အခန်း (၁၀၉၅-၁၀၉၆)
Vol. 92 Ch. 1095-1096
အခန်း ၁၀၉၅ -
သစ္စာဖောက် ... ။
အပြာရောင်ဝတ်ရုံ ဝတ်ဆင်ထားသူသည် ရွှေရောင်မီးခွက်ချလိုက်ကာ လက်ဖဝါးလှန်ပြီး အဝေးသို့ လှည့်ကြည့်လျက်၊
“ မူကျင်း ... ဒီတစ်ခါ မိစ္ဆာတစ်သောင်း အမိန့်နဲ့ သူ့ရဲ့လက်အောက်ငယ်သားတွေကို ဆင့်ခေါ်တဲ့သူက ... အကြွင်းမဲ့အုပ်စိုးရှင်လို့ မင်းထင်လား။ ”
-ဟု မေးမြန်းလိုက်၏။
အကြွင်းမဲ့အုပ်စိုးရှင်ဟူသောဘွဲ့ကို ပြောကြားချိန်တွင် သူ့အသံ၌သိသိသာသာ ပျော့ပျောင်းသွားပြီး ကြောက်ရွံ့မှုများ ပေါ်လာသည်။
ရှေးယခင်က အင်မော်တယ်မြေတွင် ထိုအမည်ဖြင့် အင်မော်တယ်လောကကြီးအပေါ် ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေနိုင်သော ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦးရှိခဲ့၏။
ရှစ်ကျိုးအမည်ရှိ မီးအိမ်ထဲမှလူအဆိုအရ ထာဝရအမှောင်ဧကရာဇ်ဘုရင်သာလျှင် မိစ္ဆာ တစ်သောင်း အမိန့်ကို ရေးထိုးနိုင်ချေသည်။
“ ဒီတစ်ကြိမ် သူတို့ကို ဆင့်ခေါ်သူက ထာဝရအမှောင်ဧကရာဇ်ဘုရင် ဖြစ်နေမှာကို သံသယဖြစ်စရာမလိုပါဘူး။ ”
တည်ငြိမ်ပြီး ဂရုမစိုက်သော အသံနှင့် အာကာသထဲတွင် ပုံရိပ်တစ်ခု တိတ်ဆိတ်စွာ ထွက်ပေါ်လာသည်။
ထိုသူမှာ လျှော်ပင်အဝတ်အစား ဝတ်ဆင်ထားပြီး မျက်နှာသည် အေးစက်ကာ ကျောပေါ်တွင် အနက်ရောင် သစ်သားဓား တစ်လက် လွယ်ထား၏။
သူ့အမည်မှာ မူကျင်းပေပင်။ ဆံပင်နှင့် မုတ်ဆိတ်မွှေးများသည် လှံများကဲ့သို့ဖြစ်နေပြီး စိတ်နေစိတ်ထားမှာ ပြတ်သားခိုင်မာကာ ထည်ဝါသော အသွင်အပြင် ပေးစွမ်းသည်။
“ ထာဝရ အမှောင် ဧကရာဇ် ဘုရင်လား ... ။ ”
အပြာရောင် ဝတ်ရုံဝတ်ထားသူ၏ မျက်လုံးများ တောက်ပသွားပြီး လှောင်ပြုံးဖြင့်၊
“ မူကျင်း၊ အဲဒီထာဝရအမှောင် ဧကရာဇ်ဘုရင်က လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ပြန်လည်ဝင်စားတဲ့လမ်းကို လျှောက်လှမ်းခဲ့တာ မဟုတ်လား ... သူက ဘယ်လိုလုပ်ပြီး ဒီဘွဲ့နဲ့ ထိုက်တန်နေရသေးတာလဲ။ ”
-ဟု မေးမြန်းလိုက်သည်။
“ ငါအကျင့် ဖြစ်နေလို့ပါ။ ”
အနက်ရောင် သစ်သားဓား ကိုင်ဆောင်ထားသော လျှော်ပင်ဝတ်ထားသူမှ ခံစားချက်မဲ့စွာဖြင့် ပြန်ဖြေ၏။ အပြာရောင် ဝတ်ရုံ ဝတ်ဆင်ထားသူက အနည်းငယ်မျှ တွေးတောလျက်၊
“ ဒါဆို အခု အဲဒီထာဝရ အမှောင် ဧကရာဇ်ဘုရင်က ပြန်လည်ဝင်စားနိုင်ခဲ့ပြီ ဆိုတော့ သူ့ရဲ့ခွန်အားက ဘာလဲ။ ”
-ဟု ထပ်မေး၏။
“ လွန်ခဲ့တဲ့ နှစ်တွေက အပ်ချုပ်သမားရဲ့ သတင်းစကားအရဆိုရင်တော့ ထာဝရအမှောင် ဧကရာဇ်ဘုရင်ဟာ ကောင်းကင်ဘုံနယ်ပယ်ကို စတင်နေပြီလို့ သိထားပါတယ်။ ”
မူကျင်းက ပြန်ဖြေ၏။ အပြာရောင်ဝတ်ရုံ ဝတ်ဆင်ထားသောလူက သက်ပြင်းချလိုက်ပြီး၊
“ အမှန်အတိုင်းပြောရရင် ငါလည်း သိပ်မသေချာဘူး ဘာပဲဖြစ်ဖြစ် ... အဲဒီလူက ကောင်းကင်ဘုံကို တက်လှမ်းတာ မကြာသေးရင်တောင်မှ ...
... သူဟာ သွေးဆာနေတဲ့ အုပ်စိုးရှင်တစ်ယောက်လို ခေတ်တစ်ခေတ်ကို တစ်ချိန်က အုပ်စိုးခဲ့တယ် မဟုတ်လား။ ”
-ဟု ဝန်ခံလိုက်၏။
“ မင်း ကြောက်လား။ ”
“ ဟားဟားဟား ... ။ ”
မူကျင်းမှ ထိုသူထံတစ်ချက်ကြည့်ပြီး မေးမြန်းလိုက်၏။ အပြာရောင် ဝတ်ထားသူက ခဏမျှတိတ်ဆိတ်သွားကာ အဆုံး၌ ရယ်မောလိုက်တော့သည်။
“ ငါကြောက်လားဆိုတာကို ... အမှန်အတိုင်းဖြေရရင် ကြောက်တယ် ဒါပေမယ့် သူ မဟုတ်ဘူး အတိတ်က လူကိုပါ။ ”
ထိုအဖြေကြောင့် မူကျင်းက စကားထပ်မဆိုတော့ချေ။
“ သွားရအောင် အခု ဒီနတ်ဆိုးခေတ်မှာ ငါတို့လူအိုကြီးနှစ်ယောက်ပဲ ကျန်ခဲ့တော့တယ် အဲဒီလူဝင်စားသူကိုဖမ်းမိရင် အိမ်ပြန်ဖို့အတွက် အကြောင်းပြချက် ကောင်းကောင်းရပြီ။ ”
ထို့နောက် အပြာရောင်ဝတ်ထားသူက နတ်တောင်ထံသို့ ပျံသန်းသွား၏။ မူကျင်းက တိတ်ဆိတ်စွာ နောက်ကနေ လိုက်လာသည်။
အပြာရောင်ဝတ်ထားလူက မူကျင်း၏ ‘မင်းကြောက်လား’ဟူသည့် အထင်သေးသည့် မေးခွန်းကို ဂရုမစိုက်ချေ။
ဤမူကျင်း၏ စိတ်နေစိတ်ထားသည် ကျောက်တုံးကဲ့သို့အေးစက်ပြီး သံလိုမာကျော သည်ကို သူ ကျင့်သားရနေပြီဖြစ်၏။
များမကြာခင်မှာပင် နှစ်ယောက်သား မီးရေကန်ပေါ် ပေါလောမျောနေသော နန်းတော် ရှေ့ရောက်ရှိလာသည်။
အပြာရောင်ဝတ်ထားသူက ရွှေမီးအိမ်ကိုထုတ်ယူဝှေ့ယမ်းကာ ပုံရိပ်တစ်ခု ထွက်ပေါ်စေလိုက်၏။
ဤသည်မှာ အသက်လတ်ပိုင်းအရွယ် လူတစ်ယောက်ဖြစ်ပြီး မျက်နှာပြင် ဖြူဖျော့ နေတော့သည်။ ခန္ဓာကိုယ်အနှံ့ မီးသွေးခဲလို မည်းနက်လောင်ကျွမ်းနေပြီး သွေးကွက်များ ဖုံးလွှမ်းနေချေ၏။ ကြောက်မက်ဖွယ်ပေပင်။
အပြာရောင် ဝတ်ထားသူက ထိုသူ့လည်ပင်းကိုဆွဲကိုင်လိုက်ပြီး မျက်လုံးများ အေးစက်လာကာ၊
“ ကျေးဇူးပြုပြီး ... မင်းရဲ့သခင်ကို ထွက်လာဖို့ ခေါ်လိုက်ပါ ငါ့ သူနဲ့တွေ့ချင်တယ်။”
-ဟု အမိန့်ပေးလိုက်သည်။
“ သခင် ... သွေးဧကရာဇ်ရဲ့ လက်ပါးစေတွေက ငါတို့ကို ရှာတွေ့သွားပြီ ... မြန်မြန်ပြေးပါ ... ။ ”
မြေပြင်ပေါ်ရှိ မီးလောင်ကျွမ်းနေသော အမျိုးသားက နန်းတော်ထံ မော့ကြည့်လိုက်ပြီး ရုတ်တရက် အော်ဟစ်လိုက်၏။
“ မင်း သေမင်းကို ဖိတ်ခေါ်နေတာပဲ။ ”
အပြာရောင်ဝတ်ထားသူက မျက်နှာ မည်းမှောင်သွားပြီး အသက်လတ်ပိုင်းအရွယ် အမျိုးသားကို ရွှေရောင်မီးအိမ်ထဲ ပြန်လည် တွန်းထည့်လိုက်သည်။
“ အား ... ။ ”
တစ်ဆက်တည်းမှာပင် မီးလျှံများ တောက်လောင်လျက် အသက်လတ်ပိုင်းအရွယ် အမျိုးသားကို နာကျင်စွာ အော်ဟစ်စေ၏။
“ ကျွီ ... ။ ”
ထိုစဉ်အဝေးရှိ ဘုံကျောင်းတံခါးများ ပွင့်သွားကာ စုရီ၊ ဝူမင်၊ ပိုင်ထုံနှင့် အခြားသူများ လှမ်းထွက်လာကြသည်။
“ ကျောက်တုံးအိုကြီး ... ။ ”
ဝူမင်ခမျာ ရွှေရောင်မီးခွက်ထဲ ပိတ်လှောင်ခံထားရသူကို မှတ်မိသွားပြီးနောက် အမူအရာက ချက်ချင်းပြောင်းလဲသွား၏။
တစ်ဖက်လူသည် တစ်ချိန်က ဝမ်ယဲ့နောက်လိုက် လက်အောက်ငယ်သား(၁၈) ယောက် အနက် တစ်ယောက်ဖြစ်သည်။
ကျောက်တုံးအိုကြီး ရှစ်ကျိုးဟု အမည်ရချေ၏။ ပိုင်ထုံ၊ ဟေးချန်နှင့် အခြား သူများသည်လည်း မျက်နှာဖြူဖျော့သွားပြီး အပြာဝတ်လူထံ စိုက်ကြည့်လိုက်ကြသည်။
“ ရွယ်ရှောင်ကျိရဲ့ လက်အောက် ငယ်သားတွေလား။ ”
စုရီက မျက်မှောင်ကြုတ်လိုက်၏။ ရွယ်ရှောင်ကျိဟူသည် ဝမ်ယဲ၏ရန်သူကြီးဖြစ်ပြီး သွေးဧကရာဇ်အဖြစ် လူသိများသည်။
ဝမ်ယဲ့မတိုင်မီ အင်မော်တယ်ဘုရင် အဆင့်သို့ တက်လှမ်းနိုင်ခဲ့သော ရှေးဟောင်း အကြွင်းအကျန်တစ်ပါးပေပင်။
လွန်ခဲ့သောနှစ်ရက်က စုရီသည် ဝူမင်ဆီကနေ တစ်ဖက်လူသည် လူတစ်စုနှင့် အတူ ဝမ်ယဲ့ဝင်စားသူရှာဖွေရန် နတ်ဆိုးခေတ် ထံသို့ လာရောက်ခဲ့ကြောင်း ကြားသိထား၏။
ယခုမူ သုံးရက်မြောက်နေ့မှာပင် တစ်ဖက်လူ၏ လက်အောက်ငယ်သားများ ရောက်ရှိလာချေပြီ။
“ မင်းက အဲဒီဝမ်ယဲ့ ဝင်စားသူလား။ ”
အပြာရောင်ဝတ်လူက မျက်ဝန်းများ လျှပ်စီးကဲ့သို့တောက်ပလာခဲ့ပြီး စုရီထံသို့ တိုက်ရိုက်စိုက်ကြည့်လာ၏။
သို့သော် ချက်ချင်းပင် မျက်ခုံးပင့် သွားပြီးနောက် ဇဝေဇဝါဖြစ်သွားလေသည်။ စုရီသည် ကျင့်ကြံမှုလက္ခဏာ မပြဘဲ သာမန်လူ တစ်ယောက်လို ဖြစ်နေ၏။
“ မှန်တယ် ... ။ ”
စုရီက ခေါင်းညိတ်ပြီး အပြာဝတ်လူ၏ လက်ထဲက ရွှေမီးအိမ်ကို လက်ညှိုးထိုးပြကာ၊
“ သူ့ကို လွှတ်ပေးလိုက်၊ ငါ မင်းကို ထွက်ပေါက်တစ်ခု ပေးမယ်။ ”
-ဟု အမိန့်ပေးလိုက်သည်။ အပြာဝတ်လူက အံ့အားသင့်လျက် ရွှင်မြူးသွားပြီးနောက်၊
“ သူ့ကို လွှတ်ပေးတာက ပြဿနာမရှိဘူး ဒါပေမယ့် မင်းဒီနေ့ငါတို့နဲ့အတူ လိုက်လာရမယ် မဟုတ်ရင် ... ဒီလူ သေရမယ်။ ”
-ဟု တုန့်ပြန်၏။
တစ်ဆက်တည်းမှာပင် ရွှေရောင်မီးအိမ်အတွင်း နတ်မီးတောက်များ လောင်ကျွမ်းလျက် ရှစ်ကျိုးခန္ဓာကိုယ်အပေါ် ပြာချရန် ပြသလာသည်။
“ မင်း သေချင်နေတာပဲ။ ”
အဆုံးတွင် ဝူမင်သည် မထိန်းနိုင်တော့ဘဲ ဒေါသတကြီး အော်ဟစ်လျက် ကောင်းကင်ပေါ် ခုန်တက်လာခဲ့သည်။ ထိုမြင်ကွင်းကြောင့် အပြာဝတ်လူက လှောင်ပြုံးပြုံး၏။
“ ငါဒီမှာ မင်းရဲ့သခင်နဲ့ ... စကားပြောနေတယ် ... ကျွန်တစ်ယောက်က ဘယ်လိုများ ဝင်နှောင့်ယှက်ရဲတာလဲ ထွက်သွားစမ်း ... ။ ”
အပြာဝတ်လူက လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။
“ ဝှစ် ... ။ ”
“ အဟွတ် ... ဟွတ် ဝေါ့ ... ။ ”
လေထုအလယ် ဧရာမရွှေရောင် လက်ဖဝါးကြီးတစ်ဖက် ကောင်းကင်ကနေ ကျဆင်းလာသည်။ လေဟာနယ် ပြိုကွဲသွားပြီး ဝူမင်တစ်ယောက် ဆယ်ကျော်အကွာသို့ လွင့်စည်ပြုတ်ကျပြီး သွေးအန်သွားချေ၏။
“ သူတော်စင် အင်မော်တယ် အဆင့် ကျွမ်းကျင်သူ။ ”
လူတိုင်း နှလုံးသားများ တင်းမာသွား၏။ မျက်နှာအမူအရာသည်လည်း သိသိသာသာ ပြောင်းလဲသွားလေသည်။
နတ်ဆိုးခေတ်၌ ကောင်းကင်ကို အန်တုနိုင်သောပါရမီရှင်သည်ပင် အမြင့်ဆုံး ကျင့်ကြံမှုအဆင့်သည် ဗလာနယ်ပယ်သို့သာ ရောက်ရှိနိုင်ချေ၏။
ထိုသူများအားလုံးသည် ကျင့်ကြံမှု တိုးတက်စေရန်အတွက် ကောင်းကင်လမ်းခေါ် တားမြစ်လမ်းကိုဖြတ်ပြီး အင်မော်တယ်မြေထံ သွားရောက်ရသည်။
ဝူမင်ကဲ့သို့ ဘီလူးအိုကြီးများသည် ဗလာနယ်ပယ် အင်မော်တယ် အဆင့်သို့တိုင် ရောက်နေသည်မှာ ကြာချေပြီ။
နှစ်ပေါင်းများစွာ ကုန်လွန်ခဲ့သော်မှ သူတို့၏ကျင့်ကြံမှုသည် တိုးတက်လာခြင်း မရှိချေ။
ထို့ကြောင့် သူတော်စင် အင်မော်တယ် တစ်ပါးရှေ့တွင် သူတို့ခွန်အားမဲ့နေသည်မှာ သဘာဝပေပင်။
“ သခင် ... ။ ”
ပိုင်ထုံက စုရီကိုလှည့်ကြည့်ကာ စိုးရိမ်ပူပန်သွားသည်။ စုရီမှ တုန်လှုပ်ခြင်း မရှိဘဲ လက်ဝှေ့ယမ်းပြီး၊
“ စိတ်မပူပါနဲ့ ... သူက သူတော်စင်အင်မော်တယ်အဆင့် ကျင့်ကြံမှုကို ပိုင်ဆိုင်ထားပေမယ့် သူ့ခွန်အားကို ကောင်းကင် စည်းမျဉ်းတွေက ဖိနှိပ်ထားတယ်။ ”
-ဟု အသိပေးလိုက်သည်။
“ ဟားဟားဟား ... ။ ”
သူ့စကားကြောင့် အပြာရောင် ဝတ်ဆင်ထားသူသည် ပြက်လုံးတစ်ခုကြားသည့် အလား ကျယ်လောင်စွာ ရယ်မောလိုက်၏။
“ ငါ့ကျင့်ကြံမှုကို ဖိနှိပ်ထားရင်ကော ဒီနတ်ဆိုးခေတ်ကြီးမှာ ငါကပြိုင်ဘက်ကင်းပဲ မဟုတ်လား ဒီလောကမှာ လွတ်လွတ်လပ်လပ် လှည့်လည်သွားလာနိုင်ပါသေးတယ်။ ”
ထို့နောက် သူ့မျက်လုံးများ မှေးစင်းကာ စုရီထံအေးစက်စွာ စိုက်ကြည့်လျက်၊
“ အကြွင်းမဲ့အုပ်စိုးရှင် တစ်ယောက်ရဲ့ ပြန်လည်ဝင်စားသူက အရင်ကထက် အများကြီး အားနည်းသွားပါလား ...
... မဟုတ်ရင် ... အခုလိုမျိုး မင်းရဲ့ လက်အောက်ငယ်သားကို ငါအရှက်ခွဲနေတာ ဘာလို့ ငါ့ကိုမတားဆီးနိုင်ရတာလဲ ငါအရင်က အရမ်းစိုးရိမ်ခဲ့တယ် အခုတော့ ... ငါ့အတွေး လွန်နေမှန်း သိလိုက်ပြီ။ ”
-ဟု ပြောကြားလိုက်သည်။
အပြာရောင်ဝတ်လူက လုံးဝ ပြေလျော့သွားပြီး သူ့အမူအရာနှင့် လုပ်ရပ်သည် မာနထောင်လွှားကာ ထိန်းမနိုင်သိမ်းမရ ဖြစ်လာတော့သည်။
“ မင်းတကယ် မကြောက်ဘူးဆိုရင် ဘာလို့စကားတွေနဲ့ အချိန်တွေဖြုန်းနေရတာလဲ မင်းရဲ့ကြောက်ရွံ့မှု မရှိတာကို သက်သေပြဖို့ ငါ့ကိုလာတိုက်ပါလား။ ”
စုရီက လက်နှစ်ဖက် နောက်ပို့ကာ ဖိတ်ခေါ်လိုက်၏။ အပြာဝတ်လူမှ မျက်ခုံးပင့် လိုက်ကာ၊
“ ဟမ့် ... မင်းက တစ်ချိန်တုန်းက အင်မော်တယ်လမ်းရဲ့ အထွတ်အထိပ်မှာ ရပ်နေတဲ့ လူတစ်ယောက်ပဲ ...
... ဒါကြောင့် မင်းမှာ ငါ့အသက်ကို ခြိမ်းခြောက်နိုင်တဲ့ ဝှက်ဖဲရှိနေနိုင်သေးတယ် မဟုတ်လား ငါမင်းကို လျှော့တွက် ရလောက်အောင် ငါမမိုက်မဲသေးပါဘူး။ ”
-ဟု တုန့်ပြန်လိုက်သည်။
ထိုစကားက လူတိုင်း၏နှလုံးသားထဲ လေးလံမှုများ ဝင်ရောက်လာစေ၏။ ဤလူသည် လိမ္မာပါးနပ်ပြီး ကြောက်စရာကောင်းအောင် အစွမ်းထက်ရုံသာမက သတိရှိချေပြီ။
သူ့ဘေးတွင် သစ်သားဓား ကိုင်ဆောင်ထားသော လျှော်ပင်အဝတ်အစား ဝတ်ထားသည့် လူတစ်ယောက်လည်း ရပ်နေချေသည်။
ထိုသူသည် ကျောက်ရုပ်အလား ငြိမ်သက်နေသော်လည်း သူ့အဖော်ကဲ့သို့ပင် သူတော်စင်အင်မော်တယ် ဖြစ်နေမည်ကို သံသယဖြစ်စရာမလိုချေ။
ဤအခြေအနေမျိုးတွင် မည်သူသည် မစိုးရိမ်ဘဲနေမည်နည်း။ စုရီက ဝိုင်အိုးထုတ်ပြီး တစ်ငုံမော့သောက်ကာ သူ့ပတ်ဝန်းကျင်မှ လူများထံ သတိပေးလိုက်၏။
“ အခုကစပြီး မင်းတို့အားလုံး ဝင်မပါကြနဲ့။ ”
ထို့နောက် ရှေ့သို့လှမ်းတက်လိုက်၏။ သူ့အမူအရာသည် တည်ငြိမ်ပြီး မျက်ဝန်းတွင် လျစ်လျူရှုမှုများ ပြည့်နှက်နေသည်။
အပြာဝတ်လူက မျက်ဝန်းများ မှေးစင်းသွားကာ၊
“ မင်း ထပ်ပြီး ... ရှေ့ကိုတိုးဝံ့ရင် မင်းရဲ့လက်အောက်ငယ်သားကို ငါချက်ချင်း သတ်ပစ်မယ်။ ”
-ဟု ခြိမ်းခြောက်လိုက်၏။
တစ်ဆက်တည်းမှာပင် ရွှေမီးအိမ်ကို မီးစာမြှင့်တင်လိုက်သည်။ ရောင်ဝါသည်လည်း မြင့်တက်လာကာ သူတော်စင်အင်မော်တယ် အဆင့် ကျင့်ကြံမှုစွမ်းအားကို အပြည့်အဝ ထုတ်လွှတ်လိုက်တော့၏။
“ အခု ဒီနည်းလမ်းကဘယ်လိုလဲ ... ဒီကြိုးကို မင်းလည်ပင်းမှာ ချည်ထားသရွေ့ ငါ မင်းရဲ့ လက်အောက်ငယ်သားကို ချက်ချင်း လွှတ်ပေးမယ်။ ”
တစ်ဆက်တည်းမှာပင် အင်္ကျီလက်ကို လှုပ်ခါပြလျက် ငွေရောင်သံကြိုးတစ်ချောင်း ထုတ်ယူလိုက်၏။
“ ချွင် ချွင် ... ။ ”
ပေအနည်းငယ်မျှ ရှည်လျားသော သံကြိုးများသည် ငွေရောင်တိမ်တိုက်များကဲ့သို့ တလက်လက်တောက်ပနေပြီး အင်မော်တယ် ရူရ်များဖြင့် ပြည့်နှက်နေချေပြီ။
စုရီက မျက်ခုံးပင့်လိုက်ကာ၊
“ ဝိညာဉ်ချည်သံကြိုး။ ”
-ဟု ရေရွတ်လိုက်၏။
သူပြောကြားနေစဉ် ခြေလှမ်းများကို မရပ်တန့်ဘဲ ရှေ့သို့ဆက်လျှောက်သွားသည်။ ခန့်မှန်းရခက်သော အရှိန်အဝါတစ်ခုသည် သိမ်မွေ့စွာ တိုးထွက်လာ၏။
ထို့ကြောင့် အပြာဝတ်လူသည် မျက်မှောင်ကြုတ်သွားပြီး သူ့နှလုံးသားထဲ အေးစက်သည့် ခံစားချက်များဝင်လာ၏။
ဤလူငယ်၏ကျင့်ကြံမှုသည် ထူးခြားမှု ရှိပုံမရသော်လည်း အင်မော်တယ်မြေ၌ မည်မျှ ကြောက်စရာကောင်းခဲ့သည်ကို မည်သူမဆို သိနိုင်ချေ၏။
ထိုစဉ်က အစွမ်းထက်ဆုံးသော အင်မော်တယ်ဘုရင်များပင် သူ့ရှေ့မှောက်တွင် ပုရွက်ဆိတ်များနှင့်မခြားခဲ့ချေ။ သူ့နာမည်ကို ကြားရုံဖြင့် တုန်လှုပ်သွားပေလိမ့်မည်။
“ ဟမ့် ... မင်းရဲ့လက်အောက်ငယ်သား သေဆုံးမှုကို မင်းတကယ်ပဲ ဂရုမစိုက်ဘူးလား။”
အပြာဝတ်လူက ရွှေမီးခွက်ကို လက်ချောင်းများဖြင့် တင်းကြပ်စွာဆုပ်ကိုင်ကာ ခြိမ်းခြောက်အော်ဟစ်လိုက်သည်။
စုရီတစ်ယောက် နီးကပ်လာသည်နှင့်အမျှ သူတော်စင်အင်မော်တယ်သည်ပင် စိတ်လှုပ်ရှား လာသည်ကို မြင်နိုင်ချေ၏။
သို့သော် စုရီက နောက်ဆုံးတွင် ရပ်တန့်သွားလေသည်။ အပြာဝတ်လူလက်ထဲရှိ ဝိညာဉ်ချည်သံကြိုးကိုလက်လှမ်းကာ၊
“ မင်းသာ ... တကယ်သစ္စာဖောက် တစ်ယောက် မဟုတ်ဘူးဆိုတာ သက်သေပြဖို့ သူ့ကိုသတ်လိုက်။ ”
-ဟု အမိန့်ပေးကာ ပြန်လှည့်သွားတော့သည်။
အစမှအဆုံး အပြာဝတ်လူကို လုံးဝ လျစ်လျူရှုသွား၏။ အပြာဝတ်လူခမျာ စုရီ၏ လုပ်ရပ်ကြောင့် ရွှင်မြူးနေစဉ် ပေါ့ပေါ့ပါးပါး အမိန့်စကားက စိတ်ရှုပ်ထွေးသွားစေသည်။
“ သူ ... ဘယ်သူ့ကို အမိန့်ပေးနေတာလဲ။ ”
ထိုမေးခွန်းကို သူ့ဘေးမှ လူထံ လှည့်ကြည့်ကာ မေးမြန်းလိုက်လေသည်။ သို့သော် သူ့မျက်နှာ မလှည့်နိုင်ခင်မှာပင် သစ်သားဓားတစ်လက်သည် သူ့လည်ပင်းကို ထိုးဖောက်ဝင်လာပြီဖြစ်၏။
ယင်းကြောင့် လှုပ်ရှားမှုများ ချက်ချင်း ရပ်တန့်သွားကာ မျက်လုံးများ ပြူးကျယ်သွား ရတော့သည်။ မယုံကြည်နိုင်ဟန် အတွေးများ သူမျက်ဝန်းများ၌ ပေါက်ဖွားလာခဲ့တော့၏။
***
အခန်း ၁၀၉၆ -
ဝိညာဉ်ပုလဲပန်း ... ။
“ စွပ် ... ။ ”
အနက်ရောင်သစ်သားဓားသည် အပြာရောင်ဝတ်ဆင်ထားသူ၏ လည်ပင်းကို ထိုးဖောက်ပြီး သွေးများ စီးကျလာစေ၏။
ချက်ချင်းပင် သူတော်စင် အင်မော်တယ်တစ်ပါးသည် လည်ချောင်းကို ဆုပ်ကိုင်လျက် တုန်ယင်သွားချေပြီ။
ဤမြင်ကွင်းသည် ရုတ်ခြည်းဖြစ်ပြီး အဝေးမှလူတိုင်းကို အံ့အားသင့်သွားစေသည်။ အဘယ်ကြောင့်ဆိုသော် လျှော်ပင်အဝတ်အစား ဝတ်ထားသူမှ လှုပ်ရှားခဲ့ခြင်းကြောင့်ဖြစ်၏။
ထိုလူသည် တစ်ချိန်လုံး တိတ်ဆိတ်နေပြီး သူ့ရောင်ဝါသည် တောင်တစ်လုံးကဲ့သို့လေးလံ ချေပြီ။
သူသည် စကားတစ်ခွန်းမျှ မပြောခဲ့ သော်ငြားလည်း ပေးစွမ်းနေခဲ့သော ဖိနှိပ်မှုမှာ အပြာဝတ်လူထက် ပိုမိုပြင်းထန်၏။
“ မင်း ... မင်း ဘယ်လိုလုပ်ပြီး သစ္စာဖောက်ရတာလဲ။ ”
အပြာဝတ်ထားသူ၏ အသံသည် အက်ကွဲပြတ်နေပြီး သူ့အသွင်သည် မယုံကြည် နိုင်စွာဖြစ်နေချေပြီ။
ဓားသည် သူ့လည်ချောင်းတွင် စိုက်ဝင်နေခဲ့သောကြောင့် ဦးခေါင်းကိုဆက်၍ မလှည့်ဝံ့တော့ချေ။ သူခေါင်းလှည့်လိုက်သော် ပို၍မြန်မြန်သေသွားပေလိမ့်မည်။
“ ငါက ရွယ်ရှောင်ကျိကို ဘယ်တုန်းကမှ မနာခံခဲ့ဖူးဘူး။ ”
လျှော်ပင်ဝတ်စုံဝတ်ထားသူက ဂရုမစိုက်သလိုပြောကြားလိုက်သည်။ ထို့နောက် အနက်ရောင်သစ်သားဓားကို ဆွဲထုတ်ပစ်၏။
“ ဘန်း ... ။ ”
အပြာရောင်ဝတ်ထားသူတစ်ယောက် ခန္ဓာကိုယ်အပိုင်းအစများအဖြစ် ကွဲအက်သွားပြီး ချက်ချင်းသေဆုံးသွားလေသည်။
“ ဝှစ် ... ။ ”
လေထဲလွင့်ဝဲကျလာသော ရွှေရောင်မီးအိမ်ကိုမူ လျှော်ပင်ဝတ်ထားသူက လက်ဝှေ့ယမ်းကာ ဖမ်းယူလိုက်ပြီး အနက်ရောင် သစ်သားဓားအား ပြန်သိမ်းလိုက်၏။ ထို့နောက် ရုတ်တရက် ဒူးထောက်လာသည်။
“ ချင်းစန်းမူမျိုးနွယ်ရဲ့သားစဉ်မြေးဆက် မူကျင်းက ထာဝရအမှောင် ဧကရာဇ်ဘုရင်ကို ဂါရဝပြုပါတယ်။ ”
သူသည် ခမ်းနားထည်ဝါပြီး ကြောက်စရာကောင်းသော စွမ်းအားရှိသူမျိုး ဖြစ်လျက် သူတော်စင်အင်မော်တယ်ကိုပင် အလွယ်တကူသတ်ပစ်နိုင်၏။
သို့သော် ယခုမူ စုရီရှေ့တွင် ရိုသေလေးစားပြီး မာန်မာနလုံးဝမရှိသူကဲ့သို့ပင် ပျပ်ဝပ်နေချေပြီ။ ထိုမြင်ကွင်းသည် ဝူမင်တို့ကို မသက်မသာဖြစ်စေ၏။
ထိုအချိန်တွင် စုရီသည် ငွေရောင် ဝိညာဉ်ချဉ်သံကြိုးများကို စစ်ဆေးနေလျက်မှ၊
“ ရှစ်ကျိုးကို အရင်လွှတ်ပေးလိုက်။ ”
-ဟု မော့မကြည့်ဘဲ အမိန့်ပေးသည်။
မူကျင်းက ရွှေမီးအိမ်ကိုမြှောက်ပြီး လက်ချောင်းထိပ်ဖြင့် ထိလိုက်၏။ ဓားအလင်း ထွက်ပေါ်လာပြီး ပိတ်မိနေသောရှစ်ကျိုးကို ချက်ချင်း လွတ်မြောက်သွားစေသည်။
ဝူမင်က ရှေ့တိုးသွားပြီး ရှစ်ကျိုးကို ဖေးမခေါ်ယူကာ ကုသဆေးတစ်လုံးတိုက်ကျွေး လိုက်တော့၏။
“ ထ ... ။ ”
စုရီက အမိန့်ပေးလိုက်သည်။ ထို့နောက် လက်ဖဝါးကို ဆုပ်ချေပစ်လိုက်ရာ ဝိညာဉ်ချည် သံကြိုးသည် အဖြူရောင်အပိုင်းအစများအဖြစ် ပြောင်းလဲပြန့်ကျဲသွားတော့၏။
“ ခရစ် ... ။”
သေဆုံးသွားသော အပြာရောင်ဝတ် လူသည်သာ ဤမြင်ကွင်းကိုမြင်နိုင်ခဲ့သော် သူ အရမ်းအံ့သြသွားပေလိမ့်မည်။
ဤဝိညာဉ်ချည်သံကြိုးသည် သွေးဧကရာဇ်ကိုယ်တိုင် ဖန်တီးထားခဲ့ကာ အင်မော်တယ်ဘုရင်ဝိညာဉ်ကို အလွယ်တကူ ပိတ်လှောင်နိုင်သည်။
အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး ကြောက်စရာကောင်း၏။ သို့သော် ဤကြိုးဖြင့် တုပ်နှောင်ခံရလျှင်ပင် စုရီသည် အလွယ်တကူ ချိုးဖြတ်နိုင်မည်ကို သံသယမရှိချေ။
စုရီ၏ခွင့်ပြုချက်ကြောင့် နေရာတွင် ဒူးထောက်နေသော မူကျင်းကဖြည်းဖြည်းချင်း ထရပ်လိုက်သည်။
သို့တိုင် ခေါင်းငုံ့ထားပြီး လေးစားသမှုနှင့် တိတ်ဆိတ်စွာရှိနေဆဲပေပင်။ ယင်းက ဝူမင်နှင့် အဖွဲ့ကို စကားမဆိုနိုင်ဖြစ်စေခဲ့သည်။
ဤသည်မှာ သူတို့သခင်၏ ဂုဏ်သိက္ခာဖြစ်၏။ အင်မော်တယ်ဘုရင်များပင် သခင့်ရှေ့၌ အလွန်လေးစားသမှုပြသကြပြီး နတ်ဘုရားတစ်ပါးလို ဆက်ဆံရချေမည်။
“ ငါ့နောက်လိုက်ခဲ့၊ ငါ မင်းကို မေးစရာရှိတယ်။ ”
စုရီကလှည့်ပြီး ခန်းမဆောင်ထဲ ဝင်သွားသည်။ မူကျင်းသည်လည်း စကားများ မဆိုဘဲ နောက်ကနေ ကပ်လိုက်လာ၏။
နာရီဝက်အကြာတွင် စုရီသည် မူကျင်းဆီကနေ အချို့သောအချင်းအရာများကို သိရှိနားလည်သွားသည်။
ရွယ်ရှောင်ကျိသည် ဝမ်ယဲ့၏ ပြန်လည်ဝင်စားမှုကိုရှာဖွေရန် အင်မော်တယ် အုပ်စုတစ်စုကို တာဝန်ပေးထားသည်။
ထိုအဖွဲ့သည် နတ်ဆိုးခေတ်တွင် အခြေချနေထိုင်ပြီး ရှာဖွေခဲ့ကြသော်လည်း မည်သည့် သဲလွန်စမျှမရချေ။
သို့သော် ရွယ်ရှောင်ကျိသည် ဝမ်ယဲ့သာ ပြန်ဝင်စားသော် သေချာပေါက်နတ်ဆိုးခေတ်၌ ပေါ်လာလိမ့်မည်ဟု ယုံကြည်ထား၏။
ထို့ကြောင့် နတ်ဆိုးခေတ်တွင် လက်အောက်ငယ်သားအချို့ ချန်ထားခဲ့ခြင်း ဖြစ်လေသည်။
ဒုတိယအချက်အနေဖြင့် နှစ်ပေါင်းများစွာ ကုန်ဆုံးပြီးနောက် ပြောင်းလဲမှုများစွာ ဖြစ်ပျက် သွားခဲ့သည်။
အထူးသဖြင့် အင်မော်တယ်မြေ၏ ကပ်ဘေးကြီးအပြီးတွင် နတ်ဆိုးခေတ်သည် အင်မော်တယ်မြေနှင့် လုံးဝအဆက်အသွယ် ပြတ်တောက်သွားကြ၏။
နောက်ပိုင်းနှစ်များတွင် ရွယ်ရှောင်ကျိ၏ လက်အောက်ငယ်သားများက အင်မော်မြေသို့ ပြန်ပြီး ချိတ်ဆက်ရန် အလို့ငှာ တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားသည်။
ခြွင်းချက်မရှိ ထွက်ခွာသွားသူများသည် အချိန်မြစ်ကိုဖြတ်သန်းနေစဉ် သေဆုံးသွားရ၏။ တစ်ဖက်တွင် ကောင်းကင်ဘုံ တားမြစ်လမ်းကို အသုံးပြုသူများသည်လည်း ခြေရာမကျန်အောင် ပျောက်ကွယ်သွားပြန်သည်။
အဆုံး၌ မူကျင်းနှင့် ရှစ်လျူရှန်တို့သာ ကျန်ရစ်ခဲ့တော့၏။ ရှစ်လျူရှန်ဟူသည် မူကျင်း သတ်ပစ်လိုက်သော အပြာရောင်ဝတ် အမျိုးသားဖြစ်သည်။
တတိယအချက်အနေဖြင့် ရှစ်လျူရှန်သည် လွန်ခဲ့သောနှစ်များ၌ ဆန္ဒခြောက်ပါး မိစ္ဆာဂိုဏ်း ခေါင်းဆောင်ရွယ်လျူ၏ တာအိုအဖော်ရှန်မူမှာ ဝမ်ယဲ့ဝင်စားသူဟု သံသယရှိခဲ့၏။
ကံမကောင်းစွာပင် ရှစ်လျူရှန်သည် ဤအကြောင်းကို သိလိုက်ချိန်တွင် ရှန့်မူသည် သေဆုံးသွားပြီဖြစ်သည်။
သို့သော်လည်း ထိုအချိန်တွင် ရှစ်လျူရှန်သည် အပ်ချုပ်သမားနှင့်တွေ့ဆုံခဲ့ပြီး ရှန်မူသည် ကြယ်လွင်ပြင်၌ ဝင်စားနေကြောင်း သတင်းရရှိခဲ့ပြန်၏။
ဤတစ်ကြိမ်တွင်လည်း ရှစ်လျူရှန်နှင့် မူကျင်းတို့သည် အချိန်မြစ်ကြီးကိုဖြတ်ကူးရန် မဝံ့ခဲ့ကြချေ။
သူတို့အဆင့် အင်မော်တယ်များအတွက် ထိုသို့ပြုလုပ်ခြင်းသည် လုံးဝသေဒဏ်ပေးခြင်း ခံရခြင်းဖြစ်သည်။
စတုတ္ထအချက်အနေဖြင့် ထိုသို့ရှည်လျားလွန်းလှသော နှစ်များအတွင်း ရှစ်လျူရှန်နှင့် မူကျင်းတို့သည် ရှစ်ကျိုးကို ရှာတွေ့ကာ စာခံအဖြစ် ဖမ်းဆီးခဲ့၏။
လွန်ခဲ့သောနှစ်ရက်က မိစ္ဆာတစ်သောင်းအမိန့်စွမ်းအားမှာ ရှစ်ကျိုးကို ဆင့်ခေါ်လာသဖြင့် ရှီလျူရှန်မှ သတိပြုမိသွားခဲ့သည်။
သည့်ပြင် ဝူမင်နှင့် အခြားသူများသည် ဆန္ဒခြောက်ပါးမိစ္ဆာဂိုဏ်းကို ဖျက်ဆီးသွားသည် ဟူသော သတင်းသည် ထိုသိရှိမှုအပေါ် အတည်ပြုနိုင်ချေ၏။
“ ရွယ်ရှောင်ကျိက ငါ လူဝင်စားခြင်း လမ်းကြောင်းကို ရွေးချယ်ခဲ့တယ်ဆိုတာကို သူ ဘယ်လိုများသိနေခဲ့တာလဲ။ ”
စုရီမှ မေးလိုက်သည်။
“ သခင် ... ဒီကိစ္စက လျှို့ဝှက်ချက်လို့ ယူဆရပါတယ် ရွှယ်ရှောင်ကျိရဲ့လက်အောက် ငယ်သားတွေတောင် မသိကြပါဘူး။ ”
မူကျင်းက ပြန်ဖြေ၏။
“ တစ်နည်းအားဖြင့် ရွယ်ရှောင်ကျိဟာ ကောင်းကင်ဘုံကပ်ဘေး ဖြစ်ပွားပြီးကတည်းက ပေါ်မလာတော့ဘူးပေါ့။ ”
“ ဟုတ်ပါတယ် ... ။ ”
“ မင်းကရော၊ ဘာလို့ ရွယ်ရှောင်ကျိကို အမှုထမ်းနေရတာလဲ။ ”
စုရီက မူကျင်းကိုကြည့်လိုက်၏။ မူကျင်းသည် အင်မော်တယ်နယ်မြေကြီးတွင် အထင်ရှားဆုံးမျိုးနွယ်များထဲမှ တစ်ခုဖြစ်သည့် ချင်းစန်းမူမျိုးနွယ်ဝင် ဖြစ်ချေပြီ။
သူ့ဘိုးဘေးများသည် ကောင်းကင်ဘုံ နယ်နိမိတ်တွင် စောင့်ကြပ်ခဲ့ပြီး ပြိုင်ဘက်ကင်း အောင်ပွဲများရရှိထားသည်။
‘မူချောင်ရှင်း’အမည်ရှိ ချင်းစန်းမူ၏ ဘိုးဘေးတစ်ဦးသည် တစ်ချိန်က ဝမ်ယဲဘေး၌ အမှုထမ်းခဲ့ပြီး တိုက်ပွဲတစ်ခုတွင်အတူတူ တိုက်ခိုက်ဖူးသည်။
ဤမူကျင်းသည် မူချောင်ရှင်း၏ မျိုးဆက်တစ်ဦးဖြစ်ချေ၏။ မူကျင်းတစ်ယောက် ချက်ချင်းလေးနက်လာကာ၊
“ သခင် ... အင်မော်တယ်ဘုရင် ရှင်းကျောက်က ရွယ်ရှောင်ကျိဆီ ဝင်ရောက်ပြီး အမှုထမ်းဖို့ အမိန့်ပေးခဲ့တာပါ။ ”
-ဟု ပြန်ဖြေသည်။
“ ရှင်းကျောက်လား။”
ထိုအမည်ကြောင့် စုရီက အကြည့်များ ပြေလျော့သွားလေသည်။ ကြက်သွေးရောင် ဆံပင်ရှည်ရှည်နှင့် အမျိုးသမီးပုံရိပ်သည်လည်း သူ့စိတ်ထဲပေါ်လာတော့၏။
သူမသည် ကြယ်ရောင်စုံဝန်းရံနေသော ကောင်းကင်၌ မြင့်မားစွာရပ်နေပြီး လှပသည့် အင်မော်တယ်တစ်ပါးပေပင်။
အင်မော်တယ်နယ်မြေ မြောက်ပင်လယ် နတ်ဆိုးဧကရာဇ်သုံးပါးအနက် တစ်ပါးဖြစ်၏။ ထို့ပြင် မဟာတာအိုတွင် ဝမ်ယဲ့၏ ရင်းနှီးသော မိတ်ဆွေလည်းဖြစ်သည်။
သူတို့နှစ်ယောက်သည် မြောက်ပင်လယ်၌ တာအိုအကြောင်းကို နှစ်ပေါင်းရှစ်ရာတိုင်အောင် ဆွေးနွေးခဲ့ကြသည်။
ရက်စက်ကြမ်းကြုတ်လွန်းသော မြောက်ပင်လယ် မြွေနဂါးဘုရင်ကို အတူတူ သတ်ခဲ့၏။
မြောက်ပင်လယ် အနက်ဆုံးနေရာ၌ ပုန်းအောင်းနေသော ရေမိစ္ဆာများ၊ အပျက်အစီး နယ်မြေများသို့လည်း စွန့်စားဝင်ရောက် ခဲ့ဖူးသည်။
စုရီက ခဏမျှတိတ်ဆိတ်သွားပြီး၊
“ အသေးစိတ်ပြောပြပါ။ ”
-ဟု အမိန့် ပေးလိုက်သည်။
မူကျင်းတစ်ယောက် နှောင့်နှေးမနေဘဲ ဇာတ်လမ်းတစ်ခုလုံးကို ပြန်ပြောပြလာခဲ့၏။ ဝမ်ယဲ့ကို ရန်သူများ ချုံခိုတိုက်ခိုက်ခြင်းဟူသည့် သတင်းမှာ အင်မော်တယ်မြေတစ်ခုလုံးကို တုန်လှုပ်သွားစေသည်။
တစ်ချိန်က ခေတ်တစ်ခုကို လွှမ်းမိုးနိုင်ခဲ့သော ‘ထာဝရအမှောင်ဧကရာဇ် ဘုရင်’ ကျဆုံးသွားပြီဟု လူတိုင်းယုံကြည်ခဲ့၏။ သို့သော် ဧကရာဇ်ရှင်းကျောက် မပါဝင်ချေ။
သူမသည် ထက်မြက်လွန်းသော အင်မော်တယ်အချို့ကိုစုစည်းကာ ရန်သူ့မြေထဲ ထိုးဖောက်ဝင်ရောက်မည့် အစီစဉ်များစွာ ချမှတ်လိုက်လေသည်။
ထိုသူများထဲတွင် မူကျင်းလည်းပါဝင်၏။ နှစ်ပေါင်းများစွာစိမ့်ဝင်ပြီးနောက် မူကျင်းအပေါ် ရွှယ်ရှောင်ကျိမှ ယုံကြည်လာသည်။
ယင်းကြောင့် ဝမ်ယဲ့ဝင်စားသူကို ရှာဖွေမည့်ခရီးစဉ်၌ လိုက်ပါခွင့်ရခဲ့ခြင်းဖြစ်၏။ ဤနည်းဖြင့် နတ်ဆိုးခေတ်သို့ ရောက်ရှိ ကျန်ရစ်ခဲ့ခြင်းပေပင်။
“ ရွယ်ရှောင်ကျိက လိမ္မာပါးနပ်တယ် လူတွေရဲ့နှလုံးသားကို ထိုးဖောက်မြင်နိုင်တဲ့ လျှို့ဝှက်ပညာရပ်အမျိုးမျိုး တတ်ကျွမ်းတယ် သူ့လိုလူက တကယ်ပဲ မင်းအပေါ် သံသယ မဝင်ခဲ့ဘူးလား။ ”
စုရီက မျက်ခုံးပင့်ကာ မေးမြန်းလိုက်သည်။ ဝမ်ယဲ့၏ရန်သူများသည် အင်မော်တယ်နယ်ပယ် အထွတ်အထိပ်တွင် ကြာမြင့်စွာကတည်းက ရပ်တည်နေခဲ့သူများဖြစ်၏။
ပါးနပ်ပြီး ကောက်ကျစ်ကာ ရက်စက်လွန်းချေပြီ။ မူကျင်း၏ မူလအပေါ် သိမြင်ပါက လွှတ်ထားမည်မဟုတ်ချေ။
စုရီမေးခွန်းက မူကျင်းမျက်လုံးများ၌ မမြင်နိုင်သောစိုးရိမ်ပူပန်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားစေသည်။ တစ်ဖက်လူ မယုံမည်ကို စိုးရွံ့နေချေပြီ။
“ သခင် ... အမှန်အတိုင်းပြောရရင် ရွှယ်ရှောင်ကျိက ငါ့ရဲ့မူလရည်ရွယ်ချက်ကို သိပြီးသားဖြစ်နိုင်ပါတယ် ဒါပေမယ့် ...
... သူ ငါ့ကို မသတ်ခဲ့ဘဲ အဲဒီအစား သူဘေးမှာထားပြီး တစ်နေ့နေ့မှာ အသုံးဝင် လာလိမ့်မယ်လို့ သဘောထားခဲ့ပုံပါ။ ”
-ဟု ဝန်ခံလိုက်သည်။ စုရီမှ ခေါင်းညိတ်၏။
“ အဲဒါက အမှန်ဖြစ်နိုင်တယ် ... အဲဒီမြေခွေးအိုကြီးရဲ့စရိုက်က မင်းကိုသတ်မယ့် အစား မင်းရဲ့တန်ဖိုးကို အပြည့်အဝအသုံးချပြီဖို့ သေချာပေါက်ဆန္ဒရှိနေလိမ့်မယ်။ ”
ထို့နောက် မူကျင်းထံ ပြန်ကြည့်လိုက်ကာ၊
“ သူက မင်းရဲ့စိတ်ဝိညာဉ်ထဲမှာ ဝိညာဉ်ပုလဲပန်းမျိုးစေ့ကို စိုက်ပျိုးခဲ့တာလား။ ”
-ဟု မေးမြန်းလိုက်၏။ မူကျင်းတစ်ယောက် ခန္ဓာကိုယ်တုန်ရီသွားပြီး၊
“ ဟုတ်ကဲ့ ... ။ ”
-ဟု တိုးတိုးလေး ပြန်ဖြေသည်။
ဝိညာဉ်ပုလဲပန်းဟူသည် အင်မော်တယ်နယ်မြေ အတုမဲ့ချောက်ကမ်းပါး တစ်သောင်းထဲ၌ မွေးဖွားသော ရှားပါးပန်းမိစ္ဆာ ဖြစ်သည်။ ရယူရန် အလွန်ခက်ခဲချေ၏။
ထိုပန်းမျိုးစေ့သည် စိတ်ဝိညာဉ်၌ အမြစ်တွယ်သွားသည်နှင့် ကျင့်ကြံမှုအဆင့် မည်သို့ပင်ရှိစေကာမူ ရုပ်သေးရုပ်တစ်ရုပ်လို စိတ်တိုင်းကျ ခြယ်လှယ်ခံရပေမည်။
“ မင်းရဲ့ဝိညာဉ်ထဲမှာ ဝိညာဉ်ပုလဲပန်း ရှိနေသေးတဲ့အတွက် အဲဒီမြေခွေးအိုကြီးက အင်မော်တယ်ကပ်ဘေးမှာ မသေခဲ့ဖူးလို့ သက်သေပြနေတယ်။ ”
ဝိညာဉ်ပုလဲပန်းသည် ထိန်းချုပ်သူ သေဆုံးသွားခဲ့သော် သူသည်လည်း ညှိုးနွမ်းကာ သေဆုံးရ၏။
“ မှန်ပါတယ် ... တကယ်တော့ သခင် မှန်းဆခဲ့သလိုပါပဲ လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်က ရှစ်လျူရှန်ဟာ စာတစ်စောင်ရရှိခဲ့ပါတယ် ...
... အဲဒီစာက ရွယ်ရှောင်ကျိရဲ့ တပည့်ကြီးဆီကနေလာတာပါ သူ့စာထဲမှာ ရွယ်ရှောင်ကျိဟာ လျှို့ဝှက်ဒေသကြီးတစ်ခုမှာ ရှင်သန်နေတယ်လို့ ဖော်ပြထားပါတယ် ...
... ဒါ့ပြင် စာထဲမှာ သခင်နဲ့ ပတ်သတ်တဲ့ကိစ္စရပ်တွေကိုလည်း ဆွေးနွေး ထားပါသေးတယ်။ ”
***