အခန်း (၁၅၃-၁၅၄)
Vol. 10 Ch. 153-154
အခန်း (၁၅၃) - စွန်းလင်ထုံ ထိတ်လန့်တုန်လှုပ်ခြင်း
ငရဲဘုံစေတမန် ချီပိုင်။
၎င်း၏ ကိုယ်ထည်အရောင်မှာ အမည်းရောင်ဖြစ်ပြီး အခိုးအငွေ့ရောင်နှင့် အဖြူရောင်တို့ဖြင့် အနားသတ်ထားချေသည်။
အရပ်ခြောက်ပေငါးလက်မခန့်ရှိကာ အလွန်အမင်း ပိန်လှီလှ၏။
ဦးခေါင်းမှာ ဝါးခမောက် ဆောင်းထားသကဲ့သို့ ရှိသော်လည်း အမှန်စင်စစ်တွင်မူ ထိုအရာမှာ ဦးခေါင်း၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်သည်။ ဦးခေါင်းခွံမှာ မင်ရောင်ကဲ့သို့ နက်မှောင်နေပြီး ဝါးခမောက်ပုံသဏ္ဌာန် အပြင်သို့ ကားထွက်နေခြင်းပင်။
ခမောက်အနားသတ်အောက်မှ အရိပ်များကြားတွင် ၎င်း၏ အခိုးအငွေ့ရောင်သန်းသော အဖြူရောင်ဦးခေါင်းတစ်ခုလုံးကို ဝှက်ဖုံးထားရာ ဖြူဖျော့ဖျော့ လူဦးခေါင်းခွံတစ်ခုကို မြင်ယောင်စေပေသည်။
၎င်း၏ ဦးခေါင်းပေါ်ရှိ မျက်လုံးနေရာမှာ နှာတံပေါ်တွင် အနက်ရောင် အစင်းကြောင်းတစ်ခုအဖြစ် တည်ရှိနေပြီး ထိုအစင်းကြောင်း၏ အလယ်ဗဟိုတွင် မှေးမှိန်သော အခိုးအငွေ့ရောင် မျဉ်းကြောင်းတစ်ခု ရှိနေ၏။
ကိုယ်ထည်ပေါ်တွင်လည်း အဆောင်လက်ဖွဲ့ အင်းကွက်များကို ထွင်းထုထားချေသည်။ မီးခိုးရောင်နှင့် အဖြူရောင်မျဉ်းကြောင်းများဖြင့် ဖော်ပြထားသော ထိုရှုပ်ထွေးလှသည့် အင်းကွက်များသည် အဆက်မပြတ် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေကြရာ တစ်ချက်ကြည့်လိုက်လျှင် ကိုယ်ထည်တစ်ခုလုံးကို တစ္ဆေသရဲ အမြောက်အမြားက ပတ်ခွေတွယ်ကပ်နေသကဲ့သို့ပင်။
"တကယ်ကို ထူးခြားဆန်းပြားတဲ့ စက်မှုလက်ရာပါလား" ဟု နင်းကျော့က စိတ်လှုပ်ရှားစွာဖြင့် ရှေ့သို့ ပြေးထွက်သွား၏။
သူ့နောက်တွင်မူ စွန်းလင်ထုံက နင်းကျော့၏ စိတ်အားထက်သန်မှုကို ကြည့်ကာ ပြုံးလျက် ခေါင်းကို အသာအယာ ခါယမ်းနေမိသည်။
နင်းကျော့သည် စက်မှုပစ္စည်း ကိရိယာ အမျိုးမျိုးကို အမှန်တကယ် မြတ်နိုးသူဖြစ်ကြောင်း သူ သိထားပြီးသားပင်။
နင်းကျော့ နှစ်နှစ်သုံးနှစ်အရွယ်ကတည်းက ဈေးသည်များ၏ ဆိုင်ခန်းများမှ မခွာချင်ခဲ့ပေ။ ကျောင်းတက်သည့်အရွယ်တွင်လည်း အာလန်နှင့် ဆံပင်သုံးပင်ကဲ့သို့သော စက်မှုအရုပ်များကို ငေးမောကြည့်ကာ မခွဲနိုင်မခွာရက် ဖြစ်ခဲ့ရသည်။
ထိုစဉ်က နင်းကျော့တွင် ငွေကြေးမပြည့်စုံသဖြင့် ငေးကြည့်ရုံသာ တတ်နိုင်ခဲ့ပြီး ဝယ်ယူရန် မတတ်နိုင်ခဲ့ရှာပေ။
စွန်းလင်ထုံကသာ ထိုအခြေအနေကို အကြိမ်ကြိမ် သတိပြုမိပြီးနောက် နင်းကျော့၏ မွေးနေ့တွင် စက်မှုအရုပ်တစ်ရုပ် ဝယ်ပေးခဲ့ရာ နင်းကျော့မှာ အချိန်အတော်ကြာအောင် ဝမ်းသာအားရ ဖြစ်ခဲ့ရဖူးသည်။
"အရိုးစုကိုတော့ ယင်းဓာတ်ဝိညာဉ်စွမ်းအားကို သယ်ဆောင်ဖို့ အသင့်တော်ဆုံးဖြစ်တဲ့ အရိပ်နက်သံမဏိနဲ့ ပြုလုပ်ထားတာပဲ"
"အဆစ်တွေကိုတော့ နှစ်တစ်ရာသက်တမ်းရှိတဲ့ ဝိညာဉ်သစ်သားနဲ့ လုပ်ထားတာကြောင့် တော်တော်လေး လှုပ်ရှားရတာ လွယ်ကူသလို သရဲတွေကို ခိုအောင်းဖို့ နေရာအဖြစ်လည်း အသုံးချလို့ရတယ်"
"အဓိက အနှစ်သာရကတော့ ယင်းဓာတ်ချို့တဲ့တဲ့ ဝိညာဉ်ကျောက်စိမ်းပဲ။ ဒီလို သဘာဝကပေးတဲ့ ထူးခြားတဲ့ ဝိညာဉ်ကျောက်တုံးက ယင်းဓာတ် ဝိညာဉ်စွမ်းအား အမြောက်အမြားကို သိုလှောင်ထားနိုင်တယ်"
နောက်ဆုံးတွင် နင်းကျော့သည် ဝါးခမောက်၏ အစွန်းကို ကိုင်ကာ ချီပိုင်၏ မျက်လုံးများကို အနီးကပ် စစ်ဆေးနိုင်ရန် အသာစောင်းလိုက်ချေသည်။
"ဒါက သေမင်းအလင်းမှန်နဲ့ လုပ်ထားပုံရပေမဲ့ အဲဒါက အဓိကကုန်ကြမ်းတွေထဲက တစ်ခုပဲ ဖြစ်မှာပါ။ မျက်လုံးအစိတ်အပိုင်းတွေကိုတော့ ရောစပ်ထားတဲ့ ပစ္စည်းတွေနဲ့ သေချာပေါက် ပြုလုပ်ထားတာပဲ" ဟု နင်းကျော့က ယုံကြည်ချက်ရှိရှိ အတည်ပြုလိုက်သည်။
"အဲဒီလိုသာဆိုရင်..." နင်းကျော့က ရုတ်တရက် လက်ခုပ်တီးလိုက်ပြီး "ဒီစက်မှုရုပ်သေးက ပါရမီထူးတွေကို အသုံးချနိုင်ရမယ်။ မျက်လုံးရဲ့ ထူးခြားတဲ့ တည်ဆောက်ပုံက ငရဲဘုံသို့ ထိုးဖောက်အမြင် ပညာရပ်အတွက် ရည်ရွယ်ပြီး ပုံဖော်ထားတာ သိသာလွန်းတယ်"
ထိုသို့တွေးတောရင်း နင်းကျော့က ရုတ်တရက် ခေါင်းကို လှည့်လိုက်ရာ ၎င်း၏မျက်နှာမှာ နောက်ကျောဘက်သို့ တည့်တည့်ရောက်သွားပြီး စွန်းလင်ထုံအား မေးလိုက်၏။
"အကိုစွန်း... ဘယ်လို အချက်အလက်တွေ ရခဲ့လဲ"
စွန်းလင်ထုံက "ငါ ဘာမှ မရသေးဘူး" ဟု ထစ်ထစ်ငေါ့ငေါ့ ပြောလိုက်ရသည်။
"ကျွန်တော့်အမှားပါ၊ ကျွန်တော့်အမှားပါ။ ကျွန်တော် စိတ်လှုပ်ရှားသွားလို့" ဟု ပြောကာ နင်းကျော့က သူ၏ သစ်သားဦးခေါင်းကို 'ဒေါက်' ခနဲ မြည်အောင် ပုတ်လိုက်လေသည်။
ထို့နောက် ခဏချင်းတွင်ပင် သူသည် ဗုဒ္ဓနှလုံးသား မိစ္ဆာတံဆိပ်တော်ကို ထုတ်ဖော်ကာ အသက်မျှင်ကြိုး ပညာရပ်ကို အသက်သွင်းလိုက်၏။
"ရပြီ၊ အချက်အလက် အမြောက်အမြား လက်ခံရရှိပြီ" ဟု စွန်းလင်ထုံက ဆိုသည်။
နင်းကျော့က ခေါင်းညိတ်ကာ "ဟိုတုန်းက ကျွန်တော် ဖြစ်ခဲ့သလိုမျိုးပေါ့" ဟု ဆိုသည်။
စွန်းလင်ထုံက ပြန်လည်ရှင်းပြသည်မှာ "ဒီစက်မှုရုပ်သေးကို ငရဲဘုံစေတမန်လို့ ခေါ်တယ်။ နဖူးအလယ်တည်တည့်မှာရှိတဲ့ စက်မှုအစိတ်အပိုင်းကတော့ ငရဲဘုံ တံဆိပ်တော် ဖြစ်ပြီး တစ္ဆေသရဲတွေနဲ့ နတ်ဘုရားတွေကို ဆင့်ခေါ်နိုင်တယ်"
"လည်ပင်းမှာတော့ ဝိညာဉ်တုန်ခါစေသော စည်တော် ဆိုတဲ့ စက်မှုအစိတ်အပိုင်း ရှိတယ်။ အဲဒါက သက်ရှိတွေရဲ့ ဝိညာဉ်ကို ပြင်းထန်စွာ တုန်ခါသွားစေနိုင်တဲ့ အသံလှိုင်းတိုက်ခိုက်မှုတွေကို ထုတ်လွှတ်နိုင်တယ်"
"အောက်ဘက်မှာတော့ ပဲ့တင်သံဆောင်နဲ့ အသံထုတ်လွှတ်ရာဗူး ဆိုတဲ့ အစိတ်အပိုင်းတွေရှိပြီး အဲဒါတွေက ဝိညာဉ်တုန်ခါစေသော စည်တော်နဲ့ တွဲဖက်လုပ်ဆောင်တာပဲ"
"ခန္ဓာကိုယ်အနှံ့မှာတော့ စက်မှုပန်းထုတ်ပေါက်တွေ ရှိပြီး အဲဒါတွေကို အသက်သွင်းလိုက်ရင် ရွှေမျှင်ဝိညာဉ်ပိတ်စတွေကို ပန်းထုတ်နိုင်တယ်။ အဲဒီဝိညာဉ်ပိတ်စတွေက အလျင်အမြန် ပေါင်းစပ်သွားပြီး အကာအကွယ်ပေးနိုင်တဲ့ အနက်ရောင်ဝတ်ရုံတစ်ခု ဖြစ်လာမှာပါ"
နင်းကျော့က နားထောင်ရင်း ခေါင်းကို အသာညိတ်နေမိသည်။
ရုပ်သေး ချီပိုင် နှင့် ရွှေသွေးတိုက်ပွဲဝင်မျောက် တာရှန့် တို့တွင် သိသာထင်ရှားသော ခြားနားချက်တစ်ခု ရှိနေသည်မှာ စက်မှုအစိတ်အပိုင်း အမြောက်အမြား ပါဝင်နေခြင်းပင်။
နင်းကျော့က ထိုအကြောင်းရင်းကို နားလည်ထားပေသည်။ "ပညာရပ် မသွန်းလုပ်ခင်မှာ အကိုစွန်းက ငရဲဘုံ တံဆိပ်တော်၊ ဝိညာဉ်တုန်ခါစေသော စည်တော်နဲ့ ပျက်စီးနေတဲ့ ရွှေမျှင်ဝတ်ရုံတို့ကို ချီပိုင်ရဲ့ တန်တျန်ထဲမှာ ထည့်သွင်းပေးခဲ့တာပဲ"
"သွန်းလုပ်တဲ့ ဖြစ်စဉ်အတွင်းမှာ ချော်ရည်နန်းတော်က ဒီမှော်လက်နက်တွေကို အတူတူ အရည်ပျော်စေပြီး သက်ဆိုင်ရာ စက်မှုအစိတ်အပိုင်းတွေအဖြစ် ပြောင်းလဲပေးလိုက်တာပေါ့"
စွန်းလင်ထုံက ရုတ်တရက် မျက်လုံးများ ပြူးသွားကာ "ဝိညာဉ်အနှစ်သာရက အဆင့်ခြောက်တောင် ရှိတာလား။ မွေးရာပါ ငရဲဘုံသေမင်းအကြည့်ကို ဆယ့်နှစ်ကြိမ်တောင် သုံးနိုင်တယ်တဲ့။ တစ်ခါ သုံးတိုင်း မျက်လုံးတည်ဆောက်ပုံကို ထိခိုက်စေမှာဖြစ်လို့ နောက်ပိုင်း သုံးနိုင်ဖို့အတွက် အစိတ်အပိုင်းတွေကို အချိန်မီ အစားထိုးပေးဖို့ လိုလိမ့်မယ်"
"ငရဲဘုံစေတမန် ချီပိုင်မှာ ကိုးဆင့်ယင်းအစီအရင်နဲ့ ဝိညာဉ်ဆက်သွယ်ခြင်းအစီအရင် နှစ်ခုစလုံး ရှိတယ်။ အရှေ့ကအစီအရင်က မိမိကိုယ်ကို ပြန်လည်ဖြည့်တင်းဖို့ ဒါမှမဟုတ် ကျင့်စဉ်စွမ်းရည် တိုးမြှင့်ဖို့ ယင်းဓာတ် ဝိညာဉ်စွမ်းအားကို စုစည်းပေးနိုင်ပြီး အနောက်ကအစီအရင်ကတော့ သတ်မှတ်ထားတဲ့ အတိုင်းအတာအတွင်းမှာ ရှိတဲ့ ဉာဏ်ရည်ရှိ သက်ရှိတွေနဲ့ ဆက်သွယ်ပေးနိုင်တယ်"
"ငရဲဘုံစေတမန် ချီပိုင်က ဝိညာဉ်ဝါး ရွှေအမြုတေကို ဆက်လက်ပိုင်ဆိုင်ထားပြီး ကိုးဆင့်ဝိညာဉ်ဝါး လျှို့ဝှက်ကျင့်စဉ်ကို အသုံးချကာ ရန်သူ့ဝိညာဉ်တွေကို စုပ်ယူနိုင်တယ်။ အဲဒီကနေတစ်ဆင့် သူရဲ့ အခြေအနေကို မြှင့်တင်တာ ဒါမှမဟုတ် လက်အောက်ခံ သရဲတွေကို အင်အားဖြည့်တင်းတာတွေ လုပ်နိုင်တယ်"
ရုပ်သေး ယွမ်တာရှန့်သည်ပင် မိစ္ဆာသွေးကြောကျင့်စဉ်ကို အသုံးချနိုင်ခဲ့သည်ဖြစ်ရာ ဤအချက်မှာ နင်းကျော့အတွက် မျှော်လင့်ထားပြီးသားပင် ဖြစ်သည်။
"သူ့ကိုယ်ထဲမှာ သရဲမွေးမြူရေးအိုး ဆယ့်နှစ်လုံး ရှိတယ်။ သရဲတွေရဲ့ ဘဝဟောင်းက အရိုးပြာတွေကို သိမ်းဆည်းထားခြင်းက မွေးမြူမှုအာနိသင်ကို ပိုကောင်းစေတယ်"
"သူ့မှာ အဆောင်လက်ဖွဲ့ ကျင့်စဉ် ၃၆ မျိုး ရှိတယ်၊ အဲဒါတွေကတော့..."
စွန်းလင်ထုံ၏ စကားသံမှာ တဖြည်းဖြည်း တိုးဝင်ပျောက်ကွယ်သွားချေသည်။
အာရုံစိုက်နားထောင်နေသော နင်းကျော့က "အကိုစွန်း... ဘာဖြစ်လို့လဲ" ဟု အလျင်အမြန် မေးလိုက်မိသည်။
စွန်းလင်ထုံ၏ အသံမှာ တုန်ရီနေကာ "ဒါက... နည်းနည်းတော့ ထိတ်လန့်စရာပဲ"
"ဘာကို ဆိုလိုတာလဲ" ဟု နင်းကျော့က စူးစမ်းလိုက်သည်။
စွန်းလင်ထုံက ခေါင်းကို ကုတ်လျက် "ကျော့လေး... မင်း ဝိညာဉ်သင်္ဂြိုဟ်ခြင်းဂိုဏ်း အကြောင်း သိတယ်မဟုတ်လား"
နင်းကျော့က ချက်ချင်း ခေါင်းညိတ်ပြသည်။ "သိတာပေါ့၊ မိစ္ဆာဂိုဏ်းတစ်ခုလေ။ အင်အားလည်း အင်မတန်ကြီးတယ်။ ဒါပေမဲ့ သူတို့က ဝိညာဉ်အနှစ်သာရ ရဖို့အတွက်တင် သက်ရှိမှန်သမျှကို သတ်ဖြတ်ပြီး ယဇ်ပူဇော်ကြတာ"
"သူတို့က အရမ်းကို ရက်စက်လွန်းလို့ အဝိုင်းခံရပြီး မျိုးဖြုတ်သုတ်သင်တာ ခံလိုက်ရတာလေ"
စွန်းလင်ထုံက ခေါင်းညိတ်ကာ "ဝိညာဉ်သင်္ဂြိုဟ်ခြင်းဂိုဏ်းက ဝိညာဉ်အနှစ်သာရ ရဖို့အတွက်တင် မရေမတွက်နိုင်တဲ့ သက်ရှိတွေကို ယဇ်ပူဇော်ခဲ့တာကြောင့် တရားသောလမ်းရော မိစ္ဆာလမ်းရော နှစ်ဖက်စလုံးရဲ့ ဝိုင်းဝန်းခြေမှုန်းတာကို ခံခဲ့ရတာ"
"ဒီ ချော်ရည်နန်းတော်ကို ကြည့်လိုက်ဦး"
"ဒါက ဝိညာဉ်အနှစ်သာရကို ထုတ်ယူရုံတင်မကဘဲ စက်မှုကိုယ်ထည်တစ်ခုထဲကိုပါ စနစ်တကျ ထည့်သွင်းပေးလိုက်တာ"
"ငရဲဘုံစေတမန် ချီပိုင်က ကိုယ်ထည်တည်ဆောက်ပုံအရ ကန့်သတ်ချက်ရှိပြီး ကိုယ်လုံးက ပိန်လှီနေပေမဲ့လည်း အဓိက အစိတ်အပိုင်း သုံးခုကို အားကိုးပြီး ရွှေအမြုတေအဆင့် တိုက်ခိုက်ရေးစွမ်းအားကို သေချာပေါက် ရနိုင်တယ်"
"တကယ်လို့ ချော်ရည်နန်းတော်မှာ ဒီလိုစွမ်းရည်တွေ ရှိနေတာကို တခြားသူတွေ သိသွားရင် ဘာဖြစ်သွားမယ်လို့ ကျော့လေး ထင်လဲ"
နင်းကျော့၏ နှလုံးသားမှာ အနည်းငယ် တုန်လှုပ်သွားပြီး ချက်ချင်းပင် တိတ်ဆိတ်သွားတော့သည်။
ဝိညာဉ်သင်္ဂြိုဟ်ခြင်းဂိုဏ်းသည် ဝိညာဉ်အနှစ်သာရ ရယူရန် သက်ရှိများကို ယဇ်ပူဇော်ခဲ့စဉ်ကပင် ကျင့်ကြံခြင်းလောကတစ်ခုလုံးက သူတို့ကို ပစ်မှတ်ထားခဲ့ကြသည်။
ဂိုဏ်းတစ်ခုလုံး မျိုးဖြုတ်ခံရပြီးမှသာ ထိုလုပ်ရပ်များ ရပ်တန့်သွားခဲ့ခြင်းဖြစ်သည်။
ယခုအခါတွင်မူ ချော်ရည်နန်းတော်က ဝိညာဉ်အနှစ်သာရကို ထုတ်ယူရုံတင်မကဘဲ စက်မှုကိုယ်ထည်တစ်ခုတွင် တွယ်ကပ်စေကာ ချက်ချင်း အသုံးချနိုင်ရန် ဖန်တီးပေးထားသည်။
တကယ်လို့သာ သိသွားကြလျှင် ဘာတွေ ဆက်ဖြစ်လာနိုင်သနည်း။
နင်းကျော့က ဝိညာဉ်သင်္ဂြိုဟ်ခြင်းဂိုဏ်း၏ အဖြစ်အပျက်ကို ပြန်တွေးကြည့်ကာ ကျောချမ်းသွားမိသည်။
စွန်းလင်ထုံက သက်ပြင်းအရှည်ကြီး ချလျက် "ဘိုးဘေးသုံးယောက်က တကယ့်ကို ကြောက်စရာကောင်းတဲ့သူပဲ။ သူလည်း ဝိညာဉ်သင်္ဂြိုဟ်ခြင်းဂိုဏ်းကို တိုက်ထုတ်တဲ့ပွဲမှာ ပါဝင်ခဲ့ပုံရတယ်နော်"
"သူက မိစ္ဆာဂိုဏ်းထဲဝင်ပြီး အဲဒီမှာ အချိန်အတော်ကြာအောင် ကျင့်ကြံခဲ့တာ"
"သူ သွန်းလုပ်ခဲ့တဲ့ ဒီစက်မှုရုပ်သေးကို ကြည့်ရင် တကယ့်ကို မိစ္ဆာဆန်လွန်းတယ်"
မိစ္ဆာလမ်းစဉ်နှင့် တရားသောလမ်းစဉ်တို့၏ အခြေခံကွာခြားချက်တစ်ခုမှာ မိစ္ဆာလမ်းစဉ်၏ ကျင့်ကြံခြင်း အထောက်အပံ့များသည် ကျင့်ကြံသူကိုယ်တိုင်ထံမှပင် လာခြင်းဖြစ်သည်။
ချော်ရည်နန်းတော်၏ အလောင်းကောင်များကို အသုံးပြုကာ စက်မှုပစ္စည်းများ သွန်းလုပ်သည့် နည်းလမ်းမှာ ငြင်းဆို၍မရသော မိစ္ဆာလမ်းစဉ်၏ လုပ်ရပ်သာ ဖြစ်ပေသည်။
နင်းကျော့က ခေါင်းခါယမ်းကာ "အကိုစွန်း... ဒါတွေက ကိရိယာတွေပဲလေ။ ကောင်းတဲ့နေရာမှာ သုံးရင် ကောင်းတာပဲ၊ မကောင်းတဲ့နေရာမှာ သုံးရင် မကောင်းတာပေါ့"
"ကျွန်တော်တို့ မှောင်ခိုဈေးကွက်ကို သိမ်းပိုက်ပြီး ပြုပြင်ပြောင်းလဲခဲ့တုန်းကလိုပေါ့။ မရေမတွက်နိုင်တဲ့ ရာဇဝတ်မှုတွေနဲ့ မကောင်းမှုတွေကို ရပ်တန့်ပေးခဲ့တာပဲ။ အဲဒါက တရားမျှတတဲ့ လုပ်ရပ်ပဲလေ"
စွန်းလင်ထုံက ရယ်မောလိုက်ပြီး "ကျော့လေး... ငါတို့က အစတုန်းက ကလဲ့စားချေဖို့ လုပ်ခဲ့ကြတာ မဟုတ်ဘူးလား"
"နောက်ပိုင်း အင်အားကြီးလာတော့ အချက်အလက်တွေနဲ့ အကျိုးအမြတ်တွေအတွက် တိုက်ပွဲတွေ အများကြီး တိုက်ခဲ့ရတာလေ။ အဲဒီကနေ မှောင်ခိုဈေးကွက်ရဲ့ အဓိကအင်အားစု ဖြစ်လာပြီး နောက်ဆုံးမှာတော့ မှောင်ခိုဈေးကွက်ရဲ့ အရှင်သခင် ဖြစ်လာတာပေါ့"
နင်းကျော့က အဟမ်းအဟမ်းနှင့် ချောင်းနှစ်ချက်ဆိုးလိုက်ပြီး "ဒါကတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ သွေးထွက်သံယိုမှုတွေ အများကြီးကို တားဆီးပေးခဲ့ပြီး အပြစ်မဲ့သူတွေရဲ့ အသက်တွေကိုလည်း သွယ်ဝိုက်ပြီး ကယ်တင်ပေးခဲ့တာပဲ မဟုတ်လား။
အကိုစွန်း အဲဒါကို လက်ခံတယ်မလား"
"မင်းကတော့လေ..." ဟု စွန်းလင်ထုံက ခပ်တိုးတိုးရယ်ကာ "ဟုတ်ပါပြီ၊ ဟုတ်ပါပြီ"
တခြားသူတစ်ယောက်ယောက်သာ ဤမျှအထိ ဟန်ဆောင်ကောင်းနေလျှင် စွန်းလင်ထုံတစ်ယောက် မျက်စိစောင်းကြည့်ကာ တံတွေးနှင့်ပင် ထွေးမိလိမ့်မည်။
အလွန်အမင်း ဟန်ဆောင်လွန်းသည်၊ အလွန်အမင်း ဖောက်ပြန်လွန်းသည်။
သို့သော် ကောင်းလှစွာသော ညီငယ် နင်းကျော့က ပြောနေခြင်းဖြစ်သဖြင့် သူ ဘာမှမပြောဘဲ လွှတ်ထားလိုက်သည်။
စွန်းလင်ထုံသည် သူ၏ စရိုက်ကို သိမြင်သော်လည်း ထောက်မပြလိုဘဲ ပြုံးလျက်သာ ခေါင်းခါယမ်းနေမိတော့သည်။
"ဒါက ကျော့လေးရဲ့ အမှားတော့ မဟုတ်ပါဘူး"
"သူ ကြီးပြင်းလာတဲ့ တရားသောလမ်းစဉ်မှာ ဘယ်လိုလူတွေနဲ့ တွေ့ခဲ့ရသလဲဆိုတာ ပြန်တွေးကြည့်စမ်း"
"နင်းကျဲ၊ ဝမ်လန်၊ နင်းကျိနဲ့ နင်းရှောင်ရန်... သူတို့အားလုံးက တစ်မျိုးပြောပြီး တစ်မျိုးလုပ်ခဲ့ကြတာ မဟုတ်လား"
"ဒါကြောင့် ကျော့လေးရဲ့ ကနဦး နားလည်မှုမှာ တရားသောလမ်းစဉ်ဆိုတာ ဒီလိုပဲ ဖြစ်ရမယ်လို့ ထင်နေတာပေါ့"
နင်းကျော့က တွေးတောရင်း "ဝိညာဉ်အနှစ်သာရက အဆင့်ခြောက်ဆိုတော့ အဆင့်ဆယ်အထိ မြှင့်တင်နိုင်ရင် အကောင်းဆုံးပဲ"
"ဝိညာဉ်အနှစ်သာရက ဒီစက်မှုရုပ်သေးရဲ့ တန်ဖိုးအရှိဆုံးနဲ့ အဖိုးတန်ဆုံး အစိတ်အပိုင်းပဲ"
"ကျွန်တော်တို့ ချီပိုင်အကြောင်း အချက်အလက်တွေ ပိုလိုသေးတယ်"
"ဒါကတော့ နည်းနည်းခက်လိမ့်မယ်" ဟု စွန်းလင်ထုံက လက်နှစ်ဖက်ကို ဖြန့်ကာ ဆိုသည်။ "အခု ငါက တစ်မြို့လုံးမှာ အဖမ်းခံနေရတာ၊ မှောင်ခိုဈေးကွက်လည်း လက်လွှတ်လိုက်ရပြီ။ အရင်က အချက်အလက် ရယူတဲ့ လမ်းကြောင်းတွေလည်း အကုန်ပျက်ကုန်ပြီ"
နင်းကျော့က သက်ပြင်းချကာ "ကောင်းပါပြီ၊ ဒါဆိုရင်တော့ တစ်ဆင့်ချင်းစီပဲ သွားကြတာပေါ့"
စွန်းလင်ထုံက "ချီပိုင် သေသွားပြီဆိုတော့ ဝိညာဉ်ဝါးဂိုဏ်းက သေချာပေါက် တုံ့ပြန်လာလိမ့်မယ်။ ငါတို့ ခဏလောက် ငြိမ်နေသင့်တယ်၊ ချီပိုင်အကြောင်းကို ချက်ချင်း လိုက်မစုံစမ်းသင့်သေးဘူး။ မဟုတ်ရင် သူတို့ လိုက်နိုင်တဲ့ ခြေရာလက်ရာတွေ ကျန်ခဲ့လိမ့်မယ်"
"ဟုတ်ကဲ့၊ အကိုစွန်း ပြောသလိုပဲ လုပ်ပါမယ်" ဟု နင်းကျော့က ထပ်တလဲလဲ ခေါင်းညိတ်လိုက်သည်။
ဤတစ်ခေါက် မသေမျိုးနန်းတော်ကို လာရခြင်းက သူတို့အတွက် အကျိုးအမြတ် အများကြီး ရရှိစေခဲ့သည်။
ချီပိုင်ကြောင့် ဖြစ်လာနိုင်မည့် အန္တရာယ်ကိုလည်း အောင်မြင်စွာ ခြေမှုန်းနိုင်ခဲ့ပြီဖြစ်ရာ ၎င်းကို ပိတ်လှောင်ထားရုံဖြင့် အဖြေမဟုတ်သည်မှာ သေချာပေသည်။
အရင်က ဟန်မင်ကို အကျဉ်းချထားစဉ်က ရရှိခဲ့သော သင်ခန်းစာမှာ အလွန်ပင် ခါးသီးလှသည်။
ထို့နောက်တွင်မူ စွန်းလင်ထုံနှင့် နင်းကျော့တို့သည် စမ်းသပ်ခန်းများကို အသုံးပြုကာ ငရဲဘုံစေတမန် ချီပိုင်၏ စွမ်းအားများကို စမ်းသပ်ခဲ့ကြသည်။
ရလဒ်မှာမူ ချီပိုင်၏ တိုက်ခိုက်ရေးစွမ်းအားမှာ သူတို့နှစ်ယောက် ထင်ထားသည်ထက် များစွာ နိမ့်ကျနေခြင်းပင်။
ငရဲဘုံစေတမန် ချီပိုင်ကို အဆင့်အတန်း သာမန်ရှိသော ပစ္စည်းများဖြင့်သာ ပြုလုပ်ထားခြင်းဖြစ်သဖြင့် ရွှေအမြုတေအဆင့် စွမ်းအားကို ထုတ်လွှတ်လိုက်သည်နှင့် ၎င်း၏ စက်မှုကိုယ်ထည်မှာ ခံနိုင်ရည် မရှိတော့ပေဉ
ထိုအချက်က အတော်လေး အခက်တွေ့စေသည်။
ချီပိုင်၏ အဓိက အစိတ်အပိုင်း နှစ်ခုမှာ ငရဲဘုံ တံဆိပ်တော် နှင့် ဝိညာဉ်တုန်ခါစေသော စည်တော် တို့ ဖြစ်ကြသည်။
ငရဲဘုံ တံဆိပ်တော်က တစ္ဆေသရဲများနှင့် နတ်ဘုရားများကို ဆက်သွယ်နိုင်သော်လည်း ထိုတစ္ဆေသရဲများသည် စွန်းလင်ထုံ၏ ထိန်းချုပ်မှုအောက်တွင် ရှိခြင်းမဟုတ်ဘဲ ချီပိုင်၏ ထိန်းချုပ်မှုအောက်တွင် ရှိခြင်းဖြစ်သည်။
ယခုအခါ ဝိညာဉ်အနှစ်သာရ အဆင့်ခြောက်သာ ရှိတော့သဖြင့် ချီပိုင်၏ ဆင့်ခေါ်ထားသော တစ္ဆေသရဲများနှင့် ဆက်သွယ်နိုင်စွမ်းမှာ ယွမ်တာရှန့်ထက်ပင် ပိုမို ညံ့ဖျင်းနေချေသည်။
ဝိညာဉ်တုန်ခါစေသော စည်တော်မှာ အလွန်အင်အားကြီးမားသော်လည်း စမ်းသပ်ခန်းများအတွင်းရှိ စက်မှုရုပ်သေးများတွင် ဝိညာဉ်များ မရှိကြပေ။
ထို့အတူပင် ချီပိုင်က ဝိညာဉ်တုန်ခါစေသော စည်တော်ကို တိုက်ပွဲဝင်မျောက် တာရှန့် အပေါ် အသုံးပြုရန် ကြိုးစားခဲ့သော်လည်း တုန်ခါသွားစေမည့် ဝိညာဉ်မရှိကြောင်းကိုသာ တွေ့ရှိခဲ့ရသည်။
ချီပိုင်သည် မွေးရာပါ ငရဲဘုံသေမင်းအကြည့် ပါရမီထူးကိုလည်း အသုံးပြုနိုင်သော်လည်း ဝိညာဉ်အနှစ်သာရ အဆင့်ခြောက်သာ ရှိသဖြင့် ဆယ့်နှစ်ကြိမ်သာ အသုံးပြုနိုင်မည် ဖြစ်သည်။
ထိုပါရမီထူးမှာ အဓိကအားဖြင့် ထောက်လှမ်းရေးအတွက်သာ ဖြစ်သဖြင့် နင်းကျော့နှင့် စွန်းလင်ထုံတို့မှာ စမ်းသပ်ရန် စိတ်ကူးမရှိကြပေ။
ထို့အပြင် စွန်းလင်ထုံ၏ ချီပိုင်အပေါ် ထိန်းချုပ်နိုင်စွမ်းမှာ အရင်က နင်းကျော့၏ ယွမ်တာရှန့်အပေါ် ထိန်းချုပ်နိုင်စွမ်းထက် များစွာ လျော့နည်းနေသည်ကိုလည်း နင်းကျော့ သတိပြုမိသည်။
အကိုစွန်းမှာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အဆင့်တွင်သာ ရှိနေပြီး ချီပိုင်မှာမူ ရွှေအမြုတေကို ဆက်လက် ပိုင်ဆိုင်ထားသဖြင့် သခင်နှင့် ကျွန်ကြားတွင် အဆင့်အတန်း မမျှတမှုများ ရှိနေခြင်းကြောင့် ချီပိုင်မှာ နာခံမှု အားနည်းနေခြင်းဖြစ်နိုင်ကြောင်း သူတို့နှစ်ဦး ခန့်မှန်းလိုက်ကြသည်။
စွန်းလင်ထုံက "ဘိုးဘေးသုံးယောက်က ဗုဒ္ဓဘာသာဂိုဏ်း တံခါးသုံးခုကို စီစဉ်ထားတာက စမ်းသပ်ခံတပည့် တစ်ယောက်ချင်းစီကို စနစ်ကျတဲ့ စက်မှုရုပ်သေး တစ်ရုပ်စီ ရစေချင်လို့ ဖြစ်ရမယ်"
"ဒီစက်မှုရုပ်သေးက အဓိက အမာခံအဖြစ် အသုံးဝင်နိုင်တယ်။ အစပိုင်းမှာတော့ သာမန် တန်ဖိုးနည်းတဲ့ ပစ္စည်းတွေနဲ့ပဲ လုပ်ထားနိုင်တာပေါ့"
"ရှေ့ဆက်ရမယ့် အဆင့်တွေမှာတော့ ဒီအဓိက စက်မှုရုပ်သေးကို အဆင့်မြှင့်တင်ဖို့နဲ့ အားကောင်းအောင် လုပ်ဖို့ အခွင့်အရေးတွေ အများကြီး ရှိလာနိုင်တယ်"
"ဒီလိုမျိုး အမာခံရုပ်သေးကို တပ်ဆင်ပြုပြင်တဲ့ ဖြစ်စဉ်ကနေတစ်ဆင့် စမ်းသပ်ခံတပည့်တွေရဲ့ စက်မှုပညာရပ် ကျွမ်းကျင်မှုတွေကလည်း ဆက်လက် တိုးတက်လာမှာပဲ"
မည်သို့ပင်ဆိုစေ ငရဲဘုံစေတမန် ချီပိုင်၏ တိုက်ခိုက်ရေးစွမ်းအားမှာ ကြီးမားသော အလားအလာ ရှိနေသော်လည်း အမှန်တကယ် ရွှေအမြုတေအဆင့် စွမ်းအားသို့ ရောက်ရှိရန်အတွက် နောင်တွင် ရင်းနှီးမြှုပ်နှံမှုများစွာ လိုအပ်နေဦးမည် ဖြစ်သည်။
"အချိန်လည်း တော်တော်လင့်နေပြီ၊ ကျော့လေး... ငါတို့ အခု ပြန်ကြရအောင်" ဟု စွန်းလင်ထုံက သတိပေးလိုက်၏။
နင်းကျော့က "ကျွန်တော်တို့မှာ အချိန်နည်းနည်း ကျန်ပါသေးတယ်။ မသေမျိုးနန်းတော်ကို စူးစမ်းဖို့ ရတဲ့ အခွင့်အရေးတိုင်းကို အကောင်းဆုံး အသုံးချရမယ်။ ကျွန်တော့်မှာ အကြံကောင်းတစ်ခု ရှိတယ်" ဟု ပြန်ပြောလိုက်သည်။
"ဩော်... ဟုတ်လား၊ ပြောပါဦး။ နားထောင်ကြည့်ရအောင်"
အခန်း (၁၅၄) ကျူးရွှမ်းကျိ ချော်ရည်နန်းတော်သို့ ဝင်ရောက်ခြင်း
နင်းမျိုးနွယ်စု၏ ဘိုးဘေး အပါအဝင် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်စုတို့သည် မိမိတို့၏ ကိုယ်ရောင်ကိုယ်ဝါကို အနည်းငယ် ဖုံးကွယ်လျက် မီးလျှံတောင်တန်း၏ ထိပ်ဖျားဆီသို့ ပျံသန်းလာကြချေသည်။
ထိုကျင့်ကြံသူအုပ်စုကို ဦးဆောင်လာသူမှာ ကျူးရွှမ်းကျိ ဖြစ်လေသည်။ သူ၏ နောက်တွင်မူ ကျန်းမျိုးနွယ်စုမှ ကျန်းတန်လျန်၊ ကျိုးမျိုးနွယ်စုမှ ကျိုးနုန်းယင်းနှင့် နင်းမျိုးနွယ်စုမှ ရွှေအမြုတေအဆင့် ဘိုးဘေးတို့ လိုက်ပါလာကြ၏။
ကျိုးမျိုးနွယ်စုနှင့် ကျန်းမျိုးနွယ်စုတို့သည် ကျူးရွှမ်းကျိ၏ ဖိတ်ကြားမှုကို လက်ခံရရှိခဲ့ကြသကဲ့သို့ နင်းမျိုးနွယ်စု ဘိုးဘေးမှာလည်း ချန်လှပ်ခြင်း မခံခဲ့ရပေ။
ဖေးစီသည် ထိုလှုပ်ရှားမှုကို သတိပြုမိသွားပြီး မျက်နှာပျက်ပျက်ဖြင့် အဝေးသို့ လှမ်းကြည့်ကာ "ကျူးရွှမ်းကျိဟာ တကယ်ပဲ တော်ဝင်သွေးသားပီသပါပေတယ်၊ ဒီလောက် တိုတောင်းတဲ့ အချိန်အတွင်းမှာတင် ဒေသခံ မျိုးနွယ်စုတွေကို သူ့ဘက်ပါအောင် ဆွဲဆောင်နိုင်ခဲ့တာပဲ" ဟု ဆိုလေသည်။
"ဟူး... မြို့စားမင်း၊ ဒီတစ်ကြိမ်မှာတော့ တားဆီးဖို့ ခက်ခဲပါလိမ့်မယ်"
ကျူးရွှမ်းကျိသည် ရွှေအမြုတေအဆင့် ကျင့်ကြံသူ သုံးဦးကို ဦးဆောင်ကာ တောင်ထိပ်ပေါ်ရှိ မုန့်ခွေထံသို့ အရင်ဆုံး သွားရောက် တွေ့ဆုံလေသည်။
မုန့်ခွေ၏ မျက်နှာမှာမူ ရှေးဟောင်း ရေတွင်းပျက်ကဲ့သို့ အေးစက်တည်ငြိမ်နေဆဲ ဖြစ်၏။ သူသည် ကျူးရွှမ်းကျိအား ချော်ရည်နန်းတော်သို့ ဝင်ရောက်နိုင်ရန် ကောင်းချီးပေးရုံမျှမက များစွာသော အကျိုးအမြတ်များ ရရှိပါစေကြောင်းလည်း ဆုတောင်းပေးလိုက်သေးသည်။
ကျူးရွှမ်းကျိသည် တော်ဝင်အမိန့်တော်ကို ကိုင်ဆောင်ထားကာ အမှုစစ်ဆေးသည့် အကြောင်းပြချက်ဖြင့် ချော်ရည်နန်းတော်အတွင်းသို့ ဝင်ထွက်သွားလာနေသဖြင့် မုန့်ခွေအနေဖြင့်လည်း ဟန့်တားရန် အကြောင်းပြချက် မရှိတော့ချေ။
မုန့်ခွေ စိတ်အနှောင့်အယှက် ဖြစ်နေသည်ကို မြင်ရသောအခါ လိုက်ပါလာသည့် ကျင့်ကြံသူ သုံးဦးမှာလည်း တိတ်တဆိတ် ဝမ်းသာနေကြသည်။
ဤဒေသခံ မျိုးနွယ်စု သုံးစုမှာ မြို့စားမင်း၏ လက်အောက်တွင် ဖိနှိပ်ခံထားရသည်မှာ ကြာလှပြီ ဖြစ်ရာ ယခုကဲ့သို့ ကျူးရွှမ်းကျိ၏ အရှိန်အဝါကို အသုံးချ၍ မုန့်ခွေကို နှိမ်ချနိုင်ခြင်းက သူတို့အတွက် စိတ်သက်သာရာ ရစေခဲ့သည်။
"အကြီးအကဲ၊ ကျွန်တော်တို့တွေ ချော်ရည်နန်းတော်နဲ့ နီးကပ်သွားတာနဲ့ ရတနာအလင်းတန်းက လမ်းညွှန်ပေးပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီလို ဖြစ်ဖို့အတွက် ကျွန်တော်တို့ရဲ့ စက်မှုပညာရပ် ကျွမ်းကျင်မှုက ဝင်ရောက်ခွင့်စံနှုန်းနဲ့ ကိုက်ညီဖို့တော့ လိုအပ်ပါတယ်" ဟု ကျိုးနုန်းယင်းက လမ်းပြအဖြစ် ပြောဆိုလိုက်သည်။
ကျူးရွှမ်းကျိက ခေါင်းညိတ်ကာ ညွှန်ကြားချက်အတိုင်း ဆက်လက် လုပ်ဆောင်လေသည်။ ဤသည်မှာ သူ၏ ပထမဆုံးအကြိမ် ချော်ရည်နန်းတော်သို့ ဝင်ရောက်ခြင်း ဖြစ်၏။
သူသည် နန်းတော်သို့ နီးကပ်လာသည်နှင့်အမျှ ရတနာအလင်းတန်း တစ်ခုသည် သူ၏အပေါ်သို့ ကျရောက်လာလေတော့သည်။ ထိုအလင်းတန်းတွင် အနည်းငယ်သော ဆွဲငင်အား ပါရှိနေသဖြင့် ကျူးရွှမ်းကျိသည် မခုခံဘဲ ခန္ဓာကိုယ်ကို လျှော့ချထားလိုက်ရာ အလင်းတန်းသည် သူ့အား နန်းတော်အတွင်းသို့ ဆွဲခေါ်သွားလေသည်။
သူသည် ချော်ရည်နန်းတော်အတွင်းသို့ ရောက်ရှိသွားပြီ ဖြစ်၏။ မကြာမီမှာပင် ကျူးရွှမ်းကျိသည် နန်းတော်၏ အတွင်းဘက်သို့ အမှန်တကယ် ခြေချနိုင်ခဲ့ပြီး သူ၏ နောက်တွင်မူ ရွှေအမြုတေအဆင့် ဘိုးဘေး သုံးဦးလည်း ရောက်ရှိလာကြသည်။
"နောက်ဆုံးတော့ အတွင်းကို ရောက်ခဲ့ပြီပေါ့"
"ပြီးခဲ့တဲ့ အခေါက်ကတည်းကဆိုရင် ဘယ်လောက်တောင် ကြာသွားပြီလဲ"
"ဟားဟား၊ အခုဆိုရင် မုန့်ခွေလည်း ငါတို့ကို အလွယ်တကူ တိုက်ခိုက်နိုင်တော့မှာ မဟုတ်ဘူး"
မျိုးနွယ်စု သုံးခုမှ ကျင့်ကြံသူများသည် အလွန်ပင် စိတ်လှုပ်ရှားနေကြသည်။ ထိုစဉ် ကျိုးနုန်းယင်းက "အကြီးအကဲကျူး၊ အခုဆိုရင် အရေးကြီးတဲ့ အချက်အလက်တွေကို သိလောက်ပြီ မဟုတ်လား" ဟု မေးမြန်းလိုက်သည်။
ကျူးရွှမ်းကျိက အနည်းငယ် ခေါင်းညိတ်ပြကာ "သိရပြီ။ ဒီအချက်အလက်တွေအရဆိုရင် ကျွန်တော်တို့ဟာ ချော်ရည်နန်းတော်အတွက် အကျိုးပြုနိုင်သမျှ နန်းတော်အတွင်းမှာ ဆုလာဘ်တွေနဲ့ ပြန်ပြီး လဲလှယ်နိုင်ပါတယ်။
အဲဒီဆုလာဘ်တွေထဲမှာ မီးလျှံနတ်ဆိုး သားရဲတွေဆီက ရတဲ့ ပစ္စည်းတွေတင်မကဘဲ ပညာရပ်တွေနဲ့ စက်မှုပုံစံငယ်တွေလည်း ပါဝင်ပါတယ်။ အကျိုးပြုမှု အဆင့်တစ်ခုကို ရောက်သွားပြီဆိုရင်တော့ နန်းတော်အတွင်းမှာ ရှိတဲ့ ကိရိယာ တော်တော်များများကို အသုံးပြုခွင့် ရလာမှာ ဖြစ်သလို သွားလာနိုင်တဲ့ နယ်မြေကလည်း ပိုပြီး ကျယ်ပြန့်လာပါလိမ့်မယ်" ဟု ရှင်းပြလေသည်။
"ပြီးတော့ အကြီးမားဆုံး ဆုလာဘ်ကတော့ ချော်ရည်နန်းတော်ရဲ့ နန်းတော်သခင် ရာထူးပဲ ဖြစ်တယ်"
ကျိုးနုန်းယင်းသည် ထိုစကားကို ကြားသောအခါ စိတ်အေးသွားပြီး "အကြီးအကဲကျူး၊ ကျွန်တော်တို့ အချိန်ကိုက် ရောက်လာတာပဲ။ အခု ချော်ရည်နန်းတော်ကို နတ်ဆိုးသားရဲတွေ ဝိုင်းရံထားကြတာဆိုတော့ ရွှေအမြုတေအဆင့် သားရဲတွေတောင် အတော်များများ သေဆုံးကုန်ကြပြီ။
ရှေ့တန်းမှာ ဝင်ပါပြီး နတ်ဆိုးသားရဲတွေကို သတ်ဖြတ်မယ်ဆိုရင် အကျိုးပြုမှုကို အလွယ်တကူ ရနိုင်လိမ့်မယ်။ အန္တရာယ်လည်း နည်းသလို ရတဲ့ အကျိုးအမြတ်ကလည်း များတယ်လေ" ဟု အကြံပြုလေသည်။
ကျူးရွှမ်းကျိကလည်း "အရင်ဆုံး အဲဒီအတိုင်း လုပ်ကြတာပေါ့" ဟု ဆိုကာ ရွှေအမြုတေအဆင့် ကျင့်ကြံသူ သုံးဦးနှင့်အတူ ရှေ့တန်းစစ်မျက်နှာသို့ ဝင်ရောက်သွားလေတော့သည်။
ရွှေအမြုတေအဆင့် ကျင့်ကြံသူများ၏ စွမ်းဆောင်ရည်မှာ အံ့မခန်း ဖြစ်ရာ သူတို့ သွားလေရာ၌ နတ်ဆိုးသားရဲများသည် အစုလိုက်အပြုံလိုက် သေဆုံးကုန်ကြပြီး နတ်ဆိုးအလောင်းများစွာ ကျန်ရစ်ခဲ့လေသည်။
နဂါးလိပ် မီးလျှံဝိညာဉ်သည် ထိုမြင်ကွင်းကို ကြည့်ကာ ဒေါသတကြီးဖြင့် မျက်လုံးများ ပြူးကျယ်လာချေသည်။
နတ်ဆိုးသားရဲများ နန်းတော်ကို ဖျက်ဆီးပစ်နိုင်ရန် သူက တိတ်တဆိတ် ဆုတောင်းနေခဲ့သော်လည်း ဘိုးဘေးအကြီးအကဲ သုံးဦး ချန်ထားခဲ့သော ကန့်သတ်ချက်များကြောင့် ချော်ရည်နန်းတော်ကို တတ်နိုင်သမျှ ကူညီလည်ပတ်ပေးနေရခြင်း ဖြစ်၏။
သို့သော်လည်း ချော်ရည်နန်းတော်၏ အခြေအနေမှာ ဆိုးရွားလာသည်နှင့်အမျှ သူ့အပေါ်ရှိ ကန့်သတ်ချက်များမှာလည်း အရင်ကကဲ့သို့ မတင်းကျပ်တော့ပေ။
ထိုသို့သော အားနည်းချက် အနည်းငယ်ကို အသုံးချကာ သူသည် နန်းတော်ကို ယခုကဲ့သို့ ပျက်စီးလုနီးပါး အခြေအနေသို့ တဖြည်းဖြည်း ဆွဲချခဲ့ခြင်း ဖြစ်သည်။
မီးလျှံနတ်ဆိုး သားရဲ ဆယ်ကောင်ကျော်ကို သတ်ဖြတ်ပြီးနောက် ကျူးရွှမ်းကျိက ရပ်တန့်လိုက်သော်လည်း ကျန်ရှိသည့် ဘိုးဘေး သုံးဦးမှာမူ အကျိုးပြုမှုများ လျင်မြန်စွာ ရရှိနိုင်ရန်အတွက် ဆက်လက် တိုက်ခိုက်နေကြဆဲ ဖြစ်သည်။
ကျူးရွှမ်းကျိက ထိုသုံးဦးအား အနီးအနားသို့ လှည့်လည်ကြည့်ရှုရန် အကြံပြုလိုက်ရာ ကျန်းတန်လျန်က "အကြီးအကဲကျူး၊ ခင်ဗျား မသိသေးလို့ပါ။ ကျွန်တော်တို့တွေဟာ အထူးအခြေအနေမျိုး မဟုတ်ရင် ချော်ရည်နန်းတော်ထဲမှာ စိတ်ကြိုက် လှည့်လည်သွားလာလို့ မရပါဘူး" ဟု သတိပေးလိုက်သည်။
နင်းမျိုးနွယ်စု ဘိုးဘေးကမူ သက်ပြင်းချရင်း သူ၏ ဦးခေါင်းပေါ်ရှိ အမာရွတ်ကို ပွတ်သပ်ကာ မုန့်ခွေက သူ၏ အစီအစဉ်များကို မည်သို့ ဖျက်ဆီးခဲ့သည်ကို သတိရနေမိသည်။
သို့သော် ကျူးရွှမ်းကျိကမူ လက်ကာပြရင်း "မစိုးရိမ်ကြပါနဲ့ မိတ်ဆွေတို့။ ကျွန်တော့်မှာ နည်းလမ်း ရှိပါတယ်" ဟု ဆိုကာ အဆောင်လက်ဖွဲ့ တစ်ခုကို ထုတ်ယူ၍ အသက်သွင်းလိုက်လေသည်။
ထိုအဆောင်လက်ဖွဲ့သည် လျင်မြန်စွာ အရည်ပျော်သွားပြီး ထူးဆန်းသော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွား၏။
အလင်းတန်းသည် ကျူးရွှမ်းကျိ၏ အပေါ်သို့ ကျရောက်ကာ ပျောက်ကွယ်သွားသော်လည်း သူ၏ ကိုယ်ရောင်ကိုယ်ဝါမှာ သိသိသာသာ ပြောင်းလဲသွားလေသည်။ ဤပြောင်းလဲမှုကြောင့် ကျူးရွှမ်းကျိသည် နန်းတော်အတွင်း၌ လွတ်လပ်စွာ စူးစမ်းနိုင်ခွင့် ရရှိသွားတော့သည်။
"ဒါဟာ ဝိညာဉ်ဖုံးကွယ်ခြင်း နံရံပဲ" ကျူးရွှမ်းကျိသည် နံရံတစ်ခုထံ သွားရောက်ကာ ထိတွေ့ကြည့်လိုက်ပြီး ချက်ချင်းပင် မှတ်မိသွားသည်။
ထိုနံရံမှာ အလွန်လေးလံပြီး ပြတင်းပေါက်သဏ္ဌာန် အဆောင်လက်ဖွဲ့ အကြီးစားများကို တစ်ခုနှင့်တစ်ခု အကွာအဝေးတူညီစွာ ကပ်ထားလေသည်။ ကျူးရွှမ်းကျိက ဝိညာဉ်စွမ်းအား အနည်းငယ် ထည့်သွင်းလိုက်ရာ နံရံက အားလုံးကို စုပ်ယူသွားပြီး အစီအရင် အစင်းကြောင်းများ လင်းလက်လာ၏။
ထိုနံရံကို မြေအောက်အပူစွမ်းအားနှင့် ဝိညာဉ်စွမ်းအားများ သိုလှောင်ရန် အသုံးပြုခြင်း ဖြစ်သည်။ နံရံ ပျက်စီးသွားလျှင်ပင် ထိုစွမ်းအားများသည် ပေါက်ကွဲထွက်သွားခြင်း မရှိဘဲ အုတ်ခဲများအတွင်း၌ သိုလှောင်နေမည် ဖြစ်၏။
အထူးအစီအရင်များကို အသုံးပြုပါက ရန်သူ၏ ပညာရပ်များတွင် ပါဝင်သော ဝိညာဉ်စွမ်းအားများကိုပင် အတင်းအဓမ္မ စုပ်ယူနိုင်သေးသည်။
ကျူးရွှမ်းကျိသည် နံရံတစ်လျှောက် ဆက်လက် စူးစမ်းလာရာ ရေတွင်းတစ်ခုကို တွေ့ရှိသဖြင့် ခေတ္တရပ်လိုက်သည်။ ရေတွင်းကို ပိတ်ထားသော်လည်း ထိုအတွင်း၌ ရေမရှိသည်ကို သူက သေချာပေါက် သိနေ၏။
"ဒါက နဂါးမြေတွင်းပဲ"
"ချော်ရည်နန်းတော်ရဲ့ မြေအောက်မှာ လျှို့ဝှက်နဂါး လိုဏ်ခေါင်းလမ်းကြောင်းတွေကို စနစ်တကျ ခင်းကျင်းထားတာ။ ဒီလမ်းကြောင်းတွေက နန်းတော်တစ်ခုလုံးကို ဖြတ်သန်းသွားလာနေပြီး စက်မှုစွမ်းအားတွေကို ပို့ဆောင်ပေးနေတာပေါ့။ နှမြောစရာကောင်းတာက ငါတို့တွေ အထဲကို ဝင်လို့ မရတာပဲ"
ကျူးရွှမ်းကျိသည် ပျက်စီးနေသော နေရာများနှင့် တိုက်ပွဲဒဏ်ရာများ ရှိသည့် နေရာများတွင် ရပ်တန့်ကာ သူ၏ ရွှေမျက်စိပညာရပ်နှင့် အရင်းအမြစ် ရှာဖွေခြင်း ပညာရပ်တို့ကို အသုံးပြု၍ စူးစမ်းလေသည်။
သူ၏ မီးလျှံတောင်တန်းသို့ လာရောက်ရခြင်း ရည်ရွယ်ချက်တွင် ချော်ရည်နန်းတော် စောစီးစွာ ထွက်ပေါ်လာရသည့် လျှို့ဝှက်ချက်ကို ဖော်ထုတ်ရန်လည်း ပါဝင်ပေသည်။
"အဲဒါ ဘာလဲ" ကျူးရွှမ်းကျိသည် မြင့်မားသော စင်မြင့်တစ်ခုပေါ်မှနေ၍ စီတန်းထားသော ကြေးဝါဆေးဖိုများကို လှမ်းကြည့်လိုက်သည်။ ထိုဆေးဖိုများသည် ကြီးမားသော ဗူးသီးခြောက်ကြီးများကဲ့သို့ မြေပြင်ပေါ်၌ ညီညာစွာ တည်ရှိနေကြရာ အဝေးမှ ကြည့်လျှင် ဆေးဖိုတောအုပ်ကြီးတစ်ခုအလား ထင်မှတ်ရပေသည်။
"ကြေးဝါဆေးဖို၊ သံဆေးဖို၊ ငွေဆေးဖိုနဲ့ ရွှေဆေးဖို" ကျူးရွှမ်းကျိသည် သက်ဆိုင်ရာ အချက်အလက်များကို ချက်ချင်း ပြန်လည် အမှတ်ရသွားသည်။
"ချော်ရည်နန်းတော်မှာ ဆေးဖို လေးမျိုး ရှိတယ်။ အဲဒီထဲမှာ ရွှေဆေးဖိုက အဖိုးတန်ဆုံးဖြစ်ပြီး ရှစ်လုံးပဲ ရှိတာ။ အဲဒါတွေ ပျက်စီးသွားရင် ဘိုးဘေးအကြီးအကဲ သုံးဦးကိုယ်တိုင်ကလွဲလို့ ဘယ်သူမှ ပြင်လို့ မရဘူး။
ဒီဆေးဖိုတွေကနေပြီးတော့ အမျိုးမျိုးသော စက်မှုပစ္စည်းတွေကို ထုတ်လုပ်ပေးတာ။ အခုအချိန်အထိ နန်းတော် လည်ပတ်နေတာက ဒီဆေးဖိုတွေကို အဓိက အားကိုးနေရတာပဲ"
ကျူးရွှမ်းကျိသည် စင်မြင့်ပေါ်မှ ဆင်းသက်ကာ ဆက်လက် စူးစမ်းရှာဖွေပြန်သည်။ သူသည် တော်ဝင်အဆောင်လက်ဖွဲ့ကို အသုံးပြု၍ လွတ်လပ်စွာ သွားလာနိုင်သော်လည်း ကန့်သတ်ထားသည့် နယ်မြေများစွာ ကျန်ရှိနေသေးသည်ကို သတိပြုမိသွား၏။
"နန်းတော်အတွက် ငါ့ရဲ့ အကျိုးပြုမှုကို ထပ်ပြီး မြှင့်တင်ဖို့ လိုဦးမယ် ထင်တယ်။ ကံကောင်းတာက ငါ အဆင်သင့် ပြင်လာခဲ့တယ်"
ထိုသို့ တွေးတောရင်း ကျူးရွှမ်းကျိသည် သူ၏ သိုလှောင်အိတ်အတွင်းမှ စက်မှုပစ္စည်း သုံးခုကို ထုတ်ယူလိုက်သည်။ ၎င်းတို့မှာ ကျောက်စိမ်းဖြူနဂါး၊ အပူလျှံဖီးနစ်နှင့် ပတ်ချာလည်မြွေ တို့ ဖြစ်ကြသည်။
နဂါးရုပ်မှာ နှင်းကဲ့သို့ ဖြူဖွေးကာ လက်ရာမြောက်သော ကြွေထည်များဖြင့် ပြုလုပ်ထားခြင်း ဖြစ်၏။ ဖီးနစ်ငှက်၏ အတောင်ပံများမှာ ခန့်ညားထည်ဝါပြီး အမြီးတွင် ကျောက်မျက်ရတနာများစွာ စီခြယ်ထားကာ များပြားလှသော အလင်းနှင့် အပူကို စုပ်ယူ ထုတ်လွှတ်နိုင်စွမ်း ရှိသည်။
မြွေရုပ်မှာမူ မြေကောင်နှင့် ဆင်တူပြီး ခန္ဓာကိုယ်မှာ သံမဏိ ဖြစ်သော်လည်း အလွန် လျှော့တိလျှော့ရဲ ရှိ၏။ ၎င်း၏ ဦးခေါင်းပိုင်းတွင် လည်ပတ်နေသော လွှသွားများ ပါရှိရာ မြေအောက်တူးဖော်ရေးအတွက် အလွန် သင့်လျော်ပေသည်။
ထိုသားရဲပုံစံ စက်မှုရုပ်သေး သုံးခုစလုံးမှာ ရွှေအမြုတေအဆင့်နှင့် နီးစပ်သော စွမ်းအားများ ရှိကြသည်။ ကျူးရွှမ်းကျိက ၎င်းတို့ကို လှူဒါန်းလိုက်သောအခါ ချော်ရည်နန်းတော်အတွက် သူ၏ အကျိုးပြုမှုမှာ ရှေးလူများစွာကို ကျော်ဖြတ်၍ မြင့်တက်သွားလေတော့သည်။
တိမ်တိုက်မြူထုများကြားတွင် ရှိနေသော မုန့်ခွေသည် ထိုမြင်ကွင်းကို ကြည့်ကာ သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။ ကျူးရွှမ်းကျိသည် ကောင်းမွန်စွာ ပြင်ဆင်လာခဲ့သည်မှာ သိသာလှပေသည်။
သူ အသုံးပြုခဲ့သော အဆောင်လက်ဖွဲ့နှင့် ယခု ထုတ်ယူလိုက်သော စက်မှုရုပ်သေးများကို ကြည့်ခြင်းအားဖြင့် တမ်းတခြင်းပြည် တော်ဝင်မိသားစုအနေဖြင့် ချော်ရည်နန်းတော်အပေါ် မည်မျှ အလေးအနက် ထားသည်ကို မုန့်ခွေ နားလည်သွားခဲ့သည်။
မုန့်ခွေအနေဖြင့် ဤသည်ကို အံ့သြခြင်း မရှိပေ။ တမ်းတခြင်းပြည်၏ ဧကရာဇ်နှင့် ဘိုးဘေးအကြီးအကဲ သုံးဦးတို့သည် နက်ရှိုင်းသော ပတ်သက်မှုများ ရှိခဲ့ကြသည် မဟုတ်လော။
ထို့ကြောင့်လည်း ချော်ရည်နန်းတော်သည် တော်ဝင်မိသားစုအတွက် အထူး အရေးပါနေခြင်း ဖြစ်သည်။ ထိုပတ်သက်မှုကို ဖယ်ထားလျှင်ပင် မိမိတို့ ပိုင်နက်အတွင်းရှိ ဟင်းလင်းပြင်သန့်စင်ခြင်း အဆင့်အထိ ရောက်ရှိခဲ့သော ပုဂ္ဂိုလ်ကြီး၏ အမွေအနှစ်ကို မည်သည့် တော်ဝင်မိသားစုကမှ လျစ်လျူရှုထားမည် မဟုတ်ပေ။
မုန့်ခွေသည် တော်ဝင်မိသားစုဘက်မှ ကျူးရွှမ်းကျိ တစ်ဦးတည်းကိုသာ စေလွှတ်လိုက်သဖြင့် အလေးအနက် မရှိဟု ထင်မှတ်ထားခဲ့သော်လည်း ယခုအခါမူ ထိုမျှော်လင့်ချက်မှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ကျူးရွှမ်းကျိသည် မျိုးနွယ်စု သုံးစုနှင့် မဟာမိတ် ဖွဲ့လိုက်ခြင်းက မြို့စားမင်းဂေဟာကို သိသိသာသာ အခြေအနေ နိမ့်ပါးသွားစေခဲ့သည်။ အထူးသဖြင့် မုန့်ခွေ၏ ရွှေအမြုတေအဆင့် လက်အောက်ငယ်သား နှစ်ဦးမှာ ချော်ရည်နန်းတော်သို့ ဝင်ရောက်ခွင့် မရခြင်းက ပို၍ ဆိုးရွားစေသည်။
မုန့်ခွေက မုန့်ချုံထံသို့ စိတ်ချင်းဆက်သွယ်ကာ "မြေးလေး၊ နောက်ထပ် နန်းတော်အတွင်း စူးစမ်းမှုတွေမှာ တခြားသူတွေကိုပါ ခေါ်သွားလိုက်တော့။ အခြေအနေက အရေးကြီးနေပြီ၊ အခွင့်အရေးဆိုတာ ခဏလေးအတွင်းမှာတင် ပျောက်ကွယ်သွားနိုင်တယ်။ ငါတို့လက်ထဲမှာ အခွင့်အလမ်း ရှိနေတုန်း အမိအရ ဆုပ်ကိုင်ထားရမယ်" ဟု မှာကြားလိုက်လေသည်။
မုန့်ချုံ၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားသော်လည်း ခေါင်းညိတ်ကာ "အဘိုး၊ ကျွန်တော် နားလည်ပါပြီ" ဟု ကျယ်လောင်စွာ ပြန်လည် ဖြေကြားလိုက်သည်။
မြို့စားမင်းဂေဟာ၏ ပြင်ဆင်ရေးအဖွဲ့မှာ ကျိုးမျိုးနွယ်စုထက်ပင် ပို၍ သာလွန်ကောင်းမွန်လေသည်။ မုန့်ချုံသည် တစ်ဦးတည်း လှုပ်ရှားရသည်ကို ပို၍ နှစ်သက်သော်လည်း အဘိုးကိုယ်တိုင် မှာကြားလာသဖြင့် အဖွဲ့ကို ဦးဆောင်ကာ တာဝန်ယူရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။
မုန့်ချုံသည် ပြင်ဆင်ရေးအဖွဲ့ကို ခေါ်ယူကာ " သေချာ နားထောင်ကြ။ အကယ်၍ အဲဒီ စက်မှုမျောက်သာ ပေါ်လာရင် မင်းတို့ထဲက ဘယ်သူမှ ဝင်မပါနဲ့။ အဲဒီမျောက်ကို ငါတစ်ယောက်တည်းနဲ့တင် အနိုင်တိုက်နိုင်တယ်" ဟု အလေးအနက် ပြောဆိုလိုက်သည်။
သုံးနာရီ ကြာမြင့်ပြီးနောက် မုန့်ချုံ၏ ဝိညာဉ်သည် ချော်ရည်နန်းတော်အတွင်းသို့ ဝင်ရောက်သွားလေသည်။ သူ၏ နောက်တွင်မူ မြို့စားမင်းဂေဟာ ပြင်ဆင်ရေးအဖွဲ့မှ အဖွဲ့ဝင် ဆယ့်ခြောက်ဦး လိုက်ပါသွားကြလေတော့သတည်း။