ပိုင်ချန်းကျိုက်
Vol. 20 Ch. 267
ထိုဓားချက်တွင် စုမင်၏စွမ်းအားအကုန် ပါဝင်နေပေသည်။
ထိုဓားချက်ထုတ်ဖော်ပြီးချိန်တွင် စုမင်ခန္ဓာကိုယ်က ရေခဲရုပ်တုတစ်ခုသဖွယ် အေးခဲသွားသည်။ သူ့စိတ်ထဲတွင်တော့ လူရိုင်းအဘိုးအိုကိုသတ်ရန် အတွေးတစ်ခုတည်းသာ ရှိတော့ချေသည်။
စုမင်ခန္ဓာကိုယ် ကျဆင်းလာပြီး ဓားရှည်သည် အဘိုးအို၏ခေါင်းနှင့် ပေဒါဇင်အနည်းငယ်ခန့်သာ ကွာဝေးတော့ချိန်တွင် အဘိုးအို၏မျက်လုံးများက ရုတ်တရက်တောက်ပသွားပြီး သူ့နှုတ်ခမ်းများထက်တွင်လည်း ရက်စက်ကြမ်းကြုတ်သော အပြုံးတစ်ခုက နောက်တစ်ကြိမ်ပြန်လည်ဖြစ်ပေါ်လာခဲ့သည်။ ယခင်က သူ့မျက်နှာပေါ်တွင်ရှိနေခဲ့သော ထိတ်လန့်မှုများလည်း ပျောက်ကွယ်သွားခဲ့ချေပြီ။
“ဒီတော့ မင်းက မာန်စွမ်းအားရှင်မျိုးနွယ်စုရဲ့ စစ်နတ်ဘုရားတစ်ယောက်ပေါ့။ မင်းက နောက်ဆုံးတော့ပေါ်လာပြီပဲ။ ကြည့်ရတာ ဒီဓားချက်က မင်းရဲ့နောက်ဆုံးလှုပ်ရှားမှု ဖြစ်လိမ့်မယ်”
အဘိုးအိုက ခေါင်းမော့ကြည့်လိုက်ကာ ညာလက်ကိုမြှောက်၍ တိုးဝင်လာနေသော စုမင်ထံ ညွှန်ပြလိုက်သည်။
သူသည် အစောလေးက ဝိညာဉ်လုယက်ကြောင့် အမှန်ပင်အေးခဲရပ်တန့်နေခဲ့ခြင်းသလို ဝိညာဉ်လုယက်နှင့် စုမင်၏နတ်ဘုရားအာရုံတို့ကြောင့်လည်း အမှန်တစ်ကယ် ထိတ်လန့်တုန်လှုပ်နေခဲ့ရခြင်း ဖြစ်သော်ငြား သူ့စွမ်းအားက စုမင်နှင့်နှိုင်းယှဉ်လျှင် အလွန်သန်မာနေခဲ့ချေသည်။ သူ အေးခဲရပ်တန့်နေခဲ့လျှင်ပင် ထိုအရာက တစ်ခဏသာကြာမြင့်နိုင်ပေသည်။ ထို့ကြောင့်ပင် စုမင်တိုးဝင်လာချိန်၌ သူ့လှုပ်ရှားနိုင်စွမ်းကို ပြန်လည်ရရှိလာခြင်းဖြစ်သည်။
သို့သော် စုမင်ပြုလုပ်ခဲ့သော ထူးဆန်းသည့်အရာများကြောင့် သူ၏ အံ့အားသင့်နေသောစိတ်ထဲတွင် ကြောက်ရွံ့မှုအရိပ်အမြွက်တစ်ခု ဖြစ်ပေါ်နေခဲ့ခြင်းကြောင့်သာ ရုန်းကန်နေရသည့်ပုံစံမျိုးဖြင့် သူ့ကိုယ်သူ ထိန်းသိမ်းထားခဲ့ခြင်းဖြစ်၏။ သူ စုမင်ကိုမကြောက်ရွံ့သော်လည်း စုမင်ထံတွင် နောက်ထပ်ထူးဆန်း၍ ထိတ်လန့်စရာနည်းလမ်းများ ရှိနေသေးမည်ကိုတော့ ကြောက်ရွံ့ပေသည်။
စုမင်အပေါ် သူ၏စကားလုံးများသည် မထီမဲ့မြင်ပြုခြင်းများဖြင့် ပြည့်နှက်နေပုံပေါ်သော်ငြား အမှန်တစ်ကယ်တွင်မူ သူတို့ စတင်တိုက်ခိုက်ခဲ့ချိန်တည်းကပင် စုမင်အား သူ အလွန်မြင့်မားစွာ အသိအမှတ်ပြုထားခဲ့ပြီး ဖြစ်သည်။ သူ့အသက်အရွယ်နှင့်ဆိုလျှင်၊ သူအမှန်တစ်ကယ်တွေးတောနေသည်များက ့အမူအယာထဲတွင်ထင်ဟပ်မနေသည့် အကြိမ်များစွာရှိနေပေပြီ။ သူ့မျက်နှာထက်တွင် မထီမဲ့မြင်ပြုမှုများကို ဖော်ပြထားသော်လည်း သူ၏ အစစ်အမှန်အတွေးများတွင်တော့ စုမင်အပေါ် မြင့်မားသောထင်မြင်ချက်များသာ ရှိနေခဲ့၏။ သို့သော် သူမတိုက်ခိုက်ရသေးခင်အချိန်အထိတော့ ၎င်းတို့ကိုထုတ်ဖော်ပြသမည် မဟုတ်ပေ။
မျိုးနွယ်စုတစ်စု၏ ဘိုးဘေးခေါင်းဆောင်တစ်ဦးအနေနှင့် သူ့ဦးခေါင်းအား အတွေးများ ဗလာဟင်းလင်းဖြစ်သွားစေနိုင်မည့် နည်းလမ်းမရှိချေ။
နောက်ဆုံး စုမင်ထွက်ပေါ်လာပြီး သူ့ကိုခုတ်ချရန်ကြိုးစားလိုက်ချိန်တွင် သူ့စိုးရိမ်ပူပန်မှုများ ပျောက်ကွယ်သွားခဲ့သည်။ အဘိုးအိုသည် သူ၏အစစ်အမှန်ရည်ရွယ်ချက်ကို ထုတ်ဖော်ခြင်းမပြုခဲ့ပဲ ပြိုင်ဘက်ကို အခွင့်အရေးပေးလိုက်သည့် သဘောပင်ဖြစ်သည်။ ကိုယ့်ရန်သူ မလှုပ်ရှားနိုင်သည့် အခြေအနေမျိုးတွင် မည်သူမဆို သူတို့၏စွမ်းအားကိုအပြည့်သုံးလျက် အပြင်းထန်ဆုံးသော လှုပ်ရှားမှုဖြင့် ရန်သူကိုတိုက်ခိုက်ပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ဤအရာသည် သူတို့အတွက် တစ်ခုတည်းသော အခွင့်အရေး ဖြစ်သွားနိုင်သောကြောင့်ပင်။ သူသာ စုမင်နေရာတွင်ဆိုလျှင် အလားတူအရာမျိုးကိုပင် ပြုလုပ်လိမ့်မည်ဖြစ်ကြောင်း အဘိုးအိုကယြုံကည်ပေသည်။
ထို့ကြောင့်ပင် စုမင်ဓားရှည်ကို လွှဲယမ်းလိုက်ချိန်၌ အဘိုးအို၏စိုးရိမ်ပူပန်မှုများ ပျောက်ကွယ်သွားခဲ့ရခြင်း ဖြစ်သည်။ ရက်စက်ကြမ်းကြုတ်စွာ ပြုံးရင်း သူစုမင်ထံညွှန်ပြလိုက်သည်။ သူ့လက်ချောင်းကိုလှုပ်ရှားလိုက်သည်နှင့် ၎င်းအားအနက်ရောင်အကြေးခွံများက အလျင်အမြန်ဖုံးအုပ်သွားခဲ့သည်။ ခဏအတွင်းမှာပင် ထိုလက်ချောင်းသည် လူတစ်ဦး၏လက်ချောင်းနှင့် မတူတော့ပဲ သားရဲရိုင်းတစ်ကောင်၏ လက်ချောင်းသဖွယ် ပြောင်းလဲသွားချေသည်။
သူ့လက်ချောင်းပေါ်ရှိ အကြေးခွံများက နက်မှောင်၍ သွေးဆာရက်စက်သော အရှိန်အဝါများကို ထုတ်လွှတ်လိုက်ကြသည်။ သူ့လက်ချောင်းဖြင့် လေထဲသို့ ထိလိုက်သည်နှင့် ၎င်းက စုမင်ဓားရှည်နှင့် တိုက်မိသွားခဲ့သည်။
လေထဲတွင် ပေါက်ကွဲမြည်ဟည်းသံများ ပဲ့တင်ထပ်သွားသည်။ စုမင်၏ အေးခဲကောင်းကင်ဓားရှည်ကို ဖုံးအုပ်ထားသောရေခဲများပေါ်တွင် များစွာသောအက်ကြောင်းများ ဖြစ်ပေါ်လာခဲ့သည်။ ထိုအက်ကြောင်းများက ပျံ့နှံ့သွားပြီး နှစ်ဖက်ကိုင် အေးခဲကောင်းကင်ဓားရှည်ကြီးအား အပိုင်းပိုင်းပျက်စီးသွားစေသည်။ အက်ကြောင်းများ ပျံ့နှံ့နေရာမှ ရပ်တန့်သွားချိန်တွင်တော့ လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ရသောဓားရှည်သည် သာမန်ဓားရှည်အဖြစ် ပြန်လည်ပြောင်းလဲသွားခဲ့ချေပြီ။ သို့သော် ဓားရှည်ပေါ်တွင် အက်ကြောင်းကြီးတစ်ခု ရှိနေဆဲပင်ဖြစ်သည်။
အဘိုးအို၏ လက်ချောင်းမှစွမ်းအားအောက်တွင် စုမင်လက်များကိုဖုံးအုပ်ထားသော ရေခဲလွှာများပေါက်ကွဲပျက်စီးသွားပြီး သူ့ခန္ဓာကိုယ်အခြားအစိတ်အပိုင်းများမှ ရေခဲများတွင်လည်း အက်ကြောင်းများ ဖြစ်ပေါ်လာခဲ့သည်။ အက်ကြောင်းများ သူ့ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွားပြီးသည်နှင့် ရေခဲအလွှာသည် ပေါက်ကွဲသံတစ်ချက်နှင့်အတူ ပြိုကွဲသွားတော့သည်။
၎င်းရေခဲလွှာ ပျက်စီးသွားသည်နှင့် ထိုအေးစက်၍ ကြောက်မက်ဖွယ်အရှိန်အဝါသည် သူ့အားနောက်တစ်ကြိမ်ပြန်လည်ဝန်းရံလာသည်ဟု စုမင်ခံစားလိုက်ရ၏။ ၎င်းတို့သည် သူ့ကိုယ်အတွင်းသို့ တိုးဝင်လာပြီး ကိုက်ဝါးသံများနှင့် ပြည့်နှက်နေသည့် ထူးဆန်းသောအသံတစ်သံကို နားထဲတွင် ထပ်မံ ကြားလိုက်ရချေသည်။
စုမင် ပါးစပ်ကိုဖွင့်ကာ သွေးများအန်ထုတ်လိုက်ရ၏။ ထိုစွမ်းအားသည် သူ့ခန္ဓာကိုယ်ထဲသို့ အတင်းဝင်ရောက်လာသဖြင့် စုမင်မျက်နှာက ဖြူရော်သွားပြီး မျက်လုံးများကမှုန်မှိုင်းသွားခဲ့သည်။ သူ လေထဲမှာပင် နောက်သို့လွင့်ထွက်သွားပြီး သူ့ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသော စစ်နတ်ဘုရားချပ်ဝတ်သည်လည်း စတင်ပြိုကွဲလာပြီးနောက် အလျင်အမြန်ပြန်ကောင်းလာသော်ငြား အဆုံးတွင်မူ ပြိုကွဲပျက်စီးသွားခဲ့ရပြီး သူ့ခန္ဓာကိုယ်အတွင်းမှ သွေးမြူများပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ သူ့ရင်ဘတ်မှ ဒဏ်ရာသည်လည်း ပြန်လည်ပွင့်ထွက်သွားပြီး လေထဲသို့သွေးများပန်းထွက်သွားချေသည်။
စုမင် ဘန်းခနဲ မြေပေါ်သို့ပြုတ်ကျသွားခဲ့ပြီး သူ့အနောက်တွင် သစ်ပင်တစ်ပင်ရှိနေခဲ့သည်။ ထိတ်လန့်ဖွယ် စွမ်းအားကြောင့် သူလဲပြိုကျသွားချိန်တွင် ပါးစပ်မှ နောက်တစ်ကြိမ်သွေးများ စီးကျလာပြန်သည်။ သူ့မျက်လုံးများသည် တောက်ပမှုများ ဆုံးရှုံးသွားပြီးဖြစ်ကာ အဘိုးအိုကိုလှမ်းကြည့်လိုက်ရင်းမှ သစ်ပင်ကိုမှီနိုင်ရန် ကြိုးစားရုန်းကန်လိုက်ရသည်။
စုမင်ညာလက်က သူ့ဘေးတွင်လျော့တိလျော့ရဲ လက်သီးဆုပ်ထားခဲ့သည်။ သို့သော် မည်သူကမှ သူ့လက်သီးဆုပ်ကို မြင်ရလိမ့်မည်မဟုတ်ပဲ သူ၏ စွမ်းအားမဲ့စွာ ရုန်းကန်နေသည့်ပုံကိုသာ တွေ့မြင်ကြပေလိမ့်မည်။
အဘိုးအို၏လက်ချောင်းထဲတွင် ပါဝင်သော စွမ်းအားသည် သာမန်သာဖြစ်ပုံပေါ်သော်လည်း အမှန်တစ်ကယ်တွင်မူ အဘိုးအိုက သူ၏စွမ်းအားအကုန်ကို ထိုလက်ချောင်းထဲတွင် စုဝေးထားခဲ့ခြင်းဖြစ်သည်။ သူ့လက်ချောင်းမှာ ဤတိုက်ခိုက်မှုတစ်ခုကိုသာ စုမင်ဆန့်ကျင်တိုက်ခိုက်နိုင်ခဲ့မည်ဆိုလျှင် အဘိုးအို၏ အခြားနတ်ဘုရားစွမ်းရည်များအားလုံးကိူလည်း သူပြန်လည်တိုက်ခိုက်နိုင်ပေလိမ့်မည်။
ထိုအရာသည် သူ့လက်ချောင်းမှ ထိုးနှက်တိုက်ခိုက်မှုတစ်ခုသာ ဖြစ်ပုံပေါ်သော်လည်း အမှန်တစ်ကယ်တော့ အဘိုးအိုတွင်ရှိသမျှ အရာအားလုံးပင်ဖြစ်သည်။
သူတို့အကြား ကြီးမားလွန်းသော စွမ်းအားကွာဟချက်ကြောင့်သာ စုမင် ထိုတိုက်ခိုက်မှုကို ဆန့်ကျင်ခုခံနိုင်ရန် အစွမ်းမရှိဖြစ်ခဲ့ရခြင်း ဖြစ်သည်။
အဘိုးအိုက ညာလက်ကိုဖြည်းညင်းစွာ ပြန်ချလိုက်သည်။ ထိူသို့လုပ်လိုက်သည်နှင့် ယခင်ကအကြေးခွံများ ဖုံးအုပ်နေသော သူ့လက်ချောင်းက သာမန်ပြန်ဖြစ်လာခဲ့၏။ အောက်သို့ လုံးလုံးလျားလျား လက်ချပြီးချိန်တွင်တော့ သူ့လက်ချောင်းသည် လူသားတစ်ဦး၏ လက်ချောင်းပုံစံမျိုး ပြန်လည်ရရှိသွားခဲ့ချေပြီ။
သူ့လက်ချောင်းပေါ်တွင် ခပ်ပါးပါးဒဏ်ရာလေးတစ်ခု ဖြစ်ပေါ်နေပြီး သွေးတစ်စက် စီးကျလာခဲ့သည်။ အဘိုးအိုက လက်ချောင်းကိုပါးစပ်ထဲသို့ထည့်ကာ ထိုသွေးများကိုလျက်ပစ်လိုက်သည်။ ထို့နောက် ရက်စက်ကြမ်းကြုတ်စွာပြုံး၍ သစ်ပင်ကိုမှီကာ ထိုင်နေသော စုမင်ထံလျှောက်လှမ်းလာခဲ့သည်။
“ဒီလိုပါရမီမျိုးက အလဟသဖြစ်သွားတော့မှာ စိတ်မကောင်းစရာပဲ။ မင်းဆရာက မင်းကို လူရိုင်းမျိုးနွယ်စုဆီ ဘယ်လိုတောင်တစ်ယောက်တည်း လာခိုင်းရက်ရတာလဲ... သူက ပစ္စည်းကောင်းတစ်ခုကို ငါ့ဆီအလွယ်တကူ ပေးလိုက်တာပဲ။ အဲလိုမဟုတ်ပဲ မင်းမှာသာ အချိန်ပိုရှိပြီး ငါ့ထက်ကျင့်ကြံဆင့် မြင့်သွားခဲ့မယ်ဆိုရင် နောက်တစ်ကြိမ်ပြန်တွေ့တဲ့အခါ ငါကမင်းရဲ့ပြိုင်ဘက်တောင် ဖြစ်တော့မှာမဟုတ်ဘူး”
“မင်းသာ အမှန်တစ်ကယ် လွတ်မြောက်သွားခဲ့မယ်ဆိုရင်၊ လူရိုင်းမျိုးနွယ်စုနဲ့ တိုက်ခိုက်ရတဲ့အတွေ့အကြုံတွေ မင်းရသွားလိမ့်မယ်။ နောက်တစ်ကြိမ် ငါမင်းကိုပြန်တွေ့တဲ့အခါကျ မင်းကိုလိုက်ဖမ်းဖို့ ကြိုးစားရတာတောင် အတော်ခက်ခဲသွားလိမ့်မှာ”
“ဝိညာဉ်စုဆောင်း ပုလဲ၊ နတ်ဘုရား စိတ်အာရုံ၊ စစ်နတ်ဘုရား၊ ပြီးတော့ လူရိုင်းမျိုးနွယ်စုရဲ့ ပုံစံတစ်မျိုး ပါဝင်နေတဲ့ အဲဒီစုတ်ချက်ထဲက စွမ်းအား... မင်းမှာ ဘယ်လောက်တောင် လျှိူ့ဝှက်ချက်တွေရှိနေတာလဲ”
အဘိုးအိုက စုမင်ထံသို့ ဖြည်းဖြည်းချင်း နီးကပ်လာသည်။
သူ့အကြည့်သည် စုမင်အား ပိုင်းဖြတ်နေသည့်ဓားတစ်ချောင်းကဲ့သို့ပင်။ ထိုသို့လုပ်ပါက ဤလူငယ်လေးသည် ပြန်လည်တိုက်ခိုက်နိုင်မည့် စွမ်းရည်အားလုံး ပျောက်ဆုံးသွားလိမ့်မည်ဟု သူသေချာထင်မှတ်နေခဲ့ချေသည်။
“အိုး... ဟုတ်သားပဲ။ မင်းရဲ့ ခန္ဓာကိုယ်နဲ့ အရှိန်အဝါကို ဖုံးကွယ်ဖို့ သုံးခဲ့တဲ့ ပစ္စည်းလည်းရှိသေးတယ်။ အဲဒါတွေအားလုံးက ငါ့အပိုင်ဖြစ်တော့မှာပဲ... မကြောက်ပါနဲ့၊ ငါမင်းကိုမသတ်ရက်ပါဘူး... ငါက မင်းကို လူရိုင်းရုပ်သေးအဖြစ်ပဲ ပြောင်းမှာပါ”
အဘိုးအိုက စုမင်ဘေးသို့ရောက်ရှိလာပြီး ငုတ်တုတ်ထိုင်ချလိုက်သည်။ သူ စုမင်ကိုကြည့်လိုက်မိချိန်တွင် သူ့မျက်နှာပေါ်ရှိ အပြုံးသည် နှလုံးသားအတွင်းမှ သဘောကျနှစ်ခြိုက်မှုများကို ဖုံးကာထားနိုင်ခြင်း မရှိတော့ချေ။
စုမင်မျက်လုံးများသည် မှုန်မှိုင်းနေသော်လည်း ၎င်းတိုအထဲတွင် အေးဆေးတည်ငြိမ်မှုများ ရှိနေဆဲဖြစ်သည်။ သူ့နှုတ်ခမ်းမှသွေးများကို သုတ်ပစ်လိုက်ပြီး အဘိုးအိုနှင့် အကြည့်ချင်းဆုံစေလိုက်သည်။
“မင်းမျက်လုံးတွေထဲက အမူအယာက တော်တော်လှတာပဲ။ ငါမင်းကို ရုပ်သေးရုပ်အဖြစ် ပြောင်းတဲ့အခါကျရင်၊ မင်းမျက်လုံးတွေထဲမှာ အဲလိုအမူအယာမျိုးကျန်နေအောင် သေချာလုပ်ပေးပါ့မယ်”
“ခင်ဗျားတို့ ကျွန်တော့ကို ဘယ်လိုရှာတွေ့တာလဲ” စုမင် အက်ကွဲစွာမေးလိုက်ချိန်တွင် သူ့အသံက မယုံနိုင်လောက်အောင်ပင် အားနည်းဖျော့တော့စွာ ထွက်ပေါ်လာခဲ့သည်။
“မင်းကို ငါ့မျိုးနွယ်စုဆီ ပြန်ခေါ်သွားတဲ့အခါကျ မင်းသိရပါလိမ့်မယ်”
အဘိုးအိုက ညာလက်ကိုဝှေ့ယမ်းလိုက်ရာ သူတို့ထံသို့ လေပြင်းတစ်ခုချက်ချင်းရောက်ရှိလာခဲ့သည်။ ၎င်းက စုမင်ခန္ဓာကိုယ်ကို လေထဲသို့ပင့်ချီသွားသည်နှင့် တစ်ချိန်တည်းမှာပင် အဘိုးအိုကလည်း ကောင်းကင်ဆီသို့ခြေတစ်လှမ်းလှမ်းလိုက်သည်။
ထို့နောက် အဘိုးအိုက အလင်းတန်းရှည်တစ်ခုအသွင်ပြောင်းလျက် စုမင်ကိုမျိုးနွယ်စုဆီ ခေါ်ဆောင်သွားတော့မည့် အချိန်မှာပင်...
ထိုအခိုက်အတန့်လေးတွင် လေထဲရှိ စုမင်၏မှုန်မှိုင်းနေသောမျက်လုံးများအတွင်းမှ စူးရှတောက်ပသော အလင်းတစ်ခု ရုတ်ခြည်းထွက်ပေါ်လာခဲ့သည်။ သူ ဤအခွင့်အရေးကို စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။ ဤအခွင့်အရေးအတွက်လည်း သူဒဏ်ရာများအရခံခဲ့ခြင်းဖြစ်သည်။
သူ့ရန်သူသည် ၎င်း၏ပတ်ဝန်းကျင်ရှိ ခုခံကာကွယ်မှုများအားလုံးကို ရုတ်သိမ်းထားပြီး လုံးဝ စိတ်အေးသက်သာစွာရှိနေမည့် အခွင့်အရေး...
ဤအခွင့်အရေးမျိုးက ရှိမနေနိုင်ခဲ့ပေ။ အဘိုးအိုက လိမ္မာပါးနပ်လွန်းသဖြင့် စုမင်ကိုဤအခွင့်အရေးမျိုး မပေးခဲ့သောကြောင့် သူကိုယ်တိုင်ဖန်တီးယူခဲ့ရခြင်းဖြစ်သည်။
စုမင်သည် မျက်လုံးအတွင်းမှ အလင်းတောက်ပသွားသည်နှင့် ညာလက်သီးကိုတင်းတင်းကြပ်ကြပ်ဆုပ်လိုက်ပြီး ဤအခွင့်အရေးကိုစောင့်ဆိုင်းလျက် လက်သီးဆုပ်ထဲတွင် ဆုပ်ကိုင်ထားခဲ့သည့် အဖြူရောင်အကြေးခွံလေးကို ချေမွပစ်လိုက်သည်။
အကြေးခွံကြေမွသွားသည်နှင့် စုမင်နှင့်မျိုးနွယ်စုဆီ ပျံသန်းတော့မည့် လူရိုင်းအဘိုးအို၏အမူအယာကလည်း ရုတ်ခြည်းပြောင်းလဲသွားခဲ့သည်။ သူ့အရှေ့မှာပင် အဖြူရောင်ချပ်ဝတ်ဖုံးအုပ်ထားသော ပုံရိပ်ယောင်လက်တစ်ခုက စုမင်အနီးတွင်ထွက်ပေါ်လာခဲ့ချေသည်။ ထိုလက်သည် လေထဲတွင်ရုတ်တရက်ထွက်ပေါ်လာခဲ့ပြီး အကယအကွယ်မဲ့နေသော အဘိုးအို၏ရင်ဘတ်ကို လက်သီးဖြင့် ထိုးနှက်တိုက်ခိုက်လိုက်၏။
အဘိုးအိုသည် စူးရှနာကျင်စွာအော်ဟစ်လိုက်ရပြီး သွေးများအန်ထုတ်လိုက်ရပြီး ၎င်းသွေးများနှင့်အတူ အသားစများပင် ပါလာခဲ့သည်။ သူ့ရင်ဘတ်က စုတ်ပြဲနေပြီး သွေးအန်ရင်းပင် နောက်သို့လွင့်ထွက်သွားလေသည်။
အဘိုးအိုမျက်နှာတွင် မုန်းတီးရူးသွပ်မှုများ ပြည့်နှက်သွားသည်။ နောက်သို့ လွင့်ထွက်နေရာမှ ဆက်လက်ဆုတ်ခွာလိုက်ပြီး ခေါင်းမော့ကာ ကောင်းကင်ဆီသို့ ဦးတည်ဟိန်းဟောက်လိုက်ရင်း လက်များကိုမြှောက်၍ နားတို့ကိုအုပ်လိုက်ချေသည်။ ထိုသို့လုပ်လိုက်သည်နှင့် စုတ်ပြဲနေသော သူ့ရင်ဘတ်က ထူးဆန်းသောအမြန်နှုန်းဖြင့် အလျင်အမြန်ပြန်လည်ကောင်းမွန်လာခဲ့သည်။
သို့သော် စုမင်အား ဆရာဦးလေးပိုင်ပေးခဲ့သော အကြေးခွံထဲတွင် ပါဝင်နေသည့် သူ့စွမ်းအားအချို့သည် အလွန်ရိုးရှင်းလွယ်ကူနေလိမ့်မည် မဟုတ်သည်မှာ အသေအချာပင်။ လေထုအလယ်တွင် ထွက်ပေါ်လာသောလက်သည် ၎င်းဘေးရှိလေဟာနယ်ကို ဆုတ်ဖြဲလိုက်ရာ ပေါက်ကွဲသံတစ်ချက်နှင့်အတူ လေထဲတွင် အက်ကြောင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထို့နောက် ၎င်းအတွင်းမှနေ၍ အဖြူရောင်ချပ်ဝတ်တစ်ခုဖြင့် လုံးဝဖုံးအုပ်ထားသော ယောကျ်ားတစ်ဦး လျှောက်လှမ်းထွက်ပေါ်လာခဲ့သည်။
ထိုအမျိုးသား၏ မျက်နှာကို ရှင်းရှင်းလင်းလင်းမမြင်နိုင်ပဲ တစ်ခုတည်းသော ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်သည့်အရာသည် သူ့မျက်လုံးများအတွင်းမှ အေးဆေးတည်ငြိမ်သော အကြည့်သာဖြစ်သည်။ သူသည် နောက်သို့ဆုတ်ခွာနေသော လူရိုင်းအဘိုးအိုကို စိုက်ကြည့်လိုက်ရာ သူ့မျက်လုံးထဲတွင် သတ်ဖြတ်လိုသောအကြည့်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သို့သော် သူ့ခန္ဓာကိုယ်သည် အစစ်အမှန်မဟုတ်ပဲ ပုံရိပ်ယောင်တစ်ခုကဲ့သို့ဖြစ်ပြီး သူ့ခန္ဓာကိုယ်ကောက်ကြောင်းများမှ အဖြူရောင်မြူခိုးများ ထွက်ပေါ်နေခဲ့သည်။
“ပိုင်ချန်းကျိုက်”
လူရိုင်းအဘိုးအို၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ထိုအဖြူရောင်ချပ်ဝတ်သည် သူ့မှတ်ဉာဏ်များထဲတွင်တော့ အိပ်မက်ဆိုးတစ်ခုပင်ဖြစ်သည်။ အထူးသဖြင့် နယ်စပ်နားတွင်နေသော လူရိုင်းတစ်ယောက်အတွက် ကောင်းကင်မြူခိုးအတားအဆီးတွင် မယုံနိူင်လောက်အောင်ပင် ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော အရာတစ်ခုရှိကြောင်း မသိစရာအကြောင်းမရှိပေ။
ထိုလူသည် စစ်နတ်ဘုရားတစ်ဦးဖြစ်ပြီး သူ့တွင်အဖြူရောင်ချပ်ဝတ်တစ်စုံရှိသည်။ သူ့လက်ထဲတွင် သေဆုံးခဲ့သောလူရိုင်းများမှာရေတွက်၍ပင် မရတော့။
ထိုသူသည် အလွန်ကြောက်မက်ဖွယ်ကောင်းသဖြင့် သူ့တည်ရှိမှုသည် မာန်ဝိညာဉ်နယ်ပယ်မှ မာန်စွမ်းအားရှင်များပင် သတိထားရသောအရာဖြစ်သည်။
“မင်းက နတ်ဘုရားစိတ်အာရုံ ကိုယ်ပွားလေးတစ်ခုပါပဲ။ ပြီးတော့ ငါက ဒီလူရိုင်းတွေရဲ့နယ်မြေမှာပဲ ရှိနေတာမို့လို့ မင်းငါ့ကိုသတ်နိုင်မှာ မဟုတ်ဘူး”
လူရိုင်းအဘိုးအို၏မျက်နှာက လူသေကောင်နီးပါး ဖြူရော်နေသည်။ နောက်သို့ ပြန်လည်ဆုတ်ခွာနေရင်းမှပင် ယခင်က မဖြစ်ပေါ်ခဲ့ဖူးသည့် လေးနက်သောအမူအယာတစ်ခုလည်း သူ့မျက်နှာထက်တွင် ဖြစ်ပေါ်လာခဲ့သည်။ သူ့နှလုံးသားထဲတွင်လည်း ငြီးတွားနေမိ၏။ အကယ်၍ သူသာယခုဖြစ်သွားခဲ့သော သူ့ရင်ဘတ်ပေါ်သို့ ထိုးနှင်ချက်ကိုမခံစားခဲ့ရလျှင်၊ ပိုင်ချန်းကျိုက်၏ နတ်ဘုရားစိတ်အာရုံကိုယ်ပွား ပျောက်ကွယ်သွားသည်အထိ သူတိုက်ခိုက်နိုင်လိမ့်မည်ဟု ယုံကြည်ချက်ရှိနေပေသေးသည်။
သို့သော် ယခုတော့... အဘိုးအို၏ ရင်ဘတ်သည် နာကျင်မှုဖြင့် စူးအောင့်လို့နေ၏။ ထိုထိုးနှက်တိုက်ခိုက်မှုသည် သူ့နှလုံးသားကိုပင် စုတ်ဖြဲပစ်လုနီးပါးဖြစ်သည်။
‘ဒီတော့ ဒါကမှ မာန်ခွေးကောင်လေးရဲ့ နောက်ဆုံးတိုက်ခိုက်မှုပေါ့။ သေစမ်း၊ အဲကောင်လေးက အရမ်းငယ်သေးတာတောင် ဘာလို့ဒီလောက်လိမ္မာပါးနပ်နေရတာလဲ’
အဘိုးအိုသည် စုမင်ကိုအာရုံစိုက်ရန် အချိန်မပေးနိုင်သော်လည်း စုမင်အပေါ်အမုန်းတရားကမူ ကောင်းကင်ဘုံကိုပင် လောင်ကျွမ်းပစ်နိုင်လောက်သည်အထိ သိပ်သည်းနေခဲ့ပြီး ဖြစ်သည်။
သူ့အတွေ့အကြုံများအရ၊ သူ စုမင်ကိုတိုက်ခိုက်ရန် ကြံစည်ခဲ့သည့်အချိန်တည်းက ထောင်ချောက်ထဲကျရောက်သွားခဲ့ခြင်းဖြစ်ကြောင်း သူနားလည်နေခဲ့ချေပြီ။ သူသည် အေးခဲရပ်တန့်နေဟန်ဆောင်ပြီး စုမင်နောက်ဆုံးတိုက်ခိုက်မှုကို သုံးလာစေရန်မျှားခေါ်ခဲ့သည်။
သို့သော် စုမင်သည် သူ့ထောင်ချောက်ထဲ ကျလာခဲ့သော်ငြား နောက်ဆုံးတိုက်ခိုက်မှုကိုတော့ အသုံးမပြုခဲ့ပေ။ ထိုအစား အဘိုးအိုက သူ၏ခုခံကာကွယ်မှုများကို ဖယ်ရှားထားမည့်အခွင့်အရေးကိုရရန် ရရှိသွားသည့် ဒဏ်ရာများကိုအသုံးချခဲ့သေး၏။
‘ဒီကလေးရဲ့ ကျင့်ကြံဆင့်က အရမ်းကြီးမမြင့်ပေမယ့်၊ သူ့မှာတိုက်ခိုက်မှုတွေ အများကြီးရှိတယ်။ ဝိညာဉ်စုဆောင်း ပုလဲ၊ နတ်ဘုရား စိတ်အာရုံ၊ စစ်နတ်ဘုရားဆိုတဲ့ သူ့အဆင့်အတန်း၊ ပြီးတော့ သူ့ကို ကာကွယ်ပေးတဲ့ ပိုင်ချန်းကျိုက်ရဲ့ နတ်ဘုရားစိတ်အာရုံကိုယ်ပွားတောင် ရှိသေးတယ်။ သူက အခြားသူတွေ ရိုသေလေးစားတာကို ခံရတဲ့ မာန်စွမ်းအားရှင်မျိုးနွယ်စုရဲ့ ထင်ရှားကျော်ကြားတဲ့ ပါရမီရှင်တစ်ယောက်ဖြစ်ရမယ်’
‘သူက ဒီလိုအဆင့်အတန်းမျိုးရှိတဲ့ လူတစ်ယောက်၊ ပြီးတော့အရမ်းလည်း လိမ္မာပါးနပ်သေးတယ်... သူ့ကိုသာ ကြီးထွားနိုင်အောင် လုံလောက်တဲ့အချိန်ပေးလိုက်ရင်၊ သူက လူရိုင်းမျိုးနွယ်စုအတွက် ကပ်ဘေးတစ်ခု ဖြစ်လာလိမ့်မယ်’
‘ငါ အရာအားလုံးကို ပေးဆပ်လိုက်ရတယ်ဆိုရင်တောင်၊ ဒီမာန်စွမ်းအားရှင်မျိုးနွယ်စုရဲ့ ပါရမီရှင်ကတော့ ဒီနေရာမှာပဲ သေသွားရမယ်’
လူရိုင်းအဘိုးအို၏ ခေါင်းထဲတွင်ထိုအတွေးဖြစ်ပေါ်လာပြီး သူ ပြန်လှည့်ကြည့်လိုက်သည့်အချိန်မှာပင်၊ ကောင်းကင်ပေါ်မှ အဖြူရောင်ချပ်ဝတ်နှင့်လူက ခြေတစ်လှမ်းလှမ်းလိုက်ကာ အဘိုးအိုထံသို့ ဦးတည်လာလေသည်။
***