အခန်း (၁၀၇-၁၀၈)
Vol. 11 Ch. 107-108
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၁ ၊ အတွဲ ၁ ၊ အပိုင်း ၁၀၇ + ၁၀၈
ဘာသာပြန် - Author Ko Yoohtoo
Editor - Author Chang'e 🌕
True Immortal Team
ကောင်းကင်နယ်ပယ်ဆိုသည်မှာ နိဗ္ဗာန်နယ်ပယ်၏ အထက်၌ တည်ရှိနေသော နယ်ပယ်တစ်ခုဖြစ်၏။
အမည်နှင့် လိုက်ဖက်စွာပင် သိုင်းဝိညာဉ်ပညာရှင်တစ်ဦးသည် ကောင်းကင်နယ်ပယ်သို့ ရောက်ရှိသွားပါက လေဟာနယ်ကို ထိုးခွင်းကာ ကောင်းကင်ထက်၌ လွတ်လပ်စွာ ပျံသန်းနိုင်စွမ်းကို ရရှိပေလိမ့်မည်။
မြေပြင်ပေါ်၌သာ ခြေချုပ်မိနေသော နိဗ္ဗာန်နယ်ပယ်ပညာရှင်များအနေဖြင့် လွတ်လပ်စွာ ပျံသန်းနိုင်စွမ်းရှိသည့် ကောင်းကင်နယ်ပယ် ပညာရှင်တစ်ဦးအား သတ်ဖြတ်ရန်ကား အလွန်တရာ ခက်ခဲလှ၏။
ပြိုင်ဘက်ဖြစ်သူက လေဟာနယ်ကို ထိုးခွင်းကာ ကောင်းကင်သို့ ပျံသန်းထွက်ပြေးသွားပါက မည်သို့ တတ်နိုင်ပါမည်နည်း။
ထို့ကြောင့်ပင် ရှေးဟောင်းအမွေအနှစ်နယ်မြေသို့ လာရောက်ယှဉ်ပြိုင်မည့် ရှန်ထျန်ဂိုဏ်းမှ တပည့် ၆ ဦးစလုံးသည် ကောင်းကင်နယ်ပယ် သိုင်းဝိညာဉ်ပညာရှင်များအား သတ်ဖြတ်ဖူးသည်ဟူသော အချက်က သူတို့ မည်မျှအထိ သန်မာအားကောင်းကြောင်းကို ထင်ရှားစွာ ပြသနေလေ၏။
သို့သော် လင်းချန်ကြောင့် တင်းကျစ်ရုံနှင့် အခြားသုံးဦးမှာ မျက်နှာသွေးဆုတ်မတတ် ထိတ်လန့်သွားကြရသည်။
အဘယ်ကြောင့်ဆိုသော် လင်းချန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော စိတ်ဝိညာဉ်အလင်းတန်းများသည် ၁၂ လွှာ တိတိ ရှိနေကြောင်းကို သူတို့ မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသောကြောင့် ဖြစ်၏။
စိတ်ဝိညာဉ်စွမ်းအား အလွှာအရေအတွက်သည် နိဗ္ဗာန်စက်ဝန်းအား ပြီးမြောက်ထားသော အကြိမ်အရေအတွက်နှင့် ညီမျှ၏။ ဤသည်ကား ကောင်းကင်နှင့် မြေကြီးကြားမှ ချိုးဖောက်၍မရနိုင်သော ဥပဒေသတစ်ခု ဖြစ်သည်။
လင်းချန်၏ စိတ်ဝိညာဉ်စွမ်းအား၌မူ စိတ်ဝိညာဉ်အလင်းတန်း ၁၂ လွှာ ထင်ရှားစွာ ရှိနေ၏။
"နိဗ္ဗာန်စက်ဝန်းကို ၁၂ သွယ်တောင် ပြီးမြောက်ထားတာလား..."
ပုံမှန်အားဖြင့် ခံစားချက်ကင်းမဲ့နေတတ်သော တင်းကျစ်ရုံ၏ မျက်နှာမှာ ရုတ်တရက် အကြီးအကျယ် ပြောင်းလဲသွားရပြီး လင်းချန်အား ကြောက်မက်ဖွယ် မကောင်းဆိုးဝါးတစ်ကောင်အလား စိုက်ကြည့်နေမိတော့၏။
ကျောက်ဟိုင်မင်းသည်လည်း မြေကြီးပေါ်သို့ ခွေခေါက်ကျသွားပြီး ခေါင်းကို အဆက်မပြတ် ခါရမ်းကာ ညည်းတွားလိုက်သည်။
လီလဲ့ထျန်နှင့် ဝမ်လန်ရှင်း စုံတွဲမှာမူ မြေကြီးပေါ်တွင် ဖင်ထိုင်လျက်သား လဲကျသွားကာ ပါးစပ်အဟောင်းသား ဖြစ်နေကြ၏။ သူတို့သည် လင်းချန်အား အံ့အားသင့်စွာ ငေးကြည့်နေမိရုံမှလွဲ၍ ပါးစပ်ပင် မဟနိုင်တော့ချေ။
ထိုလေးယောက်၏ တုံ့ပြန်မှုများကို မြင်လိုက်ရသောအခါ လေချန်တစ်ယောက် အားရပါးရ ရယ်မောလိုက်တော့သည်။ ဤကိစ္စအား သူ စတင်သိရှိခဲ့ရစဥ်ကလည်း သူ၏ တုံ့ပြန်မှုမှာ ထိုသူတို့ထက် ဘာမျှ သိပ်မထူးခြားခဲ့ကြောင်း ပြန်လည်အမှတ်ရသွားသောကြောင့်ပင် ဖြစ်တော့သည်။
လင်းချန်သည်တော့ သူ၏ စိတ်ဝိညာဉ်စွမ်းအားများကို ပြန်လည်ရုပ်သိမ်းလိုက်ကာ အေးစက်သော လေသံဖြင့် အမိန့်ပေးလိုက်၏။
"မင်းတို့အားလုံး နေဖို့ အခန်းသွားရွေးကြတော့...။ ငါတို့ ချက်ချင်းပဲ ကျင့်ကြံဖို့ကြမယ်...။ ဒီ ၅ ရက်အတွင်းမာ မင်းတို့အားလုံး ငါပြောတာကိုပဲ နားထောင်ရမယ်..."
ထိုငါးယောက်အနက် လင်းချန်၏ လေ့ကျင့်ပေးမှုအား ကာလကြာရှည် ခံယူဖူးသော လေချန် တစ်ယောက်သာလျှင် ပုံမှန်အတိုင်း အခန်းတစ်ခန်းဆီသို့ သက်သောင့်သက်သာ လျှောက်သွားလိုက်သည်။
ကျန်သည့် လေးယောက်ကမူ စိတ်ဝိညာဉ်စွမ်းအားကို မနည်းအားယူလှည့်ပတ်ကာ သူတို့ ရွေးချယ်ထားသော အခန်းများဆီသို့ ယိုင်တိုင်တိုင်ဖြင့် လျှောက်သွားကြရ၏။
ပုံမှန်အခြေအနေ၌ဆိုလျှင်မူ သူတို့လေးယောက် ဤမျှအထိ ခက်ခဲနေလိမ့်မည် မဟုတ်သော်ငြား ယခုမူကား လင်းချန်အား ဝိုင်းဝန်းတိုက်ခိုက်ခဲ့စဉ်က အကြီးအကျယ် ထိခိုက်ဒဏ်ရာရထားသောကြောင့် ဒူးချောင်နေကြခြင်း ဖြစ်သည်။
သူတို့ငါးယောက် အခန်းများထဲသို့ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် လင်းချန် လက်တစ်ချက်ဝှေ့ယမ်းလိုက်ရာ တောက်ပသော ရွှေဝါရောင် နည်းဗျူဟာမှန်ပြင်တစ်ခု ရုတ်တရက် ပေါ်လာပြီး စာတန်းများနှင့် အချက်အလက် အမျိုးမျိုး ပေါ်ထွက်လာတော့၏။
တင်းကျစ်ရုံနှင့် အခြားသုံးဦး၏ ကိုယ်ပေါ်၌ ကပ်ခိုင်းထားခဲ့သော စာရွက်ပိုင်းလေးများမှာ သူတို့၏ ခန္ဓာကိုယ်အခြေအနေကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာရန် အတွက် ဖြစ်သည်။
ဟွာရှာအင်ပါယာ၏ ကောင်းကင်လက်မှုပညာဌာနသည် ထိုစာရွက်ပိုင်းလေးများမှတစ်ဆင့် ကျူးကော့မင်၏ အသေးစိတ် အာရုံခံနိုင်စွမ်းကို အသုံးပြုကာ ထိုလေးယောက်နှင့် လင်းချန်တို့၏ တိုက်ပွဲရလဒ်များကို ကြိုတင်ခွဲခြမ်းစိတ်ဖြာထားပြီး ဖြစ်လေ၏။
လေချန်နှင့် မတူညီသည်မှာ လင်းချန်သည် တင်းကျစ်ရုံနှင့် အခြားသုံးဦးအား ဟွာရှာအင်ပါယာမှ စိတ်ကြိုက်ဖန်တီးထားသော ကျင့်စဉ်များကို ပေးအပ်မည်မဟုတ်ဘဲ သူတို့၏ အားနည်းချက်များကိုသာ ကူညီဖြေရှင်းပေးမည် ဖြစ်၏။j
သို့သော် တစ်ခုသေချာသည်ကား နိဗ္ဗာန်မီးလျံဆေးရည်စိမ်ခြင်းကို သူတို့လည်း အသုံးပြုခွင့် ရရှိမည် ဖြစ်၏။
လေချန်မှာ ထိုဆေးရည်အား ရှေးဟောင်းအမွေအနှစ်နယ်မြေမှ လင်းချန် ရရှိလာခဲ့သော အလွန်အဖိုးတန်သည့် ဆေးဝါးဟု ထင်မှတ်ကာ အလွန်တန်ဖိုးထားနေခြင်း ဖြစ်သည်။
အမှန်တကယ်တော့ ထိုဆေးရည်မှာ ဟွာရှာအင်ပါယာ၌ စိုက်ပျိုးထားသော အနိမ့်ဆုံးအဆင့် စိတ်ဝိညာဉ်ဆေးပင်များဖြင့်သာ ဖော်စပ်ထားခြင်းဖြစ်ပြီး ထွေထွေထူးထူး ပြောပလောက်သည့် အရာမဟုတ်ချေ။
ထို့အပြင် ကျူးကော့မင်သည် လူတစ်ဦးချင်းစီ၏ ဝိသေသလက္ခဏာများအလိုက် နိဗ္ဗာန်မီးလျံဆေးရည်၏ အချိုးအစားကို တိကျစွာ ချိန်ညှိပေးထားပြီး အကောင်းဆုံး အာနိသင်ရရှိရန် ဖန်တီးပေးထား၏။
ဟွာရှာအင်ပါယာ ရရှိထားသည့် အဖိုးတန် သုတေသန ပစ္စည်းများအားလုံးသည် သူ၏ဆရာဦးလေး ဂိုဏ်းချုပ် ချင်ဝူရွှမ် ကြောင့်သာ ရရှိခဲ့ခြင်းဖြစ်ကြောင်း လင်းချန်တစ်ယောက် ပြန်တွေးမိလိုက်သည်။
"ဆရာဦးလေးရဲ့ ကျေးဇူးကို တပည့် အခု ပြန်ဆပ်လိုက်ပြီလို့ ပြောရမာပဲ..."
အချိန်ခဏကြာပြီးနောက် လေချန်နှင့် အခြားလေးယောက်တို့ သက်ဆိုင်ရာ အခန်းများထဲမှ တစ်ယောက်ပြီးတစ်ယောက် ပြန်လည်ထွက်လာကြပြီး လင်းချန်၏ ရှေ့တွင် စုဝေးလိုက်ကြ၏။
သူတို့အထဲမှ တစ်ဦးတည်းသော အမျိုးသမီးဖြစ်သည့် ဝမ်လန်ရှင်းက သိလိုစိတ်ပြင်းပြစွာဖြင့် ရုတ်တရက် မေးခွန်းထုတ်လာသည်။
"လင်းချန်... ကျွန်မ သိချင်နေတဲ့ ကိစ္စတစ်ခု ရှိတယ်..."
လင်းချန်က ခေါင်းညိတ်ပြကာ ပြန်မေးလိုက်၏။
"အင်း... ဘာကိစ္စလဲ..."
ဝမ်လန်ရှင်းက စကားကို ခေတ္တရပ်လိုက်ပြီးနောက် ဆက်လက်၍ မေးမြန်းလိုက်သည်။
"တကယ်တော့ ရှင်က ဂိုဏ်းချုပ် တောင်းဆိုတိုင်း ကျွန်မတို့ကို ကူညီပြီး ကျင့်ကြံပေးဖို့ သဘောတူစရာမှ မလိုတာ...။ ရှင့်ရဲ့ ခွန်အားတစ်ခုတည်းနဲ့တင် ရှေးဟောင်းအမွေအနှစ်နယ်မြေထဲမာ ရှန်ထျန်ဂိုဏ်းက သိပ်ပြီး ဘာမှလုပ်နိုင်မာ မဟုတ်ဘူးလေ.. ဒါဆို ဘာလို့ ဂိုဏ်းချုပ်ရဲ့ တောင်းဆိုမှုကို လက်ခံလိုက်ရတာလဲ..."
လင်းချန်က ပြုံး၍ ရှင်းပြလိုက်သည်။
"ဘာလို့လဲဆိုတော့ ရှန်ထျန်ဂိုဏ်းက နတ်ဓားဂိုဏ်းကို ခြိမ်းခြောက်တာ အတော်လေးကို မောက်မာလွန်းတယ်လို့ မြင်လို့ပဲ...။ ဘာပဲပြောပြော ငါက နတ်ဓားဂိုဏ်းသားလေ...။ အဲဒီလို ကြားရတာ တကယ်ကို သဘောမကျဘူး... ရှန်ထျန်ဂိုဏ်းက သူတို့တပည့်တွေ အရမ်းသန်မာနေတယ်လို့ ထင်နေကြတာမလား... ဒါဆို ငါက မင်းတို့ကို သူတို့ထက် ပိုသန်မာအောင် လေ့ကျင့်ပေးလိုက်မယ်... အဲဒါ ငါ့ပုံစံပဲ... ငါလုပ်ချင်ရင် ဖြစ်အောင်ကို လုပ်လိုက်တာပဲ..."
သူ၏ အဖြေကြောင့် ရှေ့မှ လူငါးယောက်မှာ ဘာပြောရမှန်းမသိတော့ဘဲ ဆွံ့အသွားကြတော့၏။
လင်းချန် ဆေးရည်များ ဖြည့်ထားသော သလင်းကျောက် ပုလင်း ၅ လုံးအား သူတို့ထံသို့ ပစ်ပေးလိုက်ရင်း စကားစလိုက်သည်။
"အထူးလေ့ကျင့်မှု အခု စပြီ... ဒါတွေ သောက်ပြီး မင်းတို့ ၅ ယောက် ပေါင်းပြီး ငါ့ကို လာတိုက်ခိုက်စမ်း..."
လက်ထဲရှိ အနီရောင်ဆေးရည်ကို ကြည့်ရင်း တင်းကျစ်ရုံနှင့် အခြားသူများမှာ နားမလည်နိုင်စွာဖြင့် မျက်မှောင်ကြုတ်လိုက်ကြ၏။
“ဂလု...”
သို့သော် ဘေးမှ လေချန်ကမူ အနည်းငယ်မျှပင် တုံ့ဆိုင်းနေခြင်းမရှိဘဲ ပုလင်းအဖုံးကို ဖွင့်ကာ အနီရောင်ဆေးရည်များအား တစ်စက်မကျန် မော့သောက်လိုက်၏။ လျာဖြင့်ပင် လျက်လိုက်သေးသည်။
လေချန် ထိုသို့လုပ်သည်ကို မြင်လိုက်ရသောအခါ အခြားလေးယောက်သည်လည်း အလားတူပင် ပုလင်းများကို ဖွင့်ကာ တောက်ပသော အနီရောင်ဆေးရည်များကို မော့သောက်လိုက်ကြတော့သည်။ သောက်ပြီးသည်နှင့် တစ်ပြိုင်နက်တည်းမှာပင် သူတို့၏ ခန္ဓာကိုယ်အတွင်း၌ ထူးခြားသော ပြောင်းလဲမှုကြီးတစ်ခုကို ချက်ချင်း ခံစားလိုက်ရ၏။
ယခင်က တစ်ခါမျှ သတိမထားမိဖူးသော စွမ်းအားများသည် ခန္ဓာကိုယ် အတွင်းပိုင်းမှနေ၍ လျှံတက်လာသကဲ့သို့ ဖြစ်လာသည်။
ထိုလေးယောက်၏ ခန္ဓာကိုယ်များမှ အခိုးအငွေ့များ ထွက်ပေါ်လာသည်ကို မြင်လိုက်ရသောအခါ ဆေးစွမ်းပြပြီဖြစ်ကြောင်းကို လင်းချန် သိလိုက်၏။ အထူးဆေးရည်အား ရှေ့မှ လူငါးယောက်၏ မတူညီသော အခြေအနေများအလိုက် အထူးဖော်စပ်ထားခြင်းဖြစ်ကာ တိုက်ပွဲအတွင်း သူတို့၏ ငုပ်လျှိုးနေသော အလားအလာများကို အစွမ်းကုန် ဖော်ထုတ်နိုင်ရန်အတွက် ကူညီပေးလိမ့်ပေမည်။
ဤသည်ကား ဟွာရှာအင်ပါယာမှ ကောင်းကင်လက်မှုပညာဌာန၏ စွမ်းရည်ပင် ဖြစ်တော့သည်။
လင်းချန် အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်၏။
ထို့နောက် သူ၏ စိတ်ဝိညာဉ်စွမ်းအားကို လည်ပတ်စေပြီး လေချန် ဦးဆောင်သော လူအုပ်စုထံသို့ တစ်ဟုန်ထိုး ပြေးဝင်တိုက်ခိုက်လိုက်တော့၏။
**--**--**--**--**--**--**--**
ညသို့ရောက်သောအခါ စိတ်ဝိညာဉ်စုစည်းမှုခန်းမရှိ အခန်းများထဲ၌ လေချန်နှင့် အခြားလေးယောက်မှာ ဒဏ်ရာဗရပွဖြင့် နိဗ္ဗာန်မီးလျံဆေးရည်စိမ်ခြင်းကို ပြုလုပ်နေကြလေပြီ။ ဆေးရည်ဖြင့် ခန္ဓာကိုယ်အား သန့်စင်ခြင်းဒဏ်ကို ခံနိုင်ရည်ရှိစေရန်အတွက် သူတို့အားလုံး အံကို တင်းတင်းကြိတ်ထားကြရသည်။
တစ်ချိန်တည်းမှာပင် ဆေးရည်၏ အကူအညီဖြင့် စိတ်ဝိညာဉ်စုစည်းမှုခန်းမ အတွင်းရှိ သိပ်သည်းသော စိတ်ဝိညာဉ်စွမ်းအင်များကို ချောမွေ့စွာ စုပ်ယူကာ သန့်စင်နိုင်ကြောင်းကို လေချန်နှင့် အခြားသူများ တွေ့ရှိသွားကြ၏။
သူတို့အားလုံး အလွန်အမင်း ဝမ်းမြောက်သွားကြပြီး တစ်ညလုံး ကျင့်ကြံခြင်း၌တွင်သာ အပြည့်အဝ နစ်မြုပ်နေလိုက်ကြတော့သည်။
သူတို့၏ ကျင့်ကြံခြင်းအဆင့်မှာ နိဗ္ဗာန်နယ်ပယ်သို့ ရောက်ရှိထားပြီဖြစ်ရာ အိပ်စက်ခြင်းအစား ကျင့်ကြံခြင်းဖြင့်သာ စွမ်းအင်ပြန်လည် ဖြည့်တင်းနိုင်စွမ်း ရှိနေလေပြီ။
သို့သော် စိတ်ဝိညာဉ်ဒဏ်ရာ ရထားလျှင်သော်လည်းကောင်း ၊ စိတ်ဝိညာဉ်စွမ်းရည်များကို ဉာဏ်အလင်းပွင့်အောင် လုပ်နေလျှင်သော်လည်းကောင်း ၊ အစီအရင်များကို တည်ဆောက်နေလျှင်သော်လည်းကောင်း စိတ်ပိုင်းဆိုင်ရာကို များစွာ ပင်ပန်းစေသောကြောင့် အိပ်စက်အနားယူရန်တော့ လိုအပ်နေဆဲပင် ဖြစ်၏။
**--**--**--**--**--**--**--**
တစ်ချိန်တည်း၌ပင် မော်ချင်းတောင်ပေါ်ရှိ ချင်ဝူရွှမ်က ပြောဆိုလိုက်၏။
"လင်းချန် လုပ်နိုင်ပါ့မလား မသိဘူး...။ သူတို့ ကျင့်ကြံတာအပေါ်ပဲ အာရုံစိုက်နိုင်အောင်လို့ ရှေးဟောင်းအမွေအနှစ်နယ်မြေ ဝင်ခွင့်နေရာ စိန်ခေါ်ပွဲကို ငါ ကြိုပြီးတော့ ဖျက်သိမ်းပေးလိုက်ပြီ..."
ချင်ဝူရွှမ်၏ ဘေး၌ ထိုင်နေသော ဝေဝူရွှမ်ကမူ ရယ်မောလိုက်ပြီး သူ၏ ညီငယ်ဖြစ်သူ၏ ပခုံးအား အသာပုတ်ကာ အားပေးလိုက်၏။
"စိတ်အေးအေးထားစမ်းပါကွာ...။ အဲဒီကောင်လေးက ကမ်းရိုးတန်းပြည်နယ် တစ်ခုလုံးကို တုန်လှုပ်သွားစေလိမ့်မယ်..."
**--**--**--**--**--**--**--**
၅ ရက်တာ အချိန်မှာ မျက်တောင်တစ်ခတ်အတွင်းမှာပင် ကုန်ဆုံးသွားလေတော့၏။ မော်ချင်းတောင်ထိပ်ရှိ အိမ်တော်၌ ချင်ဝူရွှမ်တစ်ယောက် စောစီးစွာပင် စောင့်ဆိုင်းနေမိသည်။
မူလက ပြောထားခဲ့သည့်အတိုင်း လေ့ကျင့်မှုများ ပြီးဆုံးပါက လင်းချန်က လူတိုင်းကို ဤနေရာသို့ ပြန်ခေါ်လာမည် ဖြစ်သည်။
"နှမြောစရာပဲကွာ... ငါ့မာသာ နောက်ထပ် တစ်ရက်လောက် အချိန်ပိုရရင် မင်းကို ငါ သေချာပေါက် အနိုင်ယူနိုင်မာ..."
"... မင်းသာ ငါနဲ့အတူ တောင်ပေါ်က ဆင်းပြီး လေ့ကျင့်ဖို့အတွက် ဂိုဏ်းတာဝန်တွေ ပိုယူခဲ့မယ်ဆိုရင် ရလဒ်က မသေချာဘူးနော်..."
"မင်းတို့က ဘာတွေ ငြင်းနေကြတာလဲ...။ လေချန်နဲ့ သွားငြင်းကြပါလား..."
"အဲဒီကောင်က လင်းချန်နဲ့ အကြာကြီး နေလာတော့ ဘီလူးပေါက်စလေး ဖြစ်နေပြီလေ...။ ငါတို့က ဘယ်လိုလုပ် ယှဉ်နိုင်မာလဲ..."
ခြံဝင်းအပြင်ဘက်မှ ရယ်မောသံများ ထွက်ပေါ်လာပြီး လင်းချန်နှင့် အခြားသူများ၏ ပုံရိပ်များမှာလည်း ချင်ဝူရွှမ်၏ ရှေ့သို့ ရောက်ရှိလာကြပြီဖြစ်သည်။
သို့သော် လျှောက်လှမ်းလာသော ပုံရိပ်များကို ကြည့်ရင်း ချင်ဝူရွှမ်၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားကာ မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်၏။
"ဒါ... ဘယ်လိုလုပ် ဖြစ်နိုင်မာလဲ..."
ခြံဝင်းအတွင်း၌ စောင့်ဆိုင်းနေသော ဝေဝူရွှမ်မှာလည်း အံ့သြလွန်း၍ ဆွံ့အသွားရတော့သည်။
နတ်ဓားဂိုဏ်းအမြွှာညီနောင်ဟု တင်စားခံရသော ညီအစ်ကိုနှစ်ယောက်ဖြစ်သည့် ချင်ဝူရွှမ်နှင့် ဝေဝူရွှမ်တို့ နှစ်ဦးစလုံး အကြီးအကျယ် အံ့အားသင့်သွားရသည့် အကြောင်းရင်းမှာ လင်းချန်၏ နောက်မှ ပါလာသည့် လူလေးယောက်ဖြစ်သော တင်းကျစ်ရုံနှင့် အခြားသူများကြောင့်ပင်။
ထိုနိဗ္ဗာန်နယ်ပယ် သိုင်းဝိညာဉ်ပညာရှင်များထံမှ ထွက်ပေါ်နေသော အရှိန်အဝါများသည် ချင်ဝူရွှမ်နှင့် ဝေဝူရွှမ်ကဲ့သို့သော အဆင့်မြင့် ကျင့်ကြံသူများ အာရုံခံလိုက်မိချိန်တွင် အနည်းငယ် ပုံမှန်မဟုတ်ဘဲ ပြောင်းလဲနေသည်ဟု ခံစားလိုက်ရပြီး ထိုသည်မှာ ဖြစ်နိုင်ချေ တစ်ခုတည်းသာ ရှိလေ၏။
အကန့်အသတ်ကို ချိုးဖျက်ခြင်းပင် ဖြစ်သည်။
နိဗ္ဗာန်နယ်ပယ် သိုင်းဝိညာဉ်ပညာရှင်များ ပိုင်ဆိုင်နိုင်သည့် ခွန်အား၌ အကန့်အသတ်တစ်ခု ရှိတတ်ကြသည်။
အကယ်၍ တစ်စုံတစ်ယောက်သည် ထိုအကန့်အသတ်ကို ကျော်လွန်ပြီး ကောင်းကင်နယ်ပယ်သို့ မတက်လှမ်းမီ ကိုယ်၌၏ ပါရမီအလားအလာကို အစွမ်းကုန် ဖော်ထုတ်နိုင်ပါက ထိုသူတို့၏ ခွန်အားနှင့် တိုက်ခိုက်စွမ်းရည်မှာ ကမ္ဘာကိုပင် တုန်လှုပ်သွားစေနိုင်လောက်အောင်ပင် တိုးတက်လာလိမ့်ပေမည်။
လင်းချန်အတွက်မူကား နိဗ္ဗာန်နယ်ပယ်၏ ပထမဆင့်ကို ခိုင်မာအောင် လုပ်ဆောင်နေဆဲဖြစ်သဖြင့် အကန့်အသတ်ကို ချိုးဖျက်ရန် အချိန်မတန်သေးချေ။
သို့သော် ချင်ဝူရွှမ်နှင့် ဝေဝူရွှမ်တို့၏ အမြင်၌မူ လင်းချန်တစ်ယောက် လက်ရှိအဆင့်၌ပင် ကြောက်မက်ဖွယ်ကောင်းလှသော ခွန်အားကို ပိုင်ဆိုင်ထားပြီးဖြစ်နေ၏။
သူသာ နိဗ္ဗာန်နယ်ပယ်၏ အဆင့်ကိုးသို့ ရောက်ရှိသွားပါက အကန့်အသတ်ကို ချိုးဖျက်နိုင်မည်မှာ ကျိန်းသေပေါက် မြေကြီးလက်ခတ်မလွဲပင်။
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၁ ၊ အတွဲ ၁ ၊ အပိုင်း ၁၀၇ + ၁၀၈ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
Editor - Author Chang'e 🌕
True Immortal Team