← Chapters

သေခြင်းရှင်ခြင်း အမဲလိုက်ပွဲ

Vol. 20 Ch. 265

သေခြင်းရှင်ခြင်း အမဲလိုက်ပွဲ

Vol. 20 Ch. 265

အဘိုးအို၏ ကျင့်ကြံဆင့်ကို စုမင်မမြင်ရသော်လည်း အဘိုးအိုက အလွန်အန္တရာယ်ရှိသည်ဟု ခံစားနေရလေသည်။ အမှန်တစ်ကယ်တွင်လည်း သူ၏အသန်မာဆုံးစုတ်ချက်ကို စုမင်ဆွဲသားခဲ့ချိန်က အဘိုးအိုသည် စုမင်နားမလည်သော နတ်ဘုရားစွမ်းရည်ပညာရပ်တစ်မျိုးကိုသုံး၍ မီးခိုးငွေ့များကိုစုဖွဲ့ကာ ဧရာမဖွတ်ကြီးတစ်ကောင်ကို ဖန်တီးခဲ့သည်။

စုတ်ချက်က ဖွတ်ကြီး၏လျှာကို ဖျက်ဆီးပစ်နိုင်ခဲ့သည်ဆိုသော်ငြား ၎င်း၏လျှာကြောင့်ပင် စုမင်၏အသန်မာဆုံးတိုက်ခိုက်မှုကလည်း လူတစ်ယောက်ကိုသာ သတ်နိုင်ခဲ့လေသည်။

ထို့ထက်ပိုအရေးကြီးသည်မှာ အဘိုးအိုသည် စုမင်စုတ်ချက်၏ စွမ်းအားကိုလျှော့ချရန်အတွက်သာ ထိုဖွတ်ကြီးကို အသုံးပြုခဲ့ခြင်းမဟုတ်ပဲ ထိုသတ္တဝါကိုဆင့်ခေါ်ခဲ့သော အခြားအကြောင်းအရင်းတစ်ခုလည်း ရှိနေသေးသည်ဟု စုမင်ခံစားနေရ၏။

ထိုခံစားချက်သည် စုမင်စိတ်ထဲတွင် နက်ရှိုင်းစွာအမြစ်တွယ်သွားခြင်း ဖြစ်သည်။ သူ့စုတ်ချက်နှင့် ဖွတ်ကြီး၏လျှာတို့တိုက်မိသွားသည့်အချိန်တွင် လေထဲမှမမြင်ရသော မျက်လုံးပေါင်းများစွာသည် သူမျဉ်းကြောင်းဆွဲသားနေသည့်အချိန်တည်းကပင် အသေးစိတ်အချက်အလက်များကို စောင့်ကြည့်နေခဲ့သည်ဟု စုမင်ထင်မိသည်။

၎င်းတို့က ထိုမျဉ်းကြောင်းကို သင်ယူနေကြသကဲ့သို့ပင်...

ထိုခံစားချက်သည် အန္တရာယ်ရှိသည်ဟူသော အာရုံအဖြစ်ပြောင်းလဲသွားသောကြောင့် စုမင်တုန့်ဆိုင်းခြင်းမရှိ ထွက်ပြေးလာခဲ့ခြင်း ဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင်၊ သူတောထဲသို့တိုးဝင်လာခဲ့လေသည်။

တိုက်ခိုက်မှုများအားလုံးကိုသုံး၍ အဘိုးအိုကို အလုပ်ရှုပ်အောင် လုပ်ထားနိုင်မည်ဆိုလျှင်တောင် အခြားရှာမန်များလည်း ရှိနေသေးသဖြင့် ဤနေရာတွင်သာ ဆက်လက်တိုက်ခိုက်နေပါက တိုက်ပွဲမှ အသက်ရှင်ကျန်ရစ်နိုင်ရန် ခဲယဉ်းလိမ့်မည်ဖြစ်ကြောင်း စုမင်သိ၏။

ထိုသို့လုပ်မည့်အစား၊ အခွင့်အရေးကိုသာ အသုံးချပြီး လွတ်မြောက်အောင်လုပ်ခဲ့သည်။ သို့မှသာ ၎င်းတို့သူ့နောက်လိုက်လာပါက ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေးရှာတွေ့နိုင်ပေလိမ့်ဦးမည်။

စုမင်ထွက်သွားပြီးချိန်တွင် လေထဲမှ အသက်ရှင်ကျန်ရစ်ခဲ့သူခြောက်ဦးသည် သူတို့အထဲမှ ရာထူးအကြီးဆုံး ဘိုးဘေးဖြစ်သူ၊ ခေါင်းဆောင်အဘိုးအိုထံ ပြန်လှည့်သွားလိုက်ကြသည်။

အဘိုးအိုမျက်နှာက မည်းမှောင်နေပြီး မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်သည်။ တစ်ခဏအကြာ သူ့မျက်လုံးများ ပြန်ပွင့်လာချိန်တွင် သူ့နောက်တွင်လွင့်မျောနေသည့် လျှာမရှိတော့သော ဖွတ်ကြီးက ခေါင်းမော့ကာ ကောင်းကင်သို့ဦးတည်၍ ကျယ်လောင်စွာဟိန်းဟောက်လိုက်သည်။

ထိုသို့ ဟိန်းဟောက်လိုက်သည်နှင့် ဖွတ်ကြီး၏ပတ်ဝန်းကျင်ရှိလေထုထဲတွင် မီးခိုးငွေ့များပေါ်လာခဲ့သည်။ မီးခိုးငွေ့အများစုက ၎င်း၏လျှာနှင့် စုမင်စုတ်ချက်တို့ တိုက်မိသွားခဲ့သောနေရာမှ ထွက်ပေါ်လာကြခြင်းဖြစ်သည်။ အတူတကွစုဝေးလာသော မီးခိုးငွေ့များသည် ဖွတ်ကြီး၏ဧရာမခန္ဓာကိုယ်အတွင်း စိမ့်ဝင်သွားကြပြီး ၎င်း၏းစပ်ထဲရှိ ပျက်စီးသွားခဲ့သော လျှာကြီးက နောက်တစ်ကြိမ် ပြန်လည်ဖြစ်ပေါ်လာခဲ့သည်။

လျှာပေါ်လာသည့်အချိန်မှာပင် ဖွတ်ကြီးသည် ထိုလျှာကိုအပြင်ထုတ်လိုက်ပြီး လျှပ်စီးကဲ့သို့အမြန်နှုန်းဖြင့် မျဉ်းကြောင်းတစ်ခု ဆွဲသားလိုက်သည်။ စုမင်သာ ဤနေရာတွင်ရှိနေခဲ့လျှင် ထိုမျဉ်းကြောင်းသည် သူဆွဲသားခဲ့သောမျဉ်းကြောင်းနှင့် မယုံနိုင်လောက်အောင် တူညီနေကြောင်း သတိပြုမိလိုက်ပေလိမ့်မည်။

သို့သော် ထိုအရာသည် ရိုးရိုးရှင်းရှင်းတူညီနေရုံမျှသာဖြစ်သည်။

“ဒီတစ်ကြိမ် ငါတို့နယ်မြေထဲကို ဝင်လာတဲ့ မာန်စွမ်းအားရှင်မှာ အခုလို ဉာဏ်အလင်းပွင့်မှုမျိုး ရှိနေမယ်လို့… ငါမထင်ထားမိဘူး။ ငါ စောစောက မြင်လိုက်တဲ့ပုံစံမျိုးက တစ်ခြားမာန်စွမ်းအားရှင်တွေဆီမှာ မြင်ဖူးခဲ့တာနဲ့ အရမ်းကွာတယ်…”

“ဒီမာန်စွမ်းအားရှင်ကို ငါကိုယ်တိုင်ဖမ်းမယ်။ သူ့ကိုအရှင်ဖမ်းပြီး လူရိုင်းရုပ်သေးအဖြစ် ပြောင်းပစ်ကြတာပေါ့။ သူက ငါတို့မျိုးနွယ်စုရဲ့ အထွတ်အမြတ်သားရဲအတွက် အစေခံဖြစ်လာလိမ့်မယ်”

အဘိုးအိုစကားပြောလိုက်သည်နှင့် သူ့မျက်လုံးနှစ်ဖက်လုံးထဲတွင် အခြားမျက်ဆံနှစ်ခု ထပ်ပေါ်လာခဲ့သည်။ ထိုအရာက အဘိုးအို၏ပုံစံကို ထူးဆန်းသွားစေပြီး သူ့ကိုကြည့်လိုက်မိသူတိုင်းသည် မိန်းမောတွေဝေသွားကြရသဖြင့် မည်သူမှအဘိုးအို၏မျက်လုံးများထဲကို ထပ်မကြည့်ဝံ့တော့ပေ။

ဤသို့လိုက်ဖမ်းရမည့်အရေးကို စိတ်လှုပ်ရှားနေဟန်ဖြင့် အဘိုးအို၏နှုတ်ခမ်းများထက်တွင် ရက်စက်ကြမ်းကြုတ်ဟန် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထို့နောက် တစ်ချက်ခုန်လိုက်ပြီး စုမင်ထွက်ပြေးသွားရာ တောအုပ်အတွင်းသို့ ဦးတည်ထွက်ခွာသွားလေသည်။

ကျန်ရှိနေခဲ့သော လူများသည်တော့ တစ်ဦးနှင့်တစ်ဦး တိတ်ဆိတ်စွာလှည့်ကြည့်လိုက်မိကြရာ လူတိုင်း၏မျက်လုံးများထဲတွင် ယခုလေးတင်ဖြစ်ပျက်သွားခဲ့သောအရာများအပေါ် ရိုသေလေးစားမှုများကို အချင်းချင်းမြင်လိုက်ကြရချေသည်။ အချိန်အတော်ကြာပြီးနောက်တွင် ဤလူများသည် ဒဏ်ရာရနေသူများကို ကူတွဲရင်းဖြင့် အလင်းတန်းရှည်များ အသွင်ပြောင်းလျက် သူတို့မျိုးနွယ်စုရှိရာဆီ ပျံသန်းသွားခဲ့ကြလေသည်။

ထွက်ပြေးနေရင်း စုမင်အသက်ရှုသံများက အလွန်လျင်မြန်နေခဲ့သည်။ သစ်ရွက်ခြောက်များ၊ ရွှံ့နွံများပြည့်နေသော တောအုပ်ကို အရူးတစ်ယောက်သဖွယ် ဖြတ်သန်းပြေးလွှားနေချိန်တွင် စုမင်ခန္ဓာကိုယ်က ပုံရိပ်ယောင်တစ်ခုကဲ့သို့ပင်။ တစ်ခါတစ်ရံတွင် သူသည် မြေပြင်မှ ခုန်လိုက်ကာ  သစ်ပင်တစ်ပင်မှတစ်ပင် ခုန်ကူးသွားတတ်ပြီး သူ့ခြေထောက်က မြေပြင်နှင့်မထိသလောက်ပင် ဖြစ်သည်။ သူသည် နိမ့်ချည်မြင့်ချည် ပျံသန်းနေသကဲ့သို့ဖြစ်ပြီး အလွန်လျင်မြန်စွာ သွားနေသဖြင့် မည်သူမဆို သူ့အား သာမန်မျက်စိဖြင့် မြင်တွေ့နိုင်ရန် ခဲယဉ်းပေသည်။

စုမင် ဤသစ်တောနှင့် ရင်းနှီးကျွမ်းဝင်မှုမရှိပေ။ ထို့ကြောင့် ထွက်ပြေးနေရင်းဖြင့် သူခံစားနေရသော စိုးရိမ်ကြောင့်ကြမှုက ပိုမိုသန်မာလာခဲ့သည်။ သူ့နောက်သို့ တစ်ယောက်ယောက်လိုက်လာနေကြောင်းကိုသိရန် နတ်ဘုရားအာရုံကိုထုတ်ဖော်ရန်ပင် မလိုခဲ့ပေ။

‘လူဘယ်နှယောက် လိုက်လာလဲဆိုတာတော့ ငါသိချင်သား…’

စုမင်မျက်လုံးများထဲတွင် စူးရှတောက်ပသော အကြည့်တစ်ခုဖြစ်ပေါ်လာပြီး ရွှေသားကျောက်ဒင်္ဂါးက သူ့လက်ထဲ၌ပေါ်လာခဲ့သည်။ သို့သော် ခဏတာတွန့်ဆုတ်နေပြီးနောက် ထိုအရာကို ကျောက်ဒင်္ဂါးအဖြူတစ်ခုနှင့် ပြန်လည်လဲလှည်လိုက်၏။ ထို့နောက် လက်ထဲတွင် ဆုပ်ကိုင်လိုက်သည်နှင့် ကျောက်ဒင်္ဂါးသည် အလျင်အမြန်မှေးမှိန်သွားပြီး ခဏအကြာတွင် ပြာများအဖြစ်ပြောင်းလဲသွားသည်။ သို့သော် နတ်ဘုရားအာရုံဖြင့် စုမင်မြင်နိုင်သောအကွာအဝေးကမူ အဆပေါင်းများစွာ တိုးတက်လာခဲ့သည်။ သူ့ခေါင်းနာကျင်ကိုက်ခဲနေရင်းမှပင် နောက်ဘက်ရှိဧရိယာသို့ အာရုံစူးစိုက်လိုက်သည်။

ပေ ၁၀၀၀၊ ပေ ၁၀၀၀၀၊ ပေ သိန်းပေါင်းများစွာ… သူတတ်နိုင်သလောက် အကွာအဝေးအထိ နတ်ဘုရားအာရုံဖြင့် ဖြန့်ကျက်ကြည့်လိုက်၏။

အမွှေးတိုင်တစ်တိုင်ထွန်းစာခန့် အချိန်ယူပြီးနောက်တွင် စုမင်မျက်လုံးတို့ ကျဉ်းမြောင်းသွားခဲ့ရသည်။ သူ့နတ်ဘုရားအာရုံ ဖြန့်ကျက်နိုင်သည့် အကန့်အသတ်ကိုရောက်သွားသည်နှင့် နောက်ထပ်ကျောက်ဒင်္ဂါးအနည်းငယ်ကို ထပ်မံအသုံးပြုလိုက်ရာ အဝေးတွင် သူ့နောက်သို့လိုက်ပါလာသော ကြောက်မက်ဖွယ်ပုံရိပ်တစ်ခုကို စုမင်မြင်လိုက်ရချေသည်။

‘တစ်ယောက်တည်းလား…’

စုမင်ဆံပင်များထောင်မတ်သွားရပြီး သူ့မျက်နှာထက်တွင် သတိထားသောအမူအယာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သူ့နောက်သို့လိုက်ပါလာသူသည် ထိုအဘိုးအိုဖြစ်ကြောင်းတွေ့လိုက်ရပြီး အဘိုးအိုက ဤတောအုပ်ကို သူ့ထက်ပိုအကျွမ်းတဝင်ရှိချေသည်။ သို့သော် ထိုအရာက ဘာမျှမဟုတ်သေးပေ။ စုမင်နှလုံးသားကို အမှန်တစ်ကယ်နစ်မွန်းသွားစေသောအရာမှာ အဘိုးအိုအသုံးပြုနေသော ခြေရာခံညာရပ်များသည် မယုံနိုင်လောက်အောင်ပင် နားလည်ရခက်နေသောကြောင့် ဖြစ်သည်။

အဘိုးအိုကို လမ်းကြောင်းပြောင်းနိုင်ရန် စုမင်ထွက်ပြေးနေရင်းမှပင် များစွာသောသင်္ကေတများ ဖန်တီးခဲ့သော်လည်း အဘိုးအိုသည် လမ်းကြောင်းပြောင်းသွားခြင်းမရှိပဲ စုမင်နောက်သို့သာ လိုက်ပါလာခဲ့သည်။ ဤအချက်က စုမင်အတွက် အန္တရာယ်ရှိသည်ဟူသော ခံစားချက်ကို ပိုမိုသန်မာလာစေရုံသာမက သူနတ်ဘုရားအာရုံဖြန့်ကျက်လိုက်ပြီးချိန်တွင် အဘိုးအို၏စွမ်းအားကိုလည်း သေချာအာရုံခံလိုက်မိစေ၏။

‘ဒီလူ့စွမ်းအားက ရိုးရေစတေးနယ်ပယ်မှာ ဖြစ်လောက်တယ်။ ပြီးတော့ ကြည့်ရတာ သူက သာမန်ရိုးရေစတေးနယ်ပယ်လူရိုင်းတစ်ယောက် ဟုတ်ပုံမရဘူး… သူက ရိုးရေစတေးနယ်ပယ် နှောင်းပိုင်းအဆင့် ဖြစ်လောက်တယ်။ ဒါပေမယ့် ဒီဧရိယာကို လေ့လာဖို့ ငါ့နတ်ဘုရားအာရုံ ဖြန့်ကျက်လိုက်တဲ့အချိန်မှာ သူငါ့ကို သတိမပြုမိခဲ့ဘူး။ အဲဒါက တစ်ကယ်ပဲလား ဒါမှမဟုတ် သူရည်ရွယ်ချက်ရှိရှိလုပ်နေတာလားဆိုတာ ငါသိချင်တယ်…’

စုမင်သည် ရိုးရေစတေးနယ်ပယ်ကို မရောက်သေးသဖြင့် သေချာသိနိုင်ရန်ခဲယဉ်းချေသည်။ သူ ခန့်မှန်းရုံသာ တတ်နိုင်ပြီး ဤအရာအတွက် ကြိုတင်ပြင်ဆင်ထားလျှင်ပင် သူ့နှလုံးသားက မွန်းကြပ်နေဆဲ ဖြစ်သည်။

စုမင်နှင့် ပေသိန်းပေါင်းများစွာခန့်အဝေးတွင် တောအုပ်ကိုဖြတ်သန်းလိုက်ပါနေသည့် အဘိုးအို၏ နှုတ်ခမ်းများက ရက်စက်ကြမ်းကြုတ်ဟန် အပြုံးတစ်ခုဖြင့် တွန့်ချိူးလို့နေသည်။ သူငယ်ရွယ်စဉ်မှစ၍ မျိုးနွယ်စု၏ဘိုးဘေးခေါင်းဆောင် ဖြစ်လာချိန်အထိ ဤတောအုပ်ထဲတွင်သာ ကြီးပြင်းခဲ့ခြင်းဖြစ်ပြီး မျိုးနွယ်စုထဲ၌ပင် ဤတောအုပ်အကြောင်းကို သူ့ထက်ပိုသိသူ အနည်းငယ်သာ ရှိချေသည်။

တောအုပ်ထံမှရသော သဲလွန်စများကိုသုံး၍ သားရဲရိုင်းများကို ခြေရာခံရခြင်းသည် သူသဘောအကျဆုံး အတိတ်အချိန်ကာလများဖြစ်သည်။ တစ်နေ့ကျလျှင်တော့ သူ့မျိုးနွယ်စုကို ဦးဆောင်၍ ဤလှုပ်ရှားမှုကို လုပ်ဦးမှာဖြစ်သည်။

ထို့ကြောင့် ယခု သူသည် သားကောင်ကို တစ်ဦးတည်း လိုက်ဖမ်းနေရသော်လည်း ဤအရာက သူ့အတွက် ခက်ခဲသောအရာတစ်ခု မဟုတ်ပေ။

‘ကြည့်ရတာ ဒီမာန်စွမ်းအားရှင်လေးကလည်း တောနဲ့ အကျွမ်းတဝင်ရှိတဲ့ပုံပဲ။ သူဆင်ထားခဲ့တဲ့ ထောင်ချောက်တွေက တော်တော်လေးတော့ကောင်းတယ်။ ဒါပေမယ့် သူက အတွေ့အကြုံနုနေသေးတယ်’

အဘိုးအိုက နှုတ်ခမ်းများကို လျှာဖြင့်သပ်လိုက်ပြီး တစ်ချက်ခုန်လိုက်သည်နှင့် အရှေ့သို့ ပေရာပေါင်းများစွာ ရောက်သွားခဲ့သည်။

‘ပြေးထား။ မြန်မြန်လေး ပြေး…’

အဘိုးအိုအပြုံးသည် ပိုမို၍ပင် ရက်စက်ကြမ်းကြုတ်ဟန်ပေါ်လာခဲ့သည်။ သို့သော် ထိုဧရိယာကို စစ်ဆေးရန် စုမင်နတ်ဘုရားအာရုံကို အသုံးပြုနေခြင်းကိုတော့ သူသတိမပြုမိသည်မှာ အရှင်းအလင်းပင်။

စုမင်မျက်နှာက ဖြူဖျော့နေပြီး တောအုပ်ကို ဖြတ်သန်းပြေးလွှားနေရင်းမှပင် သူ့ရင်ဘတ်တွင်လည်း သွေးများဆက်လက်စီးကျနေခဲ့သည်။ ဤမရပ်မနား ထွက်ပြေးနေရခြင်းက သူ့အား ပင်ပန်းစေရုံသာမက သူ့မျက်လုံးများအတွင်းရှိ သတ်ဖြတ်လိုသော အရှိန်အဝါကိုလည်း ပိုမိုသန်မာလာစေခဲ့သည်။

သူပြေးလွှားနေရင်းမှ ဆေးတောင့်တစ်ခုကို အကြိမ်များစွာ ထုတ်ယူခဲ့သော်လည်း ထိုအရာကို အသုံးမပြုမိစေရန် သူ့ကိုယ်သူ တွန်းအားပေးထားမိခဲ့သည်။

“အချိန်မကျသေးဘူး… ငါက အစတည်းက သူ့ထက်အားနည်းနေခဲ့ပြီးသား။ အခု ဒဏ်ရာတွေနဲ့ဆိုတော့ ငါက ပိုပြီးတော့တောင် အားနည်းသွားပြီလို့ အဲဒီအဘိုးအို ခံစားနေရလိမ့်မယ်” စုမင်သည် စကားလုံးများကို ဗလုံးဗထွေးရေရွတ်ရင်းမှပင် သူ့အမြန်နှုန်းက စတင်နှေးကွေးလာခဲ့သည်။

သူနှေးသွားသည်နှင့် အဘိုးအို၏အရှိန်နှုန်းက ပိုမိုမြန်ဆန်လာသည်ကို စုမင်၏နတ်ဘုရားအာရုံက ချက်ချင်းသတိပြုမိလိုက်သည်။ သူတို့ကြားအကွာအဝေးသည် စိုးရိမ်ဖွယ်အမြန်နှုန်းဖြင့် နီးကပ်လာခဲ့သည်။

‘ငါ့ခေါင်းကို ရုတ်တရက် ပြန်လှည့်လိုက်မယ်ဆိုရင်၊ ငါက သူသေကိုယ်သေတိုက်ခိုက်မှုမျိုးလုပ်တော့မယ်လို့ သူသေချာပေါက် တွေးလိမ့်မယ်။ ဒါပေမယ့် သူကအစွမ်းထက်လွန်းတဲ့အတွက် ငါအားနည်းလေလေ၊ သူက ပိုပြီးသတိမထားလေလေပဲ’

သတ်ဖြတ်လိုသော အရှိန်အဝါသည် စုမင်မျက်လုံးများအတွင်းမှအလင်းကို ပိုမိုတောက်ပလာစေပြီး သူ့ခန္ဓာကိုယ်က ရုတ်တရက် ရပ်တန့်ကာ လမ်းကြောင်းပြောင်းလိုက်သည်။ သူဆက်မပြေးတော့ပဲ ထိုအစား အဘိုးအိုရှိရာဆီသို့ ရူးသွပ်စွာတိုးဝင်သွားလေသည်။

နှစ်ဦးလုံးသည် တောအုပ်ထဲတွင် တစ်ဦးနှင့်တစ်ဦး သာမန်မျက်စိဖြင့် မမြင်နိုင်ကြသော်လည်း တစ်ဦး၏ချီကိုတော့ တစ်ဦးအာရုံခံမိချေသည်။ စုမင်နောက်လှည့်ကာပြေးဝင်လာချိန်တွင် အဘိုးအိုက သူ့အပြုအမူများကို ချက်ချင်းသတိပြုမိလိုက်ပြီး နှုတ်ခမ်းများထက်တွင် ရက်စက်သော လှောင်ပြောင်လိုဟန်အပြုံးမျိုး ဖြစ်ပေါ်လာကာ အမြန်နှုန်းကိုတိုးပစ်လိုက်သည်။

‘သူသေကိုယ်သေတိုက်ခိုက်မှုတဲ့လား။ မင်းဆန္ဒကို ဖြည့်ပေးရမှာပေါ့’

အဘိုးအိုက ရှေ့သို့ဦးတည်လိုက်ရာ သူနှင့်စုမင်ကြားအကွာအဝေးက အလွန်လျင်မြန်စွာ လျော့နည်းလာခဲ့သည်…

အလင်းရောင်မရရှိသည့် သစ်တောထဲတွင် သူတို့နှစ်ဦးကြား ပေထောင်ပေါင်းများစွာ၊ သစ်ပင်များစွာနှင့် သစ်ရွက်ပေါင်းများစွာကျန်ရှိနေသော အချိန်မှာပင် စုမင်သည် သစ်ပင်ကြီးတစ်ပင်ကို ခုန်ကာဖြတ်ကျော်လာပြီး မြေပြင်ပေါ်သို့ လက်ဝါးဖြင့်ရိုက်ကာ  ဆင်းသက်လိုက်သည်။

သူ့လက်ဖြင့် ရိုက်ချလိုက်သည့် အခိုက်အတန့်တွင် သူ့ညာလက်နှင့် မြေပြင်ကြား၌ သားရဲအရေပြားတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုသားရဲအရေပြားသည် ပတ်ဝန်းကျင် ပေ၁၀၀ပတ်လည်ခန့်ဧရိယာအထိ စက်ဝိုင်းပုံဖြန့်ကျက်သွားပြီး ထိုဧရိယာသည် အနီရောင်မြက်ခင်းပြင်အဖြစ် ချက်ချင်းပြောင်းလဲသွားသည်။ ၎င်းမြက်ခင်းပြင်သည် စုမင်မျက်လုံးထဲတွင်သာ အနီရောင်ဖြစ်နေသော်ငြား အခြားသူများအတွက်တော့ ဤဧရိယာသည် ပတ်ဝန်းကျင်မှ သစ်တောနှင့် မတူကွဲပြားဖြစ်နေခြင်းမျိုး မရှိခဲ့ပါချေ။

မြက်ခင်းပြင် ထွက်ပေါ်လာချိန်တွင် စုမင်လည်း တုန်ယင်သွားသဖြင့် ပြန်လည်ကုစားနိုင်မည့် ဆေးလုံးအချို့ကို ထုတ်ယူကာ ချက်ချင်းခြေချိတ်ထိုင်ချလိုက်ရ၏။ ၎င်းတို့ကို အလျင်အမြန် မြိုချလိုက်သည်နှင့် ဆေးလုံးများသည် နွေးထွေးမှုများအဖြစ် ပြောင်းလဲသွားပြီး စုမင်ခန္ဓာကိုယ်အား စတင်အားဖြည့်လိုက်ကြသည်။

ဆေးလုံးများကို မြိုချပြီးသည်နှင့်တစ်ပြိုင်နက် စုမင်မျက်လုံးထဲတွင် အေးစက်စက်အကြည့်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သူ့ညာလက်ကိုမြှောက်လိုက်ရာ လက်ထဲတွင် အဖြူရောင်အကြေးခွံလေးတစ်ခု ပေါ်လာချေသည်။

ဤအရာလေးသည် ဆရာဦးလေးပိုင်ထံမှ လက်ဆောင်ရထားခြင်းဖြစ်သည်။  အကြေးခွံထဲတွင် ဆရာဦးလေးပိုင်၏ စွမ်းအားအချို့ ပါဝင်ပြီး ဤကြေးခွံသည် စုမင်၏ အပွင့်အကြီးဆုံးဖဲချပ်တစ်ခု ဖြစ်သည်။

သူ့မျက်ခုံးများအလယ်ရှိ အစိမ်းရောင်ဓားအမှတ်အသားက လင်းလက်တောက်ပလာသလို သူ့ခန္ဓာကိုယ်တွင်လည်း လျှပ်စီးများ ကူးခပ်လှုပ်ရှားလာသည်။ သူ့ကိုယ်ပေါ်တွင် အနက်ရောင်မြူခိုးများ ဖြစ်ပေါ်လာပြီး စစ်နတ်ဘုရားချပ်ဝတ်အဖြစ် ပြောင်းလဲသွားကာ တစ်ချိန်တည်းမှာပင် သူ့ကိုယ်ထဲတွင်လည်း ဟန်တောင်တန်းခေါင်းလောင်း၏ပုံစံက မှုန်ဝါးဝါး စတင်ဖြစ်ပေါ်လာခဲ့သည်။

ဝိညာဉ်လုယက်လည်း ထွက်ပေါ်လာပြီး နှစ်လိုဖွယ် တောက်ပမှုတစ်ခုနှင့် စုမင်ဘေးလေထဲ၌ လွင့်မြောနေလေသည်။

ကောင်းကင်တွင် တိမ်မည်းများဖုံးအုပ်နေပြီး နေဝင်ရီတရောအချိန် ကုန်ဆုံးတော့ပေမည်။ နေဝင်ချိန်နှင့်အတူ မှိန်ဖျော့ဖျော့ လမင်းကြီး၏အရိပ်သည်ပင် ကောင်းကင်ထက်၌ ဖြစ်ပေါ်နေခဲ့ချေပြီ။ ကုန်းမြေထက်တွင် အလင်းရောင်များသိပ်မရှိတော့သလို ထိုအနည်းငယ်သော အလင်းလေးကလည်း တောအုပ်အတွင်းရှိ သစ်ရွက်ကြီးများကို ထိုးဖောက်ခြင်းငှာ မစွမ်းသာပေ။ စုမင်မျက်လုံးများထဲတွင်မူ သတ်ဖြတ်ခြင်းအလင်းနှင့် တည်ငြိမ်မှုများသာမက လောင်ကျွမ်းနေသော လပုံစံ စက်ဝိုင်းတစ်ခုလည်း ရှိနေခဲ့သည်။

မျက်လုံးများအတွင်း အေးစက်သော အကြည့်တစ်ခုနှင့် စုမင်အခြားပစ္စည်းတစ်ခုကို ထပ်မံထုတ်ယူလိုက်သည်။ ထျန်းလန်မုန်ထံမှရခဲ့သော ရွှေသားကျောက်ဒင်္ဂါးပင် ဖြစ်သည်။ ထိုအရာကို ဘယ်လက်ထဲတွင် ဆုပ်ကိုင်လိုက်သည်နှင့် သိပ်သည်း၍အဆုံးမရှိပုံပေါ်သော စိတ်ဝိညာဉ်စွမ်းအားများသည် သူ့ကိုယ်ထဲသို့တိုးဝင်လာပြီး စုမင်ကိုယ်ထဲမှ ပွင့်နေသော လမ်းကြောင်းတစ်လျှောက် ဖြတ်သန်းသွားကာ စုမင်၏နတ်ဘုရားအာရုံအား မယုံနိုင်ဖွယ်စွမ်းအားများပေး၍ တိုက်ခိုက်ရန်အသင့် ဖြစ်ပေါ်သွားစေသည်။

စုမင်အသက်ရှူသံသည် တစ်ဖြည်းဖြည်း ငြိမ်ကျလာသည်မှာ အဆုံးတွင် မကြားနိုင်တော့သည်အထိပင်။ သူ့မျက်လုံးများက အလွန်အမင်း တည်ငြိမ်နေပြီး တိုက်ခိုက်ရန် အချိန်ကောင်းကို စောင့်ဆိုင်းနေဟန်ဖြင့် ညာမျက်လုံးအတွင်းမှ သတ်ဖြတ်လိုသော အရှိန်အဝါသည်လည်း နစ်မြုပ်ပုန်းကွယ်သွားချေပြီ။

စုမင်ထရပ်ကာ အနီရောင်မြက်ခင်းပြင်ပေါ်သို့ တက်လှမ်းလိုက်သည်နှင့် သူ့အရှိန်အဝါပျောက်ကွယ်သွားသဖြင့် နီးကပ်လာနေသော ဘိုးဘေးအဘိုးအိုသည် အလွန်အမင်းအံ့အားသင့်သွားခဲ့ရသည်။

သို့သော် သူနှင့်စုမင်အကြားတွင် ပေ၂၀၀၀ခန့်သာ ကွာဝေးတော့ခြင်း ဖြစ်သည်။

အဘိုးအို ရပ်တန့်ကာ အံ့အားသင့်နေချိန်မှာပင် အစွမ်းထက်သော နတ်ဘုရားအာရုံတစ်ခုနှင့် ဓားအရှိန်အဝါတစ်ခုသည် သူ့အရှေ့မှနေ၍ လေထုကိုပိုင်းဖြတ်ထွက်ပေါ်လာခဲ့သည်။ ထိုအရာသည် သတ်ဖြတ်လိုသည့်အသိများ ပါဝင်နေပြီး သူ့အားသတ်ဖြတ်လိုသောရည်ရွယ်ချက်ကို တည်တည်ငြိမ်ငြိမ် ထုတ်ဖော်ပြသွားခြင်း ဖြစ်သည်။

***

All Chapters