အခန်း (၁၀၃-၁၀၄)
Vol. 11 Ch. 103-104
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၁ ၊ အတွဲ ၁ ၊ အပိုင်း ၁၀၃ + ၁၀၄
ဘာသာပြန် - Author Ko Yoohtoo
Editor - Author Chang'e 🌕
True Immortal Team
"ငါတို့က လူအုပ်နဲ့ ဝိုင်းတိုက်ရမယ်... ဟုတ်လား။"
လင်းချန်၏ စကားကို ကြားလိုက်ရသောအခါ တင်းကျစ်ရုံနှင့် ကျန်သုံးယောက်လုံး မှင်သက်သွားကြရသည်။ ချင်ဝူရွှမ်နှင့် လေဟန်တို့သည်လည်း အံ့အားသင့်သွားကြပြီး လင်းချန်မှာ မောက်မာလွန်းနေသည်ဟု မှတ်ချက်ချလိုက်မိကြ၏။
တင်းကျစ်ရုံ ၊ ကျောက်ဟိုင်မင်း ၊ လီလဲ့ထျန်နှင့် ဝမ်လန်ရှင်းတို့မှာ လက်ရှိ နတ်ဓားဂိုဏ်း၏ အသန်မာဆုံး အတွင်းစည်းတပည့်များ ဖြစ်ကြလေ၏။
လင်းချန် မည်မျှပင် သန်မာနေပါစေ ၊ သူတို့လေးယောက်လုံးကို တစ်ပြိုင်နက်တည်း ရင်ဆိုင်တိုက်ခိုက်ရန်မှာကား ထင်သလောက် လွယ်ကူမည် မဟုတ်ချေ။
ဤနေရာ၌ ရှိနေသူများအနက် ဝေဝူရွှမ်နှင့် လေချန်တို့သာလျှင် အံ့ဩရိပ်မပေါ်သလို မည်သည့်တုံ့ပြန်မှုကိုမျှ မပြကြချေ။ အဘယ်ကြောင့်ဆိုသော် လင်းချန်၏ အစစ်အမှန်ခွန်အားမှာ မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းကြောင်းကို သူတို့ ကောင်းကောင်းကြီး သိထားပြီးဖြစ်သောကြောင့်ပင်။
လီလဲ့ထျန်သည်တော့ လင်းချန်အား အံ့ဩနေသည့် အကြည့်ဖြင့် မေးလိုက်မိသည်။
"မင်း... တကယ်ပဲ တစ်ယောက်တည်းနဲ့ ငါတို့ လေးယောက်ကို တိုက်ချင်တာ သေချာလို့လား။"
လင်းချန် သူ့ရှေ့ရှိ လူလေးယောက်အား တည်ငြိမ်စွာ စိုက်ကြည့်ကာ ခေါင်းညိတ်ပြ၍ အတည်ပြုလိုက်သည်။
"စိတ်မပူပါနဲ့... ဝင်သာ လာခဲ့ကြစမ်းပါ။ ဘာမှ မဖြစ်စေရဘူး။"
လင်းချန်၏ အပြောကြောင့် သူတို့ လေးယောက်လုံး အချင်းချင်း တစ်ချက်ကြည့်လိုက်ကြပြီးနောက် နေရာခွဲကာ အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကြ၏။
ထို့နောက် သူတို့၏ ခန္ဓာကိုယ်အတွင်းမှ စိတ်ဝိညာဉ်စွမ်းအားများ တရိပ်ရိပ် ထွက်ပေါ်လာကာ သူတို့ပတ်လည်၌ သိပ်သည်းစွာ ရစ်သိုင်းလာတော့သည်။ သူတို့၏ ရှေ့၌ သိုင်းဝိညာဉ်များ ပေါ်ထွက်လာကြပြီး အသင့်အနေအထားသို့ အသွင်ပြောင်းလိုက်ကြ၏။
တစ်ချိန်တည်းမှာပင် လင်းချန်ကမူ သူတို့လေးယောက်၏ မျက်နှာချင်းဆိုင်၌ လက်ဗလာဖြင့် ရပ်လျက် အေးစက်စွာ စောင့်ကြည့်နေလျက် ရှိနေသည်။
တင်းကျစ်ရုံ၏ စိတ်ဝိညာဉ်စွမ်းအားမှာ သတ္တုအမျိုးအစားဖြစ်ပြီး သူ၏ သိုင်းဝိညာဉ်လက်နက်မှာ ထက်ရှလှသော လှံရှည်တစ်လက် ဖြစ်၏။
ကျောက်ဟိုင်မင်း၏ စိတ်ဝိညာဉ်စွမ်းအားမှာ မြေအမျိုးအစားဖြစ်ပြီး သူ၏သိုင်းဝိညာဉ်လက်နက်မှာ ကြီးမားလေးလံလှသော ဓားကြီးတစ်လက် ဖြစ်သည်။ လီလဲ့ထျန်နှင့် ဝမ်လန်ရှင်းတို့ နှစ်ယောက်စလုံးမှာ လေအမျိုးအစား စိတ်ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်ထားကြပြီး သူတို့၏ သိုင်းဝိညာဉ်လက်နက်များမှာ ထပ်တူညီသည့် ဓားရှည်များ ဖြစ်ကြသည်။
"ဂျိန်းးးးး"
နားကွဲမတတ် မိုးခြိမ်းသံကြီး လေထုကို ခွင်း၍ ထွက်ပေါ်လာပြီး ရွှေနီရောင်သမ်းနေသော စိတ်ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာကာ လင်းချန်၏ ခန္ဓာကိုယ်တစ်ခုလုံးအား လှည့်ပတ်စီးဆင်းသွား၏။ ထို့နောက် လွှမ်းမိုးနိုင်စွမ်းရှိသော ကြောက်မက်ဖွယ် အရှိန်အဝါများက ပတ်ဝန်းကျင်တစ်ခုလုံးသို့ ဖုံးလွှမ်းသွားတော့သည်။
လင်းချန်က အလွန်အားကောင်းသည့် အရှိန်အဝါဖြင့် လက်ယပ်ခေါ်လိုက်ပြီး တိုက်ခိုက်ရန် ထိုလူလေးယောက်အား သွေးအေးစွာ လက်ဟန်ပြလိုက်၏။
ပထမဆုံး အရှိန်အဟုန်ဖြင့် ပြေးထွက်လာသူမှာ တိုက်ခိုက်ရေးစွမ်းအား အကောင်းဆုံးဖြစ်သည့် တင်းကျစ်ရုံ ဖြစ်လေ၏။ သူသည် ရွှေရောင်အလင်းတန်းများ တလက်လက် တောက်ပနေသည့် လှံဖြင့် လေထုကို ထိုးခွင်းကာ မျက်စိတစ်မှိတ်အတွင်း လင်းချန်၏ မျက်နှာဆီသို့ တည့်တည့်ချိန်ရွယ်ကာ ထိုးစိုက်လိုက်သည်။
တင်းကျစ်ရုံ၏ ပြင်းထန်လှသော တိုက်ကွက်နောက်မှ ကျောက်ဟိုင်မင်းသည်လည်း ချက်ချင်း လိုက်ပါလာပြီး လက်ထဲရှိ ကြီးမားသော ဓားကြီးဖြင့် လင်းချန်၏ ခါးကို ချိန်ရွယ်၍ ဘေးတိုက် ပိုင်းချလိုက်လေ၏။
လင်းချန်သည်တော့ မျက်နှာတစ်ချက်မပျက်ဘဲ ဘယ်လက်ဖြင့် လှံဖျားကို ကပ်သီးလေး ရှောင်တိမ်းကာ လှံရိုးကို ကျစ်ကျစ်ပါအောင် ဖမ်းဆုပ်လိုက်ပြီး ၊ ညာလက်ဖြင့် ထက်ရှလှသော ဓားသွားကို လက်ဗလာဖြင့် ဖမ်းဆုပ်ကာ အနောက်သို့ ပြင်းထန်စွာ ဆွဲယူလိုက်သည်။
ထိုအချိန်၌ပင် တင်းကျစ်ရုံနှင့် ကျောက်ဟိုင်မင်း နှစ်ယောက်စလုံးက သူတို့၏ သိုင်းဝိညာဉ်လက်နက်များမှတစ်ဆင့် တားဆီးမရနိုင်သော ကြီးမားလှသည့် အားတစ်ခု စီးဝင်လာသည်ကို ခံစားလိုက်ရပြီး လုံးဝ မခုခံနိုင်တော့ချေ။ စီးဝင်လာသည့် ခွန်အာတစ်ရပ်ကို မတောင့်ခံနိုင်တော့သဖြင့် လင်းချန်၏ ဆွဲအားနောက်သို့ လက်ထဲရှိ လက်နက်များနှင့်အတူ ရှေ့သို့ ဟန်ချက်ပျက်ကာ ယိုင်နဲ့ပါသွားကြတော့၏။
ထိုအခိုက်မှာပင် လင်းချန်၏ မျက်လုံးများ ရုတ်တရက် စူးရှသွားပြီး လက်မောင်းများမှ ကြောက်မက်ဖွယ် စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာကာ တင်းကျစ်ရုံနှင့် ကျောက်ဟိုင်မင်းတို့ကို လေပေါ်သို့ အလွယ်တကူ လွှတ်ပစ်လိုက်၏။
"ရွှပ်..."
လေခွင်းသံတစ်ခု ထွက်ပေါ်လာပြီးနောက် လင်းချန်တစ်ယောက် ရပ်နေသောနေရာမှ ရုတ်တရက် အရိပ်အလား ပျောက်ကွယ်သွားကာ ၁ စက္ကန့်ဟူသော အချိန်ကလေးအတွင်းမှာပင် လီလဲ့ထျန်၏ ရှေ့သို့ ရောက်ရှိသွားပြီး ဝမ်းဗိုက်ကို ဒူးဖြင့် အရှိန်ပြင်းစွာ တိုက်ချလိုက်သည်။
"ဖောင်းးး"
လီလဲ့ထျန်သည်တော့ မျက်လုံးထဲ၌ ရွှေနီရောင် မိုးကြိုးတန်းတစ်ခု ပေါ်လာသည်ကို မြင်လိုက်ရပြီးနောက် ဝမ်းဗိုက်ဆီမှ အူများပြတ်ထွက်မတတ် ပြင်းထန်လှသော ထိုးနှက်ချက်တစ်ခုကို ခံစားလိုက်ရသည်။ နာကျင်မှုက ခန္ဓာကိုယ်အနှံ့ လျှပ်စီးပမာ ပျံ့နှံ့လာပြီး သူ၏ ခန္ဓာကိုယ်ကြီးက နောက်သို့ အရှိန်ပြင်းစွာ လွင့်ထွက်သွားတော့၏။
လီလဲ့ထျန် လွင့်ထွက်သွားသော လမ်းကြောင်းမှာ အခြေအနေကို သဘောမပေါက်သေးဘဲ ကြောင်ငေးရပ်နေသော ဝမ်လန်ရှင်း ရှိရာဘက်သို့ တန်းတန်းမတ်မတ် ဦးတည်နေလေသည်။
"ဘုန်းးး"
လီလဲ့ထျန်က ဝမ်လန်ရှင်းကို အရှိန်ဖြင့် ဝင်တိုက်မိပြီး သူမအပေါ်သို့ လေးလံစွာ ပိကျသွားတော့သည်။ သူတို့လေးယောက် မြေကြီးပေါ်မှ နာကျင်စွာ ကုန်းရုန်းထနေသည်ကို ကြည့်ရင်း လင်းချန်က ခေါင်းကို အကြိမ်ကြိမ် ခါရမ်းကာ လှောင်ပြောင်လိုက်၏။
"မင်းတို့က စွမ်းအားကို အကုန်မသုံးဘဲ ငါ့ကို စမ်းသပ်ချင်နေသေးတာလား။"
မတ်တတ်ပြန်ရပ်လိုက်ကြပြီးနောက် သူတို့လေးယောက်လုံး မျက်နှာအမူအရာများ ချက်ချင်း ပြောင်းလဲသွားကာ လင်းချန်အား လေးလေးနက်နက် စိုက်ကြည့်လိုက်ကြသည်။
တင်းကျစ်ရုံက ဒေါသတကြီးဖြင့် ကြုံးဝါးလိုက်၏။
"တိုက်မယ်ဟေ့။"
ထို့နောက် သူတို့လေးယောက်လုံးသည် အလယ်၌ရပ်နေသည့် လင်းချန်ထံသို့ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် တစ်ပြိုင်နက်တည်း ပြေးဝင်သွားကြလိုက်သည်။ အရောင်အသွေးစုံလင်သော စိတ်ဝိညာဉ်စွမ်းအားများက ခြံဝင်းအတွင်း၌ ပြင်းထန်စွာ ပေါက်ကွဲထွက်ပေါ်လာ၏။
"ဖောင်းးး"
လျှပ်တပျက်အတွင်းမှာပင် တင်းကျစ်ရုံတစ်ယောက် လင်းချန်၏ ပြင်းထန်လှသော ကန်ချက်ကို ခံလိုက်ရပြီး လွင့်ထွက်သွားကာ ကျောက်ဟိုင်မင်းနှင့် အရှိန်ပြင်းပြင်း ဝင်တိုက်မိသွား၏။
ဘေးနှစ်ဖက်မှ ဝင်ရောက်တိုက်ခိုက်လာသည့် လီလဲ့ထျန်နှင့် ဝမ်လန်ရှင်းတို့သည်လည်း လင်းချန်၏ စိန်တုံးကိုပင် အက်ကွဲသွားစေလောက်သည့် လက်သီးချက်များ မျက်နှာတည့်တည့်သို့ ကျရောက်လာသဖြင့် နောက်သို့ ယိုင်နဲ့ဆုတ်သွားကြရသည်။ နှာခေါင်းကို အုပ်ထားသော သူတို့၏ လက်ချောင်းများကြားမှ သွေးပူပူများက တသွင်သွင် စီးကျလာတော့၏။
လင်းချန် မျက်မှောင်ကြုတ်လိုက်ပြီး သူတို့လေးယောက်၏ စွမ်းရည်ကို မကျေနပ်ကြောင်း ပြသလိုက်သည်။
"ဒါ... မင်းတို့ရဲ့ အစွမ်းကုန်ပဲလား။ ဆက်လုပ်ကြလေ။"
လင်းချန်၏ အမူအရာက သူတို့လေးယောက်ကို ရန်စလိုက်သကဲ့သို့ ဖြစ်သွားပြီး ရှေ့သို့ ထပ်မံ ပြေးဝင်လာကြပြန်၏။ သို့သော် ရလဒ်မှာ ပြောစရာပင် မလိုတော့ချေ။
လင်းချန်မှာ လေးယောက်စလုံးကို ကလေးတစ်ယောက်အလား အလွယ်တကူ နှိမ်နင်းလိုက်၏။ သူ့ရှေ့မှ ရက်စက်လှသော မြင်ကွင်းကို ကြည့်ရင်း လေဟန်က အံ့သြတကြီး ဖြစ်သွားရသည်။
"ချန်လေး... မင်း မော်ချင်းတောင်မှာတုန်းက နေ့တိုင်း လင်းချန်နဲ့ ဒီလိုပဲ လေ့ကျင့်ခဲ့ရတာလား။"
ထိုလေးယောက် လင်းချန်၏ တစ်ဖက်သတ် အနိုင်ကျင့်ခြင်းကို ခံနေရသည်ကို ကြည့်ရင်း လေချန်က တစ်ပါးသူ ဒုက္ခရောက်နေသည်ကို သဘောကျနေသော လေသံဖြင့် ပြုံးကာ ပြန်ဖြေလိုက်သည်။
"ဒါပေါ့... အဲဒီတုန်းက ခေါင်းဆောင်က ပိုတောင် ကြမ်းသေးတာ။ မြေကြီးပေါ် လဲနေရင်တောင် အပိုလက်ဆောင်ဆိုပြီး ထပ်ကန်သေးတာလေ။ ဒီလေးယောက်က ကံကောင်းတယ်လို့တောင် ပြောရမယ်။"
လေဟန် ရုတ်တရက် သဘောပေါက်သွားပြီး သက်ပြင်းချကာ ရေရွတ်လိုက်၏။
"မင်း နေ့တိုင်း ဒဏ်ရာတွေ ဗရပွနဲ့ ပြန်လာတာကို အခုမှပဲ ငါ သေချာနားလည်တော့တယ်။"
ချင်ဝူရွှမ်ကမူ သူ၏ တူဖြစ်သူကို ပထမဆုံးအကြိမ် မြင်ဖူးသကဲ့သို့ အံ့သြတကြီး ကြည့်ကာ မှတ်ချက်ချလိုက်မိသည်။
"ဒါပေမဲ့... လင်းချန်ရဲ့ တိုက်ခိုက်ရေး အတွေ့အကြုံက ရင့်ကျက်လွန်းနေတယ်။ မသိရင် စစ်ပွဲပေါင်း ရာချီကို တိုက်ဖူးတဲ့အတိုင်းပဲ...။"
ဝေဝူရွှမ်သည်လည်း လင်းချန်ကို ကြည့်ရင်း သက်ပြင်းချကာ ထောက်ခံလိုက်၏။
"ငါလည်း အံ့သြမိတာပဲ။ ဒီကောင်လေးက တိုက်ခိုက်ဖို့အတွက် မွေးဖွားလာတဲ့ ပါရမီရှင်နဲ့ကို တူတာ။ ငါတစ်ဆင့်ပြီး တစ်ဆင့် သင်ပေးစရာတောင် မလိုခဲ့ဘူး"
ထိုစကားကို ကြားသောအခါ ချင်ဝူရွှမ် အံ့အားသင့်သွားပြီး ဝေဝူရွှမ်ဘက်သို့ လှည့်ကြည့်ကာ မေးလိုက်သည်။
"ဗျာ... သူ့ကို အစ်ကိုကြီး သင်ပေးထားတာ မဟုတ်ဘူးလား။"
သူ၏ ဘေးရှိ လေဟန်သည်လည်း ထို့အတူပင် အံ့သြသွားရ၏။ ဝေဝူရွှမ်ကို စစ်ဧကရာဇ် ဟု ခေါ်ဆိုရခြင်းမှာ သူသည် တိုက်ခိုက်ရာ၌ အလွန်ကျွမ်းကျင်သောကြောင့် ဖြစ်သည်။ ချင်ဝူရွှမ်နှင့် လေဟန်တို့၏ စိတ်ထဲ၌ လင်းချန်၏ တိုက်ခိုက်ရေးစွမ်းရည်များကို ဝေဝူရွှမ်က လေ့ကျင့်ပေးထားသည်ဟု ထင်မှတ်ထားကြခြင်း ဖြစ်သည်။ သို့မဟုတ် ထိုသို့ ဟုတ်ပုံမရချေ။
ဝေဝူရွှမ်က လင်းချန်ကို စိုက်ကြည့်ရင်း ဖြည်းညှင်းစွာ ရှင်းပြလိုက်၏။
"မဟုတ်ဘူး။ ငါ လင်းချန်ကို ပထမဆုံးအကြိမ် သင်ပေးတုန်းက ဒီကောင်လေးက မွေးရာပါ စစ်သည်တော်တစ်ယောက်လို ဖြစ်နေတာကို သတိထားမိလိုက်တယ်။ သူ့ရဲ့ တိုက်ခိုက်ပုံက နည်းနည်း ထူးဆန်းပြီး ဒီကမ္ဘာနဲ့ မကိုက်ညီသလို ဖြစ်နေတာပဲ ရှိတာလေ။ ငါ လမ်းညွှန်ပေးပြီးမှပဲ လင်းချန်က သူ့ရဲ့ ထူးဆန်းတဲ့ တိုက်ခိုက်ရေးဟန်နဲ့ ငါသင်ပေးတာတွေကို တဖြည်းဖြည်း ပေါင်းစပ်သွားနိုင်တာပဲ။"
ချင်ဝူရွှမ်နှင့် လေဟန်တို့မှာ ဝေဝူရွှမ်၏ စကားကြောင့် အံ့သြသွားကြရတော့သည်။
လင်းချန်၏ ကစားခဲ့သော အင်ပါယာဂိမ်း၌ နိုင်ငံအချင်းချင်း စစ်ပွဲများသာမက ကစားသမားချင်း ယှဉ်ပြိုင်ရသော အဆင့်သတ်မှတ်ချက် တိုက်ပွဲများလည်း ပါဝင်ကြောင်း သူတို့ မသိကြချေ။
လင်းချန် ကိုယ်၌သည်လည်း အဆင့်သတ်မှတ်ချက် တိုက်ပွဲများကို အထူးနှစ်သက်ပြီး တစ်ယောက်ချင်း တိုက်ခိုက်ခြင်းနှင့် ငါးယောက်တစ်သင်း အဖွဲ့လိုက် တိုက်ခိုက်ခြင်းတို့ကို ပျော်မွေ့ခဲ့သူ ဖြစ်လေ၏။ ဝေဝူရွှမ် ပြောနေသည့် ထူးဆန်းသည့် တိုက်ခိုက်ရေးဟန်ဆိုသည်မှာ ဂိမ်းတိုက်ပွဲများမှ ရရှိခဲ့ခြင်းပင် ဖြစ်တော့သည်။
**--**--**--**--**--**--**--**
တိုက်ပွဲ ပြီးဆုံးသွားပြီ ဖြစ်၏။
တင်းကျစ်ရုံနှင့် ကျော်ကြီးသုံးဦးတို့မှာ ထိုးနှက်ကန်ကျောက် ခံထားရသဖြင့် မြေကြီးပေါ်၌ နာကျင်စွာ လဲကျနေပြီး မထနိုင်ကြတော့ချေ။
လင်းချန်ကမူ အလယ်တွင် မတ်တတ်ရပ်လျက် မောပန်းပုံမရလေဘဲ ပြုံးကာ စိတ်ဝိညာဉ်စွမ်းအားများကို အေးစက်စွာ ပြန်လည် သိမ်းဆည်းလိုက်လေ၏။
ထိုအချိန်၌ပင် ချင်ဝူရွှမ်က ရုတ်တရက် စကားစလာသည်။ "နတ်ဓားဂိုဏ်းက ရထားတဲ့ ရှေးဟောင်းအမွေအနှစ်နယ်မြေ ဝင်ခွင့်နေရာကို သူတို့ဆီ လွှဲပေးဖို့ ရှန်ထျန်ဂိုဏ်းက တောင်းဆိုနေတယ်။"
"သဘောမတူရင် စေလွှတ်လိုက်တဲ့ တပည့်တွေ ဘယ်သူမှ ပြန်မလာနိုင်စေရဘူးလို့ ပါးစပ်က ထုတ်မပြောရုံတမယ်ကို အရိပ်ပြနေတာ။"
"ဝင်ခွင့်နေရာကို လက်လွှတ်လိုက်ရင် နတ်ဓားဂိုဏ်းရဲ့ ဂုဏ်သိက္ခာက ဘယ်ရောက်သွားမလဲ။ လက်မလွှတ်ပြန်ရင်လည်း ဒီတစ်ခါ ရှန်ထျန်ဂိုဏ်း တပည့်တွေရဲ့ ခွန်အားက တကယ်ကို ခန့်မှန်းရခက်လွန်းနေတယ်။ မင်းတို့ရဲ့ အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်တယ်။ မျက်နှာမပျက်အောင်ဆိုပြီး အားနည်းတဲ့ တပည့် ၆ ယောက်ကို လွှတ်လိုက်ရင်လည်း ကမ်းရိုးတန်းပြည်နယ် တစ်ခုလုံးရဲ့ အပယ်ခံ ဖြစ်သွားလိမ့်မယ်လေ။"
ချင်ဝူရွှမ်တစ်ယောက် လင်းချန်ကို နတ်သားလေး အလားစိုက်ကြည့်ကာ လေးလေးနက်နက် ဆိုလာ၏။ "လင်းချန်... နတ်ဓားဂိုဏ်းက ငါ့တူကိုပဲ အားကိုးရတော့မယ်။"
လင်းချန်ကမူ ခဏတာ တိတ်ဆိတ်သွားလေပြီး ကောက်ကျစ်ဟန်ဖြင့် မိစ္ဆာဆန်ဆန် ပြုံးလိုက်၏။ "ဦးလေး... ကျွန်တော့်မှာ အကြံတစ်ခု ရှိတယ်ဗျ။"
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၁ ၊ အတွဲ ၁ ၊ ၁၀၃ + ၁၀၄ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
Editor - Author Chang'e 🌕
True Immortal Team