← Chapters

သူ၏ အသန်မာဆုံးတိုက်ခိုက်မှု

Vol. 19 Ch. 263

သူ၏ အသန်မာဆုံးတိုက်ခိုက်မှု

Vol. 19 Ch. 263

စုမင် တစ်ချက်ခုန်လိုက်ပြီးသည်နှင့် သူ့နတ်ဘုရားအာရုံ အာရုံခံမိသော ဧရိယာအတွင်းရှိ အနီးဆုံးလူရိုင်းယောက်ျားဆီသို့ တိတ်ဆိတ်စွာတိုးကပ်သွားသည်။

စုမင်မျက်နှာအမူအရာက လေးနက်နေပြီး သွေးနီရောင်အလင်းတောက်ပနေသော ညာဘက်မျက်လုံးထဲတွင် သတ်ဖြတ်လိုသည့်အသိဖြင့် ပြည့်နေခဲ့သည်။ ထိုကြမ်းကြုတ်ဟန် အမျိုးသားအနီးသို့ ရောက်သွားသည်နှင့် ထိုသတ်ဖြတ်လိုသောအသိသည် စုမင်ထံမှ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ အမျိုးသားသည် ချက်ချင်းအာရုံခံလိုက်မိပြီး လက်မြှောက်ကာ သူ့မျက်နှာသူပြန်ရိုက်ချလိုက်သည်။

ထိုထူးဆန်းသောမြင်ကွင်းက စုမင်မျက်လုံးများကို ကျဉ်းမြောင်းသွားစေသည်။

အမျိုးသားသည် သူ့မျက်နှာသူ လက်ဖြင့် ပြန်ရိုက်လိုက်ပြီးသည်နှင့်  ပါးစပ်အပြည့်သွေးများ ထွေးထုတ်လိုက်၏။ သူ့ပါးစပ်ထဲမှ ကျိုးထွက်လာသော သွားတစ်ဒါဇင်ခန့်သည် သွေးများနှင့်အတူ လွင့်စဉ်ထွက်လာခဲ့သည်။

၎င်းသွားများသည် ချွန်ထက်သောဆူးချွန် တစ်ဒါဇင်ခန့်အဖြစ် ပြောင်းလဲသွားပြီး ထိတ်လန့်တုန်လှုပ်ဖွယ် အမြန်နှုန်းဖြင့် စုမင်ထံတိုးဝင်လာကြသည်။

စုမင် ဤပညာရပ်မျိုးကို တစ်ခါမှမမြင်ခဲ့ဖူးပေ။ သူရှောင်လွှဲလိုက်သည့်အချိန်တွင် ၎င်းဆူးများသည် မြင့်မားသောဉာဏ်ရည်ပိုင်ဆိုင်ထားဟန်ဖြင့် လမ်းကြောင်းပြောင်းကာ သူ့နောက်သို့လိုက်လာကြသည်။

‘မယုံနိုင်စရာကောင်းလိုက်တဲ့ လူရိုင်းမျိုးနွယ်စုရဲ့ နတ်ဘုရားစွမ်းရည်ပညာရပ်’

ယခုတော့ သူ့ရှေ့ရှိလူကို တိတ်တဆိတ် သတ်ရန်မဖြစ်နိုင်တော့မှန်း စုမင်သိသွားချေပြီ။ သူ့နဖူးအလယ်တွင် အစိမ်းရောင်အလင်းတောက်ပသွားပြီး ကျောက်စိမ်းဓားမြှောင်ငယ်လေးက အလျင်အမြန် ပျံသန်းထွက်ပေါ်လာကာ ထိုတစ်ဒါဇင်ခန့်ဆူးချွန်များနှင့် ကျယ်လောင်စွာတိုက်မိသွားခဲ့သည်။

လေထဲတွင် မြည်ဟည်းသံကြီးပဲ့တင်ထပ်သွားသည်နှင့် ဆူးချွန်များသည် ပြိုကွဲပျက်စီးသွားပြီး ကျောက်စိမ်းဓားမြှောင်ငယ်လေးက နောက်သို့ပြန်လည်ဆုတ်ခွာနေသော လူရိုင်းယောက်ျားဆီသို့ ဦးတည်သွားကာ ထိုသူ၏နဖူးကို ဖြတ်သန်းထွင်းဖောက်သွားသည်။

ထိုသူ၏ မသေဆုံးခင် စူးရှနာကျင်စွာ အော်ဟစ်သံသည် ကျယ်လောင်စွာ မြည်ဟည်းသံကြီးနှင့်ပေါင်းလျက် ညအချိန် တောအုပ်အတွင်းမှ တိတ်ဆိတ်ငြိမ်သက်မှုကို ချိုးဖျက်သွားခဲ့သည်။ ထိုအရာသည် ရေသေများသာရှိသော ရေတွင်းတစ်တွင်းထဲသို့ ကျောက်တုံးတစ်တုံး ရုတ်တရက်ပစ်ချလိုက်သဖြင့် ရေမျက်နှာပြင်တွင် လှိုင်းဂယက်များစွာ ဖြစ်ပေါ်လာသကဲ့သို့ပင် ဖြစ်သည်။

အော်ဟစ်သံထွက်ပေါ်သွားသည်နှင့် သူ့နတ်ဘုရားစိတ်အာရုံ ဧရိယာအတွင်းမှ ကျန်လူရိုင်းများသည် ရုတ်တရက် လမ်းကြောင်းပြောင်းကာ သူရှိရာသို့ ဦးတည်လိုက်ကြသည်ကို စုမင် သတိပြုလိုက်မိသည်။ ယခုသူတို့အကြား ပေ၂၀၀၀ဝန်းကျင်သာ ကွာဝေးတော့ပေသည်။

သူအဝိုင်းခံထားရခြင်းမှ မလွတ်မြောက်နိုင်တော့မှန်း သိလိုက်သဖြင့် လူရိုင်းတစ်ဦးဆီသို့သာ ဦးတည်သွားတော့ရန် စုမင်ဆုံးဖြတ်ချက်ချလိုက်သည်။ သူ့ဘေးတွင် အစိမ်းရောင်အလင်းတောက်ပနေရင်းဖြင့် စုမင် အလွန်လျင်မြန်သော အရှိန်ဖြင့်ပြေးထွက်သွားပြီးနောက် ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာခဲ့သည်။ ခေါင်းမရှိသောအလောင်းတစ်လောင်းက စုမင်ရှေ့တွင် လဲကျသွားလေသည်။

ထို့နောက်တွင် စုမင်နှင့် ကျန်လူရိုင်းများအကြား ပေ၁၅၀၀ခန့်သာ ကွာဝေးတော့သည်။ သူခေါင်းမော့လိုက်ချိန်တွင် လျှပ်စီးအလင်းတန်းများက သူ့တစ်ကိုယ်လုံးတွင် ကူးခပ်လှုပ်ရှားသွားကြသည်။ လေထဲတွင် အက်ကွဲသံများ ပဲ့တင်ထပ်ဖြစ်ပေါ်လာပြီး လျှပ်စီးအလင်းလုံးတစ်ခုက စုမင်ကိုဝန်းရံသွားသည်။ ၎င်းလျှပ်စီးလုံးက အပြင်ဘက်သို့ ပျံ့နှံ့သွားပြီး ကောင်းကင်နှင့်မြေပြင်က တုန်ခါမြည်ဟည်းသွားကြသည်။  မည်သူမဆို အပေါ်စီးမှကြည့်လိုက်မည်ဆိုလျှင် ထိုနယ်မြေသည် လျှပ်စီးကန်တစ်ခုအဖြစ်ပြောင်းလဲသွားပြီး ဖြစ်ကာ စုမင်ကထိုအရာ၏အလယ်ဗဟိုတွင် ရှိနေသည်ကို တွေ့ရပေလိမ့်မည်။

ကူးခပ်နေသော လျှပ်စီးများသည် ပြင်းထန်သောအရှိန်နှုန်းဖြင့် အပြင်သို့ပျံ့နှံ့သွားသည်နှင့် ရွှံ့များ အက်ကွဲကာ၊ သစ်ပင်များ ညှိုးရော်ခြောက်သွေ့သွားသည်။ မြက်ပင်များက အမှုန့်ဖြစ်သွားကြပြီး စုမင်နှင့် ပေ၁၀၀၀ အကွာအဝေးအတွင်းရှိ လူအများစုက တုန်ယင်သွားခဲ့ကြသည်။

သို့သော် ထိုတစ်ဒါဇင်ခန့် လူများအတွင်းမှ လူနှစ်ဦးကိုတော့ မတားဆီးနိုင်ခဲ့ပေ။ ၎င်းတို့၏ ခန္ဓာကိုယ်များသည် ခဏတာသာ ယိမ်းယိုင်ရပ်တန့်သွားပြီး စုမင်ထံ ဆက်လက်တိုးဝင် လာကြလေသည်။

ထိုလူနှစ်ဦး နီးကပ်လာပြီး စုမင်မြင်ကွင်းအတွင်း ရောက်လာသည်နှင့် စုမင်ထံမှ ခေါင်းလောင်းသံများ ပဲ့တင်ထပ်ထွက်ပေါ်လာခဲ့သည်။ ထိုခေါင်းလောင်းသံများသည် အသံလှိုင်းများအဖြစ် ပြောင်းလျက် တိုးဝင်နေသူနှစ်ဦးကို တိုက်ခိုက်လိုက်ကြသည်။ ၎င်းတို့သည် တစ်ဦး၏အရှိန်ကို နှေးသွားစေသော်လည်း အရှိန်နည်းနည်းလေးပင် နှေးမသွားပဲ စုမင်အနီး ရောက်လာသူတစ်ဦး ရှိနေလေသည်။

ထိုလူသည် မျက်နှာထက်တွင် ဓားဒဏ်ရာ အမာရွတ်ကြီးဖြင့် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦး ဖြစ်သည်။ ထိုအမာရွတ်ကြောင့် သူ့မျက်နှာထက်မှ အမာရွတ်သည်ပင် ထက်ခြမ်းပိုင်းခံထားရပုံ ပေါ်နေချေသည်။ ထိုလူ၏ မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်မှုများ ထင်ဟပ်နေသော်လည်း ထိုရက်စက်ကြမ်းကြုတ်မှုများ အောက်တွင်တော့ အေးဆေးတည်ငြိမ်မှုများသာ ရှိနေခဲ့သည်။

ဤလူ၏ စွမ်းအားသည် ရုပ်နယ်လွန်နှောင်းပိုင်းအဆင့်၏ အထွတ်အထိပ်နှင့် ညီမျှနေလောက်ပြီး ရိုးရေစတေးနယ်ပယ်သို့ရောက်ရန် ခြေတစ်လှမ်းခန့်သာ လိုတော့သည့်ပုံပင်။

အကယ်၍ စုမင်သာ အပြည့်အဝ ကောင်းမွန်နေလျှင်၊ သူဤလူကိုတိုက်ခိုက်ကာ အနိုင်ယူနိုင်လောက်၏။ သို့သော် စုမင်သည် ဒဏ်ရာရထားပြီး လူရိုင်းမျိုးနွယ်စု၏ ပညာရပ်များအကြောင်းလည်း လုံးဝနီးပါးမသိသဖြင့် သူသာ တိုက်ခိုက်နေမည်ဆိုလျှင် တိုက်ပွဲကို အလျင်အမြန် အဆုံးသတ်နိုင်လိမ့်မည်မဟုတ်ပေ။ တိုက်ပွဲသာ အချိန်ကြာသွားခဲ့လျှင်၊ လျှပ်စီးများ၊ ခေါင်းလောင်းသံများဖြင့် သူဖန်တီးခဲ့သောအခွင့်အရေးသည် အလဟဿ ဖြစ်သွားပေလိမ့်မည်။

ထိုအရာသာ အလဟဿ ဖြစ်သွားပြီး သူ့ပတ်ဝန်းကျင်လူများ ပြန်လည် ကောင်းမွန်သွားကြပါက သူအဝိုင်းခံလိုက်ရပေလိမ့်မည်။ သူချိုးဖောက်ထွက်လိုခဲ့လျှင်တောင်၊ အောင်မြင်ရန် တန်ဖိုးကြီးကြီး ပေးဆပ်ရတော့မှာ ဖြစ်သည်။

ထို့အပြင်၊ ကောင်းကင်ပေါ်တွင် သူ့လမ်းကြောင်းကို ပိတ်ထားမည့် လူရိုင်းများရှိနေမည့် အကြောင်းလည်း စုမင် သံသယမရှိတာ သေချာသိ၏။ သူသာ ဤအရာကို အချိန်နည်းနည်း ပိုဆွဲလိုက်မိမည်ဆိုလျှင် မြေပြင်ပေါ်တွင်လည်း ပိုမိုများပြားသော လူရိုင်းများ ရောက်လာပေလိမ့်ဦးမည်။

ရိုးရေစတေးနယ်ပယ်မှ မာန်စွမ်းအားရှင်တစ်ဦးနှင့် တူညီသော လူရိုင်းတစ်ဦးသာ ရောက်လာပါက သူပြန်တိုက်ခိုက်နိုင်တော့မည်မဟုတ်ပေ။

အန္တရာယ်နှင့် ရင်ဆိုင်ရချိန်တွင် စုမင်မျက်လုံးများက တည်ငြိမ်သွားခဲ့သည်။ သူ့ညာမျက်လုံးအတွင်းမှ သွေးနီရောင်အလင်းသည် စူးရှစွာတောက်ပသွားပြီး သူ့အနီးသို့ သက်လတ်ပိုင်းအမျိုးရောက်ရှိလာသည်နှင့် စုမင်ညာလက်ကိုမြှောက်လိုက်ရာ သူ့လက်ဖဝါးထဲတွင် ရေခဲအပိုင်းအစတစ်ခု ပေါ်လာချေသည်။

ထိုရေခဲအတွင်းတွင်တော့ ... မီးများရှိနေလေသည်။

စုမင် ထိုရေခဲကိုခွဲခြေလိုက်သည်နှင့်၊ မီးပင်လယ်ကြီးတစ်ခုသည် သူ့လက်မှနေ၍ ပြင်းထန်စွာ ပျံ့နှံ့သွားသည်။ သို့သော် ထိုမီးပင်လယ်ကြီးသည် ပူလောင်ခြင်းမရှိပဲ၊ အေးခဲမတတ်အေးစက်မှုတစ်ခုဖြင့်သာ ပျံ့နှံ့သွားခဲ့ခြင်းဖြစ်သည်။

ဤရေခဲသည် စုမင်အား သူ၏အကြီးဆုံးစီနီယာအစ်ကိုကြီး ပေးခဲ့သည့် လက်ဆောင်ဖြစ်သည်။

သက်လတ်ပိုင်းလူရိုင်းယောက်ျား၏မျက်နှာ အမူအရာက ချက်ချင်းပြောင်းလဲသွားပြီး သူ့အရေပြားပေါ်တွင် များစွာသောအကြေးခွံများ ဖြစ်ပေါ်လာခဲ့သည်။ ၎င်း၏အသွင်အပြင်အရ ဤလူသည် လူတစ်ဦးအဖြစ်မှ သားရဲရိုင်းတစ်မျိုးအဖြစ် အလျင်အမြန် ပြောင်းလဲသွားသကဲ့သို့ပင်။

သို့သော် သူ့အပြောင်းအလဲ၏ အရှိန်နှုန်းသည် စုမင် ဆင့်ခေါ်လိုက်သော ရေခဲမီးကိုတော့ လိုက်မမီနိုင်ခဲ့ပေ။ မီးများသည် မွန်းစတားပါးစပ်ကြီးကဲ့သို့ ပေါက်ကွဲထွက်ပေါ်လာပြီး တိုးဝင်လာနေသော လူရိုင်းအမျိုးသားကို ဖုံးအုပ်ဝါးမျို သွားသည်။ တစ်ချိန်တည်းမှာပင် လွန်ခဲ့သောခဏတာကမှ ပျံ့နှံ့သွားခဲ့သည့် အေးစက်မှုများသည်လည်း သက်လတ်ပိုင်းလူ၏ ပတ်ဝန်းကျင်တွင် အလျင်အမြန် စုဝေးသွားသည်။

လေထဲတွင် ပဲ့တင်ထပ်ဖြစ်ပေါ်လာသော အက်ကွဲသံများကြောင့် စုမင်အသက်ကိုပင် ခပ်ပြင်းပြင်း ရှူရှိုက်လိုက်မိသည်။ သူ့မျက်စိရှေ့တွင် ဖြစ်ပေါ်လာသော ရေခဲမီးများ၏ မြင်ကွင်းသည် စုမင်ကိုပင် တုန်လှုပ်ချောက်ချား သွားစေသည်။

သက်လတ်ပိုင်းလူသည် လူသားနှင့်သားရဲ ကြားအခြေအနေဖြင့် ရေခဲတုံးကြီးအတွင်း ပိတ်လှောင်ခံလိုက်ရသည်။ သူ၏ ကြောက်ရွံ့တုန်လှုပ်နေသော အမူအရာထဲတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

ထိုလူ၏ ခန္ဓာကိုယ်ထဲတွင် မီးလုံးတစ်ခုကိုစုမင်မြင်လိုက်ရသည်။ ထိုမီးသည် လောင်ကျွမ်းနေပုံ မပေါ်သော်လည်း ရေခဲအတွင်းမှ အေးခဲနေသောထိုလူ၏ ခန္ဓာကိုယ်သည် စတင်မည်းနက်လာခဲ့ပြီး အနက်ရောင်ပြာများအဖြစ် ပြောင်းလဲသွားခဲ့သည်။

ဤအရာများအားလုံးသည် အချိန်တစ်ခဏတာအတွင်း ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်သည်။ ဤရေခဲမီး၏စွမ်းအားကြောင့် သူ့အကြီးဆုံးစီနီယာအစ်ကိုကြီး၏ စွမ်းအားနှင့်ပတ်သက်ပြီး စုမင်ထံတွင် နားလည်မှုအသစ်တစ်ခု တိုးလာခဲ့၏။ သို့သော် ဤအချိန်သည် ထိုအကြောင်းကိုလေးလေးနက်နက် စဉ်းစားတွေးတောနေရမည့် အချိန်မဟုတ်ပေ။ စုမင် တစ်ချက်ခုန်လိုက်ပြီး ဟန်တောင်တန်း ခေါင်းလောင်းကြောင့် ရပ်တန့်နေသော လူရိုင်းထံ တိုးဝင်သွားလိုက်သည်။

ထိုလူသည် အမျိုးသားတစ်ဦးမဟုတ်ပဲ အမျိုးသမီးတစ်ဦးဖြစ်သည်။

အမျိုးသမီးသည်လည်း သက်လတ်ပိုင်း အရွယ်ခန့်ဖြစ်ပြီး သာမန်ရွက်ကြမ်းရေကျို မျက်နှာမျိုး ပိုင်ဆိုင်ထားသည်။ သူမမျက်နှာပေါ်မှ ဆေးမင်ကြောင်သည် တောက်ပသွားပြီး သူမမျက်နှာပေါ်တွင်လည်း အမျိုးသားထံတွင်ရှိနေခဲ့သည့် ရက်စက်ကြမ်းကြုတ်သော အမူအရာမျိုး ရှိနေခဲ့သည်။ သို့သော်လည်း စုမင်သည် သူမတို့မျိုးနွယ်စုအတွင်းရှိ မယုံနိုင်လောက်အောင်ပင် အစွမ်းထက်သောလူရိုင်းများထဲမှ တစ်ယောက်ကို ယခုလိုပုံစံမျိုးဖြင့် သတ်ပစ်လိုက်ကြောင်း တွေ့လိုက်ရသောအခါ သူမမျက်နှာပေါ်မှ ထိုရက်စက်ကြမ်းကြုတ်မှုသည် ထိတ်လန့်တုန်လှုပ်မှု အဖြစ် ပြောင်းလဲသွားလေသည်။

သူမ နောက်ပြန်ဆုတ်ရန်ပြင်လိုက်သော်လည်း လေထဲတွင် ခေါင်းလောင်းသံတစ်သံ ချက်ချင်းထွက်ပေါ်လာပြီး သူမခန္ဓာကိုယ်ကို နောက်တစ်ကြိမ်ရပ်တန့်သွားစေသည်။ ဤအရာသည် သူမခန္ဓာကိုယ်၏ နောက်ဆုံးအကြိမ်လှုပ်ရှားနိုင်ခဲ့ခြင်းပင်ဖြစ်သည်။

အသက်တစ်ရှိုက်စာအတွင်းမှာပင်၊ စုမင်သည်  ထိုအမျိုးသမီးအား အလင်းတန်းတစ်ခုသဖွယ် ဖြတ်သန်းသွားပြီး သူနှင့်အတူ သွေးများပန်းထွက်နေသော ခေါင်းတစ်ခုပါလာခဲ့သည်။

အမျိုးသမီး၏ခန္ဓာကိုယ်သည် မြေပေါ်သို့ လဲပြိုကျသွားတော့သည်။

သူမအလောင်းမြေပေါ် လဲကျသွားချိန်တွင် စုမင်လည်း အသက်ကို အမောတကော ရှူရှိုက်လိုက်ရ၏။ သူ့မျက်နှာက ဖြူရော်သွားပြီး သူ့ရင်ဘတ်ရှိဒဏ်ရာက ပိုမိုဆိုးရွားလာခဲ့ချေပြီ။ အချိန်တိုအတွင်းမှာပင် သူလူများစွာကို သတ်ပစ်ခဲ့သည်။ ဤလူများထဲမှ အစွမ်းအထက်ဆုံးလူကို အစ်ကိုကြီး၏လက်ဆောင်ဖြင့် သတ်ပစ်ခဲ့ခြင်းဖြစ်သော်လည်း အလွန်လျင်မြန်စွာ ရွေ့လျားရခြင်းသည် သူ၏ဒဏ်ရာရထားသော ခန္ဓာကိုယ်ကို ပိုမိုပင်ပန်းသွားစေသည်။

သို့သော် သူရပ်တန့်ခြင်းမပြုခဲ့ပေ။ သူ့ညာဘက်မျက်လုံးသည် သတ်ဖြတ်ခြင်းအလင်းများဖြင့် စူးရှတောက်ပသွားပြီး ကူးခပ်နေသော လျှပ်စီးများကြောင့် မလှုပ်ရှားနိုင်သော ကျန်လူများဆီသို့ ဦးတည်လိုက်သည်။

ကောင်းကင်ပေါ်မှ လရောင်သည် စုမင်နောက်တွင်စုဝေးသွားပြီး သူနက်မှောင်တောင်တွင် ရှိခဲ့စဉ်အချိန်ကကဲ့သို့ လရောင်ဝတ်ရုံလွှာတစ်ခု ဖွဲ့စည်းဖြစ်ပေါ်လာသည်။ ထိုအရာသည် သူ့နောက်တွင်လွင့်မျောနေပြီး မရေမတွက်နိုင်သော ချည်မျှင်များအသွင်ပြောင်းလျက် သူလှုပ်ရှားလိုက်ချိန်တိုင်း နောက်ဘက်၌လွင့်မျောကခုန်နေကြသည်။

လျှပ်စီးများကြောင့် ငေးမောကြောင်အနေသော လူရိုင်းအားလုံးကို သူဖြတ်ကျော်သွားပြီး ထိုသူတို့၏ခေါင်းများသည် ကောင်းကင်သို့ လွင့်စဉ်သွားကြသည်။ အစိမ်းရောင်အလင်းတစ်ဖြာလည်း တောက်ပနေပြီး သွေးများစွန်းထင်းနေသော ကျောက်စိမ်းဓားရှည်လေးသည် စူးရှသောအော်မြည်သံကို ထုတ်လွှတ်လျက်ရှိသည်။

စုမင် နောက်ဆုံးလူအနားရောက်သွားချိန်တွင် သူ့လက်ကိုညင်သာစွာ ဝှေ့ယမ်းလိုက်ရာ သူ့နောက်မှလရောင်ချည်မျှင်များသည် အရှေ့သို့ပြေးထွက်သွားပြီး ထိုလူရိုင်းကို အလျင်အမြန် ရစ်ပတ်ကာဆုတ်ဖြဲလိုက်ကြသည်။ တောအုပ်အတွင်း စုမင်ကို ဝန်းရံထားခဲ့ကြသည့် လူရိုင်းများထဲမှ နောက်ဆုံးတစ်ယောက်သည် စူးရှနာကျင်စွာအော်ဟစ်လိုက်ပြီး သူ့ခန္ဓာကိုယ်က အပိုင်းပိုင်းပြတ်ထွက်သွားကာ လေထဲသို့ သွေးများပန်းထွက်လာခဲ့သည်။

သို့သော် တိုက်ပွဲသည် ပြီးဆုံးရန်အဝေးကြီးလိုသေး၏။

စုမင် သူ၏ မောပန်းနေသောအသက်ရှူနှုန်းကိုပင် တည်ငြိမ်အောင်လုပ်ချိန် မရခဲ့ပေ။ နောက်ဆုံးလူရိုင်း လရောင်ချည်မျှင်များဖြင့် အသတ်ခံလိုက်ရသည့် အချိန်မှာပင် ကောင်းကင်မှ ပြင်းထန်စွာအော်ဟစ်သံကြီး ထွက်ပေါ်လာခဲ့သည်။

“မင်း ဘယ်လိုတောင်လုပ်ဝံ့တာလဲ မာန်စွမ်းအားရှင်ကောင်”

မိုးခြိမ်းသံကဲ့သို့ ထိုအသံသည် စုမင်ကိုတုန်လှုပ်သွားစေသည်။ သူခေါင်းမော့ကြည့်လိုက်ရာ ကောင်းကင်မှ သူ့ထံသို့လာနေသော လူရှစ်ယောက်ကို မြင်လိုက်ရသည်။

ထိုလူရှစ်ယောက်ထဲတွင် တစ်ဦးသည် အရိုးစုသဖွယ်ပိန်ပါးသော အဘိုးအိုတစ်ဦးဖြစ်သည်။ သို့သော် အဘိုးအိုထံမှ ထွက်ပေါ်နေသည့် အစွမ်းထက်သောအရှိန်အဝါကြောင့် စုမင်မျက်နှာပေါ်မှ အမူအရာကပင် လေးနက်တည်ကြည်သွားရသည်။

အဘိုးအိုက စကားပြောလိုက်သူမဟုတ်ပေ။ ပြောလိုက်သူသည် ရပ်နေသည့် လူရှစ်ယောက်ထဲမှ အမျိုးသားတစ်ဦးဖြစ်သည်။ ထိုအမျိုးသား၏ အစွမ်းသည် စုမင်စောစောကလေးတင် သတ်ခဲ့သည့် အစွမ်းအထက်ဆုံးလူရိုင်းနှင့် အတူတူလောက်ဖြစ်သည်။

စုမင်မျက်လုံးများကို ကျဉ်းမြောင်းသွားစေသည့် အခြားအရာတစ်ခုလည်း ရှိနေသေးသည်။ အဘိုးအိုမှလွဲ၍ ကျန်လူများအားလုံးသည် စုမင်အား ဟိန်းဟောက်နေသည့် ကျားတူခြင်္သေ့တူကောင်များနှင့် တူသော သားရဲရိုင်းများပေါ်တွင် မတ်တတ်ရပ်နေကြခြင်းဖြစ်သည်။ အဘိုးအိုက လှုပ်ရှားခြင်းမပြုပဲ ကျန်လူခုနစ်ဦးကသာ စုမင်ထံတိုးဝင်လာကြချေသည်။

သူတို့မျက်လုံးများအတွင်းမှ ရက်စက်ကြမ်းကြုတ်မှုများ၊ သူတို့၏သွေးဆာနေဟန်များနှင့် အစွမ်းထက်သော အရှိန်အဝါများကြောင့် စုမင်သည် သေခြင်းနှင့်ရှင်ခြင်းကြား ရောက်နေသကဲ့သို့ ပင်ပန်းနွမ်းနယ်စွာ ခံစားလိုက်ရချေသည်။

ကရုဏာထားသော လုပ်ရပ်တစ်ခု၏ရလဒ်သည် ဤမျှ အလွန်ဆိုးဝါးနေလိမ့်မည်ဟု စုမင်မထင်ထားမိပေ။

သူ ကောင်လေးကိုသတိလစ်အောင် မလုပ်ရသေးခင်က ရှင်းလင်းစွာပင် ကောင်လေး၏အသက်ကို ကယ်တင်ပေးခဲ့၏။ သူ ထိုအဆိပ်ရှိမြွေကို သတ်ပေးခဲ့သည် .... စုမင် မျက်လုံးများကို မှိတ်ချလိုက်သည်။ သူ အမှားတစ်ခုလုပ်ခဲ့မိကြောင်း ... သိသွားခဲ့ရချေပြီ။

“ဖြစ်နိူင်တာက ... ငါတကယ်ကို အမှားတစ်ခု လုပ်မိခဲ့တာပဲ ...”

စုမင် တီးတိုးရေရွတ်ရင်း တပလ္လင်ခွေထိုင်ချကာ ညာလက်ကိုမြှောက်လိုက်သည်။ သေခြင်းတရားနှင့်ရင်ဆိုင်ရချိန်တွင်၊ စုမင်စိတ်ထဲမည်သည့်အရာမှ ရှိမနေတော့ပေ။ ကြောက်ရွံ့မှုများမရှိ၊ နောင်တ မရှိ။ သူ့စိတ်ထဲ ကျန်ရှိနေသည့်တစ်ခုတည်းသောအရာမှာ စုတ်ချက်သောင်းပေါင်းများစွာ လေ့ကျင့်ခဲ့ပြီးနောက်တွင် သူ့ကိုယ်ပိုင်ဖြစ်လာခဲ့သည့် စုတ်ချက်တစ်ချက်တည်းသာ ...

သူ မျက်လုံးများမှိတ်လျက်မှ ခေါင်းမော့ကာ လက်ချောင်းများဖြင့် ကောင်းကင်ကိုပိုင်းဖြတ်ကာ မျဉ်းကြောင်းတစ်ခုရေးဆွဲလိုက်သည်။

ထိုတစ်ခုတည်းသောစုတ်ချက်က ရာသီဥတုကိုပင် ပြောင်းလဲသွားစေသည်။ ထိုအရာသည် အတားအဆီးအချို့ ကျိုးပျက်သွားသကဲ့သို့ ဖြစ်ပြီး သတ္တမတောင်ထွတ်တွင် ထျန်းလန်မုန်နှင့် ယှဉ်ပြိုင်ခဲ့စဉ်အချိန်နှင့်လည်း မတူကွဲပြားသွားခဲ့ချေပြီ။

စစ်မာရှင်းသည် ဤစုတ်ချက်ကို မြင်လိုက်မည်ဆိုလျှင်တောင်၊ ဤတိုက်ခိုက်မှုနှင့် မာန်နတ်ဘုရားအသွင်ပြောင်းလဲခြင်း၏ ပထမပုံစံအကြား မည်သည့်တူညီမှုမျိုးကိုမှ ရှာတွေ့လိမ့်မည်မဟုတ်ပေ။

ဤစုတ်ချက်သည် ... စုမင်၏ အသန်မာဆုံးတိုက်ခိုက်မှု ဖြစ်သည်။

စုမင် ထိုမျဉ်းကြောင်းကိုဆွဲသားလိုက်သည်နှင့် ကောင်းကင်မှ အဘိုးအို၏ မျက်နှာအမူအရာက ချက်ချင်းပြောင်းလဲသွားပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ သူ့ခန္ဓာကိုယ်မှ မီးခိုးငွေ့များပျံ့နှံ့ထွက်ပေါ်လာပြီး ဧရာမဖွတ်ကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ ၎င်းက သူ့လျှာကြီးကို စုမင်ထံ လှမ်းထိုးသွင်းလိုက်လေသည်။

၎င်း၏လျှာသည် စုမင်ထံတိုးဝင်လာခဲ့ပြီး စုမင်ဆွဲသားလိုက်သော မျဉ်းကြောင်းဖြင့် တိုက်မိသွားခဲ့သည်။

***

All Chapters