နည်းလမ်းသုံးမျိုး
Vol. 19 Ch. 264
၎င်းစုတ်ချက်သည် စုမင်သင်ကြားခဲ့ဖူးသမျှ နတ်ဘုရားစွမ်းရည်ပညာရပ်များထဲတွင် အသန်မာဆုံးတိုက်ခိုက်မှုဖြစ်သည်။
ထိုစုတ်ချက်သည် စိတ်ရှင်းလင်းစွာဖြင့် စစ်မာရှင်း၏ နတ်ဘုရားအသွင်ပြောင်းလဲခြင်း ပထမပုံစံကို နေ့နေ့ညညပုံတူကူး လေ့ကျင့်ခဲ့ပြီးနောက် ရရှိလာခဲ့သော သူ၏ကိုယ်ပိုင်ဖန်တီးမှု ဖြစ်သည်။
ထိုမျဉ်းကြောင်းသည် စစ်မာရှင်း၏ဓားချက်နှင့် မသက်ဆိုင်သလို ထျန်းလန်မုန်နှင့် ယှဉ်ပြိုင်ခဲ့စဉ်က အသုံးပြုခဲ့သည့်အရာလည်း မဟုတ်ပေ။ ထိုအစား တောင်ပိုင်းအရုဏ်ဦးကုန်းမြေတွင် ကြုံတွေ့ခဲ့ရသော အခက်အခဲများ၊ နက်မှောင်တောင်မှ သူ၏အမှတ်တရများနှင့် သူ့ဘဝ၏ယခုအခြေအနေအထိ အရာများအားလုံးကို ဤတစ်ခုတည်းသော မျဉ်းကြောင်းအတွင်း ပေါင်းစပ်လိုက်သောကြောင့် ဤမျဉ်းကြောင်းသည် သူ၏ကိုယ်ပိုင်ဖန်တီးမှု ဖြစ်လာခဲ့ခြင်းပင် ...
စုမင်ဆွဲသားလိုက်သော မျဉ်းကြောင်းမျိုးကို ဤမတိုင်ခင်က ကမ္ဘာပေါ်တွင် ရှာတွေ့နိုင်လိမ့်မည်မဟုတ်ပေ။ ဤမျဉ်းကြောင်းသည် ဘာမျှမရှိသည့်အရာမှ မွေးဖွားဖြစ်ပေါ်လာခြင်းဖြစ်၍ စုမင်၏ ... ပထမဆုံးသော ဖန်တီးမှုလည်းဖြစ်၏။
စုမင်၏ မျဉ်းကြောင်းနှင့် ဖွတ်သတ္တဝါကြီး၏ လျှာတို့တိုက်မိသွားချိန်တွင် စူးရှစွာအော်ဟစ်သံနှင့် မိုးခြိမ်းသံကဲ့သို့ မြည်ဟည်းသံကြီးသည် တောအုပ်အတွင်းနှင့် လူရိုင်းတို့၏နယ်မြေတစ်ခုလုံးကို ဖြတ်သန်းလျက် ပဲ့တင်ထပ်သွားခဲ့သည်။ ထိုအသံများသည် ကောင်းကင်ကိုပင် ထိုးဖောက်ကာ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားသကဲ့သို့ပင်။
ဧရာမမီးခိုးငွေ့ ဖွတ်ကြီးထံမှ လျှာကြီးသည် စုမင်၏လက်ချောင်းများမှ ဖန်တီးခဲ့သည့် ထိုမျဉ်းကြောင်းလေးကြောင့် ချက်ချင်းဖျက်စီးခံလိုက်ရသည်။
သို့သော် ဤအရာများ အဆုံးသတ်ရန်အဝေးကြီး လိုပေသေးသည်။ ဖွတ်ကြီး၏လျှာ ပေါက်ကွဲသွားချိန်တွင် စုမင်ထံတိုးဝင်လာနေသော လူရိုင်းခုနစ်ယောက်၏ မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။ သူတို့မျက်စိထဲတွင်လည်း အလင်းတစ်ဖြာ စူးရှတောက်ပစွာ ဖြစ်ပေါ်လာသည်။ သို့သော် ထိုအလင်းသည် သူတို့ထံမှ ထွက်ပေါ်လာခဲ့ခြင်းမဟုတ်ပေ။ ထိုအစား စုမင်ရေးဆွဲလိုက်သော မျဉ်းကြောင်းကြောင့် ဖြစ်ပေါ်လာသည့် အလင်းပြန်မှုပင် ဖြစ်သည်။
အလင်းတောက်ပသွားသည်နှင့် လူရိုင်းခုနစ်ဦးလုံး တုန်ယင်သွားကြပြီး ရှေ့ဆုံးတွင်ရပ်နေသူသည် ပေါက်ကွဲထွက်သွားပြီး သွေးမြူများအဖြစ် လေထဲသို့ပြန့်ကျဲသွားသည်။
ထိုလူ့နောက်မှ လူနှစ်ယောက်သည် အလွန်တုန်လှုပ်ချောက်ချား သွားကြပြီး သူတို့၏ ညာလက်နှင့် ညာခြေထောက်များသည် ဓားဖြင့်ဖြတ်တောက်ခံလိုက်ရသကဲ့သို့ ခန္ဓာကိုယ်မှ ပြတ်ထွက်သွားသည်။ သူတို့သည် နာကျင်စွာ စူးစူးဝါးဝါးအော်ဟစ်လိုက်ကြပြီး နောက်သို့လဲကျသွားကြသည်။
သူတို့နောက်မှ လူ၏ရင်ဘတ်ပေါ်တွင်တော့ ကြောက်မက်ဖွယ်ရာ ရှည်လျားသောအမှတ်ကြီး ပေါ်လာခဲ့သည်။ သူ့ရင်ဘတ်သည် ပုံဆွဲကားချပ်ပုံဆွဲကားချပ်တစ်ခုအဖြစ် ပြောင်းလဲသွားသကဲ့သို့ စုမင်၏စုတ်ချက်သည် သူ့ရင်ဘတ်ပေါ် ကျရောက်သွားခဲ့ခြင်းဖြစ်သည်။ ထိုသူက သွေးအန်လိုက်ရပြီး သူ့မျက်နှာသည် လူသေနီးပါး ဖြူရော်သွားသည်။ အံ့အားသင့်ထိတ်လန့်သော အမူအရာများလည်း သူ့မျက်နှာထက်တွင် ဖြစ်ပေါ်လာခဲ့သည်။
ပေါက်ကွဲသွားသော အမျိုးသား၏ အနောက်ဘက် လေးယောက်မြောက်လူသည် အသက်နှစ်ဆယ်ခန့်သာ ရှိသေးသည့် အမျိုးသားတစ်ဦးဖြစ်သည်။ ထိုသူသည် ချောမောခန့်ညားပြီး မျက်နှာပေါ်တွင်လည်း ဆေးမင်ကြောင်များ သိပ်မရှိသေးပေ။ သို့သော် ယခုတော့ သူ့မျက်နှာပေါ်တွင် နံဖူးမှ ရင်ဘတ်ညာဘက်ခြမ်းအထိတိုင် ဆုတ်ပြဲသွားသည့် သွေးစီးကြောင်းကြီး ရှိနေခဲ့ချေပြီ။ သူ့နှုတ်ခမ်းမှ သွေးများစီးကျလာကာ နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် လွင့်ထွက်သွားပြီးမှ အရှိန်ထိန်းလိုက်နိုင်လေသည်။
ငါးယောက်မြောက်လူ၏ ခန္ဓာကိုယ်အပေါ်ပိုင်းမှ သားရဲအရေသည် ပြာများသဖွယ်လေထဲသို့ လွင့်ပါးပျောက်ကွယ်သွားသည်။ သူ့နှလုံးသားရှိရာနေရာတွင် မှိန်ဖျော့ဖျော့သွေးစီးကြောင်းတစ်ခု ဖြစ်ပေါ်နေသည်။ ထိုသွေးစီးကြောင်းသည် မှိန်ဖျော့ဖျော့သာဖြစ်သော်လည်း သူ့အရေပြားသည် အလှီးခံလိုက်ရကာ ဒဏ်ရာမှ သွေးများစီးကျနေဆဲ ဖြစ်သည်။
ခြောက်ယောက်မြောက်လူ၏ အဝတ်အစားများသည် စုတ်ပြဲသွားခဲ့သော်လည်း သူ့ရင်ဘတ်တွင် မည်သည့်ဒဏ်ရာမှ ရှိမနေခဲ့ပေ။ သို့သော် သူ့မျက်နှာသည်တော့ လူသေကောင်နီးပါး ဖြူရော်သွားလေသည်။
နောက်ဆုံးမှလူသည် လုံးဝထိခိုက်ဒဏ်ရာမရခဲ့ခြင်း ဖြစ်သော်ငြား သူသည် အထိတ်လန့်သွားရဆုံး လူဖြစ်၏။ သူ၏ ရဲဘော်ရဲဘက်များထဲမှ တစ်ဦးသည် အသတ်ခံလိုက်ရသလို၊ နှစ်ဦးသည် ခြေပြတ်လက်ပြတ်ဖြစ်သွားပြီး၊ ကျန်တစ်ဦးသည် ဒဏ်ရာအပြင်းအထန်ရသွားသည့်အပြင် ကျန်လူများသည်လည်း ဒဏ်ရာအမျိုးမျိုးရသွားသည်ကို မျက်မြင်ကြုံတွေ့လိုက်ရခြင်းဖြစ်သည်။
ထိုအရာများအားလုံး၏ အရင်းအမြစ်သည် သူတို့ရှေ့ရှိ မာန်စွမ်းအားရှင်ပင်ဖြစ်သည်။ ထိုသူသည် ဤအရာအားလုံးကို သူ့ညာဘက်လက်ဆီမှ အားစိုက်ထုတ်ခဲ့ရပုံမပေါ်သည့် မျဉ်းကြောင်းလေးတစ်ချက်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ထိုမျဉ်းကြောင်းသည် သူ့စိတ်ဝိညာဉ်ကို ဖမ်းစားသွားပြီဖြစ်သလို သူ့နှလုံးသားသည်လည်း အံ့အားသင့်ထိတ်လန့်နေရချေသည်။ ဤလူသည် ထိတ်လန့်တုန်လှုပ်လာသည်နှင့်အမျှ၊ သူစုမင်ကို မတိုက်ခိုက်နိုင်ဟူသော ခံစားချက်တစ်ခုကလည်း သူ့နှလုံးသားထဲတွင် မြင့်တက်ဖြစ်ပေါ်လာခဲ့သည်။
သူတစ်ယောက်တည်းသာ ယခုလိုခံစားနေရခြင်း မဟုတ်ပဲ သူ့ဘေးမှအခြားသူများသည်လည်း အတူတူပင်ဖြစ်သည်။ စုမင်သည် ထိုမျဉ်းကြောင်းကို ဆွဲသားလိုက်ချိန်တွင် မျက်လုံးများကိုပိတ်ထားခဲ့ပြီး အားစိုက်ထုတ်ရပုံမပေါ်သည့် ပုံစံမျိုးဖြင့်ရေးဆွဲခဲ့ခြင်းဖြစ်သည်။ သူတို့သည်တော့ ခန္ဓာကိုယ်များတွင် ဒဏ်ရာများရသွားရုံသာမက သူတို့၏ သတ္တိများသည်လည်း အကြီးအကျယ် ထိုးနှက်ခံလိုက်ရလေသည်။
သူတို့၏ စိတ်နှလုံးများအပါအဝင်ပင် ...
သူတို့ ကြောက်ရွံ့တုန်လှုပ်လာကြသည်။ စုမင်အတွက် လူရိုင်းများအား တိုက်ခိုက်ခြင်းအတွေ့အကြုံကို ရရှိလိုက်သလို၊ အလားတူပင် များစွာသောလူရိုင်းများသည်လည်း မာန်စွမ်းအားရှင်များအား တိုက်ခိုက်ခြင်းနှင့်ပတ်သက်၍ အတွေ့အကြုံများများစားစား မရှိကြချေ။
လူရိုင်းမျိုးနွယ်စု၏ စွမ်းအားပညာရပ်များသည် ထူးဆန်းကာ ကြိုတင်ခန့်မှန်း၍မရဟု စုမင်တွေးတောနေချိန်တွင် လူရိုင်းများသည်လည်း စုမင်၏နတ်ဘုရားစွမ်းရည်ပညာရပ်များသည် ထူးဆန်းရုံသာမက သူတို့နားမလည်နိုင်သော စွမ်းအားတစ်မျိုးဖြင့် ပြည့်နေသည်ဟု ခံစားနေကြရပြီး ထိုအရာကို ကြောက်လန့်နေကြလေသည်။
ထိုအရာသည် ကောင်းကင်တွင် မိုးကြိုးလျှပ်စီးများ မည်သို့ဖြစ်ပေါ်လာမှန်း မည်သူမှမသိသကဲ့သို့၊ အဘယ်ကြောင့် မိုးရေစက်များသည် မြေပြင်ပေါ်မှ မြင့်တက်သွားခြင်းမရှိပဲ ကောင်းကင်ပေါ်မှသာ ရွာကျလာရခြင်းဖြစ်ကြောင်း မည်သူမှနားမလည်သကဲ့သို့ပင် ဖြစ်သည်။ ထိုအရာများကို နားလည်သူတစ်ချို့ရှိနိုင်သော်လည်း လူရိုင်းမျိုးနွယ်စုအတွင်းမှ လူအများစုသည်တော့ နားမလည်ကြပါချေ။
အလားတူပင်၊ စုမင်ဆွဲသားလိုက်သော မျဉ်းကြောင်းသည်လည်း သူတို့နားမလည်နိုင်သည့် အရာဖြစ်သည်။
သူတို့အမြင်တွင် ဤအရာသည် နတ်ဘုရားစွမ်းရည်မဟုတ်သလို ပညာရပ်တစ်ခုလည်းမဟုတ်ပေ။ ထိုသူက လက်ကလေးသာမြှောက်ပြီး ဆွဲသားခဲ့သော ထိုမျဉ်းကြောင်းထဲတွင် ကောင်းကင်နှင့်မြေပြင်ကိုပင် တူန်ခါသွားစေနိုင်သည့် မည်သို့သောစွမ်းအားမျိုး ပါဝင်နေကြောင်း သူတို့နားမလည်နိုင်ချေ။
ဤအရာသည် ပညာရပ်တစ်ခုမဟုတ်သဖြင့် ထိုတစ်ခုတည်းသောမျဉ်းကြောင်းသည် မာန်စွမ်းအားရှင်များ၏ နယ်မြေအတွင်းမှာပင် ရှာတွေ့နိုင်ရန်ခဲယဉ်းကြောင်းကိုလည်း သူတို့မသိခဲ့ပေ။ ဤအရာသည် ဖန်တီးမှုဖြစ်သည်။
ဤအရာသည် စုမင်၏ ကမ္ဘာ့ရုပ်ပုံ ဖန်တီးမှုပင် ...
စုမင်သည် သူ့ဖန်တီးမှု၏ ပုံစံအပြည့်အစုံကို ပထမဆုံးအကြိမ် ဖော်ပြခဲ့ခြင်းဖြစ်သည်ဟု ဆိုနိုင်၏။ ဤသည်မှာ သူ့အကြီးဆုံးအစ်ကိုကြီး၏ အသံဖန်တီးမှုနှင့် အစ်ကိုနှစ်၏ ဖန်တီးမှုလက်များကဲ့သို့ ဖြစ်သည်။ စုမင်သည် သူ၏ရုပ်ပုံဖန်တီးမှုကို ထုတ်ဖော်ပြသလိုက်ခြင်းပင်။
ကောင်းကင်ကို ကားချပ်ခုံအဖြစ်သုံး၍ လူများကိုစာရွက်အဖြစ် သုံးကာ ထိုလူခုနစ်ယောက်ကို ဖြတ်သန်းလျက် သူမျဉ်းကြောင်းတစ်ကြောင်း ဆွဲသားခဲ့သည်။ သူသည် စက္ကူစပေါ်တွင် မင်ဖြင့် ရေးဆွဲလိုက်သလိုမျိုးပင် ဖြစ်သည်။ ထိုတစ်ခုတည်းသော မျဉ်းကြောင်းတွင် စက္ကူများစွာကို စိမ့်ဝင်ပျံ့နှံ့သွားနိုင်သည့် အစွမ်းထက်သောစွမ်းရည်မျိုး ပါဝင်နေခဲ့သည်။
ပထမဆုံးစက္ကူစသည် အများဆုံးစွန်းထင်းခံလိုက်ရပြီး နောက်ဆုံးစက္ကူစသို့ ရောက်ချိန်တွင် မှိန်ဖျော့ပျောက်ကွယ်သွားသည်အထိ ထိုမျဉ်းကြောင်း၏အားသည် အဆက်မပြတ်အားနည်းသွားခဲ့သည်။
စုမင်မျက်လုံးများပြန်ဖွင့်ကာ သွေးအန်လိုက်ရ၏။ သူထိုသို့ လုပ်လိုက်ချိန်မှာပင် ဉာဏ်အလင်းပွင့်သွားခဲ့ချေသည်။ ဤမတိုင်မီက ဖန်တီးမှု၏အဓိပ္ပာယ်နှင့် ပတ်သက်၍ သူ ဇဝေဇဝါသာ နားလည်ထားခဲ့ခြင်းဖြစ်သည်။ အခြားမာန်စွမ်းအားရှင်များ အသုံးပြုသည့် ဖန်တီးမှုပညာရပ်များအကြောင်း သူမသိနားမလည်ခဲ့သော အရာများလည်း ရှိသည်။
ထျန်းရှဲ့ကျီသည် ဆရာကောင်းတစ်ဦးဖြစ်သော်လည်း တစ်ချိန်တည်းမှာပင် ကြောက်ဖို့ကောင်းသော ဆရာတစ်ဦးလည်းဖြစ်နေပြန်သည်။ သူ့တပည့်များကို ပြောမပြခဲ့ပဲ ကိုယ့်ဘာသာ သဘောပေါက်နားလည်အောင်ထားခဲ့သည့် အရာများစွာရှိချေသည်။
သူတို့ထိုစကားလုံးနှင့် ပတ်သက်ပြီး အပြည့်အဝနားလည်သွားချိန်တွင် သေချာသဘောပေါက်သွားကြပေလိမ့်မည်။
ဤအချိန်တွင် ဖန်တီးမှု၏ ဆိုလိုရင်းကို စုမင် သဘောပေါက်နားလည်သွားခဲ့ချေပြီ။
အတိအကျပြောရမည်ဆိုလျှင် သူယခုလေးတင်ဆွဲလိုက်သည့် ထိုမျဉ်းကြောင်းအား ဖန်တီးမှုတစ်ခုဟု ယူဆ၍ရသည်။ ထိုအရာသည် ဖန်တီးမှုတစ်ခုလေးသာဆိုသော်လည်း သူသည် တစ်စုံတစ်ရာကို အမှန်တကယ်ဖန်တီးခဲ့ခြင်းပင် ဖြစ်သည်။ ထိုအရာသည် စစ်မာရှင်း၏ ဖန်တီးမှုဆယ်မျိုး၊ အခြားရာပေါင်းများစွာသော ဖန်တီးမှုများနှင့် တူညီပုံရသော်လည်း အမှန်တကယ်တွင်တော့ လုံးဝကွဲပြားခြားနားချေသည်။
သူ၏ အသန်မာဆုံးစွမ်းအားများ ပါဝင်နေသည့် ဤမျဉ်းကြောင်းမျိုး ဆယ်ခုကိုစုမင်ဆွဲနိုင်မည့် အချိန်ကျလျှင်၊ စုတ်ချက်တစ်ချက်စီတိုင်းတွင် ပါဝင်သော ကမ္ဘာ့စွမ်းအားများ လုံးဝမတူကွဲပြားနေပါက ထိုအရာကို ဖန်တီးမှုဆယ်မျိုးအဖြစ် ခေါ်ဆိုနိုင်ပေလိမ့်မည်။
သူသာ ယခုလိုမျဉ်းကြောင်းမျိုး ၁၀၀ခန့်ဆွဲသားနိုင်မည်ဆိုလျှင် ထိုအရာသည် ဖန်တီးမှုရာချီဖြစ်ပြီး အကယ်၍ သူသာ မျဉ်းကြောင်း၁၀၀၀ခန့်ဆွဲနိုင်ခဲ့မည် ဆိုလျှင်တော့၊ ထိုအရာသည် ထာဝရဖန်တီးမှုဟု လူများက သိကြပေလိမ့်မည်။ အကယ်၍ စုမင်သည် သူ၏၁၀၀၀ခုမြောက် မျဉ်းကြောင်းတွင် မယုံနိုင်လောက်အောင်ပင် စိတ်ကူးမရနိုင်သည့်အရာမျိုး ဆွဲသားနိုင်ခဲ့မည်ဆိုလျှင်၊ သူ၏ ကစားပွဲကို အဆင့်တက်နိုင်ကာ မျဉ်းကြောင်း၁၀၀၀၀ကို ရေးဆွဲနိုင်ပေလိမ့်မည်။ ၎င်းမျဉ်းကြောင်းတစ်ကြောင်းစီတိုင်းတွင်လည်း မတူကွဲပြားသော ပုံစံနှင့်စိတ်ဝိညာဉ်များသာ ရှိနေပါက၊ ၎င်းတို့အထဲမှ နောက်ဆုံးမျဉ်းကြောင်းသည် မာန်နတ်ဘုရားများနှင့်သာ သက်ဆိုင်သည့် ထာဝရဖန်တီးမှုဟု ခေါ်ဆိုနိုင်ပေလိမ့်မည်။
စုမင် ယခုဆွဲခဲ့သည့် တစ်ကြောင်းတည်းသောမျဉ်းသည် ထျန်းလန်မုန်နှင့် ယှဉ်ပြိုင်ခဲ့စဉ်က မျဉ်းကြောင်းသောင်းပေါင်းများစွာနှင့် ကွဲပြားခြားနားသည်။ နောက်ဆုံးတွင် သောင်းပေါင်းများစွာသော မျဉ်းကြောင်းများ အတူတကွစုဝေးသွားပြီး ပြည့်စုံသောမျဉ်းတစ်ကြောင်းအဖြစ်သို့ ဖွံ့ဖြိုးရောက်ရှိလာခြင်းသည် ထာဝရဖန်တီးမှုပညာရပ်၏ လိုအပ်နေသောအရာပင်ဖြစ်သည်။ ဤအရာသည် မတူကွဲပြားသောမျဉ်းများ အနည်းဆုံး ၁၀၀၀၀ခန့်ပေါင်းစပ်မှသာ ဖြစ်ပေါ်လာနိုင်သော မျဉ်းတစ်ကြောင်းဖြစ်သည်။
စုမင် ယခုနားလည်သွားချေပြီ။
သူထိုအရာကို နားလည်သွားသည့် အချိန်အခိုက်အတန့်မှာပင်၊ သူ့နှလုံးသားထဲတွင် မယုံနိုင်လောက်အောင်ပင် သန်မာအစွမ်းထက်သည့် အပြောင်းအလဲတစ်ခု ဖြစ်ပျက်သွားခဲ့ကြောင်း သူသတိပြုမိလိုက်ချေသည်။
သူယခုလေးတင်ဆွဲသားလိုက်သော မျဉ်းကြောင်းကြောင့် သူ့စိတ်ထဲတွင် မတူကွဲပြားသော မိန်းကလေးနှစ်ဦး ပေါ်လာခဲ့သည်။ တစ်ဦးသည် နှင်းထဲတွင်ရပ်နေသော အဖြူရောင်ဝတ်ရုံလေးဖြင့် ပိုင်လင်းဖြစ်ပြီး ကျန်တစ်ဦးသည် မထီမဲ့မြင်ပြုဟန်များနှင့် ခေါင်းကိုချီမော့ကာ စုမင်အားကြည့်နေသော ခရမ်းရောင်ဝတ်ရုံဖြင့် ပိုင်စုဖြစ်သည်။
ဤမတူကွဲပြားသော လူနှစ်ဦးတွင် တူညီသောမျက်နှာနှင့် တူညီသောအရိုင်းဆန်သည့်အလှတရားများ ရှိကြသည်။
“နှလုံးသားရဲ့အပြောင်းအလဲ ...” စုမင် ဤစကားများကို ထျန်းရှဲ့ကျီထံမှ အကြိမ်ကြိမ်ကြားဖူးခဲ့သည်။ သူသည်လည်း သူ့နှလုံးသား၏အပြောင်းအလဲကို ကျော်ဖြတ်ရမည်ဖြစ်ကြောင်း သိနေခဲ့သော်ငြား အမှန်တကယ်တွင်မူ နှလုံးသား၏ အပြောင်းအလဲဆိုသည်မှာ ဘာမှန်းတောင်စုမင်မသိခဲ့ပေ။
ထျန်းရှဲ့ကျီကလည်း သူ့ကိုအသေးစိတ်ရှင်းမပြခဲ့ချေ။ တပည့်များအား သူတို့ကိုယ်တိုင် သဘောပေါက်နားလည်စေသည့် သူပုံမှန်သင်ကြားနေကျ နည်းလမ်းအတိုင်းသာ ပြုလုပ်ခဲ့လေသည်။
စုမင် ထိုမျဉ်းကြောင်းကို ဆွဲလိုက်ချိန်တွင်၊ သူ့နှလုံးသားနှင့် စိတ်ဝိညာဉ်သည်ပင် ထိုမျဉ်းကြောင်းအတွင်း ရောနှောပေါင်းစပ်သွားသလိုမျိုး ဖြစ်သည်။ ဤမျဉ်းကြောင်း ကမ္ဘာလောကနှင့် ချိတ်ဆက်သွားချိန်တွင် သူ့ခံစားချက်များသည်လည်း ကျိုးပျက်သွားသော ဆည်တစ်ခုသဖွယ် ယိုဖိတ်ထွက်ပေါ်လာခဲ့သည်။ ၎င်းတို့ လုံးဝလွတ်မြောက်ထွက်ခွာသွားချိန်တွင် သူ့နှလုံးသားနှင့် စိတ်က ဗလာဟင်းလင်း ဖြစ်သွားခဲ့လေသည်။
စိတ်ဗလာဖြစ်သွားသော အချိန်အတွင်းတွင် ဖန်တီးမှု၏ နောက်ကွယ်မှအဓိပ္ပာယ်ကို နားလည်သွားရ၏။ အဘယ်ကြောင့်ဆိုသော် နှလုံးသားအတွင်း မိန်းကလေးနှစ်ဦး ပေါ်လာခဲ့ချိန်တွင် ‘နှလုံးသား၏ အပြောင်းအလဲ’ဆိုသော အဓိပ္ပာယ်ကို နားလည်သွားရသောကြောင့် သူ့စိတ်ဗလာဖြစ်သွားခဲ့ရခြင်း ဖြစ်သည်။
လူတစ်ဦး၏ စိတ်ခံစားချက်များနှင့် လိုအင်ဆန္ဒများသည် လူတစ်ဦး၏ဘဝကို ထိခိုက်စေသည့်အရင်းအမြစ်များထဲမှ တစ်ခုဖြစ်သည်။ ၎င်းတို့က လူတစ်ဦးအား သူ့စိတ်ကို ရှင်းရှင်းလင်းလင်း မထားနိုင်ဖြစ်စေပြီး ထိုလူ့ထံတွင် ရောဂါများဖြစ်ပေါ်လာစေနိုင်သည်။ ရောဂါပေါ်လာချိန်တွင် စနစ်တကျ ကိုင်တွယ်ဖြေရှင်းခြင်းမပြုခဲ့ပါက ထိုသူ၏ ကျင့်ကြံခြင်းကို ဆက်လက်လုပ်ဆောင်နိုင်ရန် ခဲယဉ်းပေလိမ့်မည်။ သူ့နှလုံးသားသာ တည်ငြိမ်ခြင်းမရှိလျှင် သူ့စိတ်ကို အခြားအရာတစ်ခုထံတွင် နှစ်မြုပ်ထားရန် မဖြစ်နိုင်တော့ချေ။
ဤသည်မှာ နှလုံးသားအပြောင်းအလဲ ဆိုသောအရာ၏ ဆိုလိုရင်းပင်ဖြစ်သည်။
ထိုအချိန်မျိုးတွင် လူတစ်ဦးသည် သူ့စိတ်ကို တည်ငြိမ်အေးဆေးစေရန် နည်းလမ်းတစ်မျိုးအား စဉ်းစားရပေတော့မည်။ နည်းလမ်းများထဲမှ တစ်ခုသည် ... တိုက်ခိုက်ရန်ပင်။
ထိုလူသည် တိုက်ပွဲတစ်ခုအား သာဓကယူလျက် သူ့နှလုံးသားပြောင်းလဲမှု၏ အရင်းအမြစ်ကို တိုက်ခိုက်ရပေမည်။ ထျန်းရှဲ့ကျီ သူ၏ ခုနစ်ယောက်မြောက် ဂျူနီယာညီလေးနှင့် တိုက်ခိုက်ချိန်တွင် စုမင်ကိုခေါ်သွားသကဲ့သို့ ...
ဒုတိယနည်းလမ်းက ... ဖျက်ဆီးရန်ဖြစ်သည်။
ထိုလူသည် သူ့နှလုံးသားပြောင်းလဲမှု၏ အရင်းအမြစ်ကို ဖျက်ဆီးပစ်ရမည်။ လူရိုင်းတို့၏ နှလုံးများဆီမှ သွေးစက်၁၀၀၀ မရမချင်း ခရမ်းရောင်ဝတ်ရုံများ ပျောက်ကွယ်မသွားသကဲ့သို့ ...
တတိယနည်းလမ်းသည် ... မေ့ဖျောက်ပစ်ရန်ပင်ဖြစ်သည်။ နှလုံးသားပြောင်းလဲမှု၏ အရင်းအမြစ်ကိုသာ မေ့ဖျောက်ပစ်လိုက်ပါက ... ထိုအရာသည် ပျောက်ကွယ်သွားပေလိမ့်မည်။
စုမင်အား ရွှင်းပြုလုပ်သူ အဘိုးအိုနှင့်တွေ့ရန် ခေါ်သွားခဲ့စဉ်က ထျန်းရှဲ့ကျီပြောခဲ့သော စကားတစ်ခွန်းလိုပင်။
“သူက မျက်စိမမြင်ရဘူး။ မင်းအဲဒါကို တွေ့ခဲ့လား ...”
အဘိုးအို မျက်စိကွယ်နေလား၊ မကွယ်နေလားဆိုသည်က အရေးမကြီးပေ။ ထိုစကား၏ နောက်ကွယ်မှ အဓိပ္ပာယ်သည် စုမင်အားမေ့ပစ်ရန်ပြောဆိုနေခဲ့ခြင်း ဖြစ်သည်။ အဘိုးအိုမျက်စိကွယ်နေသည်ကို စုမင်သတိပြုမိရန် မေ့လျော့ခဲ့သကဲ့သို့ပင်။
ထိုအချိန်တွင် နှလုံးသား၏အပြောင်းအလဲဆိုသည်ကို စုမင်နားလည်သွားခဲ့ပြီ ဖြစ်သလို၊ သူ့ဆရာ၏ သူ့အပေါ်ထားသောချစ်ခင်မှုကိုလည်း နားလည်သဘောပေါက်သွားခဲ့ချေပြီ။ ထျန်းရှဲ့ကျီသည် စုမင်အား နှလုံးသား၏အပြောင်းအလဲဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်း စကားလုံးများ၊ အမူအရာများဖြင့် မပြောပြခဲ့ပဲ၊ လုပ်ရပ်များဖြင့် ပြောပြခဲ့ပြီး ထိုနှလုံးသား၏ အပြောင်းအလဲများနှင့် မည်သို့ရင်ဆိုင်ရမည်ကိုလည်း သူ့အားပြောပြခဲ့ပေသည်။
သူ့အား ဆရာက အဘယ်ကြောင့် ထိုရောင်နီခွဲဖြာစုံတွဲမှ ယောက်ျားကို လိုက်ဖမ်းရန်ပြောခဲ့ကြောင်းကိုလည်း နားလည်သဘောပေါက်သွားရသည်။
‘ဖြစ်နိုင်တာက ဆရာ့စိတ်ထဲမှာ၊ ငါ့ကို လူရိုင်းတွေရဲ့ ရိုင်းစိုင်းကြမ်းကြုတ်မှုအကြောင်း ပြောပြချင်တာအပြင် နောက်ထပ်အဓိပ္ပာယ်ရှိနေခဲ့တဲ့ပုံပဲ ...’
ဤအခိုက်အတန့်တွင် ထိုစဉ်က ထျန်းရှဲ့ကျီသူ့အား မပြောခဲ့သည့်အရာကို စုမင်သိသွားချေပြီ။ ‘တိုက်ခိုက်၊ ဖျက်ဆီး၊ မေ့ပျောက် ... ငါ့အတွက်ရဲ့ ဆရာ့ရဲ့ရွေးချယ်မှုက ... ငါ့နှလုံးသားရဲ့ အပြောင်းအလဲကို ဖျက်ဆီးပစ်ဖို့ပဲ’
နှလုံးသားပြောင်းလဲမှု၏ အရင်းအမြစ်ကို ဖျက်ဆီးခြင်း ... ပိုင်စုကို သတ်လိုက်ခြင်းဖြင့် စုမင်သည် ဤနှလုံးသား၏ အပြောင်းအလဲကို ဖယ်ရှားပစ်နိုင်ပေလိမ့်မည်။ ပိုင်စုမရှိလျှင်၊ စုမင်နှလုံးသားထဲမှ ပိုင်လင်းနှင့်ပတ်သက်သော မှတ်ဉာဏ်များသည် ဆွဲထုတ်ခံရလိမ့်မည်မဟုတ်ပဲ သူမ၏ အရိပ်သည်လည်း သူ့နှလုံးသားကိုသက်ရောက်တော့မည် မဟုတ်ပေ။
ထိုသို့မတတ်နိုင်လျှင် မေ့ဖျောက်ပစ်ရမည်။ နှလုံးသား၏အပြောင်းအလဲကို ကျော်ဖြတ်နိုင်ရန်အတွက် သူအရာရာကို မေ့ဖျောက်ပစ်ရပေမည်။ ထိုအရာကို မတတ်နိုင်လျှင်တော့ သူတိုက်ခိုက်ရမည်။ စစ်မာရှင်းဖြစ်စေ၊ အခြားတစ်စုံတစ်ဦးကိုဖြစ်စေ တိုက်ခိုက်ပြီး ထိုတိုက်ပွဲကိုသုံး၍ သူ့နှလုံးသား၏ သက်သေကိုရှာဖွေရပေမည်။
ဤအရာသည် စုမင်ကို ထျန်းရှဲ့ကျီညွှန်ပြခဲ့သော လမ်းကြောင်းဖြစ်သည်။
စုမင် အရာရာကိုနားလည်သွားချိန်တွင် သူ့ထံ၌ မေးခွန်းများစွာဖြစ်ပေါ်လာခဲ့ရသည်။
‘လူတစ်ယောက်က မခံစားနိုင်၊ သနားညှာတာခြင်းကင်းပြီး၊ စိတ်ခံစားချက်တွေ၊ လိုအင်ဆန္ဒတွေမရှိဘူးဆိုရင် အဲလူက နှလုံးသားရဲ့အပြောင်းအလဲတွေကို မတွေ့ကြုံရတော့ဘူးလား ...’
ထိုအတွေးများသည် စုမင်ဉာဏ်အလင်းပွင့်သွားပြီး မျက်လုံးများဖွင့်လိုက်ချိန်တွင် သူ့ခေါင်းထဲ၌ ဖြစ်ပေါ်လာခဲ့ကြသည်။ ဤအရာများသည် နှေးကွေးပုံပေါ်သော်လည်း အမှန်တကယ်တွင် သူ့ညာဘက်လက်ဖြင့် ကောင်းကင်ကိုဖြတ်ကာ မျဉ်းကြောင်းတစ်ကြောင်း ဆွဲသားချိန်သာ ကြာမြင့်ခဲ့ခြင်းဖြစ်သည်။
စုမင်နှုတ်ခမ်းမှ သွေးများစီးကျလာပြီး သူ့ခန္ဓာကိုယ်သည် ယိမ်းယိုင်သွားပြီးနောက် နောက်လှည့်ကာ သစ်တော၏ နက်ရှိုင်းသောအပိုင်းများထဲသို့ ပြေးဝင်သွားခဲ့ချေသည်။
သူ၏ အသန်မာဆုံးတိုက်ခိုက်မှုသည် ထိုလူခုနစ်ဦးကို ဆန့်ကျင်တိုက်ခိုက်နိုင်ခဲ့သော်လည်း သူ့ကို မည်းမှောင်စွာစိုက်ကြည့်နေသည့် ကောင်းကင်ပေါ်မှ အဘိုးအိုကိုတော့ တိုက်ခိုက်နိုင်လိမ့်မည်မဟုတ်ကြောင်း စုမင်သိ၏။ ထို့ကြောင့် သူဆွဲသားခဲ့သော မျဉ်းကြောင်းကြောင့် ဖြစ်ပေါ်လာသည့် လူရိုင်းများ၏ ထိတ်လန့်တုန်လှုပ်နေမှုကို လွတ်မြောက်ရန် အခွင့်အရေးတစ်ခုအဖြစ် အသုံးချခဲ့ခြင်းသာဖြစ်သည်။
***