← Chapters

အခန်း (၁၀၉၃-၁၀၉၄)

Vol. 92 Ch. 1093-1094

အခန်း (၁၀၉၃-၁၀၉၄)

Vol. 92 Ch. 1093-1094

အခန်း ၁၀၉၃ –

အရှေ့ဘက် ကြယ်လွင်ပြင်သို့ ပြန်ခြင်း။

ဝူမင်တစ်ယောက် အလွန်တရာ စိုးရိမ်ထိတ်လန့်နေ၏။ ဤနတ်ဘုရားရုပ်ထုမှာ စိတ်ဝိညာဉ်ကို ကြောက်မက်ဖွယ်ကောင်းသော ထာဝရအမှောင်အတွင်းသို့ ကျရောက် သွားစေသည်။

အကယ်၍ သခင်သည်သာ ထိုရုပ်ထုကို အမြန်ဆွဲမယူခဲ့ပါက သူ့ဘဝသည် ထိုအမှောင် ကမ္ဘာအတွင်း လုံးဝနစ်မွန်းသွားပေလိမ့်မည်။

“ ဘာမှမဖြစ်ဘူး။ ”

စုရီမှ ထိုရုပ်ထုကို လက်ဖဝါးပေါ်တင်ကာ စစ်ဆေးကြည့်လိုက်သည်။ ချက်ချင်းပင် သူ၏ စိတ်ဝိညာဉ်သည် ရိုက်ခတ်မှု ခံလိုက်ရပြီးနောက် ထာဝရအမှောင်အတွင်း ကျဆင်းသွား၏။

အေးစက်ခြောက်ကပ်ပြီး ထူးဆန်းသော စွမ်းအားတစ်ခုမှ စိတ်ဝိညာဉ်ကို နက်ရှိုင်းရာသို့ ဆွဲချရန် ကြိုးစားနေချေပြီ။

စုရီမှ မျက်မှောင်ကြုတ်လျက် ဝင်စားခြင်းဥပဒေစွမ်းအားကို တိတ်တဆိတ် လည်ပတ်စေလိုက်၏။

“ ဝုန်း ... ။ ”

ထိုမှောင်မိုက်သော အိပ်မက်ကမ္ဘာမှာ ပြင်းစွာတုန်ခါသွားပြီး ပြိုကွဲတော့မည့်အလား ဖြစ်လာလေသည်။ သည့်စဉ် ထာဝရအမှောင် အတွင်းမှ အမျိုးသမီးတစ်ဦး၏ ပုံရိပ် ပေါ်လာ၏။

သူမသည် မြင့်မြတ်လှသော နတ်ဘုရားမတစ်ပါးကဲ့သို့ ပလ္လင်ကြီးပေါ်တွင် စံမြန်းနေပြီး ခေါင်းပေါ်၌ ကျောက်စိမ်းသရဖူ ဆောင်းထားချေ၏။

လက်ထဲတွင် အဝကျဉ်းသော ပုလင်းလေးတစ်လုံးကို ကိုင်ထားသည်။ သူမ၏ နောက်ကျော၌ အနက်ရောင် နေမင်းတစ်စင်း ပေါ်ထွက်နေ၏။

သူမ၏ အကြည့်မှာ စုရီအပေါ်သို့ ကျရောက်လာသောအခါ စိတ်ဝိညာဉ်တစ်ခုလုံး တုန်ခါလာသည်။ သို့သော် ချက်ချင်းပင် သူ၏ အသိစိတ်ပင်လယ်ထဲရှိ ငရဲဘုံကိုးပါးဓားမှာ မြည်ဟည်းသံပေးလာ၏။

ထာဝရအမှောင် ကမ္ဘာကြီးမှာ အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားပြီးနောက် ပလ္လင်ပေါ်မှ အမျိုးသမီးသည်လည်း ရေပူဖောင်း ကဲ့သို့ ပျောက်ကွယ်သွား၏။ မပျောက်ကွယ်မီ ရယ်မောသံအချို့ ပဲ့တင်ထပ်ကျန်ခဲ့သည်။

“ ဟားဟားဟား ဝင်စားသူ ... နောက်ဆုံးတော့ မင်းပေါ်လာပြီ မကြာခင်မှာ ငါ မင်းဆီကို ကိုယ်တိုင်လာခဲ့မယ်။ ”

တစ်ဆက်တည်းမှာ စုရီလက်ထဲရှိ နတ်ဘုရားရုပ်ထုမှာ အမှုန်များအဖြစ် ပြောင်းလဲ လျော့ကျသွားလေသည်။

“ ငါ့ဆီ လာချင်တာလား နတ်ဘုရားတွေက သေမျိုးကမ္ဘာကို ဆင်းသက်နိုင်လို့လား။ ”

စုရီတစ်ယောက် အတွေးများသွား၏။ ထိုစဉ်ဝူမင်သည် စိုးရိမ်တကြီးနှင့် အပြေးအလွှား လှမ်းတက်လာပြီး၊

“ သခင် ... ဘာမှမဖြစ်ဘူးမလား။ ”

-ဟု မေးမြန်းလိုက်သည်။ စုရီမှ ခေါင်းခါပြကာ၊ ‘သွားကြစို့’ဟု ဆိုလိုက်တော့၏။ သူသည် နတ်မိစ္ဆာခေတ်သို့ ရောက်ရှိလာရခြင်း ရည်ရွယ်ချက်မှာ စိတ်နှလုံးအဟန့်အတားပေါ် ဖြတ်တောက်ရန်နှင့် အပ်ချုပ်သမားကို သတ်ရန်ဖြစ်သည်။

ယခုမူ ထိုကိစ္စများမှာ ပြေလည်သွားပြီ ဖြစ်သောကြောင့် အရှေ့ဘက်ကြယ်လွင်ပြင် ဆီသို့ ပြန်ရပေမည်။

နေရောင်ခြည်မှာ ကောင်ကင်တခွင် တောက်ပလျက်ရှိနေသည်။ ရှန့်မိသားစုဝင်များ အားလုံးသည် သူတို့၏ဇာတိမြေသို့ ပြန်ရောက် နေကြပြီဖြစ်၏။

သို့သော် ထိုနေရာသည် ပျက်စီးယိုယွင်းနေသော အဆောက်အဦးများ နှင့်သာ သူတို့ကိုကြိုဆိုနေ၏။

ထို့ကြောင့် ချက်ချင်းပင် ကျွမ်းကျင်သူများ ခေါ်ယူလျက် အဆောက်အဦးများကို ပြန်လည် ဆောက်လုပ်လာကြသည်။

ခဏအတွင်းမှာပင် အဆောက်အဦးများ၊ ရေကန်များ၊ တံတားများနှင့် နန်းတော်ကြီးများ ပေါ်ထွက်လာတော့၏။

စုရီက ထိုမြင်ကွင်းကို အဝေးမှ ကြည့်နေလျက် စိတ်နှလုံးထဲတွင် ငြိမ်းချမ်းမှုကို ခံစားလိုက်ရသည်။ ယခု ရှန့်မိသားစုမှာ ရှန့်မူ၏ မှတ်ဉာဏ်ထဲရှိ မိသားစုနှင့် မတူတော့ချေ။

နှစ်ပေါင်းများစွာ ကုန်လွန်ပြီးနောက် သူသိကျွမ်းသောမျက်နှာများ မရှိတော့သည်မှာ သဘာဝပေပင်။ အထူးသဖြင့် မိဘများနှင့် တိုက်ရိုက်ဆွေမျိုးများဖြစ်သည်။

ဤသည်မှာ နောင်တရစရာ တစ်ခု ဖြစ်သော်လည်း ဘဝဆိုသည်မှာ အရာအားလုံး ပြည့်စုံနေသည်တော့ မဟုတ်ချေ။

“ အစ်ကိုရှန့် ... ဘယ်တော့ပြန်မှာလဲ။ ”

သူ့ဘေး၌ ဒဏ်ရာများပျောက်ကွယ်နေပြီ ဖြစ်သော မုကျိကျင်းသည် လှပတင့်တယ်သည့် အသွင်ဖြင့် ရပ်နေချေပြီ။

“ ခဏတော့နေဦးမယ် ... ကိစ္စအချို့ စီစဉ်ပြီးရင်တော့ပြန်မယ် ဒါနဲ့အခုမှသတိထား မိတယ် ... မင်းခေါက်ခဲ့တဲ့ စက္ကူကြိုးကြာတွေက ရှန့်မူအတွက် ခေါက်ခဲ့တာမဟုတ်လား။ ”

“ ဟားဟားဟား ... ဘာလဲ ... စုရွှမ်ကြွယ်တစ်ယောက် ... အစ်ကိုရှန့်မူအပေါ် မနာလိုဖြစ်နေတာလား။ ”

စုရီက ခေါင်းခါလိုက်သည်။ ယခင်က မုကျိကျင်း၏ခေါင်းမာပြီး ဒေါသကြီးလွန်းသော အကျင့်စရိုက်ကြောင့် သူ တော်တော်လေး ခေါင်းခဲခဲ့ရဖူး၏။

သို့သော် ထိုအတိတ်များကို ပြန်တွေးလိုက်မိသောအခါတွင် လွမ်းဆွတ်မှုများ ဝင်ရောက်လာခဲ့သည်။ ထိုအချိန်က သူသည် နတ်ဓားရှင်အဖြစ် လောကကြီးကို အုပ်စိုးခဲ့ပြီး ယခုထက် ပို၍လွတ်လပ်ပျော်ရွှင်၏။

“ မင်းကော ... ငါနဲ့အတူ ပြန်လိုက်မလား။ ”

စုရီက မေးလိုက်သည်။ မုကျိကျင်းမှ ငြင်းပယ်လျက် ရှန့်မိသားစုတွင်သာ ဆက်လက် နေထိုင်တော့မည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့၏။

“ ရှန့်မူဆိုတာ လူမိုက်တစ်ယောက်ပဲ ... သူ့ကိုသတိရမနေပါနဲ့တော့ မင်းဘဝကိုမင်းပဲ စိတ်ကြိုက်ပုံဖော်ပါ။ ”

စုရီက အကြံပေးလိုက်၏။ မုကျိကျင်းမှ မျက်ဝန်းများတွင် မျက်ရည်များနှင့်ဝေဝါးလာပြီး အဆုံး၌ ပြုံးရယ်လျက်၊

“ အစ်ကိုရှန့်မူ ... လောကကြီးမှာ မရှိတော့တာငါသိတယ် ရှေ့လျှောက်ငါ့ဘဝကို ကောင်းကင်ဘုံ အပေါင်ဆိုင်နဲ့အတူ လောက အနှံ့ ပျော်ပျော်ရွှင်ရွှင် ခရီးဆက်မှာပါ။ ”

- ဟု တုန့်ပြန်လာသည်။

“ အဲဒီတုန်းက ငါက ရှန့်မူဝင်စားသူဆိုတာ မင်းဘယ်လိုလုပ်ပြီး ဒီလောက် သေချာရတာလဲ။ ”

စုရီက မေးမြန်းလိုက်သည်။

“ မိန်းမတစ်ယောက်ရဲ့ ဗီဇ။ ”

မုကျိကျင်းမှ ပြန်ဖြေ၏။

“ နင်နဲ့ အစ်ကိုရှန့်မူက လုံးဝကို ကွဲပြားနေပေမယ့် အံ့သြစရာကောင်းအောင် တူတဲ့အရာတွေ ရှိနေတယ်။ ”

“ ဘာတွေလဲ။ ”

စုရီက စိတ်ဝင်စားသွားသည်။

“ ဓားတာအိုကို ရှာဖွေတဲ့အခါမှာ မင်းတို့နှစ်ယောက်စလုံးက အဖြူစင်ဆုံးနဲ့ အခိုင်မာဆုံး ဓားနှလုံးသားတွေရှိနေတယ် ...

... ဒီလောကကြီးမှာ ဓားသမားတွေ မရေမတွက်နိုင်အောင် များပြားလွန်းပေမယ့် ဓားတာအိုကို အနက်ရှိုင်းဆုံးနားလညတာဆိုလို့ မင်းတို့နှစ်ယောက်ပဲရှိတယ် ...

... ငါ မင်းကို ပထမဆုံး မြင်လိုက်ရတဲ့အချိန်မှာ စီနီယာအစ်ကိုရှန့်မူကို သတိမရဘဲ မနေနိုင်ဘူး အဲဒီတုန်းက မင်းက သူ့ရဲ့ပြန်လည်ဝင်စားသူလားဆိုတာ ငါ သေချာမသိသေးဘူး ...

... နောက်ပိုင်းမှာတော့ မင်းကို တဖြည်းဖြည်းသိလာတော့ မင်းဟာတစ်ချိန်က ငါနဲ့အတူလေ့ကျင့်ခဲ့တဲ့ စီနီယာအစ်ကိုမှန်း ပိုပိုပြီး သေချာလာခဲ့တယ် ဒါပေမယ့် နှမြောစရာပဲ ... ။ ”

ဤနေရာအရောက်တွင် မုကျိကျင်းအကြည့်သည် မှိုင်းညို့သွားပြီးနောက် သက်ပြင်းချလိုက်ကာ၊

“ အဲဒီမိန်းမက စီနီယာအစ်ကိုရဲ့ အသက်ကို တကယ်ပဲ ဆုံးရှုံးစေခဲ့တယ် ... ။ ”

-ဟု ညည်းတွားတော့၏။

“ ကောင်းပြီ ... မင်းအတွက် နတ်ဆိုးခေတ်မှာ မဖြေရှင်းနိုင်တဲ့ ပြဿနာတွေ ကြုံလာရင် ဒီတံဆိပ်ကိုသုံးလိုက်ပါ။ ”

စုရီမှ လူမိုက်အကြောင်း စကားမဆိုဘဲ တံဆိပ်တစ်ခုကမ်းပေးလိုက်တော့၏။ ထိုထဲတွင် မိစ္ဆာတစ်သောင်းအမိန့်ပါရှိသည်။ ဝူမင်တို့ကို အကူအညီ တောင်းခံနိုင်ပေမည်။

သည့်နောက် စုရီသည် ဝူမင်နှင့်အတူ ပြန်လည်ထွက်ခွာသွားတော့၏။ မုကျိကျင်းက သူ့နောက်ကျောထံ ငေးကြည့်ကာ၊

“ စုရွှမ်ကြွယ် ... နင်နဲ့ အစ်ကိုရှန့်မူက တစ်ယောက်တည်းပါပဲ နင်အသက်ရှင်နေသရွေ့ အစ်ကိုရှန့်မူ အသက်ရှင်နေသလိုပါပဲ ... ဒါဆိုရင် ငါကျေနပ်ပါပြီ ... ။ ”

-ဟု ရေရွတ်လိုက်သည်။ ထိုစဉ် သူမ ပါးပြင်ပေါ်သို့ မျက်ရည်စများ တိတ်တဆိတ် စီးကျလာတော့၏။

***

အခန်း ၁၀၉၄ –

မိုးခေါင်နေသော လွင်ပြင်၌ မိုးကြိုးမုန်တိုင်းများ သက်ဆင်းလာခြင်း။

ထာဝရကမ္ဘာ၊ ထာဝရမိစ္ဆာနတ်တောင်၊ ကမ္ဘာတစ်သောင်း မိစ္ဆာနန်းတော်အတွင်း စုရီက ကြိမ်ကုလားထိုင်ပေါ်တွင် အနားယူလျက်ဖြင့် ရှေးဟောင်းကျမ်းစာအချို့ဖတ်ရှုနေ၏။

ထိုစဉ် သူ့ရှေ့ကုတင်ပေါ်မှ ချင်းဝမ်သည် မျက်တောင်ရှည်လေးများ တုန်ခါသွားပြီးနောက် အိပ်မက်မှနိုးထလာသကဲ့သို့ စုရီထံ မော့ကြည့်လာခဲ့သည်။

“ တာအိုသခင် ... ချင်းဝမ် ... ။ ”

သူမ မျက်ဝန်းများမှာ ဇဝေဇဝါ ဖြစ်နေခဲ့၏။

“ ငါမင်းရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဝိညာဉ်အမှတ်အသားကို ဖျက်ပေးလိုက်ပြီးပြီ ပြီးတော့ လျှို့ဝှက်ချက်နည်းစနစ်ကိုသုံးပြီး မင်းနဲ့ထျန်းချီကို ပေါင်းစပ်ပေးခဲ့တယ် ...

... အနာဂါတ်မှာ ထျန်းချီဆိုတာ မရှိတော့သလို မင်းရဲ့အသက်ကိုဘယ်သူမှ ခြိမ်းခြောက်လို့ မရတော့ဘူး။ ”

စုရီက လက်ထဲမှ ကျမ်းစာကို စားပွဲပေါ်တင်လိုက်ပြီး ခဏမျှစဉ်းစားနေကာ သူ့ စကားများဆက်ပြောလာသည်။

“ ဒါပေမဲ့ အကျိုးဆက်တစ်ခုကတော့ ဝိညာဉ်အမှတ်အသား ပျောက်သွားတာနဲ့အတူ မင်းရဲ့အတိတ်မှတ်ဉာဏ်တွေလည်း လုံးဝ ပျောက်ကွယ်သွားပြီ။ ”

ချင်းဝမ်နှင့် ထျန်းချီသည် မူလအစကတည်းက တစ်ဦးတည်း ဖြစ်ချေ၏။ အပ်ချုပ်သမာနှင့် ရွှယ်လျူသည် စုရီအပေါ်၌ ထောင်ချောက်ဆင်ရန် သူမကိုအသုံးချခဲ့ခြင်း ဖြစ်သည်။

ဆိုလိုသည်မှာ ချင်းဝမ်သည် မှတ်ဉာဏ်များနိုးထကာ မြင့်မားသော အဆင့်သို့ တက်လှမ်းလိုသော် နှလုံးသားကို သတ်ခြင်း လမ်းစဉ်ကို လျှောက်လှမ်းရပေမည်။

ဤနည်းဖြင့် ဒုတိယမြောက် ရှန့်မူနှင့် ရွှယ်လျူအဖြစ် ထွက်ပေါ်လာနိုင်၏။ သို့သော် ယခု စုရီသည် ဝမ်ယဲ့၏ ကျွမ်းကျင်မှုဖြင့် ထိုပြဿနာကို ဖြေရှင်းပေးခဲ့သည်။

ချင်းဝမ်ခမျာ နီမြန်းသောဝတ်စုံနှင့် သူမကိုယ်သူမ ပြန်လည်စစ်ဆေးကြည့်ကာ တိတ်ဆိတ်သွား၏။

ဖြူဝင်းသော အသားအရေနှင့်အတူ အလွန်လှပပြီး ဆွဲဆောင်မှုရှိသော လူသားခန္ဓာ ပိုင်ဆိုင်ထားချေပြီ။ ဤသည်မှာ ထျန်းချီ၏ ခန္ဒာကိုယ်ဖြစ်ချေ၏။

တစ်ဆက်တည်းမှာပင် ပျော်ရွှင်မှုများ အတိုင်းအဆမဲ့လျက် စုရီထံဦးညွှတ်လိုက်ကာ၊

“ ဒါ ... ဒါက တကယ်ကောင်းတာပဲ ... ။ ”

-ဟု ကျေးဇူးတင်စကားဆိုလိုက်သည်။ စုရီမှပြုံးလျက်၊

“ ဘာကို ကောင်းတာလဲ။ ”

-ဟု ပြန်မေး၏။ ချင်းဝမ်ခမျာ မျက်ဝန်းများမှာ ချက်ချင်းတောက်ပလာပြီး၊

“ ဝမ်အာက ... တာအိုသခင်ဘေးမှာ လေ့ကျင့်နေတဲ့ ဝိညာဉ်အပိုင်းအစလေးတစ်ခုပဲ အခုဆိုရင် ရုပ်ခန္ဓာကိုပါပိုင်ဆိုင်နေပြီ ... ဒါက ပြီးပြည့်စုံတဲ့ ဘဝပဲမဟုတ်လား ...

... ဒါကြောင့် ထျန်းချီဘဝ ... မှတ်ဉာဏ်တွေကိုမလိုချင်ဘူး သခင်ဘေးမှာ တစ်သက်လုံး လိုက်ပါခွင့် ရချင်နေတာကိုပဲ ကျေနပ်ပါပြီ ဝမ်အာကို မနှင်ထုတ်သရွေ့ ... ။ ”

-ဟု ဆိုကာ ရှက်သွေးဖြာလျက် ခေါင်းငုံ့သွားတော့သည်။

“ တာအိုသခင်။ ”

ထိုနာမ်စားကို ကြားသောအခါ စုရီတစ်ယောက် လွမ်းဆွတ်မှုခံစားလိုက်ရ၏။ ချင်းဝမ်တစ်ဦးတည်းသာ သူ့ကို ဤသို့ ခေါ်ခြင်းဖြစ်သည်။

ဤနှစ်များအတွင်း သူမသည်သာ ဝိညာဉ်ဘဝနှင့် သူ့ဘေးတွင် အမြဲရှိနေခဲ့သည်။ စုရီက စားပွဲပေါ်မှ အရက်ကို တစ်ငုံ သောက်လိုက်၏။

ချင်းဝမ်က ထရပ်လျက် လျှောက်လှမ်းလာကာ စုရီအတွက် အရက်ကို လောင်းငှဲ့ပေးသည်။ မီးအိမ်၏ အလင်းရောင်မှာ ချင်းဝမ်၏ လှပသော ကိုယ်လုံးလေးအပေါ် ဖြာကျနေ၏။

“ သခင် ... ဝမ်အာ အရက်တစ်ခွက် ကမ်းပေးပါရစေ။ ”

ချင်းဝမ်က ခါးကိုကိုင်းညွတ်ပြီး အရက်ခွက်ကို စုရီထံ ကမ်းပေးလိုက်လေသည်။ တစ်ဖက်လူသည် သူမကိုယ်သူမ သိချိန်မှစကာ အသက်ကိုအကြိမ်ကြိမ် ကယ်တင်ပေး၏။

ယခုနောက်ဆုံးတွင် ရုပ်ခန္ဓာတစ်ခုကိုပင် ပိုင်ဆိုင်အောင် ကူညီပေးခဲ့သည်။ တစ်ဖက်တွင် စုရီသည် ထိုအချင်းအရာကို ဂရုမစိုက်ချေ။ သူ ဂရုစိုက်နေသည်မှာ ချင်းဝမ်ရုပ်ခန္ဓာ၏ ကောက်ကြောင်းအလှဖြစ်သည်။

ဤမျှတိတ်ဆိတ်လှသော အခန်းတစ်ခုအတွင်း၌ ကျက်သရေရှိလှသော မိန်းကလေးသည် သူ့ထံ အရက်ကမ်း ပေးနေသည်။

ထို့ကြောင့် အရက်ခွက်နှင့် လက်ဖဝါးကို အုပ်ကိုင်လျက် အနားသို့ဆွဲယူလိုက်တော့သည်။ ချင်းဝမ်တစ်ယောက် မျက်လုံးပြူးလျက် ခေါင်းမော့ကြည့်၏။

စုရီ၏ ဝင်းဝင်းတောက်နေသော အကြည့်များဖြင့် မျက်ဝန်းချင်းဆုံတွေ့ပြီးနောက် ချက်ချင်း ရှက်ရွံ့စွာခေါင်းငုံ့လိုက်လေသည်။

သခင့်မျက်ဝန်းများသည် ဆာလောင်နေသော ကျားပျိုတစ်ကောင်ကဲ့သို့ ကြောက်စရာကောင်းချေ၏။

စုရီက အရက်ခွက်ယူသောက်လျက် ချင်းဝမ်လက်ကိုမလွှတ်ခဲ့ချေ။ တုန်ရင်နေသော ချင်းဝမ်၏ ခံစားချက်ကို ထိုလက်ဖျားမှ တဆင့် ခံစားနေရသည်။ ယနေ့တွင် ဝိညာဉ်ခန္ဓာနှင့် စစ်မှန်သော ရုပ်ခန္ဓာကြားကွာခြားချက်ကို သိချင်စိတ် ပြင်းပြလာမိသည်။

“ သခင် ... ။ ”

ချင်းဝမ်က တစ်ခုခုပြောကြားရန် ပြင်လိုက်သော်လည်း နီမြန်းသောနှုတ်ခမ်းကို နွေးထွေးသည့် ခံစားချက်များဖြင့် ပိတ်ဆို့ခြင်း ခံလိုက်ရတော့သည်။

ထိုညသည် ညတာရှည်ကာ မုန်တိုင်းထန်နေချေပြီ။ သူတို့နှစ်ဦးကြားတွင် ပြင်းစွာသော အသက်လုပွဲပြီးတစ်ခု ရုတ်ချည်း ဖြစ်ပေါ်လာနေသလိုပေပင်။

နောက်တစ်နေ့ မနက်တွင် စုရီသည် စိတ်ကြည်လင်စွာ နိုးထလာသည်။ ချင်းဝမ်ကိုမူ ကောင်းကင်ဆန္ဒ ဆေးကြိုအိုးလေးအတွင်း အနားယူစေခဲ့၏။

လက်ရှိအချိန်၌ ချင်းဝမ်နှင့် သူ့ကျင့်ကြံမှုသည် များစွာ ကွာခြားနေပြီဖြစ် သဖြင့် အလွန်ပင် ပင်ပန်းသွားခဲ့သည်။

စုရီက ခန်းမအပြင်သို့ လှမ်းထွက်ပြီး ဝူမင်နှင့်ပိုင်ထုံတို့ကို ခေါ်ယူတွေ့ဆုံလိုက်သည်။ သူသည် အရှေ့ဘက်ကြယ်လွင်ပြင်သို့ ပြန်ရန် ဆုံးဖြတ်ထားပြီးဖြစ်၏။

“ ဒီလောက် ကြာတဲ့နှစ်တွေမှာ မင်းတို့တွေက ဘာလို့များ ကောင်းကင်လမ်းကို ဖြတ်ပြီး အင်မော်တယ်နယ်မြေကို မသွားခဲ့ကြတာလဲ။ ”

စုရီက သိချင်စိတ်ဖြင့် မေးမြန်း လိုက်တော့သည်။ ဝူမင်မှ သက်ပြင်းချလိုက်ကာ ပြန်လည်ဖြေကြား၏။

“ သခင် ... ကောင်းကင်လမ်းက အလုပ်မလုပ်တော့တာကြာပါပြီ အင်မော်တယ် နယ်မြေမှာ ဘေးဒုက္ခတစ်ခုကျဆင်းလာပြီး အဲ့ဒီလမ်းပျက်စီးသွားခဲ့ရပါတယ် ...

... ဒါကြောင့် ကောင်းကင်လမ်းကို ခြေချသူမှန်သမျှ အသက်ရှင်လျက် ပြန်မလာ နိုင်တော့ပါဘူး။ ”

“ မှန်ပါတယ် သခင် ... ဒီလက်အောက်ငယ်သားရဲ့ သူငယ်ချင်း နှစ်ယောက်လည်း အဲဒီတုန်းက ကောင်းကင် လမ်းမှာ သေသွားခဲ့ကြတယ်။ ”

ပိုင်ထုံနှင့် ဝူမင်မှ လေးနက်စွာ ပြောကြားလာသည်။ စုရီတစ်ယောက် မျက်မှောင်ကြုတ်သွားတော့၏။

အင်မော်တယ်ကပ်ဘေးဟူသည် နတ်ဘုရာများမှ နတ်ဘုရားဖြစ်ရာလမ်းကြောင်း အပေါ် ဖြတ်တောက်လိုက်သော မဟာ ကပ်‌ဘေးကြီးပေပင်။

နတ်ဘုရားများသည် သူ့ကိုတိုက်ရိုက် မသတ်နိုင်သဖြင့် နည်းမျိုးစုံသုံးကာ သူ့လမ်းကို တားဆီးနေကြခြင်း ဖြစ်သည်။

ထိုသို့သော အင်မော်တယ် နယ်မြေရှိ ကပ်ဘေးသည် နတ်မိစ္ဆာခေတ်သို့ သက်ရောက် နေလိမ့်မည်ကိုမူ သူ မထင်ထားချေ။

စုရီက ခဏမျှ တွေးတောပြီးနောက်၊

“ ငါ အင်မော်တယ်မြေကို ... ပြန်ရောက်တဲ့အခါကျရင် မင်းတို့ကိုခေါ်ဖို့ အခွင့်အရေး ရှာပေးမယ်။ ”

“ ကျေးဇူးတင်ပါတယ် သခင်။ ”

နှစ်ယောက်သာ ဝမ်းသာအားရဖြင့် ဦးညွှတ်လိုက်ကြ၏။ ခေတ်အဆက်ဆက်တွင် ယဉ်ကျေးမှုသည် လုံးဝကွဲပြားလွန်းပြီး ဥပဒေ စည်းမျဉ်းများမှာ တိုးတက်ဖွံ့ဖြိုးနေသည်။

ဆိုလိုသည်မှာ စုရီသည် နတ်ဆိုးခေတ်တွင်ဆက်နေလျှင်ပင် သူ့တာအို၌ အောင်မြင်မှုရယူရန် ခက်ခဲပေမည်။

အလားတူပင် ဝူမင်နှင့်အဖွဲ့သည်လည်း အရှေ့ဘက်ကြယ်လွင်ပြင်ထံသို့ လိုက်ပါခဲ့သော် အင်မော်တယ်ဖြစ်ရန် ရုန်းကန်ရချေမည်။

ထိုစဉ် ထာဝရမိစ္ဆာနတ်တောင်တန်း အပြင်ဘက်တွင် အပြာရောင်ဝတ်လူတစ်ဦး ရဲဝင့်စွာ ထွက်ပေါ်လာသည်။

သူ၏လက်ထဲတွင် ရွှေရောင် မီးအိမ်တစ်လုံးကိုင်ဆောင်ထားပြီး ၎င်းအတွင်း၌ ဝိညာဉ်တစ်ခုကို ပိတ်လှောင်ထားချေ၏။

“ ဒီတစ်ခါ မင်းတို့သခင်ကို ... မတွေ့ရဘူးဆိုရင် ငါ မင်းကို သတ်ပစ်မယ်။ ”

အပြာဝတ်အမျိုးသားက ရွှေရောင် မီးအိမ်အတွင်းရှိ ထိုဝိညာဉ်ထံ ပြောကြားလိုက် လေသည်။ မီးတောက်များ အဆုံးမဲ့လောင်မြိုက် တိုက်စားခံနေရသဖြင့် ဝိညာဉ်ခမျာ မတုန့်ပြန် နိုင်သေးဘဲ နာကျင်စွာ ညည်းညူနေတော့၏။

***

All Chapters