အခန်း (၁၁၀၁-၁၁၀၂)
Vol. 92 Ch. 1101-1102
အခန်း ၁၁၀၁ -
လမ်းကြုံတယ် ... ။
ထူးဆန်းပြီး ပဲ့တင်ထပ်နေသော အသံတစ်သံက အာကာပြင်တစ်လျှောက်တွင် ပြန့်နှံ့သွားလေသည်။
ပတ်ဝန်းကျင် မြင်ကွင်းများသည် တောက်ပပြီးဆန်းကျယ်နေကာ အလင်းများမှာ စူးရှနေ၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကြယ်များရွေ့လျားနေသလို ခံစားလိုက်ရပြီး အချိန်-အာကာသ စွမ်းအားကနေ စုရီမှ လွတ်မြောက်သွားသည်။
သူ သတိပြန်ဝင်လာချိန်၌ ကျယ်ပြောလှသော အကန့်အသတ်မဲ့ မြေပြင် တစ်ခုတွင် ပြန်တွေ့လိုက်ရ၏။
ကောင်းကင်သည် အလွန်မြင့်မားပြီး တောင်တန်းများသည် မြစ်ရေပြင်များအလား လှိုင်းထနေသေည်။ ရှေးဦးခေတ်သို့ ရောက်ရှိ သွားသလိုပေပင်။
ဝိညာဉ်စွမ်းအင်များမှာ မြူများအလား ကောင်းကင်၊ မြေကြီး၊ တောင်နှင့်မြစ်များအပေါ် လွှမ်းခြုံထား၏။
မြေပြင်ပေါ်မှ အရိုးရှင်းဆုံး သစ်ပင်များသည်ပင် ဝိညာဉ်စွမ်းအင်များနှင့် ပြည့်နှက်တက်ကြွပြီး ထိန်းမနိုင်သိမ်းမရ အသက်ဓာတ်များ ထုတ်လွှတ်ပေးသည်။
“ ဒါက နတ်ဝိညာဉ်အဆင့် အထွတ်အထိပ်တွေ ယှဉ်ပြိုင်ကြတဲ့ တတိယ တိုက်ပွဲကွင်းလား ... ငါ့ကို စိတ်ပျက်စေမှာ မဟုတ်ဘူးလို့ မျှော်လင့်ပါတယ်။ ”
စုရီက ညည်းတွားလိုက်၏။ ဤမတိုင်မီ ဒိုမိန်းတိုက်ပွဲကွင်းတွင် နတ်ဝိညာဉ်အဆင့်နှင့် သက်ဆိုင်သော အခွင့်အရေးမျိုးရယူနိုင်ရန် သူ့ကျင့်ကြံမှုကို ဖိနှိမ်ထားခဲ့ရသည်။
အဘယ့်ကြောင့်ဆိုသော် ဒိုမိန်းတိုက်ပွဲကွင်း တလျှောက် ကံကောင်းခြင်းနှင့် အခွင့်အရေးများ ပြန့်ကျဲစွာရှိနေသည်။
ပြင်ပလောကတွင် လုံးဝမတွေ့နိုင်သော နတ်ဆေးပင်များ၊ ထူးခြားသည့် သတ္တုများနှင့် အင်မော်တယ်စည်းမျဉ်းများမှ မွေးဖွားလာသော တာအိုကျောက်တုံးများ စသည်တို့ဖြစ်၏။
မည်သည့် နတ်ဝိညာဉ်အဆင့် ကျင့်ကြံသူအတွက်မဆို ဤအခွင့်အလမ်းများမှာ ရှားပါးသော ရတနာများပေပင်။
သို့သော် စုရီပစ်မှတ်သည် တတိယတိုက်ပွဲကွင်း၏ မိုးပြာနဂါးတောင်၌သာ တည်ရှိနေ၏။ ထိုနေရာသည် တစ်နှစ်ပတ်လုံး မိုးကြိုးမုန်တိုင်းများ ဖုံးလွှမ်းနေခဲ့သည်။
ရှေးယခင်က ဤမိုးပြာနဂါးတောင်သည် နတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများ အသက်လု တိုက်ပွဲဝင်ကြသည့် ဒေသကြီးဖြစ်၏။
အကြောင်းရင်းမှာ ထိုနေရာ၌ တတိယတိုက်ပွဲကွင်း၏ အကြီးမားဆုံးသော ကံကြမ္မာရှိနေသောကြောင့်ပေပင်။
ယင်းသည် နတ်ဝိညာဉ်အရင်းအမြစ်ဟု ခေါ်ဆိုသော ကောင်းကင်နှင့်မြေကြီးကြားဥပဒေ စည်းမျဉ်းများမှ မွေးဖွားလာသည့် တာအို မူလစွမ်းအားဖြစ်သည်။
အကယ်၍သာ ထိုမူလစွမ်းအားကို သန့်စင်နိုင်ပါက နတ်ဝိညာဉ်အဆင့်အုတ်မြစ်မှာ အံ့မခန်း ပြောင်းလဲနိုင်မည်။ ပြင်ပလောကတွင် ဤကဲ့သို့သော ရတနာမျိုး လုံးဝမရှိချေ။
အင်မော်တယ်နယ်မြေ ပြည်နယ် (၄၉)ခုတွင်ပင် ၎င်းကိုထိပ်တန်း နတ်ဝိညာဉ် အဆင့် သဘာဝရတနာအဖြစ် သတ်မှတ်၏။
ဆဋ္ဌမမြောက်ဘဝ ဝမ်ယဲ့၏ အတွေ့အကြုံများအရ ဤစွမ်းအားသည် များစွာ သက်ရောက်မှုပေးသည်။ ယင်းကြောင့် စုရီသည် သူ့ကျင့်ကြံမှုကို ဖိနှိမ်ကာ စောင့်မျှော်နေခြင်း ဖြစ်လေသည်။
“ ဝုန်း ... ။ ”
စုရီတစ်ယောက် အတွေးများဖြင့် ခရီးဆက်နေစဉ် ရုတ်တရက် လေဟာနယ် လှိုင်းတွန့်များပေါ်လာပြီး လူရိပ်တစ်ရိပ် ထွက်ပေါ်လာသည်။
ဤသည်မှာ ဝါးရောင်ဝတ်စုံနှင့် ပိန်ပိန်ပါးပါး အဘိုးအိုတစ်ဦးဖြစ်သည်။ အဖိုးအိုသည် အလွန် သတိကြီးလှပြီး ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရတနာများစွာကိုထုတ်ယူကာ မိမိကိုယ်ကို ကာကွယ်ထားလေသည်။
ပေရာဂဏန်းအကွာ၌ ရပ်တန့်နေသော စုရီကိုမြင်သောအခါ ထိုအဘိုးအိုမှာ ခန္ဓာကိုယ် တောင့်တင်းသွားပြီး တာအိုတံဆိပ်ဖြင့် ချက်ချင်း ပစ်ပေါက်ရန် ပြင်လိုက်၏။
သို့သော် ထိုသို့မလုပ်ခဲ့ချေ။ သူ့လက်ကိုလေထဲရပ်တန့်ကာ အံ့အားသင့် ဝမ်းသာသွားပြီး၊
“ နန်းတော်သခင်ကွမ်ကျူး ... ။ ”
-ဟု အော်ဟစ်လိုက်တော့သည်။ စုရီက အဖိုးအိုထံ အကဲခတ်ကာ ပြန်မေးမြန်းလိုက်၏။
“ မင်းက ... ချီချန်နတ်ဆိုးဂိုဏ်းကလား။ ”
ဝါးရောင်ဝတ်စုံနှင့် အဘိုးအိုက ဝမ်းသာအားရခေါင်းညိတ်ကာ၊
“ နန်းတော်သခင် ဒီအဖိုးကြီးကို မှတ်မိနေတာပဲ။ ”
-ဟု ဆိုလိုက်သည်။ သူ့အမည်မှာ ကျောက်လျန်ချန်ဖြစ်ပြီး ချီချန်နတ်ဆိုးဂိုဏ်းမှ အကြီးအကဲတစ်ဦးဖြစ်၏။
ယခင်က စုရီ၏အကူအညီဖြင့် သူ့ခန္ဓာကိုယ်ပေါ်ရှိ ကျိန်စာစွမ်းအားများကို ဖယ်ရှားပစ်ခဲ့ဖူးသည်။ ယင်းကြောင့် ရတနာများ သိမ်းဆည်းကာ ရိုသေစွာ ဂါရဝပြုလိုက်၏။
စုရီမှ အရက်တစ်ငုံသောက်ကာ ကျောက်လျန်ချန်နှင့် စကားစမြည်ပြောကြားရန် စိတ်ကူးရသွားသည်။
ကျောက်လျန်ချန်က စုရီ၏ အစွမ်းဖြင့်ဆိုပါက ဤတတိယတိုက်ပွဲကွင်းမှာ ကစားကွင်းကဲ့သို့သာဖြစ်ပြီး ပထမတိုက်ပွဲကွင်း သို့ပင် အလွယ်တကူ ဝင်ရောက်နိုင်ကြောင်း မြှောက်ပင့်ပြောဆို၏။
“ ငါ မိုးပြာနဂါးတောင်ကိုသွားဖို့ စီစဉ်ထားတယ် မင်းလိုက်ခဲ့ချင်လား။ ”
စုရီက တိုက်ရိုက်ပင် မေးမြန်းလိုက်၏။ သို့သော် ကျောက်လျန်ချန်မှ ခေါင်းခါပြသည်။ သူသည် သူ့အရည်အချင်းကို အသိဆုံးဖြစ်၏။
ထိုကဲ့သို့ အန္တရာယ်များသော ဒေသသို့ စုရီ၏အရိပ်ကိုခိုကာ လိုက်သွားနိုင်သော်လည်း စစ်မှန်သောကောင်းကျိုးမရနိုင်ချေ။
ထိုတုန့်ပြန်မှုကြောင့် စုရီမှ စိတ်ဝင်စားသွားပြီး၊
“ ဒါဆို မင်းက ဒီပထမတိုက်ပွဲကွင်းမှာ ဘာလုပ်ဖို့ ရည်ရွယ်ထားလဲ။ ”
- ဟု မေးမြန်းလိုက်၏။ ကျောက်လျန်ချန်က ပြုံးလျက်၊
“ ဒီအဖိုးကြီးနဲ့ မိတ်ဆွေအချို့က တတိယတိုက်ပွဲကွင်းရောက်ရင် ကျင့်ကြံဖို့ အတွက် ဆုံးဖြတ်ထားပါတယ်။ ”
-ဟု ရှက်ရွံ့စွာ ပြန်ဖြေသည်။
“ ဒီအခွင့်အရေးဟာ နှစ်ပေါင်းများစွာ ကြာမှပြန်ရောက်လာရတဲ့ အခွင့်အရေးကြီးမိုလို့ ကျင့်ကြံမှုကိုပဲ အာရုံစိုက်ချင်ပါတယ် ကံကြမ္မာ ရှာဖို့အတွက် အချိန်အဖြုန်းချင်ပါဘူး။ ”
ထိုစကားကြောင့် စုရီမှ ခေါင်းညိတ်သည်။ တစ်ဖက်လူသည် ရှန်သန်ရန်အတွက် အဓိက ပေပင်။ အခွင့်အရေးရမှသာ ကံကြမ္မာကို ရယူမည်ဖြစ်သည်။
ဒိုမိန်းတိုက်ပွဲကွင်းတလျှောက်တွင် ကံကောင်းခြင်းများရှိသော်လည်း ထိုလမ်းသည် သွေးစွန်းသောငရဲခန်းလည်း ဖြစ်သည်။
ဤနေရာသို့ ဝင်လာသူတိုင်းမှာ မုဆိုးများဖြစ်နိုင်သလို သားကောင်များလည်း ဖြစ်သွားနိုင်သည်။ အဖိုးကြီး၏ ရွေးချယ်မှုသည် ပညာရှိသောရွေးချယ်မှုပေပင်။
“ တကယ်တော့ ဒီအဖိုးကြီးစိတ်ထဲမှာ မျှော်လင့်ချက်တစ်ခု ရှိတယ် ... အဲ့ဒါကတော့ နန်းတော်သခင်သာ တခြားနယ်ပယ်သုံးခုက ကျင့်ကြံသူတွေအားလုံးကို သတ်ပစ်နိုင်ရင် အရမ်းကောင်းမှာပဲ။ ”
ကျောက်လျန်ချန်က ဟာသအနေဖြင့် ပြောကြားလိုက်သည်။ စုရီမှ အလေးအနက် ခေါင်းရမ်းလိုက်ကာ၊
“ ငါ သူတို့ကိုပစ်ရင်တောင် မင်းတို့ရဲ့ အခြေအနေက ပြောင်းလဲသွားမှာ မဟုတ်ပါဘူး အဲ့ဒီအချိန်ကျရင် အရှေ့ဘက်ရွှမ်နယ်မြေက လူတွေအချင်းချင်း ပြန်သတ်ကြလိမ့်မယ်။ ”
ဤသည်မှာ လူ့သဘာဝပေပင်။ ထိုစကားကြောင့် အဖိုးအိုက တိတ်ဆိတ်သွား လေသည်။
“ မြန်မြန် ... ဟိုဘက်မှာ။ ”
“ အဲဒါဘာလဲ။ ”
“ ငါ မသိဘူး ... ရတနာဖြစ်နိုင်သလို သားကောင်လည်းဖြစ်နိုင်တယ် ငါတို့အရင်ဆုံး စီနီယာအစ်ကိုနဲ့ ဆုံကြဖို့လိုတယ်။ ”
ထိုစဉ် လေခွင်းသံများနှင့်အတူ အလင်းတန်းများပျံသန်းလာသည်။ ဤသည်မှာ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဖြစ်၏။
သူတို့က စုရီတို့နှစ်ဦး အနားမှ ဖြတ်သန်းသွားစဉ် သားကောင်ကိုမြင်သွားသော မုဆိုးများအလား အကြည့်များ စူးရှကုန်သည်။
“ ဒါ ... အရှေ့ဘက်ရွှမ်ဒေသက သားကောင်လေးတွေမဟုတ်လား ... ။ ”
ထိုစကားကြောင့် အဖိုးကြီးသည် ကြောက်လန့်ခြင်းမရှိဘဲ လှောင်ပြုံးဖြင့် သူတို့ထံ မော့ကြည့်နေခဲ့သည်။ ဤလူမိုက်များသည် နန်းတော်သခင်ကို သားကောင်အဖြစ် တကယ်ပင်ရှုမြင်ဝံ့သည်လော။
မည်မျှ စိတ်လှုပ်ရှားစရာကောင်းမည်နည်း။ သို့သော် သူ့ဆန္ဒမပြည့်ဝချေ။ တစ်စုံတစ်ဦးက အလျင်လိုလာပြီး၊
“ သွားရအောင် ငါတို့အစ်ကိုကြီးနဲ့တွေ့ဖို့ အလျင်လိုနေတယ်။ ”
-ဟု ဆိုကာ ဆက်လက်ပျံသန်းသွား၏။
စုရီက ထိုမြင်ကွင်းထံကြည့်နေခဲ့စဉ် အနောက်ဘက်နှင်းဒေသမှ ကျင့်ကြံသူများပင် ဖြစ်ကြောင်း တံဆိပ်ပြားမှ အချက်ပြလာသည်။
“ ဟမ့် ... ဒီကောင်တွေ သူတို့ သေမင်းတံခါးဝကို လာနင်းမိမှန်း မသိကြဘူး။ ”
“ ဖရူး ... ။ ”
ကျောက်လျန်ချန်က အားမလိုအားမရဖြင့် လှောင်ပြောင်လိုက်၏။ ထိုစဉ် သူ့တံဆိပ်ပြားမှ တုန်ခါသံပေးလာသောကြောင့် ဖတ်ရှုလိုက်ပြီး မျက်နှာပျက်ယွင်းသွားကာ၊
“ ဒုက္ခတော့ရောက်ပြီ ... ဒီအဖိုးကြီးရဲ့ သူငယ်ချင်းတွေ ဝိုင်းရံခံလိုက်ရပြီ ခွင့်ပြုပါဦး နန်းတော်သခင်။ ”
-ဟု ဆိုကာ နှုတ်ဆက်ထွက်ခွာတော့သည်။
စုရီက အဖိုးကြီး ဦးတည်နေသော အရပ်ထံ မျှော်ကြည့်ကာ၊
“ တိုက်ဆိုင်လိုက်တာ၊ ငါလည်း အဲ့ဒီကို သွားမှာ လမ်းကြုံတာနဲ့အတော်ပဲ မင်းနဲ့အတူ လိုက်ခဲ့ပေးမယ်။ ”
-ဟု ဆိုလိုက်၏။ ကျောက်လျန်ချန်ခမျာ ဝမ်းသာလွန်းသဖြင့် မျက်ရည်များ ဝဲလျက်ဖြင့် ရွှင်မြူးသွားလေသည်။
“ ကျေးဇူးတင်ပါတယ် နန်းတော်သခင်။ ”
ခဏအကြာတွင် နှစ်ယောက်သား ကျယ်ပြောလှသော လွင်ပြင်ကြီးတစ်ခုဆီသို့ ရောက်ရှိလာကြ၏။
အဝေးမှပင် ကောင်းကင်၌ ပြင်းထန်သောတိုက်ပွဲတစ်ခု ဖြစ်ပွားနေသည်ကို မြင်နိုင်ချေ၏။
***
အခန်း ၁၁၀၂ –
မရည်ရွယ်ဘဲ ရိတ်သိမ်းနိုင်ခြင်း။
တိုက်ပွဲဖြစ်ပွားနေသော နှစ်ဖက်အဖွဲ့မှာ လူအင်အားကွာခြားချက် အလွန်ကြီးမားလှ၏။ တစ်ဖက်တွင် လူခြောက်ယောက်ရှိပြီး ထိုအထဲ၌ စုရီနှင့်ကျောက်လျန်ချန်ကို သားကောင်အဖြစ် သတ်မှတ်ခဲ့သော အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ပါဝင်သည်။
အခြားတစ်ဖက်တွင်မူ လူနှစ်ယောက်သာရှိပြီး သူတို့၌ပြင်းထန်သော ဒဏ်ရာများဖြင့် သွေးများရွဲနစ်နေချေပြီ။
စုရီတို့ရောက်ရှိလာချိန်တွင် ထိုနှစ်ယောက်မှာ ဆက်၍မတောင့်ခံနိုင်တော့ဘဲ ဖမ်းဆီးခြင်းခံလိုက်ရသည်။ အနက်ရောင်ဝတ် လူတစ်ဦးက ကျောက်စိမ်းပုလင်းကိုထုတ်ကာ သူတို့ကိုပုလင်းထဲ သိမ်းဆည်းလိုက်၏။
“ စီနီယာလော့ယွမ် ... စီနီယာချန်ဟဲ။ ”
ထိုမြင်ကွင်းကြောင့် ကျောက်လျန်ချန်က စိုးရိမ်တကြီးအော်ဟစ်သည်။ အဖမ်းခံလိုက်ရသူ နှစ်ဦးမှာ သူ့မိတ်ဆွေများပေပင်။
“ မစိုးရိမ်နဲ့ ... သူတို့ မသေသေးဘူး။”
စုရီက တည်ငြိမ်စွာ ပြောကြားလိုက်၏။ ထိုသူနှစ်ဦးမှာ အရှင်ဖမ်းခံရခြင်းသာဖြစ်သဖြင့် အသက်အန္တရာယ် မရှိချေ။
“ ဟားဟားဟား ... နောက်ထပ်နှစ်ယောက် ရောက်လာပြီ။ ”
အဝေးမှ အနက်ရောင်ဝတ်စုံနှင့် အဘိုးအိုတစ်ဦးကလှောင်ပြုံးဖြင့် စုရီတို့နှစ်ဦးထံ လှည့်ကြည့်လာ၏။ သူ့ဘေးရှိ အမျိုးသားမှ မျက်ခုံးပင့်လျက်၊
“ ဒီနှစ်ယောက်က ငါတို့ဖမ်းထားတဲ့ အမှိုက်တွေနဲ့ တစ်ဖွဲ့တည်းထင်တယ်။ ”
-ဟု မှတ်ချက်ပေးလိုက်၏။ ယင်းကြောင့် ဝါးရောင်ဝတ်စုံနှင့် လူက သတ်ဖြတ်လိုစိတ်များ ပေါက်ကြားလာကာ၊
“ သူတို့ ဒီလောက်အထိ တုံးအပြီး လာအသေခံကြလိမ့်မယ်လို့ မထင်ထားမိဘူး ... အရှေ့ဘက်ရွှမ်ဒေသက လူတွေကတကယ်ပဲ မိုက်မဲကုန်ကြပြီထင်တယ်။ ”
-ဟု ခေါင်းခါလျက် ဆိုသည်။
“ သူတို့ကိုလည်း အရှင်ဖမ်းရအောင်။ ”
အနက်ရောင်ဝတ်စုံနှင့် အဖိုးအိုက ထိုသုံးယောက်ထံ စုရီတို့ကိုအရှင်ဖမ်းကြရန် အမိန့်ပေးလိုက်သည်။
“ နားလည်ပါပြီ ... အကြီးအကဲ။ ”
ဤနည်းဖြင့် သူတို့ဖမ်းမိထားသော သားကောင်များကို သူတော်စင်ပိုင်နင်းထံသို့ ဆက်သကာ ဆုလာဘ်များရယူနိုင်မည်။
စုရီက အရက်တစ်ငုံသောက်လိုက်ကာ ရှေ့သို့တိုးလာသောသုံးယောက်ထံ ဂရုမစိုက်ဘဲ အချင်းအရာအချို့ကို စဉ်းစားနေခဲ့၏။
“ ဝှစ် ... ။ ”
“ ကောင်လေး ဒူးထောက်ပါ။ ”
ဓားတစ်လက်၊ လှံတစ်စင်းနှင့် ထူးဆန်းသောလက်နက်တစ်ခုတို့ လျှပ်တပြက် တိုးဝင်လာခဲ့ချေပြီ။
သို့သော် ထိုလက်နက်များသည် စုရီနှင့် ပေ(၃၀)အကွာ၌ မမြင်ရသော လက်တစ်ဖက်က ဖမ်းဆုပ်ထားသကဲ့သို့ရပ်တန့်ကုန်၏။
“ ဟမ့် ... ။ ”
“ ဘာတွေဖြစ်နေတာလဲ။ ”
“ ခရစ် ... ။ ”
“ အဟွတ် အဟွတ် ... ဝေါ့။ ”
သုံးယောက်သား အံ့အားသင့်သွားစဉ် စုရီမှမော့ကြည့်ပြီး လက်ဝှေ့ရမ်းခဲ့ရာချက်ချင်း စက္ကူကဲ့သို့ကြေမွသွားပြီး သုံးယောက်သား သွေးအန်လွင့်ထွက်သွားကြတော့၏။
“ ဝှစ် ... ။ ”
“ ဘန်း ဘန်း ဘန်း ... ။ ”
ယင်းသည် အဆုံးမဟုတ်ချေ။ စုရီမှ နောက်ထပ် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ထိုသုံးယောက်သည် လေထဲ၌ပင် ပေါက်ကွဲ သေဆုံးသွားတော့သည်။
ကျောက်လျန်ချန်တစ်ယောက် ထိတ်လန့်သွား၏။ နန်းတော်သခင်၏ အစွမ်းမှာ အံ့မခန်းချေ။ အထွတ်အထိပ်နတ်ဝိညာဉ်အဆင့် သုံးဦးပင် အစအနပင် မကျန်အောင် အလွယ်တကူ သုတ်သင်နိုင်ချေ၏။
“ ဒါ ... ။ ”
အဝေးမှ အနက်ရောင်ဝတ်စုံနှင့် အဖိုးကြီးခမျာ ကြောက်လန့်တုန်ရီသွားသည်။ စက္ကန့်ပိုင်းအတွင်း သူ့လူသုံးယောက်ကို အမှုန့်ဖြစ်သွားစေ၏။
ယင်းသည် တိုက်ပွဲမဟုတ်တော့ချေ။ တစ်ဖက်သတ်သတ်ခြင်းပေပင်။ ထို့ကြောင့် အချင်းချင်း အချက်ပြကာ လှည့်ပြေးတော့၏။
“ ဟမ့် ... ။ ”
သို့သော် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုသည် သူတို့ကိုခြေတစ်လှမ်းပင် မရွေ့နိုင်တော့အောင် ကန့်သတ်လိုက်ချေပြီ။ လေထုအလယ် ကျောက်ရုပ်များဖြစ်ကုန်၏။
ထိုစဉ် စုရီက လေထဲလှမ်းတက်လာရာ လူတိုင်း၏နဖူးတွင် ချွေးစေးများစီးကျလာသည်။ ဤခြေလှမ်းတစ်လှမ်းသည် တောင်ကြီး တစ်လုံးကဲ့သို့ ခံစားရချေပြီ။
သူတို့သည် မည်သို့သော နတ်ဘီလူးတစ်ပါးကို ရန်စမိလိုက်သနည်း။ စုရီက အနက်ဝတ်အဖိုးအိုထံမှ ကျောက်စိမ်း ပုလင်းလှမ်းယူလိုက်ပြီး အတွင်းမှ လူလေးဦးကို မြေပြင်ပေါ်သို့ ဆင်းသက်စေလိုက်၏။
ဤသည်မှာ ကျောက်လျန်ချန်၏ သူငယ်ချင်းနှစ်ယောက်နှင့် အခြားသော ကျင့်ကြံသူနှစ်ဦးဖြစ်သည်။
“ မင်းတို့က ပြိုင်ဘက်တွေကို သတ်ရင် စုဆောင်းမှတ်ရမယ်မဟုတ်လား ဘာလို့သူတို့ကို အသက်ရှင်လျက် ဖမ်းနေရတာလဲ။ ”
စုရီက ကန့်သတ်မှုကို ဖြေလျော့ကာ နားမလည်ဟန်ဖြင့် မေးမြန်းလိုက်၏။ လူတိုင်း ခဏမျှတိတ်ဆိတ်သွားပြီး အသက်လတ်ပိုင်း အရွယ်အမျိုးသားက၊
“ ငါဖြေပေးရင် … ။ ”
-ဟု စကားစ၏။
“ ဝှစ် ... ။ ”
“ ဘောင်း ... ။ ”
သို့သော် စုရီမှ သူ့လက်ကိုလေထဲ ပေါ့ပေါ့တန်တန် ဝှေ့ယမ်းလိုက်ပြီး ထိုလူကို ပြာအဖြစ်ပြောင်းလဲလိုက်၏။
ဤမြင်ကွင်းသည် သူ့အဖော်များကို ကြောက်ရွံ့မှု၊ ထိတ်လန့်မှုနှင့် တုန်လှုပ်မှုများ ပြည့်နှက်လာစေ၏။
သည်မျှ ကြောက်စရာကောင်းသော နတ်ဝိညာဉ်အဆင့် လူငယ်တစ်ယောက်သည် အရှေ့ဘက်ရွှမ်ဒေသတွင် မည်သည့်အချိန်မှ ထွက်ပေါ်လာသနည်း။
“ မင်း ... ငါ့ကိုဖြေပါ။ ”
စုရီက အနက်ဝတ် အဖိုးကြီးထံ မေးမြန်းလိုက်သည်။ အနက်ဝတ်အဘိုးကြီးမှ ထိတ်လန့်တကြား ပြန်လည်ဖြေကြား၏။
“ သခင်လေး ... ငါတို့အားလုံးက သူတော်စင်ပိုင်နင်းရဲ့ လက်အောက်ခံတွေပါ ဒီနှစ်မကုန်ခင် ပထမတိုက်ပွဲကွင်းထဲဝင်နိုင်ဖို့ အတွက် သူတော်စင်ပိုင်နင်းက ရမှတ်တွေ လိုအပ်ပါတယ် ...
... ဒီအတွက် ငါတို့လိုအစေခံတွေက သူမသတ်နိုင်အောင်လို့ လူတွေကိုဖမ်းဆီးပြီး စုဆောင်းပေးရပါတယ်။ ”
ထိုစကားကြောင့် စုရီမှ မျက်ခုံးပင့်လိုက်၏။
“ သူ့ခွန်အားက ဘယ်အဆင့်လဲ။ ”
“ သူမသာ ဆန္ဒရှိရင် တာအိုပေါင်းစည်းမှုအဆင့်ကို ချက်ချင်းကို ဝင်ရောက်နိုင်နေပါပြီ တတိယတိုက်ပွဲကွင်း ...
... နတ်ဝိညာဉ်အဆင့် ရတနာတွေနဲ့ အကြီးမားဆုံးကံကောင်းမှုတွေကို ရရှိဖို့အတွက် ကျင့်ကြံမှုကိုဖိနှိမ်ထားတာပါ။ ”
“ ဒါဆိုရင်တော့ တကယ် တိုက်ဆိုင်တာပဲ။ ”
စကားဆုံးသည်နှင့် ကျန်ရှိနေသော ရန်သူနှစ်ဦးကို အစအနမကျန်အောင် ဖျက်ဆီး ပစ်လိုက်တော့၏။
ကျောက်လျန်ချန်နှင့် သူငယ်ချင်းများမှာ စုရီကို အလွန်ကျေးဇူးတင်ကုန်သည်။ စုရီမှာမူ ဤသည်မှာ သာမန်ကိစ္စမျှသာ ဖြစ်သဖြင့် နှုတ်ဆက်ပြီး မိုးပြာနဂါးတောင်သို့ ခရီးဆက်လာခဲ့သည်။
လမ်းခရီးတွင် တစ်ယောက်တည်း ခရီးသွားနေသဖြင့် အခြားသောနယ်ပယ်များမှ ကျင့်ကြံသူများသည် သူ့ကိုသားကောင်အဖြစ် ထင်မှတ်ကာ အကြိမ်ကြိမ်လာရောက် ဖမ်းဆီးရန်ကြိုးစားကြ၏။
သို့သော် လူတိုင်းအသက်ရှင်လျက် ပြန်သွားနိုင်ခြင်းမရှိခဲ့ချေ။ စုရီလက်ချက်ဖြင့် အမှုန်အဖြစ် အသက်ပျောက်ကုန်သည်။
ဤနည်းဖြင့် စုရီက တိုက်ပွဲဝင် ရမှတ်များသည် တရိပ်ရိပ်မြင့်တက်လာချေပြီ။ ထိုဖြစ်ရပ်သည် မရည်ရွယ်ဘဲ စိုက်ပျိုးမိသော မိုးမခပင်တစ်ပင်လိုပေပင်။
“ နောက်ထပ် နာရီဝက်လောက်ဆိုရင် မိုးပြာနဂါးတောင်တန်းကို ရောက်ပြီ။ ”
စုရီက အဝေးသို့မျှော်ကြည့်ကာ ရေရွတ်လိုက်၏။ သို့သော် အဖျက်စွမ်းအင်များ ရုတ်တရက် ပြန့်ကားလာသည်ကို မြင်လိုက်ရ သဖြင့် မျက်ခုံးပင့်လိုက်မိလေသည်။
“ ငါတို့ အရှေ့ဘက်ရွှမ်ဒေသရဲ့ ... နန်းတော်သခင်ကွမ်ကျူးသာ ဒီမှာရှိနေခဲ့ရင် ... မင်းတို့အားလုံးကို ပုရွက်ဆိတ်တွေလို သတ်ပစ်နိုင်လိမ့်မယ်။ ”
“ ဟားဟားဟား ... ။ ”
တစ်စုံတစ်ဦးမှ ဒေါသတကြီး အော်ဟစ်သံဖြစ်သည်။ ထိုစကားသံအဆုံးတွင် လှောင်ပြောင်ရယ်မောသံများ ပေါ်လာ၏။
မြောက်ပိုင်းကြယ်ဒေသမှ ကျင့်ကြံသူတစ်စုသည် အရှေ့ဘက်ရွှမ်ဒေသ၏ ကျင့်ကြံသူသုံးဦးကို ဝိုင်းရံထားခြင်းပေပင်။
“ သေခါနီးသားကောင်ရဲ့ ခြိမ်းခြောက်မှုက တကယ်ရယ်စရာကောင်းတာပဲ နန်းတော်သခင် ကွမ်ကျူးဟုတ်လား ငါဘာလို့ သူ့နာမည် မကြားဖူးရတာလဲ ...
.. အရင်တုန်းက မှတ်တမ်းတွေအရဆိုရင် မင်းတို့အရှေ့ဘက်ရွှမ်ဒေသရဲ့ ကျင့်ကြံသူတိုင်း ဒိုမိန်းကွင်းအဆင့်မှာ အမြဲတမ်းအောက်ဆုံး မဟုတ်လား။ ”
ပြင်းထန်သော တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားပြီးနောက် အရှေ့ဘက်ရွှမ်ဒေသထံမှ ကျင့်ကြံသူသုံးဦးမှာ ပိတ်မိသွားပုံပေပင်။
ပျက်စီးယိုယွင်းမှုများမှာ နေရာအနှံ့ ပျံ့ကျဲနေ၏။ ထိုစဉ်ဝတ်စုံဖြူနှင့် အမျိုးသားက စုရီကိုသတိပြုမိသွားပြီး လှည့်ကြည့်လိုက်ကာ၊
“ တစ်ယောက်ယောက် လာနေတယ်။ ”
-ဟု သတိပေးလိုက်သည်။
အဝေးတွင် ကျောက်စိမ်းရောင်ဝတ်စုံနှင့် လူငယ်တစ်ဦး ဖြည်းညှင်းစွာ လျှောက်လှမ်းလာ နေသည်ကို မြင်လိုက်ရ၏။ ခြေတစ်လှမ်းသည် ပေတစ်ရာကျယ်ချေပြီ။
“ ဟမ့် ... အရှေ့ဘက်ရွှမ်ဒေသရဲ့ နောက်ထပ်သားကောင်လေး တစ်ကောင်ပါလား သူက ဘာလုပ်မလို့ ကြိုးစားနေတာလဲ။ ”
မြောက်ပိုင်းကြယ်ဒေသကြီးမှ ကျင့်ကြံသူများမှာ အံ့အားသင့်သွားကြသည်။ ဦးနှောက်ရှိသူမှန်လျှင် ဤအခြေအနေမျိုးတွင် အနားသို့ လာဝံ့မည်မဟုတ်ချေ။
သို့သော် တစ်ဖက်လူသည် မည်သည့်အရာကိုမျှ ဂရုမစိုက်သည့်အလား သူတို့ထံ လျှောက်လှမ်းလာနေသည်။
“ နန်းတော်သခင်လား ... ။ ”
ဝိုင်းရံခံထားရသူသုံးဦးအနက် တစ်ဦးက စုရီကိုမှတ်မိသွားကာ ဝမ်းသာအားရ အော်ဟစ် လိုက်တော့သည်။
သို့မှသာ ကျန်နှစ်ဦးသည်လည်း မှတ်မိသွားပြီး ပျော်ရွှင်မှုများဖြင့် မျက်နှာများ ဝင်းပကုန်တော့၏။ ယနေ့တွင် သူတို့အားလုံး ကယ်တင်ခံလိုက်ရပြီ ဖြစ်လေသည်။
သူတို့၏ ရန်သူများအတွက်မူ စိတ်မကောင်းဖြစ်သွားမိ၏။ ယင်းကြောင့်ပင် မြောက်ပိုင်းကြယ်ဒေသမှ ကျင့်ကြံသူများသည် သံသယများဖြင့် စုရီထံစစ်ဆေးတော့သည်။
***