← Chapters

အခန်း (၅၁၂-၅၁၃)

Vol. 35 Ch. 512-513

အခန်း (၅၁၂-၅၁၃)

Vol. 35 Ch. 512-513

အခန်း ၅၁၂ ချုန်ရှန်း၏ နောက်ဆုံးတိုက်ပွဲ

ချုန်ရှန်း၏ မျက်လုံးများ မှေးကျဉ်းသွားသည်။

ယခုအချိန်တွင် ရွေးချယ်စရာ တစ်ခုတည်းသာ ကျန်တော့သည်။

ပိုင်ကျီဟန် ကို သတ်ရန်သာ

ပိုင်ကျီဟန်သည် တိုက်ခိုက်နိုင်သည့် အကွာအဝေးအတွင်းသို့ ခြေလှမ်းလိုက်သည့် ခဏမှာပင်-

သူ လှုပ်ရှားလိုက်သည်။

ဝုန်း

သူ့ထံမှ အရှိန်အဝါများ ပြင်းထန်စွာ ပေါက်ကွဲထွက်ပေါ်လာသည်။

ခန္ဓာကိုယ်အတွင်းမှ လှိုင်းထန်နေသော အမှောင် စွမ်းအင်များသည် သောင်းကျန်းနေသော မုန်တိုင်းတစ်ခုကဲ့သို့ လွင့်စင်လာပြီး လေထုကို ဆွဲဖြဲပစ်လိုက်သည်။

"သေစမ်း”

ချုန်ရှန်းသည် ဟိန်းဟောက်ရင်း လှုပ်ရှားလိုက်သည်။

သူ့ပတ်ပတ်လည်ရှိ အရိပ်များမှာလည်း ကြောက်မက်ဖွယ်ကောင်းအောင် လိမ်ရှုပ်သွားကြသည်။

ချက်ချင်းဆိုသလိုပင်

ထိုအရိပ်များ စုစည်းသွား၏

လခြမ်းကွေးပုံသဏ္ဌာန် အမှောင်လွှဲကြီးတစ်ခုမှာ သူ့လက်ထဲတွင် ပေါ်ပေါက်လာပြီး ၎င်း၏ အသွားမှာ သက်ရှိအရိပ်တစ်ခုကဲ့သို့ တဖျတ်ဖျတ် တုန်ခါနေသည်။

၎င်းဆီမှ ထွက်ပေါ်နေသော အေးစက်စက် အရှိန်အဝါမှာ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကိုပါ ပိုင်းဖြတ်နိုင်စွမ်း ရှိပုံရသည်။

တွန့်ဆုတ်မနေဘဲ

သူသည် ပိုင်ကျီဟန်ထံသို့ ထိုလွှဲကြီးကို ခုတ်ချလိုက်သည်။

ရွှမ်

အရိပ်လွှဲကြီးသည် လေထုကို ဆွဲဖြဲကာ အမှောင်လမ်းကြောင်းတစ်ခု ချန်ရစ်ရင်း ပိုင်ကျီဟန်၏ ရင်ဘတ်ဆီသို့ ကျဆင်းလာသည်။

သို့သော်

ပိုင်ကျီဟန်ကတော့ တည်ငြိမ်နေဆဲပင်။

သူ့၏ ထာဝရဝိညာဉ်ဓားကို မြှောက်လိုက်သည်။

ချွမ် ချွမ်

စွမ်းအားနှစ်ရပ် ပြင်းထန်စွာ ထိပ်တိုက်တွေ့သွားသည်။

အရိပ်လွှဲကြီးကို အကာအကွယ်ပြုလိုက်သည်နှင့် ဝိညာဉ်စွမ်းအင် အစအနများမှာ အရပ်မျက်နှာအနှံ့ လွင့်စင်သွားကြသည်။

စူးရှသော သတ္တုချင်း ထိခိုက်သံမှာ စစ်တလင်းတစ်ခုလုံး ဟိန်းထွက်သွားသည်။

ချုန်ရှန်း၏ မျက်နှာမှာ ပုံပျက်ပန်းပျက် ဖြစ်သွားသည်။

ပိုင်ကျီဟန်မှာမူ တစ်လှမ်းလေးပင် နောက်မဆုတ်ဘဲ ရပ်မြဲအတိုင်း ရပ်နေဆဲ။

(ဒီလောက်အထိ ကြောက်စရာကောင်းတဲ့ ခွန်အားမျိုးလား...)

သို့သော် ထိုခဏမှာပင် ချုန်ရှန်း မျက်လုံးများထဲတွင် ပြတ်သားမှုများ လက်ခနဲ ဖြစ်သွားသည်။

"ငါ့ရဲ့ အစွမ်းကုန်ကို ထုတ်သုံးရတော့မှာပဲ”

တွန့်ဆုတ်မနေဘဲ

သူ့လျှာကို သူ ပြန်ကိုက်လိုက်သည်။

ဖူး

သွေးတစ်လုတ်မှာ လေထဲသို့ ပန်းထွက်သွားသည်။

သူ့လက်များကလည်း လက်ကွက်များကို အလျင်အမြန် ဖော်ဆောင်လိုက်သည်။

ထိုသွေးများမှာ အောက်သို့ မကျသွားဘဲ

လောင်ကျွမ်းသွားသည်။

"သွေးနတ်ဆိုး တိုးတက်ခြင်း”

ဝုန်း

ပြင်းထန်သော စွမ်းအင်လှိုင်းတစ်ခုမှာ ချုံရှန့်၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသည်။

သူ့အရှိန်အဝါသည် ကောင်းကင်သို့ ထိုးတက်သွားသည်။

သူ့၏ ကိုယ်ပိုင်အနှစ်သာရများကို လောင်ကျွမ်းစေပြီး ချီများ သောင်းကျန်းလာသည်နှင့်အမျှ အရေပြားပေါ်ရှိ သွေးကြောများမှာလည်း ဖောင်းကားလာသည်။

သူ့၏ ကျင့်စဉ်အဆင့်သည်

အတင်းအဓမ္မ မြင့်တက်လာသည်။

ဗလာသန့်စင်ခြင်း အစောပိုင်းအဆင့်မှ

အလယ်အလတ်၊ ထိပ်တန်း နှင့် ထို့နောက် အထွတ်အထိပ်သို့ ရောက်သွားသည်။

မဟာကောင်းကင်ဘုံတက်ခြင်း နယ်ပယ်၏ အနားသတ်ကိုပင် ထိတွေ့သွားလေပြီ။

လေထုမှာ တုန်ခါနေသည်။

ဖိအားကြောင့် ပျက်စီးနေသော မြေပြင်မှာပင် ပို၍ အက်ကွဲလာသည်။

ပိုင်ကျီဟန်၏ မျက်လုံးများ အနည်းငယ် မှေးကျဉ်းသွားသည်။

"အိုး..."

စိတ်ဝင်စားမှု အရိပ်အယောင် အနည်းငယ် ပေါ်လာသည်။

ကောင်းကင်ဘုံမှ ရွေးချယ်ခံရသူတစ်ယောက် ဖြစ်သည့်အတိုင်း ကိုယ့်အစွမ်းကို မြှင့်တင်နိုင်သော နည်းစနစ်တစ်ခု ရှိနေခြင်းမှာ မဆန်းပေ။

မိမိပုံမှန် အနိုင်မယူနိုင်သော ရန်သူကို ရင်ဆိုင်ရချိန်တွင် ၎င်းမှာ အမှန်တကယ် အသုံးဝင်သည်။

ဤကဲ့သို့သော နည်းစနစ်ကို ကိုင်တွယ်ရန်မှာ ရိုးရှင်းပါသည်။

၎င်း၏ သက်ရောက်မှုကုန်ဆုံးချိန်အထိ စောင့်လိုက်ရန်သာ လိုပြီး ထိုအခါတွင် ချုန်ရှန်းလုံးဝ အားနည်းသွားမည် ဖြစ်သည်။

ထွက်ပြေးဖို့ ဆိုလျှင်လည်း

ချုန်ရှန်း မပြေးနိုင်ပေ

စနစ် အကူအညီဖြင့် ပိုင်ကျီဟန်သည် သူ ဘယ်နေရာကို ပြေးပြေး နောက်ယောင်ခံ လိုက်နိုင်စွမ်း ရှိသည်။

သို့သော် ရှောင်တိမ်းနေစရာလည်း မလိုပေ

ချုန်ရှန်းသာ ဒီထက် ပိုသန်မာနေလျှင်တော့ တစ်မျိုးပေါ့။

ချုန်ရှန်း၏ အသက်ရှူသံများမှာ ပြင်းထန်လာသည်။

မျက်နှာမှာလည်း အနည်းငယ် ဖြူလျော်နေသည်။

ဤနည်းစနစ်ကို အသုံးပြုခြင်းမှာ သူ၏ သွေးအနှစ်သာရနှင့် ချီအမြောက်အမြားကို ဝါးမျိုလောင်ကျွမ်းစေသည်။

သို့သော် သူ့မှာ အခြားရွေးချယ်စရာ မရှိပေ

(ဒါက ကြာကြာခံမှာ မဟုတ်ဘူး။)

သူ ရှင်းရှင်းလင်းလင်း သိသည်။

သူ့၏ လက်ရှိ ကုန်ခမ်းလုနီးပါး ဖြစ်နေသော ချီ ပမာဏနှင့်ဆိုလျှင် ဤအခြေအနေကို မိနစ်အနည်းငယ်သာ ထိန်းထားနိုင်သည်။

ထိုအချိန်အတွင်း ပိုင်ကျီဟန်ကို သတ်ရမည်။ သို့မဟုတ်လျှင် အနည်းဆုံးတော့ သူ့နောက်ကို လိုက်မလာနိုင်အောင် လုပ်ရမည်။

"အခု ငါ့ကို မင်း ဘယ်လိုယှဉ်မလဲ ကြည့်ကြသေးတာပေါ့”

သူ့ပုံရိပ်မှာ ဝေဝါးသွားသည်။

ဝှူး

သူသည် အမှောင်လျှပ်စီးတစ်ခုကဲ့သို့ ရှေ့သို့ ပြေးထွက်သွားသည်။

ယခုတစ်ကြိမ်တွင်

ပိုမြန်သည်၊ ပိုသန်မာသည်၊ ပို၍လည်း ကြမ်းတမ်းသည်။

သူ့၏ အရိပ်လွှဲကြီးသည် လေထုကို ဆွဲဖြဲကာ လမ်းကြောင်းတွင် ရှိသမျှကို ပုံပျက်သွားစေနိုင်သည့် ဖိအားမျိုးနှင့်အတူ ကျဆင်းလာသည်။

ပိုင်ကျီဟန်၏ အကြည့်မှာ စူးရှသွားသည်။

သူ့ဓားကို ပြန်မြှောက်လိုက်သည် -ဝုန်း

နောက်ထပ် တိုက်ခိုက်မှုတစ်ခု။

အရင်ကထက် ပိုသန်မာသည်။

ယခုတစ်ကြိမ်တွင် ပိုင်ကျီဟန်၏ ခြေဖဝါးအောက်ရှိ မြေပြင်မှာ အနည်းငယ် အက်ကွဲသွားသည်။

တိုက်ခိုက်မှု စွမ်းအားမှာ သိသိသာသာ မြင့်တက်လာခဲ့ပြီ။

ချွမ် ချွမိ

အရိပ်လွှဲနှင့် ဓားမှာ အကြိမ်ကြိမ် ထိပ်တိုက်တွေ့နေကြသည်။

တိုက်ခိုက်မှုတစ်ခုစီတိုင်းသည် ပြင်းထန်သော တုန်ခါလှိုင်းများကို ဖြစ်ပေါ်စေပြီး ပျက်စီးနေသော မြေပြင်ကို ပို၍ ကြေမွစေသည်။

ချုန်ရှန်း၏ အရှိန်အဝါမှာ ပိုမိုမြင့်တက်လာသည်။

ပိုသန်မာလာသည်၊ ပိုမြန်လာသည်၊ ပိုကြမ်းတမ်းလာသည်။

သို့သော်လည်း

ပိုင်ကျီဟန်မှာမူ အရင်အတိုင်းပင်။

မလှုပ်မယှက်။

မတုန်မလှုပ်ပင်

သူ့ဓားသည် အားစိုက်စရာမလိုဘဲ တိကျစွာ မြှောက်တက်လိုက် ကျဆင်းလိုက်နှင့်၊ လှုပ်ရှားမှုတစ်ခုစီတိုင်းမှာ ရိုးရှင်း၊ သန့်ရှင်းပြီး ပြီးပြည့်စုံနေသည်။

သို့တိုင်အောင်

ချုန်ရှန်း၏ တိုက်ကွက်တိုင်းကို သူ တားဆီးထားနိုင်ခဲ့သည်။

ချုန်ရှန်း၏ မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားသည်။

(ဒါက...)

တစ်ခုခုတော့ မှားနေပြီ။

သူ့၏ လက်ရှိ အစွမ်းနှင့်ဆိုလျှင်

သူသည် ပိုင်ကျီဟန်ကို ဖိနှိပ်ထားနိုင်ရမည်။ ပိုင်ကျီဟန်သည် မဟာကောင်းကင်ဘုံနယ်ပယ်တွင် ရှိနေလျှင်ပင် သူ အနိုင်ယူနိုင်လိမ့်မည်ဟု ထင်ထားခဲ့သည်။

သို့သော် အမှန်တကယ်တွင်

သူ့၏ ကျင့်စဉ်အဆင့်ကို အတင်းအဓမ္မ မြှင့်တင်ထားသော်လည်း ဘာမှ ထူးခြားမလာကြောင်း သူ သဘောပေါက်လိုက်သည်။

သူ့မျက်လုံးထဲတွင် စူးရှသော အရိပ်အယောင်တစ်ခု လက်ခနဲ ဖြစ်သွားသည်။

(ဓားရည်ရွယ်ချက်)

ယခုတော့ သူ ခံစားမိလိုက်ပြီ။

ဒါက ဓားသိုင်းသက်သက် မဟုတ်ပေ

ဓားရည်ရွယ်ချက်ပင်

ချုန်ရှန်း နှလုံးသားမှာ တုန်လှုပ်သွားသည်။

(မဖြစ်နိုင်တာ သူ့အသက်အရွယ်နဲ့?)

ဆယ်ကျော်သက်အရွယ် သို့မဟုတ် အသက်နှစ်ဆယ်ဝန်းကျင်နှင့် ဓားရည်ရွယ်ချက်ကို နားလည်သဘောပေါက်ရန်မှာ

အနောက်ဘက်ဒေသမှာပင်

နှစ်သန်းပေါင်းများစွာ တစ်ယောက်သာ ပေါ်လာမည့် ပါရမီရှင်မျိုးပင်

သူ့မျက်လုံးများ မှေးကျဉ်းသွားသည်။

(မဟုတ်ဘူး၊ ဒါက သာမန်ဓားရည်ရွယ်ချက်ထက် ပိုသန်မာတယ်)

၎င်းသည် အခြေခံဓားရည်ရွယ်ချက် မဟုတ်ကြောင်း သူ ချက်ချင်း သိလိုက်သည်။

၎င်းမှာ အများကြီး ပိုသန်မာနေသည်။

(ဓားရည်ရွယ်ချက် အလယ်အလတ်အဆင့်လား?)

သို့သော် ထိုအတွေးကို သူ ချက်ချင်း ပယ်ချလိုက်သည်။

ဓားနှင့်အတူ နှစ်ပေါင်းထောင်ချီ ဖြတ်သန်းခဲ့သည့် အဖိုးကြီးအချို့ပင်လျှင်...အဆင့်မြင့် အင်မော်တယ် အဆင့်ကို ရောက်ရှိနေသူများပင် ထိုအသိကို ရရှိရန် ရုန်းကန်ရတတ်သည်။

သို့ဆိုလျှင် ပိုင်ကျီဟန်က မည်သို့များ ရရှိသွားသနည်း။

ဓားကြောင့်ပဲ ဖြစ်ရမည်။

ထိုလက်နက်သည် အမှန်တကယ်ပင် ထူးခြားဆန်းပြားလွန်းလှသည်။

"အား”

ချုန်ရှန်းသည် ဟိန်းဟောက်ရင်း သူ၏အရိပ်လွှဲကြီးကို ပို၍မြန်ဆန်စွာ လွှဲယမ်းလိုက်သည်။

ဝုန်း! ဝုန်း! ဝုန်း

တိုက်ကွက်တစ်ခုစီတိုင်းသည် ပို၍ပြင်းထန်လာသည်။

ပို၍လည်း အသည်းအသန် ဖြစ်လာသည်။

သို့သော် သူမည်သို့ပင် တိုက်ခိုက်စေကာမူ

ပိုင်ကျီဟန်၏ ခုခံမှုကို သူမဖောက်ထွင်းနိုင်ခဲ့ပေ

အလျင်နှုန်းလော?

အရိပ်ဝါးမျိုနယ်ပယ်ရှိနေသည့်တိုင် ပိုင်ကျီဟန်၏ အရိပ်ကိုးပါး စီးဆင်းနေသော အလင်းဓားသိုင်းကို သူ မကျော်လွန်နိုင်ပေ။

ခွန်အားလော?

နိမ့်ကျလွန်းသည်။ ပိုင်ကျီဟန်၏ ဓားရည်ရွယ်ချက်နှင့် မှော်ဝင်ဓားတို့ပေါင်းစပ်မှုအောက်တွင် သူ့ကို ခွန်အားဖြင့် ဖိနှိပ်ရန်မှာ အလွန်ခက်ခဲလှသည်။

နည်းစနစ်လော?

သူ့တွင် ပိုကောင်းသော နည်းစနစ်အချို့ ရှိသည်မှာ မှန်သော်လည်း ပိုင်ကျီဟန်ကလည်း အားနည်းသူမဟုတ်ပေ။

ပိုင်ကျီဟန်ကို သတ်ရန်အတွက် သူသည် အရာရာတိုင်းတွင် လိုအပ်ချက်ရှိနေသည်။

သူ့အသက်ရှူသံများ ပြတ်တောင်းလာသည်။

ခန္ဓာကိုယ်သည်လည်း အနည်းငယ် တုန်ယင်နေသည်။

(မလုံလောက်သေးဘူး)

သူ့မျက်လုံးများထဲတွင် ရူးသွပ်မှုအရိပ်အယောင်များ လက်ခနဲဖြစ်သွားသည်။

"ဒါဆိုရင်လည်း-"

သူ့အသံမှာ အက်ကွဲသွားသည်။

"ငါ အစွမ်းကုန် ထုတ်သုံးတော့မယ်”

ဝုန်း

သူ့အရှိန်အဝါများ ထပ်မံမြင့်တက်လာပြန်သည်။

သို့သော် ယခုတစ်ကြိမ်တွင် ကုန်ဆုံးသွားသည်မှာ ချီစွမ်းအင်သက်သက် မဟုတ်တော့ဘဲ

သူ့၏ သက်စောင့်အနှစ်သာရပင် ဖြစ်သည်။

အရေပြားပေါ်တွင် အက်ကြောင်းများ ပေါ်လာပြီး သွေးများ စိမ့်ထွက်လာသည်။

သူ့အရှိန်အဝါမှာ ပြင်းထန်စွာ လိမ်ရှုပ်နေ၏

မတည်ငြိမ်သလို အန္တရာယ်လည်း အလွန်များလှသည်။

"ငါ့ရဲ့ ကျင့်စဉ်အဆင့်ကို ထပ်ပြီးမြှင့်မယ်...”

"ဒီနေရာမှာတင် အခုချက်ချင်းပဲ”

ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု သက်ဆင်းလာသည်။

ပတ်ဝန်းကျင် ဟင်းလင်းပြင်မှာ တုန်ခါနေသည်။

ကောင်းကင်ဘုံပင် တုံ့ပြန်လာပုံရသည်။

ချုန်ရှန်း၏ ကျင့်စဉ်အဆင့်မှာ အတင်းအဓမ္မ ထပ်မံမြင့်တက်လာသည်။

နောက်ဆုံးအတားအဆီးကို ကျော်ဖြတ်ကာ

မဟာကောင်းကင်ဘုံနယ်ပယ်ကို ထိတွေ့သွားလေပြီ

သူ့မျက်လုံးများမှာ သွေးစုံအိုင်လျက်ရှိ၏

ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ယင်နေသည်။

(ငါ တစ်ကွက်ပဲ ထုတ်နိုင်တော့မယ်...) သူ သိသည်။

ယခုတိုက်ကွက်ပြီးနောက်

နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ

သူသည် လုံးဝ အင်အားချည့်နဲ့သွားမည်ဖြစ်သည်။

သို့သော် ထိုမျှနှင့် လုံလောက်သည်။

လုံလောက်ရမည်။

သူ့နှုတ်ခမ်းထက်တွင် ကောက်ကျစ်သော အပြုံးတစ်ခု ပေါ်လာသည်။ အကြောင်းမှာ သူ တစ်ခုကို ရှင်းရှင်းလင်းလင်း နားလည်ထားသောကြောင့်ဖြစ်သည်။

ပိုင်ကျီဟန် ရှောင်မည်မဟုတ်ပေ

ကိုယ့်ကိုကိုယ် ယုံကြည်မှုလွန်ကဲလွန်းနေသည်

မောက်မာလွန်းနေသည်

သူသည် အရင်တိုက်ကွက်များကဲ့သို့ပင် ယခုတိုက်ကွက်ကိုလည်း ခုခံလိမ့်မည်။

ထိုအရာသည်ပင် သူ့အတွက် သေတွင်းဖြစ်လိမ့်မည်။

ချုန်ရှန်းသည် သူ၏လွှဲကြီးကို မြှောက်လိုက်သည်။

သူ့ပတ်ပတ်လည်ရှိ အရိပ်များသည် လွှဲသွားထဲသို့ အပြင်းအထန် စုစည်းဝင်ရောက်သွားကြသည်။

သူ့ ချီစွမ်းအင်

သူ့သွေး

သူ့သက်စောင့်အနှစ်သာရ

အားလုံးမှာ အတူတကွ လောင်ကျွမ်းသွားသည်။ အလွှဲကြီးမှာ တုန်ခါနေပြီး-

ထို့နောက် တည်ငြိမ်သွားသည်။ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ပျံ့နှံ့လာသည်။

လေထုပင် အော်ဟစ်နေပုံရသည်။ "ဒီတိုက်ကွက်က..." ချုန်ရှန်း၏ အသံမှာ တိုးညင်းသော်လည်း ရူးသွပ်မှုများဖြင့် ပြည့်နှက်

နေသည်။

"သေချာပေါက် ထိခိုက်စေရမယ်..ငရဲဘုံ ဝိညာဉ်နုတ်လွှဲ “

လွှဲသွားမှာ မှောင်မည်းသွားပြီး

ထို့နောက် အောက်လမ်းနည်းကျလှသော နီရဲသည့်အလင်းများ တောက်ပလာသည်။

ဤတိုက်ကွက်ဖြင့် အင်မော်တယ်အဆင့် ကျင့်ကြံသူကိုပင် သတ်နိုင်မည်ဟု သူ ယုံကြည်ချက်အပြည့်ရှိသည်။

ကမ္ဘာကြီးမှာ တိတ်ဆိတ်သွားသယောင်ပင်။

သူ့အစွမ်းအားလုံးကို ထိုတိုက်ကွက်တစ်ခုတည်း၌ စုစည်းလိုက်သည်။

ချုန်ရှန်း ရှေ့သို့ ခြေတစ်လှမ်း တက်လိုက်သည်။

ပြီးနောက် ခုတ်ချလိုက်သည်။

ရွှမ်

ချုန်ရှန်း၏ နောက်ဆုံးတိုက်ကွက် ကျဆင်းလာသည့် ခဏမှာပင်

ကမ္ဘာကြီးမှာ မှောင်မိုက်သွားသယောင် ရှိသည်။

အသံအားလုံး ပျောက်ကွယ်သွားသည်။

ထိုကြောက်မက်ဖွယ်ကောင်းသော ခုတ်ချက်တစ်ခုသာ ကျန်ရစ်သည်။

ထိုတိုက်ကွက်ကို တုံ့ပြန်သည့်အနေဖြင့် ပိုင်ကျီဟန်သည်လည်း အလေးအနက်ထားကာ လှုပ်ရှားလိုက်သည်။

သူ့လက်ချောင်းများက ဓားရိုးကို အနည်းငယ် တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။

"ကံကြမ္မာဖြတ်တောက်ခြင်းဓားချက် “

သူ့ဓားသွားပတ်ပတ်လည်ရှိ ဟင်းလင်းပြင်မှာ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပုံရသည်။

ကံကြမ္မာကိုယ်တိုင်ပင် အဖြတ်ခံလိုက်ရသကဲ့သို့ပင်။

ထို့နောက် သူ ခုတ်ချလိုက်သည်။ ရိုးရှင်းသော လှုပ်ရှားမှုတစ်ခု။

ကြီးကျယ်ခန်းနားသော ပြကွက်များ မရှိပေ

လွှမ်းမိုးထားသော ဖိအားများ မရှိပေ

သန့်ရှင်းစင်ကြယ်သော ခုတ်ချက်တစ်ခုသာ ဖြစ်သည်။

ချွမ်

တိုက်ကွက်နှစ်ခု ထိပ်တိုက်တွေ့သွားသည်။

ခဏတာမျှ

အချိန်များ ရပ်တန့်သွားသည်။

ထို့နောက်

ဂျွတ်

ချုန်ရှန်း၏ မျက်နှာပေးမှာ တောင့်ခဲသွားသည်။ သူ၏ ငရဲဘုံ ဝိညာဉ်နုတ်လွှဲတိုက်ကွက်မှာ အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားလေပြီ

သူစုစည်းထားသမျှ ကြောက်စရာကောင်းသော စွမ်းအားများမှာ ကွဲထွက်သွားသည်။

အရိပ်များမှာလည်း ပြိုကွဲသွားသည်။

ဝုန်း

နောက်ဆက်တွဲ ပေါက်ကွဲအားလှိုင်းသည် မြေပြင်တစ်ခုလုံးကို ရိုက်ခတ်သွားသည်။

သို့သော် အလယ်ဗဟိုတွင်မူ

ပိုင်ကျီဟန်မှာ မလှုပ်မယှက် ရပ်နေဆဲသာ

တစ်လှမ်းလေးပင် နောက်မဆုတ်ခဲ့ပေ

သူ့ခန္ဓာကိုယ်ပေါ်တွင် အစင်းရာတစ်ခုပင် မထင်ပါ။ လုံးဝ ဒဏ်ရာကင်းစင်နေသည်။

ချုန်ရှန်း၏ မျက်သူငယ်အိမ်များမှာ အပ်ဖျားခန့်အထိ ကျုံ့သွားသည်။ (မ... ဖြစ်... နိုင်တာ...)

သူ့ခန္ဓာကိုယ်မှာ တုန်ယင်နေသည်။

လက်ထဲရှိ လွှဲကြီးသည် ပျောက်ကွယ်သွားပြီ ဖြစ်သည်။

သူ့လက်နှစ်ဖက်မှာ ဘေးသို့ အားမရှိစွာ ကျဆင်းနေသည်။

သူ့အင်အားအားလုံးမှာ ကုန်ခမ်းသွားလေပြီ။

မိမိအသက်ကို လောင်ကျွမ်းစေခဲ့သော နောက်ဆုံးတိုက်ကွက်မှာ... အရာအားလုံး...အဓိပ္ပာယ်မရှိ ဖြစ်သွားခဲ့သည်။

"အု..."

သူ့နှုတ်ခမ်းများကြားမှ သွေးတစ်လုတ် ပန်းထွက်လာသည်။

ဒူးများ ညွတ်ခွေသွားသည်။

ဗုန်း

သူ မြေပြင်ပေါ်သို့ လဲကျသွားသည်။

သူ့အောက်ရှိ မြေပြင်သည် အနည်းငယ် အက်ကွဲသွားသည်။

အမြင်အာရုံများ ဝေဝါးလာသည်။

အသက်ရှူသံများမှာလည်း မမှန်တော့ပေ။

သွေးနတ်ဆိုး တိုးတက်ခြင်းနည်းစနစ်၏ နောက်ဆက်တွဲဒဏ်မှာ ရောက်ရှိလာလေပြီ။

အတင်းအဓမ္မ အဆင့်တက်ခဲ့ခြင်း...

ချီ စွမ်းအင်များ လုံးဝကုန်ခမ်းသွားခြင်း... အရာအားလုံးက သူ့ကို တစ်ပြိုင်နက်တည်း ရိုက်ခတ်လာသည်။ သွေးကြောများမှာ လောင်ကျွမ်းနေသကဲ့သို့ ခံစားရသည်။

ခန္ဓာကိုယ်မှာလည်း အတွင်းပိုင်းမှ ဆွဲဖြဲခံနေရသကဲ့သို့ပင်။

လက်ချောင်းတစ်ချောင်းကိုပင် မလှုပ်နိုင်တော့ပေ

ချုန်ရှန်းသည် သွားကို တင်းတင်းကြိတ်ထားသည်။

ဒေါသ

စိတ်ပျက်မှု

လက်မခံနိုင်မှု

အရာအားလုံးမှာ သူ့အတွင်း၌ ရိုက်ခတ်နေသည်။

ပုံမှန်အားဖြင့် မည်သို့သောအခြေအနေမျိုးတွင်မဆို၊ မဖြစ်နိုင်ဟု ထင်ရချိန်တွင်ပင် သူ၏ ပါးနပ်မှုနှင့် ကံကောင်းမှုတို့ဖြင့် အခြေအနေကို အလွယ်တကူ ပြောင်းပြန်လှန်နိုင်ခဲ့သည်။

ယခုတစ်ကြိမ်တွင်လည်း ထိုသို့ပင် ဖြစ်လိမ့်မည်ဟု သူ ထင်ခဲ့သော်လည်း မှားယွင်းသွားခဲ့ပြီ။

သို့သော်

သူ ဘာမှမတတ်နိုင်တော့ပေ။

ဘာဆိုဘာမှ မတတ်နိုင်တော့ပေ

သူ့ရှေ့တွင် ပိုင်ကျီဟန်သည် သူ့ဓားကို ဖြည်းညင်းစွာ နှိမ့်ချလိုက်သည်။

သူ့မျက်နှာပေးမှာ တည်ငြိမ်နေပြီး ဂရုမစိုက်သယောင်ပင်။ သူသည် အစွမ်းကုန် မထုတ်သုံးခဲ့သလို ကိုယ်ကိုလည်း ထိန်းထားခဲ့သည်။

သို့မဟုတ်လျှင် ကံကြမ္မာဖြတ်တောက်ချက်ကြောင့် ချုန်ရှန်း၏ အလောင်းပင် ကျန်လိမ့်မည်မဟုတ်ပေ။

သူ့တွင် ချုန်ရှန်းကို အသုံးချရန် အစီအစဉ် ရှိနေသေးသည်။ သေချာပေါက် မသတ်ရန် ကြိုးစားထားခဲ့ပြီးမှ သူသေသွားလျှင် နှမြောစရာ ဖြစ်လိမ့်မည်။

ယခုမူ ချုန်ရှန်းသည် အရာအားလုံး ကုန်ခမ်းသွားပြီဖြစ်ရာ ပြေးနိုင်စွမ်း ရှိတော့မည်မဟုတ်ဟု ပိုင်ကျီဟန် တွေးလိုက်မိသည်။

အခန်း ၅၁၃ ကောင်းကင်ဘုံ၏ ပြစ်ဒဏ်ခတ်ခြင်း

ပိုင်ကျီဟန်သည် မြေပြင်ပေါ်တွင် အားကိုးရာမဲ့စွာ လဲလျောင်းနေသော ချုန်ရှန်းထံသို့ ဖြည်းညင်းစွာ လျှောက်လှမ်းသွားသည်။

သူ တစ်ကျော့ပြန် ပြန်လည်မွေးဖွားလာပြီးနောက်ပိုင်း ပထမဦးဆုံးအကြိမ်အဖြစ် ချုန်ရှန်းတွင် ဘာမှမကျန်တော့ပေ။

သူ့အစွမ်းရှိသမျှ အကုန်ထုတ်သုံးခဲ့သော်လည်း ပုံမှန်အားဖြင့် သူအမြဲလုပ်နိုင်နေကျဖြစ်သော အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်ခြင်းမျိုး ယခုတစ်ကြိမ်တွင် မစွမ်းဆောင်နိုင်ခဲ့ပေ

သူ့လက်ချောင်းများမှာ အနည်းငယ် လှုပ်ခတ်သွားပြီးနောက် ပြန်လည်ငြိမ်သက်သွားသည်။

ချုန်ရှန်းသည် သူ့အောက်ရှိ မြေပြင်ကိုသာ စိုက်ကြည့်နေမိသည်။

တိတ်ဆိတ်နေ၏

ပြောစရာစကားလည်း မရှိတော့သလို လုပ်စရာလည်း ဘာမှမကျန်တော့အေ

သူ ရှိသမျှအရာအားလုံးကို ပေးဆပ်ခဲ့ပြီးပြီ။

သို့သော်လည်း မလုံလောက်ခဲ့ပေ။

သူ့နှုတ်ခမ်းထောင့်တွင် ခါးသီးသော အပြုံးနုနုလေးတစ်ခု ပေါ်လာသည်။

(ဒီတော့ ငါ့ရဲ့ဒီဘဝက ဒီမှာတင်ပဲ ဇာတ်သိမ်းရတော့မှာပေါ့...)

သူသည် သေခြင်းတရားကို အလွန်အမင်း မကြောက်ရွံ့ပေ။ သူ တစ်ခါ သေဖူးပြီးသား ဖြစ်သည်။

သစ္စာဖောက်ခံရခြင်းကို ရင်ဆိုင်ခဲ့ဖူးသည်။

မျှော်လင့်ချက်မဲ့ခြင်းကို ရင်ဆိုင်ခဲ့ဖူးသည်။

ဇာတ်သိမ်းခြင်းကိုလည်း ရင်ဆိုင်ခဲ့ဖူးသည်။

သေခြင်းတရားဆိုသည်မှာ သူ့အတွက် စိမ်းသက်နေသောအရာ မဟုတ်တော့ပေ။

သို့သော် သူ့မျက်လုံးများမှာ အနည်းငယ် မှောင်မှိန်သွားသည်။

နောင်တရမှုများ ရှိနေသည်။

ဒေါသများ ရှိနေသည်။

သေရမှာကို မဟုတ်ပေ

မပြီးဆုံးသေးသော ကိစ္စရပ်များအတွက် ဖြစ်သည်။

(အဲဒီလူတွေ...)

သူ့ဘဝဟောင်းတွင် သူ့ကို သစ္စာဖောက်ခဲ့သူတွေ။

သူ့ကို လှည့်ဖျားခဲ့သူတွေ။

သူ့ကို သေတွင်းထဲ ပို့ခဲ့သူတွေ

သူ ကလဲ့စား မချေရသေးပေ

ယခုမူ

သူ တစ်ဖန် ပြန်သေရတော့မည်။

သူ့မျက်လုံးများထဲတွင် အားနည်းလှသော သတ်ဖြတ်လိုစိတ် အရိပ်အယောင်တစ်ခု လက်ခနဲဖြစ်သွားသည်။

ထို့နောက်

ပိုင်ကျီဟန်။

ချုန်ရှန်းသည် သူ့အကြည့်ကို ဖြည်းညင်းစွာ မော့လိုက်သည်။

မိမိထံသို့ လျှောက်လှမ်းလာသော ပုံရိပ်ကို ကြည့်လိုက်သည်။

(ငါ သူ့ကို အပြစ်လုပ်ထားတာမျိုး မရှိသေးဘူး ထင်တာပဲ။)

သူ သွားကို အနည်းငယ် တင်းတင်းကြိတ်လိုက်သည်။

ဤလူ့တွင် သူ့ကို သတ်ရန် အကြောင်းပြချက် မရှိပေ

ကြီးကြီးမားမား ရန်ငြိုးမရှိသလို၊ အတိတ်က ပဋိပက္ခလည်း မရှိခဲ့ပေ။

သို့သော်လည်း

အစကတည်းက ပိုင်ကျီဟန်သည် သူ့ကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားနေသည်ဟု သူ ခံစားခဲ့ရသည်။

အကယ်၍ နောက်ထပ် အခွင့်အရေးတစ်ခုသာ ရှိမည်ဆိုပါက

အကယ်၍ နောက်တစ်ကြိမ် ပြန်လည်မွေးဖွားခွင့် ရဦးမည်ဆိုပါက

ချုန်ရှန်း၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းတစ်ခု လက်ခနဲဖြစ်သွားသည်။

(ပိုင်ကျီဟန်... မင်းက နံပါတ်တစ်ပဲ)

သူ့ကလဲ့စားချေမည့်စာရင်း၏ အထိပ်ဆုံးတွင်ရှိ၏

သို့သော် ၎င်းမှာ နောက်ဘဝရှိမှသာ ဖြစ်နိုင်ပေလိမ့်မည်။

ပိုင်ကျီဟန်သည် ခြေလှမ်းအနည်းငယ်အကွာတွင် ရပ်တန့်လိုက်ပြီး

သူ့ကို ငုံ့ကြည့်လိုက်သည်။

သူ တစ်ခုခုလုပ်ရန် ပြင်လိုက်စဉ်မှာပင်

ကမ္ဘာကြီးမှာ ပြောင်းလဲသွားသည်။

ဝုန်း

ကောင်းကင်ယံမှ နားကွဲမတတ် ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာသည်။

မိုးကောင်းကင်သည် မှောင်မိုက်သွားသည်။

နေရောင်ခြည်သည် ချက်ချင်းဆိုသလို ပျောက်ကွယ်သွားပြီး အရပ်မျက်နှာအနှံ့မှ စုရုံးလာသော ထူထပ်လှသည့် တိမ်တိုက်ကြီးများ၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။

အသက်ရှူကျပ်လောက်သော ဖိအားတစ်ခု သက်ဆင်းလာသည်။

ချုန်ရှန်း၏ မျက်သူငယ်အိမ်များ ကျုံ့သွား၏

ထို့နောက် ပြူးကျယ်သွားသည်။

ဖြည်းဖြည်းချင်းပင်၊ သူ့မျက်နှာပေါ်တွင် ပြုံးဖြီးဖြီးအမူအရာတစ်ခု ပေါ်လာသည်။

သူ ရယ်မောလိုက်သည်။

"ဟားဟားဟား...”

အစပိုင်းတွင် ထိုရယ်သံမှာ တိုးညင်းပြီး အားနည်းနေသော်လည်း

ထို့နောက်တွင်

ပို၍ ကျယ်လောင်လာသည်။

ရူးသွပ်မှုများဖြင့် ပြည့်နှက်နေသည်။

စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။

"ကောင်းကင်ဘုံရဲ့ ပြစ်ဒဏ်ခတ်ခြင်း”

သူ့အသံသည် ကြောက်ရွံ့ခြင်းကြောင့်မဟုတ်ဘဲ ဝမ်းသာအားရဖြစ်မှုကြောင့် တုန်ယင်နေသည်။

သူ့မျက်လုံးများ အပေါ်သို့ ရောက်သွားသည်။

ကောင်းကင်ယံကို စိုက်ကြည့်လိုက်သည်။

တိမ်တိုက်များသည် ပြင်းထန်စွာ လှည့်ပတ်နေကြသည်။

ထိုတိမ်တိုက်များထဲတွင် မိုးခြိမ်းသံများသည် သောင်းကျန်းနေသော သားရဲများကဲ့သို့ ဟိန်းဟောက်နေသည်။

လျှပ်စီးများသည်လည်းထူထပ် ပြင်းထန်ပြီး ကြောက်မက်ဖွယ်ကောင်းလှသည်။

ထိုအရာ၏ ပစ်မှတ်မှာလည်း ရှင်းလင်းလှသည်။

ပိုင်ကျီဟန်

ချုန်ရှန်း၏ ရယ်သံသည် ပို၍ပင် ကျယ်လောင်လာသည်။

"ဒါဟာ ကောင်းကင်ဘုံကို ပေးထားတဲ့ ကတိသစ္စာကို ဖျက်ဆီးခဲ့တဲ့အတွက် ဝဋ်လည်တာပဲ”

သူ့အသံ၌ ယုံကြည်ချက်အပြည့် ရှိနေသည်။

ပြတ်သားနေသည်။

ကောက်ကျစ်သော အောင်ပွဲခံလိုစိတ်များနှင့် ပြည့်နှက်နေသည်။

သူ ခံစားမိသည်။

ထိုတိမ်တိုက်များထဲတွင် ရှိနေသော စွမ်းအားကိုပင်

ကြီးမားလွန်းလှသည်။

လွှမ်းမိုးထားသည်။ ကျိုးကြောင်းဆင်ခြင်၍ မရနိုင်လောက်အောင် ကြောက်စရာကောင်းလှသည်။

၎င်းသည် သာမန် ပြစ်ဒဏ်ခတ်ခြင်းမျိုး မဟုတ်ပေ။

အပြစ်ပေးခြင်း ဖြစ်သည်။

ဖျက်ဆီးပစ်ရန် ရည်ရွယ်သည့် ပြစ်ဒဏ်ခတ်ခြင်းမျိုးသာ

အားနည်းနေသည့် အခြေအနေမှာပင် ချုန်ရှန်းသည် ၎င်းကို ရှင်းရှင်းလင်းလင်း ခံစားမိနေသည်။

အတိုင်းအတာက...

ဖိအားက...

အင်မော်တယ်နယ်ပယ်သို့ တက်လှမ်းချိန်တွင် ရင်ဆိုင်ရသည့် ပြစ်ဒဏ်ခတ်ခြင်းထက် မနိမ့်ကျပေ။

မဟုတ်ပေ ထိုထက်တောင် ပိုသန်မာနိုင်သေးသည်။

သူသည်လည်း အင်မော်တယ်နယ်ပယ်သို့ တက်လှမ်းစဉ်က "ကောင်းကင်ဘုံ ပြစ်ဒဏ်ခတ်ခြင်း" ကို ဖြတ်ကျော်ခဲ့ဖူးသော်လည်း ထိုစဉ်က ရင်ဆိုင်ခဲ့ရသည်မှာ ယခု သူ့အပေါ်တွင် ရှိနေသည့်အရာလောက် မကြီးမားခဲ့ပေ။

ပါရမီ ပိုကြီးလေလေ၊ ကောင်းကင်ဘုံ၏ ပြစ်ဒဏ်ခတ်ခြင်းက ပို၍ပြင်းထန်လေလေ ဖြစ်သည်။ အင်အားအကြီးဆုံး နတ်ဆိုးကျင့်ကြံသူ ဖြစ်လာမည့် ကံပါလာသော သူ့အတွက်ပင် "ကောင်းကင်ဘုံ ပြစ်ဒဏ်ခတ်ခြင်း" မှာ ၁၀ မိုင်ခန့်သာ ရှိခဲ့သော်လည်း ယခုမူ ၎င်းမှာ နှစ်ဆနီးပါးပင် ရှိနေလေပြီ။

ကောင်းကင်ဘုံသည် ပိုင်ကျီဟန်အပေါ် အလွန်အမင်း အမျက်ထွက်နေသည်မှာ သေချာလှသည်။

"ကောင်းတယ်”

သူ ထပ်မံရယ်မောလိုက်ပြန်သည်။

"ငါ့မှာ ကံကောင်းခြင်းတွေ ကျန်ပါသေးလား”

သူ တိုးတိုးလေး ရေရွတ်လိုက်သည်။

သူ့အသံမှာ အက်ကွဲနေသော်လည်း အသက်ဝင်နေသည်။

ကောင်းကင်ဘုံကို မည်သူက ယှဉ်နိုင်မှာလဲ။

မဟာကောင်းကင်ဘုံ အထွတ်အထိပ်နယ်ပယ်မှ ပညာရှင်များပင်လျှင်

ဤကဲ့သို့သော ပြစ်ဒဏ်ခတ်ခြင်းမျိုးကို ရင်ဆိုင်ရလျှင် တုန်လှုပ်ကြရသည်။

မရေမတွက်နိုင်သောသူများ သေဆုံးခဲ့ကြရပြီ။

ကောင်းကင်ဘုံလမ်းစဉ်၏ အမျက်ဒေါသအောက်တွင် ပြာအဖြစ် ပြောင်းလဲသွားခဲ့ကြရသည်။

ပိုင်ကျီဟန်ကော?

ဗလာသန့်စင်ခြင်း နယ်ပယ်က ကျင့်ကြံသူလေး တစ်ယောက်မျှသာ။

သူ့ ကိုယ်ခန္ဓာက ဘယ်လောက်ပဲ ထူးခြားနေပါစေ...

သူ့ရဲ့ နည်းစနစ်တွေက ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ...

ထိုအရာမျိုးကို သူ ဘယ်လိုလုပ် အသက်ရှင်

လွတ်မြောက်နိုင်မည်နည်း

လုံးဝကို မဖြစ်နိုင်ေပ

ချုန်ရှန်း၏ မျက်လုံးများမှာ တောက်ပနေသည်။

မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။

ယုတ်မာသော ကျေနပ်မှုများဖြင့် ပြည့်နှက်နေသည်။

"ပိုင်ကျီဟန်..."

သူ ပြုံးဖြီးဖြီး လုပ်လိုက်သည်။ သွေးများက သူ့နှုတ်ခမ်းတွင် ပေကျံနေသည်။

"မင်း ဒါကို ဘယ်လို ရှင်သန်အောင် လုပ်မလဲဆိုတာ ကြည့်ကြသေးတာပေါ့” သူ့အသံသည် တိုးသွားပြီး "ကောင်းကင်ဘုံကိုယ်တိုင်နဲ့ ယှဉ်ရမှာဆိုတော့”

အခြားတစ်ဖက်တွင်မူ ပိုင်ကျီဟန် ကိုယ်တိုင်မှာတော့ အလွန်အမင်း စိုးရိမ်ပူပန်နေပုံ မရပေ။

သူသည် ဖြစ်ပေါ်လာနေသော "ကောင်းကင်ဘုံ ပြစ်ဒဏ်ခတ်ခြင်း" ကို မော့ကြည့်လိုက်သည်။

(ဒါဟာ ကတိသစ္စာကို ဖျက်ခဲ့လို့လား ဒါမှမဟုတ်ရင်လည်း-)

သူသည် မြေပြင်ပေါ်တွင် လဲလျောင်းနေသော ချုန်ရှန်းကို လှမ်းကြည့်လိုက်သည်။ သူ့လက်ထဲသို့ ကျရောက်တော့မည့် ချုန်ရှန်းကို ကောင်းကင်ဘုံက ကူညီပေးနေခြင်းလည်း ဖြစ်နိုင်သည်။

အရင်က အခြားသော ကောင်းကင်ဘုံ ရွေးချယ်ခံရသူများကို သူ ကိုင်တွယ်ခဲ့စဉ်ကလည်း ထူးထူးခြားခြား ဝဋ်လည်တာမျိုး မရှိခဲ့ပေ

ကြယ်တစ်ပွင့်အဆင့်ရှိသော ရွေးချယ်ခံရသူ မိုယီချန် ကို သတ်လိုက်စဉ်မှာတောင် ဘာပြစ်ဒဏ်မှ မကျရောက်ခဲ့ပေ။

ပိုင်ရွှယ်ချင်းသည် နီဖန်းကျိုးကို အနိုင်ယူခဲ့စဉ်ကပင် သူ့သိသလောက်တော့ ဘာဝဋ်မှ မလည်ခဲ့ပေ

ချုန်ရှန်းသည် ကြယ်သုံးပွင့်အဆင့် ဖြစ်နေသည့်တိုင် အခြားသူများထက် ပိုပြီး ကောင်းကင်ဘုံ၏ မျက်နှာသာပေးမှုကို ရနေတာကြောင့်များလား။

ဘယ်သူသိနိုင်မည်နည်း

အကြောင်းရင်းက နှစ်ခုစလုံးကြောင့်လည်း ဖြစ်နိုင်သည်။

နှစ်ခုစလုံးသည် ကောင်းကင်ဘုံကို ဆန့်ကျင်နေသောကြောင့်ပင်။

သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

(ကောင်းကင်ဘုံက ငါ့ကို တကယ် သတ်ချင်နေတာပဲ)

မိုးကောင်းကင်ယံတွင် ကြီးမားလှသော စွမ်းအားများ ရှိနေသည်ကို သူ ခံစားမိနေသည်။

၎င်းမှာ စမ်းသပ်ခြင်း မဟုတ်ဘဲ သူ့ကို သတ်ပစ်ရန် ရည်ရွယ်ချက်သာ ဖြစ်ကြောင်း သေချာနေသည်။

ပိုင်ကျီဟန်သည် မှောင်မိုက်နေသော ကောင်းကင်အောက်တွင် ရပ်နေသည်။

ကမ္ဘာကြီးမှာ တိတ်ဆိတ်သွားသည်။

မိုးခြိမ်းသံများသာ ကျန်ရစ်တော့သည်။

လေထုကိုယ်တိုင်သည် အပေါ်မှ သက်ဆင်းလာသော ဖိအားကို မခံနိုင်တော့သကဲ့သို့ တုန်ယင်နေသည်။

ပိုင်ကျီဟန်သည် လှည့်ပတ်နေသော တိမ်တိုက်များဆီသို့ အကြည့်ကို မြှောက်လိုက်သည်။

လျှပ်စီးများသည် တိမ်တိုက်များထဲတွင် ဒေါသထွက်နေသော နဂါးများကဲ့သို့ ရစ်ပတ်နေပြီး လျှပ်စီးတန်းတစ်ခုစီတိုင်းသည် တည်ရှိမှုတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်သည့် စွမ်းအားများ သယ်ဆောင်ထားသည်။

သူ့နှုတ်ခမ်းထက်တွင် အပြုံးနုနုလေးတစ်ခု ရှိနေဆဲ။

"ဒီလို ဖြစ်လာမှတော့လည်း..."

တွန့်ဆုတ်မှု မရှိပေ

ကြောက်ရွံ့မှုလည်း မရှိပေ။

တည်ငြိမ်သော မျှော်လင့်ချက်များဖြင့်သာ။

အကယ်၍ ကောင်းကင်ဘုံက သူ့ကို သတ်ချင်သည်ဆိုလျှင်

သတ်နိုင်မည်လားဟု စမ်းကြည့်ခိုင်းလိုက်ရုံပင်။

သူ၏ ထာဝရဝိညာဉ်ဓားကို ဆုပ်ကိုင်ထားသော လက်မှာ အနည်းငယ် တင်းကျပ်သွားသည်။

သူ့ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအင်များသည် အထွတ်အထိပ်အဆင့်တွင် လည်ပတ်နေသည်။

သွေးကြောတိုင်း။

ချီ စွမ်းအင် အမျှင်တန်းတိုင်း။

အင်အားစက်တိုင်း

အားလုံးကို စုစည်းလိုက်သည်။

သူ အစွမ်းကုန် ထုတ်သုံးလိုက်သည်။

အနည်းငယ်မျှပင် ချန်မထားခဲ့ပေ

အကြောင်းမှာ ၎င်းသည် ပေါ့ပေါ့တန်တန် သဘောထား၍ရသော

အရာမျိုး မဟုတ်သောကြောင့်ပင်။

ဝုန်း

ပထမဆုံး လျှပ်စီးတန်း ကျဆင်းလာသည်။

လျှပ်စီးတိုင်ကြီးသည် ကောင်းကင်ယံကို ဆွဲဖြဲကာ တစ်ကမ္ဘာလုံးကို စူးရှသော အဖြူရောင်အလင်းများဖြင့် လွှမ်းခြုံသွားစေသည်။

"အရိပ်ကိုးပါး စီးဆင်းအလင်းဓား “

သူ့ပုံရိပ်သည် ချက်ချင်းဆိုသလို ကိုးခုကွဲသွားပြီး ထပ်တူကျသော အရိပ်များမှာ အရပ်မျက်နှာအသီးသီးသို့ လူခွဲလိုက်ကြသည်။

အရိပ်တစ်ခုစီတိုင်းသည် အပေးအယူ တိကျလှသည်။

ဤ ကောင်းကင်ဘုံအဆင့်နည်းစနစ်သည် အင်မော်တယ်အဆင့်ရှိ အစွမ်းထက် ကျင့်ကြံသူများကိုပင် လှည့်စားရန် လုံလောက်လှသည်။

သို့သော် ဤအရာမှာ "ကောင်းကင်ဘုံ ပြစ်ဒဏ်ခတ်ခြင်း" ဖြစ်သည်။

လျှပ်စီးမှာ တွန့်ဆုတ်မနေပေ

တုန်လှုပ်ခြင်းလည်း မရှိပေ

၎င်းသည် သူ့ကိုသာ ပစ်မှတ်ထားလိုက်သည်

သူ့ကိုယ်ပွား မဟုတ်ဘဲ သူအစစ်အမှန်ကိုသာ။

ဝုန်း

တိုက်ခိုက်မှုသည် သူ့ကိုယ်ပေါ်သို့ ကျရောက်သွားသည်။

လျှပ်စီးများသည် ပိုင်ကျီဟန်ကို လုံးဝ ဝါးမျိုသွားလေပြီ။

ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားသည်။

သူ့အောက်ရှိ မြေပြင်မှာ ပြိုကျသွားသည်။

မီးခိုးများနှင့် ဖုန်မှုန့်များသည် အရပ်မျက်နှာအနှံ့ လွင့်စင်သွားသည်။

ကောင်းကင်ဘုံကို လှည့်စားဖို့လား?

မဖြစ်နိုင်ပေ

နားကွဲမတတ် ပေါက်ကွဲသံကြီးက မြေပြင်ကို တုန်ခါသွားစေသည်။

ပိုင်ကျီဟန်၏ ခန္ဓာကိုယ်သည် နောက်သို့ လွင့်ထွက်သွားသည်။

သူ၏ ခုခံရေးမှော်ပစ္စည်းသည် ချက်ချင်း အလုပ်လုပ်လိုက်သည်။

တောက်ပသော အကာအကွယ်တစ်ခုက သူ့ကို လွှမ်းခြုံထားလိုက်သည်

၎င်းမှာ ကောင်းကင်ဘုံအဆင့် ရတနာတစ်ခုပင်။

သို့သော်

၎င်းမှာ အသက်တစ်ရှူစာပင် မခံခဲ့ပေ

ဂျွတ်

ထိုအကာအကွယ်သည် ဖန်သားကဲ့သို့ အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားသည်။

အလင်းစအနများသည် လေထဲသို့ လွင့်ပျံ့သွားသည်။

ကျန်ရှိနေသော စွမ်းအားများမှာ သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။

ဒိုင်း

သို့သော် ချက်ချင်းဆိုသလိုပင် ဖုန်မှုန့်များကြားမှ ပိုင်ကျီဟန်၏ ပုံရိပ် ထွက်ပေါ်လာသည်။

သူ့ခန္ဓာကိုယ်ပေါ်တွင် လျှပ်စီးအစအနများသည် တဖျတ်ဖျတ် တုန်ခါနေဆဲသာ

သူ့မျက်နှာပေးမှာ တည်ငြိမ်နေဆဲပင်။

သို့သော် မျက်ခုံးများမှာ အနည်းငယ် တွန့်ချိုးသွားသည်။

(ထင်ထားတာထက် ပိုသန်မာတာပဲ...)

ပထမဆုံး ခုတ်ချက်ကတင် မဟာကောင်းကင်ဘုံတက်ခြင်းအထွတ်အထိပ်နယ်ပယ်မှ ပညာရှင်တစ်ယောက်၏ အစွမ်းကုန်တိုက်ကွက်နှင့် ညီမျှနေသည်။

သူ့တွင် ခုခံရေးရတနာသာ မရှိလျှင် ရလဒ်မှာ ယခုထက် ပိုဆိုးသွားနိုင်သည်။

သို့သော်လည်း ၎င်းမှာ သူ့ကို သတ်ရန် မလုံလောက်သေးပေ

သူ့ကိုယ်သူ ပြန်လည်မပြင်ဆင်နိုင်မီမှာပင်

ဒုတိယ လျှပ်စီးတန်း ကျဆင်းလာသည်။

ပိုမြန်သည်။

ပိုကြမ်းတမ်းသည်။

ဖျက်ဆီးအားကလည်း ပို၍ ကြီးမားလှသည်။

ယခုမူ သူ့ခုခံရေးရတနာသည် ပျက်စီးသွားပြီဖြစ်ရာ ဤတိုက်ကွက် ကျရောက်လာပါက သူ့ခန္ဓာကိုယ်သက်သက်ဖြင့်သာ ရင်ဆိုင်ရတော့မည် ဖြစ်သည်။

အခြား ခုခံရေးရတနာတစ်ခုကို ထုတ်သုံးရန်လည်း အချိန်မရတော့ပေ။

ပိုင်ကျီဟန်၏ အကြည့်မှာ စူးရှသွားသည်။

"ထာဝရ စီးဆင်းနေတဲ့ရေဓား “

သူ့ဓားမှာ လှုပ်ရှားသွားသည်။

စီးဆင်းနေသော လှုပ်ရှားမှုတစ်ခု။

မြစ်တစ်စင်းကဲ့သို့ပင်။

နူးညံ့သည်

သို့သော် အတွင်းပိုင်းတွင်မူ နက်ရှိုင်းမှုများ ရှိနေသည်။

ဤအရာသည် စွမ်းအားများကို လမ်းကြောင်းလွှဲရန်နှင့် ခုခံရန်အတွက် ရည်ရွယ်ထားသော နည်းစနစ်တစ်ခုဖြစ်သည်။

တိုက်ခိုက်မှုများကို ဖယ်ထုတ်ရန်နှင့် စွမ်းအားကို တိုက်ရိုက်ရင်ဆိုင်ခြင်းထက် ရှောင်ကွင်းစီးဆင်းသွားစေရန် ဖြစ်သည်။

လျှပ်စီးမှာ ထိမှန်သွားသည်။

ခဏတာမျှ-

၎င်းမှာ ကွေးညွတ်သွားသယောင် ရှိသည်။

လမ်းကြောင်း ပြောင်းသွားသည်။

ဘေးသို့ လမ်းကြောင်းလွှဲခံလိုက်ရသည်။

သို့သော် ခဏတာမျှသာ ဖြစ်သည်။

ဂျွတ်

နည်းစနစ်မှာ ပြိုကွဲသွားသည်။

လျှပ်စီးမှာ အတင်းအဓမ္မ ဖောက်ထွင်းဝင်ရောက်လာသည်။

လွှမ်းမိုးထားသော အကြွင်းမဲ့အစွမ်း။

ဝုန်း

ဒုတိယ တိုက်ခိုက်မှု ကျရောက်သွားသည်။

ပိုင်ကျီဟန်သည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်ပြီး လျှောတိုက်ပါသွားသည်။

ယခုတစ်ကြိမ်တွင်မူ မည်သည့်ခုခံရေးရတနာမှ မပါဘဲ သူ့ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက်ကျရောက်ခဲ့ခြင်း ဖြစ်သည်။

သူ့ရင်ဘတ်ပေါ်တွင် မီးလောင်ရာ အမှတ်အသားတစ်ခု ထင်ကျန်သွားသည်။

ပထမဦးဆုံးအကြိမ်အဖြစ်

သူ ဒဏ်ရာရသွားခဲ့ပြီ။

ချုန်ရှန်း ရယ်သံမှာ ထပ်မံထွက်ပေါ်လာပြန်သည်။

"ဟားဟားဟား၊ ကောင်းတယ်၊ သိပ်ကောင်းတာပဲ”

သူကိုယ်တိုင်ပင် ဤမျှအထိ စွမ်းအားကြီးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ

ဤစွမ်းအားသည် အင်မော်တယ်နယ်ပယ် ကျင့်ကြံသူတစ်ယောက်၏ အဆင့်နီးပါး ရှိနေပြီဖြစ်သည်။

သို့သော် ပိုင်ကျီဟန်မှာ

ဖြည်းဖြည်းချင်း ပြန်လည်မတ်တပ်ရပ်လိုက်သည်။

သူ့အသက်ရှူသံမှာ မှန်နေဆဲပင်။

"ဒီကိုယ်ခန္ဓာကလည်း ဒဏ်ရာရနိုင်သေးတာပဲ..."

သူ့လက်မောင်းကို သူ ငုံ့ကြည့်လိုက်သည်။

မီးလောင်ကျွမ်းသွားသော အမှတ်အသား။

ကမ္ဘာဦးဖရိုဖရဲ ကိုယ်ခန္ဓာ

မရေမတွက်နိုင်သော သန့်စင်မှုများဖြင့် သွေးကြုတ်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ကောင်းကင်ဘုံ၏ အမျက်ဒေါသကိုတော့ လုံးဝ လျစ်လျူရှု၍ မရနိုင်ခဲ့ပေ။

သို့သော် သူ စိတ်ပျက်နေပုံ မရပေ

ထိုသို့ဖြစ်မည့်အစား

အပြုံးမှာ ပို၍ နက်ရှိုင်းလာသည်။

အကြောင်းမှာ သူ နောက်ထပ် တစ်ခုကို သတိပြုမိသွားသောကြောင့် ဖြစ်သည်။

လျှပ်စီး သူ့ကို ထိမှန်လိုက်သည့် ခဏမှာပင် ၎င်း၏ တစ်စိတ်တစ်ပိုင်းမှာ သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပြီး

စုပ်ယူခြင်း ခံလိုက်ရသည်။

ထို့အပြင် ထို ချီစွမ်းအင်မှာ အလွန်သန့်စင်လွန်းရာ အဆင့်မြင့် ဆေးလုံးတစ်လုံးကို သောက်သုံးလိုက်ရသကဲ့သို့ပင်။

သူ့မျက်လုံးများမှာ လက်ခနဲ ဖြစ်သွားသည်။

(၅ ရာခိုင်နှုန်းလောက်ပဲ...)

အများကြီးတော့ မဟုတ်ပေ

အကယ်၍ ဖျက်ဆီးအားကသာ အလွန်အမင်း မပြင်းထန်လျှင်

အသက်ရှင်ဖို့အတွက်သာ အာရုံစိုက်နေရတာမျိုး မဟုတ်လျှင်

၎င်းသည် ကျင့်ကြံခြင်းအတွက် အကောင်းဆုံး စွမ်းအင်အရင်းအမြစ်တစ်ခု ဖြစ်လာပေလိမ့်မည်။

အဆုံးမရှိသော။

အရည်အသွေးမြင့်မားသော။

နှိုင်းယှဉ်၍မရနိုင်သော။

အန္တရာယ်များသော အတွေးတစ်ခု ခေါင်းထဲသို့ ပေါ်လာပြီးမှ

ပြန်လည်ပျောက်ကွယ်သွားသည်။

အခုက အချိန်မဟုတ်ပေ

ဒုတိယတိုက်ကွက်ကို ရင်ဆိုင်လိုက်ရရုံနှင့်တင် သူ သေလုနီးပါး ဖြစ်သွားခဲ့သည်။

ထို့အပြင် ၎င်းသည် ချက်ချင်း ပြီးဆုံးမည့်ပုံလည်း မပေါ်ပေ။

ဝုန်း

ကောင်းကင်ယံသည် ထပ်မံဟိန်းဟောက်

ပြန်သည်။

တိမ်တိုက်များမှာ ပို၍ပင် ပြင်းထန်စွာ လှည့်ပတ်လာသည်။

ချုန်ရှန်း၏ မျက်နှာပေးမှာ ပို၍ စိတ်လှုပ်ရှားလာသည်။

ပိုင်ကျီဟန်မှာ တိုက်ကွက်နှစ်ခုကို ခုခံနိုင်ခဲ့သော်လည်း "ကောင်းကင်ဘုံ ပြစ်ဒဏ်ခတ်

ခြင်း" မှာ ပို၍သာ သန်မာလာမည်ဖြစ်သည်။

ဒုတိယတိုက်ကွက်မှာတင် အင်မော်တယ် နယ်ပယ် အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ တတိယတိုက်ကွက်မှာ မည်မျှအစွမ်းကြီးမည်ကို သူ မခန့်မှန်းနိုင်တော့ပေ။

"လာပြီ”

တတိယမြောက် တိုက်ကွက်။

အရင်တိုက်ကွက်နှစ်ခု ပေါင်းထားတာထက်ပင် ပိုသန်မာသည်။

ပိုင်ကျီဟန်ကိုယ်တိုင်ပင် မော့ကြည့်လိုက်သည်။

မျက်လုံးများမှာ အနည်းငယ် မှေးကျဉ်းသွားသည်။

ဖိအားသည် သိသိသာသာ မြင့်တက်လာခဲ့ပြီ။

ပိုင်ကျီဟန်သည် အသက်ကို ဖြည်းညင်းစွာ ရှူထုတ်လိုက်သည်။

သူ့အနေအထားကို ပြင်လိုက်သည်။ ဓားကို ဆုပ်ကိုင်ထားသော အားမှာလည်း ပို၍ တင်းကျပ်သွားသည်။သူ့အရှိန်အဝါမှာ တစ်ဖန် ပြန်လည်မြင့်တက်လာသည်။

"လာစမ်း”

သူ တည်ငြိမ်စွာ ပြောလိုက်သည်။

စိန်ခေါ်မှုတစ်ခု

ကောင်းကင်ယံကို တိုက်ရိုက် စိန်ခေါ်လိုက်ခြင်းပင်။ အထက်တွင်မူ

လျှပ်စီးများ စုစည်းသွားသည်။ အရင်ကထက် ပို၍ ကြောက်စရာကောင်းလှသည်။

ထို့နောက်- ၎င်း ကျဆင်းလာခဲ့လေပြီ။

All Chapters