မာန်နတ်ဘုရား တေးသံ
Vol. 20 Ch. 269
အဘိုးအိုက ပြောဆိုပြီးသည်နှင့် ခေါင်းမော့ကာ ကောင်းကင်သို့ ဦးတည် ဟိန်းဟောက်လိုက်သည်။ ထိုဟိန်းဟောက်သံသည် လူတစ်ဦးထံမှ ထွက်လာသောအသံမျိုးနှင့်မတူပဲ ထိုအစား သားရဲရိုင်းတစ်ကောင်၏ ဟိန်းဟောက်သံမျိုးကဲ့သို့ပင် ဖြစ်သည်။
အဘိုးအိုဟိန်းဟောက်လိုက်သည်နှင့် တောအုပ်၏ အရပ်မျက်နှာအနှံ့မှ အနက်ရောင်မြူခိုးစီးကြောင်းများ ထွက်ပေါ်လာခဲ့သည်။ ထိုအနက်ရောင်မြူခိုးများသည် အလွန်လျင်မြန်ပြီး ပိုင်ချန်းကျိုက်၏နတ်ဘုရားကိုယ်ပွား လှုပ်ရှားသောအမြန်နှုန်းထက်ပင် သာလွန်နေခဲ့သည်။ ခဏအတွင်းမှာပင် ကောင်းကင်၊ မြေပြင်နှင့် တောအုပ်တစ်ခုလုံးအား အဆုံးမရှိသည့် အနက်ရောင်မြူခိုးများ ဖုံးအုပ်သွားတော့သည်။
တစ်ချိန်တည်းမှာပင် တောအုပ်၏ အနက်ပိုင်းတွင်တည်ရှိသော အဘိုးအို၏မျိုးနွယ်စုထဲတွင်လည်း မျိုးနွယ်စုဝင် လူရိုင်းများအားလုံးနီးပါးက ဒူးထောက်လိုက်ကြသည်။ ထို့နောက် လက်များကိုချိတ်ဆက်လိုက်ကြပြီး စိတ်အားထက်သန်သော အမူအယာများဖြင့် ပေ၁၀၀ခန့်အရွယ်အစားရှိမည့် အနက်ရောင်ရုပ်တုကြီးကို ဝန်းရံကာ ဝတ်ပြုကိုးကွယ်လိုက်ကြ၏။
ရုပ်တုသည် လူတစ်ဦးမဟုတ်ပဲ ဧရာမဖွတ်ကြီးတစ်ကောင်၏ ရုပ်တုဖြစ်သည်။ ထိုဖွတ်ကြီး၏ မျက်နှာထက်တွင် ရက်စက်သောအမူအယာတစ်ခု ရှိနေပြီး ၎င်းထံမှ ရိုင်းစိုင်းကြမ်းကြုတ်၍ သွေးဆာသောအရှိန်အဝါတစ်ခု ထွက်ပေါ်နေခဲ့သည်။ ဖွတ်ကြီးက ကောင်းကင်ထက်ဆီသို့ ခေါင်းမော့ထားပြီး ၎င်း၏ဧရာမပါးစပ်ထဲတွင်တော့ ကလေးငယ်တစ်ဦးရှိနေ၏။ ထိုကလေးငယ်သည် သေဆုံးသေးပုံမပေါ်ပဲ ငိုကြွေးရုန်းကန်နေချေသည်။
ထိုရုပ်တုကြီး၏ ပုံစံက အသက်ဝင်နေပုံပေါ်၏။ မည်သူမဆို လှမ်းကြည့်လိုက်မိမည်ဆိုလျှင် အော်ဟစ်ငိုကြွေးနေသော ကလေးငယ်၏ နာကျင်နေသောအမူအယာကို ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်ပေသည်။
ထိုကလေးငယ်၏ မျက်နှာထက်တွင် လူရိုင်းမျိုးနွယ်စု၏ ဆေးမင်ကြောင်များဖြင့် ပြည့်နေခြင်းမဟုတ်ပဲ... မာန်အမှတ်အသားတစ်ခုရှိနေသည်ကိုလည်း သူတို့တွေ့မြင်ရပေလိမ့်မည်။
ဖွတ်ကြီး၏ ခြေထောက်လေးချောင်းအောက်၌ လူသုံးယောက်ရှိနေခဲ့သည်။ အဘိုးအိုတစ်ဦး၊ အမျိုးသမီးတစ်ဦးနှင့် လူငယ်တစ်ဦးတို့ဖြစ်သည်။ ရုပ်တုပေါ်တွင် ထွင်းထုထားသည့် ထိုလူသုံးဦးကလည်း စူးရှနာကျင်စွာ အော်ဟစ်နေကြသည်။ ၎င်းတို့၏မျက်နှာများပေါ်တွင် မာန်အမှတ်အသားများကို ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်ပေသည်။
ကြောက်မက်ဖွယ်ရုပ်တုကြီး၏ ပတ်လည်တွင်မူ ထောင်ပေါင်း၊ ရာပေါင်းများစွာသော လူရိုင်းများရှိနေသည်။ သူတို့က စက်ဝိုင်းပေါင်းများစွာအသွင်ဖြင့် ရုပ်တုကြီးကို ဝန်းရံထားကြသည်။ ၎င်းတို့အထဲတွင် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များနှင့် အမျိုးသမီးများပင် ပါဝင်နေခဲ့သည်။ ထိုသူတို့၏ အသံများသည် အတူတကွရောနှောသွားကြပြီး ကောင်းကင်နှင့်မြေပြင်ကို မြူခိုးများဖုံးအုပ်သွားသည်နှင့် ၎င်းတို့၏ အသံများလည်း ထွက်ပေါ်လာခဲ့ကြသည်။
ထိုအသံသည် ကြားလိုက်ရသူတိုင်းအား ၎င်းတို့ထံတွင် အဆုံးမရှိသောမုန်းတီးမှုများ ပေါက်ဖွားလာသည်ဟု ခံစားမိစေပေလိမ့်မည်။ မည်သူ့နားထဲကိုမဆို ထိုအသံကျရောက်သွားချိန်တွင် သူတို့၏နှလုံးခုန်နှုန်းများ လျင်မြန်လာသလို၊ သူတို့ထံတွင် ကြောက်ရွံ့မှုများ ပြည့်နှက်လာသလို၊ သူတို့၏ကြောရိုးတစ်လျှောက် အေးစိမ့်သွားသကဲ့သို့ ခံစားကြရပေလိမ့်မည်။
တစ်ချိန်တည်းမှာပင်၊ စုမင်နှင့်လူရိုင်းအဘိုးအိုတို့ တိုက်ခိုက်နေသောနေရာတွင်လည်း အဘိုးအိုက အနက်ရောင်မြူခိုးများအားလုံးကို ဆွဲဆောင်နေသည့်အရင်းအမြစ်ကြီး ဖြစ်လာခဲ့သည်။ မြူခိုးများက အဘိုးအိုကို အဆက်မပြတ်ဝန်းရံဖုံးအုပ်သွားကြပြီး ဧရာမဖွတ်ကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။
ထိုဖွတ်ကြီးသည် မြေပြင်ပေါ်တွင်လဲလျောင်းနေပြီး ၎င်း၏အမြီးကိုလွှဲယမ်းလှုပ်ခါလျက်ရှိသည်။ ၎င်း၏မျက်လုံးများထဲတွင် အနီရောင်အလင်းတို့တောက်ပနေပြီး ကောင်းကင်သို့ ဟိန်းဟောက်အော်ဟစ်ရန် ခေါင်းမော့လိုက်သောအခါ ၎င်း၏ပါးစပ်ထဲမှ လျှာကြီးထွက်ပေါ်လာခဲ့သည်။ ဖွတ်ကြီး၏ မျက်နှာသည် တောအုပ်ထဲရှိ မျိုးနွယ်စုအတွင်းတွင် ရာပေါင်း၊ထောင်ပေါင်းများစွာသော မျိုးနွယ်စုဝင်လူရိုင်းများ ကိုးကွယ်ပူဇော်နေသည့် ရုပ်တုကြီးနှင့် တစ်ထေရာတည်းပင် ဖြစ်သည်။
ဖွတ်ကြီး၏ အရွယ်အစားက ပေ၁၀၀ခန့်ရှိပြီး မြူခိုးများဆက်လက်တိုးဝင်လာသည်နှင့် ပိုမိုကြီးထွားလာခဲ့သည်။ ၎င်းအတွင်းမှ ထွက်ပေါ်နေသည့် အရှိန်အဝါကလည်း ကြောက်မက်ဖွယ် မုန်းတီးရက်စက်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ ဖွတ်ကြီးက ဟိန်းဟောက်လိုက်သည်နှင့် စုမင်ယခင်က ကြားခဲ့ဖူးသည့် ၎င်း၏ပါးစပ်ထဲမှ တစ်စုံတစ်ရာကို ကိုက်ဝါးနေသံများက နောက်တစ်ကြိမ် ထပ်မံထွက်ပေါ်လာခဲ့သည်။
ထိုအခိုက်အတန့်တွင် ၎င်းအသံသည်မည်သူ့ဆီမှ ထွက်ပေါ်လာနေခြင်းဖြစ်ကြောင်း စုမင်နောက်ဆုံးတော့ နားလည်သွားခဲ့ရသည်။
ဖွတ်ကြီးသည် ဟိန်းဟောက်ပြီးသောအခါ တိုးဝင်လာနေသော ပိုင်ချန်းကျိုက်၏နတ်ဘုရားကိုယ်ပွားထံ ခေါင်းလှည့်ကြည့်လိုက်ရာ ဖွတ်ကြီး၏ မျက်လုံးများထဲ၌ မျက်ဆံလေးခုရှိကြောင်း စုမင်ချက်ချင်းသတိပြုမိလိုက်သည်။
ဖွတ်ကြီးသည် ပိုင်ချန်းကျိုက်၏ နတ်ဘုရားကိုယ်ပွားကို လှမ်းကြည့်လိုက်ပြီးသည်နှင့် ၎င်း၏ဧရာမအမြီးကြီးကို ချက်ချင်းလွှဲယမ်းလိုက်သည်။ ထိတ်လန့်ဖွယ် အသံကြီးနှင့်အတူ အမြီးကြီးသည် လေထုထဲမှာပင် အက်ကြောင်းတစ်ကြောင်း ဖြစ်ပေါ်သွားစေပြီး ပိုင်ချန်းကျိုက်ဆီ တည့်တည့်တိုးဝင်သွားသည်။
ပိုင်ချန်းကျိုက်ကတော့ ရပ်တန့်ရန်ပင် စိတ်ထဲမထည့်ခဲ့ပေ။ သူသည် အများအားဖြင့် ပျောက်ကွယ်သွားခဲ့ပြီးပြီဖြစ်ရာ ကျန်ရှိနေသည့်သူ့ပုံစံက ထွင်းဖောက်မြင်နိုင်သည့်ပုံစံမျိုးပင် ဖြစ်နေချေပြီ။ ဖွတ်ကြီးက အမြီးကိုလွှဲယမ်းလိုက်သည့် အခိုက်အတန့်မှာပင်၊ ပိုင်ချန်းကျိုက်ကလည်း ညာလက်ကိုမြှောက်၍ လက်သီးဖြင့်ရှေ့သို့ထိုးသွင်းလိုက်သည်။
ထိုလက်သီးချက်သည် သာမန်ကဲ့သို့သာ ထင်ရသော်လည်း အမြီးသည် လက်သီးချက်ကိုထိလိုက်မိသည်နှင့် ဖွတ်ကြီးက နောက်သို့ခြေလှမ်းအနည်းငယ်ခန့်ဆုတ်လိုက်ရလေသည်။ အမြီး၏ အစိတ်အပိုင်းအများစုက ပျက်စီးသွားပြီး လေထဲသို့သွေးများပန်းထွက်လာခဲ့သည်။
သို့သော် တစ်ချိန်တည်းမှာပင် ပိုင်ချန်းကျိုက်၏ နတ်ဘုရားကိုယ်ပွားကလည်း အချိန်မရွေးပျောက်ကွယ်သွားတော့မည်ကဲ့သို့ ပိုမိုမှိန်ဖျော့သွားခဲ့သည်။
ထို့နောက် ဧရာမဖွတ်ကြီးက တစ်ချက်ခုန်လိုက်ရာ ၎င်း၏ပတ်ဝန်းကျင်သို့ များစွာသောအနက်ရောင်မြူခိုးများ စုဝေးလာခဲ့သည်။ ထိုအရာများကြောင့် ၎င်းသည် ပေ၁၀၀၀နီးပါး အရွယ်အစားအထိ ကြီးထွားသွားပြီး တောင်ကုန်းငယ်လေးတစ်ခုသဖွယ် ခန္ဓာကိုယ်ကြီးနှင့် ပိုင်ချန်းကျိုက်ထံတိုးဝင်သွားသည်။
“မင်းရဲ့ နတ်ဘုရားကိုယ်ပွားက ပျောက်ကွယ်တော့မယ်။ ငါ့မျိုးနွယ်စုရဲ့ မြင့်မြတ်သားရဲနဲ့ မင်းဘယ်လောက်တိုက်နိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့” ဖွတ်ကြီး၏ပါးစပ်ထဲမှ အသံတစ်သံထွက်ပေါ်လာခဲ့သည်။ လေထဲသို့ ထိုအသံပဲ့တင်ထပ်သွားသည်နှင့် ဖွတ်ကြီးကလည်း ပိုင်ချန်းကျိုက်ဆီသို့ အလျင်အမြန်နီးကပ်သွားခဲ့သည်။
စုမင် မတ်တပ်ထရပ်လိုက်သည်။ သူ့ညာမျက်လုံးထဲတွင် သွေးနီရောင်အလင်း တောက်ပလာပြီး ညာလက်ကိုမြှောက်လိုက်သည်။ မျက်နှာပေါ်မှ စိတ်ပိုင်းဖြတ်လိုက်ဟန်နှင့်အတူ စုမင်အနောက်တွင် နက်မှောင်တောင်ကြီး ထွက်ပေါ်လာခဲ့သည်။ တောင်ထိပ်ငါးခု နက်မှောင်တောင်ကြီးထံမှ သန်မာသောဖိအားတစ်ခု ပျံ့နှံ့လာပြီး စုမင်လက်ညှိူးဖြင့် ညွှန်ပြလိုက်သည်နှင့် ၎င်းက ဧရာမဖွတ်ကြီးထံ တိုးဝင်သွားချေသည်။
ဧရာမဖွတ်ကြီး အနီးရောက်လာသည်နှင့် ပိုင်ချန်းကျိုက်၏ ပုံရိပ်ယောင်ခန္ဓာကိုယ်က ခေါင်းကိုမော့လိုက်ရာ သူ၏မျက်လုံးများထဲတွင် စူးရှတောက်ပသော အကြည့်တစ်ခုရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။ ထိုအကြည့်ထဲတွင် ဖော်ပြ၍မရနိုင်သည့် တိုက်ပွဲစိတ်ဝိညာဉ် ရှိနေလေသည်။
ထိုအရာသည် အခြားလူတစ်ဦး၏ မျက်လုံးများကိုပင် လောင်ကျွမ်းပစ်နိုင်လောက်သည့် အလွန်တောက်လောင်ပူပြင်းသော တိုက်ပွဲစိတ်ဝိညာဉ်ဖြစ်သည်။ ထိုအကြည့် ဖြစ်ပေါ်လာသည့်အခိုက်အတန့်တွင် တိုက်ပွဲနှင့်အဝေးရှိ အဆုံးမရှိသော ကောင်းကင်မြူခိုးအတားအဆီးပေါ်တွင် ငြိမ်သက်စွာတရားထိုင်နေသော ပိုင်ချန်းကျိုက်၏ အစစ်အမှန်ခန္ဓာကိုယ်ကလည်း ခေါင်းမော့လာခဲ့သည်။ သူ့မျက်လုံးထဲတွင် အလားတူအကြည့်မျိုး ဖြစ်ပေါ်လာပြီး သူ့ခန္ဓာကိုယ်က ချက်ချင်းပိန်ပါးသွားသည်။
တစ်ချိန်တည်းမှာပင် တိုက်ပွဲဖြစ်ပွားနေသည့် လူရိုင်းတို့၏နယ်မြေမှ တောအုပ်ထဲတွင် ပိုင်ချန်းကျိုက်၏ နတ်ဘုရားကိုယ်ပွားသည် ထွင်းဖောက်မြင်ရလုနီးပါး ပုံရိပ်ယောင်အခြေအနေမှ အစစ်အမှန်ပုံစံနီးပါးသို့ ပြောင်းလဲသွားခဲ့သည်။ ထို့နောက် လက်သီးဆုပ်လိုက်ပြီး တိုးဝင်လာနေသော ဖွတ်ကြီးထံ ထိုးသွင်းလိုက်သည်။
ထိတ်လန့်တုန်လှုပ်ဖွယ် ပေါက်ကွဲသံကြီးက ဧရိယာတစ်ဝိုက် ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။ ထိုလက်သီးတစ်ချက်တည်းနှင့်ပင် ပိုင်ချန်းကျိုက်၏ ခန္ဓာကိုယ်ကလည်း အလျင်အမြန်ပျောက်ကွယ်သွားပြီး အသက်တစ်ရှိုက်စွာအတွင်းမှာပင် ပျောက်ကွယ်လုနီးပါး ဖြစ်သွားခဲ့သည်။
ဖွတ်ကြီးက စူးရှစွာအော်ဟစ်လိုက်ပြီး လက်သီးနှင့်ထိမိသောနေရာမှ စတင်ပြိုကွဲပျက်စီးလာခဲ့သည်။ ပျက်စီးမှုများသည် ၎င်း၏တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားပြီး လက်သီးချက်ကို မခုခံနိုင်ဟန်ဖြင့် ဖွတ်ကြီး၏ ဧရာမခန္ဓာကိုယ်ကြီးက အနောက်ဘက်သို့ စတင်လဲပြိုကျသွားချေသည်။
ပိုင်ချန်းကျိုက်၏ ပျောက်ကွယ်လုနီးပါးခန္ဓာကိုယ်သည် ရှေ့သို့ခြေတစ်လှမ်းလှမ်းလိုက်ပြီး ဖွတ်ကြီး၏အရှေ့၌ ပြန်ပေါ်လာခဲ့သည်။ ထို့နောက် သူ့ညာလက်ကိုမြှောက်လိုက်သည်။ ဤတစ်ကြိမ်တွင်တော့၊ သူ လက်သီးရော၊ လက်ဝါးရောမသုံးခဲ့ပေ။ ထိုအစား၊ လက်ချောင်းတစ်ချောင်းကိုသာသုံး၍ ဖွတ်ကြီး၏ဦးခေါင်းကို ထိကပ်လိုက်လေသည်။
လက်ချောင်းကိုမြှောက်၍ ထိကပ်လိုက်သည့်ဖြစ်စဉ်တစ်ခုလုံးတွင်၊ မှောင်မိုက်နေသော ကောင်းကင်သည် ရုတ်တရက်ထွန်းလင်းတောက်ပသွားသည်ဟု သိပ်မဝေးသောနေရာတွင်ရှိနေသည့် စုမင်တစ်ယောက် အမြင်မှားသွားရ၏။
“ဒီတိုက်ခိုက်မှုက ငါ့ကိုယ်ပိုင်ဖန်တီးမှုပဲ။ အဲဒါရဲ့ နာမည်က... အဖြူရောင်”
တည်ငြိမ်သောအသံထွက်ပေါ်လာသည်နှင့် ပိုင်ချန်းကျိုက်၏ ညာလက်ညှိူးသည် အမှောင်ထုကိုပင် ဖယ်ရှားပစ်နိုင်သည့် အဖြူရောင်အလင်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုအရာသည် ကမ္ဘာပေါ်တွင် အတောက်ပဆုံးနေရာတစ်ခု ဖြစ်လာပြီး ဧရာမဖွတ်ကြီး၏ခန္ဓာကိုယ်ပေါ်သို့ လက်ညှိူးကျရောက်သွားသည်နှင့် ဖွတ်ကြီးက ချက်ချင်းအဖြူရောင်အဖြစ် ပြောင်းလဲသွားသည်။
မျက်စိကန်းလောက်သည့်အခြေအနေအထိ တောက်ပသွားပြီးချိန်တွင် လောကတစ်ခွင် ကျယ်လောင်သောပေါက်ကွဲသံများ ပဲ့တင်ထပ်ထွက်ပေါ်လာခဲ့သည်။ ဖွတ်ကြီးထံမှ ကောင်းကင်နှင့်မြေပြင်ကိုပင် တုန်ခါသွားစေနိုင်လောက်သည့် စူးရှစွာအော်ဟစ်သံကြီး ထွက်ပေါ်လာခဲ့သည်။ ၎င်း၏ ခန္ဓာကိုယ်ကြီးက လုံးလုံးပြိုလဲသွားခဲ့သည်။ သို့သော် ပျက်စီးမှုများသည် ပိုင်ချန်းကျိုက်၏ လက်ညှိူးဖြင့် ထိကပ်လိုက်သောနေရာမှ စတင်ဖြစ်ပေါ်လာခဲ့ခြင်းမရှိပဲ အမြီးမှစတင်ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ အမြီးကြီးက တစ်လက်မချင်းပြိုကွဲပျက်စီးသွားပြီး အနက်ရောင်မြူခိုးများအဖြစ် ပြန်လည်ပြောင်းလဲကာ ပြန့်ကျဲသွားသဖြင့် ၎င်းအတွင်းမှ လူရိုင်းအဘိုးအို၏ ဘယ်ခြေထောက်ထွက်ပေါ်လာခဲ့သည်။
နောက်ထပ် ဆက်လက်ပျက်စီးသွားသည်မှာ ဖွတ်ကြီး၏ခန္ဓာကိုယ်ဖြစ်သည်။ ၎င်း၏ခန္ဓာကိုယ်ကြီးက ဆက်လက်ပျက်စီးသွားပြီး အနက်ရောင်မြူခိုးများအဖြစ် ပြန့်ကျဲပျောက်ကွယ်သွားရာ ဒူးထောက်နေသကဲ့သို့ ကွေးညွှတ်ထားသော အဘိုးအိုညာဘက်ခြေထောက်နှင့် သူ့ခန္ဓာကိုယ်က ပြန်လည်ထွက်ပေါ်လာခဲ့သည်။
မကြာမီမှာပင် ဧရာမဖွတ်ကြီး၏ ပျက်စီးမှုက ၎င်း၏ရှေ့လက်များဆီရောက်ရှိသွားသည်။ လက်များပျက်စီးသွားသည်နှင့် ပေါက်ကွဲသံတစ်ချက်နှင့်အတူ ပိုင်ချန်းကျိုက်၏ လက်ညှိူးဖြင့်ထိမိခဲ့သည့် ၎င်း၏ဦးခေါင်းကြီးလည်း ပေါက်ကွဲသွားတော့သည်။ များစွာသော အနက်ရောင်မြူခိုးများ ပြန့်ကျဲသွားပြီး လူရိုင်းအဘိုးအို၏ ဦးခေါင်းထွက်ပေါ်လာခဲ့သည်။ အဘိုးအို၏ မျက်နှာက ဖြူရော်နေပြီး အနီရဲရဲသွေးများကို ထွေးထုတ်လိုက်ရလေသည်။
ထိုသို့ တစ်ချက်ထိကပ်ပြီးသည်နှင့် ပိုင်ချန်းကျိုက်သည် တစ်စုံတစ်ရာကို နောင်တရဟန်ဖြင့် သက်ပြင်းဖွဖွချလိုက်သည်။ သူ့ပုံရိပ်ယောင်ခန္ဓာကိုယ်သည် ဆက်လက်မတည်ရှိတော့ပဲ ဖွတ်ကြီး၏ခန္ဓာကိုယ်ပျက်စီးသွားရာမှ ပြန်လည်ဖြစ်ပေါ်လာခဲ့သည့် အနက်ရောင်မြူများနှင့် အတူ ကမ္ဘာပေါ်မှ ပျောက်ကွယ်သွားတော့သည်။
ထိုအရာများ ဖြစ်ပျက်သွားပြီးချိန်တွင်၊ စုမင်၏ မာန်အမှတ်အသားမှ ဖြစ်ပေါ်လာခဲ့သည့် နက်မှောင်တောင်ကြီးသည်လည်း သွေးအန်နေဆဲဖြစ်သည့် အဘိုးအိုကိုတိုက်ခိုက်မိသွားသည်။ တစ်ချိန်တည်းမှာပင် စုမင်ကလည်းလျှပ်စီးတန်းသဖွယ် အရှေ့သို့တိုးဝင်သွားသည်။ သူ့ညာမျက်လုံးထဲတွင် သွေးနီရောင်အလင်း တောက်ပလာပြီး အဘိုးအို၏ပတ်ဝန်းကျင်၌ ပုံရိပ်ယောင်မျိုးနွယ်စုကြီး ဖြစ်ပေါ်လာခဲ့သည်။
ထိုမျိုးနွယ်စုသည်... နက်မှောင်တောင်မျိုးနွယ်စုကြီးပင်ဖြစ်သည်။
မျိုးနွယ်စုကြီး ဖြစ်ပေါ်လာပြီးချိန်တွင် အဘိုးအို၏ပတ်ဝန်းကျင်ရှိ ကမ္ဘာလောကထဲတွင် လောင်ကျွမ်းနေသကဲ့သို့ သွေးနီရောင်အလင်းက မြင့်တက်ထွက်ပေါ်လာခဲ့သည်။
သွေးလွှမ်းလနှင့် နက်မှောင်တောင်ရုပ်ပုံ...
ရုပ်ပုံကြီး အပြည့်အစုံဖြစ်ပေါ်လာသည်နှင့် ထိုဧရိယာတစ်ခုလုံးသည် အခြားလောကတစ်ခုအတွင်း ရောက်ရှိသွားသကဲ့သို့ပင်။ ထိုလောကအတွင်းမှ ဖိအားသည် ဒဏ်ရာရနေပြီးသား အဘိုးအိုအား ပိုမို၍ပင်သွေးအန်သွားစေသည်။ အဘိုးအိုမျက်လုံးများက မှုန်မှိုင်းသွားသော်လည်း ၎င်းတို့အထဲ၌ ရူးသွပ်မှုများရှိနေသေးပေသည်။
သူ အပြင်းအထန် ဒဏ်ရာရထားခဲ့သည်ဆိုလျှင်တောင် သူ၏နောက်ဆုံးထွက်သက်ကို ယခုထိ မရှူထုတ်ရသေးပေ။ သူသည် လူရိုင်းတို့၏နယ်မြေထဲတွင် ရှိနေခြင်းဖြစ်ပြီး အထူးသဖြင့် ဤနေရာသည် သူ၏ အထွတ်အမြတ်သားရဲသတ္တဝါအနားယူရာ နေရာဖြစ်သည်။
သူ့အသက်စွမ်းအားများက များပြားနေဆဲ ဖြစ်ပြီး သူထိုကဲ့သို့အလွယ်တကူ သေဆုံးသွားလိမ့်မည်မဟုတ်ပေ။
စုမင်၏ အလျင်အမြန်ဦးတည်ပျံသန်းလာမှုက ကမ္ဘာပေါ်ရှိ နက်မှောင်တောင်ရုပ်ပုံထဲသို့ အခြားမျဉ်းကြောင်းတစ်ကြောင်း ထပ်ပေါင်းထည့်လိုက်သကဲ့သို့ပင်။ သူက အဘိုးအိုထံဦးတည်းပြေးသွားသလို အဘိုးအိုကလည်း အော်ဟစ်ဟိန်းဟောက်လိုက်ပြီး သူ့ထံပြေးဝင်လာကာ
သူတို့နှစ်ဦး ထိပ်တိုက်ရင်ဆိုင်မိလိုက်ကြချေသည်။
လေထဲတွင် ကျယ်လောင်သောမြည်ဟည်းသံများ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။ နက်မှောင်တောင်၏ တိုက်ခိုက်မှု၊ မျိုးနွယ်စုအတွင်းရှိ အိမ်များမှ ဝမ်းနည်းပူဆွေးမှုနှင့် ကောင်းကင်ပေါ်ရှိ သွေးလွှမ်းလထံမှ အနီရောင်အလင်းတို့က စုမင်ခန္ဓာကိုယ်နှင့် အတူတကွရောနှောပေါင်းစပ်သွားသဖြင့် နက်မှောင်တောင်ပန်းချီကားထဲတွင် အခြားမျဉ်းတစ်ကြောင်း ထပ်မံဖြစ်ပေါ်လာခဲ့စေသည်။ ထိုမျဉ်းကြောင်းက ပန်းချီကားကို ပြီးပြည့်စုံသွားစေလုနီးပါးပင်။
တစ်ဦးနှင့်တစ်ဦး နီးကပ်သွားကြသည်နှင့် စုမင် ညာလက်ကိုမြှောက်ကာ အဘိုးအိုထံသို့ မျဉ်းတစ်ကြောင်းဆွဲသားလိုက်သည်။
သူထိုသို့လုပ်လိုက်သည့်အချိန်တွင် နက်မှောင်တောင်ရုပ်ပုံပန်းချီကားတစ်ခုလုံးသည် မှင်ရည်များအဖြစ် ပြောင်းလဲသွားသကဲ့သို့ တွန့်လိမ်လှုပ်ရှားသွားကြသည်။ ၎င်းတို့သည် စုမင်၏မျဉ်းကြောင်းထဲသို့ စုပ်ယူခံလိုက်ပြီး၊ မျဉ်းကြောင်းနှင့်တစ်သားတည်း ပေါင်းစပ်သွားပြီးသည်နှင့်
လူရိုင်းအဘိုးအိုကို ပိုင်းဖြတ်လိုက်ကြချေသည်။
တစ်ချိန်တည်းမှာပင် ရှေးကျသောအငွေ့အသက်များ ပြည့်နေသည့် ဝမ်းနည်းပူဆွေးမှုတစ်ခုက စုမင်၏မျဉ်းကြောင်းဆီမှဖြာထွက်လာခဲ့သည်။ ယခင်က သူ၏အသန်မာဆုံးသော မျဉ်းကြောင်းကို ဆွဲခဲ့စဉ်ကတောင် ထိုခံစားချက်မျိုး ဖြစ်ပေါ်မလာခဲ့ဖူးပေ။
ဤအရှိန်အဝါသည် သူစစ်မာရှင်းနှင့် တိုက်ခိုက်ခဲ့စဉ်က အလိုအလျောက် ဆွဲသားမိခဲ့ချိန်တွင်သာ ဖြစ်ပေါ်ခဲ့ဖူးပေသည်။
ထိုအရှိန်အဝါထွက်ပေါ်လာသည်နှင့်အမျှ၊ အမှန်တစ်ကယ်တည်ရှိနေပုံမပေါ်သော်လည်း အချိန်နာရီများအစတည်းကပင် တည်ရှိနေခဲ့ပုံပေါ်သကဲ့သို့ ခပ်တိုးတိုးအသံများသည် စုမင်၏မျဉ်းကြောင်းအတွင်းမှ ထွက်ပေါ်လာခဲ့သည်။
“ငါ မွေးလာတဲ့အချိန်မှာ အရာအားလုံးက ဒီအတိုင်း ရှိနေတုန်းပဲ...”
စုမင် လက်မြှောက်လိုက်သည်။
“ငါ မွေးဖွားလာပြီးတဲ့အချိန်မှာတော့ မာန်စွမ်းအားရှင်တွေက အားနည်းလာကြတယ်”
မျဉ်းကြောင်းအား ဆွဲသားပြီးသွားချေပြီ။
“ကောင်းကင်ဘုံက အကြင်နာကင်းမဲ့လို့ ငါတို့အားလုံးကွဲကွာခဲ့ကြရတယ်...”
စုမင် ခေါင်းမော့လာချိန်တွင် သူ့မျက်လုံးများအတွင်း ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်နေခဲ့သည်။
“ကမ္ဘာမြေရဲ့ အကြင်နာကင်းမဲ့မှုကြောင့် ငါ့ရဲ့နက်မှောင်တောင်က သေဆုံးခဲ့ရတယ်...”
နက်မှောင်တောင်ကြီးတစ်ခုလုံးနှင့် စုမင်၏အရာအားလုံးပါဝင်နေသည့် ထိုမျဉ်းကြောင်းက အဘိုးအို၏ရင်ဘတ်ကိုပိုင်းဖြတ်သွားသည်။
ထိုမျဉ်းကြောင်းပြီးဆုံးသွားချိန်တွင်၊ သူ့ရုပ်ပုံဖန်တီးမှု၏ ပထမပုံစံသည် နောက်ဆုံးတော့ ပြည့်စုံသွားခဲ့ပြီဖြစ်ကြောင်း စုမင်သိလိုက်ရချေသည်။ ထိုအထဲတွင် အတိတ်အချိန်က သူဖြတ်သန်းခဲ့သည့် ဘဝ၊ သူ၏စိတ်ခံစားချက်များနှင့် သူ၏လောကတို့ ပါဝင်နေခဲ့သည်...
စစ်မာရှင်းသာ ဤနေရာတွင်ရှိနေပြီး စုမင်၏မျဉ်းကြောင်းကို တွေ့မြင်သွားလျှင်၊ အလွန်အမင်းအံ့အားသင့်သွားလိမ့်မည်မှာ သေချာပေါက်ပင်။ ထိုမျဉ်းကြောင်းအတွင်းမှ အသံများကိုသာ ကြားလိုက်ရမည်ဆိုလျှင်တော့ ထိုထိတ်လန့်မှုက အလွန်မြင့်မားသောအခြေအနေသို့ ရောက်ရှိသွားပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် မျဉ်းလေးကြောင်းထဲတွင်
မာန်နတ်ဘုရားအသွင်ပြောင်းလဲခြင်း၏ ပထမပုံစံကိုထုတ်ဖော်ချိန်တွင်သာ ဖြစ်ပေါ်လာတတ်သည့် ဝိုးတဝါးတီးတိုးရေရွတ်သံများ ထွက်ပေါ်ခဲ့သော ပထမဆုံးမျဉ်းကြောင်းမှလွဲ၍ ကျန်မျဉ်းကြောင်းများအားလုံးသည်တော့ မာန်နတ်ဘုရားတေးသံနှင့် လုံးဝကွဲပြားခြားနားနေခဲ့သောကြောင့်ပင်။
မာန်နတ်ဘုရား အသွင်ပြောင်းလဲခြင်းသည် ပထမဆုံးမာန်နတ်ဘုရား ၎င်း၏အထွတ်အထိပ်သို့ရောက်ခဲ့စဉ် အချိန်က မာန်စွမ်းအားရှင်မျိုးနွယ်စု၏ စစ်ပွဲသီချင်းတစ်ပုဒ်ပေါ်တွင် အခြေခံကာ ဖန်တီးထားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် မာန်နတ်ဘုရားအသွင်ပြောင်းလဲခြင်းကို... မာန်နတ်ဘုရား တေးသံဟုလည်း ခေါ်တွင်သေးပေသည်။
***