← Chapters

သုံးရက် ...

Vol. 19 Ch. 260

သုံးရက် ...

Vol. 19 Ch. 260

နတ်ဆရာအဘိုးအိုသည် အံ့အားသင့်စွာအော်ဟစ်လိုက်မိပြီးနောက် မျက်စိတစ်မှိတ်အတွင်းမှာပင် ထို အံ့အားသင့်မှုသည် ထိတ်လန့်တုန်လှုပ်မှုအဖြစ် ပြောင်းလဲသွားခဲ့သည်။

လူရိုင်းမျိုးနွယ်စုကြီးများမှ သူ့အားစစ်တပ်တစ်တပ်သုံး၍ သတ်ဖြတ်ရန်ခိုင်းစေခဲ့သောလူတွင် ... လူရိုင်းတို့၏ အထွတ်အမြတ်သားရဲတစ်ကောင် ပိုင်ဆိုင်နေလိမ့်မည်ဟု သူ ဘယ်တုန်းကမှ ထင်မထားခဲ့မိချေ။

အထွတ်အမြတ် သားရဲများသည် သူတို့လူရိုင်းများကိုယ်တိုင် ဆင့်ခေါ်လျှင်တောင် ထွက်ပေါ်လာခဲသော်ငြား ယခု မာန်စွမ်းအားရှင်တစ်ဦးမှ သူတို့၏အထွတ်အမြတ်သားရဲ ထွက်ပေါ်လာအောင် ဆင့်ခေါ်နိုင်ခြင်းကြောင့် ဖြစ်ပေါ်လာရသော ထိတ်လန့်တုန်လှုပ်မှုသည် သူတို့အား မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ပင်။ အံ့အားသင့် ထိတ်လန့်မှုမှအပ သူ့စိတ်တစ်ခုလုံး ဗလာဖြစ်သွားလေသည်။

နတ်ဆရာ အဘိုးအိုအပြင်၊ ချောမောလှပသော ရောင်နီခွဲဖြာများသည်လည်း အလားတူ ထိတ်လန့်တုန်လှုပ်သွားကြရသည်။ သူတို့အမူအရာများက ချက်ချင်းပြောင်းလဲသွားကြပြီး မျက်နှာထက်တွင် မယုံကြည်နိုင်မှုများ ထင်ဟပ်နေချေသည်။ ဤအမူအရာမျိုးသည် သူတို့နှစ်ဦးထံတွင် မယုံနိုင်လောက်အောင်ပင် တွေ့မြင်ရခဲသည့် အရာမျိုးဖြစ်သည်။

သူတို့နှစ်ဦးသည် လွန်ခဲ့သော ၁၅နှစ်တည်းကပင် ဤနေရာသို့ နတ်ဆရာအဘိုးအိုနှင့်အတူ ပို့လွှတ်ခြင်းခံခဲ့ရပြီး သူတို့ ရည်ရွယ်ချက်သည် ဤနေရာတွင် နှစ်အနည်းငယ်ကြာတိုင်း တစ်ကြိမ်ပေါ်လာလေ့ရှိပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်လေ့ရှိသော လူတစ်ဦးကို စောင့်ဆိုင်းရန်ဖြစ်သည်။

ယနေ့ သူတို့ ထျန်းရှဲ့ကျီဆီ လျှောက်လှမ်းလာခဲ့ချိန်အထိ အရာအားလုံးချောမွေ့နေခဲ့သည်။ သို့သော် ထျန်းရှဲ့ကျီပါးစပ်မှထွက်လာသော စကားတစ်ခွန်းက ကမ္ဘာတစ်ခုလုံးကိုပင် ဇောက်ထိုးမိုးမျှော် ဖြစ်သွားစေသကဲ့သို့ အရာအားလုံး ပြောင်းလဲသွားခဲ့ရသည်။

“အထွတ်အမြတ်သားရဲ၊ ရွှေငှက် ... အတိတ်တုန်းက သူအနားယူနေတဲ့နေရာဆီ ငါတို့မျိုးနွယ်စုဝင်တွေကို အကြိမ်ကြိမ်ပို့ခဲ့ပေမဲ့ ဘယ်တုန်းကမှ မဆင့်ခေါ်နိုင်ခဲ့သလို၊ သူ့အသိအမှတ်ပြုမှုကိုလည်း မရခဲ့တာ အံ့သြစရာမရှိတော့ဘူး။ ဒီတော့ ရွှေငှက်မှာက ... ပိုင်ရှင်ရှိနေပြီးသားပေါ့”

“ဒါပေမဲ့ ဘယ်လို ... အဲဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။ သူက မာန်စွမ်းအားရှင်မျိုးနွယ်စုကလေ။ ပြီးတော့ လူရိုင်းတွေရဲ့ ပညာရပ်နည်းလမ်းတွေကို လေ့ကျင့်ထားတာမှမဟုတ်တာ။ သူက ဘယ်လိုလုပ်ပြီး ရွှေငှက်ရဲ့အသိအမှတ်ပြုမှုကို ရခဲ့တာလဲ”

ရောင်နီခွဲဖြာများ သက်ပြင်းချနေမိချိန်မှာပင် ရွှေငှက်ကြီးသည် ၎င်းရှိနေခဲ့ရာ အဝေးမှနေ၍ ရောက်ရှိလာခဲ့သည်။ ၎င်း၏ရောက်ရှိလာမှုနှင့်အတူ လေပြင်းများပါတိုက်ခတ်လာသဖြင့် လူများသည် သူတို့အားမမြင်ရသော တောင်တန်းများဖြင့် တိုက်မိသွားသကဲ့သို့ပင် ခံစားလိုက်ကြရသည်။

စုမင်နှင့်ထျန်းရှဲ့ကျီတို့ကို ဝန်းရံထားသော အခြားကျန်သည့်လူရိုင်းများကမူ ရွှေရောင်ငှက်ကြီး ထွက်ပေါ်လာချိန်တွင် သူတို့၏တိုက်ခိုက်လိုသော စိတ်ဆန္ဒများ ပျောက်ဆုံးသွားခဲ့ကြလေပြီ။ သူတို့၏ စိတ်ရှုပ်ထွေးသော အမူအရာများထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုများပါ ပါဝင်လာပြီး တိုက်ခိုက်ခြင်း မပြုဝံ့ကြတော့ပေ။

“ရွှေငှက်”

“အိုး ကောင်းကင်ဘုံ ... ဒါက တကယ့််ရွှေငှက်ကြီးပဲ”

အထွတ်အမြတ်သားရဲ ပေါ်ထွက်လာမှုကြောင့် အော်ဟစ်ဆူညံသံများ ထွက်ပေါ်လာခဲ့သည်။ လူရိုင်းများတွင် သူတို့၏ အထွတ်အမြတ် သားရဲများကို တွေ့ပါက ကောင်းကင်ဘုံ၏ စွမ်းအားနှင့် တွေ့ဆုံရခြင်းကဲ့သို့ လေးစားမှု အဆင့်အတန်းတစ်မျိုး ရှိပေသည်။ ဤသတ္တဝါသည် လူရိုင်းမျိုးနွယ်စုအတွင်းတွင်  တလေးတစားထားရပြီး သူတို့အား ကိုယ်စားပြုသော သားရဲကဲ့သို့ပင် ဖြစ်သည်။ သူတို့ ထိုအရာကို တိုက်ခိုက်နိုင်မည့်နည်းလမ်းမရှိပေ။

ထိုအချိန်မှာပင် ပျံသန်းလာသော ရွှေငှက်ကြီးနှင့်အတူ လေပြင်းများပါလာသဖြင့် ထိုလူများအားလုံးသည် ကောင်းကင်တွင် လွင့်မျောသွားသည့် သစ်ရွက်များသဖွယ် အနောက်သို့ လွင့်ထွက်သွားကြသည်။ လေထဲတွင် မြည်ဟည်းသံများ ပဲ့တင်ထပ်သွားပြီး လူများဖြင့်ပြုလုပ်ထားသော နံရံကြီးသည်လည်း ချက်ချင်းပြိုကျသွားတော့သည်။

နီးကပ်လာသည့် ရွှေရောင်ငှက်ကြီးကို မြင်လိုက်ရသောအခါ စုမင် အသက်ရှူသံများပင် လျင်မြန်သွားခဲ့ရသည်။ ၎င်း၏ ဧရာမခန္ဓာကိုယ်ကြီးသည် ပေ၁၀၀၀၀ကျော် ရှည်လျားပြီး နံနက်ခင်းကောင်းကင်ကိုပင် ချက်ချင်း မည်းမှောင်သွားစေသည့် ဖိနှိပ်နိုင်သောဖိအားတစ်ခု ဖြစ်ပေါ်နေခဲ့သည်။ ရွှေရောင်ငှက်ကြီး၏ ခန္ဓာကိုယ်သည် နေကိုပင် ဖုံးကွယ်သွားသကဲ့သို့ ကောင်းကင်အားဖုံးအုပ်ထားချေ၏။

၎င်းနှင့်နှိုင်းယှဉ်လျှင် လေပြင်းများကြောင့် လွင့်ထွက်သွားခဲ့သောလူများနှင့် စုမင်ကိုယ်တိုင်ကမူ လျစ်လျူခံထားရလောက်သည်အထိ အလွန်သေးငယ်လွန်းလှသည်။ ရွှေရောင်ငှက်ကြီးသည် သူတို့၏မြင်ကွင်းထဲသို့ မယုံနိုင်လောက်အောင်ပင် မောက်မာအထက်ဆီးဆန်သော ဤပုံစံမျိုးဖြင့် ဝင်ရောက်လာခဲ့ချေသည်။

အနီးသို့ရောက်လာသည်နှင့် ဧရာမရွှေရောင်ငှက်ကြီးသည် ရွှေရောင်အလင်းများ တောက်ပနေသည်မှာ ရွှေလင်းယုန်တစ်ကောင်နှင့်ပင် တူနေချေသည်။ ထိုအလင်းများကြောင့် ၎င်းအား လူများကြည့်ရှု၍ မရနိုင်ဖြစ်နေခဲ့စေသည်။ အထူးသဖြင့် ၎င်း၏မျက်လုံးများထဲသို့ပင် ဖြစ်သည်။ ရွှေရောင်ငှက်ကြီး၏ မျက်လုံးများထဲတွင် သီးခြားဆန်သော အဖက်မလုပ်ဟန် အမူအရာတစ်ခု ရှိနေပြီး နယ်မြေတစ်ခုလုံးကို ဝေ့ဝဲကြည့်ရှုလိုက်ချိန်တွင် လေထုသည်ပင် ၎င်း၏ဖိအားကို မခံနိုင်သည့်အလား အက်ကွဲသံများ ထွက်ပေါ်လာခဲ့သည်။

၎င်း၏ ဉာဏ်ရည်သည် စုမင် မြင်တွေ့ခဲ့ဖူးသမျှ သားရဲရိုင်းများ၏ ဉာဏ်ရည်ထက် သာလွန်နေလိမ့်မည်ဆိုသည်ကို သူ သံသယမရှိ ယုံကြည်ပေသည်။ တုတ်ချောင်းမြွေလေးသည်ပင် ဤငှက်ကြီးနှင့် နှိုင်းယှဉ်၍မရနိုင်ပေ။

သို့သော် တုတ်ချောင်းမြွေလေးသည် မွေးကင်းစအကောင်ငယ် အရွယ်လေးတွင်သာ ရှိသေးသဖြင့် လူရိုင်းမျိုးနွယ်စုများ အတွင်း၌ပင် အထွတ်အမြတ်သားရဲအဖြစ် ကျော်ကြားနေပြီးဖြစ်သော ဤရွှေရောင်ငှက်ကြီးနှင့် ယှဉ်ပြိုင်ရန် ခဲယဉ်းနေသေးသည်မှာ သဘာဝပင်။

ရွှေရောင်ငှက်ကြီး၏ မျက်လုံးအစုံသည် စုမင်အပေါ် ကျရောက်လာချိန်တွင် တစ်ခဏတာ ရပ်တန့်သွားပြီး ၎င်းမျက်လုံးများအတွင်းရှိ ရွှေရောင်အလင်းက ပိုမိုတောက်ပသွားခဲ့သည်။ ထိုအရာသည် သူ၏အကြောင်းများအားလုံးကို ထွင်းဖောက်မြင်ခံလိုက်ရသကဲ့သို့ စုမင်အား တုန်လှုပ်သွားစေသည်။

အခြားသာမန် မာန်စွမ်းအားရှင်များသာဆိုလျှင် ဆင်ခြင်တွေးတောနိုင်စွမ်းများ ပျောက်ဆုံးသွားလိမ့်မည်ဖြစ်သော်လည်း စုမင်ကမူ မာန်စွမ်းအားရှင်များ၏ နည်းလမ်းများကိုသာ လေ့ကျင့်ထားခဲ့ခြင်း မဟုတ်ပေ။ သူသည် အရှိန်ဝါကျင့်စဉ်၏ ပညာရပ်များကိုလည်း လေ့ကျင့်ထားပြီး ၎င်းကို သူ၏ နတ်ဘုရားအာရုံအဖြစ် ပြောင်းလဲထားခြင်းဖြစ်သည်။ သူ့နတ်ဘုရားအာရုံ၏ ခွန်အားသည် တခြားနယ်ပယ်မှလူများအတွက် ဘာမှမဖြစ်ကောင်း မဖြစ်နိုင်သော်လည်း မာန်စွမ်းအားရှင်မျိုးနွယ်စုအတွင်း သူနှင့် နယ်ပယ်တူသူများကြားထဲတွင်မူ အကောင်းဆုံးဖြစ်သည်။

ဤအချိန်တွင် သူ့စိတ်အတွင်းမှ နတ်ဘုရားအာရုံသည် ရွှေငှက်ကြီး၏ အကြည့်ကို ဆန့်ကျင်ကာ တားဆီးနိုင်ခြင်းမရှိသော်လည်း အနည်းဆုံးတော့ ထိုငှက်ကြီး၏ သူ့အပေါ်စိတ်ဝင်စားမှု နောက်ကွယ်မှ အကြောင်းရင်းကို သိရှိလိုက်ပေသည်။

ထိုရွှေငှက်ကြီးသည် သူ့ကိုကြည့်နေခြင်းမဟုတ်ပဲ သူ့ခန္ဓာကိုယ်အတွင်းရှိ ဟန်တောင်တန်းခေါင်းလောင်းကို ကြည့်နေသည်ဟု စုမင် ခံစားနေရသည်။

ပိုမိုတိကျစွာပြောရလျှင်၊ ရွှေရောင်ငှက်ကြီးသည် ဟန်တောင်တန်းခေါင်းလောင်း အတွင်းမှ တစ်စုံတစ်ရာကို အာရုံခံမိလိုက်သဖြင့် ၎င်းက သေချာဂရုတစိုက် စစ်ဆေးကြည့်ရှုလိုခဲ့ခြင်း ဖြစ်သည်။

စုမင်အပေါ်သို့ ရွှေရောင်ငှက်ကြီး၏ အကြည့်ကျရောက်လာချိန်မှာပင်၊ စုမင်ကိုယ်ထဲရှိ ဟန်တောင်တန်းခေါင်းလောင်းထဲတွင် ဖြည်းဖြည်းချင်း ပြန်လည်ကုစားနေသော တုတ်ချောင်းပုံစံ မျိုးစပ်မြွေလေးသည် သက်သောင့်သက်သာပုံစံဖြင့် အိပ်ပျော်နေရာမှ ဆတ်ခနဲ ဖြစ်သွားခဲ့သည်။ ထို့နောက် ချက်ချင်းခေါင်းကို မော့ကြည့်လာပြီး သူ့မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်စွာဖြင့် စူးရှတောက်ပသော အကြည့်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ထိုတောက်ပမှုသည် ကောင်းကင်ကြီးမည်းမှောင် မသွားခင် နောက်ဆုံးသော နေရောင်ခြည် အလင်းတန်းများကဲ့သို့ပင် ဖြစ်သည်။ ထိုအရာသည် သန်မာပုံပေါ်သော်လည်း အမှတ်တကယ်တွင်မူ အတန်ငယ် ကစဉ့်ကလျားဖြစ်နေပြီး ထိုအကြည့်၏ နက်ရှိုင်းသောအပိုင်းထဲတွင် မြွေလေး၏ မာနထောင်လွှားမှုများကို ဖုံးကွယ်ထားချေသည်။

ထိုမာနတရားသည် မြွေလေး၏ သွေးများနှင့် စိတ်ဝိညာဉ်ထဲတွင် ရှိနေသကဲ့သို့ပင်။ ထိုမာနတရားသည် ယခုအချိန်ထိ မျိုးဆက်ပေါင်းများစွာတည်ရှိလာပြီး ဘယ်သောအခါမျှ ပျောက်ကွယ်သွားလိမ့်မည့်အရာမျိုး မဟုတ်ပေ။

ရက်စက်ကြမ်းကြုတ်မှုအတွင်း ဖုံးကွယ်ထားသော မာနတရားကြောင့် ၎င်းတို့အကြားမှ စွမ်းအားကွာခြားချက်ကိုသာ ဖယ်ရှားလိုက်လျှင် မြွေလေးနှင့် ရွှေရောင်ငှက်သည် အဆင့်အတန်းတူ သတ္တဝါများမဟုတ်သည့်ပုံပင်။ အဘယ်ကြောင့်ဆိုသော် မြွေလေး၏ မာနများထဲတွင် အထက်စီးဆန်မှုနှင့် အာဏာကြီးမားသော အရိပ်အယောင်များ ပါဝင်နေသောကြောင့် ဖြစ်သည်။

စုမင်လည်း ထိုအရှိန်အဝါကို သတိပြုမိလိုက်သည်။ သူသည်ပင် ထိုအရာကြောင့် တုန်လှုပ်သွားရပြီး ရွှေရောင်ငှက်ကြီး၏ မျက်လုံးများအတွင်းမှ အလင်းသည်လည်း ခဏတာလှုပ်ရှားသွားခဲ့သည်။ ထိုငှက်ကြီးသည် တွန့်ဆုတ်သွားပြီး ထိုတွန့်ဆုတ်မှုများအောက်တွင် ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခုကိုပင် သူတွေ့လိုက်ရသည်ဟု စုမင်ခံစားလိုက်ရ၏။

ထိုအခိုက်အတန့်တွင် မြွေလေးသည် ကျားပေါက်လေးတစ်ကောင်နှင့် တူသည်ဟု စုမင်ရုတ်တရက် ခံစားလိုက်မိ၏။ ၎င်းသည် သေးငယ်ကာ ဒဏ်ရာရထားသော်လည်း ဝံပုလွေများနှင့် သူတစ်ကောင်တည်း ရင်ဆိုင်တွေ့လျှင်ပင် ခေါင်းကိုမော့ကာ သူ၏ထူးခြားသော အရှိန်အဝါကို ထုတ်ဖော်ပြသနေပေလိမ့်မည်။

ထိုခံစားချက်သည် ခဏလေးသာ ဖြစ်ပေါ်ခဲ့ပြီး ရွှေရောင်ငှက်ကြီး အကြည့်လွှဲသွားသည်နှင့် ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။ ထို့အပြင် ထျန်းရှဲ့ကျီအပါအဝင် သူ့ပတ်ဝန်းကျင်ရှိ မည်သူကမှ ထိုအရာကိုသတိမပြုမိခဲ့ပေ။

နောက်ဆုံးတွင်တော့ ရွှေရောင်ငှက်ကြီး၏ အကြည့်သည် စုမင်အပေါ်သို့ ခဏတာသာ ကျရောက်ခဲ့ခြင်းဖြစ်သည်။ စုမင်အမြင်တွင် ထိုအရာသည် နှေးကွေးစွာ ဖြစ်ပျက်ခဲ့သော်လည်း အမှန်တကယ်တွင်မူ ခဏတာသာ ကြာမြင့်ခဲ့ခြင်းဖြစ်သည်။

ရွှေရောင်ငှက်ကြီး နယ်မြေတစ်ခုလုံးကို ဝေ့ဝဲကြည့်ရှုပြီးချိန်တွင် ကုန်းမြေတစ်ခွင် လေပြင်းများဖြတ်သန်းတိုက်ခတ်လာသည်။ ရွှေရောင်ငှက်ကြီးသည် ခေါင်းမော့ကာ ပါးစပ်ကြီးကို ကျယ်လောင်စွာဟလိုက်ပြီး ကောင်းကင်ဆီသို့ စူးရှစွာအော်မြည်လိုက်သည်။

ထိုအော်မြည်သံသည် မူလက နားအူသည်အထိမဖြစ်ခဲ့သော်လည်း ခဏချင်းပင် အမြင့်ဆုံးအနေအထားသို့ ရောက်ရှိသွားပြီး အသံလှိုင်းလုံးကြီးတစ်ခု အသွင်ပြောင်းလျက် အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားလေသည်။

လေကြောင့် လွင့်ထွက်သွားခဲ့ကြသော လူရိုင်းများသည် အော်မြည်သံကိုကြားလိုက်ရသောအခါ နာကျင်စွာအော်ဟစ်လိုက်ကြရပြီး သူတို့၏ မျက်လုံးများ၊ ပါးစပ်၊ နှာခေါင်းနှင့် နားများထဲမှ သွေးများစီးကျလာခဲ့ကြသည်။ ထို့နောက် ပေါက်ကွဲသွားကြပြီး အသားစနှင့်သွေးများက လေထဲသို့ ပြန့်ကျဲသွားကြသည်။

သူတို့ခြေထောက်အောက်မှ သားရဲများသည်တော့ ရွှေရောင်ငှက်ကြီး ရောက်လာခဲ့သည့်အချိန်တည်းကပင် ရပ်တန့်နေခဲ့ကြခြင်းဖြစ်သည်။ ၎င်းတို့သည် လေထဲမှာပင် တုန်ရီနေကြပြီး လှုပ်ရှားခြင်းမပြုဝံ့ကြပေ။

အသံလှိုင်းတွင် ပါဝင်သော စွမ်းအားတစ်မျိုးကြောင့် စုမင်ခေါင်းထဲတွင် ပေါက်ကွဲမြည်ဟည်းသံများ ပဲ့တင်ထပ်သွားပြီး သူ့စိတ်က ရုတ်ခြည်းဗလာဖြစ်သွားရသည်။ သူသတိပြန်လည်လာချိန်တွင်၊ နာကျင်စွာအော်ဟစ်နေသော နတ်ဆရာအဘိုးအို၏ဦးခေါင်းက ပေါက်ကွဲသွားသည်ကို တွေ့လိုက်ရလေသည်။ လဲကျနေသော ထိုလူ၏ခန္ဓာကိုယ်တစ်ခုလုံးသည်နှင့် အနက်ရောင်သွေးများဖြင့် ပေပွနေခဲ့သည်။

ပတ်ဝန်းကျင်ရှိ လူရိုင်းများ သေကျေပျက်စီးနေခြင်းအပြင် မျက်လုံးများ၊ နှာခေါင်းများ၊ နားများနှင့် ပါးစပ်များမှ သွေးများယိုစီးလျက် ကြောက်ရွံ့ထိတ်လန့်နေသော အမူအရာများဖြင့် သနားစဖွယ် ထွက်ပြေးသွားကြသော ချောမောလှပသော ရောင်နီခွဲဖြာနှစ်ဦးကိုလည်း စုမင်တွေ့လိုက်ရသည်။

ထွက်ပြေးလိုက်ကြသော်လည်း သူတို့ထဲမှတစ်ဦးသည် ရွှေရောင်ငှက်ကြီး၏အသံကို ခံနိုင်ရည်မရှိပဲ သွေးအန်လိုက်ရပြီး တုန်ယင်နေချေသည်။ ထွက်ပြေးနေရင်းမှပင် ထိုလူ၏ခန္ဓာကိုယ်သည် တစ်လက်မချင်းစီ ပြိုကွဲပျက်စီးလာပြီး ပေ၁၀၀ခန့်သို့ မရောက်ခင်မှာပင် သူ့ခန္ဓာကိုယ်သည် အသားစ၊ သွေးစများအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့သည်။ သူ့ချစ်သူ၏လက်ကို ဆုပ်ကိုင်ထားသော သူ့ညာလက် တစ်ခုတည်းကသာ ကျန်ရစ်ခဲ့လေသည်။

ကျန်အမျိုးသားသည် သူ့လက်ထဲတွင် ဆုပ်ကိုင်ထားသောလက်ကို ကြည့်ပြီး ဝမ်းပန်းတနည်း အော်ဟစ်လိုက်သော်လည်း နောက်သို့ပြန်လှည့်မလာခဲ့ပေ။ ထိုအစား အရှေ့သို့ ရူးသွပ်စွာပြေးထွက်သွားပြီး များစွာသောသွေးမြူများသည် သူ့ကိုယ်ထဲသို့စိမ့်ဝင်သွားကာ သူ့ကိုလည်း ဝန်းရံလိုက်ကြသည်။ သွေးမြူများ ပျောက်ကွယ်သွားသည်နှင့်အမျှ သူ၏ချောမောလှပသော မျက်နှာသည်လည်း ယိုယွင်းပျက်စီးလာပြီး သူ့အလှတရားသည် ထိတ်လန့်ကြောက်မက်ဖွယ် အရုပ်ဆိုးအကျည်းတန်မှုအဖြစ် ပြောင်းလဲသွားခဲ့သည်။ သို့သော်လည်း သူသည် လွတ်မြောက်အောင်ထွက်ပြေးသွားနိုင်ပြီး စုမင်မြင်ကွင်းထဲမှ ပျောက်ကွယ်သွားလေသည်။

တစ်ချိန်တည်းတည်းမှာပင်၊ ထျန်းရှဲ့ကျီကို အတွင်း၌ထည့်ကာ မြုပ်နှံထားသော တစ္ဆေသရဲများမှဖြစ်ပေါ်လာသည့် လူခန္ဓာကိုယ်ကြီးသည်လည်း ရွှေရောင်ငှက်ကြီး၏ အသံအောက်တွင် ပေါက်ကွဲပျက်စီးသွားသည်။ ၎င်းတို့သည် အမုန်းတရားများပြည့်နှက်နေသည့် မျက်နှာများအဖြစ် ပြန်လည်ပြောင်းလဲသွားပြီး လေထဲသို့လွင့်ပါးပျောက်ကွယ်သွားချေသည်။

ထျန်းရှဲ့ကျီက မျက်လုံးများကို ပြန်ဖွင့်လိုက်သည်။

သူ့ပတ်ဝန်းကျင်ရှိ သွေးညှီနံ့များကိုပင် အသက်တစ်ချက်ရှူသွင်းလိုက်ပြီး တည်ငြိမ်စွာမေးလာသည်။ “စတုတ္ထလေး၊ မင်း အရင်ကလူသတ်ဖူးလား”

ဤသည်မှာ ယခုလိုကြီးမားသည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီးနှင့်၊ ထျန်းရှဲ့ကျီ၏ တိုက်ခိုက်ပုံ၊ ရွှေရောင်ငှက်ကြီး၏ စွမ်းအားတို့ကို စုမင် ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သည်။

စုမင် တစ်ခဏတာ ငြိမ်သက်နေပြီးမှ ခေါင်းငြိတ်ပြမိသည်။ “ဟုတ်ကဲ့ ...”

“သူ့ကို လိုက်ဖမ်းချေ။ ငါမင်းကို ဒီနေရာမှာ စောင့်နေမယ်”

ထျန်းရှဲ့ကျီက စုမင်ကိုတစ်ချက်လှမ်းကြည့်ကာ ရွှေရောင်ငှက်ကြီး၏ ကျောပေါ်သို့အေးအေးဆေးဆေး လျှောက်သွားခဲ့သည်။ ငှက်ကြီးက မျက်လုံးများကိုမှိတ်ကာ ထျန်းရှဲ့ကျီ သူ့ကျောပေါ်တွင် ခြေချိတ်ထိုင်ချလိုက်ခြင်းကို ခွင့်ပြုထားချေသည်။

“ရောင်နီခွဲဖြာနှစ်ယောက်ရဲ့ အစွမ်းက မာန်ဝိညာဉ်နယ်ပယ်က မာန်စွမ်းအားရှင်တွေနဲ့ တူတယ်။ အခု သူတို့ထဲက တစ်ယောက်သေသွားပြီး တစ်ယောက်ပဲကျန်တယ်။ သူကလည်း ဒဏ်ရာရနေလို့၊ အခုသူ့အစွမ်းက ရိုးရေစတေးနယ်ပယ်တစ်ဝိုက်မှာပဲ ရှိတယ်”

“လူရိုင်းတွေထဲမှာတောင် ရောင်နီခွဲဖြာတွေက အရမ်းရှားတယ်။ ဒီလိုစုံတွဲတစ်တွဲကို ရှာတွေ့ဖို့ကမလွယ်ဘူး။ ဒါပေမဲ့ သူကအရမ်းမြန်တဲ့အပြင်၊ မင်းကလည်း ဒီနေရာမှာရှိနေတာ တော်တော်ကြာသွားပြီ။ မင်း သူ့ကိုလိုက်ဖမ်းချင်တယ် ဆိုရင်တော့ လူရိုင်းမျိုးနွယ်စုရဲ့ အနက်ပိုင်းတွေထဲကို မင်းဝင်ရလိမ့်မယ်”

“မင်း အာ့လိုလုပ်ရဲလား။ ငါ့ရဲ့ စတုတ္ထတပည့်လေး” ထျန်းရှဲ့ကျီက အေးအေးဆေးဆေးမေးသည်။

စုမင် ခေါင်းငုံ့လိုက်ရာ သူ့မျက်လုံးများထဲတွင် အလင်းတစ်ဖြာက လျှပ်ပြက်သလို တောက်ပသွားခဲ့သည်။ သူမည်သည့်စကားမှ ပြန်မပြောခဲ့ပဲ၊ လှည့်ထွက်သွားပြီး ထွက်ပြေးလွတ်မြောက်သွားသောလူ ထွက်ခွာရာအရပ်ဆီသို့ ဦးတည်လိုက်သည်။

“ငါ မင်းကိုသုံးရက်စောင့်မယ်။ သုံးရက်ကြာလို့မှ ပြန်မလာနိုင်ရင်တော့၊ မင်းပြန်လာနိုင်တော့မှာ မဟုတ်ဘူး”

ထျန်းရှဲ့ကျီအသံက စုမင်နားထဲသို့ရောက်လာသော်လည်း သူခဏတာပင် တုံ့ဆိုင်းရပ်တန့်သွားခြင်း မရှိခဲ့ပေ။ ထို့နောက် မျက်စိတစ်မှိတ် အတွင်းမှာပင်၊ အဝေးသို့ပျောက်ကွယ်သွားလေသည်။

ထျန်းရှဲ့ကျီ မျက်လုံးများကို အသာအယာ မှိတ်ချလိုက်ပြီး စောင့်ဆိုင်းရန်အလို့ငှာ ငှက်ကြီး၏ကျောပေါ်တွင် ထိုင်ချလိုက်သည်။

လူရိုင်းနယ်မြေ တစ်ခုလုံးကို အုံ့မှိုင်းသောလေထုက ဖုံးအုပ်ထားသည်။ လေတိုးသံများသည် လူတစ်ဦး ပူဆွေးသောကရောက်စွာ ငိုညည်းနေသကဲ့သို့။

စုမင်သည် လူရိုင်းမျိုးနွယ်စုပိုင်ဆိုင်ရာ နယ်မြေ၏ကောင်းကင်မှ ဖြတ်သန်းလာခဲ့သည်။ သို့သော် တစ်နာရီခန့် ပျံသန်းလာခဲ့ပြီးနောက်တွင် မျက်မှောင်ကြုတ်လျက် သူ့အောက်ရှိကုန်းမြေကို ငုံ့ကြည့်လိုက်သည်။ ကုန်းမြေတစ်ခုလုံးအား အဆုံးမရှိသောသစ်တောကြီးက ဖုံးအုပ်ထားလေသည်။

စုမင်မျက်လုံးများက စူးရှတောက်ပသွားပြီး မြေပြင်ပေါ်သို့ဆင်းသက်လိုက်သည်။ ခဏအကြာတွင် သစ်တောအတွင်းရှိ ရွှံ့သားမြေပြင်ပေါ်တွင် ခြေချလိုက်ပြီး မျက်လုံးများကိုပိတ်ကာ နတ်ဘုရားအာရုံကို ဖြန့်ကြက်လိုက်သည်။ ခဏအကြာတွင် မျက်လုံးများကိုပြန်ဖွင့်လိုက်ပြီး ထိုနေရာမှ ပျောက်ကွယ်သွားလေသည်။ သူ့ခန္ဓာကိုယ်သည် မီးခိုးငွေ့တန်းတစ်ခုသဖွယ် ပျံသန်းနေပြီး ခဏအကြာတွင် သစ်ပင်အိုကြီးတစ်ပင်ဘေးတွင် ပေါ်လာခဲ့သည်။ ထို့နောက် ဒူးထောက်ထိုင်ချကာ စိုထိုင်းထိုင်းမြေပြင်ကို လက်ဖြင့်ထိကြည့်လိုက်သည်။ ထိုနေရာတွင် သွေးစက်တစ်စက် ရှိနေခဲ့ချေသည်။

“သူက လိုက်ဖမ်းခံရမှာကြောက်လို့ လေထဲမှာမပျံသန်းခဲ့တာပဲ။ အဲဒီအစား ပြန်ကုစားဖို့ အချိန်နည်းနည်းရအောင် သစ်တောကို အကာအကွယ်အဖြစ်သုံးပြီး သူနဲ့ရင်းနှီးတဲ့ နယ်မြေထဲမှာ ပုန်းချင်တာ ...” စုမင် တီးတိုးရေရွတ်ပြီး သူ့နှုတ်ခမ်းများထက်တွင် အပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။

သစ်တောများက စုမင်အတွက် အိမ်ဖြစ်ခဲ့ဖူးသည်။

***

All Chapters