့်နိမ့်တွေကို သတ်ချင်ရင် သတ်လို့ရတယ်။ သူတို့က တာအိုနယ်ပယ်အဆင့်မဟုတ်တော့ ကောင်းကင်ဘုံ (၁) ရဲ့ ဆက်ခံသူအဖြစ် သတ်မှတ်လို့မရဘူး။ ဒါပေမဲ့ မင်း ငါတို့လို တာအိုနယ်ပယ်ပညာရှင်တွေကို သတ်ရဲရင်တော့ မင်းတို့မျိုးနွယ်စုဟာ ကောင်းကင်ဘုံ ၃၃ ဘုံရဲ့ အသုတ်သင်ခံရမယ့် မျိုးနွယ်စုစာရင်းမှာ သေချာပေါက် ထည့်ခံရလိမ့်မယ်”
“မျိုးပြုတ်ချင်လို့လား မန်ဟို။ မင်းက ငါတို့ကို တကယ် တိုက်ခိုက်ရဲတယ်လား"
“ပိတ်ထားစမ်း” မန်ဟိုက အေးစက်စက် ပြောလိုက်သည့်အခါ သူ၏စွမ်းအားသည် ဝုန်းခနဲ သက်ရောက်လာ၏။ အနှစ်သာရ ၅ ခု အပြင်သူသုံးယောက်လုံး တုန်ရီသွားပြီး တစ်ယောက်မှာ သူ့ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများ ပေါက်ကွဲသွားသည်ကို ခံစားလိုက်ရသည်။ ထို့နောက် သူ၏အမြီးတစ်ချောင်းလုံး ကြေသွား၏။ သူ့ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး မန်ဟို ငါးလှမ်းမြောက်လှမ်းလိုက်သည့်အချိန်တွင် သူ့မှာ စူးစူးဝါးဝါးအော်ကာ ပေါက်ကွဲသွားတော့သည်။
ကြီးမြတ်သော အနှစ်သာရ ၅ ခု အပြင်သူမှာ မန်ဟို့နတ်ဘုရားအာရုံနှင့် ကျင့်ကြံခြင်းအခြေခံစွမ်းအားကြောင့် သစ်ကိုင်းခြောက်လေးလို ချေမှုန်းခံလိုက်ရလေပြီ။
နှစ်ယောက်သာ ကျန်ခဲ့သည်။ ခရမ်းရောင်ချိုနှင့် အပြင်သူက အသားများစုတ်ပြဲလာသဖြင့် သွေးတစ်ပွက်အန်လိုက်ရသော ကျန်တစ်ယောက်ထက် ပိုတောင့်ခံနိုင်သည်။
ထိုတစ်ယောက် စိတ်ပျက်လက်ပျက် ဟိန်းဟောက်လိုက်သည့်အချိန်မှာပင် မန်ဟိုက ခြောက်လှမ်းမြောက်ကို လှမ်းလိုက်သည်။
ဝုန်း
ဧရာမလက်ကြီးတစ်ဖက်၏ လိမ်ဖယ်ဖြစ်ညစ်ခြင်းခံလိုက်ရသည့်အလား အပြင်သူ၏ခန္ဓာကိုယ်သည် တွန့်လိမ်သွား၏။ ထို့နောက် ဖောက်ခနဲ ပေါက်ကွဲသေဆုံးသွားတော့သည်။ ခြေလှမ်းခြောက်လှမ်းဖြင့် မန်ဟိုသည် အစွမ်းထက်ရန်သူနှစ်ယောက်ကို သတ်ခဲ့ပြီးလေပြီ။
ခရမ်းရောင်ချိုနှင့် အပြင်သူ၏မျက်နှာ ဖျော့တော့သွားပြီး သူက ဟိန်းဟောက်သံထုတ်လွှတ်ကာ ရုတ်တရက်ကြီး ကြီးထွားလာသည်။ သူ၏ပုံပန်းသွင်ပြင်မှာ လုံးလုံးလျားလျား ပြောင်းလဲသွားလေပြီ။ အံ့အားသင့်ဖွယ်ကောင်းစွာနှင့် မန်ဟို့အရှေ့၌ ပေါ်လာသည်မှာ မီတာသုံးထောင်အရှည် ဖွတ်လို၊ အိမ်မြှောင်လိုအကောင်ကြီးတစ်ကောင်ဖြစ်သည်။
သူတို့သည် ကျင့်ကြံသူများနှင့်မတူဘဲ ... တိရစ္ဆာန်များနှင့် ပိုတူ၏။
အလွန်ဆုံး မိစ္ဆာသားရဲများထက် မပိုပေ။
မီတာသုံးထောင်အရှည်အိမ်မြှောင်ကြီး မာန်အပြည့်ဖြင့် ဟိန်းဟောက်လိုက်သည့်အခါ ၎င်းခန္ဓာကိုယ်မှ မီးတောက်များ တဟုန်းဟုန်းတောက်လာသည်။ သို့သော် မန်ဟို့ဆီ ပြေးတက်သွားမည့်အစား ၎င်းက ဆန့်ကျင်ဘက်သို့ တဟုန်ထိုး ထွက်ပြေးသွားသည်။
“ငါ မင်းကို အရေးပေးတာ များသွားပြီထင်တယ်” မန်ဟိုက အိမ်မြှောင်ကြီးကို အေးစက်စွာ ကြည့်ရင်း ပြောသည်။ “မင်းက တိရစ္ဆာန်တစ်ကောင်ဖြစ်တာတောင်မှ ကျင့်ကြံသူလိုမျိုး ငါ့ကို ရှင်းပြခိုင်းသေးတယ်” ထို့နောက် သူက ခုနစ်လှမ်းမြောက်ခြေလှမ်းကို လှမ်းလိုက်သည်။
ခုနစ်မြောက်ခြေလှမ်း ကျသွားသည့်အခိုက်အတန့်တွင် မန်ဟို့စွမ်းအားသည် မဖော်ပြနိုင်သောအတိုင်းအတာအထိ ရောက်ရှိသွား၏။ တောင်ပင်လယ်များ၏စွမ်းအားက ပတ်ဝန်းကျင်တစ်ခုလုံးတွင် ပြည့်နှက်လာသည်။ တောင်ပင်လယ်လောက၏စိတ်ဆန္ဒမှာလည်း မန်ဟိုနှင့် သူ့စွမ်းအား၏ မောင်းထုတ်ခြင်းခံခဲ့ရသည့်အလားပင်။
ကျန်ခဲ့သည့်တစ်ခုတည်းသောအရာမှာ လောကစိတ်ဆန္ဒမပါရှိတော့သည့် တောင်ပင်လယ်စွမ်းအားသာ။ ထိုစွမ်းအားက မန်ဟို့စိတ်ဆန္ဒ၏ ထိန်းချုပ်မှုအောက်သို့ လုံးလုံးရောက်သွားခဲ့ပုံပေါ်သည်။
သူ၏စိတ်ဆန္ဒက .... ကောင်းကင်ဘုံများကို လွှမ်းမိုး၍ တာအိုကို အစားထိုးလိုက်ဟန်တူသည်။
“ကောင်းကင်ဘုံတွေကို လွှမ်းမိုးပြီး တာအိုကို အစားထိုးနေတာတဲ့လား။ ဒါက ... ဒါက မဖြစ်နိုင်ဘူး” ခရမ်းရောင်ချိုနှင့်အိမ်မြှောင်ကြီးသည် ကြောက်ဒူးတုန်လာ၏။ သူ မြင်နေရသည့်အရာမှာ မဖြစ်နိုင်လွန်း၍ သူ့နှလုံးသားထဲတွင် မျှော်လင့်ချက်မဲ့မှုတို့ ပြည့်နှက်လာသည်။
ရုတ်တရက် သူသည် မြင်ကွင်းတစ်ခုကို မြင်ယောင်လိုက်၏။ သူ့သွေးထဲတွင် နစ်မြုပ်နေသော ဘိုးဘေးများ၏ ပုံရိပ်များ ပေါ်ပေါက်လာသည်။ ပါရာဂွန်အင်မော်တယ်လောက၏ လက်အောက်ခံ အဆင့်နိမ့်လောကတစ်ခုထဲရှိ သူ့ဘိုးဘေးများကို မြင်လိုက်ရသည်။ သူတို့က .. အင်မော်တယ်များအတွက် စီးတော်ယာဉ်အဖြစ် အသုံးတော်ခံနေကြလေသည်။
မန်ဟို၏ တဟုန်းဟုန်းတောက်နေသော စွမ်းအားသည် ကောင်းကင်ဘုံများကို စိုးမိုး၍ တာအိုကို အစားထိုးလိုက်သဖြင့် ယင်းက သူ နောက်ဆုံးမြင်လိုက်ရသည့် မြင်ကွင်းဖြစ်သွား၏။ မန်ဟို့စွမ်းအားက ဧရာမအိမ်မြှောင်ကြီး၏ဝိညာဉ်ကို ဖယ်ရှားသုတ်သင်လိုက်လေပြီ။
ဝုန်း
သူကား လုံးလုံးလျားလျား ချေမှုန်းသုတ်သင်ခံလိုက်ရပြီဖြစ်သည်။
ပတ်ဝန်းကျင်ရှိ အပြင်သူများမှာ ယခုလေးတင် မြင်တွေ့ခဲ့ရသည့်အရာကြောင့် ပါးစပ်အဟောင်းသားဖြစ်သွားပြီး မန်ဟို့ကို မယုံကြည်နိုင်စွာ ကြည့်ရင်း ကြောက်ဒူးတုန်နေကြတော့သည်။
“ထွက်သွားစမ်း” မန်ဟိုက သူတို့ကို စိန်းစိန်းဝါးဝါးကြည့်ရင်း ငေါက်ငမ်းသည်။ လက်ရှိအပြင်သူအရေအတွက်အရ သူတို့ကို အမြစ်ဖြုတ်ပစ်ဖို့က တောင်ပင်လယ်များ၏စွမ်းအားဖြင့်ပင်လျှင် လွယ်ကူမည်မဟုတ်ပေ။
ယခုအချိန်တွင် ဤအပြင်သူများသည် လုံးလုံးလျားလျား တုန်လှုပ်နေသည့်အတွက် အကောင်းဆုံးက သူတို့ကို သတ်ရန်မဟုတ်ဘဲ သူတို့ရင်ထဲ၌ မျိုးစေ့တစ်စေ့ချပေးရန်ပင်။
ထိုမျိုးစေ့က အကြောက်တရားမျိုးစေ့ ၊ သူတို့နှလုံးသားကို လဲပြိုသွားစေမည့် မျိုးစေ့တစ်စေ့ ဖြစ်သည်။
သူ့အသံသည် တင်းပုတ်ကြီးသဖွယ် အပြင်သူများ၏စိတ်နှလုံးကို ရိုက်ခတ်လိုက်၏။ ၎င်းက သူတို့၏သတ္တိကို တိုက်ဖျက်၍ တိုက်ခိုက်လိုစိတ်အဟုန်ကို ဖယ်ရှားလိုက်သော မိုးကြိုးတန်းကြီးတစ်တန်းအလားပင်။ မန်ဟို့အပေါ် ကြောက်လန့်မှုက သူတို့ကို စိုးမိုးသွားသဖြင့် သူတို့မှာ ကြောက်လန့်တကြား အော်ဟစ်ရင်း ခြေဦးတည့်ရာသို့ ဖရိုဖရဲထွက်ပြေးကုန်ကြတော့သည်။