အခန်း (၁၀၉၉-၁၁၀၀)
Vol. 92 Ch. 1099-1100
အခန်း ၁၀၉၉ -
ဒိုမိန်းတိုက်ပွဲမြေပြင် ဖွင့်လှစ်ခြင်း။
ရက်အနည်းငယ် ကြာပြီးနောက် ညဉ့်နက်သန်းခေါင်ယံအချိန်တွင် ကောင်းကင်မှ တာအိုတေးသံများ ရုတ်ချည်း ပဲ့တင်ထပ်လာသည်။
စုရီ၊ ဟုန်ယွင်နှင့် အခြားသူများသည် စုဝေးကာ ထိုအရပ်ထံသို့ စိုက်ကြည့်နေကြ၏။ ထိုနေရာတွင် ရှုပ်ထွေးသောစည်းများလှိုင်းများ ရောယှက်နေပြီး တဖြည်းဖြည်းနှင့် မုဒ်တံခါး ပုံရိပ်ကြီး ဖြစ်ပေါ်လာသည်။
“ ဒါဒိုမိန်းစစ်မြေပြင်ဝင်ပေါက်ပဲ ... ပုံမှန်ဆိုရင် နှစ်ပေါင်းတစ်ထောင်ပြည့်ချိန်တိုင်း လမ်းညွှန်တာအိုခေါင်းလောင်းက ကောင်းကင်ကနေ ပဲ့တင်လာတယ် ... ။ ”
ဒိုမိန်းစစ်မြေပြင်သည် အင်မော်တယ် လောကနှင့် သေမျိုးလောကကိုဆက်သွယ်သော နေရာတစ်ခုဖြစ်သည်။
ဤမတိုင်မီ နှစ်ပေါင်းသိန်းဂဏန်းခန့် ပျောက်ကွယ်နေခဲ့ဖူး၏။ ယနေ့ ထူးထူးခြားခြား ပြန်ပေါ်လာခြင်းပေပင်။
ဆိုလိုသည်မှာ သေမျိုးလောကရှိ စစ်မှန်သောပါရမီရှင်များက ကောင်းကင်ခရီးကို ဖြတ်သန်းကြကာ အင်မော်တယ်နယ်ပယ်သို့ တက်ရောက်နိုင်မည်။
“ နောက်ဆုံးတော့ ပေါ်လာပြီ ... ။ ”
လူတိုင်း၏ အသံတွင် ကျေနပ်မှု၊ မျှော်လင့်ချက်နှင့် လွမ်းဆွတ်မှုများ ပြည့်နှက် နေတော့၏။
ဓမ္မအဆုံးခေတ် ကပ်ဘေးကြီးသည် သေမျိုးလောကသို့ကျဆင်းလာပြီး ဤလမ်းကို ပြိုကွဲကာ ဒိုမိန်းကွင်း (ခေါ်) ကောင်းကင်လမ်း ပျောက်ကွယ်သွားစေခဲ့သည်။
ယနေ့တွင် ကောင်းကင်နှင့် မြေကြီး ဆက်သွယ်မှုများ ပြန်လည်ရရှိလာပြီး ထိုလမ်း ပေါ်လာပြီဖြစ်ရာ မည်သူမဆို စိတ်လှုပ်ရှားသည်မှာ သဘာဝပေပင်။
“ တကယ်တော့ ဒိုမိန်းတိုက်ပွဲကွင်းက သုခဘုံမဟုတ်ပါဘူး အင်မော်တယ်နယ်မြေကို ရောက်ဖို့အတွက် အန္တရာယ်တွေမြောက်များစွာ ဖြတ်ကျော်ရတယ် ... လူတစ်ရာမှာ တစ်ဦးသာ လမ်းအဆုံးကို ရောက်နိုင်မယ်။ ”
မိန်းကလေးဟုန်ယွင်က တိုးတိုးလေး ပြောလိုက်သည်။ သူ့စကားများသည် လူတိုင်းကို သိသိသာသာ ငြိမ်သက်သွားစေခဲ့၏။
အကြောင်းမှာ ဒိုမိန်းစစ်မြေပြင်ကို သွေးငရဲအဖြစ် မြင်ယောင်လာသောကြောင့် ပေပင်။ ဒိုမိန်းစစ်မြေပြင်သို့ ဝင်နိုင်သူများသည် အရှေ့ဘက်ကြယ်ပင်လယ်မှ ကောင်းကင်ဘုံ နယ်ပယ် ပုဂ္ဂိုလ်များသာမက အခြားဒေသကြီး သုံးခုမှ ပုဂ္ဂိုလ်များလည်း ပါဝင်၏။
၎င်းတို့မှာ တောင်ပိုင်းမီးနယ်မြေ၊ မြောက်ပိုင်းအမှောင်နယ်မြေနှင့် အနောက်ပိုင်း နှင်းနယ်မြေတို့ဖြစ်သည်။
ထိုနယ်မြေတစ်ခုစီသည် အရှေ့ပိုင်းကြယ်လွင်ပြင်ခေါ် ရွှမ်းနယ်မြေထက် အားနည်းခြင်းမရှိကြဘဲ ကြယ်စုအသီးသီးနှင့် ကမ္ဘာ့ကြီးငယ်များစွာရှိ၏။
ရှေးယခင်က ဒိုမိန်းတိုက်ပွဲမြေပြင် ဖွင့်လှစ်ချိန်တိုင်းတွင် ဤနယ်မြေကြီးလေးခုမှ ကောင်းကင်ဘုံနယ်ပယ် ပုဂ္ဂိုလ်များစွာသည် အရက်စက်ဆုံးသော နည်းလမ်းများဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။
တိုက်ပွဲမြေပြင်အဆုံးတွင် အဆင့်သတ်မှတ်ချက်စာရင်း၌ မြောက်ပိုင်း အမှောင်နယ်မြေသည် ထိပ်ဆုံးနေရာကို ရယူထားနိုင်၏။
၎င်းတို့တွင် အင်မော်တယ်မြေသို့ တက်လှမ်းနိုင်ခဲ့သော ကျွမ်းကျင်သူအများဆုံး ရှိနေခဲ့ပြီး တိုက်ပွဲမှတ်တမ်းများသည်လည်း အလွန်အံ့မခန်းပေပင်။
သူတို့နောက်တွင် အနောက်ဘက် နှင်းဒေသသည် နီးကပ်စွာ လိုက်ပါလာသည်။ အရှေ့ဘက်ရွှမ်ဒေသနှင့် တောင်ပိုင်း မီးနယ်မြေ မှာမူ အမြဲတမ်းအောက်ခြေအဆင့်တွင်ရှိ၏။
“ ဟမ့် ... ငါတို့သာ တာအိုစုနဲ့အတူ ခရီးသွားနိုင်ရင် ... တခြားဒေသသုံးခုကလာတဲ့ ပြိုင်ဘက်တွေကို ဘာလို့ကြောက်နေရမှာလဲ။ ”
ဒိုမိန်းတိုက်ပွဲကွင်း၏ စည်းမျဉ်းများမှာ ထူးခြား၏။ နတ်ဝိညာဉ်နှင့် သူ့အထက်အဆင့် ရှိသူများသာ ဝင်ရောက်နိုင်မည်။
ယင်းမှာ နတ်ဝိညာဉ်အဆင့်၊ တာအိုပေါင်းစည်းခြင်းအဆင့်နှင့် တိမ်ပေါ် ပျံသန်းခြင်းတို့ဖြစ်၏။
ဒိုမိန်းအတွင်း ထိုအဆင့်သုံးဆင့်မှ လူများစွာကို မတူညီသောတိုက်ပွဲကွင်းများသို့ စေလွှတ်ပေမည်။
အကြမ်းဖျင်းအားဖြင့် နတ်ဝိညာဉ်အဆင့် ကျွမ်းကျင်သူများကို တတိယတိုက်ပွဲကွင်းသို့ ဝင်ရောက်စေ၏။
တာအိုပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူများသည် ဒုတိယတိုက်ပွဲကွင်းသို့ ဝင်ရောက်ရပေမည်။
တိမ်ပေါ်ပျံသန်းခြင်းအဆင့် ကျွမ်းကျင်သူများသည် ပထမတိုက်ပွဲကွင်းသို့ တိုက်ရိုက်ဝင်ရောက်ခွင့်ရမည်ဖြစ်၏။
အင်မော်တယ်နယ်မြေသို့ ဦးတည်သောလမ်းသည် သဘာဝအတိုင်း ပထမ တိုက်ပွဲကွင်းအဆုံးတွင် တည်ရှိသည်။
သို့သော် တစ်စုံတစ်ဦးသည် တိမ်ပေါ်ပျံသန်းခြင်းအဆင့်၌ မရှိသော်လည်း ပထမတိုက်ပွဲကွင်းသို့ ဝင်ရောက်ဝံ့သည့် အရည်အချင်းမျိုးရှိပါက အင်မော်တယ်မြေသို့ ဝင်ရောက်ရန် အခွင့်အရေးရရှိပေမည်။
ထိုသို့သော အရည်အချင်းရှိသူသည် အလွန်တရာနည်းပါးပြီး အပြင်းထန်ဆုံးသော သတ်ဖြတ်ပွဲများကို အကြိမ်ကြိမ် ရင်ဆိုင် ဖြတ်ကျော်ရပေမည်။
အဆုံးတွင် ပထမတိုက်ပွဲကွင်းသို့ ရောက်ရှိလာသူများအားလုံးသည် ဒေသကြီး အသီးသီး၏ အထူးချွန်ဆုံး ပုဂ္ဂိုလ်များပေပင်။
“ အခု ငါသိချင်တာက ဒီတစ်ကြိမ် ဘယ်အင်အားစုက အင်မော်တယ်လမ်းညွှန် အဖြစ် ဆောင်ရွက်ပေးမှာလဲ။ ”
ဟုန်ယွင်က ရေရွတ်လိုက်လေသည်။ အင်မော်တယ်နယ်မြေသို့ သွားရာလမ်းအတွက် ‘လမ်းညွှန်’များခန့်အပ်ပေးရ၏။
ထိုလမ်းညွှန်များကို ဗဟိုအင်မော်တယ်ရုံးတော်မှ တိုက်ရိုက်ခန့်အပ် ပေးချေပြီ။ သူ့လက်အောက်၌ တာဝန်များ ထမ်းဆောင်နေသော အင်မော်တယ် ဘုရင်များကို အလှည့်ကျအသုံးပြု၏။
သို့သော် ယခုတစ်ကြိမ်တွင် ဒိုမိန်းတိုက်ပွဲကွင်းသည် နှစ်ပေါင်းများစွာတိုင် ပျောက်ကွယ်သွားခဲ့ရပြီး ဗဟိုအင်မော်တယ် ရုံးတော်ကြီးသည်လည်း ပျက်စီးခဲ့သည်။
“ အရင်ကနဲ့ လုံးဝကွာခြားသွားလိမ့်မယ်။ ”
အဖြစ်အပျက်တချို့ကို ပြန်ပြောင်းသတိရလာကာ စုရီတစ်ယောက် ခေါင်းညိတ်ပြီး မှတ်ချက်ပေးလိုက်သည်။
ဗဟိုအင်မော်တယ်ရုံးတော်ကြီးမှာ ပြိုလဲသွားကာ သူ့အာဏာသည် ကမောက်ကမ ဖြစ်နေ၏။
ဆိုလိုသည်မှာ ဤတစ်ကြိမ် ‘လမ်းညွှန်’ အဖြစ် လုပ်ဆောင်သောဂိုဏ်းသည် ယခင်ကဲ့သို့ ရုံးတော်၏အာဏာ မသက်ရောက်နိုင်ချေ။
ဆိုလိုသည်မှာ ဤခရီးသည် တရားမျှတမှုကို ဆောင်ကျဉ်းပေးနိုင်မည်ဟု မပြောနိုင်တော့ခြင်း ဖြစ်ချေ၏။
“ ဒါပေမယ့် ဘယ်လိုအင်အားစုပဲဖြစ်ဖြစ် ငါတို့အတွက် သူတို့ဟာ လမ်းပြတွေပါပဲ ငါတို့ရဲ့ အာရုံစိုက်မှုနဲ့ မထိုက်တန်ပါဘူး။ ”
ထို့နောက် စုရီက ဟုန်ယွင်ကိုပြန်ကြည့်ကာ၊
“ မင်းအိမ်ပြန်ချင်ရင် အချိန်နည်းနည်း စောင့်ရလိမ့်မယ်။ ”
-ဟု ပြောကြားလိုက်သည်။ ဤမိန်းကလေးသည် အင်မော်တယ်နယ်ပယ်၌ ဖြစ်သဖြင့် ဒိုမိန်းတိုက်ပွဲကွင်းသို့ ဝင်ရောက်နိုင်စွမ်းမရှိချေ။
အင်မော်တယ်နယ်မြေ၏ စည်းမျဉ်းများ ပြန်လည်ကောင်းမွန်လာမှသာ လေဟာနယ်ကို ဖြိုခွင်းပြီး ပြန်နိုင်မည်။
“ လက်ရှိအခြေအနေကို အခြေခံပြီး တွက်ချက်ကြည့်ရရင် တစ်နှစ်အတွင်း ငါလည်း အိမ်ပြန်နိုင်ပါလိမ့်မယ် အဲဒီအချိန်မှာ ...
... တာအိုစုလည်း ဒိုမိန်းကွင်းအဆုံးကို ရောက်နေလောက်ပြီလို့ ယုံကြည်တယ် တာအိုစု အမည်ကို ကြားရဖို့ မျှော်လင့်ပါတယ်။ ”
ဒိုမိန်းကွင်းဖွင့်ချိန်သည် ကာလအားဖြင့် တစ်နှစ်ကြာ၏။ တစ်နှစ်ပြည့်သည်နှင့် မြေပြင်၌ အသက်ရှင်ကျန်ရစ်သည့် မည်သူမဆို လမ်းဆုံး ရောက်ရှိနေရပေမည်။ စုရီတစ်ယောက် ခဏမျှစဉ်းစားလိုက်ပြီး၊
“ မင်း အင်မော်တယ်မြေကို ... ပြန်ရောက်ခဲ့ရင် ငါ့ကို ကိစ္စတစ်ခု လုပ်ပေးပါ။ ”
-ဟုတောင်းဆိုလိုက်၏။
ဟုန်ယွင်က တွန့်ဆုတ်ခြင်းမရှိဘဲ၊ ‘ပြောပါတာအိုစု’- ဟု တုန့်ပြန်သည်။ စုရီက၊
“ ဝိညာဉ်ကုန်းမြေရဲ့ အပြာရောင် ကောင်းကင်ဘုံလှိုဏ်ဂူကိုသွားပြီး အဲဒီမှာ ခွန်ဝူ နတ်ဘုရားသစ်ပင် ရှိသေးလား ကြည့်ပေးပါ။ ”
ထို့နောက် ကျောက်စိမ်းပြားတစ်ချပ်ကို ထုတ်ယူပြီး နတ်အာရုံနှင့် လျှို့ဝှက်ပုံကြမ်းတစ်ခု ထွင်းထုကာ ဟုန်ယွင်ထံပေးအပ်လိုက်၏။
“ အဲဒီနတ်သစ်ပင် ရှိသေးရင် ဒီကျောက်စိမ်းပြားကို သစ်ပင်ရဲ့ထိပ်ဆုံးကနေ ဒုတိယမြောက်အကိုင်းမှာ တင်ပေးထားပါ။ ”
သူသည် အင်မော်တယ်နယ်မြေတွင် သူ့ကိုယ်သူတည်ဆောက်ပြီးသည်နှင့် ဝူမင်တို့ကို ခေါ်ယူရန်ကတိပေးထား၏။
ဝိညာဉ်ကုန်းမြေ၏ အပြာရောင် ကောင်းကင်ဘုံလှိုဏ်ဂူတွင်တည်ရှိသော ခွန်ဝူ နတ်ဘုရားသစ်ပင်သည် ဉာဏ်အလင်း ရရှိထားသော နတ်သစ်ပင်ပေပင်။
၎င်းသစ်ပင်ဝိညာဉ်သည် တစ်ချိန်က ဝမ်ယဲ့၏ လက်အောက်ငယ်သားတစ်ဦးဖြစ်၏။ ထိုခွန်ဝူဝိညာဉ်သည် အာကာသဥပဒေပေါ်တွင် အကျွမ်းကျင်ဆုံးဖြစ်ပြီး စကြာဝဠာအတွင်း လွတ်လပ်စွာ သွားလာနိုင်သည်။
အဆိုပါသစ်ပင်ဝိညာဉ်အိုကြီး အသက်ရှင်နေသေးပါက ဝူမင်နှင့်အဖွဲ့ကိုခေါ်ရန် နတ်ဆိုးခေတ်သို့ စေလွှတ်နိုင်၏။
စုရီ၏ ညွှန်ကြားချက်ကို ဟုန်ယွင်တစ်ယောက် အလွယ်တကူပင် သဘောတူလိုက်သည်။
“ ကောင်းပြီ။ ”
သူမက အကြောင်းရင်းကိုပင် မမေးတော့သဖြင့် စုရီမှမျက်ခုံးပင့်လိုက်ကာ၊
“ ဒါဆို ... မင်း အိမ်ပြန်တဲ့အခါ သမင်ဖြူတိုက်ကြီးမှာ ငါတို့ပြန်ဆုံနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ”
-ဟု ပြောကြားလိုက်သည်။ ထိုစကားကြောင့် ဟုန်ယွင်မှ အံ့အားသင့်သွား၏။
သမင်ဖြူတိုက်ကြီးသည် သူမ၏ မျိုးနွယ်စုဖြစ်သော နန်ရွှမ်းနင်မျိုးနွယ်စု၏ မွေးရပ်မြေပေပင်။
“ ငါ့မျိုးနွယ်စုရဲ့ နယ်မြေသာ ရှိနေသေးတယ်ဆိုရင် မင်းကိုငါကြိုဆိုပါတယ်၊ တာအိုစု။ ”
ထိုစဉ်က ကျရောက်ခဲ့သော ကပ်ဘေးကြီးသည် နေရာတိုင်းကိုပျက်စီးစေပြီး နန်ရွှမ်းနင်မျိုးနွယ်စုသည်လည်း ကြီးမားသော ဆုံးရှုံးမှုများဖြင့် ထွက်ပြေးခဲ့ရသည်။
ယခုနှစ်ပေါင်းများစွာ ကုန်ဆုံးသွားပြီးဖြစ်ရာ မျိုးနွယ်စုဝင်များ အသက်ရှင်နေသေးသည်လား သူမ မသိချေ။
သူတို့စကားပြောနေစဉ် ကောင်းကင်၌ မြည်ဟည်းနေသော လမ်းညွှန်ခေါင်းလောင်းသံ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့၏။
ဒိုမိန်းတိုက်ပွဲကွင်းသို့ ဦးတည်သော မုဒ်တံခါးပေါက်သည်လည်း လုံးဝခိုင်မာလာပြီး လေထုအလယ် မြင့်မားစွာ ချိတ်ဆွဲထားသော တံခါးတစ်ချပ်လိုပေပင်။
အထူးခြားဆုံးသည် ထိုတံခါးကို ကြယ်ဒေသကြီးလေးခု၏ မည်သည့်နေရာမှမဆို မြင်နိုင်နေခြင်းဖြစ်သည်။
“ တာအိုစု ... အခု မင်းရဲ့နတ်အာရုံကို အသုံးပြုပြီး ဒီတံခါးရဲ့အရှိန်အဝါကို ခံစားပါ ဒါမှ ဝင်ရောက်ဖို့ တံဆိပ်တစ်ခုရလိမ့်မယ်။”
ဟုန်ယွင်က အကြံပြုလာ၏။ စုရီမှ အနည်းငယ်ခေါင်းညိတ်ပြပြီးနောက် နတ်အာရုံ ထုတ်လွှတ်လိုက်လေသည်။
ချက်ချင်းပင် နတ်အာရုံသည် ထိုတံခါးမှထွက်ပေါ်နေသော စည်းမျဉ်းစွမ်းအား အပေါ် သတိပြုမိလိုက်၏။
ဤစွမ်းအားသည် ကောင်းကင်နှင့် မြေကြီးကြားတွင်ပေါင်းစည်းနေခဲ့ပြီး စုရီထံမှ နတ်အာရုံကိုခံစားမိသွားသည်။
“ ဝမ် ... ။ ”
များမကြာမီ လက်ဖဝါးအရွယ် တံဆိပ်တစ်ခုအဖြစ် ကျဆင်းလာစေသည်။ ဤတံဆိပ်တွင် အာကာသ စည်းမျဉ်းများနှင့် စုရီ၏နတ်အာရုံတို့ ပေါင်းစပ်ပေးထား၏။
ဆိုလည်သည်မှာ လမ်းတလျှောက် တံဆိပ်ပိုင်ရှင်၏ အောင်မြင်မှုမှတ်တမ်းများကို အလိုအလျောက် မှတ်တမ်းတင်ပေးပေမည်။
အဆုံးတွင် လမ်းညွှန်ရောက်ရှိလာပြီး ထိုအောင်မြင်မှုမှတ်တမ်းများကို အသုံးပြုကာ အင်မော်တယ်မြေသို့ ခရီးဆက်ခွင့် ရှိ-မရှိကို ယှဉ်ပြိုင်နိုင်မည်ဖြစ်ပေသည်။
***
အခန်း ၁၁၀၀ -
ဒိုမိန်းလေးပါးမှ ခမ်းနားထည်ဝါသော ပါရမီရှင်များ။
“ ဆရာ၊ သွားတော့မို့လား။ ”
ချင်းတျန်၏ လှပသော မျက်နှာတွင် တွန့်ဆုတ်တွန့်ဆုတ်များစွာဖြင့် မေးမြန်းလာ လေသည်။ ဤတစ်ကြိမ်ခွဲခွာမှုပြီးနောက် မည်သည့်အချိန်၌ ပြန်တွေ့ကြမည်ကို မည်သူသိနိုင်မည်နည်း။
“ စိတ်မပူပါနဲ့၊ တစ်နှစ်ကြာရင် သေမျိုးလောကနဲ့ အင်မော်တယ်မြေကြားက အတားအဆီး လုံးဝပျောက်ကွယ်သွားလိမ့်မယ် ငါမင်းတို့ကိုလာခေါ်မယ်။ ”
စုရီက ပြုံးပြီး ချင်းတျန်အပါအဝင် လူတိုင်းကိုနှစ်သိမ့်လိုက်သည်။ လက်ရှိအချိန်၌ နတ်ဝိညာဉ်အဆင့် ရှိသူများသာ ဒိုမိန်းတိုက်ပွဲသို့ ဝင်ရောက်နိုင်ပြီး လမ်းညွှန်မှတစ်ဆင့် အင်မော်တယ်နယ်မြေသို့ ချေချနိုင်၏။
သို့သော် အနာဂတ်တွင် အရာအားလုံး ကွဲပြားသွားပေလိမ့်မည်။ ချင်းတျန်သို့မဟုတ် အခြားသူများသည် ကျင့်ကြံမှု မည်သို့ပင် ရှိစေကာမူ စုရီ၌ခေါ်ယူရန်နည်းလမ်းရှိ၏။
“ အဖိုးကြီးစု ... မင်းထွက်သွားတာကို မြင်ရတာ တကယ့်ကို တွန့်ဆုတ်စေတယ်။ ”
ရှေးဟောင်းပစ္စည်းရောင်းဝယ်သူက အလွန်ဝမ်းနည်းနေသော အမူအရာဖြင့် စုရီကို လေးကန်စွာနှုတ်ဆက်သည်။
“ ငါထွက်သွားပြီးတဲ့နောက် ... မင်းကို ဘယ်သူမှ ကာကွယ်ပေးတော့မှာ မဟုတ်လို့ စိုးရိမ်နေတာလား။ ”
“ ဟမ့် ... ငါ့နှလုံးသားက ကောင်းကင်နဲ့ မြေကြီးလိုကြည်လင်ပြီး နေနဲ့လလို ရှင်းသန့် တောက်ပတယ် မင်းထင်သလောက် ငါက မညံ့ဖျင်းဘူး။ ”
စုရီဟာသစကားကြောင့် ရှေးဟောင်း ပစ္စည်းရောင်းဝယ်သူ၏ မျက်နှာအမူအရာမှာ အေးစက်သွားပြီး ဒေါသဖြင့် ပြန်ပြောလာ၏။ မိန်းကလေး ဟုန်ယွမ်က တည်ငြိမ်စွာ သူ့ထံလှည့်ကြည့်သည်။
“ စိတ်မပူပါနဲ့ ... တာအိုစု ဒီနေ့ ထွက်သွားပေမယ့် ငါထွက်သွားဦးမှာမဟုတ်ဘူး တစ်ယောက်ယောက်က မင်းတို့ကို အနိုင်ကျင့်ရင် ငါ့ဆီလာခဲ့ပါ။ ”
သို့မှသာ ရှေးဟောင်းပစ္စည်း ရောင်းဝယ်သူမျက်နှာသည် ဝမ်းမြောက်မှုဖြင့် တောက်ပသွားပြီး၊
“ ကျေးဇူးတင်ပါတယ် စီနီယာ ... မင်းဒီမှာရှိနေတော့ ငါပိုပြီး စိတ်အေးလက်အေး ခံစားရတယ်။ ”
-ဟု တုန့်ပြန်လိုက်သည်။
ထိုစကားကြောင့် လူတိုင်းက ပြုံးရယ်လျက်ဖြင့် ခွဲခွာရမည့်ဝမ်းနည်းမှုများ သက်သာလာချေပြီ။
“ သခင်လေး၊ ဂရုစိုက်ပါ ... ။ ”
ခြေကျိုးကြီးသောဝေက စုရီထံ ဝိုင်တစ်အိုးကမ်းပေးကာ ပြုံးလျက် နှုတ်ဆက် လာသည်။ စုရီက ဝိုင်အိုးကိုယူပြီး တစ်ငုံ သောက်လိုက်ကာ ဝေရှန်းထံ၊
“ ငါ မရှိတဲ့အခါ မင်းရဲ့မွေးစားအဖေကို ဂရုစိုက်ပါ။ ”
-ဟု မှာကြားလိုက်သည်။ ဝေရှန်းက လေးနက်စွာခေါင်းညိတ်ပြ၏။
“ ဝမ်အာ၊ မင်းလည်း ကြိုးစားပြီး ကျင့်ကြံရမယ်။ ”
“ ဟုတ်ကဲ့ ... ။ ”
စုရီက ချင်းဝမ်ကိုကြည့်ကာ မှာကြားလိုက်လေသည်။ ချင်းဝမ်သည်လည်း လေးနက်စွာခေါင်းညိတ်ပြ၏။ ထို့နောက် လက်ဝှေ့ယမ်းပြီး စုရီက လေထဲသို့ လှမ်းတက်သွားလေသည်။
ခွဲခွာရသည့်အချိန်တိုင်း စုရီသည် အမြဲတမ်းပင် ပေါ့ပေါ့ပါးပါး ရှိနေတတ်ခဲ့သည်။ သူ့တွင်နှလုံးသားမရှိ၍ မဟုတ်ဘဲ ရှင်ခြင်းနှင့် သေခြင်း ကိစ္စမဟုတ်သရွေ့ ဝမ်းနည်းမှု မခံစားရချေ။
သူ့ပုံရိပ်အဝေးသို့ တရွေ့ရွေ့ ပျံသန်း နေသည်ကိုကြည့်ကာ လူတိုင်း၏နှလုံးသားတွင် ခံစားချက်များ ပြည့်နှက်လာသည်။
ထိုညမှာပင် ကြယ်လွင်ပြင် အနှံ့အပြားမှ ကျင့်ကြံသူများသည် တဖွဲ့ဖွဲ့ ဝင်ရောက်ကုန်ကြ တော့၏။ ခဏအတွင်းမှာပင် အလင်းရောင်များ ကောင်းကင်ပေါ် ထိုးတက်ကုန်သည်။
ရှေးခေတ် မျိုးဆက်ဟောင်းများမှ ဆင်းသက်လာသော သေလွန်ဝိညာဉ်များလည်း လှုပ်ရှားလာကြ၏။
ထိုက်ယီတောင်ဂိုဏ်း။
“ အချိန်တန်ပြီ။ ”
ထာဝရဝိညာဉ်သခင်အဖြစ် လေးစားခံရသော အားချိုင်သည် ရောင်စုံအလင်းများဝန်းရံကာ လေထဲသို့လှမ်းတက်လာ၏။
သူမ၏ စစ်မှန်သော ခန္ဓာကိုယ်သည် အလွန်ရှားပါးသည့် ထာဝရတာအိုပိုင်ဆိုင်သည့် ကောင်းကင်လိပ်ပြာ ဖြစ်သည်။
သူမအတွက် ဒိုမိန်းတိုက်ပွဲသည် အဆုံးစွန်သော အသွင်ပြောင်းလဲမှု ဖြစ်နိုင်မည့် အခွင့်အရေးကောင်း တစ်ခုပေပင်။ ထို့ကြောင့် ဤနေ့ကို အချိန်ကြာမြင့်စွာတည်းကပင် စောင့်ဆိုင်းနေခဲ့ရသည်။
“ ငါထင်တာမမှားရင် တာအိုစုလဲ ဒိုမိန်းစစ်မြေပြင်ကို သွားနေလောက်ပြီ။ ”
အားချိုင်တစ်ယောက် စိတ်လက်ရွှင်မြူးစွာဖြင့် တီးတိုးရေရွတ်လိုက် လေသည်။
တစ်ချိန်တည်းမှာပင် ဖျင်ကြမ်းဝတ်ရုံ ဝတ်ဆင်ထားသော အမျိုးသမီးငယ်တစ်ဦးသည် ဆံပင်ကိုမြင်းမြီးပုံစံ စုစည်းကာ ကြေးမျက်နှာဖုံး တပ်လျက် ပြေးလွှားနေသည်။
လက်ထဲတွင် ရှည်လျားသောလှံကို ကိုင်ဆောင်လျက် ခြေဖျားအောက်၌ အချိန်မြစ် ရေပြင်သည် လှိုင်းထန်နေ၏။
“ အတိတ်ခေတ်တွေက ယဉ်ကျေးမှုတွေ တစ်ခုပြီးတစ်ခု ကျဆင်းလာခဲ့ပြီး ငါ့လှံတာအိုကို ပြီးမြောက်အောင်လုပ်နိုင်မယ့် အခွင့်အရေးမျိုး မကျန်ရစ်တော့ဘူး ...
... ကြည့်ရတာ အင်မော်တယ်မြေမှာပဲ ရှိနိုင်ဦးမယ်ထင်တယ် ... ဘာပဲဖြစ်ဖြစ် ငါအဲဒီကို သွားကြည့်သင့်တယ် ...
... ကံကောင်းပြီး နတ်ဘုရားမီးအိမ်ကို ထွန်းညှိနိုင်တဲ့အခါ နတ်ဘုရားအဖြစ်ကိုရရှိဖို့ တာအိုသစ်သီးတစ်လုံးကို ရယူရမယ် ...
... ဒီနည်းလမ်းနဲ့သာ ငါ့ရဲ့တာအိုကို ပြီးမြောက်စေလိမ်မယ် အဲဒီအချိန်နတ်ဘုရားနဲ့ ဗုဒ္ဓတွေအားလုံးတောင် ငါလှံဖျားပေါ်မှာ စိတ်ပျက်အားငယ်ကုန်လိမ့်မယ်။ ”
လှံကိုင်အမျိုးသမီးက အချိန်မြစ်ကို ဖြတ်ကျော်လျက် အရှေ့ဘက်ရွှမ်ဒေသထံသို့ ဝင်ရောက်လာခဲ့သည်။ (အရှေ့ဘက် ကြယ်လွင်ပြင်။)
“ ဝုန်း ... ။ ”
ရုတ်တရက် စကြဝဠာစည်းမျဉ်းများ မြင့်တက်လာပြီး အမျိုးသမီးကို ချက်ချင်းဖိနှိပ် လာတော့၏။
ယင်းကို ကြိုတင်တွက်ဆထားသည့် အမျိုးသမီးက သူမရောင်ဝါကိုထိန်းချုပ်လိုက်ပြီး ကျင့်ကြံမှုထံ အဆက်မပြတ် ဖိနှိပ်လိုက်သည်။
နောက်ဆုံးတွင် သူမကျင့်ကြံမှုသည် တိမ်ပေါ်ပျံသန်းခြင်း အဆင့်အထိ လျော့ကျကာ တိုက်ခိုက်လိုသော ဥပဒေစည်းမျဉ်းများ၏ အရိပ်အယောင်များ ပျောက်ကွယ်သွား၏။
“ သုံးနှစ်ပြည့်သွားပြီ ဒီကြယ်တွေ ပြည့်နှက်နေတဲ့ ကောင်းကင်လွင်ပြင်ဒေသက တကယ်ကို ပြောင်းလဲသွားခဲ့တာပဲ ...
... ကောင်းကင်ဘုံကို တက်လှမ်းဖို့ လမ်းကြောင်းတောင် ပြန်ပေါ်လာရုံသာမကဘူး စကြဝဠာရဲ့စည်းမျဉ်းတွေတောင် အင်မော်တယ် အဆင့်ကို တက်လှမ်းနေပြီ ...
... ငါ့ရဲ့ဆုံးဖြတ်ချက် မှန်ကန်ပုံရတယ် ဒီခေတ်ရဲ့ယဉ်ကျေးမှုက တကယ်ပဲ ပြောင်းလဲ လာနေပါပြီ ...
... ပြီးတော့ နတ်ဘုရားတွေကြောင့် ပျက်စီးနေတဲ့ အင်မော်တယ်မြေဟာလည်း အခု တဖန်ပြန်လည် ထွန်းကားလာတော့မယ်။ ”
အမျိုးသမီးက အပျင်းကျောဆန့်ပြီး အဝေးသို့မျှော်ကြည့်လိုက်၏။ ဒိုမိန်းတိုက်ပွဲကွင်း ထံသို့ ဦးတည်နေသော တံခါးပေါက်တစ်ခုကို မြင်လိုက်ရသည်။
“ ဝင်စားခြင်းကို ထိန်းချုပ်နိုင်တဲ့ အဲဒီလူယုတ်မာရော အခုချိန်မှာဘယ်လိုနေလဲ သိချင်မိတယ် သုံးနှစ်တောင်ကုန်လွန်သွားပြီ ကောင်းကင်ဘုံနယ်ပယ်ကို တက်လှမ်း နိုင်ပြီလားမသိဘူး။ ”
ရုတ်တရက် အမျိုးသမီး စိတ်ဝိညာဉ်၌ ကျောက်စိမ်းရောင်ဝတ်ရုံဖြင့် မောက်မာသော လူငယ်တစ်ယောက်အသွင် ပေါ်လာသည်။
တစ်ဖက်လူနှင့် တိုက်ပွဲအတွင်း သူမ၏ ရှုံးနိမ့်ခဲ့ရသော မြင်ကွင်းများပြန်အမှတ်ရလာပြီး ရှက်ရွံ့မှုနှင့် ဒေါသများ ထိန်းမနိုင်သိမ်းမရ မြင့်တက်လာတော့၏။
“ လူယုတ်မာ ... ။ ”
ထိုစဉ်က သူမသည် ရှုံးနိမ့်ရုံသာမကဘဲ သူမတို့၏ခန္ဓာကိုယ် အနေအထားများသည် ရှက်စရာပေပင်။ ယင်းကြောင့် အံကြိတ်လျက်၊
“ ဒီတစ်ခါ အဲဒီလူယုတ်မာနဲ့တွေ့ရင် သူ့ခေါင်းကိုရိုက်ခွဲပစ်မယ်။ ”
-ဟု ကြုံးဝါးလိုက်၏။ သည့်နောက် သူမပုံရိပ်သည် အာကာသတံခါးပေါက်ဆီသို့ ချက်ချင်း ဦးတည်သွားတော့သည်။
တောင်ပိုင်းမီးနယ်မြေ၊ နှင်းတောင်ထိပ်။
“ သခင်လေး၊ ဒိုမိန်းစစ်မြေပြင်ခရီးစဉ်မှာ ငါတို့မိသားစုအားလုံးရဲ့ မျှော်လင့်ချက်အတိုင်း မင်းရဲ့ပြိုင်ဘက်တွေကို ချေမှုန်းနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ”
အဘိုးကြီးတစ်ဦးက ပြုံးရွှင်စွာ ပြောကြားလိုက်သည်။ တောင်ကမ်းပါးစွန်းတွင် ကြော့ရှင်းသော အဖြူရောင်ဝတ်ရုံနှင့် လူငယ်တစ်ယောက်ရပ်နေ၏။
“ ပြိုင်ဘက်တွေကို အနိုင်ယူဖို့လား။ ”
လူငယ်က အဖိုးကြီးစကားကို လှည့်မကြည့်ဘဲ ခေါင်းခါလိုက်သည်။ ထို့နောက် အဝေးသို့ငေးကာ၊
“ အဲဒါ ငါလိုချင်တာမဟုတ်ဘူး ငါတကယ်ဆန္ဒရှိတာက ... ငါ့ကိုအနိုင်ယူနိုင်တဲ့ ပြိုင်ဘက်ကိုတွေ့ခွင့်ရဖို့။ ”
-ဟု ပြောကြားလိုက်၏။
သူ စကားပြောပြီးသည်နှင့် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်း အလင်းရောင်တစ်ခု မျက်ဝန်းများထဲ တောက်ပလာသည်။
မရေမတွက်နိုင်သော ကြယ်များ တောက်ပနေသကဲ့သို့ ထင်ရ၏။ ဤသည်မှာ တောင်ပိုင်းမီးနယ်မြေ၏ ပထမဓားသမား ပြိုင်ဘက်ကင်း ရန်ချန်ချင်း ပေပင်။
ခေတ်အဆက်ဆက် လှုပ်ခါနိုင်သော ဘွဲ့ထူးများစွာ ပိုင်ဆိုင်ထား၏။ သို့သော် သူ၏ စစ်မှန်သောဆန္ဒမှာ ထိုက်တန်သော ပြိုင်ဘက်တစ်ဦး ရရှိရန်ဖြစ်သည်။
ကံမကောင်းစွာပင် လွန်ခဲ့သော နှစ်ပေါင်းရှစ်ရာအတွင်း ကမ္ဘာတစ်ဝှမ်းတွင် ရှာဖွေခဲ့သော်လည်း မတွေ့ခဲ့ချေ။
အမြင့်သို့ရောက်လေလေ ပိုပြီး အထီးကျန်လေဟူသော ဆိုရိုးစကားအတိုင်း ပေပင်။ သို့သော် ယခုအခါတွင် ဒိုမိန်းစစ်မြေပြင် ပေါ်လာပြီ ဖြစ်သောကြောင့် ထိုက်တန်သည့် ပြိုင်ဘက်နှင့်တွေ့ရှိရန် မျှော်လင့်မိသည်။
...
အနောက်ဘက် နှင်းလွင်ပြင်၊ မြင့်မြတ်မြေ။
“ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် ဒိုမိန်းတိုက်ပွဲစစ်မြေပြင်က နောက်ဆုံးမှာတော့ ပြန်ပေါ်လာပြီ ... ။ ”
ချင်စုရှင်က တိုးတိုးလေးပြောသည်။ သူမ၏အသားအရေသည် ရေခဲကျောက်စိမ်း ကဲ့သို့ တောက်ပနေပြီး အလှတရားသည် ယှဉ်နိုင်စရာမရှိချေ။
အနက်ရောင်ဆံပင်ရှည်များကို ပေါ့ပေါ့ပါးပါးစည်းလျက် အေးစက်သောရောင်ဝါ အချို့ ဖြန့်ကျက်ထား၏။
“ သခင်မလေး အနောက်ဘက် နှင်းလွင်ပြင်ဒေသရဲ့ အဓိကအင်အားကြီးနိုင်ငံ ကိုးခုစလုံးက ငါတို့ရဲ့အမိန့်ကိုနာခံပါ့မယ်လို့ သဘောတူချက်ပေးပို့လာပါတယ်။ ”
ရုတ်တရက် အဘွားအိုက သူမအနား ချဉ်းကပ်လာပြီး တိုးတိုးလေးပြောကြားသည်။ ချင်စုရှင်က ခေါင်းညိတ်လျက်၊
“ သူတို့နာခံသရွေ့ သူတို့ကို ကာကွယ်ပေးရတာ ပြဿနာမရှိပါဘူး။”
-ဟု တုန့်ပြန်လိုက်၏။ အဘွားအိုက ပြုံးပြီး၊
“ သခင်မလေး စိတ်ချပါ ... ဘယ်သူမှ သခင်မလေးရဲ့ဆန္ဒကိုမနာခံဘဲ မနေဝံ့ကြပါဘူး။ ”
အနောက်ဘက်နှင်းဒေသ၌ ချင်စုရှင်သည် အငြင်းပွားစရာမရှိသော ဒဏ္ဍာရီတစ်ခုပေပင်။ နတ်ဝိညာဉ်အဆင့်ဖြင့်ပင် ရွယ်တူအတွင်း၌ ပြိုင်ဘက်ကင်း၏။
မျိုးဆက်ဟောင်းများသည်ပင် သူမရှေ့တွင်ခေါင်းငုံ့နေရသည်။ ထိုသို့သော တစ်စုံတစ်ဦးရှေ့တွင် မည်သည့်လူမိုက်သည် ဆန့်ကျင်ဝံ့မည်နည်း။
ဒိုမိန်းစစ်မြေပြင်သည်သာ ကြာမြင့်စွာ ပျောက်ကွယ်သွားခဲ့ခြင်းမရှိသော် ချင်စုရှင်သည် သူမ၏ အရည်အချင်းဖြင့် အင်မော်တယ်မြေသို့ ရောက်ရှိနေပြီးဖြစ်ပေမည်။
...
မြောက်ပိုင်းကြယ်နယ်မြေ။
“ ဟိုအရင်အချိန်တွေတုန်းက ဒိုမိန်းတိုက်ပွဲကွင်းပေါ်လာတိုင်း ငါတို့ရဲ့ အဓိက ပြိုင်ဘက်တွေဟာ အဲဒီနယ်မြေကြီးသုံးခုဖြစ်တဲ့ အနောက်ဘက်နှင်းနယ်မြေ၊ တောင်ပိုင်း မီးနယ်မြေနဲ့ အရှေ့ပိုင်းရွှမ်နယ်မြေရဲ့ ...
... ကျင့်ကြံသူတွေ မဟုတ်ခဲ့ဘူး သူတို့က တကယ်အားနည်းတယ် ဒီတခါလည်း အဲဒီလိုပဲ ဖြစ်လိမ့်မယ်။ ”
တာအိုဝတ်ရုံဖြင့် ပိန်ပိန်ပါးပါး လူငယ်တစ်ယောက်က ကြယ်တွေပြည့်နေသော ကောင်းကင်ကို ငေးကြည့်နေကာ စကားဆိုလိုက်သည်။
ရိုးရှင်းသန့်စင်သော စိတ်နေစိတ်ထား၊ ကြည်လင်ငြိမ်းချမ်းလွန်းသည့် မျက်ဝန်းများနှင့် ပါးလျသော အရှိန်အဝါကိုသာ ထုတ်ဖော် ပြသထားချေ၏။
“ အစ်ကိုကြီးပြောတာ လုံးဝမှန်တယ်။ ”
သူ့ဘေးရှိ အရောင်အသွေးစုံလင်သော အဝတ်အစားမျိုး ဝတ်ဆင်ထားသည့် အမျိုးသမီး တစ်ဦးကပြုံးရယ်လာပြီး၊
“ ငါတို့ရဲ့ ပြိုင်ဘက်တွေအဖြစ် ... သတ်မှတ်နိုင်တဲ့ တစ်ခုတည်းသောနယ်မြေက ငါတို့မြောက်ပိုင်းကြယ်နယ်မြေက ရန်သူတွေပဲ ဒါပေမယ့် အဲဒီရန်သူတွေက ...
... ဘဘ်လောက်ပဲ အစွမ်းထက်ပါစေ အစ်ကိုကြီးက သူတို့ထက်အများကြီးသန်မာတာ ငါအသိဆုံးပါ။ ”
-ဟု ပြောကြားလာသည်။ သူမအသံသည် ယုံကြည်မှုအပြည့်နှင့် ဖြစ်၏။ တာအိုဝတ်ရုံဖြင့် လူငယ်က ခေါင်းခါပြပြီး၊
“ ငါ့ရဲ့ကျင့်ကြံမှုကို အခုလို နှစ်ပေါင်းများစွာဖိနှိပ်ပြီးနောက်မှာ ငါနားလည် သဘောပေါက်လာတာက ... တိမ်ပေါ် ပျံသန်းခြင်း နယ်မြေမှာ ...
... ပြိုင်ဘက်ကင်းဖို့ဆိုတာ အခြေခံ အုတ်မြစ်၊ ပါရမီ၊ ကျင့်ကြံမှု၊ ရတနာ ဒါမှမဟုတ် တိုက်ပွဲဝင်စွမ်းအား စတာတွေနဲ့ မသက်ဆိုင်တော့ဘူး။ ”
-ဟု ပြောကြားလိုက်သည်။
“ ဒါဆို ဘာနဲ့ဆိုင်လဲ။ ”
အမျိုးသမီးက သိလိုစိတ်ပြင်းစွာ မေးမြန်းလာသည်။ လူငယ်မှ သူမထံ တစ်ချက် ပြန်လှည့်ကြည့်ပြီး၊
“ စိတ်စွမ်းအင်၊ စိတ်ဆန္ဒ၊ ဉာဏ်ပညာနဲ့ မင်းရဲ့အကျင့်စရိုက် အဲဒီလေးခုထဲမှာ ... မင်းရဲ့ အကျင့်စရိုက်ကသာ အရေးကြီးဆုံးပဲ။ ”
-ဟု ပြောကြားလိုက်သည်။ အမျိုးသမီးမှ မျက်ခုံးပင့်သွား၏။ လူငယ်က ခေါင်းယမ်းသည်။
“ နားမလည်ဘူးလား ... ဥပမာတစ်ခု ပေးပါရစေ ... အခု ငါတကယ်ဖြစ်ချင်တာက တူညီတဲ့နယ်ပယ်က ပြိုင်ဘက်တွေ မဟုတ်ဘူး အဲဒါက အဓိပ္ပာယ်မရှိတော့ဘူး ...
... ငါတကယ်ဆန္ဒရှိနေတာက အင်မော်တယ်တစ်ပါးကိုရှာပြီး ရိုက်နှက်ချင်တာ သေမျိုးတစ်ယောက်အနေနဲ့ ငါ့ရဲ့လက်သီးက လုံလောက်အောင် သန်မာနေပြီလားလို့ သူ့ကိုမေးကြည့်ချင်နေတာ။ ”
ထိုစကားကြောင့် အမျိုးသမီးခမျာ ထိတ်လန့်သွားပြီး၊
“ ဘိုးဘေးပြောတာမှန်တယ် ... ငါတို့အစ်ကိုကြီးရဲ့နှလုံးသားက ခေတ်ပြိုင် ကျင့်ကြံသူတွေထက် ကျော်လွန်နေပြီ။ ”
-ဟု ညည်းညူလိုက်သည်။
“ ဒါက နှလုံးသားနဲ့ မဆိုင်သလို မာနနဲ့လည်းမဆိုင်ပါဘူး ... မင်းရဲ့ခွန်အားတွေ၊ စိတ်အခြေအနေနဲ့ အမြင်သာ ငါ့အဆင့်မျိုးကို ရောက်လာရင် မင်းလည်းသဘာဝအတိုင်း ငါရဲ့ဆန္ဒမျိုးရှိလာပါလိမ့်မယ်။ ”
လူငယ်က စကားရပ်ကာ အဝေးသို့ ငေးကြည့်နေလိုက်သည်။ သူ့အမည်မှာ ယွီချန် ဖြစ်ချေ၏။ သူသည် မာနကြီးသူတစ်ယောက် မဟုတ်ချေ။ ရေလိုတည်ငြိမ်ကာ တွေးတော သုံးသပ်နိုင်စွမ်းရှိချေသည်။
***