အခန်း (၁၆၅-၁၆၆)
Vol. 10 Ch. 165-166
အခန်း ၁၆၅ - အကြီးအကျယ် မှားယွင်းသွားသော အမှားတစ်ခု
“သူသာ ကျိုးမျိုးနွယ်စု၊ ကျန်းမျိုးနွယ်စုတွေနဲ့ ပူးပေါင်းသွားရင် ငါတို့မျိုးနွယ်စုဝင်တွေက သူ့ကို ဘယ်လိုမြင်ကြမလဲ”
“မျိုးနွယ်စုကို သစ္စာဖောက်တဲ့ကောင်လို့ပဲ တညီတညွတ်တည်း သတ်မှတ်ကြမှာပေါ့”
“အဲဒီအချိန်ကျရင် သူ့ရဲ့ ဂုဏ်သတင်းကလည်း အဖတ်ဆယ်မရအောင် ပျက်စီးသွားလိမ့်မယ်”
“အရေးကြီးဆုံး အချက်ကတော့ သူ့ရဲ့ အနီးကပ်ဆုံး ဆွေးမျိုးတွေဖြစ်တဲ့ ငါတို့ပါ အကျိုးဆက်ကို ခံကြရမှာပဲ။ နောင်တစ်ချိန်မှာ ငါတို့သား ကျိအာက ထူးချွန်လို့ ရာထူးနေရာ မြင့်မြင့်ရဖို့ အခွင့်အလမ်းရှိလာရင်တောင် နင်းကျော့ရဲ့ ညီဝမ်းကွဲ ဖြစ်နေရုံနဲ့တင်
သူဟာ ဖယ်ရှားခံလိုက်ရလိမ့်မယ်”
“မင်း နားလည်ရဲ့လား”
ဝမ်လန်မှာ ထိတ်လန့်တုန်လှုပ်သွားပြီး အသက်ရှူပင် မှားသွားချေသည်။ သူမက ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ခေါင်းကို အကြိမ်ကြိမ် ညိတ်ပြရင်း “နားလည်ပါပြီ ယောက်ျားရယ်၊ ကျွန်မ နားလည်ပါပြီ” ဟု ဆို၏။
“နင်းကျော့ကို ပြင်ဆင်ရေးအဖွဲ့ထဲ ပြန်ဝင်လာဖို့ ကျွန်မ အစွမ်းကုန် ဖျောင်းဖျပါ့မယ်”
“တကယ်လို့... တကယ်လို့ ကျွန်မရဲ့...”
နင်းကျဲမှာ ရုတ်တရက် အံ့အားသင့်သွားစဉ် ဝမ်လန်က ဆက်ပြောသည်မှာ “...သိက္ခာကို စွန့်လွှတ်ရမယ်ဆိုရင်တောင် သူ့ရှေ့မှာ ဒူးထောက်ပြီး ပြန်လာဖို့ အသနားခံပါ့မယ်”
ထိုအခါမှ နင်းကျဲမှာ သက်ပြင်းချနိုင်တော့ပြီး “မင်း ဒူးထောက်မယ်ဆိုရင် လူအများရှေ့မှာ ဒူးထောက်ဖို့ မမေ့နဲ့။ ဒါဆိုရင် သူလည်း စိတ်ပျော့သွားမှာပဲ” ဟု ထပ်လောင်းပြောကြားလိုက်သည်။
“ပြီးတော့ နောက်ထပ် အရေးကြီးတာတစ်ခုက လိုအပ်ရင် လက်ဖွာဖို့ ဝန်မလေးနဲ့၊ ငွေကို အလုံအလောက် ပေးလိုက်”
“ငါသာ ဒီကနေ လွတ်မြောက်သွားရင် မျှော်လင့်ချက် ရှိသေးတယ်။ အခု ဆုံးရှုံးသွားသမျှ အရာအားလုံးကို ငါတို့ ပြန်ယူလို့ ရတယ်”
ဝမ်လန်က အကြိမ်ကြိမ် ခေါင်းညိတ်ကာ “နားလည်ပါပြီ၊ နားလည်ပါပြီ ယောက်ျား၊ ကျွန်မ သွားတော့မယ်နော်” ဟု ဆိုလေသည်။
“မင်း အောင်မြင်အောင် လုပ်ရမယ်နော်”
“သိပါပြီ”
ထွက်ခွာသွားသော ဝမ်လန်၏ ကျောပြင်ကို ကြည့်ရင်း နင်းကျဲမှာ စိတ်မအေးနိုင်သေးဘဲ “တကယ်လို့ အဆင်မပြေရင်လည်း တခြားနည်းလမ်း စဉ်းစားကြတာပေါ့၊ မိုက်မိုက်ကန်းကန်းတွေတော့ မလုပ်လိုက်နဲ့ဦး” ဟု လှမ်းပြောလိုက်သေးသည်။
ဝမ်လန်က လှည့်ကြည့်ကာ အတင်းပြုံးပြရင်း “ယောက်ျား၊ စိတ်မပူပါနဲ့” ဟု ပြန်ပြော၏။
ဝမ်လန်၏ စိတ်ပျက်အားငယ်နေသော မျက်နှာကို မြင်လိုက်ရသဖြင့် နင်းကျဲမှာ ပို၍ပင် စိတ်မသက်မသာ ဖြစ်သွားရချေသည်။
နင်းရှောင်ရန်မှာ သူ၏ စာကြည့်ခန်းအတွင်း၌ အသေးစိတ် အစီရင်ခံစာကို ဖတ်ရှုနေသည်။
နင်းကျဲနှင့် ဝမ်လန်တို့၏ စကားပြောဆိုမှု အသေးစိတ်အားလုံးကို တစ်လုံးမကျန် မှတ်တမ်းတင်ထားခြင်း ဖြစ်၏။
နင်းရှောင်ရန်က ခေါင်းကို အသာအယာ ညိတ်ကာ ကျေနပ်အားရနေသည်။
ဝမ်လန်၏ ဖျောင်းဖျမှုက အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ နင်းကျော့၏ ဂုဏ်သတင်းကို များစွာ ထိခိုက်စေမည်မှာ အမှန်ပင်။
လက်ရှိအချိန်တွင် နင်းရှောင်ရန်၏ အစီအစဉ်များကို အဟန့်အတား ဖြစ်စေသည့် အရာမှာ နင်းကျော့၏ ဂုဏ်သတင်းပင် ဖြစ်သည်။
မတရားသော ဆုပေးဒဏ်ပေး စနစ်၏ သားကောင်ဖြစ်နေရသည့်အတွက် နင်းမျိုးနွယ်စုဝင် အများအပြားမှာ နင်းကျော့အပေါ် များစွာ စာနာနေကြသည် မဟုတ်လော။
“နင်းကျော့ကသာ နင်းကျဲတို့ မိသားစုကို မုန်းတီးပြီး ပုန်ကန်လိုတဲ့ စိတ်နဲ့ ကျန်းမျိုးနွယ်စု ဒါမှမဟုတ် ကျိုးမျိုးနွယ်စုတွေနဲ့ တကယ် ပူးပေါင်းလိုက်ရင်တော့ ဒါဟာ သူ့အတွက် သေစေနိုင်တဲ့ အားနည်းချက် ဖြစ်သွားမှာပဲ” ဟု နင်းရှောင်ရန်က တွေးတောရင်း သူ၏ မျက်ဝန်းများမှာ အေးစက်စွာ တောက်ပနေတော့သည်။
ဝမ်လန်မှာ သူမ၏ အသွင်အပြင်ကို အသေအချာ ပြင်ဆင်ပြီးနောက် နင်းကျော့က သူ၏ အတန်းဖော်များကို ပညာရပ်များ ပြသနေသည့် အချိန်၊ လူအစည်ကားဆုံး အခိုက်အတန့်ကို စောင့်ဆိုင်းနေလိုက်သည်။
ထို့နောက် သူမသည် ဝင်းထဲသို့ အပြေးအလွှား ဝင်ရောက်သွားလေတော့သည်။
“ကျော့လေး” သူမက နင်းကျော့ထံသို့ တန်းတန်းမတ်မတ် လျှောက်သွား၏။
နင်းချန်နှင့် နင်းယုံတို့မှာလည်း ဘာများလဲဟူသော စိတ်ဖြင့် စူးစမ်းကြည့်ရှုနေကြသည်။
နင်းကျော့က ပညာရပ်များ ပြသနေခြင်းကို ရပ်တန့်လိုက်ပြီး “ဒေါ်ဒေါ်၊ ဘာကိစ္စရှိလို့လဲ” ဟု မေးမြန်းလိုက်သည်။
လူအပေါင်း၏ ကြည့်ရှုနေမှုအောက်တွင် ဝမ်လန်က နင်းကျော့အနီးသို့ လျှောက်သွားပြီး ရုတ်တရက် ဒူးထောက်ချလိုက်ကာ ငိုယို၍ ပြောဆိုတော့သည်မှာ “ကျော့လေး၊ ဒေါ်ဒေါ် မင်းကို ဒူးထောက်တောင်းပန်ပါတယ်၊ အသနားခံပါတယ်ကွယ်”
“မင်းရဲ့ ဦးလေးကို ကယ်ပေးပါဦး”
“သူက မင်းရဲ့ အရင်းခေါက်ခေါက် ဦးလေးပဲလေ၊ ဒီလောကမှာ မင်းအတွက် ကျန်ရှိနေတဲ့ တစ်ဦးတည်းသော ဆွေမျိုးပါ”
ဝင်းအတွင်းရှိ လူအားလုံးမှာ အံ့အားသင့်သွားကြရသည်။
ရုတ်တရက်ပင်။
မည်သူမျှ သတိမမူမိခင်မှာပင် နင်းကျော့မှာလည်း ဒူးထောက်ချလိုက်သည်။
သူသည် ဒူးနှစ်ဖက်စလုံးကို ထောက်ကာ စိတ်လှုပ်ရှားစွာဖြင့် ဝမ်လန်အား ပြောလိုက်သည်မှာ “ဒေါ်ဒေါ်၊ အမြန်ထပါ။ ကျွန်တော့်ကို ဒီလိုကြီး ဒူးထောက်တာမျိုး ဘယ်ခံယူရဲပါ့မလဲ”
“ကျွန်တော်တို့ကြားမှာ သွေးသားမတော်စပ်ပေမဲ့ ဒေါ်ဒေါ်က ကျွန်တော့်ကို အရွယ်ရောက်တဲ့အထိ ပြုစုစောင့်ရှောက်ခဲ့တာပဲ။ ကျွန်တော့်မှာ ဒေါ်ဒေါ်တို့အပေါ် ကျေးဇူးတရားတွေ အများကြီး ရှိပါတယ်”
“ဦးလေးက ကျွန်တော့်ရဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေကို ဆယ်စုနှစ်တစ်ခုကျော်ကြာ ခိုးယူခဲ့တယ်ဆိုပေမဲ့ သူဟာ ကျွန်တော့်ဦးလေး ဖြစ်နေတုန်းပါပဲ”
“သူ့အသက်အန္တရာယ် ကြုံနေရပြီဆိုရင်တော့ ကျွန်တော် တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားပြီး ကယ်တင်ပေးပါ့မယ်”
“နင်းချန်၊ နင်းယုံ”
နင်းကျော့က အသံခပ်တိုးတိုးဖြင့် ခေါ်လိုက်၏။
နင်းချန်နှင့် နင်းယုံတို့က လူအုပ်ထဲမှ ချက်ချင်း ထွက်လာကာ ဝမ်လန်ကို တစ်ဖက်တစ်ချက်စီမှ တွဲမ၍ ထူပေးလိုက်ကြသည်။
ဝမ်လန် မတ်တတ်ရပ်ပြီးနောက်မှ နင်းကျော့ကလည်း ထရပ်လိုက်သည်။
ဝမ်လန်က ရှိုက်ကြီးတငင် ငိုကြွေးရင်း “ကျော့လေး၊ တကယ်တော့ မင်း ဦးလေးအပေါ် အထင်လွဲနေတာပါ။ သူ မင်းရဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေကို ဘာတစ်ခုမှ မခိုးယူခဲ့ပါဘူး။ အဲဒါတွေက မျိုးနွယ်စုဆက်ခံသူ နင်းရှောင်ရန် လုပ်ကြံထားတဲ့ အလိမ်အညာတွေပါ” ဟု ပြောချလိုက်လေသည်။
“ဘာပြောတယ်” နင်းကျော့က အံ့အားသင့်ဟန်ဖြင့် “ဒေါ်ဒေါ်၊ အဲဒါက ဘာကို ဆိုလိုတာလဲ” ဟု မေးလိုက်သည်။
ဝင်းအတွင်းရှိ လူများမှာလည်း ဘာတွေဖြစ်ကုန်မှန်း မသိဘဲ ဝေခွဲမရ ဖြစ်နေကြတော့သည်။
ဝမ်လန်၏ ဆက်လက်ပြောကြားချက်များကြောင့် လူတိုင်းမှာ အခြေအနေကို တဖြည်းဖြည်း နားလည်လာကြတော့သည်။
ဝမ်လန်က “ဒါတွေအားလုံးက နင်းရှောင်ရန်ရဲ့ အစီအစဉ်တွေပဲ။ မင်းရဲ့ ပါရမီထူးနဲ့ အရည်အချင်းတွေကို သူသိထားလို့ သူ့ဘက်ပါအောင် ဆွဲဆောင်ချင်တာနဲ့ မင်းဦးလေးကို တမင်တကာ အကွက်ဆင်ပြီး အရင်းအမြစ်တွေ ခိုးယူပါတယ်ဆိုပြီး နာမည်ဖျက်ခဲ့တာ”
“ဒါပေမဲ့ တကယ့်အမှန်တရားကတော့ လွန်ခဲ့တဲ့ ဆယ်နှစ်ပတ်လုံး သူက မင်းကို ဘာအရင်းအမြစ်မှ မပေးခဲ့ဘူး။ မင်းနဲ့ ဦးလေးကို စိမ်းကားသွားအောင် လုပ်ပြီးမှ သူက ကြားထဲက ဝင်ပြီး မင်းရဲ့ ယုံကြည်မှုကို ရအောင်ယူခဲ့တာပဲ”
“သူက ဒီလောကမှာ မင်းအပေါ် ကောင်းတဲ့သူက သူတစ်ယောက်ပဲ ရှိတယ်လို့ မင်းယုံကြည်သွားအောင် လုပ်တာ။ ဒါမှ မင်းက သူ့အပေါ် ကျေးဇူးတင်ပြီး နောင်မှာ သူ့အတွက် အသုံးတော်ခံမှာ မဟုတ်လား”
“ဘာ” နင်းကျော့မှာ တုန်လှုပ်သွားပုံဖြင့် “ဒေါ်ဒေါ်၊ ဒီကိစ္စကို ပေါ့ပေါ့တန်တန် မပြောပါနဲ့...”
ဝမ်လန်က ခေါင်းခါရင်း ပြတ်သားစွာ ဆိုသည်မှာ “ဒါဟာ တကယ့်အမှန်တရားပါ။ အရင်ကတော့ ငါတို့ နင်းရှောင်ရန်ရဲ့ အာဏာကို ကြောက်လို့ မပြောရဲခဲ့ကြဘူး”
“ဒါပေမဲ့ ဒီတစ်ခါတော့ သူက အရမ်းလွန်သွားပြီ”
“သူက ငါယောကျ်ားရဲ့ အသက်နဲ့ ခြိမ်းခြောက်ပြီး မင်းကို ပြင်ဆင်ရေးအဖွဲ့ဆီ ပြန်သွားဖို့၊ မတရားတဲ့ ဆက်ဆံမှုမှန်သမျှကို ငြိမ်ခံဖို့ ကျွန်မကို အသုံးချပြီး ဖိအားပေးခိုင်းတယ်။”
“ငါလည်း ဒါတွေကို ဆက်ပြီး သည်းမခံနိုင်တော့ဘူး၊ မင်းဦးလေးလည်း မခံနိုင်တော့ဘူး။ သူက ငါ့ကို တိတ်တဆိတ် ဆက်သွယ်ပြီး ဒါတွေကို လုပ်ခိုင်းလိုက်တာပဲ”
“ဘာလို့လဲဆိုတော့ နင်းရှောင်ရန် လုပ်နေတဲ့ အပြုအမူတွေက မင်းကိုရော ငါတို့ မိသားစုကိုပါ ချောက်ထဲ တွန်းပို့နေတာမို့လို့ပဲ”
ဒါတွေကို ကြားလိုက်ရသည့်အခါ လူတိုင်းမှာ အံ့အားသင့်လျက် တစ်ဦးကိုတစ်ဦး ကြည့်နေကြတော့သည်။
နင်းကျော့မှာ ခေါင်းငုံ့ကာ အကြာကြီး စဉ်းစားနေပြီးနောက် တဖြည်းဖြည်း ခေါင်းပြန်မော့လာကာ “ဒေါ်ဒေါ်၊ ပြောသမျှက တကယ်ပဲ အမှန်တွေလား”
“တကယ်တော့ ကျွန်တော် အခု ဘယ်သူ့ကို ယုံရမှန်း မသိလို့ ဝေခွဲမရ ဖြစ်နေတယ်”
ဝမ်လန်မှာ ကြိုတင်ပြင်ဆင်ထားသည့်အတိုင်း အံကြိတ်ကာ ပြောလိုက်သည်မှာ “နင်းရှောင်ရန်က မင်းဦးလေးကို အကွက်ဆင်ဖို့ သက်သေအတုတွေ လုပ်ခဲ့တယ်။ ငါ အဲဒါတွေကို တော်တော်များများ စုဆောင်းထားတယ်၊ မင်းဆီမှာလည်း တချို့ရှိမှာပါ”
“သူက မင်းနဲ့ ဦးလေးကို ခွဲဖို့ အလျင်စလို လုပ်ခဲ့တာဆိုတော့ သက်သေအတုတွေမှာ အမှားအယွင်းတွေ အများကြီး ရှိနေမှာပဲ”
“နောက်တစ်ခုက နင်းရှောင်ရန်က မင်းကို လွန်ခဲ့တဲ့ ဆယ်နှစ်ပတ်လုံး တကယ် ထောက်ပံ့ခဲ့တယ်ဆိုရင် အဲဒီအတွက် အထောက်အထားတွေ ကျန်နေရမှာပဲ၊ ဘာမှ မရှိဘဲတော့ မဖြစ်နိုင်ဘူး”
“မင်း သေသေချာချာ စုံစမ်းကြည့်လိုက်ရုံနဲ့ အမှန်တရားကို သိနိုင်ပါတယ်”
“ကောင်းပါပြီ” နင်းကျော့က အသံနိမ့်နိမ့်ဖြင့် ခေါ်လိုက်သည်မှာ “နင်းချန်၊ နင်းယုံနဲ့ အတန်းဖော်တို့”
“ကျွန်တော့်ကို ကူညီပြီး ဒီကိစ္စကို ဒီညမတိုင်ခင် အပြီးအပိုင် စုံစမ်းပေးကြဖို့ အနူးအညွတ် တောင်းဆိုပါတယ်”
အတန်းဖော်များမှာလည်း နင်းကျော့ထံမှ အကျိုးကျေးဇူးများ ရရှိထားကြသူများ ဖြစ်သည့်အပြင် ယခုအချိန်တွင် တိုက်ပွဲဝင်နေရသည်လည်း မဟုတ်သဖြင့် အားလုံးက ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်ကြသည်။
နင်းရှောင်ရန်က နင်းကျဲကို အကွက်ဆင်ခဲ့စဉ်က အချိန်မရဘဲ အလျင်စလို လုပ်ခဲ့ရသည်ဖြစ်ရာ အသေးစိတ် စစ်ဆေးမှုများကို မခံနိုင်ခဲ့ပေ။
အမှားအယွင်း အစအနလေးများကို လိုက်လံဆက်စပ်ကြည့်လိုက်သည့်အခါ အမှန်တရားမှာ လူတိုင်းအတွက် ထင်ရှားပေါ်လွင်လာတော့သည်။
“မျိုးနွယ်စုဆက်ခံသူက ဒီလိုအောက်တန်းကျတဲ့ အလုပ်မျိုး လုပ်ခဲ့တာလား”
“သူက ဘယ်တုန်းကမှ လူကောင်းမဟုတ်ပါဘူး။ ငါ့အဖိုးရဲ့ ပင်စင်လစာကို ဖြတ်တောက်ခဲ့တာလည်း သူပဲဆိုတာ ငါမှတ်မိသေးတယ်”
“သူသာ ရှိနေရင် ငါတို့မျိုးနွယ်စုမှာ ဆုပေးဒဏ်ပေး စနစ်က ဘယ်တော့မှ မျှတမှာ မဟုတ်ဘူး။ ကြည့်စမ်း၊ ငါတို့အားလုံး လေးစားရတဲ့ ပါရမီရှင် ကျော့လေးကိုတောင် ဒီလိုဆက်ဆံတာ၊ ငါတို့လို သာမန်လူတွေဆိုရင် ဘယ်လိုနေမလဲ”
ခဏချင်းအတွင်းမှာပင် လူအုပ်ကြီးမှာ ဒေါသတကြီး ဆူပူလှုပ်ရှားလာတော့သည်။
“အချိန်တန်ပြီ” ဟု နင်းကျော့က စိတ်ထဲမှ ရေရွတ်လိုက်၏။
သူသည် ပြတ်သားစွာဖြင့် တောင်းဆိုချက်တစ်ခု ပြုလုပ်လိုက်သည်။ ဤသတင်းကို လူအများ သိရှိသွားအောင် ကူညီဖြန့်ဝေပေးကြရန်ပင် ဖြစ်သည်။
“ဒါဟာ သည်းခံနိုင်စရာ မဟုတ်ဘူး”
“နင်းရှောင်ရန်က တကယ်ပဲ မျိုးနွယ်စုဆက်ခံသူ နေရာနဲ့ ထိုက်တန်ရဲ့လား”
“ကျွန်တော် မျိုးနွယ်စုရဲ့ ဘိုးဘေးခန်းမကို သွားပြီး ရှင်းလင်းချက် တောင်းဆိုတော့မယ်”
နင်းကျော့က လက်မောင်းကို မြှောက်ကာ ကြွေးကြော်လိုက်သည်။
ကျန်ရှိနေသော လူများကလည်း “သွားကြမယ်၊ သွားကြမယ်” ဟု တခဲနက် တုံ့ပြန်လိုက်ကြလေတော့သတည်း။
အခန်း(၁၆၆)
နင်းကျော့သည် ရှေ့ဆုံးမှဦးဆောင်ကာ ခြံဝန်းတံခါးကို အရင်ဆုံး တွန်းဖွင့်လိုက်လေသည်။
၎င်း၏နောက်တွင် အတန်းဖော်နှစ်ဆယ်ကျော် လိုက်ပါလာကြပြီး နင်းချန်နှင့် နင်းယုံတို့က အနီးကပ် လိုက်ပါလာကြ၏။
ဝမ်လန်သည် အားလုံး၏နောက်ဆုံးမှ အမြန်လျှောက်လှမ်းလာပြီး ခြံဝန်းတံခါးကို ပြန်ပိတ်ခဲ့ပြီးမှ လိုက်ပါသွားလေသည်။
သို့သော် အမှန်တကယ်တွင်မူ သူတို့အားလုံး ခြံဝန်းအတွင်းမှ အတူတကွ မထွက်ခွာမီကပင် သတင်းပို့ အဆောင်လက်ဖွဲ့များစွာမှာ ပျံသန်းထွက်ခွာသွားခဲ့ပြီးဖြစ်ချေသည်။
အကြောင်းမူကား နင်းကျော့က မျိုးနွယ်စုဘိုးဘေးခန်းမသို့ မသွားမီ ဤသတင်းကို လူအများသိရှိစေရန် အတတ်နိုင်ဆုံး ပျံ့နှံ့အောင် လုပ်ဆောင်ပေးရန် လူတိုင်းကို တောင်းဆိုထားခဲ့သောကြောင့် ဖြစ်ပေသည်။
ထိုအဆောင်လက်ဖွဲ့များသည် လေထဲသို့ ပျံတက်သွားကြပြီး နင်းမျိုးနွယ်စု နယ်မြေဟူသော ရေကန်ကြီးထဲသို့ ကျောက်ခဲကလေးများစွာ ပစ်ချလိုက်သကဲ့သို့ လျင်မြန်စွာ ပျံ့နှံ့သွားကြလေသည်။
ထိုသတင်း၏ ရိုက်ခတ်မှုမှာ စတင်ပြန့်ကားလာတော့သည်။
"မျိုးနွယ်စုဆက်ခံသူ နင်းရှောင်ရန်က နင်းကျော့ကို သူ့ရဲ့ ခွေးတစ်ကောင်လို ခိုင်းစေချင်လို့ နင်းကျော့ရဲ့ ချစ်လှစွာသော ဦးလေးကို အကွက်ဆင်ပြီး ထောင်ချောက်ဆင်ခဲ့တာတဲ့လား"
"မျိုးနွယ်စုဆက်ခံသူက တကယ်ပဲ နင်းကျဲကို အကျဉ်းချထားပြီး သူ့ရဲ့ အသက်နဲ့ လွတ်လပ်ခွင့်ကို အသုံးချပြီး ခြိမ်းခြောက်ခဲ့တာလား"
"ဒီသတင်းက အမှန်မဖြစ်နိုင်ပါဘူး"
"ဒါက သိပ်ကို လွန်လွန်းနေပြီ၊ ဘယ်သူက ဒီသတင်းကို လွှင့်လိုက်တာလဲ"
"ဟွန်း... နင်းရှောင်ရန်က အခုမှ ဒီလို အလွန်အကျွံတွေ လုပ်ဖူးတာကျနေတာပဲ"
"ဒါတောင်မှ ဒီတစ်ကြိမ် သူတကယ် လုပ်ခဲ့တာဆိုရင်တော့ ဒါဟာ သိပ်ကို လွန်လွန်းသွားပြီ မဟုတ်လား"
ပင်မမျိုးနွယ်ဝင်များပင်လျှင် ဤသတင်းကို ကြားရသောအခါ နင်းရှောင်ရန်မှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စံနှုန်းများကို လုံးဝချိုးဖျက်ကာ အလွန်အကျွံ လုပ်ဆောင်ခဲ့သည်ဟု ခံစားကြရလေသည်။
ပျံ့နှံ့နေသော သတင်းများအရ နင်းကျော့၏ဖခင်ဖြစ်သူ နင်းကျုံးသည် နင်းရှောင်ရန်၏ ကယ်တင်ရှင်ဖြစ်ပြီး နင်းကျုံးမှာ နောက်ဆုံးတိုက်ပွဲသို့ မသွားမီ နင်းရှောင်ရန်က နင်းကျော့ကို ကူညီစောင့်ရှောက်ပါမည်ဟု ကတိပေးခဲ့ဖူးကြောင်း သိရချေသည်။
သို့သော် လက်တွေ့တွင်မူ နင်းကျော့ ကြီးပြင်းလာသည့် ဆယ်စုနှစ်တစ်ခုကျော်အတွင်း နင်းရှောင်ရန်သည် သူ့အား မည်သည့် အထောက်အပံ့မှ မပေးခဲ့ဘဲ ကတိကို လုံးဝဖျက်ဖျက်ခဲ့ပေသည်။
နင်းကျော့မှာ စက်မှုပညာရပ်တွင် ပါရမီနှင့် ထိုးထွင်းဉာဏ်ကို ပြသနိုင်ခဲ့သဖြင့် နင်းရှောင်ရန်သည် သူ့အား စည်းရုံးသိမ်းသွင်းရန် တန်ဖိုးရှိသည်ဟု မြင်လာခဲ့သည်။
သူ၏ အတိတ်က အမှားများကို ပြန်လည်ပေးဆပ်ရန်အတွက် နင်းရှောင်ရန်သည် အစီအစဉ်တစ်ခု ရေးဆွဲခဲ့ပြီး နင်းကျော့၏ဦးလေးကို နင်းကျော့အတွက် ပေးထားသော အရင်းအမြစ်များကို အလွဲသုံးစားလုပ်သည်ဟု အကွက်ဆင် စွပ်စွဲခဲ့ကာ နင်းကျော့နှင့် နင်းကျဲတို့ မိသားစုကို တစ်ယောက်နှင့်တစ်ယောက် ရန်တိုက်ပေးခဲ့ခြင်း ဖြစ်သည်။
နင်းကျော့သည် မသေမျိုးနန်းတော်အား စူးစမ်းရှာဖွေရာတွင် ထူးခြားသော ရလဒ်များကို ရရှိခဲ့သော်လည်း နင်းရှောင်ရန်မှာ ဆုပေးဒဏ်ပေးရာတွင် မတရား ဖြစ်ခဲ့ပေသည်။
နင်းကျော့မှာ ဒေါသထွက်ကာ ပြင်ဆင်ရေးအဖွဲ့မှ ထွက်ခွာသွားခဲ့သဖြင့် နင်းရှောင်ရန်သည် နင်းကျဲ၏ အသက်နှင့် လွတ်လပ်ခွင့်ကို အသုံးချကာ ခြိမ်းခြောက်ပြီး ဝမ်လန်အား လူအများရှေ့တွင် ဒူးထောက်စေကာ နင်းကျော့ကို ဖိအားပေးခဲ့ခြင်း ဖြစ်သည်။
ဤသို့သော လုပ်ရပ်မျိုးသည် မျိုးနွယ်စုဆက်ခံသူတစ်ယောက် လုပ်ဆောင်သင့်သည့် အလုပ်မျိုးလော။
ဤသို့သော လုပ်ရပ်မျိုးသည် ဖြောင့်မတ်သော ကျင့်ကြံသူတစ်ယောက် လုပ်ဆောင်နိုင်သည့် အလုပ်မျိုးလော။
အကယ်၍ ဤသတင်းများမှာ အမှန်ဖြစ်ပါက နင်းရှောင်ရန်သည် နင်းမျိုးနွယ်စု၏ ဆက်ခံသူနှင့် အဆင့်မြင့် အဖွဲ့ဝင်တစ်ဦးဖြစ်ပါလျက် သူ၏ မျိုးနွယ်စုဝင်များအပေါ် ထိုကဲ့သို့သော နည်းလမ်းများကို အသုံးပြုခဲ့ခြင်းမှာ ထိုရာထူးနှင့် လုံးဝမထိုက်တန်တော့ပေ။
"နင်းရှောင်ရန်က ဒါကို တကယ်လုပ်ခဲ့တာဆိုရင်တော့ သူ တကယ်ကို လွန်သွားပြီ"
"သူက ဒါကို တကယ်လုပ်မှာ မဟုတ်ပါဘူး၊ ဒါက သိပ်ကို မိုက်မဲလွန်းတဲ့ လုပ်ရပ်ပဲ"
"ကျွန်တော် ထင်တာကတော့ နင်းကျော့က သူ့ကို နာမည်ဖျက်နေတာ ဖြစ်ဖို့ များပါတယ်"
နင်းကျော့ဟူသော အမည်ကို မကြာသေးမီက နင်းမျိုးနွယ်စုဝင်များအကြား မကြာခဏ ကြားနေရပြီ ဖြစ်သည်။
နင်းကျော့သည် ယခင်က မျိုးနွယ်စုခွဲငယ်လေးမှ သာမန်လူတစ်ယောက်သာ ဖြစ်သော်လည်း သုံးမျိုးနွယ် မဟာမိတ်အဖွဲ့၏ ပူးတွဲစမ်းသပ်မှုတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သူ ဖြစ်၏။
သူသည် ဓာတ်ငါးပါးညှိနှိုင်းခြင်းပညာရပ်နှင့် အထူးကိုက်ညီမှု ရှိနေသဖြင့် လူအများက သူ၏ ကံကောင်းမှုကို မနာလိုဖြစ်ခဲ့ကြသော်လည်း သူ၏ ပါရမီကို ပြသနိုင်ခဲ့သည့်အခါတွင်မူ လူအများစုက သူ၏ အနာဂတ်အပေါ် အကောင်းမြင်လာခဲ့ကြသည်။
ထို့ပြင် နင်းကျော့သည် သူ၏ အတန်းဖော်များကို ထပ်ခါတလဲလဲ ကူညီပေးခဲ့ပြီးနောက် လူအများအပြားက သူ့အပေါ် ပိုမိုနှစ်သက်သဘောကျလာကြလေသည်။
မကြာသေးမီက နင်းကျော့သည် မသေမျိုးနန်းတော်အား ရှစ်ဆင့်အထိ စူးစမ်းရှာဖွေနိုင်ခဲ့ခြင်းက သူ့အား ပို၍ပင် အံ့အားသင့်ဖွယ် ဖြစ်စေခဲ့ချေသည်။
အမှန်စင်စစ် ထိုသို့သော အောင်မြင်မှုမှာ နင်းရှောင်ဟွေ့ကိုပင် လုံးဝကျော်လွန်သွားခဲ့ခြင်း ဖြစ်သည်။ အဓိကအချက်မှာ နင်းကျော့သည် မျိုးနွယ်စုခွဲမှ ဖြစ်ပြီး နင်းရှောင်ဟွေ့မှာ ပင်မမျိုးနွယ်မှ ဖြစ်နေခြင်းပင်။
ဤသတင်းသည် ပုံမှန်အားဖြင့် ဖိနှိပ်ခံနေရသော မျိုးနွယ်စုခွဲဝင်များအတွက် ကြီးစွာသော ဝမ်းမြောက်မှုကို ဖြစ်စေခဲ့သည်။
သို့သော် သူတို့ ထိုသို့ ဝမ်းမြောက်နေရသည်မှာ မကြာလိုက်ဘဲ နင်းကျော့မှာ မတရားသော ဆက်ဆံမှုကို ခံရပြီး ပြင်ဆင်ရေးအဖွဲ့မှ ဆန္ဒအလျောက် ထွက်ခွာသွားသည်ဟူသော သတင်းကို ကြားလိုက်ရပြန်သည်။
နင်းရှောင်ရန်မှာ လူထု၏ ထင်မြင်ယူဆချက်များကို လိမ်လည်လှည့်ဖြားရန် ရည်ရွယ်ချက်ရှိရှိ သတင်းလွှင့်ခဲ့သော်လည်း ပျံ့နှံ့နေသော မျိုးနွယ်စုခွဲဝင်များမှာမူ "မတရားသော ဆက်ဆံမှု" အကြောင်းကိုသာ ဆက်တိုက် ဆွေးနွေးနေကြလေသည်။
မျိုးနွယ်စုခွဲဝင် အများအပြားမှာ နင်းကျော့၏ အဖွဲ့မှ ထွက်ခွာသည့် လုပ်ရပ်အပေါ် ကိုယ်ချင်းစာမှုနှင့် လေးစားမှုကို ဖော်ပြခဲ့ကြသည်။
သို့သော် အချို့သော မျိုးနွယ်စုခွဲဝင်များမှာမူ နင်းကျော့အပေါ် တိတ်တဆိတ် မကျေမနပ် ဖြစ်နေကြ၏။
"ငါတို့တွေ ပင်မမျိုးနွယ်ရဲ့ ဖိနှိပ်မှုကို ခံရတုန်းက ငါကတော့ အလျှော့ပေးပြီး နောက်ဆုတ်ခဲ့ရတယ်။ ဒါပေမဲ့ မင်းကတော့ ဒီလိုမျိုး ခိုင်ခိုင်မာမာ ရပ်တည်ပြီး ဗြောင်ကျကျ ရင်ဆိုင်ရဲတယ်။ နင်းကျော့... မင်းနဲ့ ယှဉ်လိုက်ရင် ငါ့ရဲ့ အတိတ်က လုပ်ရပ်တွေက ဘာဖြစ်သွားမလဲ"
ဤသည်မှာ လူ့သဘာဝ၏ နူးညံ့သိမ်မွေ့သော သဘောတရားပင် ဖြစ်ချေသည်။
နင်းကျော့၏ ကိစ္စမှာ မကြာသေးမီက တစ်မျိုးနွယ်စုလုံး၏ ဆွေးနွေးစရာ ခေါင်းစဉ်တစ်ခု ဖြစ်နေခဲ့ပြီ ဖြစ်သည်။
ယခုအခါ နင်းရှောင်ရန်နှင့် နင်းကျဲတို့အကြောင်း ပေါက်ကွဲစေတတ်သော သတင်းများ ထွက်ပေါ်လာခြင်းက လူထု၏ ထင်မြင်ယူဆချက်များကို တောက်လောင်နေသော မီးထဲသို့ ဆီလောင်းလိုက်သကဲ့သို့ ဖြစ်သွားစေတော့သည်။
ဝုန်းခနဲ မြည်သံနှင့်အတူ မီးလျှံများမှာ ပေါက်ကွဲထွက်လာပြီး ပြင်းထန်စွာ တောက်လောင်လေတော့သည်။
တစ်ယောက်က ဆယ်ယောက်ကိုပြော၊ ဆယ်ယောက်က ရာဂဏန်းကိုပြော၊ ထိုမှတစ်ဆင့် ထောင်ဂဏန်းအထိ ပျံ့နှံ့သွားတော့၏။
"မျိုးနွယ်စုဆက်ခံသူက ဒါကို တကယ်လုပ်ခဲ့တာဆိုရင် သူ့ရဲ့ စရိုက်က တကယ်ကို ညံ့ဖျင်းလွန်းတာပဲ"
"ဒါက တကယ်ပဲလား၊ မဟုတ်ဘူးလား"
"နင်းကျော့နဲ့ သူ့အဖွဲ့က ဘိုးဘေးခန်းမကို သွားနေကြပြီ။ ငါတို့လည်း ကိုယ်တိုင်သွားကြည့်ကြရင် မကောင်းဘူးလား"
"သွားကြစို့၊ ငါလည်း မျိုးနွယ်စုခွဲကပဲ၊ ပင်မမျိုးနွယ်ရဲ့ ဖိနှိပ်မှုနဲ့ ဖယ်ကြဉ်မှုကို ခံခဲ့ရတာ။ နင်းကျော့ကို ငါ မဖြစ်မနေ ထောက်ခံအားပေးရမယ်"
ရေတွက်၍မရနိုင်သော မျိုးနွယ်စုဝင်များမှာ နင်းမျိုးနွယ်စု၏ ဘိုးဘေးခန်းမဆီသို့ ဦးတည်ကာ ထွက်ခွာလာကြလေသည်။
အထက်စီးမှ ကြည့်မည်ဆိုပါက မျိုးနွယ်စုဝင်များသည် သူတို့၏ နေအိမ်များမှ ထွက်လာကြပြီး လမ်းမကြီးများနှင့် လမ်းကြားလေးများတွင် စုဆုံကာ လူမြစ်ကြီးများသဖွယ် ဘိုးဘေးခန်းမဆီသို့ စီးဝင်နေကြသည်ကို မြင်တွေ့ရမည် ဖြစ်သည်။
"ဘာတွေ ဖြစ်နေတာလဲ" ဘိုးဘေးခန်းမကို စောင့်ကြပ်နေသော ဘိုးဘေးခန်းမ အကြီးအကဲမှာ တစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိသွားသည်။
နင်းကျော့နှင့် သူ၏အဖွဲ့မှာ ရောက်မလာသေးသော်လည်း အခြားသော မျိုးနွယ်စုဝင်များမှာ ဘိုးဘေးခန်းမတွင် စုရုံးရောက်ရှိနေကြပြီ ဖြစ်သည်။
"မင်းတို့ ဘယ်လိုတောင် သတ္တိရှိနေကြတာလဲ။ အကြောင်းရင်းမရှိဘဲ ဒီမှာ စုရုံးပြီး ဘိုးဘေးတွေရဲ့ အေးချမ်းမှုကို နှောင့်ယှက်နေကြတာ၊ မင်းတို့ ဘာလုပ်ချင်နေကြတာလဲ"
ဘိုးဘေးခန်းမ အကြီးအကဲမှာ ထွက်ပေါ်လာပြီး စုရုံးနေသော မျိုးနွယ်စုဝင်များကို ငေါက်ငမ်းလိုက်လေသည်။
အချို့သော မျိုးနွယ်စုဝင်များမှာ ကြောက်ရွံ့သော အမူအရာများ ပြသလာကြသည်။
မျိုးနွယ်စုခွဲမှ အုပ်ချုပ်ရေးမှူးတစ်ဦးသည် လူအုပ်ထဲမှ ရှေ့သို့ ထွက်လာပြီး အကြီးအကဲကို ဦးညွှတ်ကာ ပြောလိုက်သည်မှာ "အကြီးအကဲ... ကြီးမားတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပွားနေပါတယ်"
"ဒီနေ့တော့ ကျွန်တော်တို့ ဒါကို အဆုံးထိ စုံစမ်းရပါလိမ့်မယ်"
"ဒါမှမဟုတ်ရင် တစ်စုံတစ်ယောက်က မတရားခံနေရတာကို ဘိုးဘေးတွေ သိသွားရင် သူတို့ အမျက်ထွက်ကြပါလိမ့်မယ်၊ ကျွန်တော်တို့လို မျိုးဆက်သစ်တွေကိုလည်း မိဘဘိုးဘေးတွေအပေါ် မရိုသေရာ ရောက်တယ်လို့ အပြစ်တင်ကြပါလိမ့်မယ်"
အကြီးအကဲမှာ မျက်မှောင်ကို ပြင်းထန်စွာ ကြုတ်လိုက်မိသည်။ သူက ဘိုးဘေးများကို အသုံးချပြီး ခြိမ်းခြောက်ခဲ့သော်လည်း အုပ်ချုပ်ရေးမှူးကလည်း ဘိုးဘေးများကိုပင် ပြန်လည် ကိုးကား၍ ပြောဆိုလိုက်သောကြောင့် ဖြစ်၏။
အကြီးအကဲမှာ မကျေမနပ် ဖြစ်နေသော အမူအရာဖြင့် "နင်းရှန့်ကော... တကယ်တမ်း ဘာတွေ ဖြစ်ခဲ့တာလဲ"
နင်းရှန့်ကောသည် ဖြောင့်မတ်သော စိတ်ထားဖြင့် ဖြစ်ပျက်ခဲ့သမျှကို အကျဉ်းချုပ်၍ ပြောပြလိုက်လေသည်။
အကြီးအကဲ၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားချေသည်။
သူသည် ပင်မမျိုးနွယ်မှ ဖြစ်ပြီး ဘိုးဘေးခန်းမကို စောင့်ကြပ်ခွင့် ရထားသူဖြစ်သဖြင့် အဆင့်မြင့် အဖွဲ့ဝင်များ၏ အချက်အချာတွင် ရှိနေသူ ဖြစ်သည်။
သူသည် နင်းရှောင်ရန်၏ လုပ်ပုံကိုင်ပုံကို ကောင်းစွာ နားလည်ထားသူလည်း ဖြစ်ပေသည်။
"မျိုးနွယ်စုဆက်ခံသူရဲ့ စရိုက်အရဆိုရင် သူ ဒီလိုမျိုး တကယ်လုပ်ခဲ့တာလည်း ဖြစ်နိုင်တယ်"
"ဒီအချိန်မှာ... ဒါကို ပြန်လည် ကုစားဖို့ ဖြစ်နိုင်ပါဦးမလား"
ထိုသို့ တွေးတောရင်း အကြီးအကဲမှာ အနည်းငယ် ခေါင်းညိတ်လိုက်ပြီး အမူအရာကို ပြော့ပြောင်းစေကာ လူတိုင်းကို ပြောလိုက်သည်မှာ "ဘိုးဘေးခန်းမရဲ့ အကြီးအကဲတစ်ယောက်အနေနဲ့ ငါဟာ အမြဲတမ်း ဘက်လိုက်မှုမရှိဘဲ ဆောင်ရွက်ခဲ့တာပါ"
"ဒီကိစ္စက ဒီလောက်အထိ ကြီးကျယ်လာပြီဆိုမှတော့ မျိုးနွယ်စုအကြီးအကဲနဲ့ အခြားသော အကြီးအကဲတွေကို ဒီကိစ္စကို သက်သေအဖြစ် ကြည့်ရှုဖို့ ဖိတ်ကြားရပါလိမ့်မယ်"
"မင်းတို့အားလုံးမှာ စောင့်ကြည့်ပိုင်ခွင့် ရှိပါတယ်၊ ဒါပေမဲ့ တံခါးဝမှာ ဒီလို စုရုံးနေတာက ဘယ်လိုပုံစံ ဖြစ်နေလဲ"
"အခုလောလောဆယ် လူစုခွဲလိုက်ကြပါ၊ ငါ့ရဲ့ လက်အောက်ငယ်သားတွေကို တံခါးသုံးဖက်လုံး ဖွင့်ခိုင်းလိုက်မယ်၊ နေရာကို သန့်ရှင်းရေးလုပ်ပြီး မင်းတို့အားလုံးကို ထိုင်ခွင့်ပေးပါ့မယ်"
"မင်း... မျိုးနွယ်စုအကြီးအကဲနဲ့ အခြားအကြီးအကဲအားလုံးကို မြန်မြန် သွားအကြောင်းကြားလိုက်"
အကြီးအကဲမှာ ပွင့်လင်းရိုးသားသော ပုံစံဖြင့် လက်အောက်ငယ်သားတစ်ဦးကို သတင်းပို့ရန် ခိုင်းစေလိုက်လေသည်။
ထိုအတောအတွင်း အခြားသော မျိုးနွယ်စုဝင် အုပ်စုကြီးတစ်ခုမှာ ဘိုးဘေးခန်းမသို့ ရောက်ရှိလာပြန်သည်။
အကြီးအကဲမှာ တိတ်တဆိတ် ရေရွတ်မိသည်မှာ "ဒါကတော့ တစ်မျိုးနွယ်စုလုံးကို ထိတ်လန့်စေမယ့် ကြီးမားတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်နေပြီပဲ"
"ဒီကိစ္စကို ဖြစ်ပေါ်စေတာက အသက် ဆယ့်ငါးနှစ်အရွယ် ဝိညာဉ်စွမ်းအား သန့်စင်ခြင်းအဆင့် ကျင့်ကြံသူလေး တစ်ယောက်ဆိုတာကို ယုံကြည်ဖို့တောင် ခက်ခဲလှတယ်"
အကြီးအကဲသည် သူအနေဖြင့် အခြေအနေအရသာ လိုက်ပါဆောင်ရွက်နိုင်မည်ကို သိရှိထားချေသည်။ ဖုံးကွယ်ရန် ကြိုးစားမှုမှန်သမျှမှာ မဖြစ်နိုင်တော့ပေ။ အနည်းငယ်မျှ ကြန့်ကြာသွားပါက မျိုးနွယ်စုဝင်များ၏ တိတ်တဆိတ် အပြစ်တင်မှုကို ခံရနိုင်ပေသည်။
သူသည် ပင်မမျိုးနွယ်မှ ဖြစ်သဖြင့် နင်းရှောင်ရန်မှာ မတရားစွပ်စွဲခံရခြင်းသာ ဖြစ်ပြီး ဤကိစ္စများကို အမှန်တကယ် မလုပ်ဆောင်ခဲ့ပါစေနှင့်ဟုသာ ဆုတောင်းနိုင်တော့သည်။
မျိုးနွယ်စုအကြီးအကဲမှာ ဤသတင်းကို လျင်မြန်စွာ သိရှိသွားပြီး ထိုင်နေရာမှ ထိတ်လန့်တကြား ထရပ်လိုက်မိလေသည်။
ဖခင်တစ်ဦးအနေနှင့် သူသည် နင်းရှောင်ရန်၏ လုပ်ပုံကိုင်ပုံကို အလွန်ကောင်းစွာ သိထားသူ ဖြစ်သည်။
သူသည် ချက်ချင်းပင် ပညာရပ်တစ်ခုကို အသုံးပြုကာ နင်းရှောင်ရန်အား အကြောင်းကြားရန် အဆောင်လက်ဖွဲ့တစ်ခုကို ပို့လွှတ်လိုက်လေသည်။
နင်းရှောင်ရန်မှာ သီးသန့်ကျင့်ကြံရင်း သူ၏ ဝိညာဉ်စွမ်းအားများကို ပြန်လည် ဖြည့်တင်းနေချိန်တွင် ပညာရပ်အဆောင်လက်ဖွဲ့မျိုးစေ့က သူ့အား လာရောက်နှောင့်ယှက်သဖြင့် စိတ်အနှောင့်အယှက် ဖြစ်သွားရသည်။
သို့သော် ၎င်းမှာ သူ၏ဖခင်ဆီမှ ဖြစ်ကြောင်း လျင်မြန်စွာ သိရှိသွားသဖြင့် "အဖေက ငါ့ကို ဘာလို့ ဒီလောက် အသည်းအသန် လိုက်ရှာနေတာလဲ..." ဟု တွေးတောကာ သိချင်စိတ် ပြင်းပြသွားမိသည်။
"ဟာ..." အဆောင်လက်ဖွဲ့အတွင်းရှိ အကြောင်းအရာများကို မြင်လိုက်ရသောအခါ နင်းရှောင်ရန်မှာ သူ့အမြီးကို မီးမြှိုက်ခံလိုက်ရသကဲ့သို့ ခုန်ထလိုက်မိလေသည်။
"ဟိုကောင်စုတ် နင်းကျော့က ငါ့ကို ဖျက်ဆီးဖို့ ကြိုးစားနေတာပဲ"
နင်းရှောင်ရန်မှာ ကျင့်ကြံခြင်းကို ဆက်လက်လုပ်ဆောင်ရန် စိတ်မပါတော့ဘဲ အခန်းတံခါးကို ဝုန်းခနဲ တွန်းဖွင့်ကာ အပြင်သို့ ပြေးထွက်သွားတော့သည်။
သူသည် ကိုယ်ပိုင်အကျဉ်းထောင်ဆီသို့ သူ၏ ခွန်အားရှိသမျှ အစွမ်းကုန် ပြေးသွားလေတော့သည်။
ဤကဲ့သို့ အရေးကြီးပြီး အရေးပေါ်အချိန်တွင် နင်းကျဲသည် အဓိကကျသော ပုဂ္ဂိုလ်ဖြစ်ပေသည်။
နင်းကျဲသာ နင်းရှောင်ရန်နှင့် ညှိနှိုင်းပြီး အရာအားလုံးကို ငြင်းဆိုပေးမည်ဆိုပါက နင်းရှောင်ရန်အတွက် မျှော်လင့်ချက် ရှိပါသေးသည်။
သို့သော် သူ ကိုယ်ပိုင်အကျဉ်းထောင်သို့ ရောက်ရှိသောအခါ မျိုးနွယ်စုခွဲဝင် အုပ်စုတစ်စုက ထိုနေရာကို ဝိုင်းရံထားသည်ကို တွေ့လိုက်ရလေသည်။
"ဖယ်ကြစမ်း" နင်းရှောင်ရန်က ဟိန်းဟောက်လိုက်ပြီး "ဒီမှာ စုရုံးနေကြတာက မင်းတို့တွေ ပြဿနာရှာချင်နေကြတာလား"
မျိုးနွယ်စုခွဲဝင်များမှာ မျိုးနွယ်စုဆက်ခံသူကို မြင်လိုက်ရသဖြင့် ခေတ္တမျှ ထိတ်လန့်သွားကြသည်။
သို့သော် ထိုစဉ်မှာပင် အိုမင်းသော အသံတစ်ခု ထွက်ပေါ်လာသည်မှာ "မျိုးနွယ်စုဆက်ခံသူ... မင်း တစ်လှမ်း နောက်ကျသွားပြီ။ နင်းကျော့ရဲ့ ဦးလေးကို ဒီအဖိုးကြီးက အပြင်ကို ခေါ်ထုတ်လာပြီးပြီ"
နင်းရှောင်ရန်မှာ လူအုပ်ကြီး ကွဲထွက်သွားပြီး အဖိုးအိုတစ်ဦး ဖြည်းညင်းစွာ လျှောက်လှမ်းလာသည်ကို မြင်လိုက်ရသဖြင့် ရင်ထဲမှာ မကောင်းဖြစ်သွားရသည်။
အဖိုးအို၏ နောက်တွင်မူ နင်းကျဲက ကြောင်တောင်တောင် အမူအရာဖြင့် ပါလာချေသည်။
ထိုအဖိုးအိုကို မြင်လိုက်ရသောအခါ နင်းရှောင်ရန်မှာ မျက်စိရှေ့တွင် မှောင်မှောင်မည်းမည်း ဖြစ်သွားသော်လည်း ခက်ခက်ခဲခဲပင် လက်အုပ်ချီ နှုတ်ဆက်ကာ "အကြီးအကဲဖု" ဟု ခေါ်လိုက်ရလေသည်။
ထိုအဖိုးအိုမှာ မျိုးနွယ်စုခွဲဝင် တစ်ဦးဖြစ်သည့် နင်းယုံဖု ဖြစ်ပြီး ယခင်က အဆောင်လက်ဖွဲ့ဆောင်၏ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ ကြီးမားသော ဂုဏ်သတင်း ကျော်ကြားမှုများကို ရရှိထားသူ ဖြစ်သည်။
နင်းရှောင်ရန်က ဆက်လက် ကြိုးစားချင်သေးသဖြင့် "အကြီးအကဲဖု... အကြီးအကဲ မသိသေးလို့ ဖြစ်ပါလိမ့်မယ်၊ ဒါတွေ အားလုံးက နင်းကျော့ရဲ့ လှည့်ကွက်တွေပါ။ နင်းကျဲက အလွဲသုံးစားမှုပေါင်းများစွာမှာ ပါဝင်နေလို့ စုံစမ်းစစ်ဆေးခံနေရတာ ဖြစ်ပါတယ်။ နင်းကျဲရဲ့ ဇနီး ဝမ်လန်က နင်းကျဲကို လွှတ်ပေးဖို့ ကျွန်တော့်ကို အကြိမ်ကြိမ် လာတောင်းပန်ခဲ့ပေမဲ့ အလွဲသုံးစားမှုတွေက မရှင်းလင်းသေးတာကြောင့် ကျွန်တော် ငြင်းဆိုခဲ့တာပါ"
နင်းယုံဖုက နင်းရှောင်ရန်ကို ကြည့်ကာ ခပ်ဖွဖွ ရယ်မောလိုက်ပြီး "ငါကိုယ်တိုင် နင်းကျဲကို ခေါ်သွားမယ် မျိုးနွယ်စုဆက်ခံသူ။ အကယ်၍ မင်း ငါ့ကို တားချင်တယ်ဆိုရင်တော့ ငါ့ရဲ့ အလောင်းကို ကျော်သွားမှပဲ ရလိမ့်မယ်"
နင်းရှောင်ရန်မှာ လျင်မြန်စွာပင် "မလုပ်ရဲပါဘူး၊ မလုပ်ရဲပါဘူး။ အကြီးအကဲဖုကလည်း နောက်နေတာပဲ၊ ကျွန်တော့်ကို အထင်လွဲနေပါပြီ"
"အထင်လွဲတာ ဟုတ်မဟုတ် ဆိုတာကိုတော့ ဘိုးဘေးခန်းမမှာ ရှင်းကြတာပေါ့။ မျိုးနွယ်စုဆက်ခံသူ... ကြွပါဦး" ထိုသို့ ပြောဆိုပြီးနောက် နင်းယုံဖုသည် နင်းကျဲကို ဦးဆောင်ကာ နင်းရှောင်ရန်၏ ရှေ့မှပင် ထွက်ခွာသွားလေတော့သည်။
နင်းရှောင်ရန်မှာ အံကြိတ်ကာ ထိုနေရာမှာပင် ဆက်လက်ရပ်တည်နေချင်သော်လည်း လူအပေါင်း၏ စောင့်ကြည့်နေမှုအောက်တွင်လည်းကောင်း၊ အများက လေးစားရသော နင်းယုံဖု၏ ရှေ့တွင်လည်းကောင်း ဘေးသို့ ဖယ်ပေးကာ လမ်းဖယ်ပေးလိုက်ရရုံသာ ရှိတော့သည်။
နင်းယုံဖုသည် အားရပါးရ ရယ်မောကာ ဆက်လက် လျှောက်လှမ်းသွားလေသည်။
သူသည် နင်းရှောင်ရန်၏ ဘေးမှ ဖြတ်သွားစဉ် နင်းရှောင်ရန်၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားပြီး နင်းကျဲကို သတိပေးသည့် အကြည့်ဖြင့် ကြည့်လိုက်လေသည်—အကယ်၍ မင်း မပြောသင့်တာကို ပြောလိုက်မယ်ဆိုရင်တော့ မင်း သေပြီသာမှတ်ပေတော့။
နင်းကျဲမှာ နင်းရှောင်ရန်ကို မျက်လုံးချင်း မဆုံရဲဘဲ ခေါင်းကို အမြန်ငုံ့ထားလိုက်မိသည်။
နင်းယုံဖုက သူ့အား များများစားစား မပြောခဲ့သဖြင့် သူ၏ စိတ်ထဲတွင် သံသယများစွာဖြင့် ပြည့်နှက်နေလေသည်။
"ဒါနဲ့ တကယ်တမ်း ဘာတွေ ဖြစ်ကုန်တာလဲ"
နင်းကျော့ ဦးဆောင်သော အုပ်စုကြီးမှာ မျိုးနွယ်စုနယ်မြေအတွင်း ဆက်လက် လျှောက်လှမ်းလာကြသည်။
နေအိမ်မှ စတင်ထွက်ခွာလာစဉ်ကနှင့် နှိုင်းယှဉ်ပါက နင်းကျော့၏ အဖွဲ့မှာ နှစ်ဆမက တိုးပွားလာခဲ့ပြီး အနည်းဆုံး လူငါးဆယ်ကျော်အထိ ရှိလာခဲ့ချေပြီ။
နင်းကျော့ ဆက်လက် လျှောက်လှမ်းလာသည်နှင့်အမျှ လူများမှာ ပိုမို ပူးပေါင်းပါဝင်လာကြလေသည်။
လူများမှာ စူးစမ်းလိုစိတ်များဖြင့် နင်းကျော့အား မေးခွန်းများစွာကို မနားတမ်း မေးမြန်းနေကြ၏။
နင်းကျော့မှာ ဒေါသထွက်နေသော မျက်နှာဖြင့်ပင် ထိုမေးခွန်းများကို ဆက်တိုက် ပြန်လည် ဖြေကြားပေးနေခဲ့သည်။
နင်းယုံမှာ အားမလိုအားမရ ဖြစ်လာသဖြင့် နင်းကျော့ကို တိုးတိုးလေး အကြံပေးလိုက်သည်မှာ "အစ်ကိုကျော့... ကျွန်တော်တို့ လမ်းမှာ ရပ်ပြီး တခြား မျိုးနွယ်စုဝင်တွေကို ဒီလို ရှင်းပြနေတာက ခရီး သိပ်ကြန့်ကြာလွန်းနေတယ်"
နင်းကျော့မှာ နင်းယုံကို တစ်ချက်သာ ကြည့်လိုက်ပြီး ဘာမှ ပြန်မရှင်းပြခဲ့ပေ။
ထိုစဉ် နင်းချန်က သူ၏ အသံကို ပို့လွှတ်လိုက်သည်မှာ "ငတုံး... ငါတို့ရဲ့ အခု အခြေအနေမှာ လူတွေ ပိုသိလေ ပိုကောင်းလေပဲ။ ငါတို့ကို ထောက်ခံတဲ့သူ ပိုများလေလေ နောက်ထပ် လုပ်ဆောင်မယ့် အဆင့်တွေမှာ ငါတို့ အောင်မြင်ဖို့ အခွင့်အရေး ပိုများလေလေပဲ။ မင်း နားလည်ရဲ့လား"
နင်းယုံမှာ "နားလည်ပြီ၊ နားလည်ပြီ" ဟု ဆိုကာ ခေါင်းကို တဆတ်ဆတ်ညိတ်လိုက်လေတော့သည်။