ငါ့သစ္စာဖောက်စီနီယာအစ်ကိုများ
Vol. 35 Ch. 364
ကျန်းယန် ဘာကိုမှဂရုစိုက်မနေဘဲ မြောက်ပိုင်းသို့ ပေါ်ပေါ်ထင်ထင်သာ ပျံသန်းထွက်ခွာလာခဲ့သည်။
သူသည် ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်သာဖြစ်သော်လည်း စိတ်ဝိညာဉ်ရတနာများနှင့် သူ့ဆရာ၏နောက်ခံပါ ရှိနေလေရာ ဘာကို ကြောက်ရပါမည်နည်း။
ခရီးလမ်းသည် ဘာအခက်အခဲမှမရှိဘဲ ချောမွေ့နေခဲ့၏။
သို့သော် ဂိုဏ်းမှ မိုင်ရာနှင့်ချီဝေးသောနေရာသို့ ရောက်သောအခါ သူရုတ်တရက် တားဆီးခံလိုက်ရသည်။
ထိုအဖြစ်မျိုးကို မျှော်လင့်ထားပြီးဖြစ်သော်လည်း သူအံ့အားသင့်သွားခဲ့ရ၏။
ထိုလူများသည်တကယ်ကြီး သတ္တိရှိလွန်းလှသည်။ အဇူရာတိမ်ဂိုဏ်းနယ်မြေထဲတွင် သူ့ကို တိတ်တဆိတ်မလုပ်ကြံဘဲ ရှေ့မှ ပေါ်တင်ထွက်တားရဲကြ၏။
သူ့ကိုတားသောသူ့ကို သေချာကြည့်လိုက်မိသောအခါ ကျန်းယန် ဆွံ့အသွားခဲ့ရသည်။
သူ့ကိုတားသူမှာ သူ့အရင်က စီနီယာအစ်ကိူဟောင်းဂိုဏ်းသစ္စာဖောက် နန်းကုန်းချီယု ဖြစ်နေခဲ့၏။
နန်းကုန်းချီယု၏ မျက်လုံးထဲတွင် အမုန်းမီးများတောက်နေရင်း ကျန်းယန်ကိုစိုက်ကြည့်ကာ ပြောလိုက်လေသည်။
“အားလုံးက မင်းအမှားပဲ မင်းအားလုံးကို ဖျက်ဆီးပစ်ခဲ့တာ မင်းကြောင့်သာမဟုတ်ရင် ငါဘာလို့ ဒီလိုအဆုံးသတ်သွားရမှာလဲ”
သူအဇူရာတိမ်ဂိုဏ်းမှ ထွက်သွားခဲ့စဉ်က သူသည် ဝိညာဉ်ငြိမ်းအေးအလံကို အားကိုးကာ လန်ကျားအထွတ်အမြတ်မြေတွင် နေရာတစ်နေရာ ရရှိခဲ့၏။ သူတို့က သူ့ကို လေးစားစွာ ပြုစုပျိုးထောင်ပြီး လေ့ကျင့်ပေးခဲ့ကြသည်။
အချိန်တစ်ခုသို့ ရောက်သောအခါ သူ့အဆင့်အတန်းက အဆင့်မြင့်အကြီးအကဲများနှင့်ပင် ယှဉ်နိုင်လာခဲ့၏။
သို့သော် ယွင်ထန့်အင်ပါယာအဖြစ်အပျက်တွင် ကျန်းယန်က သူ့ဆီမှ ဝိညာဉ်ငြိမ်းအေးအလံကို ပြန်ယူသွားခဲ့သည်။
ထိုအရာမရှိသောအခါ ဝိညာဉ်အခြေပြုနည်းစနစ်တစ်ခုကို ကျင့်ကြံသောနန်းကုန်းချီယု၏ ခွန်အားက သိသိသာသာ ယုတ်လျော့သွားခဲ့ရပြိး သာမန် ပါရမီရှင်တပည့်တစ်ယောက်ဘ၀သို့ ရောက်သွားခဲ့ရ၏။
ထိုသို့သော တပည့်မျိုးက လန်ကျားအထွတ်အမြတ်မြေတွင် အများကြီး ရှိပေသည်။
သဘာ၀အားဖြင့် သူ့အဆင့်အတန်းက များစွာလျော့ကျသွားခဲ့ရခြင်းပင်။
သူ့အတွက်ပိုဆိုးသွားစေသော အချက်မှာ အဇူရာတိမ်ဂိုဏ်းနှင့်လန်ကျားအထွတ်အမြတ်မြေက မဟာမိတ်ဖွဲ့လိုက်ခြင်းသာ ဖြစ်၏။
ထိုအချက်ကြောင့် ဂိုဏ်းထဲရှိ နန်းကုန်းချီယု၏အနေအထားက အတော်လေး အူကြောင်ကြောင်နိုင်သွားခဲ့သည်။
လန်ကျားအထွတ်အမြတ်မြေကသာ သူတို့ ဂုဏ်သတင်းကို ဂရုမစိုက်လျှင် သူ့ကို ချက်ချင်းပင် သတ်ပစ်နိုင်သေး၏။
နှစ်ဖက်လုံးက သူ့ကိုဘာအရေးမှ မယူခဲ့သော်လည်း သူ့အနေအထားက အတော်လေး ကြောင်တောင်တောင်နိုင်သွားတာတော့ အမှန်ပင်။
ထိုအရာကို သူမည်သို့ လက်ခံနိုင်ပါမည်နည်း။
သူ့စိတ်ထဲတွင် သူအခုလိုဖြစ်ရခြင်းများက ကျန်းယန် သူ့ဝိညာဉ်ငြိမ်းအေးအလံကို ယူသွား၍ ဖြစ်ရခြင်းများဟုသာ မှတ်ယူသွားခဲ့သည်။
ထို့ကြောင့် သူအဇူရာတိမ်မြို့တွင် တိတ်တဆိတ်ပုန်းကာ ကျန်းယန်ကို ကလဲ့စားချေနိုင်မည့် အချိန်ကို စောင့်နေခဲ့ခြင်း ဖြစ်၏။
အခုတော့ ထိုအခွင့်အရေးကို သူရခဲ့ချေပြီ။
ကျန်းယန် ခေါင်းခါပြလိုက်သည်။
“မင်းကဘယ်လိုဖြစ်ပြီး မကြောက်မလန့် ကလဲ့စားချေချင်နေရတာတုန်း
မင်းသာ အဇူရာတိမ်ဂိုဏ်းကို သစ္စာဖောက်မသွားရင် ဒါတွေဖြစ်လာစရာအကြောင်း တစ်ခုမှ မရှိဘူး”
“အဇူရာတိမ်ဂိုဏ်းမှာ မိစ္ဆာတွေရှိတယ်” နန်းကုန်းချီယု အော်ပြောလိုက်၏။
“ငါကနေသင့်လား သေသင့်လား ငါဂိုဏ်းထဲ၀င်တုန်းကဘယ်သူမှငါ့ကိုအဲ့အကြောင်း မပြောခဲ့ကြဘူး”
ကျန်းယန် အေးအေးဆေးဆေးပြန်ပြောလိုက်သည်။
“ငါအခု သေနေလို့လား”
နန်းကုန်းချီယု တခဏဆွံ့အသွားပြီးနောက် ဟိန်းဟောက်လိုက်၏။
“ငါဘာမှထပ်ဂရုစိုက်မနေတော့ဘူး မင်းဒီေန့ သေရမယ်”
“နေပါဦး”
နောက်ထပ်ပုံရိပ်တစ်ခုထွက်ပေါ်လာခဲ့ပြီး ထိုသူကလည်း နတ်ဝိညာဉ်အဆင့်ပင်။
ကျန်းယန်မျက်ခုံးကို ပင့်လိုက်မိသည်။
ဒါကြီးက ဘယ်လို ပြန်ဆုံတွေ့မှုကြီးလဲဟ!
နန်းကုန်းချီယု ရောက်ရှိလာသူကို ကြည့်ကာ အံ့အားသင့်သွားခဲ့၏။
“မင်းက”
“ငါပါ” ကျန်းချွမ်းချူ အေးအေးဆေးဆေးပြောလိုက်လေသည်။
“စီနီယာအစ်ကို ငါတို့ရဲ့ ဂျူနီယာလေးကို ငါပဲကိုင်တွယ်ပါရစေ”
“အို့” နန်းကုန်းချီယု အေးစက်စက်တုန့်ပြန်လိုက်၏။
ကျန်းချွမ်းချူ ၀မ်လင်းဂိုဏ်းဘက် တစ်ချက်ကြည့်လိုက်လေသည်။
“အဲ့ဒီနေရာမှာ ငါ့ဂုဏ်သတင်းကို ပြန်တည်ဆောက်နိုင်ဖို့ ငါသူ့ကို သတ်ဖို့လိုတယ်
ပြီးတော့ လန်ကျားအထွတ်အမြတ်မြေနဲ့အဇူရာတိမ်ဂိုဏ်းက မဟာမိတ်ဖွဲ့လိုက်ပြီဆိုတော့ မင်းအခြေအနေက ကြောင်တောင်တောင်နိုင်နေပြီ
ဘာလို့ငါနဲ့ ၀မ်လင်းဂိုဏ်းကို မလိုက်ခဲ့ရမှာလဲ”
“မင်း၀မ်လင်းဂိုဏ်းမှာ နေရာတစ်နေရာရစေရမယ်လို့ ငါအာမခံတယ်”
နန်းကုန်းချီယု တိတ်ဆိတ်သွားခဲ့သည်။
သူသည် အဇူရာတိမ်ဂိုဏ်းကို သစ္စာဖောက်ဖူးသူဖြစ်သောကြောင့် လန်ကျားအထွတ်အမြတ်မြေကို သစ္စာဖောက်ဖို့လည်း ကြောက်မနေတော့ပေ။ သူတွေးနေသည်မှာ ၀မ်လင်းဂိုဏ်းက သူ့ကို ပိုကောင်းတဲ့အနာဂတ်တစ်ခု ပေးနိုင်မပေးနိုင်သာ ဖြစ်၏။
“မင်းကဘာလို့ ဒီရောက်လာတာလဲ” သူကျန်းချွမ်းချူကို မေးလိုက်သည်။
ကျန်းချွမ်းချူ တခဏရပ်နေပြီးမှ ပြန်ဖြေလိုက်၏။
“ငါ့တောင်တစ်ထောင်ချိတ်စည်းက အဇူရာတိမ်ဂိုဏ်းဆီ ပြန်ပါသွားပြီ ငါသာ ကောင်းမှုအချို့လုပ်မထားရင် ဂိုဏ်းချုပ်က ငါ့ကို သူ့ကိုသတ်ဖို့အခွင့်အရေးတောင်ပေးမှာ မဟုတ်ဘူး တကယ်လို့ ငါဂိုဏ်းမှာ နေရာတစ်ခုဆက်ရနေချင်ရင် သူ့ကို ကျိန်းသေပေါက် သတ်ရမယ် ငါဒီအောင်မြင်မှုကို လိုအပ်တယ်
မင်းက ကလဲ့စားချေချင်တယ် ငါကတော့ ရှေ့ဆက်လျှောက်ရမယ့် လမ်းတစ်လမ်းလိုချင်တယ်”
နန်းကုန်းချီယု ဘာမှမပြောခဲ့ပေ။
တစ်ဖက်တွင် ကျန်းယန်ကတော့ အတော်လေးထူးဆန်းသလို ခံစားနေခဲ့ရသည်။
“သစ္စာဖောက်စီနီယာအစ်ကို ၂ယောက်” သူအသာအယာပြုံး၍ ပြောလိုက်၏။
“အစ်ကိုတို့က ကျွန်တော့်ကိုသတ်နိုင်မယ်လို့ အဲ့လောက်တောင်ယုံကြည်မှုရှိနေတာလား ကျွန်တော့်ကို ကာကွယ်ပေးနေတဲ့ စိတ်ဝိညာဉ်လက်နက်တွေ ရှိတယ်နော်”
သူတို့နှစ်ယောက် ထီမထင်ဟန်ဖြင့် ပြုံးလိုက်ကြသည်။
သူတို့သည် တောင်တစ်ထောင်ချိတ်စည်းနှင့် ဝိညာဉ်ငြိမ်းအေးအလံလို စွမ်းအားကြီး လက်နက်များကို ဆုံးရှုံးထားရသော်လည်း သူတို့တွင် အခြားစိတ်ဝိညာဉ်လက်နက်များ ရှိနေသေး၏။ ထို့အပြင် ကျင့်ကြံခြင်းပိုမြင့်သောသူတို့က နှစ်ယောက်တစ်ယောက် တိုက်ခိုက်ရခြင်းဖြစ်သောကြောင့် မသတ်နိုင်စရာ အကြောင်းမရှိပေ။
“ငါ့ကိုလည်း ထည့်တွက်လိုက်” နောက်ထပ် နတ်ဝိညာဉ်အဆင့်တစ်ယောက် ရောက်ရှိလာခဲ့ပြီး ကျန်းယန်ကို တြိဂံပုံဝိုင်းထားလိုက်ကြသည်။
“ငါ့မှာသူနဲ့ မပြေနိုင်တဲ့ ရန်ငြှိုးရှိတယ်”
နန်းကုန်းချီယုနှင့် ကျန်းချွမ်းချူတို့ အကြည့်ချင်းဖလှယ်လိုက်ကြသည်။
ဤဂျူနီယာညီလေးကို မုန်းတီးသူ ဘယ်နှစ်ယောက်တောင် ရှိနေပါသနည်း။
ကျန်းယန် သက်ပြင်းချလိုက်၏။
နောက်တစ်ယောက်လား!
သူအသစ်ရောက်ရှိလာသူကို ကြည့့်လိုက်ရာ စုမင်းယန် ဖြစ်နေခဲ့သည်။
“ကျွန်ေတာ်မှတ်မိသလောက်တော့ ကျွန်တော့်မှာမှာခင်ဗျားနဲ့ ဘာရန်ငြှိုးမှမရှိပါဘူး” ကျန်းယန် ပြောလိုက်၏။
စုမင်းယန်သူ့ကိုတစ်ချက် ကြည့်လိုက်သည်။
“ငါတို့အမုန်းတရားက နက်ရှိုင်းတယ်”
ကောင်းကင်ဒဏ္ဍာရီဂိုဏ်းမှ ခွဲထွက်လာပြီးနောက် သူသည်၀မ်လင်းဂိုဏ်းမှ ကျင့်ကြံသူကျိုးချင်ကိုမျက်နှာလုပ်ရန် ကျိယန်ကို လက်ဆောင်အဖြစ် ဆက်သဖို့ စီစဉ်ထားခဲ့၏။
သို့သော် ကျန်းယန်က ကျိုးချင်ကိုသတ်ပြီး ကျိယန်ကိုပြန်ခေါ်သွားသောကြောင့် အားလုံး ပျက်ဆီးသွားခဲ့ရသည်။
သူ့အစီအစဉ်ဖျက်ဆီခံလိုက်ရ၏။
မျက်နှာရမည့်အစား သူသည် ၀မ်လင်းဂိုဏ်း၏နယ်ရုပ်တစ်ရုပ်သာဖြစ်သွားခဲ့ပြီး ကောင်းကောင်းလည်း ဆက်ဆံမခံရတော့ပေ။
သူ့စိတ်ထဲတွင် ထိုကိစ္စများက ကျန်းယန်ကြောင့် ဖြစ်ရသည်ဟုသာ သူမှတ်ထားခဲ့သည်။
ထို့ကြောင့် ဒီနေ့ ကျန်းယန် သေကိုသေရပေမည်။
ကျန်းယန် ခေါင်းယမ်းလိုက်ကာ ရယ်ချင်သလိုပင် ဖြစ်သွားခဲ့ရ၏။
မင်းတို့သုံးယောက်က ကိုယ့်ဘ၀ကိုယ်ဖျက်ဆီးပစ်ပြီး ငါ့လာအပြစ်တင်နေကြတာကိုး။
သူအသာအယာပြုံးကာ ပြောလိုက်သည်။
“မင်းတို့အားလုံးက ကလဲ့စားချေချင်တယ် ဒါပေမယ့် ငါကတစ်ယောက်ပဲရှိတယ် အဲ့တာ ပြဿနာပဲ
ဒီလိုဆိုရင်ရော မင်းတို့သုံးယောက်အရင်တိုက်လိုက် နိုင်တဲ့သူက ငါ့ကိုသတ်ရမယ်”
“ရိုင်းလိုက်လေ” ကျန်းချွမ်းချူ လှောင်ပြောင်ကာ ရယ်မောလိုက်၏။
သူနန်းကုန်းချီယုဘက်လှည့်ကာပြောလိုက်သည်။
“ငါနဲ့ ၀မ်လင်းဂိုဏ်းကိုလိုက်ခဲ့ပါ”
ထို့နောက် စုမင်းယန်ကို အေးစက်စက်ပြောလိုက်၏။
“ငါက၀မ်လင်းဂိုဏ်းက ကျန်းချွမ်းချူ ဂိုဏ်းတာ၀န်ကို ဆောင်ရွက်နေတာ မင်းငါနဲ့ ပြိုင်ရဲလား”
စုမင်းယန် နှလုံးခုန်သံမြန်သွားခဲ့သည်။
ထိုထဲက တစ်ယောက်က ၀မ်လင်းဂိုဏ်းက လူပေလော။
သူချက်ချင်း နောက်ဆုတ်လိုက်၏။
“ကျွန်တော် သံတမန်ကြီးရဲ့ အမိန့်ကိုနာခံပါ့မယ်”
အခြေအနေက နှစ်ယောက်တစ်ယောက်ဖြစ်သွားပြီး ၀မ်လင်းဂိုဏ်းဘက်က အားသာသွားသောကြောင့် နောက်ဆုံးတွင် နန်းကုန်းချီယုလည်း သဘောတူလိုက်ရသည်။
“ဟားဟားဟား” ကျန်းယန် အားရပါးရရယ်မောလေတော့၏။
“မင်းတို့အရူးတွေ ငါကစနေတာကို မင်းတို့ကအတည်ကြီးယူရလား”
သူ့အမူအရာက အေးစက်သွားခဲ့သည်။
“အရိုးသားဆုံးပြောရရင် မင်းတို့ငါ့ကို လာမရှာရင်တောင် ငါကမင်းတို့ကို လာရှာတော့မှာပါ
မင်းတို့ဒီလောက်အစောကြီး ထွက်လာလိမ့်မယ်လို့ ငါထင်မထားမိရုံပဲ…”
သူသူတို့သုံးယောက်ကို ကြည့်လိုက်၏။
“ဒီနေ့ ငါအိမ်သန့်ရှင်းရေးလုပ်မယ်”