← Chapters

ကောင်လေး

Vol. 19 Ch. 262

ကောင်လေး

Vol. 19 Ch. 262

လူရိုင်းများ၏ နယ်မြေအတွင်းမှ ကောင်းကင်သည် ကြီးမားကျယ်ပြန့်လွန်း၏။ ကောင်းကင်မြူခိုး အတားအဆီးနှင့် သိပ်မဝေးသော လူရိုင်းနယ်မြေ၏ နယ်နိမိတ်ဟု ယူဆ၍ရသော နေရာတစ်ခုလုံးတွင် သွေးညှီနံ့များ ပြည့်နှက်နေသည်။ လေတိုက်ခတ်သွားလျှင်ပင်၊ ထိုနယ်မြေမှ သွေးနံ့များကို ဖယ်ရှားပစ်နိုင်မည့်ပုံ မပေါ်ပေ။

ပေ၁၀၀၀၀ခန့် အရွယ်အစားရှိသော ရွှေရောင်ငှက်ကြီးက ကောင်းကင်ထက်တွင် လွင့်မျောနေသည်။ ရွှေရောင်ငှက်ကြီး၏ အရှေ့တွင် ၎င်းအမိန့်ကို စောင့်ဆိုင်းနေဟန်ဖြင့် လှုပ်ရှားခြင်းမပြုပဲ ပြားပြားဝပ်နေသည့် သားရဲရိုင်းရာပေါင်းများစွာ ရှိသည်။

ရွှေရောင်ငှက်ကြီးသည် မျက်လုံးများမှိတ်ထားပြီး သူ့ကျောပေါ်တွင်လည်း အဘိုးအိုတစ်ဦးက မျက်လုံးများပိတ်လျက် ထိုင်နေချေသည်။ သွေးများစွန်းထင်းခြောက်သွေ့နေပုံပေါ်သော သူ့ဝတ်ရုံများသည် လေတွင်လွင့်မျောလျက်ရှိသည်။

ထျန်းရှဲ့ကျီ ထိုနေရာတွင်ထိုင်နေသည်မှာ တစ်ရက်နှင့် နေ့တစ်ဝက်ခန့်ရှိနေချေပြီ။ သူ၏ စတုတ္ထတပည့်လေး စုမင်ပြန်လာမည်ကို သူ နောက်ထပ် တစ်ရက်နှင့် နေ့တစ်ဝက် ထပ်စောင့်နေမည်။

ဤအရာသည် စမ်းသပ်မှုတစ်ခုဖြစ်ပြီး စုမင်အပေါ် သူ၏ပထမဆုံးစမ်းသပ်မှုဆိုလည်း ဟုတ်၏။

“မင်းနှလုံးသားရဲ့ ပထမဆုံးအပြောင်းလဲကို အောင်မြင်တာ၊ မအောင်မြင်တာက အရေးမကြီးဘူး။ မင်းက ငါ့တပည့်ဖြစ်နေဦးမှာပဲ။ မင်းအသက်ရှင်နေသေးသရွေ့၊ နှလုံးသားရဲ့တခြားအပြောင်းအလဲတွေကို တွေ့ကြုံနိုင်ဖို့ အခွင့်အရေးရှိနေသေးတယ်”

“ဒါပေမဲ့ ... ကောင်းကင်မြူခိုး လူရိုင်းအမဲလိုက်ပွဲက များသောအားဖြင့် လူတစ်ဦးက အသက်ရှင်လျက် ဝင်ရောက်သွားပြီး အသေပြန်ထွက်လာတာနဲ့ပဲ အဆုံးသတ်လေ့ရှိတယ်” ထျန်းရှဲ့ကျီ မျက်လုံးများကိုဖွင့်ကာ ခပ်တိုးတိုးရေရွတ်လိုက်သည်။

“မင်းရဲ့ နှလုံးသားထဲက အပြောင်းအလဲနဲ့ ပတ်သက်ပြီး ငါစိတ်မပူဘူး။ မင်းမှာ ဘယ်လိုအတိတ်မျိုးရှိနေမှန်း ငါမသိပေမဲ့၊ မင်းနှလုံးသားရဲ့ ပထမဆုံး အပြောင်းအလဲကို မင်းအောင်မြင်လိမ့်မယ်လို့ ငါယုံကြည်နေတယ် ... သူ ရွှင်းဖန်တီးနေတာကို မြင်ပြီးတဲ့နောက်တော့ မင်းနှလုံးသားထဲက ငြိမ်းချမ်းမှုကို ရှာတွေ့ခဲ့လောက်ပါရဲ့”

“ငါ စိုးရိမ်နေရတာက ... မင်းက ရက်စက်ပေမဲ့ တောင်ပိုင်းအရုဏ်ဦးကုန်းမြေနဲ့ပတ်သက်ပြီး ဘာမှမသိသလို၊ လူရိုင်းတွေအပေါ် ငါတို့ရဲ့အမုန်းတရားတွေနဲ့ ပတ်သက်ပြီးလည်း လုံလောက်အောင် သိမနေဘူး။ အဲဒါကြောင့်ပဲ၊ မင်းမှာ ... အားနည်းတဲ့အချိန် အခိုက်အတန့်ဆိုတာ ရှိလာလိမ့်မယ်”

ထျန်းရှဲ့ကျီ၏ မျက်လုံးများထဲတွင် အေးဆေးတည်ငြိမ်မှုများမှအပ ရက်စက်ကြမ်းကြုတ်မှုများ ရှိမနေတော့ပေ။

သူ အဝေးဆီသို့ တိတ်ဆိတ်စွာလှမ်းကြည့်လိုက်သည်။

အကယ်၍ တစ်စုံတစ်ဦးသည်သာ အဆုံးအစမရှိကြည့်နေပုံပေါ်သည့် ထျန်းရှဲ့ကျီ၏အကြည့်နောက်သို့ လိုက်သွားကြည့်မည်ဆိုလျှင် တစ်ရက်နှင့်နေ့တစ်ဝက်ခန့်သွားပြီးပါက အဆုံးမရှိသည့်သစ်တောကြီးထဲမှ တောင်ကုန်းငယ်လေးဆီ ရောက်သွားပေလိမ့်မည်။

စုမင်သည် တောင်ကုန်းထိပ်တွင်ရပ်နေပြီး တောင်ခြေရှိ သူနှင့်သိပ်မဝေးသော နေရာတွင်ရပ်နေသည့် ကောင်လေးကို နောက်ထပ်လှည့်မကြည့်တော့ပေ။ ထိုကလေးသည် စုမင်၏မျိုးနွယ်စုအတွင်းမှ တစ်စုံတစ်ယောက်နှင့်တူပြီး ကောင်လေး၏ စွမ်းအားသည်လည်း သွေးကြောကျောက်သားနယ်ပယ်၏ ဒုတိယနှင့် တတိယအဆင့်လောက်တွင်သာ ရှိပေလိမ့်မည်။ သူသည် လူရိုင်းမျိုးနွယ်စုမှဖြစ်နေလျှင်တောင် စုမင် သူ့ကိုမသတ်ပစ်ရက်ပေ။

စုမင် ဆက်လက်ငြိမ်သက်နေစဉ်မှာပင် စူးရှသော နာကျင်မှုတစ်ခုသည် သူ့ရင်ဘတ်ဆီမှ ပျံ့နှံ့လာခဲ့သည်။ သူ့ဒဏ်ရာမှ သွေးများစီးကျနေပြီး ထိုအခွံမာဓားသည် သူ့ကို အန္တရာယ်ပြုနေဆဲဖြစ်သည်။

သူသာ တိုက်ခိုက်မှုကိုမရှောင်ရှားခဲ့လျှင်၊ ထိုဓားမြှောင်သည် ယခုအချိန်ဆိုလျှင် သူ့နှလုံးသားအတွင်း ထိုးစိုက်နေမှာဖြစ်သည်။

စုမင် ဓားမြှောင်ကို ဆွဲထုတ်ကာ တောင်ကုန်းလေးမှ ထွက်ခွာလိုက်သလို တစ်ချိန်တည်းမှာပင်၊ ယခုလေးတင်ကြောက်ရွံ့နေရာမှ ပြန်လာသတိဝင်လာပြီး နောက်သို့လှည့်ပြေးသွားသော ကောင်လေးဆီသို့ ဘယ်လက်ဖြင့်ညွှန်ပြလိုက်သည်။

လေပြင်းတစ်ခုသည် လေထုကိုပိုင်းဖြတ်လျက် ထွက်ပြေးနေသော ကောင်လေးဆီ ချက်ချင်းရောက်ရှိသွားသည်။ ကောင်လေးဆီ ရောက်ခါနီးမှာပင် လေထုက ချက်ချင်းနှစ်ပိုင်းခွဲထွက်သွားသည်။ တစ်ခုသည် ကောင်လေးဘေးမှ သစ်ပင်ကြီးကို တိုက်ခိုက်လိုက်ပြီး ကောင်လေးပင်မသိလိုက်ပဲ အစိမ်းရောင်အဆိပ်ရှိ မြွေတစ်ကောင်သည် ဦးခေါင်းပေါက်ကွဲကာ မြေပြင်ပေါ်ပြုတ်ကျလာခဲ့သည်။

ကျန်လေပြင်းတစ်ခုက ကောင်လေးအပေါ် ကျရောက်သွားသဖြင့် ကောင်လေး၏ခန္ဓာကိုယ်က တုန်ယင်သွားပြီး မြေပေါ်သို့ သတိလစ်လဲကျသွားလေသည်။

ရုပ်နယ်လွန်ထိန်းချုပ်မှု ပညာရပ်တွင် ကျွမ်းကျင်သူများသာ လက်ချောင်းမှဖြစ်ပေါ်လာသောလေကို နှစ်ခုခွဲခြမ်းနိုင်ခြင်း ဖြစ်ပြီး စုမင်၏ ကောင်းမွန်စွာထိန်းချုပ်မှု ပညာရပ်သည်လည်း မယုံနိုင်လောက်အောင်ပင် တိကျသောအခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။

“ငါမင်းကို သတ်မှာမဟုတ်ဘူး။ ဒါပေမဲ့ ပြန်သွားပြီးရင် ငါ့အကြောင်းတွေကိုတော့မထုတ်ဖော်နဲ့”

သူလာခဲ့ရာလမ်းကြောင်းအတိုင်း တောင်ကုန်းလေးဆီမှ စုမင်ပြန်လည်ထွက်ခွာလာခဲ့သည်။

ဤလိုက်ဖမ်းမှုအတွက် သူတစ်ရက်ထက် ပိုအသုံးပြုခဲ့ရ၏။ ယခု ထိုအရာကပြီးဆုံးသွားသော်လည်း၊ သူအနားယူရန် မရပ်တန့်ခဲ့ပေ။ ထိုအစား သူ့ဆရာပေးလိုက်သော အချိန်အကန့်အသတ်သုံးရက်အတွင်း ပြန်ရောက်နိုင်စေရန်၊ အလျင်မြန်ဆုံးအရှိန်ကိုသုံးလျက် ပြန်လည်ပြေးလွှားလာခဲ့လေသည်။

သူနှင့် မရင်းနှီးသော အန္တရာယ်များ ပြည့်နှက်နေသည့် လူရိုင်းများ၏နယ်မြေကို ဖြတ်သန်းရာတွင် စုမင် သတိကြီးစွာထားခဲ့သည်။ သူ ကောင်လေးကို သတ်ပစ်ခဲ့သင့်မှန်းသိသော်လည်း ... သတိလစ်သွားစေရန်သာ ပြုလုပ်ခဲ့မိချေသည်။

စုမင် ထွက်ခွာသွားပြီး အမွှေးတိုင်တစ်ဝက် ထွန်းစာအချိန်ခန့် ကုန်လွန်သွားပြီးချိန်တွင် ကောင်လေး၏ခန္ဓာကိုယ်က ဆတ်ခနဲလှုပ်ရှားသွားသည်။ မည်သည့်နေရာမှ ထွက်ပေါ်လာမှန်းမသိသည့် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်တစ်မျိုးသည် ကောင်လေးကိုအချိန်မတိုင်မီ နိုးထလာစေခဲ့သည်။

ကောင်လေးသည် မျက်လုံးများပွင့်လာချိန်တွင် ပထမဆုံး သူ့ခန္ဓာကိုယ်အား စစ်ဆေးကြည့်ရှုလိုက်သည်။ သူ ထိခိုက်ဒဏ်ရာမရမှန်း သိရှိလိုက်ကာ သူ့ဘေးတွင်လဲကျသေဆုံးနေသော ဦးခေါင်းမရှိတော့သည့် အဆိပ်ရှိမြွေကို မြင်လိုက်ရချိန်တွင် ခဏတာ အံ့အားသင့်မှင်သက်သွားခဲ့သည်။

သို့သော် ထိုအံ့အားသင့်မှုသည်ခဏသာကြာပြီး အလျင်အမြန်ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။ တောင်ကုန်းလေးဆီသို့ လှမ်းကြည့်လိုက်ချိန်တွင် ကောင်လေး၏ငယ်ရွယ်သောမျက်နှာထက်၌ ထိတ်လန့်ကြောက်ရွံ့သော အရိပ်အယောင်မျိုးရှိမနေတော့ပေ။ ထိုကြောက်ရွံ့မှုများသည် ရက်စက်ကြမ်းကြမ်းမှု၊ မုန်းတီးမှုများဖြင့် အစားထိုးသွားခဲ့ချေပြီ။

သူ မတ်တတ်ထရပ်ကာ မျိုးနွယ်စုရှိရာဆီသို့ အရှိန်အပြည့်ဖြင့် ပြေးတော့သည်။ ပြေးလွှားနေရင်းမှပင် ရပ်တန့်ခြင်းမပြုပဲ၊ လျှာကိုကိုက်ကာ ပါးစပ်အပြည့် သွေးတစ်လုတ် ထွေးထုတ်လိုက်ပြီး မျက်လုံးများကိုမှိတ်ချလိုက်သည်။ ခဏအကြာ သူ့မျက်လုံးများပြန်ဖွင့်လာသောအခါ သူ့သွေးများသည် သွေးနီရောင်ငှက်တစ်ကောင်အဖြစ် ပြောင်းလဲသွားချေပြီ။

ငှက်ကလေးသည် အတောင်ပံများကိုတဖျတ်ဖျတ် ခတ်လိုက်ပြီးနောက် ထိတ်လန့်ဖွယ်အမြန်နှုန်းဖြင့် အဝေးသို့ဦးတည်ပျံသန်းသွားပြီး သဲလွန်စပင်မကျန် ပျောက်ကွယ်သွားခဲ့သည်။

သိပ်မဝေးသောနေရာတစ်ခုတွင်၊ တောအုပ်၏ရှင်းလင်းနေသောနေရာ၌ ရွာတစ်ရွာကိုတွေ့နိုင်သည်။ မြေပြင်ပေါ်ရှိ ရွှံ့များနေရာတွင် သဲများပြည့်နေသဖြင့် မြေပြင်နေရာက မာကျောနေသည်။ အတော်ဝေးဝေးတွင် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထားသော မြေကွက်ကြီးတစ်ခုလည်း ရှိသေးသည်။

ရွာဆီမှ ပျံ့လွင့်လာတတ်သည့် ရယ်မောသံများကို ကြားနိုင်ချေသည်။ ရံဖန်ရံခါဆိုသလို မျက်နှာတွင် ဆေးမင်ကြောင်များအပြည့်ဖြင့် လူရိုင်းမျိုးနွယ်စုမှ ယောက်ျားသားများသည် သတိရှိသော မျက်နှာ အမူအရာများဖြင့် ရွာကိုကင်းလှည့်နေတတ်ကြသည်။ သို့သော် တစ်နာရီခန့်ကြာပြီးနောက် တောအတွင်းမှ သွေးနီရောင်ငှက်လေး ရုတ်တရက် ပျံသန်းထွက်ပေါ်လာချိန်တွင်၊ သူတို့မျက်နှာအမူအရာများက ရုတ်ခြည်းပြောင်းလဲသွားခဲ့ကြသည်။

ထိုငှက်နီလေးသည် ရွာထဲသို့ ပျံသန်းဝင်ရောက်သွားပြီး ရွာအတွင်းရှိအိမ်များထဲမှ တစ်အိမ်ဆီသို့ တည့်တည့်ဦးတည်သွားလေသည်။

ထိုအိမ်ထဲတွင် ခါးနေရာတွင်သာ သားရဲအရေကိုပတ်ထားသော အပေါ်ပိုင်းဗလာနှင့် အဘိုးအိုတစ်ဦးထိုင်နေချေသည်။ သူ့အရှေ့တွင် အိုးတစ်အိုးရှိပြီး ထိုအိုးထဲတွင် ဆေးဖက်ဝင်အပင်အချို့ လောင်ကျွမ်းနေသည်။ အဘိုးအို အသက်ရှူလိုက်ချိန်တိုင်း အိုးအတွင်းမှထွက်ပေါ်လာသော မီးခိုးငွေ့များက သူ့မျက်လုံးများ၊ နားများ၊ နှာခေါင်းနှင့် ပါးစပ်တို့မှတစ်ဆင့် ဝင်ရောက်သွားကြပြီး သူ့ချွေးပေါက်များမှ ပြန်ထွက်လာကြသဖြင့် အဘိုးအိုအား မသဲမကွဲ မှုန်ဝါးဝါးအရှိန်အဝါတစ်ခုက ဖုံးအုပ်ထားလေသည်။

သူ့နောက်တွင် လူရိုင်းမျိုးနွယ်စု၏ ချောမောလှပသော မိန်းကလေးနှစ်ယောက်ရှိနေသည်။ သူတို့သည် ဘေးတွင်ဒူးထောက်လျက် သစ်ရွက်ကြီးများဖြင့်ပြုလုပ်ထားသော ယပ်တောင်များဖြင့် အဘိုးအိုကို ညင်ညင်သာသာ ခတ်ပေးနေကြသည်။

ယပ်ခတ်နေရာမှ ထွက်ပေါ်နေသောလေသည် အလွန်နည်းပါးသဖြင့် မီးခိုးငွေ့များကို လွင့်ပါး မသွားစေခဲ့ပေ။ အိမ်တစ်အိမ်လုံးက တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။

သို့သော် ဤအခိုက်အတန့်မှာပင် ငှက်နီလေးက ထိုအခြေအနေကို ချိုးဖျက်သွားလေသည်။ အဘိုးအိုက မျက်လုံးများကိုရုတ်တရက် ပြန်ဖွင့်လိုက်ချိန်တွင်၊ သူ့မျက်လုံးများထဲမှတစ်ခုအတွင်း၌ မျက်ဆံ၄ခုကို တွေ့မြင်နိုင်ပေသည်။

အဘိုးအို မျက်လုံးဖွင့်လိုက်ချိန်မှာပင် ငှက်နီလေးကအနီးသို့ ရောက်လာပြီး သူ့ရှေ့တွင်ရပ်နား ဆင်းသက်လိုက်သည်။ ပေါက်ကွဲသံတစ်ချက်နှင့်အတူ ငှက်နီလေးသည် သွေးမြူအလွှာတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အဘိုးအို အသက်ရှူသွင်းလိုက်ချိန်၌ သွေးမြူများသည် အဘိုးအို၏ မျက်လုံးများ၊ နားများ၊ နှာခေါင်းနှင့်ပါးစပ်တို့မှတစ်ဆင့် ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားကြသည်။ ထို့နောက်တွင် အဘိုးအို၏မျက်လုံးများအတွင်းမှ အလင်းရောင်က တောက်ပသွားပြီး သူ့မျက်စိရှေ့တွင် ပုံရိပ်များဖြစ်ပေါ်လာသကဲ့သို့ အရာရာကိုရှင်းရှင်းလင်းလင်း မြင်လိုက်ရချေသည်။

“မာန်စွမ်းအားရှင် တစ်ယောက် ...”

အဘိုးအိုမျက်နှာထက်တွင် သွေးဆာရက်စက်သော အပြုံးတစ်ခုဖြစ်ပေါ်လာပြီး နှုတ်ခမ်းများကို လျှာနှင့်သပ်လိုက်သည်။ မည်သည့် မာန်စွမ်းအားရှင်မဆို အဘိုးအိုလျှာကို မြင်သည်နှင့် အလွန်အမင်း အံ့အားသင့် ထိတ်လန့်သွားကြမည်မှာ မလွဲဧကန်ပင်။ အဘယ်ကြောင့်ဆိုသော် အဘိုးအို၏လျှာသည် သာမန်လူတစ်ဦး၏လျှာထက် ပိုမိုရှည်လျားနေခဲ့ခြင်းကြောင့်ဖြစ်သည်။ ၎င်းသည် မြွေတစ်ကောင်၏လျှာနှင့် တူပြီး အဘိုးအိုသာဆန္ဒရှိလျှင် သူ့ဆံပင်ကိုပင် ပြန်လျက်နိုင်မည့် ပုံပေါ်လေသည်။

အဘိုးအိုသည် နှုတ်ခမ်းများပေါ်မှ ထိုသွေးဆာရက်စက်သော အပြုံးနှင့်ပင် မတ်တတ်ထရပ်လိုက်ပြီးနောက် အိမ်အပြင်သို့ လျှောက်ထွက်သွားကာ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

သူအော်ဟစ်လိုက်သည်နှင့် မျိုးနွယ်စုတစ်စုလုံး ချက်ချင်းငြိမ်ကျသွားပြီး လူတိုင်း၏အကြည့်က အဘိုးအိုဆီသို့ရောက်ရှိလာလေသည်။

“မင်းတို့ အဲအနံ့ကိုရကြလား” အဘိုးအိုသည် အက်ကွဲခြောက်ကပ်နေသော အသံဖြင့် “အဲဒါ မာန်စွမ်းအားရှင်တစ်ယောက်ရဲ့ အနံ့ပဲ။ ဒီအနံ့က မာန်စွမ်းအားရှင်တစ်ယောက် သွေးဆီက ချိုမြတဲ့အနံ့လေးပဲ ... ငါတို့ ဖွတ်နတ်ဘုရားနေတဲ့ တောထဲကို မာန်စွမ်းအားရှင်တစ်ယောက် ဝင်လာတယ်။ သူက ငါတို့နယ်မြေထဲကို ဝင်လာတဲ့အပြင် လူရိုင်းမျိုးနွယ်စုရဲ့ စစ်သည်တော်တစ်ယောက်ကိုလည်း သတ်သွားသေးတယ်”

“သူက တောထဲက ဖွတ်နတ်ဘုရားကို နှောင့်ယှက်ခဲ့တယ်”

“သူ့ကိုသတ်။ သူ့ခေါင်းကို ဖြတ်ယူလာပြီး ငါတို့မျိုးနွယ်စုအပြင်မှာ ချိတ်ထားကြမယ်။ သူ့နှလုံးသားကိုတူးပြီး သူ့သွေးတွေကို ညှစ်ထုတ်ပစ်မယ်။ သူ့သွေးကို ငါတို့မျိုးနွယ်စုရဲ့ အစွမ်းထက်လူရိုင်းတွေ သောက်ရမယ်”

“သူ့ကိုသတ်။ သူ့သွားတွေကို ဆွဲနုတ်ပြီး ငါတို့လည်ပင်းမှာ အဆင်တန်ဆာအဖြစ် ဆွဲမယ်”

ခဏတာ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက်တွင် မျိုးနွယ်စုတစ်စုလုံးထံမှ ရူးသွပ်စွာ အော်ဟစ်ကြွေးကြော်သံများ ပေါ်ထွက်လာခဲ့သည်။

ထိုအော်ဟစ် ကြွေးကြော်သံများသည် မျိုးနွယ်စုအတွင်းရှိ လူရိုင်းအားလုံးထံမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး အချို့သော ကလေးသူငယ်များ၊ အမျိုးသမီးများနှင့် လူကြီးများ၏ မျက်နှာများထက်တွင် ရက်စက်ကြမ်းကြုတ်သော အမူအရာများကိုပင် တွေ့မြင်နိုင်ချေသည်။

အဘိုးအိုသည် ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်ပြီး အလင်းတန်းရှည် တစ်ခုအသွင်ဖြင့် မျိုးနွယ်စုအပြင်သို့ ဦးတည်ထွက်ခွာသွားသည်။ လူအယောက်နှစ်ဆယ်ခန့် သည်လည်း အဘိုးအိုနောက်မှ လိုက်ပါသွားကြပြီး ကျေးရွာအပြင်ဘက် တောအုပ်ဆီသို့ အလျင်အမြန် ဦးတည်သွားကြသည်။

ထိုလူများသည် ရွာမှ ထွက်ခွာလာပြီးသည်နှင့် အဖွဲ့နှစ်ဖွဲ့ခွဲသွားကြသည်။ အဘိုးအိုက လူအနည်းစုကိုဦးဆောင်ကာ ကောင်းကင်ပေါ်သို့ ပျံတက်သွားသည်။ ကျန်လူများသည်တော့ ၎င်းတို့ဘိုးဘေးများဆီမှ လက်ဆင့်ကမ်း ရရှိခဲ့ကြသော ပညာရပ်နည်းလမ်းများဖြင့် တောအုပ်အတွင်း၌ သဲလွန်စများကို စတင်ရှာဖွေလိုက်ကြသည်။

စုမင်သည် ရပ်တန့်ခြင်း၊ အနားယူခြင်းမရှိပဲ အလွန်လျင်မြန်သော အမြန်နှုန်းဖြင့် တောအုပ်အတွင်း ဖြတ်သန်း ပြေးလွှားနေခဲ့သည်။ သူ့ရင်ဘတ်ရှိ ဒဏ်ရာမှ သွေးထပ် မထွက်တော့သော်လည်း သူရူးသွပ်စွာ ပြေးလွှားသည်နှင့်အမျှ နာကျင်မှုက ပိုမိုတိုးများလာလေသည်။

သူပျံသန်းသွားရန် စိတ်ကူးခဲ့သော်လည်း ထိုအတွေးကို ချက်ချင်း ပယ်ဖျက်ခဲ့မိချေသည်။ သူသာ နေ့တစ်ရက်နှင့် တစ်ဝက်ခန့် ပျံသန်းနေခဲ့မည်ဆိုလျှင်၊ လူရိုင်းများနှင့် ကြုံတွေ့သွားနိုင်၏။ သူနှင့်မရင်းနှီးသော နယ်မြေထဲတွင်တော့ ဤလုပ်ရပ်သည် အရူးထခြင်းတစ်မျိုးသာ ဖြစ်ပေလိမ့်မည်။

ကောင်းကင်နှင့်ယှဉ်လျှင် တောအုပ်ကမှ သူဖြတ်သန်းသွားရန် ပိုသင့်လျော်သေး၏။

သူပြေးလွှားရင်း အချိန်များကုန်ဆုံးသွားခဲ့သည်။ ဒုတိယနေ့၏ ညအချိန်သို့ရောက်လာသောအခါ၊ သူသစ်ပင်ကြီးတစ်ပင်ပေါ်တွင် ခြေချိတ်ထိုင်ချလိုက်ပြီး အသက်ရှူခြင်းကို ထိန်းညှိလိုက်သည်။

 ‘အကွာအဝေးအရဆိုရင်တော့၊ ငါ မနက်ဖြန်ညလောက်ဆို ဆရာ့ဆီပြန်ရောက်လိမ့်မယ် ...’

စုမင် ရင်ဘတ်ကိုထိလိုက်မိချိန်တွင် သူ့ညာဘက်မျက်လုံးထဲ၌ သွေးနီရောင်အလင်းတစ်ခု ပေါ်လာခဲ့သည်။ သူယခုလို ဒဏ်ရာပြင်းပြင်းထန်ထန် မရသည်မှာ အချိန်အတော်ကြာခဲ့ချေပြီ။ သူ၏ လူရိုင်းမျိုးနွယ်ထံသို့သွားရာ ဤတစ်ကြိမ်ခရီးသည် သူ့အား လူရိုင်းမျိုးနွယ်စုနှင့် ပတ်သက်သော လျှို့ဝှက်ဆန်းကြယ်မှုများကို ပိုမိုသိရှိလာစေခဲ့သည်။

လူရိုင်းများ၏ နယ်မြေထဲမှာပင်၊ တစ်ဦးတည်း လူရိုင်းအမဲလိုက်ခြင်းသည် လူတိုင်းအတွေ့အကြုံရနိုင်သော ကိစ္စမျိုးမဟုတ်သဖြင့် ဤအရာသည် နောက်လအနည်းငယ်အကြာ ကောင်းကင်မြူခိုး လူရိုင်းအမဲလိုက်ပွဲအတွင်း သူ့အတွက် အလွန်အသုံးဝင်ပေလိမ့်မည်။

လူရိုင်းများ၏ သစ်တောအတွင်းမှ လေထုကို သူအသက်ရှူနေခဲ့သည်နှင့်အမျှ၊ သူ့နှလုံးသားကို ဖိနှိပ်နေသည့် လေးလံထိုင်းမှိုင်းသော ခံစားချက်ကြီးက တဖြည်းဖြည်း လွင့်ပါးပျောက်ကွယ်လာနေသည်ဟု စုမင်ခံစားရချေသည်။

 ‘ဆရာ့ဆီမှာ လူရိုင်းတွေရဲ့ အထွတ်အမြတ်သားရဲ ရှိနေလိမ့်မည်လို့ ... ငါမထင်ထားမိဘူး။ အဲဒီအထွတ်အမြတ်သားရဲက ဘာလဲဆိုတာ ငါမသိပေမဲ့၊ သူ့ဟိန်းဟောက်သံတစ်ချက်တည်းနဲ့တင်၊ နတ်ဆရာ၊ တခြားပတ်ဝန်းကျင်က လူရိုင်းတွေနဲ့ ရောင်နီခွဲဖြာစုံတွဲထဲက တစ်ယောက်ကိုသေသွားစေခဲ့တယ်။ ပြီးတော့ ကျန်တဲ့ရောင်နီခွဲဖြာတစ်ယောက်ကလည်း ဒဏ်ရာအကြီးအကျယ် ရသွားသေးတယ် ...’

‘အဲဒီ စွမ်းအားမျိုး ...’

စုမင် သက်ပြင်းချလိုက်မိပြီး သူထိုကဲ့သို့ အထွတ်အမြတ်သားရဲတစ်ကောင်အား မြင်ဖူးခဲ့ကြောင်း ပြန်လည်သတိရလိုက်မိသည်။

သူ့မှတ်ဉာဏ်များထဲတွင်၊ ကောင်းကင်မှတိမ်တိုက်မျသည် အနက်ရောင်မြူခိုးများသဖွယ် ရွေ့လျားလာကြပြီး လီထောင်ပေါင်းများစွာဧရိယာကို ဖုံးအုပ်သွားကြသည်။ ထိုမြူခိုးများအတွင်းရှိအရာသည် နှာခေါင်းရှည်မက်ကရယ်ငါးကြီး တစ်ကောင်ပင်ဖြစ်သည်။

၎င်းမက်ကရယ်ငါးကြီးပေါ်တွင် မိန်းကလေးတစ်ဦးက မတ်တတ်ရပ်နေခဲ့သည်။

‘ဆရာဦးလေးပိုင်က ... အထွတ်အမြတ်သားရဲတစ်ကောင်နဲ့ တကယ်တိုက်ခိုက်နိုင်ခဲ့တာလား’

စုမင် အံ့အားသင့်မှင်တက်သွားမိသည်။ သူပိုမိုတွေ့မြင်ကြုံတွေ့လာရလေလေ၊ ဆရာဦးလေးပိုင်၏ ခွန်အားကိုပိုမိုနားလည်လာရလေလေ ဖြစ်သည်။

စုမင်သည် သူ့ဆရာ၊ ဆရာဦးလေးပိုင်နှင့် လူရိုင်းမျိုးနွယ်စု၏ အထွတ်အမြတ်သားရဲများအကြောင်း စဉ်းစားနေစဉ် သူ့မျက်လုံးများသည် ရုတ်တရက်လေးနက်တည်ကြည်သွားပြီး ညာဘက်မျက်လုံးအတွင်းရှိ သွေးနီရောင်အလင်းက တောက်ပလာခဲ့သည်။ သူ့ခန္ဓာကိုယ်သည် လေးညို့ကိုဆွဲလိုက်သကဲ့သို့ ထိုင်နေရာသစ်ပင်ကြီးဆီမှ ခုန်ထွက်လိုက်သည်။

သူ၏ နတ်ဘုရားအာရုံကြောင့် ပတ်ဝန်းကျင် ပေ၃၀၀၀ဧရိယာအတွင်း လူရိုင်းဒါဇင်ခန့်ကို အာရုံခံလိုက်မိခြင်းပင်။ ထိုလူရိုင်းများသည် သွေးဆာရက်စက်သော အမူအရာများဖြင့် သူ့ကိုဝန်းရံရန် ကြိုးစားနေသည့်ပုံမျိုးဖြင့် သူ့ထံ တိုးဝင်လာနေကြခြင်းဖြစ်သည်။

ထိုလူရိုင်းများကို အာရုံခံလိုက်မိချိန်တွင် သူ့စိတ်ထဲ၌ ပထမဆုံးပေါ်လာသော မြင်ကွင်းမှာ သူ့လက်ချောင်းများမှ ဆင့်ခေါ်ခဲ့သောလေဖြင့် သတိလစ်အောင် လုပ်ထားခဲ့သော ကောင်လေးပင်ဖြစ်သည်။

***

All Chapters