← Chapters

ဘိုးဘေးခေါင်းဆောင်နှင့် တိုက်ခိုက်ခြင်း

Vol. 20 Ch. 266

ဘိုးဘေးခေါင်းဆောင်နှင့် တိုက်ခိုက်ခြင်း

Vol. 20 Ch. 266

နတ်ဘုရားအာရုံစွမ်းအား ထွက်ပေါ်လာသည်နှင့် လူများကိုပင် လွင့်ထွက်သွားစေနိုင်သည့် လေပြင်းတစ်ခုသဖွယ် ဖိအားတစ်ခုသည်လည်း အဘိုးအိုအပေါ်ကျရောက်လာသည်။ ထိုအရာက ဘိုးဘေးခေါင်းဆောင်အဘိုးအိုရှေ့ရှိ သစ်ပင်များကို အစိတ်စိတ်အပိုင်းပိုင်းပျက်စီးသွားစေသည်။ လေထဲတွင်လွင့်မျောနေသည့် သစ်ရွက်များသည်ပင် ကောင်းကင်နှင့်မြေပြင်အကြား လွင့်မျောနေသည့် ချွန်ထက်သော ဓားသွားများအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။

အောက်ဘက်တွင် လျှပ်စီးများရှိနေဟန်ဖြင့် မြေပြင်ထက်ရှိ ရွှံ့နွံများထံမှလည်း ကျယ်လောင်သောအက်ကွဲသံများ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် ရွှံ့နွံများသည် ကောင်းကင်သို့ပေါက်ကွဲလွင့်ထွက်သွားပြီး ပုပ်အဲ့အဲ့အနံ့က နေရာတစ်ခုလုံး ပျံ့နှံ့သွားသည်။

ကောင်းကင်က မည်းမှောင်နေသည်။ တောအုပ်သည်လည်း မူလက မည်းမှောင်နေသော်ငြား နတ်ဘုရားအာရုံ ရုတ်တရက်တိုက်ခိုက်လိုက်သောအခါ ဧရိယာအတွင်းရှိ သစ်ပင်များနှင့် သစ်ရွက်များအပါအဝင် အရာအားလုံးခုတ်ထွင်ရှင်းလင်းခံလိုက်ရသကဲ့သို့ပင်။ ၎င်းတို့က လွင့်စင်ထွက်သွားကြပြီး လရောင်သည် လစ်လပ်သွားသော သစ်ပင်၊ သစ်ရွက်များကြားမှတစ်ဆင့် ဖြတ်သန်းကာ ဖုံးကွယ်ခံထားရသော မြေပြင်ပေါ် ဖြာကျလာခဲ့သည်။

ဘိုးဘေးအိုကြီးသည် အလွန်အံ့အားသင့်သွားသော်လည်း အလျင်အမြန်ပင် ပြန်လည် သတိဝင်လာခဲ့သည်။ သို့သော် စုမင်၏အရှိန်အဝါ ရုတ်တရက်ပျောက်ကွယ်သွားသောကြောင့် အဘိုးအိုသည် အံ့အားသင့်မှင်သက်သွားခဲ့ရသဖြင့် သူ့အနေဖြင့် လက်ဦးမှုရယူနိုင်ခြင်း မရှိတော့ပေ။

မမြင်ရသော နတ်ဘုရားအာရုံသည် အဘိုးအိုထံတိုးဝင်လာပြီး ပေါက်ကွဲသံတစ်ချက်နှင့်အတူ တိုက်မိသွားခဲ့သည်။ အဘိုးအိုသည်နာကျင်မှုကို မခံစားရသော်လည်း ထိုအခိုက်အတန့်တွင် သူ့စိတ်သည်တော့ ကစဉ့်ကလျားဗရမ်းဗတာ ဖြစ်သွားရသည်။ သူ့မျက်လုံးများ၊ နားများ၊ ပါးစပ်နှင့် နှာခေါင်းများထဲမှ သွေးများစီးကျလာသကဲ့သို့ ခံစားလိုက်ရပြီး ဗလုံးဗထွေးအော်ဟစ်လိုက်မိချေ၏။

ဤနတ်ဘုရားအာရုံဖြင့်တိုက်ခိုက်မှုသည် သူ့နတ်ဘုရားအာရုံအား လေ့ကျင့်အသုံးပြုရန် နည်းလမ်းများ ရှာတွေ့ခဲ့ပြီးချိန်တွင် စုမင်သုံးနိုင်သည့် အသန်မာဆုံးတိုက်ခိုက်မှု ဖြစ်သည်။ ယခု သူသည် ထိုအရာကို အားဖြည့်ရန် ထျန်းလန်မုန်ထံမှရလာခဲ့သော ရွှေသားကျောက်ဒင်္ဂါးကိုပင် အသုံးပြုခဲ့သေးသည်။

ထိုရွှေရောင်ကျောက်ဒင်္ဂါးအတွင်းပါဝင်သော စိတ်ဝိညာဉ်စွမ်းအားများသည် ၎င်းကို ပထမဆုံးတွေ့လိုက်ချိန်တည်းက စုမင်အာရုံကို ဆွဲဆောင်ထားနိုင်ခဲ့ခြင်းဖြစ်သည်။

ဤကျောက်ဒင်္ဂါးက သာမန်ပစ္စည်းတစ်ခုမဟုတ်သည်မှာ အသေအချာပင်။ စုမင် ထိုအရာကို ဆုပ်ကိုင်လိုက်ပြီးချိန်တွင် သူ့နတ်ဘုရားစွမ်းရည်ခွန်အားကို သန်မာလာစေရန် ကျောက်ဒင်္ဂါးအတွင်း သိုလှောင်ထားသော စွမ်းအားကို တုန့်ဆိုင်းခြင်းမရှိစုပ်ယူခဲ့လေသည်။

သူသည် အသက်အန္တရာယ်ရှိနေသော အခြေအနေတွင်ဖြစ်ပြီး အဘိုးအိုနှင့် သူ့အကြား စွမ်းအားကွာဟချက်ကလည်း အလွန်အမင်းကြီးမားနေသေးသည်။ အကယ်၍ သူသာ အသက်ရှင်လိုလျှင် သူ့အသန်မာဆုံးအခြေအနေ ရောက်သည်အထိ မည်သည့်အရာမျိုးကိုမဆို စုမင်ပြုလုပ်ရပေမည်။

တိုက်ခိုက်လိုက်သည်နှင့် စုမင်တည်ငြိမ်မှုသည် ယခင်ကသူတစ်ခါမှ မရောက်ဖူးခဲ့သော အခြေအနေသို့ရောက်ရှိသွားသည်။ လွန်ခဲ့သော နှစ်ရက်က သူသည် သူ့ဆရာဘေးတွင် ရှိနေပြီး လွန်ခဲ့သောသုံးရက်ကဆိုလျှင် နဝမတောင်ထွတ်တွင်သာ ရှိနေခဲ့သေး၏။

သို့သော် ယခုတော့ သူသည် ကောင်းကင်မြူခိုးအတားအဆီး အပြင်ဘက် လူရိုင်းများ၏ နယ်မြေထဲတွင် ရောက်ရှိနေခဲ့ချေပြီ။ ဤတောအတွင်း နေထိုင်သော လူရိုင်းမျိုးနွယ်စုတစ်ခုမှလူရိုင်းများစွာကို သူသတ်ခဲ့ပြီး ယခုဆိုလျှင် ထိုမျိုးနွယ်စုမှ အသန်မာဆုံးလူရိုင်းနှင့် တိုက်ခိုက်နေရချေပြီ။

အဘိုးအိုအား စုမင်၏နတ်ဘုရားအာရုံ တိုက်မိသွားချိန်တွင် အဘိုးအိုသည် နောက်သို့လွင့်ထွက်သွားပြီး သူ့ခေါင်းထဲတွင် ဆူညံသံများဖြစ်ပေါ်သွားသည်။ မြင်ကွင်းတစ်ခုလုံး မည်းမှောင်သွားပြီး နှလုံးသားအတွင်း ကြောက်ရွံ့မှုများ မြင့်တက်ဖြစ်ပေါ်လာခဲ့သည်။ ထိုကြောက်ရွံ့မှုသည် သူ့နှလုံးသားအတွင်း နက်ရှိုင်းသောနေရာတွင် အမြစ်တွယ်နေသည့် ကြောက်မက်ဖွယ် ရှေးဟောင်းဒဏ္ဍာရီတစ်ခုဖြင့် ရင်ဆိုင်လိုက်ရသကဲ့သို့ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။

“ဒါ.... ဒါက...”

အဘိုးအို မျက်လုံးများက ကျဉ်းမြောင်းသွားသည်။ သူနောက်သို့ လွင့်ထွက်နေစဉ်မှာပင် တိုးဝင်လာသော ဓားအရှိန်အဝါတစ်ခုက အဘိုးအို၏အတွေးများကို နှောင့်ယှက်သွားပြန်သည်။ ၎င်းသည် အစိမ်းရောင်အလင်းတောက်ပနေသည့် ဓားရှည်တစ်ချောင်းဖြစ်ပြီး ထိုနတ်ဘုရားစိတ်အာရုံနှင့် ပေါင်းစပ်ကာ အစိမ်းရောင်အလင်းတန်းတစ်ခုအသွင်ဖြင့် သူ့ထံနီးကပ်လာနေခြင်းဖြစ်သည်။

လူရိုင်းအဘိုးအို၏ မျက်ခုံးများအလယ်ဗဟိုသို့ ထိုဓားရှည်နှင့် အစိမ်းရောင်အလင်းတို့ ထွင်းဖောက်သွားကာနီးမှာပင် နောက်သို့လွင့်စင်နေသော အဘိုးအို၏ မူလကသာမန်မျက်ဆံများသည် ကွဲထွက်သွားသကဲ့သို့ လေးခုဖြစ်သွားကြသည်။

“ရပ်စမ်း”

အဘိုးအိုက ကျယ်လောင်စွာအော်ဟစ်လိုက်ပြီး  ထိုသို့အော်ဟစ်လိုက်သည်နှင့် သူ့မျက်လုံးထောင့်စွန်းများတွင် သွေးကြောများသိပ်သည်းစွာ ထွက်ပေါ်လာကြပြီး မျက်နှာတစ်ခုလုံး ပျံ့နှံ့သွားကာ ရှုပ်ထွေးသောဆေးမင်ကြောင်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ကျောက်စိမ်းဓားမြောင်ငယ်လေးသည် ရုတ်ခြည်းရပ်တန့်သွားပြီး ၎င်းထံမှ တစ်စုံတစ်ရာနှင့် ပွတ်တိုက်နေသည့်အလား စူးရှသောမြည်သံများ ထွက်ပေါ်လာကာ ရှေ့သို့ဆက်လက်ရွေ့လျားနိုင်ခြင်း မရှိတော့ပေ။

စုမင်မျက်လုံးများထဲတွင် စူးရှသောအကြည့်တစ်ခု ဖြစ်ပေါ်လာသည်။ သူသည် အဘိုးအိုနှင့် ဓားမြောင်ငယ်လေးတို့ တိုက်ခိုက်နေခြင်းကို ကြည့်နေချိန်တွင် သူ့အရှိန်အဝါနှင့် ခန္ဓာကိုယ်ကို ဖုံးကွယ်ပေးထားသည့် အနီရောင်မြက်ခင်းပြင်ပေါ်၌ ထိုင်နေခဲ့ခြင်းဖြစ်သည်။

ဤအရာသည် တစ်စုံတစ်ဦးက စုမင်၏ နတ်ဘုရားစိတ်အာရုံဖြင့် တိုက်ခိုက်ခံရပြီးသော်လည်း ယခုလို ထူးဆန်းသောနည်းလမ်းမျိုးဖြင့် ကျောက်စိမ်းဓားမြောင်ကို ရပ်တန့်သွားရန် ဖိအားပေးနိုင်ခဲ့ခြင်းအား စုမင်ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။

ဤအရာသည် ခုခံကာကွယ်မှု ပုံစံမျိုးမဟုတ်ပဲ စုမင်၏ နတ်ဘုရားစိတ်အာရုံနှင့် တူညီသော စွမ်းအားတစ်မျိုးဖြစ်သောကြောင့် စုမင်စိတ်တို့ ထိတ်လန့်တုန်လှုပ်သွားရသည်။ ကျောက်စိမ်းဓားမြောင်ပေါ်တွင် စုဝေးနေသော နတ်ဘုရားစိတ်အာရုံများသည် အေးစက်စက်အမှောင်ထု အရှိန်အဝါတစ်ခုဖြင့် တိုက်ခိုက်ခံလိုက်ရကြောင်း စုမင်ရှင်းရှင်းလင်းလင်း ခံစားမိ၏။ ထိုအရှိန်အဝါသည် သွေးဆာရက်စက်မှုများ ပြည့်နှက်နေသဖြင့် ဓားမြောင်ပေါ်မှ စုမင်၏ နတ်ဘုရားစိတ်အာရုံများ ဖျက်ဆီးခံလိုက်ရလေသည်။

ထိုအခိုက်အတန့်တွင် ၎င်းအေးစက်စက်အရှိန်အဝါထံမှ စူးရှသောမြည်သံတစ်ခုကို စုမင်ကြားလိုက်ရသည်ဟု ခံစားမိလိုက်သော်ငြား ထိုအရာသည် သူ့အထင်သက်သက်သာဖြစ်ပြီး ဟုတ်မဟုတ် သေချာမသိပေ။ ထိုစူးရှသံများသည် အလွန်ထူးဆန်းပြီး တစ်စုံတစ်ခုကို ကိုက်ဝါးနေသကဲ့သို့ အသံများနှင့် ရောနှောထွက်ပေါ်နေခြင်း ဖြစ်သည်။

သို့သော် စုမင်သည် လှုပ်ရှားရန် ဆုံးဖြတ်ခဲ့ပြီးပြီဖြစ်ရာ သူ၏ နတ်ဘုရားစိတ်အာရုံနှင့် ကျောက်စိမ်းဓားမြောင်ငယ်လေးတို့ဖြင့်သာ ရပ်တန့်လိမ့်မည်မဟုတ်သည်မှာ အသေအချာပင်။ ဓားမြောင်ငယ်လေးအား ဖိအားပေးရပ်တန့်ခံလိုက်ရပြီး စုမင်စိတ်တို့တုန်လှုပ်သွားချိန်မှာပင်၊ သူ့မျက်လုံးများအတွင်း သတ်ဖြတ်လိုသည့်အကြည့်တစ်ခု စူးရှစွာဖြစ်ပေါ်လာပြီး ညာလက်ကိုမြှောက်လိုက်ရာ... ဝိညာဉ်လုယက်က တိုးဝင်သွားလေသည်။

ဝိညာဉ်လုယက် ဦးတည်တိုးဝင်သွားသည်နှင့် ၎င်း၏အနောက်ဘက် လေထုထဲတွင် လျှပ်စီးအလင်းတန်းများဖြစ်ပေါ်လာခဲ့သည်။ ၎င်းတို့ကြောင့် မည်းမှောင်နေသော သစ်တောသည်ပင် မျက်စိစူးဖွယ်အလင်းများဖြင့် ပြည့်နှက်သွားသည်။

လျှပ်တပြက်အတွင်းမှာပင်၊ ထိုလျှပ်စီးများသည်လည်း လူရိုင်းအဘိုးအိုထံ တိုးဝင်သွားကြပြန်သည်။

တစ်ချိန်တည်းမှာပင် စုမင်သည်လည်း သူ့ခန္ဓာကိုယ်ကို ဆွဲဆန့်ထားသည့် လေးတစ်ခုသဖွယ် ကွေးညွှတ်လိုက်ပြီး သူနှင့်သိပ်မဝေးသောနေရာမှ အဘိုးအိုကို စိုက်ကြည့်လိုက်သည်။ သူ့ညာဘက်လက်သည် လက်သီးကိုတင်းကြပ်စွာ ဆုပ်ထားဆဲ ဖြစ်၏။

မျက်နှာတွင် သွေးကြောများဖုံးလွှမ်းနေသော အဘိုးအိုက ခေါင်းကိုအလျင်အမြန်မော့ကြည့်လိုက်သည်။ သူသည် တုန်ခါနေသော ဓားမြောင်ငယ်လေးကို ဆက်ကြည့်နေခြင်း မဟုတ်တော့ပဲ ထိုအစား မျက်ဆံလေးခုပါသည့် သူ၏ ကြောက်မက်ဖွယ်မျက်လုံးများသည် တိုးဝင်လာနေသော လျှပ်စီးအလင်းတန်းများနှင့် ဝိညာဉ်လုယက်ဆီသို့ လှမ်းကြည့်လိုက်လေသည်။

သူလှမ်းကြည့်လိုက်သည်နှင့် စုမင်ခန္ဓာကိုယ်က တုန်ယင်သွားရသည်။ ယခင်က ဓားမြောင်ငယ်လေးဆီမှ ခံးစားခဲ့ရသည့် အေးစက်၍အန္တရာယ်ရှိသော အရှိန်အဝါကို  နောက်တစ်ကြိမ်ဆိုသလိုပင်  သူ့ခန္ဓာကိုယ်အတွင်းရှိ မူလလျှပ်စီးထံမှ ခံစားလိုက်မိချေသည်။

ထိုအရှိန်အဝါအောက်တွင် သူ၏ လျှပ်စီးများ စုဝေးသွားချိန်တွင် ကိုက်ဝါးနေသံများပါဝင်သော ထူးဆန်းသည့်စူးရှရှမြည်တမ်းသံများကို သူနောက်တစ်ကြိမ်ထပ်ကြားလိုက်ရသည်ဟု စုမင်ခံစားလိုက်မိသည်။

ထိုအခိုက်အတန့်တွင် တောအုပ်အတွင်း၌ မြည်ဟည်းနေသော မိုးခြိမ်းသံများရပ်တန့်သွားပြီး လျှပ်စီးအလင်းတန်းများသည်လည်း အဘိုးအိုရှေ့လေထဲတွင် ဆက်လက်မရွေ့လျားနိုင်တော့ပဲ အေးခဲရပ်တန့်သွားသည်ကို ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်ပေသည်။

အဘိုးအို၏ မျက်နှာပေါ်တွင် ရက်စက်သောအမူအယာတစ်ခု ဖြစ်ပေါ်လာသည်။ သို့သော် ထိုအချိန်မှာပင် ဖိအားပေးရပ်တန့်၍မရသော အရာတစ်ခုသည် အေးခဲနေသော လျှပ်စီးများကြားမှ ချိူးဖျက်ထွက်ပေါ်လာပြီး အဘိုးအိုထံ ဦးတည်တိုးဝင်သွားသည်။

လူရိုင်းအဘိုးအိုက သူ့အကြည့်ကိုထိုအရာဆီသို့ လှမ်းကြည့်လိုက်၏။ သို့သော် ထိုအရာကိုမြင်လိုက်ချိန်တွင် ဤမတိုင်မီက စုမင်၏ နတ်ဘုရားစိတ်အာရုံနှင့် ရင်ဆိုင်ခဲ့ရချိန်တွင် ဖြစ်ပေါ်ခဲ့ဖူးသော မယုံကြည်နိုင်မှု၊ ထိတ်လန့်တုန်လှုပ်မှုများသည် အဘိုးအို၏မျက်လုံးများအတွင်း နောက်တစ်ကြိမ်ထပ်မံ ဖြစ်ပေါ်လာခဲ့သည်။

“ဝိညာဉ်စုဆောင်း ပုလဲ”

တုန်လှုပ်နေသော လူရိုင်းအဘိုးအို၏ပါးစပ်မှ ထိုစကားလုံးနှစ်လုံး ထွက်ပေါ်လာချိန်မှာပင် ဝိညာဉ်လုယက်သည် အနက်ရောင်အလင်းတို့ တောက်ပလာပြီး လေထဲတွင်လွင့်မျောနေသည်။ အလင်းပျံ့နှံ့လာသည်နှင့်အမျှ ဆေးလုံးသည်လည်း လေဟာနယ်တစ်ခုအဖြစ် လေထဲမှာပင် ပြောင်းလဲသွားသည်။ လူသားတို့၏ ဝိညာဉ်များကို စုပ်ယူနိုင်သည့်စွမ်းအားတစ်ခုသည် အလျက်အမြန်ပျံ့နှံ့လာပြီး ဧရိယာတစ်ခုလုံးကို ဝိုင်းရံသွားသဖြင့် လူရိုင်းအဘိုးအိုသည် သူ့အားဆေးလုံးအတွင်း စုပ်ယူခံနေရသည်ဟု ခံစားလိုက်ရ၏။ သူ့ခေါင်းကိုမလှုပ်နိုင်သလို သူ့မျက်လုံးများကိုပင် ရွေ့လျားခြင်း မပြုနိုင်ချေ။

“နတ်ဘုရားစိတ်အာရုံ...  ဝိညာဉ်စုဆောင်းပုလဲ... ဒါ... ဒါတွေက... မင်းက မာန်စွမ်းအားရှင်တစ်ယောက် မဟုတ်ဘူး။ မင်းက ဘယ်သူလဲ။ ဘာလို့ မင်းမှာ တစ်ခြားကမ္ဘာတွေက မသေမျိုးစွမ်းရည်တွေနဲ့ ငါတို့လူတွေရဲ့ အထွတ်အမြတ်အမြုတေက ရှိနေရတာလဲ...”

“ပြီးတော့ မင်းရဲ့စုတ်ချက်... အဲဒါက ငါတို့ လူရိုင်းတွေကိုးကွယ်တဲ့ ကိုယ်စားပြုတိရစ္ဆာန်ရုပ်တွေရဲ့ စွမ်းအားတည်ဆောက်ပုံကို အခြေခံထားတာ”

အဘိုးအိုသည် ဝိညာဉ်လုယက်ထံမှ အကြည့်လွှဲနိုင်ရန် ကြိုးစားရုန်းကန်နေရင်းပြောသည်။ သူအော်ဟစ်သည်နှင့်အမျှ၊ ဝိညာဉ်လုယက်ကလည်း အပြင်းအထန် တုန်ခါနေပြီး ၎င်း၏အနက်ရောင်အလင်းအတွင်းမှ မှုန်မှိုင်းသောအလင်းရောင်တစ်ခု ထွက်ပေါ်လာခဲ့သည်။ တစ်ဖြည်းဖြည်းနှင့် ဝိညာဉ်လုယက်ထဲတွင် ချိတ်ပိတ်ထားသောစစ်မာရှင်း၏ မာန်ဝိညာဉ်အပြင် မျက်ဆံနှစ်ခုပါသည့် မျက်လုံးတစ်လုံးဖြစ်ပေါ်လာခဲ့သည်။

သို့သော် အဘိုးအိုသည် သာမန်လူရိုင်းတစ်ဦး မဟုတ်ပေ။ သူ ရူးသွပ်စွာရုန်းကန်လာသည်နှင့်အမျှ စုမင်၏ ဝိညာဉ်လုယက်ပေါ်တွင် အက်ကြောင်းများ စတင်ဖြစ်ပေါ်လာခဲ့သည်။ အဘိုးအို၏ မျက်လုံးများထဲတွင် သတိပြုမိနိုင်ရန်ခဲယဉ်းသည့် စူးရှသောအကြည့်တစ်ခု ဖြစ်ပေါ်လာပြီး သူ့ခေါင်းထဲတွင် လျှိူ့ဝှက်အတွေးတစ်ခု ပေါ်လာခဲ့၏။

ဤအရာများအားလုံးသည် တစ်ခဏတာအတွင်း ဖြစ်ပျက်သွားကြခြင်းဖြစ်သည်။ အဘိုးအို၏ မျက်လုံးများ စုပ်ယူခံရပြီး သူမလှုပ်ရှားနိုင်တော့သည့် အချိန်မှာပင် အနီရောင်မြက်ခင်းပြင်ပေါ်တွင် ပုန်းအောင်းနေသော ကွေးညွတ်နေသည့် စုမင်ခန္ဓာကိုယ်သည် မြားတစ်ချောင်းပစ်လွှတ်လိုက်သကဲ့သို့ တိတ်ဆိတ်စွာဖြင့် ရှေ့သို့တိုးထွက်သွားသည်။

တိုးဝင်သွားသော စုမင်အား သူ၏စစ်နတ်ဘုရားချပ်ဝတ်အသွင် ပြောင်းထားသော အနက်ရောင်မြူခိုးများက  ဝန်းရံထားသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် လျှပ်စီးများကူးခတ်လှုပ်ရှားနေပြီး ဝန်းရံထားသောအနက်ရောင်မြူခိုးများကြောင့် စုမင်အား မယုံနိုင်လောက်အောင်ပင် အစွမ်းထက်သောပုံစံမျိုး ဖြစ်ပေါ်နေစေသည်။

သူ၏ ပြေးလွှားနေသော အရှိန်နှုန်းမှာ အလွန်လျင်မြန်သဖြင့် သူ့ပုံစံကလေထဲတွင် ရုတ်ခြည်းထွက်ပေါ်လာသကဲ့သို့ပင်။ လေထဲသို့ ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် ဧရိယာတစ်ဝိုက် ကျယ်လောင်သောမြည်ဟည်းသံကြီး ပျံ့နှံ့သွားပြီး လေထုပင်တုန်ခါသွားခဲ့သည်။ လေဟာနယ်က တွန့်လိမ်ပုံပျက်သွားပြီး ကောင်းကင်နှင့်မြေပြင်အကြားတွင် လှိုင်းဂယက်ငယ်လေးများစတင်ဖြစ်ပေါ်လာကာ စုမင်ခြေဖဝါးအောက်မှတစ်ဆင့် ပျံ့နှံ့သွားကြသည်။

ပထမခြေလှမ်းပြီးနောက် ဒုတိယခြေလှမ်းကိုလှမ်းလိုက်ရာ သူ့ခန္ဓာကိုယ်က လေထဲသို့ချက်ချင်းရောက်ရှိသွားသည်။ သူမြေပြင်မှလွတ်သွားသည်နှင့် ပေ၁၀၀၀ခန့်အကွာအဝေးကို ချက်ချင်းဖြတ်သန်းလိုက်ပြီး လူရိုင်းအဘိုးအိုရှိသည့်နေရာသို့ အပေါ်ဘက်လေထဲမှ ကျဆင်းလာခဲ့သည်။

စုမင် ညာလက်ကိုမြှောက်လိုက်ရာ လက်ထဲတွင် ရေခဲဓားရှည်တစ်ချောင်း ပေါ်လာခဲ့သည်။

ထိုဓားရှည်က အေးခဲကောင်းကင်ဓားရှည်ပင်။ ၎င်းကိုဆုပ်ကိုင်လိုက်ချိန်တွင် ဓားရှည်ထံမှ အေးစက်စက်လေထုကို ထုတ်လွှတ်လာသည်။ ထိုအေးစက်မှုသည် စုမင်၏ ညာလက်တစ်ခုလုံးကို ဖုံးအုပ်ထားပြီး ဓားရှည်အတွင်း ရောနှောပေါင်းစပ်သွားသည်။ ဓားရှည်အား အေးခဲမှုများရစ်ပတ်သွားသည်နှင့် အေးခဲကောင်းကင်ဓားရှည်၏ ပုံသဏ္ဍာန်က ရုတ်တရက်ပြောင်းလဲသွားလေသည်။

ဓားရှည်က ရုတ်တရက်ပိုမိုကြီးမားလာပြီး လက်တစ်ဖက်တည်းဖြင့် ဆုပ်ကိုင်ရသည့် ဓားရှည်မဟုတ်တော့ပဲ ထိုအစား လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ရသည့် ဓားရှည်တစ်ခုကဲ့သို့ ပြောင်းလဲသွားခဲ့သည်။

လူရိုင်းအဘိုးအိုရှိရာသို့ ဦးတည်ဆင်းသက်လိုက်ချိန်မှာပင် စုမင် ဓားရှည်ကို ဘယ်လက်ဖြင့်ဆုပ်ကိုင်လိုက်ရာ သူ့ဘယ်ဘက်လက်တစ်ခုလုံးကို ရေခဲလွှာတစ်ခု ဖုံးအုပ်သွားသည်။ ဓားကို လက်နှစ်ဖက်ဖြင့်ကိုင်လိုက်သည်နှင့် ရေခဲများသည် ဖော်ပြ၍ပင်မရနိုင်သော အရှိန်နှုန်းဖြင့် သူ့ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွားပြီး ခဏအတွင်းမှာပင် စုမင်အား ရေခဲများဖုံးအုပ်သွားသည်။ သူ၏ စစ်နတ်ဘုရားချပ်ဝတ်သည် ရေခဲများကိုအသုံးပြုထားသော အကောင်အထည်ရှိအလွှာတစ်ခုကို ထပ်မံရရှိလာပြီး သူ့ချပ်ဝတ်က စစ်နတ်ဘုရားရေခဲချပ်ဝတ်တစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။

မြည်ဟည်းသံတစ်ခုနှင့်အတူ စုမင်ကျဆင်းလာခဲ့ပြီး သူ့လက်နှစ်ဖက်လုံးတွင် ဓားရှည်ကိုဆုပ်ကိုင်ထားကာ အဘိုးအိုအား ခုတ်ပိုင်းလိုက်သည်။ ထိုအချိန်တွင် အေးခဲကောင်းကင်ဓားရှည်၌ သလင်းကျောက်သဖွယ် ကြည်လင်သောအလင်းတစ်ခု ဖြစ်ပေါ်လာပြီး စုမင်အပြင် အခြားမာန်အမှတ်အသားတစ်ခု၏ ပုံစံနှင့်တူသော ပုံရိပ်ယောင်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ထိုပုံရိပ်ယောင်သည် ဓားရှည်တစ်ချောင်းကို လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ထားသည့် အစွမ်းထက်ဟန်ပေါ်သော အမျိုးသားတစ်ဦးဖြစ်သည်။ ထိုသူသည် ဆုပ်ကိုင်ထားသောဓားရှည်ကို မြေပြင်ဆီသို့ အပြင်းအထန် လွှဲခုတ်လိုက်သည်။

“ငါဖန်တီးခဲ့တဲ့ ဓားရှည်မှာ ပုံစံတစ်မျိုးပဲရှိတယ်။ ဖြတ်တောက်... အရာအားလုံးကို ဖြတ်တောက်လိုက်”

စုမင်နားထဲတွင် ဤအေးခဲကောင်းကင်ဓားရှည်အတွင်း ပါဝင်သောပညာရပ်မှ ဖြစ်ပေါ်လာသည့် ပုံရိပ်ယောင်လူ၏ မောက်မာဝံ့ကြွားသောစကားသံများ ပဲ့တင်ထပ်သွားခဲ့သည်။ သူ့အမြင်အာရုံထဲတွင် အခြားအရာများအားလုံး ပျောက်ကွယ်သွားပြီး ကျန်ရှိနေခဲ့သည့် တစ်ခုတည်းသောအရာမှာ သူနှင့်နီးကပ်လာနေပြီဖြစ်သော မြေပြင်ပေါ်တွင်ရပ်နေသည့်... လူရိုင်းအဘိုးအိုပင် ဖြစ်သည်။

စုမင် ဓားရှည်ကိုတစ်ချက်လွှဲယမ်းကာ ခုတ်ချလိုက်သည်။

E-Translator’s note_

လူရိုင်းအဘိုးအိုပြောလိုက်တာက ဝိညာဉ်လုယက်အကြောင်းပါပဲတဲ့။ ဒါပေမယ့် သူတစ်ကယ်ပြောလိုက်တဲ့ စကားလုံးကကျ 荒丹 (huang dan)ပါတဲ့။ အဲဒါကို တစ်ကယ်ဘာသာပြန်ရင်ကျတော့ ဘာရန်အမြုတေပါ။ နောက်ပိုင်းကျရင် နောက်ထပ်လူရိုင်းအနည်ငယ်က စုမင်မှာဘာကြောင့် 攝魂珠 (she hun zhu) ရှိနေရတာလည်းလို့ မေးတာတွေပါလာပါလိမ့်ဦးမယ်။ အဲဒါကိုက ဝိညာဉ်စုဆောင်းပုလဲလို့ ဘာသာပြန်လို့ရပါတယ်။ သူတို့ဖော်ပြချက်တွေကိုအခြေခံပြီးတော့ အဲဒါတွေက အတူတူပဲလို့ ယုံကြည်တယ်။ ဒါကြောင့် ဘာရန်အမြုတေကို ဝိညာဉ်စုဆောင်းပုလဲအဖြစ် ပြောင်းလိုက်ပါတယ်။

***

All Chapters