← Chapters

ဖွတ်လူရိုင်း မျိုးနွယ်စု

Vol. 20 Ch. 268

ဖွတ်လူရိုင်း မျိုးနွယ်စု

Vol. 20 Ch. 268

သူ့ရှေ့မှလူငယ်ကဲ့သို့ ပါရမီရှင်မျိုးသည် လူရိုင်းတို့၏နယ်မြေဆီ အလွယ်တကူ ရောက်လာခဲ့ခြင်းမဟုတ်ကြောင်း အဘိုးအိုသိနေ၏။ အကယ်၍ ဤလူငယ်လေးသာ သေဆုံးသွားပါက၊ ထိုအရာသည် မာန်စွမ်းအားရှင်မျိုးနွယ်စုအတွက် အကြီးအကျယ်ထိုးနှက်ချက်ကြီးတစ်ခု ဖြစ်သွားပေလိမ့်မည်။

‘မာန်စွမ်းအားရှင်မျိုးနွယ်စုထဲမှာ အစစ်အမှန်ပါရမီရှင်အချို့ရှိတယ်လို့ တောင်ပိုင်းက ကြီးမြတ်သောဘိုးဘေးကြီးရဲ့ နောက်လိုက်ရှာမန်တစ်ယောက်ဆီကနေ ငါတစ်ခါကြားခဲ့ဖူးတယ်။ အဲလူတွေက ရနိုင်သမျှ အရင်းအမြစ်အထောက်အကူပစ္စည်းတွေနဲ့ လေ့ကျင့်သင်ကြားခံရပြီး စတုတ္ထမြောက်မာန်နတ်ဘုရား ဖြစ်လာနိုင်ချေအရှိဆုံး လူတွေဆိုပြီး လူသိများထင်ရှားကြတယ်တဲ့’

‘ပိုင်ချန်းကျိုက်ကလည်း ပါရမီရှင်တစ်ယောက် ဖြစ်ခဲ့ဖူးပေမယ့် မတော်တဆမှုတစ်ခုကြောင့် ဖယ်ထုတ်ခံခဲ့ရတာလို့ ငါကြားဖူးတယ်။ သူ့လိုဖယ်ထုတ်ခံထားရပြီးသား လူတစ်ယောက်မှာတောင် အဲလိုကြောက်ဖို့ကောင်းတဲ့ စွမ်းရည်နဲ့ တိုက်ပွဲစွမ်းအားတွေရှိသေးတာ’

‘မာန်နတ်ဘုရားဖြစ်လာဖို့ လေ့ကျင့်သင်ကြားပေးခံရတဲ့ စာရင်းထဲမှာပါတဲ့ ပါရမီရှင်တွေသာဆို ပိုသန်မာကြမှာပဲ။

ဒီလူငယ်က သေချာပေါက်ကို သူတို့အထဲက တစ်ယောက်ဖြစ်လိမ့်မယ်’

လူရိုင်းအဘိုးအိုသည် သူ၏ဝေဖန်ပိုင်းခြားမှုနှင့်ပက်သက်ပြီး အလွန်သေချာနေခဲ့သည်။ သူ ယခင်က မာန်စွမ်းအရှင်အချို့ကို မြင်ဖူးခဲ့သော်လည်း ၎င်းတို့အထဲရှိ မည်သူကမှ စုမင်ကဲ့သို့ နတ်ဘုရားစွမ်းရည် ပညာရပ်များစွာ မရှိခဲ့ပေ။ ပိုင်ချန်းကျိုက်နတ်ဘုရားကိုယ်ပွား၏ အကာအကွယ်မျိုးရှိရန်မူ ပိုမိုဝေးသေး၏။

ဤကဲ့သို့ ပါရမီရှင်မျိုးသည် မာန်နတ်ဘုရားဖြစ်လာရန် လေ့ကျင့်သင်ကြားပေးခံရသည့် စာရင်းတွင် မပါဝင်ဟု တစ်စုံတစ်ယောက်ကသာ အဘိုးအိုကိုလာပြောလျှင်လည်း သူ ထိုလူများကို ယုံကြည်လိမ့်မည်မဟုတ်သည်မှာ အသေအချာပင်။

‘ငါသာ သူ့ကိုလူရိုင်းရုပ်သေးအဖြစ်ပြောင်းပြီး တောင်ပိုင်းရဲ့ ကြီးမြတ်သောဘိုးဘေးကြီးဆီကမ်းလှမ်းနိုင်မယ်ဆိုရင်၊ ရှာမန်နတ်ဘုရား ဘုရားကျောင်းထဲက ငါ့နေရာကလည်း အဆပေါင်းများစွာမြင့်တက်သွားမှာ အသေအချာပဲ’

နောက်သို့ ဆက်လက်ဆုတ်ခွာနေရင်း အဘိုးအို၏ခေါင်းထဲတွင် ဤအတွေးများက အဆက်မပြတ်ဖြစ်ပေါ်နေခဲ့သည်။ သူ့ထံသို့ လေထဲမှလျှောက်လှမ်းလာနေသော အဖြူရောင်ချပ်ဝတ်ဖြင့်လူထံ လှမ်းကြည့်နေရင်းမှပင် သူ့မျက်လုံးများက စူးရှတောက်ပလို့လာခဲ့သည်။

မည်သည့်အခါကမှ မဖြစ်ပေါ်ခဲ့ဖူးသည့် လေးနက်သောအမူအယာတစ်ခုက အဘိုးအိုမျက်နှာထက်တွင် ဖြစ်ပေါ်လာခဲ့သည်။ ပိုင်ချန်းကျိုက်၏ နာမည်သည် နယ်မြေတစ်ခုလုံးတွင် လူသိများထင်ရှားသည်ဟု ပြော၍ရသည်။ သူ့အကြောင်း ကောလဟာလများသည် ကောင်းကင်မြူခိုးအတားအဆီးအနီးရှိ လူရိုင်းမျိုးနွယ်စုများစွာတွင် လွန်ခဲ့သောနှစ်ပေါင်းများစွာတည်းက ပျံ့နှံ့နေခဲ့ခြင်းဖြစ်သည်။

စုမင် လေထဲမှာပင် ချက်ချင်းထိုင်ချလိုက်ပြီး ဆေးလုံးများစွာထုတ်ယူကာ ပါးစပ်ထဲသို့ထည့်သွင်းလိုက်သည်။ လူရိုင်းအဘိုးအိုကို တည်ငြိမ်စွာစောင့်ကြည့်နေရင်းမှ စုမင်မျက်လုံးများ စူးရှတောက်ပသွားခဲ့သည်။

သူသည် အဘိုးအို၏ အဆက်မပြတ်လိုက်လံဖမ်းဆီးခံရခြင်းမှ အချိန်အနည်းငယ်ရရှိရန် ဤအခွင့်အရေးကိုသုံး၍ ယခုထွက်ပြေးသွားရမည်လား၊ သို့တည်းမဟုတ် ဆရာဦးလေးပိုင်၏ နတ်ဘုရားကိုယ်ပွား ပျက်စီးမသွားသေးခင် အဘိုးအိုအား အကြီးအကျယ် ထိုးနှက်ခွင့်ရမည့် အခွင့်အရေးကို စောင့်ကြည့်ရမည်လားဟု စဉ်းစားနေခဲ့ခြင်းဖြစ်သည်။

‘ဆရာဦးလေးပိုင် ကိုယ်တိုင်သာ ဒီမှာရှိမယ်ဆိုရင်၊ အဲဒီလူရိုင်းအဘိုးအိုက သေချာပေါက်ကိုသေသွားလိမ့်မယ်။ ဒါပေမယ့် ဒါက ဆရာဦးလေးပိုင်ရဲ့ နတ်ဘုရားကိုယ်ပွားတစ်ခုလေးပဲ... ငါ့ကို ဒီအကြေးခွံပေးတဲ့နေ့တုန်းက ကိုယ့်ကိုယ်ကို ခုခံကာကွယ်ဖို့ ဒါကိုသုံးလို့ရတယ်လို့ ဆရာဦးလေးပိုင်ကပြောခဲ့တယ်’

‘ကြည့်ရတာတော့ အဲဒါလေးနဲ့ ငါ့ကိုယ်ငါကာကွယ်နိုင်တယ်လို့ သူပြောတဲ့သဘောက ငါလွတ်မြောက်ဖို့ အချိန်လုံလုံလောက်လောက်ရအောင် ရန်သူတွေကိုတားဆီးပေးထားနိုင်တယ်လို့ ဆိုလိုတာထင်တယ်...’

စုမင်မျက်လုံးများအတွင်းရှိ အလင်းက စူးရှတောက်ပသွားပြီး အေးစက်သောအကြည့်တစ်ခု ဖြစ်ပေါ်လာသည်။

‘ငါ... ဆရာ့ဆန္ဒကို ဖြည့်ပေးနိုင်တော့မယ့်ပုံမပေါ်ဘူး... အချိန်ကတစ်ရက်ပဲ ကျန်တော့တယ်။ အခု ငါ့ရဲ့လက်ရှိဒဏ်ရာတွေရယ်၊ ငါ့နောက်ကိုလိုက်ဖမ်းနေတဲ့ လူရယ်နဲ့ဆိုလျှင်၊ ငါ ဆရာ့ဘေးကိုအသက်ရှင်လျက် ပြန်ရောက်သွားနိုင်ဖို့ဆိုတာ တော်တော်ခက်ခဲလိမ့်မယ်’

‘အဲလိုသာ ဆိုရင်...’

စုမင် အလျင်အမြန်ခေါင်းမော့လိုက်သောအခါ သူ့မျက်နှာတွင် ခိုင်မာသည့်ဆုံးဖြတ်ချက်နှင့်အတူ စိတ်ပိုင်းဖြတ်လိုက်ဟန်များ ဖြစ်ပေါ်လာခဲ့ပြီး အဝေးရှိကောင်းကင်သို့ သူခေါင်းလှည့်ကြည့်လိုက်မိသည်။ ထိုနေရာမှ သူလာခဲ့ခြင်းဖြစ်သည်။ ထိုနေရာသည် ကောင်းကင်မြူခိုးအတားအဆီးတည်ရှိရာနေရာဖြစ်ပြီး ၎င်းအရပ်တွင် သူ့ကိုသူ့ဆရာ စောင့်ဆိုင်းနေပေသည်။

သူ့ဆရာ၏ ခရမ်းရောင်ဝတ်ရုံနှင့် အသွင်အပြင်ကြောင့် သူကြုံတွေ့ခဲ့ရသော အတွေ့အကြုံများသည် ယခုလောက်ကွဲပြားခြားနားလိမ့်မည်ဟု သူမထင်ထားခဲ့မိပေ။ အရာများက အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့သည်။ အလွန်လျင်မြန်လွန်းသဖြင့် သူမည်သည့်အရာကိုမှ ပြင်ဆင်ချိန်မရခဲ့ပေ။

လ၏အတောင်ပံများနှင့် ဟယ်ဖုန်းတို့ ပေါင်းစပ်မှုသည် နဝမတောင်ထွတ်ရှိ သူ့လှိုဏ်ဂူအတွင်း ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။ အကယ်၍ စုမင်သာ အချိန်ကြာမြင့်စွာအထိ ပြန်မရောက်ခဲ့ပါက ဟယ်ဖုန်း၏ စိတ်ဖောက်ပြန်ခြင်းကို တည်ငြိမ်အောင်လုပ်ပေးနိုင်မည့် မည်သူမှမရှိသဖြင့် ဘေးအန္တရာယ်ဖြစ်ပေါ်သွားနိုင်၏။

သူ့လှိုဏ်ဂူအပြင်တွင် စောင့်ကြပ်၍ သူ့အမိန့်များကိုစောင့်ဆိုင်းနေဆဲ ဖြစ်သော ကျီချဲလည်းရှိနေသေးသည်။ သူ၏ပြုံးနေသည့် မျက်နှာဘေးဘက်ခြမ်းသို့ နေရောင်ကျရောက်စေရန် ကောင်းကင်သို့မော့ကြည့်နေမည့် သူ၏အစ်ကိုနှစ်နှင့် ရူးသွပ်စွာပြုံးလျက် သူမည်မျှဉာဏ်ကောင်းကြောင်း ကြွားဝါနေမည့် သူ၏အစ်ကိုသုံး...

အကြီးဆုံးအစ်ကိုကြီးသည်လည်း စုမင်အပေါ် သူ၏ချစ်ခင်မှုကို တိတ်ဆိတ်စွာဖော်ပြခဲ့ပြီး စုမင်မိမိကိုယ်ကို ကာကွယ်နိုင်ရန် ရတနာတစ်ခုပင် လက်ဆောင်ပေးခဲ့သေးသည်။

ထို့အပြင် သူ့ဆရာ... သူထိုသူများကို နောက်တစ်ကြိမ် ပြန်လည်မတွေ့နိုင်တွေ့ခြင်းလည်း ဖြစ်နိုင်သည်။ နှစ်ပေါင်း၊ လပေါင်းများစွာ ကြာမှ  စုမင်ထိုသူတို့နှင့် ပြန်လည်စုံဆည်းနိုင်သည်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်...

ပိုင်လင်းနှင့် မယုံနိုင်ဖွယ်တူညီသော ပိုင်စုဟုခေါ်သော မိန်းကလေးလည်း ရှိသေးသည်။ စုမင်အတွက်တော့ သူမသည် သူ့မျက်နှာရှေ့တည့်တည့်တွင် လာရပ်ရန်ပင်မလိုခဲ့ပဲ သူ့နှလုံးသားအတွင်း အပြောင်းအလဲ အရိပ်အယောင်များဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။  သူမကိုဖျက်ဆီးရန်၊ တစ်စုံတစ်ရာကို တိုက်ခိုက်ရန်နှင့် သို့တည်းမဟုတ်လျှင် သူမကိုမေ့ပစ်ရန် ထိုအရာများထဲမှ တစ်ခုခုကို စုမင်ရွေးချယ်ရပေလိမ့်မည်။

ဤအတွေးများက စုမင်ကိုငြိမ်သက်သွားစေသည်။ ယခုသူ့မျက်စိရှေ့တွင်တော့ ဝတ်ရုံအဖြူနှင့် ရောင်နီခွဲဖြာကို စုမင်သတ်ဖြတ်ပြီးချိန်တွင် အကြမ်းထည်လေးတစ်လက်ကိုကိုင်၍ သူ့အားအံ့သြထိတ်လန့်စွာ ငေးကြည့်နေခဲ့သည့် ကောင်ငယ်လေးတစ်ယောက်ကို ပြန်မြင်ယောင်နေမိချေသည်။

‘အားနည်းချက်တစ်ခု၊ အမှားတစ်ခုနဲ့ ငါပေးဆပ်လိုက်ရတဲ့ တန်ဖိုးကတော့... အရမ်းကြီးလွန်းတယ်’

စုမင် မျက်လုံးတို့ကိုမှိတ်လိုက်သည်။ သူ၎င်းတို့ကို နောက်တစ်ကြိမ်ပြန်ဖွင့်လိုက်ချိန်တွင်တော့ ဆရာဦးလေးပိုင်၏ နတ်ဘုရားကိုယ်ပွားသည် လူရိုင်းအဘိုးအိုအနီးသို့ ရောက်သွားပြီဖြစ်ကာ စုမင်နှင့် အဝေးသို့ရောက်နေခဲ့ချေပြီ။

နတ်ဘုရားကိုယ်ပွား၏ ခန္ဓာကိုယ်ကိုဖုံးအုပ်ထားသော အဖြူရောင်ချပ်ဝတ်မှ အဖြူရောင်အခိုးအငွေ့များ စိမ့်ထွက်နေသည်။ ၎င်းတို့သည် ကောင်းကင်ပေါ်သို့လွင့်မျောသွားပြီး အခိုးအငွေ့များ လုံးဝပျောက်ကွယ်သွားပါက နတ်ဘုရားကိုယ်ပွားလည်း ပျောက်ကွယ်သွားပေလိမ့်မည်။

ဤအရာကို စုမင်သိသလို လူရိုင်းအဘိုးအိုကလည်း သိနေခဲ့သည်။ အချိန်ဆွဲထားနိုင်ရန် သူနောက်ဆုတ်နေခြင်း ဖြစ်သော်လည်း သူ့ရင်ဘတ်ရှိ သေလုမျောပါးပြင်းထန်သော ဒဏ်ရာသည် အဘုအို၏ဆုတ်ခွာနေသော အရှိန်နှုန်းကိုနှေးသွားစေသဖြင့် ဆရာဦးလေးပိုင်၏ နတ်ဘုရားကိုယ်ပွားက သူ့အနီးသို့ လျှပ်စီးတန်းသဖွယ် နီးကပ်လာခဲ့ချေသည်။

အဘိုးအို၏ဆုတ်ခွာနေမှုကြောင့် သူတို့နှစ်ဦးကြားအကွာအဝေးက ပိုမိုကျယ်ပြန့်သွားခဲ့ခြင်းမရှိပေ။ ထိုအစား တစ်ဦးနှင့်တစ်ဦး ပိုမို၍ပင် နီးကပ်လာခဲ့သေးသည်။ စုမင်မျက်လုံးများကိုဖွင့်ကာ ပြန်ကြည့်လိုက်ချိန်တွင်တော့

ပိုင်ချန်းကျိုက်နှင့် လူရိုင်းအဘိုးအိုကြား အကွာအဝေးသည် ပေ၁၀၀ခန့်ပင် မရှိတော့ချေ။

အေးဆေးသောအကြည့်သည် အဖြူရောင်ချပ်ဝတ်ကိုဖြတ်လျက် စူးလဲ့တောက်ပနေပြီး ဆရာဦးလေးပိုင်၏ နတ်ဘုရားကိုယ်ပွားသည် လက်သီးဆုပ်ကိုမြှောက်၍ သူတို့အကြား ပေ၁၀၀အကွာအဝေးကိုဖြတ်သန်းထိုးနှက်လိုက်သည်။

ထိုးနှက်လိုက်သည်နှင့် လူရိုင်းအဘိုးအို၏ မျက်လုံးများက နောက်တစ်ကြိမ်ကျဉ်းမြောင်းသွားခဲ့ရသည်။ အန္တရာယ်ရှိသည်ဟူသော သန်မာသောအသိက သူ့ထံ၌ ရုတ်ခြည်းမြင့်တက်ဖြစ်ပေါ်လာခဲ့သည်။ ထိုအခိုက်အတန့်တွင် သူရပ်တန့်လိုက်ပြီး လက်များကိုမြှောက်လိုက်ပြီး အော်ဟစ်သံတစ်ချက်နှင့်အတူ ၎င်းတို့်ကို ဆရာဦးလေးပိုင်၏ ကိုယ်ပွားဆီတွန်းထုတ်လိုက်သည်။

အကြေးခွံများသည် သူ့ခန္ဓာကိုယ်တစ်လျှောက် အလျင်အမြန်ပျံ့နှံ့လာပြီး ခဏအတွင်းမှာပင် သူ့ကိုလုံးဝဖုံးအုပ်သွားကြသည်။ သူသည် ယခုလေးပင် သားရဲအသွင်ပြောင်းလဲခြင်းတစ်ခုအား ဖြတ်သန်းသွားသကဲ့သို့ပင်။ အကြေးခွံများက လုံးဝနက်မှောင်နေပြီး အဘိုးအိုထံမှ ကြောက်မက်ဖွယ်ရက်စက်သွေးဆာမှု အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

သူ့လက်များသည် လက်သည်းချွန်များအသွင် ပြောင်းလဲသွားပြီး ဆရာဦးလေးပိုင်၏ တိုက်ခိုက်မှုနှင့် ထိပ်တိုက်ရင်ဆိုင်မိတော့မည့်အချိန်တွင် စုမင်မျက်လုံးများထဲ၌ စူးရှသောအကြည့်တစ်ခု ဖြစ်ပေါ်လာပြီး လေထဲတွင် လွင့်မျောနေဆဲဖြစ်သည့် ဝိညာဉ်လုယက်ကို ညာလက်ဖြင့်ညွှန်ပြလိုက်သည်။

ထိုးညွှန်လိုက်သည်နှင့် ဆေးလုံးပေါ်တွင် အက်ကြောင်းများရှိနေသော်လည်း ထူးဆန်း၍ မှိန်ဖျော့ဖျော့အလင်းတစ်ခုသည် ဝိညာဉ်လုယက်ထံမှ နောက်တစ်ကြိမ်ထွက်ပေါ်လာခဲ့သည်။ ဆေးလုံးထဲတွင် မျက်ဆံနှစ်ခုပါပုံရသည့် မျက်လုံးတစ်လုံးလည်း ထွက်ပေါ်လာခဲ့သည်။ ၎င်းသည် ကြည့်လိုက်မိသူတိုင်းအား တုန်လှုပ်သွားစေနိုင်ပြီး ယခုတော့ ၎င်းမျက်လုံးသည် လူရိုင်းအဘိုးအိုကိုကြည့်ရန် လှည့်သွားချေသည်။

မှိန်ဖျော့ဖျော့အလင်း ပျံ့နှံ့လာသည်နှင့် လူတို့၏စိတ်ဝိညာဉ်များကို စုပ်ယူနိုင်သည့် ဆေးလုံး၏စွမ်းအားကလည်း ပျံ့နှံ့လာကာ၊ မျက်ဆံနှစ်ခုနှင့်မျက်လုံးသည် အဘိုးအို၏ စိတ်ဝိညာဉ်အချို့ကို စုပ်ယူသွားသကဲ့သို့၊ အဘိုးအို၏လက်များက ခဏတာနှေးကွေးရပ်တန့်သွားခဲ့သည်။

ဤရပ်တန့်မှုသည် အဘိုးအို၏ အလိုဆန္ဒအလျောက်မဟုတ်ပေ။ ဤရပ်တန့်မှုသည် ခဏတာသာကြာမြင့်သောကြောင့် စုမင်အနေဖြင့် ပြန်လည်တိုက်ခိုက်မှုတစ်ခုကို မပြုလုပ်နိုင်ဆိုသော်ငြား...

ပိုက်ချန်းကျိုက်ကတော့ တတ်နိုင်ပေသည်။

ကျယ်လောင်သောမြည်ဟည်းသံကြီး ပျံ့နှံ့သွားပြီး လှိုင်းဂယက်များ ပျံ့နှံ့ထွက်ပေါ်သွားခဲ့သည်။ မြေပြင်ပေါ်ရှိ များစွာသော သစ်ပင်များနှင့် ချူံပုတ်များ ဖျက်ဆီးခံလိုက်ရပြီး အောက်မှမြေပြင်ပင် အက်ကွဲသွားခဲ့သည်။

ပိုင်ချန်းကျိုက်၏ နတ်ဘုရားကိုယ်ပွားသည်လည်း ခြေတစ်လှမ်းခန့်နောက်ဆုတ်လိုက်ရပြီး သူ့ခန္ဓာကိုယ်မှ အခုအငွေ့ဖြူများ လွင့်ပါးပျောက်ကွယ်နေသော အရှိန်နှုန်းက ပိုမိုလျင်မြန်လာခဲ့သည်။ သို့သော် သူနှင့်ယှဉ်လျင်တော့ လူရိုင်းအဘိုးအိုအား အပျက်အစီးတစ်ခုအဖြစ်ပင် ဖော်ပြနိုင်လေသည်။

အဘိုးအို၏ လက်မောင်းများသည် သွေးမျှင်များအဖြစ် ဆုတ်ဖြဲခံလိုက်ရပြီး အကြေးခွံများစွာ ပျက်စီးကွာကျသွားသည်။ သူ့လက်မောင်းများသည် အရေခွံတစ်လွှာဆုတ်ဖြဲခံလိုက်ရသကဲ့သို့ ဖြစ်ပြီး အသားများ၊ သွေးများနှင့် အောက်ဘက်မှ သွေးကြောများပါ ထွက်ပေါ်လာခဲ့သည်။ ပြန်လည်ကောင်းမွန်နေခဲ့ပြီဖြစ်သည့် သူ့ရင်ဘတ်က နောက်တစ်ကြိမ်ကျွံဝင်သွားပြန်သည်။ သူ့ပါးစပ်မှ သွေးများအန်ထွက်လာပြီး နောက်သို့ပေရာပေါင်းများစွာ လွင့်ထွက်သွားပြီးမှသာ နောက်ဆုံးရပ်တန့်လိုက်နိုင်လေသည်။ သူခေါင်းပြန်မော့လာသောအခါ ပါးစပ်မှသွေးများစီးကျနေသည်ကို တွေ့မြင်နိုင်လေသည်။ သူ့ပုံစံသည် သနားစရာကောင်းနေသော်လည်း မျက်လုံးများထဲတွင်တော့ ကောင်းကင်ကိုပင် လောင်ကျွမ်းသွားစေနိုင်သည့် အမျက်ဒေါသများဖြင့် ပြည့်နှက်နေခဲ့သည်။

သူ့နှုတ်ခမ်းများမှ ကောင်းကင်သို့ ဦးတည်ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ လူရိုင်းအဘိုးအို၏ အင်္ကျီသည် ချက်ချင်းအပိုင်းပိုင်းစုတ်ပြဲသွားပြီး သူ့ကိုယ်ပေါ်၌ အပိုင်းအစအချို့သာ ကျန်ရစ်ခဲ့၏။ သူ့ပိန်ပါးပါးခန္ဓာကိုယ်လေးထဲတွင် စွမ်းအားများစွာသိုလှောင်ထားသကဲ့သို့ပင်။ သူ၏ ဒေါသထွက်နေဟန်နှင့် အော်ဟစ်ဟိန်းဟောက်သံများကပင် သူ့အားကြည့်မိသူအားလုံး ကြောက်လန့်သွားစေနိုင်ရန် လုံလောက်ပေသည်။

“မင်း မာန်စွမ်းအားရှင်ခွေးကောင်လေး၊ ပိုင်ချန်းကျိုက်ရဲ့ နတ်ဘုရားကိုယ်ပွား ပျောက်သွားတာနဲ့ မင်းကိုလူရိုင်းရုပ်သေးအဖြစ် ငါဘယ်လိုပြောင်းမလဲဆိုတာ စောင့်ကြည့်နေလိုက်”

အဘိုးအို၏ ဒေါသတို့ အထွတ်အထိပ်ရောက်သွားသည်မှာ အရှင်းအလင်းပင်။ စုမင်၏ ရုတ်တရက်ကြားဝင်တိုက်ခိုက်မှုကြောင့်သာ မဟုတ်လျှင်၊ ဤတိုက်ခိုက်မှုကြောင့် သူအပြင်းအထန်ဒဏ်ရာရသွားလိမ့်မည် မဟုတ်သည်မှာ အသေအချာပင်။

ဤအရာသည် ပထမဆုံးအကြိမ်မဟုတ်ပဲ ဒုတိယအကြိမ်ဖြစ်သောကြောင့် စုမင်အပေါ် အဘိုးအို၏အမုန်းတရားသည် ကြောက်မက်ဖွယ်ကောင်းသော အခြေအနေသို့ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

အဘိုးအိုတစ်ယောက် အမုန်းတရားများ၊ ဒေါသများဖြင့် ဟုန်းဟုန်းတောက်လောင်နေချိန်တွင် ပိုင်ချန်းကျိုက်၏ နတ်ဘုရားကိုယ်ပွားသည် အေးဆေးတည်ငြိမ်သော အမူအယာဖြင့် သူ့ထံနောက်တစ်ကြိမ်တိုးဝင်သွားပြီး ခဏအတွင်းမှာပင် လူရိုင်းအဘိုးအိုအနီးသို့ ရောက်ရှိသွားပြန်သည်။ စုမင်သည် အဝေးရှိကောင်းကင်မှနေ၍ ဖြစ်ပျက်နေသည့်အရာများအားလုံးကို တည်ငြိမ်သောအကြည့်တစ်ချက်ဖြင့် စောင့်ကြည့်နေခဲ့သည်။ သူ့ထံ၌ မည်သည့်စိတ်လှုပ်ရှားမှု အရိပ်အယောင်မျိုးမှ ဖြစ်ပေါ်မနေခဲ့ပေ။

သူ့တွင် ယခုအချိန်ထိမထုတ်ဖော်ရသေးသည့် နောက်ဆုံးတိုက်ခိုက်မှုတစ်ခု ရှိနေသေးသည်... သူ့မာန်အမှတ်အသား၏ စွမ်းအား။

သူ့မာန်အမှတ်အသား၏ စွမ်းအားသည် လူရိုင်းအဘိုးအိုအတွက် အစွမ်းထက်ချင်မှ ထက်မည်ဖြစ်သော်လည်း သူသာ အချိန်ကိုက်လှုပ်ရှားနိုင်လျှင် သူ့မာန်အမှတ်အသား၏ ခွန်အားသည် အဘိုးအိုအား မြက်ဖြင့် ရိုက်နှက်သလောက်ပင် ရှိမည်ဆိုလျှင်တောင် အဘိုးအိုအား ရှုံးနိမ့်သွားစေနိုင်သော နောက်ဆုံးတိုက်ခိုက်မှုတစ်ခု ဖြစ်သွားနိုင်၏။

ပိုင်ချန်းကျိုက် နောက်တစ်ကြိမ်နီးကပ်လာသည်နှင့် သူနောက်ထပ်ဆုတ်၍ မရတော့ကြောင်း အဘိုးအိုက သတိပြုလိုက်မိသည်။ သူသည် နတ်ဘုရားကိုယ်ပွားနှင့်သာ တိုက်ခိုက်ရမည်မဟုတ်ပဲ

စုမင်၏တိုက်ခိုက်မှုများကိုလည်း အာရုံစူးစိုက်ထားရပေဦးမည်။ ဤအရာများကြောင့် သူမြေပြင်ပေါ်တွင် ဒူးထောက်လိုက်ပြီး အပြင်းအထန်ကျယ်လောင်စွာ အော်ဟစ်ဟိန်းဟောက်လိုက်သည်။

သူက ဒူးထောက်ချလိုက်ပြီးချိန်တွင် သွေးစွန်းနေသောလက်များဖြင့် မြေပြင်ပေါ်ရိုက်ချကာ ခေါင်းကိုမော့လိုက်သည်။ သူ့မျက်လုံးများထဲတွင် ဆိုးယုတ်သောရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေခဲ့သည်။

သူသည် ခြေထောက်နှစ်ဖက်လုံး ဒူးထောက်လိုက်ခြင်းမဟုတ်ပဲ တစ်ဖက်တည်းသာထောက်လိုက်ခြင်းဖြစ်သည်။ သူ့ဘယ်ဘက်ခြေထောက်ကိုတော့ သူ့အနောက်သို့ ထူးဆန်းသည့်ပုံစံတစ်မျိုးဖြင့်ဆန့်ထားပြီး သူ့ခန္ဓာကိုယ်အား သားရဲတစ်ကောင်၏ ပုံစံမျိုးရအောင် ကြိုးစားနေသကဲ့သို့ပင် ဖြစ်သည်။

သူ့ကိုယ်သူ ထိုကဲ့သို့ပုံစံချပြသည့်အခိုက်အတန့်မှာပင် ကျယ်ပြန့်လှသော တောအုပ်ကြီးသည် အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်သွားခဲ့သည်။ သစ်ရွက်များ လှုပ်ရှားခြင်းမရှိတော့သလို လေပင် ငြိမ်သက်သွားပြီး ထိုအခိုက်အတန့်တွင် တောအုပ်အတွင်းမှ ငှက်များ၊ သားရဲများပင် တိတ်ဆိတ်သွားခဲ့ကြသည်။

ကြောက်မက်ဖွယ် အန္တရာယ်အငွေ့အသက်တစ်ခုသည် အဘိုးအိုထံသို့ အရပ်မျက်နှာအနှံ့မှ တိုးဝင်လာပြီး ကိုက်ဝါးနေသည့်ဆူညံသံများ ရောနှောပါဝင်နေသည့် အသံများလည်း ထွက်ပေါ်လာခဲ့သည်။

စုမင် ထိတ်လန့်တုန်လှုပ်သွားမိပြီး မြေပြင်ပေါ်သို့ အလျင်အမြန် အာရုံစူးစိုက်လိုက်ရာ စုမင်အမူအယာက ချက်ချင်းလေးနက်တည်ကြည်သွားခဲ့ရသည်။ ဧရိယာတစ်ဝိုက်သို့ သူ့နတ်ဘုရားစိတ်အာရုံအား

ဖြန့်ကျက်လိုက်မိချိန်တွင် စုမင်အသက်ရှူရန်ပင် မေ့လျော့သွားခဲ့ရသည်။ ကြောက်မက်ဖွယ် အန္တရာယ်အငွေ့အသက်သည် သစ်ပင်များ၏ သစ်ရွက်တစ်ရွက်ချင်းစီတိုင်း၊ ရွှံ့နွံတို့၏ တစ်လက်မချင်းစီတိုင်း၊ ငှက်တိုင်း၊ သားရဲတိုင်း၊ အသေကောင်ပုပ်များနှင့် ရွှံ့များအောက်နစ်မြုပ်နေသည့် သားရဲအရိုးများနှင့် တောအုပ်၏ထောင့်နေရာတိုင်းမှ ထွက်ပေါ်လာနေခြင်းဖြစ်သည်။

ထိုအခိုက်အတန့်တွင်တော့ တောအုပ်တစ်ခုလုံးသည် လူရိုင်းအဘိုးအိုနှင့် တစ်သားတည်းဖြစ်သွားသကဲ့သို့ပင်။

“ဖွတ်လူရိုင်းမျိုးနွယ်စု၏ အထွတ်အမြတ်သတ္တဝါ၊ ဖွတ်လူရိုင်းမျိုးနွယ်စု၏ မြင့်မြတ်သားရဲ။ အို ကြီးမြတ်သောဖွတ်နတ်ဘုရား၊ အကျွနု်ပ်သည် သင့်ရဲ့အလုပ်အကျွေးအစေခံဖြစ်ပြီး... သင့်နယ်မြေသို့ လာရောက်ပြီး သင့်အားဆန့်ကျင်ခဲ့သည့် ရန်သူများအပေါ် အမျက်ဒေါသကိုဖြေလျှော့ရန် အကျွနု်ပ် တောင်းဆိုအပ်ပါသည်။ ထိုသူတို့အား ငရဲ၏အနက်ပိုင်းထဲမှာ လောင်မြိုက်ပစ်လိုက်ပါ”

***

All Chapters