← Chapters

လူရိုင်း အမဲလိုက်ခြင်း

Vol. 19 Ch. 261

လူရိုင်း အမဲလိုက်ခြင်း

Vol. 19 Ch. 261

‘ဆရာက သူကိုယ်တိုင်သတ်နိုင်ပေမဲ့ ... ငါ့ကို အဲကိစ္စလုပ်ခိုင်းခဲ့တယ် ...’

စုမင် မတ်တတ်ရပ်ကာ ပတ်ဝန်းကျင်ကို တစ်ချက်လေ့လာ ကြည့်ရှုလိုက်ပြီးနောက် သူ့မျက်လုံးများက စူးရှတောက်ပသွားပြီး တစ္ဆေတစ်ကောင်သဖွယ် ရှေ့သို့ပြေးထွက်သွားခဲ့သည်။

‘ငါ ကောင်းကင်မြူခိုး လူရိုင်းအမဲလိုက်ပွဲမှာ ပါဝင်ချင်တယ်ဆိုတာ သူမြင်ခဲ့တာကြောင့်ပဲ။ အဲဒါကြောင့် ကြိုတင်သိထားတာမျိုးမရှိပဲ အဲဒီအချိန်ကျမှ လူရိုင်းတွေနဲ့တိုက်ပြီး ကြောက်ဖို့ကောင်းတဲ့အတွေ့အကြုံမျိုး ကြုံရမှာစိုးလို့ ငါ့ကို ဒီအခွင့်အရေးပေးခဲ့တာပဲ’

‘သူက ငါ့ရဲ့ ပထမဆုံးလူရိုင်းအမဲလိုက်ခြင်းကို စတင်ဖို့ခွင့်ပြုပေးခဲ့တာ ...’

စုမင်မျက်လုံးများအတွင်းရှိ အလင်းက ပိုမိုတောက်ပသွားသည်။ သူသည် တောထဲတွင် ဖြတ်သန်းသွားလာနေရင်း ရံဖန်ရံခါဆိုသလို ရပ်တန့်ကာ စူးစမ်းလေ့လာပြီးမှ ဆက်သွားလေသည်။ တစ်ခါတစ်ရံတွင်၊ သူသည် ဦးတည်ရာအရပ်ကိုပြောင်းလျက် အခြားလမ်းကြောင်းတစ်ခုမှ ဆက်လက်ကာလိုက်လံဖမ်းဆီးသည်။

အချိန်ကုန်လွန်လာသည်နှင့်အမျှ စုမင်အရှိန်သည် ပိုမိုမြန်ဆန်လာပြီး သူရပ်တန့်သော အရေအတွက်ကလည်း နည်းပါးလာခဲ့သည်။ သူ့ပစ်မှတ်ပြေးလွှားနေသည့် နေရာကို သူဆုံးဖြတ်ထားခဲ့ပြီးဖြစ်သည်။ သူဆက်လက်ပြေးလွှားနေရင်း မျက်လုံးများကိုပိတ်ထားလျှင်ပင်၊ ဝတ်ရုံအဖြူတွင် သွေးများစွန်းထင်းလျက် ထွက်ပြေးလွတ်မြောက်သွားသော ထိုယောက်ျားကို သူခံစားမိနေဆဲဖြစ်သည်။

တစ်နေ့ကုန်ဆုံးသွားပြီး၊ သူနှင့်ထိုလူကြား အကွာအဝေးသည် အလျင်အမြန်နီးကပ်လာပြီဖြစ်ကြောင်း စုမင်ခံစားမိလိုက်သည်။ ဤနေရာသည် လူရိုင်းများ၏နယ်မြေဖြစ်ကြောင်း စုမင်သိသည်။ တောထဲတွင် အခြားလူရိုင်းမျိုးနွယ်စုများ ရှိနေနိုင်သဖြင့် သူဤလူကို ဖြစ်နိုင်သမျှ အမြန်ဆုံးဖမ်းကာ သတ်ပစ်လိုခြင်းဖြစ်သည်။ တိုက်ပွဲကို အမြန်အပြီးသတ်ခြင်းသည် ဖြစ်ပျက်လာနိုင်မည့် အကျိုးဆက်များကို ရှောင်ရှားရန်ပင်။

ထိုသို့မဟုတ်လျှင်၊ သူ့အတွက် အန္တရာယ်ရှိနိုင်ယုံသာမက သုံးရက်ကျော်လွန်သွားပါက သူ့ဆရာပြောသလို သူမပြန်နိုင်တော့မျိုးလည်း ဖြစ်သွားနိုင်သည်။

ထျန်းရှဲ့ကျီသည် သူထိုနေရာတွင် သုံးရက်သာစောင့်မည်ဟု ပြောခဲ့သလို၊ သူ သုံးရက်တည်းသာ စောင့်နေမည်ကိုလည်း စုမင်ယုံကြည်၏။ ထိုသုံးရက်သည် ထျန်းရှဲ့ကျီ ဆက်လက် မစောင့်ဆိုင်းလိုသောကြောင့် မဖြစ်နိုင်ပဲ သုံးရက်ကျော်သွားလျှင် ထျန်းရှဲ့ကျီ ရင်ဆိုင်မတိုက်ခိုက်နိုင်သည့် တစ်စုံတစ်ဦးပေါ်လာလိမ့်မည်ဟု ဆိုလိုခဲ့ခြင်း ဖြစ်နိုင်သည်။

ထို့ကြောင့်ပင် သူထိုနေရာ၌ သုံးရက်သာစောင့်နေမည်ဟု စုမင်ကိုပြောဆိုခဲ့ခြင်းပင် ... အဆုံးထိတိုင်အောင်ပင် ထျန်းရှဲ့ကျီသည် စုမင်အား ထိုယောက်ျား၏ဦးခေါင်းကို ပြန်ယူလာပေးတာလိုချင်သည် ဆိုတာမျိုးနှင့်ပတ်သက်၍ ဘာတစ်ခုမှ ပြောဆိုခဲ့ခြင်းမရှိပေ။ စုမင်အား ထိုလူကိုလိုက်ဖမ်းရန်သာ ပြောဆိုခဲ့ခြင်းဖြစ်သည်။

စုမင် ထိုအရာများအားလုံးကို နားလည်သည်။ သူ့ဆရာစကားလုံးများ၏ နောက်ကွယ်မှအဓိပ္ပာယ်သည် နေ့အချိန်ကဲ့သို့ ရှင်းလင်းနေပေသည်။ သူသည် စုမင်အား လူရိုင်းတစ်ယောက်ကို လိုက်ဖမ်းရသည့် အတွေ့အကြုံရစေလိုခြင်း ဖြစ်သည်။ အောင်မြင်ရမည်ဟုတော့ မပြောခဲ့ပေ။

သူ စုမင်ကိုပြောဆိုခဲ့သည့် တစ်ခုတည်းသောအချက်မှာ ... သုံးရက် ဆိုသည့်အရာပင်။

ဤသုံးရက်အတွင်း စုမင်ပြန်သွားရပေမည်။

ဒုတိယနေ့၏ တစ်ဝက်ခန့်ကုန်ဆုံးသွားပြီးချိန်တွင်၊ သစ်တော၏ နက်ရှိုင်းသောအပိုင်းများထဲသို့ စုမင် ဝင်ရောက်လာခဲ့ပြီးချေပြီ။ မွန်းတည့်ချိန် ရောက်တော့မည်ဖြစ်သော်လည်း တောအုပ်အတွင်းတွင်တော့ နေရောင်ခြည်သည် သစ်ရွက်များကို ထိုးဖောက်ရန်မစွမ်းနိုင် ဖြစ်နေခဲ့သည်။ မြေပြင်သည် ရွှံ့နွံများဖြင့်သာ ပြည့်နေပြီး ပုပ်အဲ့အဲ့အနံ့တစ်မျိုးပင် ထုတ်လွှတ်လျက်ရှိသည်။

စုမင် ရှေ့ဆက်တိုးနေရာမှ ရုတ်တရက်ရပ်တန့်လိုက်သည်။ တောအုပ်ထဲမှာပင် သူ့အရှေ့တွင် တောင်ကုန်းသေးသေးလေးတစ်ခုကို တွေ့လိုက်ရသည်။ ထိုတောင်ကုန်းလေးသည် အရမ်းမမြင့်မားသော်လည်း အပင်များဖြင့်ပြည့်နေပြီး တောင်ကုန်းထိပ်တွင် လူတစ်ဦးကို စုမင်မြင်လိုက်ရချေသည်။

အရုပ်ဆိုးအကျည်းတည်လွန်းသော ထိုလူသည် တောင်ကုန်းပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ စုမင်ကို ငေးစိုက်ကြည့်နေခဲ့သည်။

သူတို့အကြည့်များ ဆုံတွေ့သွားချိန်တွင် သူ့စိတ်သည် ဗလာကျင်းသွားသည်ဟု စုမင်ခံစားလိုက်ရသော်လည်း သူ၏ နတ်ဘုရားအာရုံက ချက်ချင်း အသက်ဝင်သွားပြီး ပြန်လည် အသိဝင်လာခဲ့သည်။ တောင်ကုန်းပေါ်မှ အမျိုးသား၏ ပင်ပန်းနွမ်းနယ်နေသော မျက်လုံးများထဲတွင် လေးနက်မှုများဖြစ်ပေါ်လာပြီး သူ့ခန္ဓာကိုယ်က ယိမ်းယိုင်သွားသည်။ ထိုယိမ်းထိုးသွားသော အရှိန်အဟုန်ဖြင့် တောင်ကုန်း၏အနောက်ဘက်သို့ အလျင်အမြန်ဆင်းသွားလေသည်။

စုမင်မျက်လုံးများက တောက်ပသွားပြီး တောင်ကုန်းလေးဆီသို့ ဦးတည်ပြေးသွားလိုက်သည်။ သူတောင်ထိပ်၌ မတ်တတ်ရပ်လိုက်မိချိန်၊ သူ့မြင်ကွင်းထဲ ပထမဆုံးဝင်လာသောအရာမှာ တောင်ခါးပန်းတွင် အမျိုးသားသည် လက်များကိုမြှောက်လျက် သူ့ရင်ဘတ်ကိုယ်သူ ပြန်လည်ဖိနှိပ်လိုက်ခြင်းဖြစ်သည်။ ထိုသူသည် သွေးမည်းများစွာကို ထွေးထုတ်လိုက်ရာ ထိုသွေးမည်းများသည် အနက်ရောင်မြားများအသွင် ပြောင်းလျက် လေထုကိုပိုင်းဖြတ်ကာ စုမင်ထံတိုးဝင်လာခဲ့သည်။

ဤလူ့ထံတွင် ခွန်အားများကုန်ဆုံးနေပြီဖြစ်ကြောင်း စုမင်ပြောနိုင်ပေသည်။ ထိုလူသည် သူ့အားစုမင်လိုက်ဖမ်းနေကြောင်း သတိထားမိခဲ့သဖြင့် သူ့ဒဏ်ရာများကိုလည်း မကုသနိုင်ခဲ့ပေ။ ယခုတော့ ထိုသူသည် ဒဏ်ရာများကိုဖော်ပြလျက်ပင် ပြန်လည်တိုက်ခိုက်ရန် ရွေးချယ်ခဲ့ချေပြီ။

နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး သူ့ထံတိုးဝင်လာနေသော မြားများနှင့်ပတ်သက်၍ စိတ်အနှောင့်အယှက်ဖြစ်ခံမနေပဲ စုမင်အရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်သည်။ သူ၏အရှိန်နှုန်းဖြင့် ဆိုလျှင် ၎င်းတို့ကို လျစ်လျူရှုထား၍ရပေသည်။

သူလှုပ်ရှားလိုက်သည်နှင့် သူ့နဖူးအလယ်တွင် အစိမ်းရောင်အလင်းတစ်ဖြာ တောက်ပသွားသည်။ ဓားအမှတ်အသားထွက်ပေါ်လာပြီး ဓားရှည်လေး ပျံသန်းထွက်ပေါ်လာတော့မည့်အချိန်မှာပင်၊ စုမင်အမူအရာက ရုတ်ခြည်းပြောင်းလဲသွားခဲ့သည်။

သူ့ခြေထောက်များသည် တောင်ကုန်းအတိုင်း အောက်သို့ဆင်းလာနေသော်လည်း သူစဆင်းလိုက်သည်နှင့် ချက်ချင်းသတိပြုမိလိုက်သည်မှာ ...

ဤဆင်ခြေလျှောနှင့်ပတ်သက်၍ တစ်ခုခုတော့မှားနေပြီ။

အမျိုးသားသည် ခေါင်းကိုအလျင်အမြန် မော့ကြည့်လိုက်ပြီး သူ့မျက်နှာထက်တွင် ဆိုးညစ်သောအပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သူသည် သာမန်မျက်စိဖြင့်ပင် ထောက်လှမ်း မရနိုင်လောက်အောင် အလျင်အမြန် ရွေ့လျားလိုက်ပြီး ခုန်တက်ကာ စုမင်ထံ တိုးဝင်သွားသည်။ အကယ်၍ ထိုသူသည်သာ အချိန်ကြာမြင့်စွာတည်းက ယခုလိုထိတ်လန့်တုန်လှုပ်ဖွယ် အမြန်နှုန်းဖြင့် ပြေးလွှားနေခဲ့မည်ဆိုလျှင် စုမင်လိုက်မီနိုင်လိမ့်မည်တောင် မဟုတ်ပေ။

ထိုသူ့အမြန်နှုန်း ရုတ်တရက်တိုးပွားလာသည်နှင့်အမျှ သူ၏ တောင်အောက်သို့ဆင်းနေသော အရှိန်နှုန်းသည် သူနားလည်ထားသမျှ အရာအားလုံးနှင့်ဆန့်ကျင်နေသော နည်းလမ်းမျိုးဖြင့် ရုတ်တရက်ကျဆင်းသွားသည်ဟု ခံစားလိုက်ရ၏။

သူတောင်ကုန်းပေါ်သို့ တက်နေချိန် ထိုယောက်ျားက အောက်ဆင်းလာသည့်ပုံစံမျိုး သူတို့နှစ်ဦးနေရာလဲသွားသကဲ့သို့ ဖြစ်သည်။

ထိုအရာများအားလုံးသည် ခဏတာသာ ကြာမြင့်ခဲ့ပြီး ထိုလူ၏မြားများက စုမင်ထံနီးကပ်လာခဲ့သည်။ သူ၎င်းတို့ကို ရှောင်လိုက်သည်နှင့် ထိုယောက်ျားက ထိတ်လန့်ဖွယ်အမြန်နှုန်းဖြင့် သူ့အနီးသို့ရောက်လာခဲ့သည်။

အသက်အန္တရာယ်ရှိသည်ဟူသော ခံစားချက်အာရုံတစ်ခုသည် စုမင်ခန္ဓာကိုယ်အတွင်း ဒီရေလှိုင်းလုံးတစ်လုံးသဖွယ် မြင့်တက်ဖြစ်ပေါ်လာသည်။ သူ့ခန္ဓာကိုယ်မှ အမွေးများပင် ထောင်မတ်သွားရပြီး သူ့ခန္ဓာကိုယ်က တောင်ပေါ်တွင် ညပ်နေသကဲ့သို့ ခံစားလိုက်သည်။ ပျံသန်းလိုက်ချင်သော်လည်း သူ၏ အလွန်လျော့နည်းသွားသော အမြန်နှုန်နှင့် ထိုယောက်ျား၏ ထိတ်လန့်ဖွယ်အမြန်နှုန်းတို့သည် ထိုလူ၏ ရှင်းရှင်းလင်းလင်းပင် သတ်ဖြတ်ရန် ပြင်ဆင်ထားသော လှုပ်ရှားမှုကို သူ့အား ရှောင်တိမ်းခွင့်ပြုလိမ့်မည် မဟုတ်ပေ။

သူ့တွင် အသက်အန္တရာယ်ရှိသည်ဟု စုမင်မခံစားခဲ့ရသည်မှာ အချိန်အတော်ကြာခဲ့ပြီးဖြစ်ကာ ယခုတော့ ထိုအရာက နောက်တစ်ကြိမ် ပြန်လည်ဖြစ်ပျက်လာခဲ့ချေပြီ။ စုမင်မျက်လုံးများအတွင်းရှိ စိတ်ခံစားချက်များသည် ချက်ချင်းငြိမ်ကျသွားပြီး ရေသေကဲ့သို့ အေးချမ်းတည်ငြိမ်မှုတစ်ခုက သူ့ခန္ဓာကိုယ်အတွင်း ပျံ့နှံ့သွားသည်။

သူ့ပထမဆုံး လှုပ်ရှားမှုသည် သူ့ခန္ဓာကိုယ်အား အနက်ရောင်မြူခိုးများဖြင့် ဝန်းရံသွားစေလိုက်ခြင်းဖြစ်သည်။ သူ၏ကျဆင်းနေသော ခန္ဓာကိုယ်ပေါ်တွင် သတ်ဖြတ်ခြင်း အရှိန်အဝါတစ်ခုဖြင့် အနက်ရောင်ချပ်ဝတ်တစ်ခု ပေါ်လာခဲ့သည်။ ထိုအရာသည် သူ၏ စစ်နတ်ဘုရားချပ်ဝတ်ပင် ဖြစ်သည်။

ချပ်ဝတ်ပေါ်လာပြီးနောက်တွင် စုမင်၏ဒုတိယလှုပ်ရှားသည် သူ့ကိုယ်သူကာကွယ်ရန် ဟန်တောင်တန်းခေါင်းလောင်းကို ထုတ်ယူလိုက်ခြင်းမဟုတ်ပေ။ ထိုအစား နတ်ဘုရားအာရုံ၏ စွမ်းအားကို အသက်သွင်းလိုက်လေသည်။ သူ့ခန္ဓာကိုယ်သည် ဖြည်းညင်းစွာ ကျဆင်းနေခြင်း ဖြစ်သော်လည်း သူ၏နတ်ဘုရားအာရုံကမူ သူ့ထံတိုးဝင်လာနေသော တိုက်ခိုက်မှု၏လမ်းကြောင်းကို တွေ့မြင်နိုင်ဆဲဖြစ်သည်။

သူ့ထံသို့ အလျင်အမြန်တိုးဝင်လာနေသော အမျိုးသားသည် ညာလက်ကိုမြှောက်ထားပြီး ထိုသူ၏လက်သည်းများသည် အနက်ရောင်မြူခိုးများဝန်းရံနေသည့် ချွန်ထက်သောလက်သည်းများအဖြစ် ပြောင်းလဲသွားသည်ကို စုမင်တွေ့လိုက်ရသည်။ ၎င်းတို့သည် စုမင်၏ရင်ဘတ်ဆီသို့ ဦးတည်နေပြီး ခဏအတွင်း ရောက်ရှိလာပေတော့မည်။

ထိုအရာများအားလုံးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီးသည့်အခါ စုမင်ဘေးဘက်သို့ အနည်းငယ် ရွေ့ပစ်လိုက်သည်။

လေထဲတွင် ကျယ်လောင်စွာမြည်ဟည်းသံကြီး ဖြစ်ပေါ်လာပြီး စုမင်ဆတ်ခနဲတုန်ယင်သွားရသည်။ တိုက်ခိုက်မှုကို ဆက်လက်မခုခံနိုင်ဟန်ဖြင့် စစ်နတ်ဘုရားချပ်ဝတ်က စတင်ပြိုကွဲပျက်စီးလာသည်။ သို့သော် ၎င်းသည် ပျက်စီးလာနေသော်လည်း ချက်ချင်းပြန်လည်ကောင်းမွန်လာပြီး အမျိုးသား၏ တိုက်ခိုက်မှုကို လုံးဝ ပယ်ဖျက်လိုက်နိုင်သည်အထိ ထိုကဲ့သို့ အကြိမ်ကြိမ် ဖြစ်ပျက်နေခဲ့သည်။ သို့သော် သူ၏စစ်နတ်ဘုရား ချပ်ဝတ်သည် ပုံရိပ်ယောင်တစ်ခုသာဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ ကိုယ်ထည်မရှိသဖြင့် စူးရှသောနာကျင်မှုတစ်ခုက စုမင်တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားခဲ့သည်။

သူ၏ အစစ်အမှန်ချပ်ဝတ်ကို လက်ခံရန် စုမင် ကြီးမြတ်သောယုပြည်ထောင်သို့ ယခုထိမသွားရသေးပေ။

ထို့ကြောင့် ချပ်ဝတ်သည် လက်သည်းရှည်ကြီးငါးခု၏ စွမ်းအားကိုခုခံလိုက်နိုင်သော်လည်း ထိုယောက်ျား သူ၏လက်ငါးချောင်းကို စုလိုက်ချိန်တွင် လက်သည်းချွန်ငါးခုစုဝေးရာမှ ဖြစ်ပေါ်လာသော အခွံဓားမြှောင်ကိုတော့ မခုခံနိုင်ခဲ့ခြင်းဖြစ်သည်။

ထိုအရာသည် ဓားမြှောင်တစ်ချောင်း အရွယ်အစားရှိသော အနက်ရောင်အခွံတစ်ခုဖြစ်သည်။ ထိုအရာကို အနီးကပ်ကြည့်မည်ဆိုလျှင် လိပ်ခွံတစ်ခုဖြစ်ကြောင်း တွေ့ရလိမ့်မည်ဖြစ်သည်။ သို့သော် ထိုလိပ်ခွံသည် ခွဲခြမ်းခံထားရပြီး ထိုယောက်ျား၏ လက်သည်းများအတွင်း သိမ်းဆည်းထားခဲ့ခြင်းဖြစ်သည်။ ၎င်းတို့သည် လက်သည်းရှည်များနှင့် တူသော်လည်း အတူတကွ စုဝေးလိုက်ပါက ၎င်း၏ ပုံစံအစစ်အမှန် ပေါ်လာပေလိမ့်မည်။

ထိုအခွံမာဓားမြှောင်သည် စုမင်၏ စစ်နတ်ဘုရားချပ်ဝတ်ကိုဖြတ်လျက် သူ့ရင်ဘတ်ထဲသို့ စိုက်ဝင်နေခဲ့သည်။

ဓားမြှောင်၏ ပစ်မှတ်သည် မူလက စုမင်၏နှလုံးသားကိုဖြစ်သော်လည်း စုမင်က နတ်ဘုရားအာရုံကို အသက်သွင်းပြီးနောက် ခန္ဓာကိုယ်ကို ဘေးသို့ အနည်းငယ်ရွေ့လိုက်သဖြင့် ဓားမြှောင်က သူ့နှလုံးသားနှင့် လွဲချော်သွားလေသည်။ ဤအရာသည် အလွန်နာကျင်သော်လည်း အနည်းဆုံးတော့ သူဒဏ်ရာ အပြင်းအထန်မရခဲ့ပေ။

ဤအရာများအားလုံးသည် အချိန်ခဏအတွင်း ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။ ထိုယောက်ျား၏ လက်အတွင်းမှ အခွံမာဓားမြှောင်သည် စုမင်၏ ရင်ဘတ်ညာဘက်ခြမ်းသို့ ထိုးဖောက်သွားပြီးသည်နှင့် ထိုသူ၏မျက်နှာထက်တွင် အံ့အားသင့်သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သူ့အမြန်နှုန်းတိုးလာချိန်တွင် စုမင်အမြန်နှုန်းက လျော့နည်းသွားသဖြင့် ဤတိုက်ခိုက်မှုကို စုမင် ရှောင်လိုက်နိုင်လိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့မိသည်မှာ အရှင်းအလင်းပင်။ စုမင်သည် မာန်စွမ်းအားရှင်မျိုးနွယ်စု အတွင်းမှ စစ်နတ်ဘုရားတစ်ပါး ဖြစ်သည်ဆိုသော အချက်ကလည်း သူ့ကိုတုန်လှုပ်သွားစေသလို၊ စုမင်အား သတ်ဖြတ်လိုသော သူ့ဆန္ဒကလည်း ပိုမိုပြင်းထန်လာခဲ့ရသည်။

သူ့တုန်လှုပ်မှုသည် အေးစက်စက် လှောင်ပြောင်ဟန်တစ်ခုအဖြစ် အလျင်အမြန် ပြောင်းလဲသွားသည်။ ထို့နောက် စုမင်ရင်ဘတ်မှ ဓားကို ပြန်လည်ဆွဲထုတ်ရန် ပြင်လိုက်ချိန်တွင် မျက်လုံးများထဲ၌ ကြောက်မက်ဖွယ်သတ်ဖြတ်ခြင်း အရှိန်အဝါတစ်ခုဖြင့် စုမင်က ခေါင်းမော့လာသည်ကို သူမြင်လိုက်ရ၏။ ထိုအရာသည် အကုန်မဟုတ်သေးပေ။ စုမင်၏ ညာဘက်မျက်လုံးထဲတွင် ဘယ်ဘက်မျက်လုံးနှင့် လုံးဝမတူသော စူးရှတောက်ပသည့် အနီရောင်အလင်းကိုလည်း သူတွေ့လိုက်ရချေသည်။

ထိုစူးရှသော အနီရောင်အလင်းကြောင့် စုမင်မျက်လုံးသည် သွေးများစွန်းထင်းနေသော လတစ်ခုနှင့် တူနေခဲ့သည်။ ထိုယောက်ျားသည် စုမင်မျက်လုံးကို အနီးကပ်မြင်လိုက်ရချိန်တွင်၊ အမျိုးအမည်မသိသော အကြောင်းအရင်းတချို့ကြောင့် ကြောက်ရွံ့တုန်လှုပ်သွားမိသည်။

“ဒီဓားက တော်တော်လေးကောင်းတာပဲ။ ငါ ယူလိုက်တော့မယ်” စုမင် ခြောက်ကပ်စွာပြောရင်း ရင်ဘတ်တွင်စိုက်နေသော ဓားမြှောင်ကို ထိုလူပြန်ဆွဲမထုတ်နိုင်စေရန် ဘယ်လက်ဖြင့် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်သည်။

တစ်ချိန်တည်းမှာပင် စုမင် ခန္ဓာကိုယ်အတွင်းမှ ခေါင်းလောင်းသံတစ်သံ ပျံ့လွင့်လာသည်။ ထိုခေါင်းလောင်းသံသည် လေထဲတွင် ကျယ်လောင်စွာ ပဲ့တင်ထပ်သွားပြီး စုမင်နှင့်ထိုယောက်ျားတို့ အနီးပတ်ဝန်းကျင်တွင် လှိုင်းဂယက်အလွှာများ ဖြစ်ပေါ်လာစေခဲ့သည်။

ခေါင်းလောင်းသံများသည် လူရိုင်းယောက်ျား၏နားထဲသို့ ရောက်သွားသောအခါ ကောင်းကင်ဘုံကိုယ်တိုင် ဒေါသတကြီးအော်ဟစ်နေသံမျိုး ဖြစ်ပေါ်နေပြီး ၎င်းအော်ဟစ်သံများသည် ကျယ်လောင်သောမိုးခြိမ်းသံများသဖွယ် ပြောင်းလဲသွားခဲ့သည်။ သူ့အမြန်နှုန်းကိုတိုးမြှင့်ရန် တောင်ကုန်းအတွင်းရှိ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကိုအသုံးပြုထားသော်လည်း ၎င်းတို့ကြောင့် သူ့ခန္ဓာကိုယ်ပင် တုန်ယင်သွားရပြီး သူ့မျက်နှာက ရှုံ့မဲ့သွားခဲ့ရလေသည်။

သူရှုံ့မဲ့သွားချိန်မှာပင်၊ စုမင်၏ ညာမျက်လုံးအတွင်းရှိ အနီရောင်အလင်းထံမှ တုန်လှုပ်ဖွယ်သတ်ဖြတ်ခြင်း အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး စုမင်သည် သူ့အရှေ့ရှိယောက်ျား၏ ဦးခေါင်းကို သူ့ခေါင်းနှင့်ဆောင့်တိုက်ပစ်လိုက်သည်။

လေထဲတွင် မြည်ဟည်းသံကြီး ထွက်ပေါ်လာပြီးနောက် အမျိုးသား၏ စူးရှနာကျင်စွာအော်ဟစ်သံများက နောက်မှဆက်လက် ထွက်ပေါ်လာခဲ့သည်။ သူအဝေးသို့ ထွက်ခွာ သွားချင်နေသော်လည်း စုမင်ညာလက်က အမျိုးသား၏ ပခုံးထက်၌ အဆင်သင့် ဆုပ်ကိုင်ထားလေသည်။ စုမင် ခေါင်းမော့ကာ ရှေ့သို့ခြေတစ်လှမ်းတက်လိုက်ပြီး အမျိုးသား၏ ခန္ဓာကိုယ်ကိုလည်း တွန်းလိုက်ကာ ထိုလူ၏ခေါင်းကို သူ့ခေါင်းနှင့် ထပ်ဆောင့်တိုက်လိုက်သည်။

ထိုယောက်ျားသည် နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် ဆုတ်လိုက်ရသလို စုမင် ခေါင်းသည်လည်း အလားတူနာကျင်မှုမျိုး ခံစားနေရလေသည်။ အမျိုးသား၏ မျက်နှာထက်တွင် သွေးများ ဖုံးလွှမ်းနေပြီး မျက်လုံးများထဲ၌ ထိတ်လန့်ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာခဲ့သည်။ သူသည် မူလတည်းက အချည်းနှီး ပြေးလွှားနေခဲ့ရခြင်းဖြစ်ပြီး သူအသုံးပြုနိုင်သော စွမ်းအင်ပမာဏသည်လည်း ရုပ်နယ်လွန်အလယ်ဆင့်ရှိ မာန်စွမ်းအားရှင် တစ်ဦးနှင့်သာ တူညီပေသည်။ အကယ်၍ သူသာ အေးဆေးတည်ငြိမ်နေပြီး လူရိုင်းမျိုးနွယ်စု၏ ထူးခြားသော နတ်ဘုရားစွမ်းရည်များကို အသုံးချနိုင်ခဲ့မည်ဆိုလျှင်တော့၊ သူ လွတ်မြောက်နိုင်မည့် အခွင့်အလမ်းတစ်ရပ် ရကောင်းရနိုင်ခဲ့သည်။

သို့သော် သူသည် ပထမဆုံးထျန်းရှဲ့ကျီကြောင့် ထိတ်လန့်ခဲ့ရသည်။ ထို့နောက် သူ့ရှေ့မှာပင် သူ့ချစ်သူအသတ်ခံလိုက်ရခြင်းကြောင့် ဝမ်းနည်းပူဆွေးခဲ့ရပြန်သည်။ ရောင်နီခွဲဖြာများအတွက် သူတို့၏အခြားတစ်ခြမ်း သေဆုံးသွားပြီဆိုလျှင်၊ သူတို့ရန်သူများအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်ရန် အလွန်ခဲယဉ်းသွားချေပြီ။ ရောင်နီခွဲဖြာများသည် အလွန်အစွမ်းထက်သည် မှန်သော်လည်း သူတို့အားနည်းချက်များသည်လည်း အလွန်ကြီးမားပေသည်။

သူသည် မူလက ထွက်ပြေးတိမ်းရှောင်နေရင်း လက်စားချေသည့်အနေဖြင့် စုမင်ကိုသတ်ချင်ခဲ့သော်ငြား စုမင်သည် ဤမျှ ရက်စက်ကာ ကြောက်စရာကောင်းလိမ့်မည်ဟုတော့ ထင်မထားမိပေ။ စုမင်၏ ညာမျက်လုံးအတွင်းမှ သွေးနီရောင်အလင်းက သူ့ကိုပိုမိုကြောက်ရွံ့စေ၏။

ကြောက်ရွံ့နေချိန်မှာပင် စုမင်မျက်ခုံးများအလယ်တွင် အစိမ်းရောင်အလင်းတစ်ဖြာ တောက်ပသွားသည်ကို သူမြင်လိုက်ရ၏။ သူတို့နှစ်ဦးသည် အလွန်နီးကပ်စွာ ရှိနေခဲ့ခြင်းဖြစ်၍ ကျောက်စိမ်းဓားရှည်သည် ထိုယောက်ျား၏လည်ပင်းကို တစ်ချက်တည်း ပိုင်းဖြတ်သွားခဲ့သည်။

သွေးများ ပန်းထွက်လာပြီး သူ့ခေါင်းကမြေပေါ် ပြုတ်ကျသွားခဲ့သည်။

တောင်ကုန်း၏ ထူးဆန်းမှုကြောင့် ပန်းထွက်လာသော သွေးများနှင့် မြေပြင်ပေါ်မှ သွေးများသည် တောင်အောက်သို့ စီးကျမသွားပဲ အပေါ်သို့ စီးမျောသွားလေသည် ...

စုမင် အမျိုးသား၏ လက်ကိုလွှတ်ပေးလိုက်ရာ ထိုသူ့အလောင်းကြီးက မြေပေါ်ပြိုလဲကျသွားပြီးနောက် စုမင်ထိုလူ့ခေါင်းကိုဆံပင်မှ ဆွဲကိုင်လိုက်သည်။ စုမင်မျက်နှာက ဖြူရော်နေပြီး အသက်ရှူသံများက လျင်မြန်နေခဲ့သည်။ အခွံမာဓားမြှောင်သည် သူ့ ရင်ဘတ်ညာဘက်ခြမ်းတွင် နက်ရှိုင်းစွာနစ်ဝင်နေဆဲဖြစ်သည်။

စုမင် အသက်ဝဝရှူလိုက်ပြီး တောင်ကုန်းမှ ထွက်သွားတော့မည့်အချိန်တွင် သူနှင့်သိပ်မဝေးသည့် တောအုပ်ဆီသို့ ရုတ်တရက်လှည့်ကြည့်လိုက်သည်။

စုမင် ထိုနေရာတွင် ကောင်လေးတစ်ယောက်ကို မြင်လိုက်ရ၏။ ထိုကောင်လေးသည် သားရဲအရေများကို ဝတ်ဆင်ထားပြီး သူ့မျက်နှာသည် လူသေကဲ့သို့ဖြူဖျော့နေပြီး အံ့အားသင့်သောအမူအရာဖြင့် စုမင်ကိုငေးကြည့်နေချေသည်။ သူ့လက်များထဲတွင် အကြမ်းထည်လေးတစ်ချောင်း ရှိနေခဲ့သည်။

သူ့မျက်နှာပေါ်တွင် လူရိုင်းများနှင့်သက်ဆိုင်သော ဆေးမင်ကြောင်များကိုလည်း ... စုမင် တွေ့လိုက်ရသည်။

ဤသည်မှာ လူရိုင်းမျိုးနွယ်စု၏ ကလေးတစ်ယောက်ဖြစ်သည်။

စုမင် ထိုကလေးကို တိတ်ဆိတ်စွာဖြင့် တစ်ချက်လှမ်းကြည့်လိုက်ပြီး လက်ဖြင့် ရင်ဘတ်ကိုဖိလိုက်ပြီး နောက်သို့လှည့်ထွက်ကာ တောင်ကုန်းအောက်သို့ အလျင်အမြန် ဆင်းသက်လိုက်လေသည် ...

***

All Chapters