အခန်း (၁၅၅-၁၅၆)
Vol. 10 Ch. 155-156
*အခန်း (၁၅၅)။ မြို့စားမင်းဂေဟာ၏ အားမာန်ပါပါ ထိုးစစ်ဆင်မှု
မီးလျှံတောင် မသေမျိုးမြို့တော်၊ မြို့စားမင်းဂေဟာ။
"သခင်လေး မုန့်ချုံကို ဂါရဝပြုပါတယ်" ကျင့်ကြံသူ ဆယ့်ခြောက်ဦးက ညီညာဖျဖျ နှုတ်ဆက်ကြလေသည်။
၎င်းတို့အားလုံးသည် ဝိညာဉ်စွမ်းအား သန့်စင်ခြင်းအဆင့် (၃) ၏ အထွတ်အထိပ်သို့ ရောက်ရှိနေကြသူများ ဖြစ်ကြပြီး ဓာတ်ငါးပါးညှိနှိုင်းခြင်းပညာရပ်ကို လေ့ကျင့်ထားကြသူများ ဖြစ်ကြသည်။
မုန့်ချုံ၏ ဘေးတွင် ရပ်နေသော ဖေးစီက အခွင့်အခါသင့်သဖြင့် စကားစလာ၏။ "သခင်လေး မုန့်ချုံ... ကျွန်တော့်ကို မိတ်ဆက်ပေးခွင့်ပြုပါဦး"
"ဒီထဲက လူအများစုကို ကျွန်တော်ကိုယ်တိုင် စုဆောင်းခဲ့တာပါ"
"ဒါကတော့ လီဒိုလန်ပါ၊ ရန်သူကို တိုက်ခိုက်တဲ့နေရာမှာ လွှသွားပါတဲ့ ဘီးတွေကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ပါတယ်။ စက်မှုပစ္စည်းအသစ်တွေကို တီထွင်ဖန်တီးတဲ့အခါမှာလည်း ချိတ်ဆက်ထားတဲ့ ဘီးတွေကို အသုံးပြုရတာကို နှစ်သက်သူပါ"
လီဒိုလန်က ရှေ့သို့ တစ်လှမ်းတက်၍ မုန့်ချုံကို ဦးညွှတ်လိုက်သည်။ "သခင်လေး မုန့်ချုံအတွက် အမှုထမ်းဖို့ အသင့်ပါပဲ"
သူသည် အရပ်ရှည်ရှည် ဝဝဖိုင့်ဖိုင့်နှင့် ကြည့်ရသည်မှာ သဘောကောင်းမည့်ပုံ ပေါက်လေသည်။ မျက်နှာက ပြည့်ဖြိုးပြီး ဦးခေါင်းနှင့် နားရွက်တို့မှာလည်း ကြီးမားလှရာ ဘုရားကျောင်းများရှိ ဗုဒ္ဓရုပ်ပွားတော်နှင့်ပင် ဆင်တူနေတော့သည်။
ဖေးစီက ဆက်၍ မိတ်ဆက်ပေးပြန်သည်။ "ဒါကတော့ ဖုန်းဖေးတာပါ၊ သူ တီထွင်ထားတဲ့ လက်ကောက်ဝတ် ပစ်ခတ်မှုစနစ်သုံး ဓားပျံတွေက အရမ်းကို လက်ရာမြောက်လှပါတယ်။ တစ်ကြိမ်တည်းနဲ့ ဓားအချောင်း တစ်ဆယ်ကျော်ကို ပစ်ခတ်နိုင်တာပါ"
"ဓားပျံတစ်စင်းချင်းစီက လေထဲမှာ လေးငါးပိုင်း ထပ်ကွဲသွားနိုင်ပြီး အစီအရင်တစ်ခုသဖွယ် အပြန်အလှန် ချိတ်ဆက်ကာ ရန်သူကို အပိုင်းပိုင်းပြတ်သွားအောင် လှီးဖြတ်ပစ်နိုင်ပါတယ်"
မုန့်ချုံက ဖုန်းဖေးတာကို ကြည့်လိုက်သည်။ သူသည် ပုပုတိုတိုနှင့် တောင့်တင်းသော ခန္ဓာကိုယ်ရှိပြီး ကျင့်ကြံသူ ဝတ်စုံကို ဝတ်ဆင်ထားကာ မျက်နှာကို ဖုံးအုပ်ထားသည်။ သူ၏ သေးငယ်ကျဉ်းမြောင်းသော မျက်လုံးတစ်စုံကိုသာ မြင်တွေ့ရလေသည်။
ဖုန်းဖေးတာက ဒူးတစ်ဖက်ထောက်ကာ မုန့်ချုံအပေါ် သစ္စာရှိမှုကို ပြသလိုက်သည်။ "သခင်လေး မုန့်ချုံအတွက်ဆိုရင် မီးထဲဆင်းရ ဆင်းရ၊ ရေထဲဆင်းရ ဆင်းရ အသင့်ပါပဲ"
နောက်ဆုံးတွင် ဖေးစီက မိတ်ဆက်ပေးသည်မှာ... "ဒါကတော့ ကွမ်းတျဲစောပါ၊ သူကတော့ သံလိုက်စွမ်းအားသုံး ချိတ်ဆက်မှုစနစ်တွေကို အမြောက်အမြား ထိန်းချုပ်နိုင်တဲ့ နေရာမှာ ထူးချွန်ပါတယ်။ အဲဒီကိရိယာတွေက ပစ်မှတ်ပေါ်ကို တွားတက်သွားပြီး တစ်ခုနဲ့တစ်ခု ချိတ်ဆက်ကာ ရန်သူကို တစ်လက်မမျှ မလှုပ်ရှားနိုင်အောင် တုပ်နှောင်ထားနိုင်ပါတယ်"
ကွမ်းတျဲစောကမူ"သခင်လေး မုန့်ချုံကို တွေ့ရတာ ဝမ်းသာပါတယ်" ဟုသာ ပြောလေသည်။
လီဒိုလန်၊ ဖုန်းဖေးတာနှင့် ကွမ်းတျဲစောတို့သည် မြို့စားမင်းဂေဟာ ပြင်ဆင်ရေးအဖွဲ့တွင် အထူးချွန်ဆုံး ခေါင်းဆောင်များ ဖြစ်ကြသည်။
၎င်းတို့ကို စုဆောင်းနိုင်ရန် ဖေးစီ အတော်ပင် အားစိုက်ခဲ့ရ၏။
ဝိညာဉ်စွမ်းအား သန့်စင်ခြင်းအဆင့် ရှိရန် လိုအပ်သည့်အပြင် စက်မှုပညာရပ်တွင်လည်း အတိုင်းအတာတစ်ခုအထိ ကျွမ်းကျင်မှုရှိရန် ဆိုသည်မှာ ရှားပါးလှသည်။
စက်မှုပညာရပ်သည် သင်ယူရန်နှင့် တတ်မြောက်ရန် ခက်ခဲလှသောကြောင့် ဖြစ်သည်။ ဝိညာဉ်စွမ်းအား သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ အများစုသည် တတ်နိုင်ပါက ဆေးဖော်စပ်ခြင်း၊ လက်နက်သွန်းလုပ်ခြင်း သို့မဟုတ် အစီအရင်အတတ်ပညာတို့ကိုသာ ရွေးချယ်တတ်ကြပြီး မတတ်နိုင်သူများကမူ စိုက်ပျိုးရေး၊ တံငါလုပ်ငန်းနှင့် အမဲလိုက်ခြင်းတို့ကိုသာ လုပ်ကိုင်ကြသည်။
စက်မှုပညာရပ်သည် ကျင့်ကြံခြင်းဆိုင်ရာ အတတ်ပညာရပ်များစွာထဲတွင် လူသိနည်းသော လမ်းစဉ်တစ်ခုဖြစ်ပြီး ထူးခြားသော အခြေအနေ သို့မဟုတ် ကံကောင်းထောက်မမှု ရှိမှသာ လေ့လာလိုက်စားကြခြင်း ဖြစ်သည်။
"ကောင်းပြီ" မုန့်ချုံက ခေါင်းညိတ်၍ တိုက်ရိုက်ပင် ပြောလိုက်သည်။ "အခုကစပြီး ငါတို့ မသေမျိုးနန်းတော်ထဲကို အတူတူ သွားကြမယ်"
"ဒါက ရိုးရိုးလေးပဲ၊ ငါ ရှေ့ကနေ တိုက်ခိုက်သွားမယ်၊ မင်းတို့က ငါ့နောက်က လိုက်ခဲ့ရုံပဲ"
မုန့်ချုံတွင် စနစ်တကျ ကွပ်ကဲနိုင်စွမ်း များများစားစား မရှိပေ။
ဖေးစီက ချောင်းနှစ်ချက်ဟန့်၍ သတိပေးစကား ပြောလိုက်သည်။ "လူများတော့ အင်အားတောင့်တာ မှန်ပေမဲ့ အားနည်းချက်လည်း ရှိပါတယ်"
"ကျွန်တော်တို့ သိထားရသလောက်တော့ ချော်ရည်နန်းတော်ရဲ့ စမ်းသပ်မှုတွေဟာ ပါဝင်တဲ့လူအရေအတွက်နဲ့ အင်အားပေါ် မူတည်ပြီး အခက်အခဲအဆင့် ပြောင်းလဲသွားတတ်ပါတယ်"
"အခုလို ကျွန်တော်တို့ အများကြီး အတူတူဝင်သွားမယ်ဆိုရင် စက်မှုမျောက်တွေ လာရောက်တိုက်ခိုက်ဖို့ ပိုများပြီး စမ်းသပ်မှုက ပိုခက်ခဲသွားနိုင်တယ်"
"ပြီးတော့ စက်မှုမျောက် အများအပြား တစ်ပြိုင်တည်း လာတိုက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်"
"တကယ်လို့ အဲဒီလိုဖြစ်လာရင် မင်းတို့အနေနဲ့ သခင်လေး မုန့်ချုံကို အသက်နဲ့လဲပြီး ကာကွယ်ရမယ်။ မင်းတို့ အသက်ပေးရရင်တောင်မှ သခင်လေး မုန့်ချုံအတွက် အခွင့်အရေးရအောင် အဲဒီစက်မှုမျောက်တွေကို ဝိုင်းဝန်း တားဆီးထားရမယ်"
"နားလည်ပါပြီ" ပြင်ဆင်ရေးအဖွဲ့ဝင်များက အမိန့်ကို တိကျစွာ နာခံမည့်အလား ညီညာစွာ ပြန်ထူးကြသည်။
မြို့စားမင်းဂေဟာသည် မျိုးနွယ်စုကြီး သုံးခုစလုံးတွင် သူလျှိုများနှင့် သတင်းပေးများ ထည့်ထားပြီးသား ဖြစ်သည်။
ရွှေသွေးတိုက်ပွဲဝင်မျောက် - တာရှန့်သည် အခန်း (၂) တွင် မျိုးနွယ်စု သုံးခုမှ ပါရမီရှင်များကို ပိတ်ဆို့ထားသည်ဟူသော သတင်းကို မြို့စားမင်းဂေဟာက စုံစမ်းသိရှိထားပြီး ဖြစ်သည်။
ထို့ကြောင့် ယွမ်တာရှန့် ပေါ်လာခြင်းမှာ ချော်ရည်နန်းတော်၏ စမ်းသပ်မှု အခက်အခဲအဆင့် ပြောင်းလဲသွားခြင်းကြောင့်ဟု ဖေးစီက ယူဆထားလေသည်။
ရုတ်တရက် မုန့်ချုံက "နေဦး" ဟု ဆိုလာသည်။
"တကယ်လို့ အဲဒီစက်မှုမျောက် ပေါ်လာရင် မင်းတို့ ဘယ်သူမှ ဝင်မပါနဲ့၊ ငါကိုယ်တိုင် ရှင်းမယ်"
"ငါ့တိုက်ပွဲကို ဘယ်သူမှ ဝင်မနှောင့်ယှက်စေနဲ့၊ နားလည်လား"
ပြင်ဆင်ရေးအဖွဲ့ဝင်များသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် ဖေးစီထံသို့ အကြည့်လွှဲလိုက်ကြသည်။
ဖေးစီက ခပ်ပါးပါး ပြုံးလိုက်ရင်း... "သခင်လေး မုန့်ချုံ ပြောပြီးပြီပဲ၊ သူခိုင်းတဲ့အတိုင်း လုပ်လိုက်ကြပါ"
"ဟုတ်ကဲ့ပါ" ၎င်းတို့က တစ်ညီတစ်ညွတ်တည်း ပြန်ထူးကြပြန်သည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ ၎င်းတို့၏ တက်ကြွမှုမှာ အရင်ကထက် သိသိသာသာ လျော့နည်းသွားသည်။
အချို့ကမူ တစ်ဦးကိုတစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြပြီး မုန့်ချုံ၏ တစ်ဦးတည်း တိုက်ခိုက်လိုသော ဆုံးဖြတ်ချက်ကို သဘောမတူကြောင်း ပြသနေကြသည်။
"မင်းတို့ ဘာသိလို့လဲ" ဖေးစီက စိတ်ထဲမှ လှောင်ပြုံး ပြုံးလိုက်၏။
မုန့်ချုံ၏ ဆုံးဖြတ်ချက်မှန်သမျှသည် သူ၏ ပင်ကိုယ်စိတ်ရင်းအတိုင်း လုပ်ဆောင်ခြင်း ဖြစ်သည်။
ထိုသို့ လုပ်ဆောင်ခြင်းကြောင့် သူ၏ ပင်ကိုယ်စရိုက်ကို ပိုမိုနိုးထစေပြီး မိမိ၏ မသေမျိုး ပါရမီထူးကို ပိုမို နက်နက်ရှိုင်းရှိုင်း နားလည်လာစေသည်။
မသေမျိုးနန်းတော်ကို စတင် စူးစမ်းကတည်းက မုန့်ချုံသည် တိုက်ပွဲများစွာကို ဆင်နွှဲခဲ့ပြီး သူ၏ အင်အားမှာလည်း သိသိသာသာ တိုးတက်လာခဲ့သည်။
"သူက မျိုးနွယ်စု သုံးခုက ပါရမီရှင်တွေထက် အများကြီး ရှေ့ရောက်နေတာပဲ" ဖေးစီသည် အမှန်တရားကို မသိသဖြင့် မုန့်ချုံကသာ အသာစီးရနေသော ထိပ်တန်းပုဂ္ဂိုလ်ဟု ထင်မှတ်နေရှာသည်။
အထူးသဖြင့် မုန့်ချုံက မကြာသေးမီက အဆင့်သတ်မှတ်ချက်စာရင်းနှင့် ပတ်သက်၍ ဖေးစီကို သတင်းပေးပြီးနောက်တွင် ဖြစ်သည်။
ဖေးစီက အမည်ပြောင်းလဲ၍ ရနိုင်၊ မရနိုင် အစရှိသည့် မေးခွန်းအချို့ကို မေးမြန်းခဲ့သော်လည်း အမှားအယွင်းဖြစ်အောင် လမ်းလွဲပေးခြင်း ခံခဲ့ရသည်။
"သခင်လေး မုန့်ချုံရဲ့ အလားအလာက အကန့်အသတ်မရှိဘူး၊ မြို့စားမင်းက အမြော်အမြင် ကြီးမားတာပဲ။ ဒီအတိုင်းသာဆိုရင် သူက ချော်ရည်နန်းတော်ကို သိမ်းပိုက်နိုင်မှာ အသေအချာပဲ"
"စိုးရိမ်စရာ တစ်ခုတည်းရှိတာက ကျူးရွှမ်းကျိပဲ"
"ဒီလူက မျိုးနွယ်စု သုံးခုနဲ့ ပေါင်းပြီး ပြဿနာရှာနေတာ၊ အမှန်တရားကို စုံစမ်းစစ်ဆေးဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မသေမျိုးနန်းတော်ထဲကို ဝင်နေတာ။ အကြီးအကဲ မုန့်ခွေတောင် သူ့ကို ပေါ်တင် တားလို့မရဘူး"
"အတော်လေးတော့ အလုပ်ရှုပ်ရဦးမှာပဲ..."
အမှန်တရားဘက်တော်သားများသည် ဂိမ်း၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာကြသော်လည်း မိစ္ဆာလမ်းစဉ် ကမူ တိုက်ရိုက်လုပ်ဆောင်တတ်သော စတိုင်ရှိသည်။
နင်းမျိုးနွယ်စု နယ်မြေ။
နင်းကျဲ၏ ကျင့်ကြံခြင်း လျှို့ဝှက်ခန်းမအတွင်း နင်းကျော့သည် အပြင်းအထန် ကျင့်ကြံနေလေသည်။
သူ့ကို ဝန်းရံထားသော တိမ်တိုက်များသည် ဂွမ်းစိုင်များကဲ့သို့ ထူထပ်လှပြီး သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းထားသည်။
သူသည် နတ်ဘုရားအမွှေးတိုင်ကို ထွန်းညှိကာ မှန်ဝိညာဉ် ဆက်သွယ်ခြင်းပညာရပ်ကို တရားထိုင်၍ ကျင့်ကြံနေသည်။ သူ၏ မျက်နှာမှာ ကရုဏာတရားနှင့် ပြည့်နှက်နေပြီး အလွန်အေးချမ်း ငြိမ်သက်နေသည်။
သူသည် မော့လိုက်ပြီး အရသာရှိလှသော ဝိညာဉ်အစားအစာများကို လည်ချောင်းထဲသို့ အမြောက်အပြား လောင်းထည့်ကာ မိစ္ဆာသွေးကြောကျင့်စဉ်ကို ကျင့်ကြံရင်း အငန်းမရ စားသောက်နေသည်။
ထို့နောက် ဖျာပေါ်တွင် တင်ပလ္လင်ခွေထိုင်ကာ ဓာတ်ငါးပါးညှိနှိုင်းခြင်းပညာရပ်ကို တက်ကြွစွာ လေ့ကျင့်နေပြန်သည်။ နှင်းရောင်စွမ်းအားမြှင့် အဆောင်လက်ဖွဲ့နှင့် ထိုးဖောက်အပ်ကို အသုံးပြု၍ သွေးကြောလမ်းကြောင်းသစ်များကို ရဲရဲဝံ့ဝံ့ စူးစမ်းနေ၏။
မုန့်ချုံ၊ ကျန်းကျန့်၊ နင်းရှောင်ဟွေ့နှင့် အခြားသူများသည် ဝိညာဉ်စွမ်းအား သန့်စင်ခြင်းအဆင့် (၃) ၏ အထွတ်အထိပ်တွင် ပိတ်မိနေကြသော်လည်း နင်းကျော့၏ ဝိညာဉ်စွမ်းအား သန့်စင်ခြင်းအဆင့်မှာ အဆင့် (၅) နှောင်းပိုင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူ၏ အနှစ်သာရသန့်စင်ခြင်းမှာ အဆင့် (၆) သို့ ရောက်ရှိသွားပြီး စိတ်ဝိညာဉ်သန့်စင်ခြင်းမှာမူ အဆင့် (၆) နှောင်းပိုင်းအထိ တိုးတက်သွားခဲ့ပြီ ဖြစ်သည်။
"အစပျိုး နတ်ဘုရားစွမ်းအား - အသက်မျှင်ကြိုးကို နားလည်သဘောပေါက်ပြီးကတည်းက ငါ့ရဲ့ စိတ်ဝိညာဉ်သန့်စင်ခြင်း ကျင့်စဉ်တိုင်းက ထူးထူးခြားခြား ထိရောက်မှုရှိလာတယ်။ ဘယ်လို အဆီးအတားမှမရှိဘဲ အကုန်လုံး ချောချောမွေ့မွေ့ ဖြစ်နေတာပဲ"
"မိစ္ဆာသွေးကြောကျင့်စဉ်ကလည်း အဆင့် (၆) ကို အမြန်ရောက်သွားတယ်။ ဒါက ဝိညာဉ်အစားအစာတွေနဲ့ အဆင့်မြင့် ဆေးလုံးတွေကို အမြဲမပြတ် အများကြီး စားသုံးခဲ့တာကြောင့်ပဲ"
"တကယ်တော့ ငါ အစောဆုံး ကျင့်ခဲ့တဲ့ ဓာတ်ငါးပါးညှိနှိုင်းခြင်းပညာရပ်ကတော့ နောက်ကျကျန်နေပြီး အဆင့် (၅) နှောင်းပိုင်းကိုပဲ ရောက်သေးတယ်"
"နှင်းရောင်စွမ်းအားမြှင့် အဆောင်လက်ဖွဲ့နဲ့ ထိုးဖောက်အပ်ကို သုံးနေတာတောင် ဒီလိုပဲ ဖြစ်နေတာ"
"နှမြောစရာကောင်းတာက ဘေးကင်းဖို့အတွက် ကျိုးမျိုးနွယ်စုရဲ့ စိတ်တိုင်းကျ စုစည်းပျံ့နှံ့စေသော ဝိညာဉ်ဒီရေ အစီအရင်ကို သုံးလို့မရတာပဲ။ တကယ်လို့ အဲဒီအစီအရင်ကို သုံးနိုင်ရင် ငါ့ရဲ့ ဝိညာဉ်စွမ်းအား ကျင့်ကြံမှုက အဆင့် (၆) ကို ရောက်သွားမှာပဲ"
နင်းကျော့သည် နင်းမျိုးနွယ်စု အထက်လူကြီးများထံမှ ရရှိသော သတင်းစကားများကို ပြန်လည်စဉ်းစားနေသည်။
နင်းမျိုးနွယ်စု ဘိုးဘေးကိုယ်တိုင်က နင်းမျိုးနွယ်စု ပြင်ဆင်ရေးအဖွဲ့ကို အင်တိုက်အားတိုက် ထောက်ပံ့ရန်နှင့် ထူးခြားကောင်းမွန်သော ကျင့်ကြံခြင်း အရင်းအမြစ်များကို ပံ့ပိုးပေးရန် မိန့်ကြားထားပြီး ဖြစ်သည်။
"ပြင်ဆင်ရေးအဖွဲ့ တစ်ခုလုံးအတွက် အခြေခံအနေနဲ့ နွေဦးနေရောင် နှင်းဖြူဆေးလုံး သုံးဗူး ပေးထားတယ်။ ဒီလို ထူးကဲတဲ့ အနာကျက်ဆေးတွေ ရှိနေမှတော့ အပြင်းအထန် ကျင့်ကြံလို့ ရတဲ့ ဒဏ်ရာတွေကို ကြောက်နေစရာ မလိုတော့ဘူး"
"အမှန်တရား ရှာဖွေခြင်း မြေပုံ နှစ်ခုကလည်း ကောင်းပါတယ်။ တကယ်လို့ ငါက နှင်းမြူတောင်တန်းပညာရပ်နဲ့ နှင်းပွင့်လွှာပညာရပ်ကို နားလည်သွားရင် ဒီပညာရပ်နှစ်ခုက ဓာတ်ငါးပါး ဝိညာဉ်စွမ်းအားနဲ့ ဘာမှ ပြင်စရာမလိုဘဲ အံဝင်ခွင်ကျ ဖြစ်နေမှာပဲ"
"ဒါပေမဲ့ အရေးကြီးဆုံးကတော့ နှင်းနှလုံးသား ကျောက်စိမ်းအိုးပဲ"
"ဒါက နင်းမျိုးနွယ်စုရဲ့ ရတနာတစ်ပါးပဲ၊ ကျောက်စိမ်းနှင်းရည်လို့ ခေါ်တဲ့ အေးစက်လှတဲ့ ဝိုင်ကို ထုတ်လုပ်နိုင်တယ်။"
"ဒီဝိုင်ကို သောက်လိုက်ရင် စိတ်ဝိညာဉ်ကနေ ဝိညာဉ်စွမ်းအားကို လှုံ့ဆော်ပေးပြီး စိတ်ဝိညာဉ်စွမ်းအားနဲ့ ဝိညာဉ်စွမ်းအားကို ဖြည့်တင်းပေးနိုင်တာကြောင့် နှင်းနှလုံးသားကျင့်စဉ်ကို ကျင့်ကြံတဲ့နေရာမှာ အကောင်းဆုံး အရင်းအမြစ်ပဲ"
နင်းမျိုးနွယ်စု၏ ပင်မမျိုးနွယ်သည် နှင်းနှလုံးသားကျင့်စဉ် တစ်ခုတည်းကိုသာ အာရုံစိုက် ကျင့်ကြံကြသည်။
ဤကျင့်စဉ်ကို အောင်မြင်စွာ ကျင့်ကြံနိုင်ပါက အေးဆေးတည်ငြိမ်ပြီး တစ်ခါတစ်ရံတွင်မူ ခံစားချက် ကင်းမဲ့ကာ အေးစက်သော အမူအရာမျိုး ရှိတတ်ကြသည်။
စကားပုံတစ်ခုရှိသည်မှာ - နှင်းခဲသည် ဓားသွားကဲ့သို့၊ နှင်းနှလုံးသားသည် မှန်ကဲ့သို့၊ နှလုံးသားကို ရေခဲလို စောင့်ရှောက်ပါက မကောင်းမှုမှန်သမျှ မကျူးကျော်နိုင်။
နှင်းနှလုံးသားကျင့်စဉ်၏ အင်အားစုဆောင်းမှု အရှိန်မှာ ထိပ်တန်းကျင့်စဉ်များလောက် မမြန်သော်လည်း ၎င်း၏ အသိဉာဏ်ပင်လယ် ကျင့်ကြံမှုမှာမူ အားသာချက် အရှိဆုံး ဖြစ်သည်။
ကျောက်စိမ်းနှင်းရည်ကို အားကိုးခြင်းဖြင့် အသိဉာဏ်ပင်လယ် ကျင့်ကြံမှုကို အသုံးပြုကာ ဝိညာဉ်စွမ်းအား ကျင့်ကြံမှုကို တွန်းအားပေးနိုင်ပြီး ကျင့်စဉ်၏ အားနည်းချက်ကို ချောမွေ့စွာ ဖြည့်ဆည်းပေးနိုင်လေသည်။
"ငါ့မှာ ဓာတ်ငါးပါး ဝိညာဉ်စွမ်းအား ရှိနေပေမဲ့လည်း ကျောက်စိမ်းနှင်းရည်က ငါ့အတွက် အများကြီး သင့်တော်ပါတယ်"
နင်းကျော့၏ စိတ်ဝိညာဉ်ကျင့်ကြံမှုသည် ဝိညာဉ်စွမ်းအားကျင့်ကြံမှုထက် အများကြီး သာလွန်နေသဖြင့် ကျောက်စိမ်းနှင်းရည်ကို သောက်သုံးခြင်းက သူ၏ ဝိညာဉ်စွမ်းအား ကျင့်ကြံမှုကို မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။
မှန်ပါသည်၊ ကျောက်စိမ်းနှင်းရည်၏ အာနိသင်သည် နှင်းနှလုံးသားကျင့်စဉ်ကို ကျင့်ကြံသူများအတွက် အသင့်တော်ဆုံး ဖြစ်သည်။ ဤဝိညာဉ်ဝိုင်ကို မူလကပင် နှင်းနှလုံးသားကျင့်စဉ် ကျင့်ကြံသူများ၏ ဝိညာဉ်စွမ်းအား စုဆောင်းမှုအရှိန် နှေးကွေးခြင်းကို ကုသရန် တီထွင်ခဲ့ခြင်း ဖြစ်သည်။
တူညီသော အရင်းအမြစ်ဖြစ်သော်လည်း ကျင့်ကြံသူ တစ်ဦးနှင့်တစ်ဦးအပေါ် မူတည်၍ အာနိသင်နှင့် တန်ဖိုးမှာ ကွဲပြားသွားတတ်သည်။
နင်းကျော့သည် စိတ်ထဲမှ ကံကောင်းသည်ဟု မှတ်ယူနေမိသည်။
"တကယ်လို့သာ ချော်ရည်နန်းတော်ကို ရရှိဖို့ အဖွဲ့အစည်းလေးခုက ပြိုင်ဆိုင်မနေကြဘူးဆိုရင် နင်းမျိုးနွယ်စုရဲ့ မျိုးနွယ်စုခွဲက သာမန်လူတစ်ယောက်ဖြစ်တဲ့ ငါက နင်းမျိုးနွယ်စုရဲ့ အဓိက ကျင့်ကြံခြင်း အရင်းအမြစ်တွေကို ဘယ်လိုလုပ် သုံးခွင့်ရမှာလဲ။"
"အမှန်တရား ရှာဖွေခြင်း မြေပုံကို ထားပါဦး၊ နှင်းရောင်စွမ်းအားမြှင့် အဆောင်လက်ဖွဲ့ကိုတောင် ရဖို့ဆိုတာ မဖြစ်နိုင်ဘူး။"
"အခုတော့ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့လို့ ကျောက်စိမ်းနှင်းရည်ကို ရဖို့ အရည်အချင်း ပြည့်မီသွားပြီ။
ပုံမှန်အခြေအနေမှာဆိုရင် ကျောက်စိမ်းနှင်းရည်ကို ရွှေအမြုတေအဆင့် ဘိုးဘေးတွေကိုပဲ အလုံအလောက် ပေးတာ။ မျိုးနွယ်စုအကြီးအကဲ အပါအဝင် ပင်မမျိုးနွယ်က အထက်လူကြီးတွေတောင် တန်းစီစောင့်ရတာ၊ ငါ့လက်ထဲကို ဘယ်လိုလုပ် ရောက်လာမှာလဲ။"
"ဟမ်" နင်းကျော့သည် ရွှေသွေးတိုက်ပွဲဝင်မျောက် - တာရှန့်ကို ခေတ္တမျှ စောင့်ကြည့်လိုက်သည်။
ယွမ်တာရှန့်ကို နင်းကျော့က အရင်က စီစဉ်ထားသည့်အတိုင်း ချော်ရည်နန်းတော်အတွင်း ချန်ထားခဲ့ခြင်း ဖြစ်သည်။
ယွမ်တာရှန့်၏ အမြင်မှတစ်ဆင့် မြို့စားမင်းဂေဟာ၏ ထူးခြားသော လှုပ်ရှားမှုကို နင်းကျော့ သိလိုက်ရသည်။
မုန့်ချုံ ခေါင်းဆောင်သော ဆယ့်ခုနစ်ဦးပါ ပြင်ဆင်ရေးအဖွဲ့သည် မသေမျိုးနန်းတော်အတွင်းသို့ တစ်ပြိုင်တည်း ဝင်ရောက်လာကြပြီး ကြွကြွရွရွနှင့် စိတ်အားထက်သန်နေကြသည်။
"မြို့စားမင်းဂေဟာလား။ တော်တော်လေးကို အင်အားသုံးတာပဲ" နင်းကျော့ စိတ်ထဲမှ အံ့သြသွားမိသည်။
လောလောဆယ်တွင် မျိုးနွယ်စု သုံးခု ပေါင်းထားလျှင်ပင် လူ ဆယ့်ခြောက်ဦး စုဆောင်းနိုင်ရန် ခဲယဉ်းလှသည်။
မြို့စားမင်းဂေဟာသည် ၎င်း၏ အင်အားတစ်ခုတည်းဖြင့် လူ တစ်ဆယ့်ခြောက်ဦးကို စုစည်းနိုင်သည်ဆိုခြင်းမှာ အသင့်ပြင်ဆင်မှု အပြည့်ရှိနေကြောင်း ပြသနေသည်။
မုန့်ခွေကဲ့သို့သော ထက်မြက်သည့် ဗျူဟာရှင်မှာ အမှန်ပင် အမြော်အမြင် ကြီးမားလှသည်။
"မြို့စားမင်းဂေဟာက ဒီလောက် အင်အားရှိနေတာပဲ၊ မျိုးနွယ်စု သုံးခုက ပူးပေါင်းပြီး ပိုပြီးတော့ အပေးအယူ လုပ်လာကြတာ မဆန်းပါဘူး"
နင်းကျော့သည် သက်ပြင်းချလိုက်ရင်း ရွှေသွေးတိုက်ပွဲဝင်မျောက် - တာရှန့်ကို အသုံးပြု၍ စွန်းလင်ထုံကို အကြောင်းကြားလိုက်သည်။
စွန်းလင်ထုံ၏ ဝိညာဉ်သည် မသေမျိုးနန်းတော်အတွင်း၌ ရှိနေဆဲ ဖြစ်သည်။
သူသည် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ဖြစ်သဖြင့် သူ၏ ဝိညာဉ်စွမ်းအားမှာ ကြံ့ခိုင်လှပြီး နှစ်ရက် သုံးရက်မျှ ပြဿနာမရှိဘဲ ခံနိုင်ရည် ရှိသည်။
ဤအချိန်တွင် စွန်းလင်ထုံသည် ပြင်ဆင်ဆောင်အတွင်း ပုန်းကွယ်နေပြီး ပြုပြင်မွမ်းမံနေသည်။
စွန်းလင်ထုံ၏ စက်မှုပညာရပ် ကျွမ်းကျင်မှုမှာလည်း မနိမ့်ပေ။
နင်းကျော့ ငယ်စဉ်က သူ၏ မိခင်ထံမှ ရရှိသော စက်မှုပညာရပ်ဆိုင်ရာ ကျမ်းစာများကို စွန်းလင်ထုံနှင့် မျှဝေခဲ့ဖူးသည်။
စွန်းလင်ထုံသည် သူ၏ ဆရာနှင့် ပြန်လည်ဆုံတွေ့လိုသော စိတ်ဆန္ဒဖြင့် စက်မှုပညာရပ်များကို အမြဲတမ်း ကြိုးစားအားထုတ်၍ လေ့လာခဲ့သည်။
သူသည် ထက်မြက်သူတစ်ဦးဖြစ်ပြီး နားလည်သဘောပေါက်နိုင်စွမ်းလည်း မြင့်မားသည်။
ထို့ကြောင့် စွန်းလင်ထုံ၏ စက်မှုပညာရပ် ကျွမ်းကျင်မှုမှာ နင်းကျော့လောက် မရှိသော်လည်း နန်းတော်ထဲသို့ ဝင်ရောက်နိုင်သည့် စံနှုန်းထက်မူ အများကြီး သာလွန်နေသည်။
တာရှန့်ထံမှ သတင်းရရှိသောအခါ စွန်းလင်ထုံ လန့်သွားပြီး "လူတွေ ရောက်လာပြီလား" ဟု ရေရွတ်လိုက်သည်။
ချက်ချင်းပင် သူက ဝမ်းသာအားရဖြင့်... "ကောင်းပြီ၊ ကောင်းပြီ၊ ကျော့လေးရဲ့ စီမံကိန်းအတိုင်း သူတို့ကို အရင်ဝင်လာခိုင်းလိုက်ကြတာပေါ့"
အခန်း (၁၅၆) - အရင်းအမြစ်အားလုံး
စွန်းလင်ထုံသည် ကြိုတင်၍ ကြားဖြတ်တိုက်ခိုက်ခြင်း မပြုဘဲ ပြင်ဆင်ဆောင်မှ ထွက်ခွာကာ အတွင်းဘက်သို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်သွားချေသည်။
ယခုအခါတွင် နင်းကျော့မှာ သူနှင့်အတူ မရှိသဖြင့် စွန်းလင်ထုံသည် မည်သည့်အထောက်အထားမျှ မရှိသော ဝိညာဉ်သဏ္ဌာန်သာ ဖြစ်နေပေရာ ဆုလာဘ်များ ရယူခြင်း သို့မဟုတ် တံခါးများ ဖွင့်ခြင်းတို့ကို မပြုနိုင်ချေ။
ထို့ကြောင့် စွန်းလင်ထုံသည် ရွှေသွေးတိုက်ပွဲဝင်မျောက် တာရှန့်ကိုသာ တံခါးအရင်ဖွင့်ရန် စောင့်ဆိုင်းနေပြီး တံခါးပွင့်သည်နှင့် နောက်မှ ကပ်၍ တိုးဝင်လိုက်လေသည်။
နဂါးလိပ် မီးလျှံဝိညာဉ်မှာမူ ဤသည်ကို မြင်သောအခါ ဒေါသတကြီးဖြင့် အံကြိတ်နေတော့သည်။
မုန့်ချုံသည် ဦးဆောင်လျက် ဒုတိယနှင့် တတိယမြောက် အတားအဆီးများကို ကျော်ဖြတ်ကာ ၎င်းနှင့် ဆင်တူသော ရုပ်သေး ဆယ့်ခြောက်ရုပ်ကို ပြင်ဆင်ဆောင်အတွင်းသို့ ခေါ်ဆောင်လာခဲ့ချေသည်။
တစ်ခဏအတွင်းမှာပင် အဆင့်ကျော်ဖြတ်မှုအရှိန်နှုန်းစာရင်း၊ စမ်းသပ်မှုတိုးတက်မှုစာရင်းနှင့် ဝိညာဉ်စွမ်းအား သန့်စင်ခြင်းအဆင့် စာရင်းများ၌ အမည်များဖြင့် ပြည့်နှက်သွားတော့သည်။
စမ်းသပ်မှု တိုးတက်မှုစာရင်းတွင် အထူးချွန်ဆုံး ဆယ်ဦးကိုသာ မှတ်တမ်းတင်ထားခြင်း ဖြစ်သဖြင့် အဆင့် ဆယ်ကျော်အတွင်း ရောက်ရှိနေသူ အများအပြားမှာမူ စာရင်းတွင် ပါဝင်ခွင့် မရကြချေ။
နင်းကျော့သည် သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွချလိုက်ရင်း စိတ်ထဲ၌ အနည်းငယ် ကျေနပ်သွားမိသည်။ ဤနည်းဖြင့် နောင်တွင် သူသည် ပြင်ဆင်ဆောင်အတွင်းသို့ ဝင်ရောက်သည့်အခါ၌ သူ၏အမည် စာရင်းထဲတွင် မပါဝင်ခြင်းမှာ အလွန်ပင် သဘာဝကျသော အကြောင်းပြချက် ဖြစ်သွားပေလိမ့်မည်။
အကယ်၍ ယခင်က ဤစာရင်း၌ မည်သူမျှ မရှိခဲ့ပါက သူ၏အမည် ပေါ်မလာခြင်းမှာ သိသာလွန်းသော အားနည်းချက်တစ်ခု ဖြစ်နေပေလိမ့်မည်။
ယခုမူ နင်းကျော့သည် ရန်သူကို အသုံးချ၍ ဤလျှို့ဝှက်အန္တရာယ်ကို ဖြေရှင်းလိုက်ပြီ ဖြစ်သည်။
"တိုက်ကြစမ်း၊ တိုက်ကြစမ်း၊ တိုက်ကြစမ်း" ဟု မုန့်ချုံက ပြင်းပြင်းထန်ထန် ဟိန်းဟောက်ရင်း ရှေ့သို့ တိုးဝင်သွားလေသည်။
သူ ဦးဆောင်နေသဖြင့် နောက်မှ လိုက်ပါလာသော ရုပ်သေး ဆယ့်ခြောက်ရုပ်မှာမူ မည်သည့်ထိခိုက်မှုမျှ မရှိဘဲ အခန်း (၉) အထိ အသာအယာပင် ရောက်ရှိလာကြချေသည်။
"နောက်ဆုံးတော့ သူတို့ ရောက်လာကြပြီပဲ" ဟု စွန်းလင်ထုံက ထောင့်တစ်နေရာ၌ ပုန်းကွယ်နေရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။
ဗုဒ္ဓနှလုံးသားဂိုဏ်း၏ အသွင်ဖျောက်အတတ်ကို ကျွမ်းကျင်စွာ အသုံးချလျက် သူသည် အလွှာပေါင်းများစွာဖြင့် ပါးနပ်စွာ ဖုံးကွယ်ထားခြင်း ဖြစ်သည်။
စွန်းလင်ထုံသည် အပေါက်ငယ်လေး နှစ်ခုမှတစ်ဆင့် ပြင်ပလောကကို အကဲခတ်ကြည့်လိုက်သည်။
ဘုန်း... ဘုန်း... ဘုန်း...
မုန့်ချုံသည် ကျယ်လောင်စွာ ရယ်မောရင်း ရွှေသွေးတိုက်ပွဲဝင်မျောက် တာရှန့်နှင့် အပြင်းအထန် လုံးထွေးသတ်ပုဒ်နေလေသည်။
သူသည် လမ်းတစ်လျှောက်လုံး တိုက်ခိုက်လာခဲ့ပြီးနောက် နောက်ဆုံးတွင် သူ၏ စိန်ခေါ်ရာ ပစ်မှတ်ကို တွေ့ရှိသွားသဖြင့် တိုက်ပွဲဝင်လိုစိတ်များ အဟုန်ပြင်းစွာ ထကြွလာချေပြီ။
တစ်ကိုယ်လုံး၌လည်း လျှပ်စီးတန်းများ ရစ်ပတ်နေလျက် တိုက်ပွဲကို အားရပါးရ ဆင်နွှဲနေတော့သည်။
အခြားအဖွဲ့ဝင်များမှာမူ ကွန်ဖူးရုပ်သေးများနှင့် မှော်ရုပ်သေး အမြောက်အမြားကို ရင်ဆိုင်တိုက်ခိုက်နေကြရပြီး မည်သည့်အစီအရင်မျှ မရှိသဖြင့် တိုက်ပွဲမှာ ပရမ်းပတာ ဖြစ်နေချေသည်။
စွန်းလင်ထုံသည် ခဏမျှ စောင့်ဆိုင်းနေပြီး အချိန်အခါကောင်းသို့ ရောက်သောအခါ တိုးတိုးလေး ရယ်မောလိုက်ရင်း ငရဲဘုံစေတမန် ချီပိုင်ကို အဝေးမှနေ၍ အမိန့်ပေးလိုက်တော့သည်။
ငရဲဘုံစေတမန် ချီပိုင်သည် ကြမ်းပြင်အောက်တွင် မြှုပ်နှံထားသော ဝတ်ဆင်ထားသည့် ခေါင်းတလားအတွင်း၌ ငြိမ်သက်စွာ လဲလျောင်းနေခြင်း ဖြစ်သည်။
ချီပိုင်သည် ကိုယ်ထင်မပြဘဲ လဲလျောင်းနေလျက်ပင် ပညာရပ်တစ်ခုကို ထုတ်ဖော်လိုက်သည်။
ချက်ချင်းဆိုသလိုပင် လေထုထဲ၌ စူးရှလှသော ငိုညည်းသံများနှင့် သရဲဝိညာဉ်များ၏ အူသံများ ပြည့်နှက်သွားတော့သည်။
မြေအောက်ထဲမှ အမျိုးမျိုးသော သားရဲဝိညာဉ်များ ထွက်ပေါ်လာပြီး ပြင်ဆင်ရေးအဖွဲ့ကို အုပ်စုလိုက် ဝိုင်းဝန်းတိုက်ခိုက်ကြလေသည်။
ဤသားရဲဝိညာဉ်များမှာ မည်သို့ ရောက်ရှိလာသနည်း။ ဤသည်မှာ နင်းကျော့၏ ထူးကဲသော အတွေးအမြင်ကြောင့်ပင် ဖြစ်သည်။ သူသည် ငရဲဘုံစေတမန် ချီပိုင်အကြောင်းကို နားလည်ပြီးနောက် ဗုဒ္ဓဘာသာဂိုဏ်း၏ ပထမဆုံး စမ်းသပ်မှုအကြောင်းကို စဉ်းစားမိသွားခြင်း ဖြစ်သည်။
ထိုနေရာ၌ မိစ္ဆာသားရဲများနှင့် ဝိညာဉ်သစ်ပင်များ အပါအဝင် အလောင်းကောင် အမျိုးမျိုးကို ချိတ်ပိတ်ထားသည့် ခေါင်းတလားများ အမြောက်အမြား ရှိနေပေသည်။
၎င်းတို့တွင် ဝိညာဉ်များ ရှိနေနိုင်သလား။ ရှိနေနိုင်ခြေ အလွန်များပေသည်။ အကြောင်းမှာ ဝိညာဉ်စွမ်းအား ရုပ်သေးကို တည်ဆောက်ရာတွင် တတ်နိုင်သမျှ မပျက်မစီးဘဲ မူလအတိုင်း ရှိနေရန် လိုအပ်သောကြောင့် ဖြစ်သည်။
အသား၊ ဝိညာဉ်၊ ဝိညာဉ်စွမ်းအား၊ အနှစ်သာရသွေးနှင့် စိတ်ဝိညာဉ်အာရုံတို့ မူလအတိုင်း ရှိနေလေလေ ပို၍ ကောင်းမွန်လေလေပင် မဟုတ်လော။
သို့ဖြစ်၍ နင်းကျော့သည် စွန်းလင်ထုံနှင့် ငရဲဘုံစေတမန် ချီပိုင်တို့ကို ခေါ်ဆောင်ကာ ဗုဒ္ဓဘာသာဂိုဏ်း၏ ပထမဆုံး စမ်းသပ်မှုဆီသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။
ဗုဒ္ဓနှလုံးသား မိစ္ဆာတံဆိပ်တော်ကို အသုံးပြု၍ ထိုခေါင်းတလားများအတွင်းရှိ ဝိညာဉ်အားလုံးကို ဆင့်ခေါ်ခဲ့ခြင်း ဖြစ်သည်။ ငရဲဘုံစေတမန် ချီပိုင်သည်လည်း ထိုအခွင့်အရေးကို အသုံးချကာ မိမိ၏ တိုက်ခိုက်ရေးစွမ်းအားကို သိသိသာသာ ဖြည့်တင်းနိုင်ခဲ့ချေသည်။
ပြင်ဆင်ရေးအဖွဲ့မှာမူ ကွန်ဖူးရုပ်သေးနှင့် မှော်ရုပ်သေးအားလုံးကို အနိုင်တိုက်ပြီးကာစ ဖြစ်သဖြင့် မုန့်ချုံနှင့် ယွမ်တာရှန့်တို့၏ တိုက်ပွဲကို ကြည့်ရှုနေကြစဉ် မောပန်းနွမ်းနယ်လျက် ရှိနေကြသည်။
ထိုရုတ်တရက် တိုက်ခိုက်မှုကြောင့် အများစုမှာ တုံ့ပြန်ရန် နှေးကွေးသွားကြပြီး သရဲဝိညာဉ်များ၏ အုပ်မိုးခြင်းကို ခံလိုက်ရချေသည်။ ၎င်းတို့၏ ဝိညာဉ်များမှာ ကိုက်ခဲခြင်း ခံရသဖြင့် နာကျင်စွာ အော်ဟစ်နေကြရတော့သည်။
တစ်ခွင်တစ်ပြင်လုံးမှာ ပရမ်းပတာ ဖြစ်သွားချေပြီ။ အပူချိန်မှာလည်း ရုတ်ချည်းပင် ကျဆင်းသွားပြီး သရဲဝိညာဉ်များမှာ လေထုထဲ၌ ပျံဝဲနေကြသည်။ မြို့စားမင်း၏ ပြင်ဆင်ရေးအဖွဲ့မှာလည်း ဖရိုဖရဲ ဖြစ်ကုန်ကြပြီး အရပ်ရပ်သို့ ထွက်ပြေးနေကြရတော့သည်။
"ချောင်းမြောင်းတိုက်ခိုက်ခံရတာလား" ဟု မုန့်ချုံက တစ်ချက် လှည့်ကြည့်လိုက်စဉ်မှာပင် ယွမ်တာရှန့်က အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ကာ ပြန်လည်တိုက်ခိုက်လိုက်သဖြင့် မုန့်ချုံမှာ နံရံဆီသို့ လွင့်စင်သွားချေသည်။
"ဝေါ" ဟု ယွမ်တာရှန့်က ကောင်းကင်သို့ မော့၍ ဟိန်းဟောက်လိုက်ပြီး မိမိ၏ ရင်ဘတ်ကို တဗုန်းဗုန်း ထုလျက် သူရဲကောင်းဆန်သော အရှိန်အဝါကို ထုတ်ဖော်လိုက်သည်။ ထို့နောက် သူက မုန့်ချုံကို မထီမဲ့မြင် ပြုသည့်ဟန်ဖြင့် လက်ယပ်ခေါ်လိုက်လေသည်။
စက်မှုပစ္စည်းတစ်ခု၏ အထင်သေးခြင်းကို ခံလိုက်ရသဖြင့် မုန့်ချုံမှာ မယုံနိုင်သလို ဖြစ်သွားပြီး မျက်လုံးများ ပြူးကျယ်သွားတော့သည်။
သူသည် တိုးတိုးလေး ဟိန်းဟောက်လိုက်ပြီး ရှေ့သို့ တိုးဝင်ကာ ယွမ်တာရှန့်နှင့် ထပ်မံ၍ လုံးထွေးသတ်ပုဒ်ပြန်သည်။
အပြန်အလှန် တိုက်ခိုက်ပြီးနောက် ယွမ်တာရှန့်သည် ရုတ်တရက် ကာကွယ်မှုကို စွန့်လွှတ်လိုက်ပြီး မုန့်ချုံကို ဖက်တွယ်ရန် လက်လှမ်းလိုက်ချေသည်။
မုန့်ချုံ၏ မျက်လုံးများမှာ တောက်ပသွားပြီး "ဟာကွက်ပဲ" ဟု ရေရွတ်လိုက်သည်။
လျှပ်စီးအဟုန်။
သူသည် လျှပ်စီးတန်းတစ်ခုကဲ့သို့ ရှေ့သို့ ပစ်ဝင်သွားသည်။
ယွမ်တာရှန့်၏ လက်နှစ်ဖက်မှာမူ မည်သည့်အရာကိုမျှ မဖမ်းဆီးနိုင်ဘဲ ကျန်ရစ်ခဲ့ချေသည်။ တစ်ချိန်တည်းမှာပင် မုန့်ချုံသည် တစ်ခဏအတွင်း သူ၏နောက်ကျောဘက်၌ ပေါ်လာချေပြီ။
မုန့်ချုံသည် ယွမ်တာရှန့်၏ နောက်ကျောကို အပြင်းအထန် တိုက်ခိုက်လိုက်သည်။ သူ အောင်မြင်သွားပြီဟု ထင်လိုက်စဉ်မှာပင် အရိပ်မည်းတစ်ခုက တိတ်တဆိတ် ပေါ်လာပြီး သူ့ကို တိုက်ခိုက်လိုက်ချေသည်။
မုန့်ချုံသည် ဤသို့ ဖြစ်လာလိမ့်မည်ဟု မထင်မှတ်ထားသဖြင့် အချိန်မီ မရှောင်တိမ်းနိုင်ဘဲ နောက်ကျောကို အရိပ်မည်း၏ အထိခံလိုက်ရတော့သည်။
ထိုသူမှာ တိတ်တဆိတ် စောင့်ဆိုင်းနေသည့် ငရဲဘုံစေတမန် ချီပိုင်ပင် ဖြစ်သည်။ ထိုတစ်ချက်တည်းဖြင့်ပင် မုန့်ချုံမှာ လှုပ်ရှားနိုင်စွမ်း ကင်းမဲ့သွားပြီး သူ၏ဝိညာဉ်မှာ ရုပ်သေးခန္ဓာကိုယ်ထဲမှ အတင်းအဓမ္မ ဆွဲထုတ်ခြင်း ခံလိုက်ရချေပြီ။
မုန့်ချုံမှာ "ဟင်" ဟုသာ အံ့အားသင့်နေမိတော့သည်။ သားရဲဝိညာဉ်များ၏ လိုက်လံတိုက်ခိုက်မှုကြောင့် ထိတ်လန့်တကြား ထွက်ပြေးနေကြသော ပြင်ဆင်ရေးအဖွဲ့ဝင်များမှာ ဤသည်ကို မြင်သောအခါ သတိဝင်လာကြသည်။
"သခင်လေး မုန့်ချုံ"
"မြန်မြန်... သခင်လေးကို ကယ်ကြဦး"
"နောက်ထပ် ထူးခြားတဲ့ စက်မှုရုပ်သေးတစ်ခု ပေါ်လာပြန်ပြီ"
၎င်းတို့သည် မိမိတို့၏ ဘေးအန္တရာယ်ကို ဂရုမစိုက်နိုင်တော့ဘဲ ချီပိုင်ရှိရာသို့ ပြေးဝင်လာကြသည်။ ချီပိုင်မှာမူ တိတ်ဆိတ်စွာပင် နောက်သို့ ဆုတ်လိုက်ချေသည်။
"ဝေါ"
ယွမ်တာရှန့်သည် ၎င်းတို့၏ ရှေ့မှောက်သို့ ခုန်ဝင်လိုက်ပြီး ကျော်လွှား၍ မရနိုင်သော အတားအဆီးတစ်ခု ဖြစ်သွားတော့သည်။
"အား..." ဟု မုန့်ချုံက နာကျင်စွာ အော်ဟစ်လိုက်သည်။ ချီပိုင်၏ လက်ထဲရှိ သူ၏ဝိညာဉ်မှာ ပေါက်ပြဲသွားသော ပူဖောင်းတစ်ခုကဲ့သို့ လျင်မြန်စွာပင် အားအင်များ လျော့နည်းသွားချေပြီ။
ကိုးဆင့်ဝိညာဉ်ဝါး လျှို့ဝှက်ကျင့်စဉ်။
ချီပိုင် သေဆုံးသွားခဲ့သော်လည်း သူ၏ ရွှေအမြုတေနှင့် ကိုးဆင့်ဝိညာဉ်ဝါး လျှို့ဝှက်ကျင့်စဉ်တို့မှာ ကျန်ရှိနေဆဲ ဖြစ်သည်။
အသက်ရှင်စဉ်က သူသည် စွန်းလင်ထုံ၏ ဝိညာဉ်ကို အလွယ်တကူ ဆွဲထုတ်နိုင်ခဲ့သူ ဖြစ်ရာ ယခု ဤကဲ့သို့ ချောင်းမြောင်းတိုက်ခိုက်မှုသည်လည်း မုန့်ချုံ၏ ဝိညာဉ်ကို ဆွဲထုတ်ရန် အောင်မြင်သွားခြင်း ဖြစ်သည်။
သူသည် မုန့်ချုံ၏ ဝိညာဉ်ကို ဝါးမြိုရန် ကိုးဆင့်ဝိညာဉ်ဝါး လျှို့ဝှက်ကျင့်စဉ်ကို လည်ပတ်လိုက်သည်။ မုန့်ချုံသည် ချီပိုင်၏ လက်မောင်းများကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး သူ၏ခြေထောက်များမှာလည်း ပရမ်းပတာ ကန်ကျောက်နေလျက် လျှပ်စီးအဟုန် ပါရမီကို အလိုလို ထုတ်ဖော်ရန် ကြိုးစားနေတော့သည်။
သို့သော် စွန်းလင်ထုံက ဤသည်ကို ကြိုတင်တွက်ဆထားပြီး "ဝိညာဉ်တုန်ခါစေသော စည်တော်ကို သုံးစမ်း" ဟု တိကျစွာ အမိန့်ပေးလိုက်သည်။
ငရဲဘုံစေတမန် ချီပိုင်၏ လည်ချောင်းအတွင်းမှ တုန်ခါသံ ထွက်ပေါ်လာပြီး စည်တီးသံကဲ့သို့သော အသံတစ်ခု ထွက်ပေါ်လာချေသည်။
ထိုစည်သံမှာ မုန့်ချုံကို ထိမှန်သွားသဖြင့် သူသည် ခေါင်းမူးသွားပြီး သူ၏ခြေလက်များမှာ ခေါက်ဆွဲဖတ်ကဲ့သို့ ပျော့ခွေသွားကာ ရုန်းကန်ခြင်း ရပ်တန့်သွားတော့သည်။
ချီပိုင်က ထိုအခွင့်အရေးကို အသုံးချကာ သူ၏ဝိညာဉ်ကို အပြင်းအထန် ဖမ်းယူလိုက်ချေသည်။
မုန့်ချုံ၏ ဝိညာဉ်မှာ အဆုံးစွန်အထိ ကျုံ့ဝင်သွားပြီး ပျက်စီးလုနီးပါး ဖြစ်သွားသည်။ သူ၏ ဦးခေါင်းထက်ရှိ အသက်မျှင်ကြိုးမှာ အလုပ်လုပ်သွားသဖြင့် အလင်းရောင်တစ်ချက်နှင့်အတူ သူ့ကို မသေမျိုးနန်းတော်အတွင်းမှ ဆွဲထုတ်သွားကာ သူ၏ မူလခန္ဓာကိုယ်အတွင်းသို့ ပြန်လည်ရောက်ရှိသွားစေတော့သည်။
မုန့်ချုံ မရှိတော့သည့်နောက်တွင် ပြင်ဆင်ရေးအဖွဲ့ဝင် အမြောက်အမြားမှာမူ စိုးရိမ်စရာ မဟုတ်တော့ချေ။ ရွှေသွေးတိုက်ပွဲဝင်မျောက် တာရှန့်နှင့် ငရဲဘုံစေတမန် ချီပိုင်တို့၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် ၎င်းတို့မှာ မကြာမီပင် ဖမ်းဆီးခြင်း ခံလိုက်ရပြီး ဝိညာဉ်များ ဝါးမြိုခံလိုက်ရတော့သည်။
၎င်းတို့၏ ဝိညာဉ်များ လုံးဝ မပျက်စီးမီမှာပင် အသက်မျှင်ကြိုးများက ၎င်းတို့ကို ခန္ဓာကိုယ်များအတွင်းသို့ ပြန်လည်ပို့ဆောင်ပေးလိုက်ချေသည်။
"နိုင်ပြီ"
"ဒါက သိပ်ကို လွယ်ကူလွန်းတာပဲ"
စွန်းလင်ထုံသည် ထောင့်တစ်နေရာမှ ထွက်လာပြီး လက်ခုပ်တီးကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ သူသည် ငရဲဘုံစေတမန် ချီပိုင်ထံသို့ ပြေးသွားပြီး အမိန့်များ ပေးလိုက်သည်။
ထို့နောက် ချီပိုင်သည် ဒူးတစ်ဖက်ထောက်ကာ သူ၏လက်ဝါးဖြင့် စွန်းလင်ထုံ၏ ရုပ်သေးခန္ဓာကိုယ်ကို ထိတွေ့လိုက်ချေသည်။
နောက်တစ်ခဏတွင် စစ်မှန်သော ဝိညာဉ်အနှစ်သာရများမှာ စွန်းလင်ထုံ၏ ဝိညာဉ်အတွင်းသို့ စီးဝင်သွားတော့သည်။
စွန်းလင်ထုံသည် သူ၏ခေါင်းကို နောက်သို့ လှန်လိုက်ပြီး အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ကာ ဝမ်းသာအားရ အော်ဟစ်လိုက်မိသည်။
သူ၏ဝိညာဉ်မှာ ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ရာ ဖီးနစ်ဝိညာဉ် သွေးရနံ့ဆေးလုံးဖြင့် ကုသခဲ့သော်လည်း လုံးဝပြန်လည်ကောင်းမွန်ရန် အလှမ်းဝေးနေဆဲ ဖြစ်သည်။
သို့သော် ယခုအခါ ဝိညာဉ်အနှစ်သာရများကြောင့် သူ၏ဒဏ်ရာများမှာ လျင်မြန်စွာ ပျောက်ကင်းသွားပြီး အကောင်းဆုံး အခြေအနေသို့ ရောက်ရှိသွားသည့်အပြင် သူ၏ အကန့်အသတ်ထက်ပင် ကျော်လွန်၍ ကြီးထွားလာနေတော့သည်။
"သိပ်ကောင်းတာပဲ၊ တကယ်ကို ကောင်းတယ်" ဟု စွန်းလင်ထုံက ဝမ်းသာအားရ ပြုံးလျက် ပြောလိုက်သည်။
"တော်ပြီ၊ တော်ပြီ" ဟု သူက အချိန်မီ ရပ်တန့်လိုက်သည်။ သူသည် ဝိညာဉ်အနှစ်သာရ၏ တစ်ဝက်ကိုသာ စုပ်ယူလိုက်ပြီး ကျန်တစ်ဝက်ကိုမူ နင်းကျော့အတွက် ချန်ထားလိုက်ခြင်း ဖြစ်သည်။
"ငါ့ရဲ့ ဝိညာဉ်ဒဏ်ရာတွေ အားလုံး ပျောက်သွားပြီ"
"ကျန်တဲ့ ဝိညာဉ်အနှစ်သာရတွေကိုတော့ ကျော့လေးအတွက် သိမ်းထားပေးရမယ်။ သူ့ရဲ့ ဝိညာဉ်စွမ်းအား ကြီးထွားလာလေလေ အာရုံမှားကြာပန်းစေ့တွေကို ပိုပြီး လက်ခံနိုင်လေလေ ဖြစ်မှာပဲ"
သူက ရွှေသွေးတိုက်ပွဲဝင်မျောက် တာရှန့်ကို လှမ်း၍ ခေါ်လိုက်သည်။ "ကျော့လေး၊ မြန်မြန်လာခဲ့ဦး၊ ဒီမှာ စားစရာကောင်းတာတွေ ရှိတယ်"
နင်းကျော့သည် ယွမ်တာရှန့်မှတစ်ဆင့် ဖြစ်စဉ်တစ်ခုလုံးကို တွေ့မြင်နေရသဖြင့် တံတွေးပင် မျိုချလိုက်မိသည်။ သူသည် ဝိညာဉ်အနှစ်သာရကို မစုပ်ယူရသည်မှာ ကြာပြီ ဖြစ်သည်။
ဟန်မင်မှာ ရှုံးနိမ့်သွားခဲ့ပြီး ချီပိုင်မှာလည်း စက်မှုရုပ်သေးအဖြစ် ပြောင်းလဲခြင်း ခံလိုက်ရသဖြင့် ဝိညာဉ်အနှစ်သာရများ ရရှိနိုင်မည့် လမ်းကြောင်းကို သူ ပြန်လည်ရရှိသွားခြင်း ဖြစ်သည်။
"မြို့စားမင်းဂေဟာမှာ အရင်းအမြစ်တွေ အများကြီး ရှိတာပဲ။ မုန့်ချုံနဲ့ တခြားလူတွေရဲ့ ဝိညာဉ်ဒဏ်ရာတွေကို ကုသပေးဖို့ဆိုတာ သူတို့အတွက်တော့ လွယ်လွယ်လေးပဲ"
"ဒါက သိပ်ကောင်းတာပဲ"
နင်းကျော့သည် အနာဂတ်ကို စိတ်ကူးယဉ်ကြည့်လိုက်မိသည်။ ငရဲဘုံစေတမန် ချီပိုင်သာ ရှိနေပါက စမ်းသပ်မှုတွင် ပါဝင်နေသော ကျင့်ကြံသူအားလုံးမှာ သူ၏ကျင့်ကြံမှုအတွက် အစာများသာ ဖြစ်သွားတော့မည် မဟုတ်လော။
"ဒါနဲ့ သုံးမျိုးနွယ် မဟာမိတ်အဖွဲ့က ပြင်ဆင်ရေးအဖွဲ့တွေကရော ဘယ်တော့မှ နန်းတော်ထဲကို အတူတူ ဝင်လာကြမှာလဲ"
ဝိညာဉ်ပေါင်းသောင်းခြောက်ထောင် တောအုပ်။
မှောင်မည်းသော ချိုင့်ဝှမ်း။
ဝိညာဉ်ဝါးဂိုဏ်း၏ ပင်မဂိုဏ်းမှာ ဤနေရာ၌ တည်ရှိခြင်း ဖြစ်သည်။
ဝိညာဉ်ဆီမီးအိမ် မျှော်စင်။
ဝိညာဉ်ဆီမီးအိမ် အမြောက်အမြားမှာ တိတ်ဆိတ်စွာ လောင်ကျွမ်းနေကြပြီး အများစုမှာ အစိမ်းရောင် မီးလျှံများ ဖြစ်သော်လည်း အချို့မှာမူ အရောင်အမျိုးမျိုးဖြင့် လောင်ကျွမ်းနေကြသည်။
ထိုဝိညာဉ်ဆီမီးအိမ် ထောင်ပေါင်းများစွာထဲမှ မီးခိုးရောင် မီးလျှံရှိသော ဆီမီးအိမ်တစ်ခုမှာ ရုတ်တရက် ငြိမ်းသွားချေသည်။
တာဝန်ကျ တပည့်မှာ အစပိုင်းတွင် သူ ပင်ပန်းနေသဖြင့် မျက်စိမှားသည်ဟု ထင်လိုက်သော်လည်း သူ၏မျက်လုံးများကို ပွတ်သပ်၍ ထပ်မံကြည့်ရှုလိုက်သောအခါ ထိတ်လန့်တကြား ထရပ်လိုက်မိသည်။
"မကောင်းတော့ဘူး၊ မကောင်းတော့ဘူး။ မျိုးဆက်ခံတပည့် ချီပိုင်ရဲ့ ဝိညာဉ်ဆီမီးအိမ် ငြိမ်းသွားပြီ" ထိုတပည့်သည် အကြီးအကဲထံသို့ ပြေးသွားကာ ဒူးထောက်၍ သတင်းပို့လိုက်သည်။
"ဘာ" ဟု အကြီးအကဲမှာ မထိုင်နိုင်တော့ဘဲ ချက်ချင်းပင် ထရပ်လိုက်သည်။
"ချီပိုင်လား။ မျက်မမြင် တရားသူကြီး ချီပိုင်ရဲ့ ဝိညာဉ်ဆီမီးအိမ်လား" ဟု အကြီးအကဲက ထပ်မံအတည်ပြုလိုက်သည်။
ထိုတပည့်က ခေါင်းကို အဆက်မပြတ် ညိတ်လိုက်သည်။
အကြီးအကဲ၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး ဝိညာဉ်ဆီမီးအိမ် မျှော်စင်ဆီသို့ အပြေးအလွှား သွားလိုက်သည်။
ငြိမ်းနေသော ဝိညာဉ်ဆီမီးအိမ်ကို မြင်သောအခါတွင်မူ သူ သံသယဖြစ်စရာ မရှိတော့ချေ။
"ငါတို့ဂိုဏ်းက မျိုးဆက်ခံတပည့် တစ်ယောက် ဆုံးရှုံးသွားပြီပဲ" ဟု အကြီးအကဲက သက်ပြင်းအရှည်ကြီးကို ချလိုက်ရင်း သူ၏မျက်နှာမှာ ဒေါသကြောင့် မည်းမှောင်နေလျက် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်များမှာ ပျံ့နှံ့သွားတော့သည်။
သူ၏အနီးရှိ တပည့်မှာမူ ဆောင်းရာသီအတွင်းသို့ ရုတ်တရက် ရောက်သွားသကဲ့သို့ ခံစားလိုက်ရပြီး သွားများပင် တဆတ်ဆတ် တုန်နေတော့သည်။
ဝိညာဉ်ဆီမီးအိမ် မျှော်စင် အကြီးအကဲမှာ ထိုနေရာ၌ မနေတော့ဘဲ ဂိုဏ်း၏ အဓိကခန်းမသို့ သတင်းပို့ရန် ချက်ချင်းပင် ထွက်ခွာသွားတော့သည်။
ဂိုဏ်း၏ အဓိကခန်းမအတွင်း၌ လက်ရှိ ဝိညာဉ်ဝါးဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် ဂိုဏ်းအကြီးအကဲ အချို့မှာ အရေးကြီးကိစ္စများကို ဆွေးနွေးနေကြသည်။
"လာမယ့်နှစ်က ငါတို့ဂိုဏ်းရဲ့ ဆယ်နှစ်တစ်ကြိမ် တပည့်များ ပြိုင်ပွဲပဲ။ ဒီနေ့ အစည်းအဝေးကတော့ အဲဒီပြိုင်ပွဲရဲ့ အသေးစိတ်အချက်အလက်တွေကို အတည်ပြုဖို့ပဲ"
"ဝိညာဉ်သန္ဓေတည်ခြင်းအဆင့်လောက် အစွမ်းထက်တဲ့ ဝိညာဉ်သားရဲတစ်ကောင်က သရဲပုံရိပ် တောင်တန်းရဲ့ ဝိညာဉ်သလင်း သတ္တုတွင်းမှာ ပေါ်လာတယ်။ အဲဒါက ငါတို့ဂိုဏ်းရဲ့ ဝိညာဉ်သလင်း တူးဖော်ရေးလုပ်ငန်းတွေကို အများကြီး နှောင့်နှေးစေတာမို့ ဂိုဏ်းကနေ အကြီးအကဲတွေကို စေလွှတ်ပြီး နှိမ်နင်းဖို့ လိုအပ်တယ်"
"ကလေးသရဲ ချိုင့်ဝှမ်းမှာ ရှိတဲ့ ကလေးသရဲ အရိုးဖြူကြာပန်းဟာ စုဆောင်းလာခဲ့တာ အနှစ်နှစ်ဆယ်ကျော်ပြီ ဖြစ်ပြီး နောက်သုံးနှစ်ဆိုရင် ပွင့်တော့မှာပဲ။ မကြာသေးခင်က ကြားသိရတာကတော့ အဓိက တရားသောဂိုဏ်းတစ်ခုက မျိုးဆက်ခံတပည့်တွေဟာ ငါတို့ရဲ့ ကလေးသရဲ ချိုင့်ဝှမ်းက ဂိုဏ်းခွဲနဲ့ အဲဒီကြာပန်းကို ဖျက်ဆီးဖို့ တိတ်တဆိတ် ကြံစည်နေကြတယ်လို့ သိရတယ်"
"နောက်ပြီးတော့ သွေးမိစ္ဆာဂိုဏ်းဟာလည်း ရှိုက်သံသရဲမြစ်ရဲ့ အလယ်ပိုင်းမှာ မကြာခဏဆိုသလို ပဋိပက္ခတွေ ဖြစ်အောင် ဖန်တီးနေတယ်။ ရရှိထားတဲ့ သတင်းတွေအရ သွေးမိစ္ဆာဂိုဏ်းရဲ့ အကြီးအကဲအသစ် ရွှယ်ရှို့ရန်ဟာ အဲဒီနောက်ကွယ်မှာ ရှိနေပြီး တစ်ခုခုကို အကြီးအကျယ် ကြံစည်နေတာပဲ။
ဒီလူက ငါတို့ဂိုဏ်းရဲ့ သစ္စာဖောက်တစ်ယောက်ဖြစ်ပြီး ငါတို့ဂိုဏ်းရဲ့ လုပ်ဆောင်ပုံတွေကို ကောင်းကောင်းသိနေတယ်။ အခု သူက သွေးမိစ္ဆာဂိုဏ်းထဲ ဝင်ပြီး အကြီးအကဲ ဖြစ်နေပြီ။ သူ့ကို မသတ်နိုင်ရင် အနာဂတ်မှာ အန္တရာယ်ကြီးတစ်ခု ဖြစ်လာနိုင်တယ်"
...
ဝိညာဉ်ဝါးဂိုဏ်းသည် ဩဇာအာဏာ ကြီးမားသော မိစ္ဆာဂိုဏ်းကြီးတစ်ခု ဖြစ်ပြီး ဒေသတစ်ခုကို စိုးမိုးထားရုံသာမက ဂိုဏ်းခွဲများစွာကိုလည်း ဖြန့်ကြက်ထားပေရာ ၎င်း၏ ဩဇာမှာ ကျင့်ကြံခြင်းနိုင်ငံ အမြောက်အမြားသို့ ပျံ့နှံ့လျက် ရှိသည်။
ဂိုဏ်းချုပ် ရာထူးမှာလည်း လွယ်ကူသည်မဟုတ်ဘဲ နေ့စဉ် ကိုင်တွယ်ဖြေရှင်းရမည့် ကိစ္စရပ်များမှာ မရေမတွက်နိုင်အောင်ပင် ဖြစ်သည်။
"အရေးကြီး သတင်းပါ"
"ငါတို့ဂိုဏ်းရဲ့ မျိုးဆက်ခံတပည့် ချီပိုင်ရဲ့ ဝိညာဉ်ဆီမီးအိမ် ငြိမ်းသွားပါပြီ။ သူ သေဆုံးသွားတာကို အတည်ပြုနိုင်ပါတယ်"
ဂိုဏ်းချုပ်နှင့် အကြီးအကဲများသည် ၎င်းတို့၏ ဆွေးနွေးမှုများကို ချက်ချင်းရပ်တန့်လိုက်ပြီး သတင်းပို့သော တပည့်ထံသို့ လှည့်ကြည့်လိုက်ကြသည်။
ဂိုဏ်းချုပ်၏ မျက်နှာမှာ မည်းမှောင်သွားပြီး "ဝိညာဉ်ကို ပြန်ခေါ်လို့ ရမလား" ဟု မေးလိုက်သည်။
ထိုတပည့်က ပျာပျာသလဲ ပြန်လည်ဖြေကြားသည်။
"ဝိညာဉ်ခေါ်ယူခြင်း အလံကို ခုနစ်ကြိမ်တိုင်တိုင် လွှဲယမ်းခဲ့ပေမယ့် ချီပိုင်ရဲ့ ဝိညာဉ်ဟာ ပြန်မလာခဲ့ပါဘူး။ ဝိညာဉ်ခေါ်ယူခြင်း စင်မြင့်က အကြီးအကဲနှစ်ဦးကတော့ ချီပိုင်ရဲ့ ဝိညာဉ်ဟာ လုံးဝ ပျက်စီးသွားပြီလို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်"
ဂိုဏ်းချုပ်သည် ဒေါသတကြီးဖြင့် သူထိုင်နေသော ကုလားထိုင်၏ လက်တင်ကို ရိုက်လိုက်သည်။ "ကောင်းပြီ၊ ကောင်းပြီ၊ ကောင်းပြီ။ ငါတို့ဂိုဏ်းက မျိုးဆက်ခံတပည့် တစ်ယောက် ဆုံးရှုံးသွားပြီပဲ။ ဘယ်သူ့မှာ တာဝန်ရှိလဲ။ လက်သည်ကို ရှာဖွေစမ်း၊ အဲဒီလူကို ထိုက်တန်တဲ့ အပြစ်ပေးရမယ်"