အခန်း (၁၀၉-၁၁၀)
Vol. 11 Ch. 109-110
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၁ ၊ အတွဲ ၁ ၊ အပိုင်း ၁၀၉ + ၁၁၀
ဘာသာပြန် - Author Ko Yoohtoo
Editor - Author Chang'e 🌕
True Immortal Team
လင်းချန်နှင့်အတူ ကျင့်ကြံပြီးနောက်တွင် တင်းကျစ်ရုံ ၊ ကျောက်ဟိုင်မင်း ၊ လီလဲ့ထျန်နှင့် ဝမ်လန်ရှင်းတို့ လေးဦး၏ အရှိန်အဝါများမှာ သိသိသာသာ ပြောင်းလဲသွားပြီဖြစ်၏။ ၅ ရက်ဟူသော အချိန်တိုအတွင်းမှာပင် သူတို့လေးယောက်စလုံး အကန့်အသတ်များကို အောင်မြင်စွာ ချိုးဖျက်နိုင်ခဲ့လေပြီ။
တစ်ချိန်က နတ်ဓားဂိုဏ်း၏ အမြွှာညီနောင်အဖြစ် ကျော်ကြားခဲ့သော ချင်ဝူရွှမ်သည်လည်း နိဗ္ဗာန်နယ်ပယ်၌ ရှိစဥ်က အကန့်အသတ်ကို ချိုးဖျက်ခဲ့ဖူး၏။ ထို့ကြောင့် ထိုအဆင့်သို့ရောက်ရန် မည်မျှ ခက်ခဲကြောင်းကို သူ ကောင်းကောင်း သိထားသည်။ သို့သော် လင်းချန်ကမူ ၅ ရက်အတွင်း ထိုအရာကို ဖြစ်မြောက်အောင် လုပ်ဆောင်နိုင်ခဲ့၏။
ချင်ဝူရွှမ်တစ်ယောက် အံ့ဩမှင်သက်မှုမှ သတိပြန်ဝင်လာရန် အချိန်အတော်ကြာ ယူလိုက်ရ၏။ ထို့နောက် လင်းချန်အား ပါးစပ်အဟောင်းသားဖြင့် စိုက်ကြည့်ကာ မေးလိုက်သည်။ “မင်း… ဘယ်လိုလုပ်လိုက်တာလဲ…”
လင်းချန်ကမူ ပြုံးရုံသာပြုံးလိုက်ပြီး ခေါင်းခါလျက် ပြန်ဖြေ၏။ “ဆရာဦးလေး… ဒီကိစ္စကိုတော့ ကျွန်တော် အသေးစိတ် ပြောပြလို့မရဘူးဗျ…”
ထို့နောက် ချင်ဝူရွှမ် တင်းကျစ်ရုံနှင့် အခြားသုံးယောက်ဘက်သို့ လှည့်ကြည့်လိုက်သည်။ သို့သော် သူတို့သည်လည်း ဘာမှမသိသည့်အလား ခေါင်းကိုသာ အဆက်မပြတ် ခါရမ်းပြနေကြ၏။
လင်းချန် ဆက်မေးလိုက်သည်။ “ဆရာဦးလေး ဘယ်လိုထင်လဲ…။ ရှေးဟောင်းအမွေအနှစ်နယ်မြေ ခရီးစဥ်အတွက် အခု ယုံကြည်မှုရှိသွားပြီမလား…”
ချင်ဝူရွှမ်က လင်းချန်အား စိုက်ကြည့်ရင်း ကျယ်လောင်စွာ အားရပါးရ ရယ်မောလိုက်တော့၏။ “ဟားဟားဟား။ ရှိတာပေါ့ကွ…”
**--**--**--**--**--**--**--**
ထိုသို့ပြောပြီးနောက် ရှေးဟောင်းအမွေအနှစ်နယ်မြေဆီသို့ ထွက်ခွာရန် ပြင်ဆင်လိုက်ကြလေတော့သည်။
မွန်းလွဲပိုင်းအချိန်ရောက်သော် ထိပ်သီးဂိုဏ်း ၃ ဂိုဏ်းနှင့် ဂိုဏ်းကြီးငါးဂိုဏ်းတို့သည် ရှေးဟောင်းအမွေအနှစ်နယ်မြေ တည်ရှိရာ နေရာ၌ စုဝေးကာ အမွေအနှစ်နယ်မြေအား ဖွင့်လှစ်ကြမည်ဖြစ်၏။
ရုတ်တရက်ဆိုသလိုပင် နတ်ဓားဂိုဏ်းအား လွှမ်းခြုံထားသည့် တိမ်တိုက်မြူခိုးများထဲမှ အနက်ရောင် အရိပ်မည်းတစ်ခု ထွက်ပေါ်လာပြီး ကမ်းရိုးတန်းပြည်နယ်၏ အလယ်ဗဟိုဆီသို့ တည့်မတ်စွာ ဦးတည်သွားတော့၏။ ထိုအရိပ်မည်းမှာ တိမ်တိုက်များကို ဖောက်ထွက်လာသည့် ထူးဆန်းသော သင်္ဘောပျံကြီးတစ်စင်းပင် ဖြစ်၏။
ထိုသင်္ဘောပျံမှာ ထိပ်ချွန်နှစ်ဖက်ပါရှိပြီး ကျဥ်းမြောင်းသော နှစ်ထပ်ဆောင်တစ်ခုကို ဆောက်လုပ်ထားသည်။ ဒုတိယထပ်၏ အလယ်ဗဟို၌ကား အစီအရင်များ ဖုံးလွှမ်းနေပြီး မှုန်ဝါးသော အရှိန်အဝါများ လည်ပတ်နေသည့် မျှော်စင်တစ်ခု ရှိနေလေ၏။
လင်းချန် ကောင်းကင်ယံ၌ ပျံဝဲနေသော သင်္ဘောပျံအား စူးစမ်းလေ့လာရင်း ပြောလိုက်သည်။ “ဒါက တိမ်စီးလှေ ဆိုတာလား…။ စာအုပ်ထဲမာတော့ ဖတ်ဖူးတယ်… ဒါပေမဲ့ ကိုယ်တိုင်စီးဖူးတာကတော့ အခုမှ ပထမဆုံးပဲ…”
သင်္ဘောပျံ၏ ဝမ်းဗိုက်ပိုင်းတစ်ခုလုံး၌ ရှုပ်ထွေးလှသော အစီအရင်များဖြင့် ပြည့်နှက်နေလျက်ရှိသည်။ အစီအရင်လမ်းကြောင်းများ၏ ဆုံမှတ်များ၌ အခွက်ငယ်များ ပါရှိပြီး တစ်ခုစီတိုင်း၌ အလယ်အလတ်အဆင့် စိတ်ဝိညာဥ်ကျောက်တုံးများ ထည့်သွင်းထားကြ၏။
ချင်ဝူရွှမ် အစီအရင်၏ အလယ်ဗဟိုတည့်တည့်၌ ရပ်လိုက်ပြီး သူ၏ အပြာရောင် ရေဒြပ်စင် စိတ်ဝိညာဥ်စွမ်းအားများကို စီးဆင်းစေလိုက်ရာ အစီအရင်တစ်ခုလုံး တဖြည်းဖြည်း အပြာရောင်အဖြစ်သို့ ပြောင်းသွားလေတော့သည်။
တိမ်စီးလှေသည်လည်း စိတ်ဝိညာဥ်ပစ္စည်းအမျိုးအစားထဲ၌ ပါဝင်၏။ ထိုလှေအား လွတ်လပ်စွာ ထိန်းချုပ်နိုင်ရန်အတွက် အစီအရင်တစ်ခုလုံးကို စိတ်ဝိညာဥ်စွမ်းအားဖြင့် ဖြည့်ဆည်းပေးရမည် ဖြစ်သည်။ ချင်ဝူရွှမ် တိမ်စီးလှေအား အပြည့်အဝ ထိန်းချုပ်နိုင်ပြီဖြစ်သောအခါ စွမ်းအားထုတ်လွှတ်မှုကို ရပ်တန့်လိုက်ပြီး အစီအရင်မှ ခွာထွက်လာလိုက်သည်။
သူက လေးစားအားကျဟန်ဖြင့် သက်ပြင်းချကာ ပြောလိုက်၏။ “တိမ်စီးလှေလို တန်ဖိုးကြီးတဲ့ စိတ်ဝိညာဥ်ပစ္စည်းကို ဖန်တီးဖို့က ပါရမီပါတဲ့ လက်နက်သွန်းလုပ်သူအပြင် အဆင့်မြင့် အစီအရင်ဆရာသခင်ကိုပါ လိုအပ်တယ်ကွ…”
“ကမ်းရိုးတန်းပြည်နယ်မာ ရှန်ထျန်ဂိုဏ်းတစ်ခုတည်းမှာပဲ ဒီလိုမျိုး နှစ်စင်းရှိတာ…။ ဒီတစ်ခုက ငါ့အစ်ကို အပြင်လောကကနေ ပြန်လာတုန်းက ပေးခဲ့တာလေ…”
ချင်ဝူရွှမ်၏ အမြင်၌ တိမ်စီးလှေကဲ့သို့သော စိတ်ဝိညာဥ်ပစ္စည်းသည် ကမ်းရိုးတန်းပြည်နယ်၌ အလွန်ပင် တန်ဖိုးကြီးလှ၏။
သို့သော် လင်းချန်၏ အမြင်၌မူ အနည်းငယ် စိတ်ဝင်စားစရာကောင်းရုံသာရှိပြီး ဒုတိယအကြိမ် ပြန်ကြည့်ရန်ပင် မလိုအပ်လှချေ။ လင်းချန် စိတ်ထဲမှ တွေးလိုက်၏။ ‘ဒီလှေက စုတ်ချာလွန်းတယ်…။ လူ ၂၀၀ ကျော်လောက်ပဲ ဆံ့တယ်တဲ့…။ ငါ့ဟွာရှာအင်ပါယာက အသေးဆုံး စစ်သင်္ဘောတွေတောင် လူ ၃ သောင်းလောက် ဆံ့တဲ့ဟာကို…’
ချင်ဝူရွှမ်တစ်ယောက် တိမ်စီးလှေအား ရတနာတစ်ခုသဖွယ် သဘောထားနေသည်ကို ကြည့်ပြီး လင်းချန် သက်ပြင်းချကာ ခေါင်းခါလျက် ထွက်ခွာလာလိုက်သည်။ ကမ်းရိုးတန်းပြည်နယ်သည် အတော်လေးခေါင်ပြီး ပြင်ပကမ္ဘာနှင့် အဆက်အသွယ် ပြတ်နေပုံရသည်ဟုသာ လင်းချန် ကောက်ချက်ချလိုက်တော့၏။
အခန်းထဲမှ ထွက်လာပြီးနောက် ကုန်းပတ်ပေါ်သို့ရောက်လာကာ တိမ်တိုက်များကြားမှတစ်ဆင့် အဝေးသို့ လှမ်းမျှော်ကြည့်လိုက်သည်။ ထို့နောက် တိုးတိုးလေး ရေရွတ်လိုက်၏။ “ရှင်းရှင်း… နောက်ဆုံးတော့ မင်းနဲ့ တွေ့ရတော့မယ်…”
ချင်ဝူရွှမ်၏ ထိန်းချုပ်မှုအောက်၌ တိမ်စီးလှေသည် အံ့မခန်းအရှိန်ဖြင့် ရွေ့လျားကာ ထူထပ်သော တိမ်တိုက်များကို ဖြတ်သန်း၍ အမွေအနှစ်နယ်မြေဆီသို့ ဦးတည်သွားလေတော့၏။
ရှေးဟောင်းအမွေအနှစ်နယ်မြေသည် ကမ်းရိုးတန်းပြည်နယ်၏ အလယ်ဗဟိုတည့်တည့်ရှိ တိမ်တိုက်စီးဆင်းရာတောင်တန်း၏ နက်ရှိုင်းသောနေရာ၌ တည်ရှိသည်။ အတိတ်ကာလ ထိုနေရာ၌ စွမ်းအားကြီးသော သိုင်းဝိညာဥ်သားရဲ နှစ်ကောင်သည် သားရဲဧကရာဇ်ဘွဲ့ကို ရယူရန် ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြသဖြင့် မြေပြင်တစ်ခုလုံး ပြိုကျပျက်စီးခဲ့ရ၏။
ပြိုကျသွားသော မြေပြင်အောက်မှနေ၍ ရှေးဟောင်းဂိုဏ်းတစ်ခု၏ အမွေအနှစ်နယ်မြေများ ပေါ်ထွက်လာခဲ့ပြီး လက်ရှိအချိန်၌ ထိုနေရာကို ရှေးဟောင်းအမွေအနှစ်နယ်မြေဟု ခေါ်ဝေါ်ကြခြင်းပင် ဖြစ်သည်။
ထိပ်သီးဂိုဏ်း ၃ ဂိုဏ်းနှင့် ဂိုဏ်းကြီးငါးဂိုဏ်းတို့သည် ထိုအမွေအနှစ်နယ်မြေအား ရှာဖွေဖော်ထုတ်ပြီးနောက် နယ်မြေ၏ သဘောသဘာဝကို အတည်ပြုနိုင်ခဲ့ကြ၏။ ဤသည်မှာ နိဗ္ဗာန်နယ်ပယ်အဆင့်ရှိ ထူးချွန်သော လက်ရွေးစင်တပည့်များကို လေ့ကျင့်ပေးရာ နေရာတစ်ခု ဖြစ်လေသည်။
လက်ရှိအချိန်၌ တိမ်တိုက်စီးဆင်းရာတောင်တန်း၏ တွင်းနက်ကြီးထဲ၌ ရောင်စုံအလင်းတန်း အတားအဆီးများ ဖုံးလွှမ်းထားသော ဧရာမ မြေအောက်တံခါးပေါက်ကြီးတစ်ခု ရှိနေလေ၏။
တံခါးပေါက်ကြီး၏ ပတ်ဝန်းကျင်အား ထိပ်သီးဂိုဏ်း ၃ ဂိုဏ်းနှင့် ဂိုဏ်းကြီးငါးဂိုဏ်းတို့က ရင်ပြင်တစ်ခုအဖြစ် ပြုပြင်ထားကြပြီး လူအချို့က ထိုနေရာ၌ စောင့်ဆိုင်းလျက် ရှိနေကြသည်။
ထိုအထဲ၌ အပြာရောင်ဝတ်ရုံနှင့် သက်ကြီးပိုင်း အမျိုးသားတစ်ဦးက တံခါးပေါက်ကြီးကို စူးစိုက်ကြည့်နေ၏။
သူ၏အနောက်၌မူ အပြာရောင်ဝတ်ရုံဝတ် တပည့် ၆ ဦးတို့ ပေါ့ပေါ့ပါးပါး စကားစမြည် ပြောဆိုနေလျက်ရှိနေသည်။ သူတို့မှာ အနီးနားရှိ ကျောင်းတော်မှ တပည့်များပင် ဖြစ်ကြ၏။
ထိုကျောင်းတော်မှ တပည့်များနှင့် မျက်နှာချင်းဆိုင်၌မူ ဆံပင်ငွေရောင်နှင့် အမျိုးသမီးတစ်ဦးသည်လည်း တံခါးပေါက်ကြီးကို စိုက်ကြည့်နေ၏။
သူမ၏ အနောက်၌မူ ထူးခြားသော ကိုယ်နေဟန်ထားနှင့် အဖြူရောင်ဝတ်ရုံဝတ် အမျိုးသားတပည့် ၃ ဦး ရပ်နေလျက်ရှိသည်။ ထို့အပြင် ဘေးတစ်ဖက်၌လည်း အဖြူရောင်ဂါဝန်ရှည်များ ဝတ်ဆင်ထားသည့် အမျိုးသမီးတပည့် ၃ ဦး ရပ်နေကြသည်။
ထိုအထဲ၌ လှပသည့် မိန်းကလေးငယ်တစ်ဦး ပါဝင်ကာ သူမက မျက်မှောင်အနည်းငယ်ကြုတ်လျက် စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်များ ရောပြွမ်းနေသော မျက်နှာထားဖြင့် ကောင်းကင်ယံသို့ မကြာခဏ မော့ကြည့်နေလျက်ရှိသည်။
အမျိုးသားတပည့် ၃ ဦးအနက် ရုပ်ရည်အချောမောဆုံး လူငယ်က ရှေ့သို့တိုးလာပြီး စိုးရိမ်တကြီး မေးလိုက်သည်။ “ရှင်းရှင်း… ညီမ... စိတ်ပူစရာ ကိစ္စများ ရှိနေလို့လား…”
ထိုလူငယ် အနားသို့ ကပ်လာသည်ကို မြင်သောအခါ ရှင်းရှင်းဟု ခေါ်သော မိန်းကလေးက ရွံရှာသော အမူအရာဖြင့် ဆံပင်ငွေရောင်နှင့် အမျိုးသမီးအနားသို့ တိုးကပ်သွားလိုက်၏။ “ကျွန်မကို ရှင်းရှင်းလို့ မခေါ်ပါနဲ့…။ ကျွန်မ ရှင်နဲ့ အဲဒီလောက် မရင်းနှီးပါဘူး…”
လူငယ်၏ မျက်နှာထားက တင်းမာသွားရသော်လည်း ဟန်လုပ်ပြုံးကာ ပြန်ပြော၏။ “ညီမလေးယီ… ရိုးသားမှုဆိုတာ သံတွေ ကျောက်တွေကိုတောင် အရည်ပျော်စေနိုင်တယ်လေ…။ ညီမလေး အကို့ကို တစ်နေ့ လက်ခံလာလိမ့်မယ်လို့ ကိုယ် ယုံကြည်ပါတယ်…”
ပြောပြီးသည်နှင့် လူငယ်က အခြားသော အမျိုးသားတပည့် နှစ်ဦးထံသို့ ပြန်လှည့်သွား၏။ ဤအဖွဲ့သည် ဓားနတ်ဘုရားဂိုဏ်း၏ အဖွဲ့ဖြစ်ကြောင်း ထင်ရှားလှပြီး ထိုလှပသော မိန်းကလေးမှာ ယီစင်းပင် ဖြစ်လေ၏။
ဆံပင်ငွေရောင်နှင့် အမျိုးသမီးက တိုးတိုးလေး ရယ်မောကာ ယီစင်းအား စနောက်လိုက်၏။ “ဘာလဲ…။ သမီးရဲ့ ချစ်သူလေးကို လွမ်းနေလို့လား…”
ယီစင်း၏ ပါးပြင်လေးများမှာ ချက်ချင်းပင် ပန်းရောင်သန်းသွားရပြီး ဆံပင်ငွေရောင်နှင့် အမျိုးသမီးအား နှုတ်ခမ်းစူပြကာ ပြောလိုက်သည်။ “ဆရာကလည်း…”
ဆံပင်ငွေရောင်နှင့် အမျိုးသမီးကမူ ယီစင်း၏ ပန်းရောင်သန်းနေသော ပါးပြင်လေးအား ဆွဲကာ ရယ်မောရင်း ပြန်ပြောလိုက်၏။ “ကဲပါ… ကောင်မလေးရယ်… ဆရာ မစတော့ပါဘူး…”
ယီစင်းသည်တော့ နောက်သို့ ပြန်လှည့်ကာ ကောင်းကင်ယံသို့သာ ဆက်လက် မျှော်ကြည့်နေလိုက်တော့သည်။ ထို့နောက် တိုးတိုးလေး ရေရွတ်လိုက်၏။ “ချန်လေး… ရှင် ဘယ်တော့ ရောက်မာလဲဟင်…”
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၁ ၊ အတွဲ ၁ ၊ အပိုင်း ၁၀၉ + ၁၁၀ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
Editor - Author Chang'e 🌕
True Immortal Team