လက်နက်တပ်ဆင်ခြင်း လှည့်ကွက်
Vol. 35 Ch. 362
“ပညာရေး” ကျန်းယန် ချင်းယွင်ကျိကို လေးလေးနက်နက်ပြောလိုက်သည်။
“နေရာတစ်ခုက တိကျတဲ့မှန်ကန်တဲ့ လမ်းညွှန်ချက် ကင်းမဲ့နေလို့ မရဘူး
ကျွန်တော်ကိုယ်တိုင် ပညာရေးစနစ်တစ်ခု တည်ဆောက်ပေးလို့ ရပေမယ့် အချိန်အများကြီး ယူရလိမ့်မယ် အကုန်လုံးကို ကိုင်တွယ်နေရင်လည်း ကျွန်တော်ကျင့်ကြံရမှာ မဟုတ်တော့ဘူး
လန်ကျားအထွတ်အမြတ်မြေမှာ ရင့်သန်နေပြီးသား ပညာရေးစနစ်ရှိတယ် သူတို့ကို အဇူရာတိမ်မြို့က ပညာရေးမှာ နေရာပေးလိုက်တာက အကောင်းဆုံး ရွေးချယ်မှုပဲ”
သူအသာအယာပြုံးလိုက်၏။
“ဆရာ အဇူရာတိမ်ဂိုဏ်းက လူတွေကို ဘယ်လိုပညာပေးခဲ့လဲ ဆရာမြင်ပြီးပါပြီ ထင်ရှားတဲ့ လွှမ်းမိုးမှုဖြစ်လာတာက အထင်ရှားဆုံး ဥပမာပဲ
အခုဆို အဇူရာတိမ်မြို့ထဲမှာ သတင်းအချက်အလက် အ၀န်းအဝိုင်းကြီးတစ်ခု တည်ဆောက်ပြီးသွားပြီ မြို့ထဲ၀င်လာတဲ့ သူမှန်သမျှက အဲ့ဒီအရာတွေကို ကြားနေမြင်နေရမှာပဲ သူတို့ကြားနေ မြင်နေရသမျှအရာအားလုံးကလည်း အဇူရာတိမ်ဂိုဏ်းနဲ့ ပတ်သက်တဲ့အရာတွေချည်းပဲ ဒီလိုနဲ့ ကြာလာရင် သူတို့က ဂိုဏ်းရဲ့အစိတ်အပိုင်းတွေ ဖြစ်လာလိမ့်မယ်”
ချင်းယွင်ကျိ ပြောလိုက်သည်။
“မင်းကအဲ့လောက်အဝေးကြီးထိ တွေးထားတာလား”
သူခေါင်းခါလိုက်ကာ “မင်းဟာမင်းသာ ကိုင်တွယ်တော့…မင်းကြိုက်သလိုသာ လုပ်”
ထို့နောက် သူ၀င်္ကပါကို အင်အားဖြည့်ရန် ထွက်ခွာသွားခဲ့၏။
ထိုစဉ် တုရှန်ယူဆောင်လာသောသတင်းက လန်ကျားအထွတ်အမြတ်မြေကို တုန်လှုပ်သွားသွားစေခဲ့သည်။ သူတို့သည် ပါရမီရှင် ၇ယောက်လုံးကို ဆုံးရှုံးလိုက်ရခြင်းပေလော။
ကျားရှန် ဝိညာဉ်အခြေတည်အဆင့် ၇ ယောက်ကို မေးခွန်းထုတ်လိုက်၏။ ဤကိစ္စသည် ဂိုဏ်း၏ အကျိုးအမြတ်နှင့်ဆက်စပ်နေသောကြောင့် လိုအပ်လျှင် ခြိမ်းခြောက်နည်းများပါ မသုံးခဲ့ဘူးလားဟု သူအပြစ်တင်နေခဲ့သည်။
သူတို့ ထိုနည်းလမ်းများကိုလည်း အသုံးပြုခဲ့သောကြောင့် ထိုသူများကတော့ မှားယွင်းစွပ်စွဲခံရသလို ခံစားနေခဲ့ရ၏။
သူတော်စင်သခင် မျက်မှောင်ကြုံ့သွားကာ တုန်လှုပ်သွားသလို ဇဝေဇဝါလည်း ဖြစ်သွားခဲ့ရသည်။ ထို ၇ ယောက်သည် ဂိုဏ်းမှသေချာရွေးချယ်ကာ အသွင်ယူဖို့ စေခိုင်းထားသူများ ဖြစ်ကြ၏။ သို့သော် အဇူရာတိမ်ဂိုဏ်းက နှစ်အနည်းငယ်အတွင်း အရာအားလုံ့းကို ပြောင်းပြန်လှန်ကာ ထိုကလေးများကို သိမ်းသွင်းနိုင်ခဲ့သည်။
အတန်ကြာတိတ်ဆိတ်နေပြီးနောက် သူတော်စင်သခင် ပြောလိုက်၏။
“ငါတို့ သေချာပေါက် သင်ရမယ်”
လူတိုင်း အံ့အားသင့်သွားခဲ့သည်။
“ငါတို့က ကျောင်းတော်သားတွေ ပညာရှိတွေ” သူဆက်ပြောလိုက်၏။
“တကယ်လို့ အခြားသူတွေက ငါတို့ထက် ကျော်တက်သွားခဲ့မယ်ဆိုရင် ငါတို့ သူတို့ဆီက ကောင်းကောင်း ပြန်သင်ယူရမှာပဲ
တကယ်လို့ ငါတို့သာ အဇူရာတိမ်ဂိုဏ်းရဲ့ လူတွေကို စည်းရုံးသိမ်းသွင်းတဲ့နည်းလမ်းကို တတ်မြောက်သွားခဲ့မယ်ဆိုရင် လန်ကျားအထွတ်အမြတ်မြေက ဘယ်လိုဖြစ်လာမလဲ စိတ်ကူးကြည့်ကြစမ်းပါ
အခုငါတို့က မဟာမိတ်တွေ ဒါကငါတို့အတွက် အကောင်းဆုံးအခွင့်အရေးပဲ မဖြုန်းတီးပစ်နဲ့”
အခြားသူများ ခေါင်းငြိမ့်ပြလိုက်ကြ၏။
တုရှန် ကျန်းယန်၏ အဇူရာတိမ်မြို့တွင် အကယ်ဒမီတည်ထောင်ဖို့ ဖိတ်ခေါ်သည့်အကြောင်းကိုပါ ဆက်ပြောပြလိုက်သည်။
ထိုသတင်းကြောင့် အခြားသူများ အံ့အားသင့်သွားကြပြန်၏။ ဘယ်သူကမှ သူတို့ပိုင်နက်ထဲတွင် အခြားဂိုဏ်းတစ်ဂိုဏ်းဂိုဏ်းကို လာလွှမ်းမိုးခံမည် မဟုတ်ပေ။
သို့သော် အဇူရာတိမ်ဂိုဏ်းက သူတို့ကလေးများကို ပညာသင်ခံပါမည်တဲ့လား။
သေချာတွေးပြီးနောက် သူတော်စင်သခင် ပြောလိုက်သည်။
“ကုန်းရှန် အဇူရာတိမ်ဂိုဏ်းကို လူတွေခေါ်သွားပြီး လန်ကျားအကယ်ဒမီကိုတည်ထောင်
ပြီးတော့ မင်းအဲ့ဒီမှာရှိနေတုန်း အဇူရာတိမ်ဂိုဏ်းရဲ့ နည်းလမ်းတွေကိုလည်း လေ့လာခဲ့”
“မင်းမြေးလည်း အဇူရာတိမ်မြို့မှာ မဟုတ်လား သူတို့ကိုလည်း အကယ်ဒမီမှာ လက်ထောက်ဆရာခန့်ထားလိုက်
ပြီးတော့ ရှို့ပင်းလည်း အဲ့ဒီမှာခဏလောက်နေရဦးမှာ သူ့ကိုလည်း ဒီကာလအတွင်း သင်ခိုင်းလိုက်”
သူတော်စင်သခင် ကျန်းယန်၏ အရင်ကလှည့်ကွက်များအကြောင်းပြန်စဉ်းစားရင်း သိလာခဲ့သည်မှာ သူပိုပြီး အတွေးလွန်လေလေ ပိုပြီး အယူလွဲနိုင်လေ ဆိုတာကိုပင်။
ထို့ကြောင့် ထိုအစား သူအတွေးမလွန်ဖို့သာ ဆုံးဖြတ်လိုက်သည်။
လန်ကျားအထွတ်အမြတ်မြေအတွက် အကျိုးအမြတ်ရှိနေသ၍ သူလုပ်ရပေမည်။
ယခုအခါ အဇူရာတိမ်မြို့သည် ကမ္ဘာကြီး၏ ဗဟိုပင် ဖြစ်လာလို့ နေခဲ့ချေပြီ။ နေ့စဉ် ထိုနေရာသို့ ခြေသလုံးအိမ်တိုင်ကျင့်ကြံသူများ ကုန်သည်များက ဥဒဟို ၀င်ထွက်သွားလာနေခဲ့ကြ၏။
ထိုကဲ့သို့သောနေရာမျိုးတွင် အကယ်ဒမီတည်ထောင်လိုက်လျှင် လန်ကျားအထွတ်အမြတ်မြေအတွက် အတော်လေး အကျိုးဖြစ်ထွန်းလာနိုင်ပေသည်။
ထို့ကြောင့် သူရှေ့သို့သာ မျှော်ကြည့်ရပေမည်။
ကုန်းရှန် ခေါင်းငြိမ့်ပြလိုက်ပြီးနောက် အဇူရာတိမ်မြို့တွင် အကယ်ဒမီတည်ထောင်ရန် လူများ စတင်ရွေးချယ်လေတော့၏။
ထိုစဉ် ကမ္ဘာတစ်ဝှမ်းရှိ ဂိုဏ်းများကတော့ လန်ကျားသတင်းစာကိုကြည့်ကာ စိတ်တိုနေခဲ့ကြသည်။
ကျိုးရွှမ်ရှန်း ဒေါသတကြီးပြောလိုက်၏။
“လန်ကျားအထွတ်အမြတ်မြေက အဇူရာတိမ်ဂိုဏ်းနဲ့ မဟာမိတ်ဖွဲ့ထားပြီးသားဆိုပေမယ့် တစ်ဖက်မှာလည်း ငါတို့ဆီက အကျိုးအမြတ်လိုချင်နေသေးတယ် ဒါလား ပညာရှိတွေဆိုတာ တိရစ္ဆာန်ကောင်တွေ”
ကျိုးကျွင်းချန် သက်ပြင်းချလိုက်သည်။
“သူတို့က ဆက်ပြီးတောင် ဖုံးကွယ်မထားတော့ဘူး မဟာမိတ်ဖွဲ့ထားကြောင်း ပေါ်ပေါ်တင်တင်ကြေငြာနေပြီ ဒါက ကောင်းတဲ့လက္ခဏာတော့ မဟုတ်ဘူး
ကျွန်တော်တို့ စိတ်ပူရမှာက အခြားဂိုဏ်းတွေရော အဇူရာတိမ်ဂိုဏ်းနဲ့ မဟာမိတ်ဖွဲ့ထားသေးလားဆိုတဲ့ ကိစ္စပဲ အဲ့လိုသာဆို အခြေအနေတွေက အတော်ကြီး ဆိုးဝါးသွားလိမ့်မယ်”
ကျိုးရွှမ်ရှန်း၏ အမူအရာ မည်းမှောင်သွားခဲ့၏။ အခြေအနေက ဘယ်လောက်ဆိုးနေမှန်း သူသိပေသည်။ သို့သော် အဇူရာတိမ်ဂိုဏ်းကလည်း အတော်လေး ရင်ဆိုင်ရခက်နေခဲ့၏။ပိုဆိုးသည်မှာ သူတို့ဘေးတွင် ရှိနေသော ဂိုဏ်းဖြစ်သော်လည်း ထိုဂိုဏ်းတဖြည်းဖြည်းတိုးတက်လာတာကို စောင့်ကြည့်ရုံသာ တတ်နိုင်ခဲ့သည်။
သူကျန်းတောက်ဘက်လှည့်ကာ မေးလိုက်၏။
“မင်းအဇူရာတိမ်ဂိုဏ်းရဲ့ ကောင်းကင်အခြေပြုလက်နက်ကို သုတေသနလုပ်ပြီးပြီလား”
ကျန်းတောက် တွန့်ဆုတ်သွားခဲ့သည်။
“ကျွန်တော်တို့ တစ်ခုတော့ တုပဖန်တီးခဲ့ပါတယ် ဒါပေမယ့်….သူ့စွမ်းအားက … ဂိုဏ်းချုပ်ကိုယ်တိုင်ပဲ ကြည့်လိုက်သင့်တယ် မဟုတ်လား”
ကျိုးရွှမ်ရှန်း သူ့အစား ကျိုးကျွင်းချန်ကို သွားစစ်ဆေးခိုင်းလိုက်၏။
ကျိုးကျွင်းချန်နှင့်ကျန်းတောက်တို့ နတ်ဝိညာဉ်အဆင့်တစ်ယောက်ကိုခေါ်ကာ အဝိုင်းလက်နက်အတုကို စမ်းသပ်ဖို့ ဂိုဏ်းနှင့် မိုင်သုံးရာဝေးသောနယ်မြေသို့ ရောက်ရှိလာခဲ့သည်။
ထိုနေရာသို့ရောက်သောအခါ နတ်ဝိညာဉ်အဆင့် လေပေါ်ပျံတက်သွားပြီး သံချောင်းကို ပစ်ချလိုက်၏။
လူတိုင်းစောင့်ကြည့်နေခဲ့ကြသည်။
ထိုသံချောင်းက မြေကြီးထဲသို့ မီတာပေါင်းများစွာ ထိုးဖောက်ဝင်ရောက်သွားသော်လည်း ဘာမှဆက်ဖြစ်မလာခဲ့ပေ။
အားလုံး တိတ်ဆိတ်နေခဲ့၏။
အဇူရာတိမ်ဂိုဏ်း ထုတ်ဖော်ပြသတုန်းက ထိုသံချောင်းသည် အရာအားလုံးကို ဖျက်ဆီးနိုင်ခဲ့သော်လည်း သူတို့အလှည့်ကျ တွင်းပေါက်တစ်ခုပဲတဲ့လား။
ကျိုးရွှမ်ရှန်း သူ့နတ်အာရုံကို ချက်ချင်းပြန်သိမ်းလိုက်သည်။ ထိုပြသမှုကို ကြည့်ရှုရတာ ရှက်စရာကောင်းလွန်းလှ၏။
ကျိုးကျွင်းချန် ဂိုဏ်းဆီပြန်ရောက်သောအခါ လက်နက်သန့်စင်သူကို အေးစက်စက် ဆူလိုက်လေသည်။
“ဒါက မင်းရဲ့ ကောင်းကင်အခြေပြုလက်နက်လား ငါက အဇူရာတိမ်ဂိုဏ်းကလိုဟာ လိုချင်တာ တွင်းတူးတဲ့ သံချောင်းမဟုတ်ဘူး”
လက်နက်သန့်စင်သူ ခါးသက်သက်ခံစားလိုက်ရ၏။ သူလည်း အကောင်းဆုံး ကြိုးစားခဲ့သည်သာ မဟုတ်ပါလော။
“ဆက်လုပ်” ကျိုးကျွင်းချန် အေးစက်စက်ပြောလိုက်သည်။
“မင်းလိုတဲ့ သတ္တုမှန်သမျှ ရစေရမယ် ငါမင်းကို ကမ္ဘာဖျက်လက်နက်တစ်ခု ဖန်တီးခိုင်းနေတာမဟုတ်ဘူး ဒါပေမယ့် ဒီလိုရိုးရှင်းတဲ့ သံချောင်းကိုတောင် မတုပနိုင်ရင် မင်းကဘာအသုံး၀င်တော့မှာလဲ”
လက်နက်သန့်စင်သူများသည် အဇူရာတိမ်ဂိုဏ်းလက်နက်များအား တုပခြင်းတွင်သာ အာရုံစိုက်ထားကြရသောကြောင့် သာမန်လက်နက်များကို မသန့်စင်နိုင်တော့ပေ။
ထိုအခါ ဂိုဏ်းသားများအတွက် လက်နက်များ ရှားပါးလာခဲ့ပြီး နောက်ဆုံးတွင် ဂိုဏ်းကြီးများက မိုးပြာလကုန်သွယ်သမဂ္ဂဆီမှ ၁၀ ရာခိုင်နှုန်း လျှော့ဈေးဖြင့် လက်နက်များကို ၀ယ်ယူလာခဲ့ကြသည်။
ထိုအခြေအနေက ကမ္ဘာတစ်ဝှမ်းလုံးတွင် ဖြစ်ပျက်နေကြသည်သာ။
ဤသို့ဖြင့် သူတို့တွင် လက်နက်သုတေသနကြောင့် ကုန်ကြမ်းများကုန်ဆုံးလာခဲ့ပြီး ငွေကြေးများကလည်း မိုးပြာလကုန်သွယ်သမဂ္ဂဆီ စီးဆင်းသွားနေခဲ့ရ၏။
အများစု တွေးနေကြသည်မှာ သူတို့ သေနတ်နှင့် ဖျက်ဆီးသူ ၁ လိုလက်နက်များကို မတုပနိုင်ခဲ့လျှင်တောင် ရိုးရှင်းသော သံချောင်းတစ်ချောင်းကိုတော့ တုပနိုင်လောက်ပေသည်။
သူတို့ရည်မှန်းချက်က အဇူရာတိမ်ဂိုဏ်းလို သံချောင်းတောင်မဟုတ်ဘဲ ပိုကြီးသော ပိုစွမ်းအားကြီးသော ပိုသန်မာသော သံချောင်းကြီးကို လိုချင်နေခဲ့ကြခြင်း ဖြစ်၏။
နောက်ဆုံးတွင်တော့ ကျင့်ကြံခြင်းကမ္ဘာကြီးတစ်ခုလုံးက ကျန်းယန်၏ လက်နက်တပ်ဆင်ခြင်း လှည့်ကွက်ထဲ လုံးလုံးလျားလျား ကျရောက်သွားခဲ့ရလေသည်။