အိမ်သန့်ရှင်းရေး
Vol. 35 Ch. 365
နန်းကုန်းချီယုနှင့်ကျန်းချွမ်းချူတို့သည် ဂိုဏ်းသစ္စာဖောက်များ ဖြစ်သောကြောင့် အမည်ခံဂိုဏ်းချုပ်တစ်ယောက်ဖြစ်သော ကျန်းယန်အနေနှင့် သူတို့ကို ဖြေရှင်းဖို့ တာ၀န်ရှိပေသည်။
စုမင်းယန်သည်လည်း အဇူရာတိမ်ကုန်းမြေတိုက်ကြီးမှ ထွက်ပြေးသွားသူဖြစ်သောကြောင့် သူ့ကိုလည်း သစ္စာဖောက်ဟု သတ်မှတ်နိုင်၏။ အဇူရာတိမ်ကုန်းမြေတိုက်ကြီးကို အဇူရာတိမ်ဂိုဏ်းက အုပ်စိုးခြင်းဖြစ်သောကြောင့် သူ့ကိုလည်း ကျန်းယန် စီရင်ပိုင်ခွင့် ရှိပေသည်။
“အိမ်သန့်ရှင်းရေးလား”
သူတို့သုံးယောက်တခဏကြောင်သွားပြီးနောက် အားရပါးရရယ်မောလိုက်ကြ၏။
ကျန်းချွမ်းချူ လှောင်ပြောင်လိုက်သည်။
“ဆိုတော့ မင်းကဘယ်လိုလုပ်ဖို့ စီစဉ်ထားလဲ”
နန်းကုန်းချီယုနှင့်ကျန်းချွမ်းချူတို့ သူ့ကို လှောင်ပြောင်ဟန်ဖြင့် ကြည့်လိုက်ကြ၏။
“မင်းကို အရင်စီရင်မယ်” ကျန်းယန် စုမင်းယန်ကို လက်ညှိုးထိုး၍ ပြောလိုက်သည်။
“သေမျိုးကမ္ဘာမှာ ကျတဲ့နှင်း”
မရေတွက်နိုင်သော နှင်းများက ဘယ်ကမှန်းမသိပေါ်လာခဲ့ပြီး စုမင်းယန်ကို ဝိုင်းပတ်လိုက်၏။
ကျန်းချွမ်းချူနှင့်နန်းကုန်းချီယုကတော့ ဘေးချင်းယှဉ်၍ လက်ပိုက်ပြီး ကြည့်နေခဲ့ကြသည်။
ထိုအဖြစ်ကို မြင်သောအခါ စုမင်းယန် ယုံကြည်မှုရှိသွားခဲ့၏။
“လှည့်ကွက်လေးတွေ သက်သက်ပဲ” သူထေ့ငေါ့လိုက်သည်။
အတွေးတစ်ချက်နှင့်အတူ သူ့ကိုယ်ထဲမှ မီးတောက်များထွက်ပေါ်လာပြီး နှင်းပွင့်များဆီ ပြေး၀င်သွားခဲ့၏။
ထိုအခါ ပူပြင်းလွန်းသော မီးတောက်များ၏ အဟုန်ကြောင့် နှင်းပွင့်များက အရည်ပျော်ကာ ပျောက်ကွယ်သွားခဲ့သည်။
သို့သော် ပျောက်ကွယ်ပြီးပြီးချင်းပင် တစ်ဖန်ပြန်ပြီး ဖြစ်တည်လာခဲ့ပြန်၏။
နှင်းပွင့်များ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသော မြင်ကွင်းကြီးက ကျောချမ်းဖွယ်ကောင်းလွန်းလှသည်။ ထိုနှင်းပွင့်များက အဆုံးမဲ့ဖြစ်တည်နေသလိုပင်။
ထိုမြင်ကွင်းက ကျန်းချွမ်းချူနှင့်နန်းကုန်းချီယုတို့ကိုလည်း လေးနက်သွားစေခဲ့၏။
“ငါတို့ဂျူနီယာညီလေးမှာ ကျွမ်းကျင်မှုလေး အချို့တော့ ရှိသားပဲ” ကျန်းချွမ်းချူ ခပ်ပေါ့ပေါ့ပြောလိုက်သည်။
နန်းကုန်းချီယုကတော့ လှောင်ပြုံးသာ ပြုံးနေခဲ့၏။
အရည်အချင်းရှိရှိမရှိရှိ ကိစ္စမရှိပေ။ နတ်ဝိညာဉ်အဆင့် သုံးယောက်လက်ထဲမှ သူတို့ညီလေး ဘယ်လိုမှလွတ်မြောက်နိုင်စရာ အကြောင်းမရှိပေ။
သို့သော် စုမင်းယန်ကတော့ ကျန်းယန်ကိုသတိအပြည့်ဖြင့် ရင်ဆိုင်နေခဲ့ရသည်။
အခြားနှစ်ယောက်နှင့်ယှဉ်လျှင် သူ့ခွန်အားက သိသိသာသာ ပိုအားနည်း၏။ နှင်းပွင့်များက ဖျက်ဆီးလို့မရတာကိုမြင်သောအခါ သူအော်ဟစ်လိုက်သည်။
“လှည့်ကွက်တွေ လုပ်နေတာ တော်လိုက်တော့”
သူ့လက်ထဲတွင် အဆင့်မြင့်စိတ်ဝိညာဉ်ဓားတစ်လက် ထွက်ပေါ်လာခဲ့၏။
သူထိုဓားကို ဝေ့ယမ်းလိုက်လေရာ အားကောင်းသော သဘာ၀နိယာမစွမ်းအားများထွက်ပေါ်လာပြီး ထိုစွမ်းအားများက နှင်းပွင့်များကို ချေမွပစ်ခဲ့သည်။
ကျန်းယန်၏ နည်းစနစ်က နက်နဲလွန်းသော်လည်း သူတို့ကြား အဆင့်ကွာဟချက်က ကြီးမားလွန်းလှ၏။ ထို့ကြောင့် သဘာ၀နိယာမများက နှင်းပွင့်များကို ဖျက်ဆီးပစ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ကျန်းယန် အေးစက်စက်သာ စိုက်ကြည့်နေခဲ့၏။
ထို့နောက် သူ့ကိုယ်ထဲမှ စိတ်ဝိညာဉ်စွမ်းအားများ တိုးထွက်လာခဲ့ပြန်သည်။
ထိုအခါ နှင်းပွင့်များလည်း ပြန်လည်ပေါ်ပေါက်လာပြီး ဤတစ်ကြိမ်တွင်တော့ သူ့စွမ်းအားက ပိုပြင်းလာခဲ့၏။
မရေတွက်နိုင်သော နှင်းပွင့်များက ကောင်းကင်ယံတွင် ပြည့်နှက်သွားခဲ့သည်။
ထို့နောက် စတင်စုဝေးလာကြကာ လူပုံသဏ္ဍာန်များအဖြစ် ဖွဲ့တည်သွားခဲ့ကြ၏။
“ကောင်းကင်အမတ ဆင်းသက်ခြင်း”
နှင်းပွင့်များ၀န်းရံထားသည့် မရေတွက်နိုင်သော ပုံရိပ်များက စုမင်းယန်ဆီ ပြေး၀င်သွားခဲ့လေသည်။
တစ်ချိန်တည်းမှာပင်
“လေ”
ကျန်းယန် လှုပ်ရှားလိုက်၏။
သူ့ခန္ဓာကိုယ်က လေနှင့်အတူမြောက်တက်သွားပြီး များစွာသော နှင်းလူများကြားထဲတွင် ရောက်ရှိသွားကာ သူဖန်တီးထားသည့် နှင်းမုန်တိုင်းကြားထဲတွင် ပုန်းအောင်းနေခဲ့သည်။
“ပုံရိပ်ယောင်လား” စုမင်းယန် အေးစက်စက်ရယ်မောလိုက်၏။
“နတ်ဝိညာဉ်အဆင့်တစ်ယောက်ရှေ့မှာ ပုံရိပ်ယောင် လာသုံးရဲရလား ရိုင်းလိုက်လေ”
သူနတ်အာရုံကိုဖွင့်ကာ အတုများကြားမှ အစစ်ကို ရှာဖွေလိုက်လေသည်။
သို့သော် သူ့နတ်အာရုံထိုပုံရိပ်များအားလုံးကိုဖြတ်သွားပြီးသောအခါတွင်တော့ သူ့အပြုံးက အေးခဲသွားခဲ့ရ၏။
ထိုပုံရိပ်များအားလုံးသည် အစစ်များ ဖြစ်နေခဲ့သည်။
ထိုအခိုက်တွင် ပုံရိပ်များအားလုံးက စုမင်းယန်ဆီပြေး၀င်လာခဲ့ကြပြီး သူတို့နှင့်အတူ ဓားစွမ်းအင် အေးခဲစွမ်းအင် နှင့် ယင်စွမ်းအင်များလည်း ပါလာခဲ့ကြ၏။
“ဟမ့်”
အတွေးတစ်ချက်နှင့်အတူ စုမင်းယန်နောက်သို့ လျင်မြန်စွာ ဆုတ်သွားခဲ့ပြီး တစ်ချိန်တည်းမှာပင် နိယာမများမှ ဖွဲ့တည်လာသော အကာအကွယ်အလွှာတစ်ခုက ပုံရိပ်များကို တားဆီးဖို့ ထွက်ပေါ်လာခဲ့လေသည်။
ထို့နောက် သူမိုးကြိုးများကို စုစည်းလိုက်ပြီး ပတ်ပတ်လည်နယ်မြေတစ်ခုလုံးကို မိုးကြိုးမိုးကြီး ရွာချစေလိုက်၏။ သူကျန်းယန်နှင့်ထိုပုံရိပ်များအားလုံးကို တစ်ခါတည်း ရှင်းပစ်ချင်ခြင်း ဖြစ်ပေသည်။
ထိုစဉ် နဂါးဟိန်းသံတစ်ချက် ပဲ့တင်ထပ်သွားခဲ့၏။
ကျန်းယန် အဇူရာနဂါးကျင့်စဉ်ကို အသက်သွင်းကာ လေထဲသို့ ပျံတက်သွားခဲ့ပြီး လေထဲတွင်ပင်ရပ်၍ မိုးကြိုးများအားလုံးကို သူ့ဆီ အတင်းဆွဲယူနေခဲ့သည်။
ကျဆင်းလာသော မိုးကြိုးများအားလုံးက သူ့ပတ်ပတ်လည်တွင် ဝိုင်းရံလာခဲ့၏။
မိုးကြိုးများ စုစည်းသွားပြီးနောက်တွင်တော့ ထိုကြောက်မက်ဖွယ် မိုးကြိုးအစုအဝေးကြီးက အတန်းလိုက်ကြီး စုမင်းယန်ဆီ ပြေး၀င်သွားခဲ့လေသည်။
ထိုစဉ် မရေတွက်နိုင်သော ပုံရိပ်များကလည်း အကာအကွယ်အလွှာကို ချိုးဖြတ်ကာ စုမင်းယန်ဆီ ပြေး၀င်လာခဲ့ကြ၏။
စုမင်းယန်မျက်နှာ မည်းမှောင်သွားပြီး မိုးကြိုးကို အသည်းအသန်ရှောင်လိုက်ရသည်။
ဤအရာသည် သူ့မိုးကြိုးနိယာမစွမ်းအားဖြစ်၏။ အဘယ်ကြောင့် ထိုကောင်က ဤအရာကို ထိန်းချုပ်နိူင်နေရပါသနည်း။
သူနောက်ဆုတ်ရင်း ဓားကိုအချက်ပေါင်းများစွာ ဝေ့ယမ်းနေခဲ့သည်။
ပုံရိပ်များကလည်း ဓားစွမ်းအင်ကြောင့် တစ်ယောက်ပြီးတစ်ယောက် ပြိုကွဲနေခဲ့ရ၏။
သို့သော် ထိုပုံရိပ်များသည် ပြိုကွဲသွားပြီးလျှင် ချက်ချင်းဆိုသလို နှင်းပွင့်များအဖြစ်ပြောင်းလဲပြီး တစ်ဖန်ပြန်လည် ဖွဲ့တည်လာကြသည်သာ။
စုမင်းယန် ထုံကျင်သွားသလို ခံစားလိုက်ရလေသည်။
အခုလိုအဖြစ်မျိုးနှင့် သူတစ်ခါမှ မကြုံခဲ့ဖူးပေ။
ကျန်းချွမ်းချူနှင့်နန်းကုန်းချီယုတို့ပင် လေးနက်လာခဲ့ကြ၏။
“သူသာငါတို့အဆင့်မှာဆိုရင်” နန်းကုန်းချီယု တီးတိုးရေရွတ်လိုက်သည်။
“ငါတို့သူ့ကို ဘယ်လိုမှ ယှဉ်နိုင်မှာမဟုတ်ဘူး သူဘယ်လိုတောင် ကျင့်ကြံလိုက်တာလဲ”
ကျန်းချွမ်းချူ အသာအယာပြုံးလိုက်၏။
“စုမင်းယန်က ကျင့်ကြံခြင်းအဆင့်မြင့်ပေမယ့် သန့်စင်တဲ့ကျင့်စဉ်နဲ့ အားကောင်းတဲ့လက်နက်မရှိဘူး သူက အခွံပဲရှ်ိတဲ့ နတ်ဝိညာဉ်အဆင့်တစ်ယောက်ပဲ
ငါတို့ကတော့ မတူဘူး သူ့မှာဘာလှည့်ကွက်ပဲရှိရှိ ဒီနေ့ ငါတို့ဂျူနီယာညီလေး သေကိုသေရမယ်”
နန်းကုန်းချီယု သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး ထိုကောင့် ယုံကြည်မှုက ဘယ်ကလာသလဲ တွေးနေခဲ့သည်။
ဤတိုက်ပွဲက အနီးအနားက သူများ၏အာရုံကို ဆွဲဆောင်မသွားစေဖို့သာ သူမျှော်လင့်နေခဲ့မိ၏။ ဤသတင်း အဇူရာတိမ်ဂိုဏ်းဆီ ရောက်သွားရင်တော့ သူတို့လွတ်ဖို့ မဖြစ်နိုင်တော့ပေ။
သို့သော် ဤနေရာက လူသူအတော်ဝေးသောနေရာဖြစ်သောကြောင့် တစ်ယောက်ယောက် သတိထားမိသွားဖို့က မဖြစ်နိုင်သလောက်ပင်။
တိုက်ပွဲက အလျင်အမြန်ပင် တစ်ဖက်သတ်ဆန်လာခဲ့သည်။
စုမင်းယန် ကြောက်လာမိသည်မှာ ကျန်းယန်၏ အဆုံးမရှိသော စိတ်ဝိညာဉ်စွမ်းအင်များကိုသာ ဖြစ်၏။
နှင်းပွင့်များကပိုများလာလေလေ ပုံရိပ်များကလည်း ပိုများလာလေလေပင်။
မကြာခင်တွင် ၇၀ ၈၀ လောက်ရှိသော ပုံရိပ်များက သူ့ပတ်ပတ်လည်တွင် ဝိုင်းကာ သူ့ကိုမရပ်မနား တိုက်ခိုက်ကြလေတော့သည်။
ကျန်းယန် စိတ်ဝိညာဉ်အားဖြည့်ဆေး နှစ်လုံးထုတ်ကာ မြိုချလိုက်၏။
သူ့စိတ်ဝိညာဉ်စွမ်းအင် ပြန်ပြည့်သွားသောအခါ သူ့နောက်တွင် အေးစက်စက်တစ္ဆေဆန်သော လမင်းကြီးတစ်လုံး ပေါ်ထွက်လာခဲ့သည်။
ထိုလမင်းကြီး၏ ကျောချမ်းဖွယ် အလင်းက တိုက်ပွဲနယ်မြေတစ်ခုလုံးကို ဖြန့်ကျက်သွားပြီး နယ်မြေတစ်ခုလုံးတွင် ယင်စွမ်းအင်များဖြင့် ပြည့်နှက်သွားခဲ့၏။
ထိုအလင်းရောင်အောက်တွင် ပုံရိပ်များက ပိုသန်မာလာခဲ့ကြသည်။
သို့သော် စုမင်းယန်ကတော့ ပြောင်းပြန်ပင်။
သူ့ခန္ဓာကိုယ်က ပိုပြီး အေးစက်လာကာ သူ့စွမ်းအင်စီးဆင်းမှုက ပိုနှေးကွေးလာခဲ့သည်။ သူ့အတွေးများပင် ယောက်ယပ်ခတ်လာခဲ့၏။
တခဏအကြာတွင်
မရေတွက်နိုင်သော ပုံရိပ်များ၏ တိုက်ခိုက်မှုအောက်၌ စုမင်းယန် အသတ်ခံလိုက်ရလေသည်။
သူ့ကိုသတ်ပြီးနောက် ကျန်းယန် သူ့စီနီယာအစ်ကို ၂ယောက်ဘက် လှည့်လာခဲ့၏။
ဒါဇင်နှင့်ချီသော ပုံရိပ်များကလည်း နောက်လှည့်ကာ နန်းကုန်းချီယုတို့ကို ကြည့်ရှုနေခဲ့သည်။
သူအေးအေးဆေးဆေးမေးလိုက်၏။
“နောက်တစ်ယောက်က ဘယ်သူလဲ”