ဆရာ
Vol. 20 Ch. 270
မျဉ်းကြောင်းဆွဲသားပြီးသည်နှင့် ကောင်းကင်နှင့်မြေပြင်ကိုပင် ပိုင်းခြားပစ်လိုက်ပုံပေါ်သည့် အက်ကွဲကြောင်းတစ်ခုသည် အမှောင်ထုကောင်းကင်အောက် လေထုအလယ်တွင်ဖြစ်ပေါ်လာသည်။ စုမင်၏ညာလက်ညှိူးက စုတ်တံထိပ်ဖျားကဲ့သို့ပင်ဖြစ်သည်။ အဘိုးအို၏ ရင်ဘတ်ပေါ်တွင် ဖြတ်သန်းဆွဲသားနေရင်း သူ့ခန္ဓာကိုယ်ကလည်း လိုက်ပါလှုပ်ရှားနေခဲ့သည်။ ဆောင်းဦးတွင် သစ်ရွက်များ ဝေ့ဝဲကြွေကြနေသကဲ့သို့ ပုံစံဖြင့် မျဉ်းကြောင်းတစ်ခုကို ဆွဲသားပြီးသည်နှင့် အဘိုးအိုကိုကျောခိုင်းကာ အဝေးသို့လျှောက်သွားလိုက်သည်။
အဘိုးအိုက သွေးအန်လိုက်ရပြီး အနောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်သွားလိုက်ရပြီးနောက် ခေါင်းကို အလျင်အမြန်မော့ကြည့်လိုက်သည်။ စုမင်ကို သူလှမ်းကြည့်လိုက်သည့် အခိုက်အတန့်မှာပင်၊ သူ့ရင်ဘတ်တွင် ထိတ်လန့်ဖွယ်မျဉ်းရှည်ကြီး ဖြစ်ပေါ်လာပြီး ထိုမျဉ်းကြောင်းမှ သွေးများစီးကျလာခဲ့သည်။ သူ့သွေးများသည် မြေပြင်ပေါ်သို့ စီးကျသွားပြီး ထိုနေရာအား သွေးနံ့များဖြင့် ပြည့်နှက်သွားစေသည်။
အဘိုးအို၏ရင်ဘတ်ရှိ ဒဏ်ရာမှ အရိုးများသည် တစ်လက်မချင်း ပြိုကွဲပျက်စီးသွားသည်ကို တွေ့မြင်နိုင်ပြီး ထိုအရိုးများအောက်မှ ကိုယ်တွင်းအင်္ဂါများသည်လည်း သွေးအိုင်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့လေသည်။
အဘိုးအို၏မျက်နှာက ချက်ချင်းဖြူရော်သွားပြီး သူ့ရင်ဘတ်မှ ဒဏ်ရာရှည်ကြီးကို ငုံ့ကြည့်လိုက်သည်။ ဖြည်းညင်းစွာဖြင့် သူသည် မတ်မတ်ပင်မရပ်နိုင်တော့ပဲ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားကာ သူ့ပါးစပ်မှသွေးများ နောက်တစ်ကြိမ် စီးကျလာခဲ့ပြန်သည်။
စုမင်က အဘိးုအို၏အရှေ့ဘက်တွင်ရပ်နေပြီး မျက်လုံးများကိုပိတ်ထားခဲ့သည်။ တည်ရှိနေသည့်ပုံမပေါ်သော်လည်း သူမျဉ်းကြောင်းဆွဲသားလိုက်ချိန်တွင် ဖြစ်ပေါ်လာခဲ့သည့် စကားလုံးများက စုမင်ခေါင်းထဲ၌ ပဲ့တင်ထပ်နေလေသည်။
အဘိုးအိုပါးစပ်မှ ဖျော့တော့အားနည်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ “သဘာဝတရားကြီး ဖန်တီးတဲ့ စည်းချက်မျိုးပါနေတဲ့ အဲဒီပုံစံက ငါ့ယူဆချက်ကို သက်သေပြသွားတာပဲ။ မင်းက သေချာပေါက် သာမန်မာန်စွမ်းအားရှင် တစ်ယောက်မဟုတ်ဘူး။ မင်းက သေချာပေါက်ကို မာန်စွမ်းအားရှင်မျိုးနွယ်စုထဲက မာန်နတ်ဘုရားဖြစ်လာနိုင်တယ်ဆိုတဲ့ ပါရမီရှင်တွေထဲက တစ်ယောက်ဖြစ်လိမ့်မယ်...”
စုမင် စကားပြန်မပြောခဲ့ပေ။ သူ့မျက်လုံးများကိုပိတ်ထားဆဲ ဖြစ်ပြီး ထိုမျဉ်းကြောင်းကို ဆွဲသားခဲ့သည့် အတွေ့အကြုံထဲတွင် နစ်မြုပ်နေလေသည်။
“စိတ်မကောင်းစရာပဲ။ မင်းရဲ့ အဲဒီပုံစံက သဘာဝတရားကြီးရဲ့ တိုက်ခိုက်မှုမျိုး ဖြစ်နေတယ်ဆိုရင်တောင် ငါတို့အကြားစွမ်းအားကွာဟချက်ကြောင့် ငါ ဒဏ်ရာအပြင်းအထန်ရနေရင်တောင် မင်းငါ့ကို အဲလောက်လွယ်လွယ်သတ်နိုင်မှာ မဟုတ်ဘူး”
အဘိုးအိုက မြေပြင်ပေါ်တွင် ဒူးထောက်နေရင်းမှ ခေါင်းကိုကြိုးစားမော့လိုက်သည်။ သူ၏မှုန်မှိုင်းနေသော မျက်လုံးများထဲတွင် မှိန်ဖျော့ဖျော့အလင်းတစ်ခု ဖြစ်ပေါ်လာသည်။ အဘိုးအိုက သေလုမျောပါး ဒဏ်ရာရထားသော်လည်း သူ့ခန္ဓာကိုယ်ပေါ်တွင် အမှောင်ထုတစ်ခု ရုတ်တရက်ဖြစ်ပေါ်လာခဲ့သည်။ ထိုအမှောင်ထုသည် သူ့ရင်ဘတ်ရှိဒဏ်ရာမှ စတင်ဖြစ်ပေါ်လာခြင်း ဖြစ်ပြီး တစ်ကိုယ်လုံးကို ပျံ့နှံ့သွားလေသည်။
စုမင် မျက်လုံးများကိုဖွင့်ကာ အဘိုးအိုကိုတည်ငြိမ်စွာ လှမ်းကြည့်လိုက်သည်။ အဘိုးအိုမှန်ကြောင်း သူဝန်ခံရပေလိမ့်မည်။ အဘိုးအိုပြောခဲ့သလိုပင်၊ စုမင်ဤလူကို လုံးဝမသတ်နိုင်ခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် အဘိုးအို၏အသက်စွမ်းအားကို ဖျက်ဆီးရန် သူ ထိုမျဉ်းကြောင်းကို အသုံးပြုခဲ့သည့်အချိန်မှာပင် ကြောက်မက်ဖွယ်မုန်းတီးခြင်းအရှိန်အဝါတစ်ခုကို စုမင်နောက်တစ်ကြိမ် အာရုံခံမိခဲ့လေသည်။ ထိုအရှိန်အဝါသည် အဘိုးအိုနှင့်တစ်သားတည်း ဖြစ်နေခဲ့သဖြင့် သူ အဘိုးအို၏ခန္ဓာကိုယ်ကို ဖျက်ဆီးနိုင်ခဲ့သော်လည်း အဘိုးအို၏စိတ်ဝိညာဉ်ကိုတော့ မဖျက်ဆီးနိုင်ခဲ့ပေ။
စုမင်ထံတွင် ပိုင်ချန်းကျိုက်နှင့်တူညီသော ကျင့်ကြံဆင့်မျိုးမရှိသရွေ့ အဘိုးအိုနှင့် သူကိုးကွယ်သော ဖွတ်သားရဲသတ္တဝါကြားမှ ဆက်နွှယ်မှုကို ဖြတ်တောက်နိုင်လိမ့်မည် မဟုတ်ပေ။
“၁၃နှစ်ကြာပြီးလို့ ငါ့ခန္ဓာကိုယ်ကို ဖွတ်လူရိုင်းမျိုးနွယ်စုရဲ့ အထွတ်အမြတ်သားရဲက ပြန်လုပ်ပေးပြီးတဲ့ အချိန်ကျရင်၊ ငါမင်းကို လူရိုင်းတွေရဲ့နယ်မြေထဲမှာ စောင့်နေမယ်... ငါတို့ကြားက တိုက်ပွဲက မပြီးဆုံးသေးဘူး”
အဘိုးအိုအသံက ပိုမိုအားနည်းလာခဲ့သည်။ အဘိုးအို၏ ဒူးထောက်နေသောခန္ဓာကိုယ်တစ်ဝက်သည် လုံးဝအနက်ရောင်ပြောင်းသွားခဲ့ပြီဖြစ်ကာ အနက်ရောင်ဖြင့် ဖုံးအုပ်ခံလိုက်ရသည့် အဘိုးအို၏ခန္ဓာကိုယ်နေရာတိုင်းက ရုပ်တုသဖွယ်ပြောင်းလဲသွားလေသည်။ သူ့ခန္ဓာကိုယ်က အလျင်အမြန်တောင့်တင်းသွားခဲ့သည်။
“ငါတို့ နောက်တစ်ကြိမ်ပြန်တွေ့တဲ့အခါကျရင်၊ ငါ...”
အဘိုးအို၏ မှုန်မှိုင်းနေသောမျက်လုံးများသည် ရက်စက်ကြမ်းကြုတ်မှုနှင့် နက်ရှိုင်းစွာအမြစ်တွယ်နေသော အမုန်းတရားများဖြင့် တောက်ပသွားခဲ့သည်။ သူ့ခန္ဓာကိုယ် သေဆုံးမသွားခင် နောက်ဆုံးစကားများကို ပြောလိုဟန်ဖြင့် ပါးစပ်ဟလိုက်ချိန်တွင်...
... စုမင်၏ တည်ငြိမ်သောအသံက အဘိုးအိုစကားကိုဖြတ်ချသွားခဲ့သည်။
“၁၃နှစ်ကြာပြီးတဲ့နောက်မှာ မင်းရဲ့ဖွတ်လူရိုင်းမျိုးနွယ်စုက ပျက်စီးသွားခဲ့ပြီဆိုတာကို မင်းတွေ့ရလိမ့်မယ်” စုမင်က တည်ငြိမ်စွာပြောသည်။ သူ့စကားလုံးများထဲတွင် မည်သည့်သွေးဆာသောအရိပ်အယောင်မျိုးမှ ပါဝင်နေခဲ့ခြင်းမရှိသော်လည်း ထိုစကားတို့ကိုကြားလိုက်ရချိန်တွင် အဘိုးအိုမျက်လုံးများက ပြူးကျယ်စွာပွင့်လာခဲ့သည်။
“မင်း...”
အဘိုးအိုသည် မျက်လုံးများပြန်ပွင့်လာချိန်တွင် သေခြင်းတရားဆီမှ ကြိုးစားရုန်းကန်နေသည့်ပုံဖြင့် သူ့အသက်ရှူသံများက လျင်မြန်လာခဲ့သည်။ သူ့နှုတ်ခမ်းမှ သွေးများစီးကျလာသော်လည်း စကားတစ်ခွန်းကိုပင် အပြည့်အစုံမပြောနိုင်ခဲ့ပေ။ သူ စကားတစ်လုံးကိုသာ ကြိုးစားပြောဆိုလိုက်နိုင်ပြီးနောက် ရုန်းကန်နေရင်းမှပင် သူ့ဦးခေါင်းသည်လည်း တောင့်တင်းသွားပြီး ခန္ဓာကိုယ်တစ်ခုလုံးက ရုပ်တုတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ချေသည်။ သူသည် မြေပြင်နှင့်တွယ်ကပ်နေပြီး မကြာမီမှာပင် အဘိုးအိုအား ကြောက်မက်ဖွယ်မုန်းတီးသွေးဆာသော အရှိန်အဝါတစ်ခုက ဖုံးအုပ်သွားခဲ့လေသည်။ ဖွတ်လူရိုင်းမျိုးနွယ်စု ကိုးကွယ်သော အထွတ်အမြတ်သားရဲထက် အစွမ်းထက်သူမရှိသေးသရွေ့၊ မည်သူမှဤအရာကို မဖျက်ဆီးနိုင်ပေ။ အဝေးသို့ယူဆောင်သွားနိုင်ရန်မူ ပိုမို၍ပင် ခဲယဉ်းပေသေးသည်။
ဤရုပ်တုသည် တောအုပ်၏တစ်စိတ်တစ်ပိုင်း ဖြစ်သွားခဲ့ချေပြီ။
စုမင်၏ အေးစက်နေသော မျက်လုံးများသည် သေဆုံးသွားပြီဖြစ်သော အဘိုးအို၏ရုပ်တုကို စူးစိုက်ကြည့်နေခဲ့သည်။ သူ့နှလုံးသားက အလွန်အမင်း တည်ငြိမ်နေလေသည်။ လူရိုင်းမျိုးနွယ်စု၏ ထူးဆန်းမှုများနှင့် ပက်သက်၍ သူနောက်တစ်ကြိမ် နားလည်သဘောပေါက်မှု အသစ်တစ်ခုရရှိလိုက်ပြန်ပြီ ဖြစ်၏။
အကယ်၍ အဘိုးအိုသည် မာန်စွမ်းအားရှင်တစ်ဦးသာ ဖြစ်ခဲ့လျှင်၊ သူအမှန်တစ်ကယ် သေဆုံးသွားနိုင်လောက်သည်။ သို့သော် ယခုတော့ အဘိုးအို၏ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က ဖျက်ဆီးခံလိုက်ရသော်လည်း သူ့စိတ်ဝိညာဉ်ကတော့ ပတ်ဝန်းကျင်တစ်ဝိုက်တွင် ရှိနေဆဲဖြစ်ပြီး တောအုပ်နှင့်ရောနှောသွားခဲ့ချေသည်။ အချိန်တစ်ချို့ကြာပြီးလျှင် သူ့ခန္ဓာကိုယ်ကလည်း ပြန်လည်ကောင်းမွန်လာပေလိမ့်မည်။
ဤထူးဆန်းသောစွမ်းရည်နှင့်ပက်သက်ပြီး စုမင်နားမလည်သော်လည်း ဤစွမ်းရည်က အမှန်တစ်ကယ် တည်ရှိနေခြင်းဖြစ်ကြောင်းကိုတော့ သူခံစားမိလေသည်။
သူဆေးလုံးအချို့ကိုထုတ်ယူပြီး ပါးစပ်ထဲထည့်လိုက်၏။ ထို့နောက် အသက်ပြင်းပြင်းရှူလိုက်ပြီး ရာသီဥတုကို မော့ကြည့်လိုက်သည်။ ကောင်းကင်က မှောင်မည်းမနေတော့ပေ။ အရုဏ်တက်တော့မည်ဖြစ်ပြီး နေရောင်ခြည်၏ ပထမဦးဆုံး အလင်းတန်းကပင် ထွန်းလင်းတောက်ပလာပေတော့မည်။ အမှန်တစ်ကယ်တော့ သူသာအဝေးသို့လှမ်းကြည့်လိုက်မည်ဆိုလျှင်၊ မိုးကုပ်စက်ဝိုင်းတွင် ထွန်းလင်းတောက်ပနေပြီဆိုသည်ကို သူတွေ့ရပေလိမ့်မည်။
“လူရိုင်းမျိုးနွယ်စု...” စုမင် တီးတိုးရေရွတ်လိုက်သည်။
သူ၏ လူရိုင်းများ၏နယ်မြေသို့ ခရီးစဉ်သည် စုမင်အား လူရိုင်းမျိုးနွယ်စုအကြောင်း ပထမဆုံးအနေဖြင့် နားလည်သဘောပေါက်သွားစေခဲ့သည်။ ထိုသဘောပေါက်နားလည်မှုသည် အခြားသူများထံမှ လူရိုင်းများအကြောင်း ပြန်လည်နားထောင်ခြင်းနှင့် ရှေးဟောင်းစာလိပ်များဖတ်ရှုခြင်းတို့ထက် ပိုမိုအခကျိုးသက်ရောက်မှုရှိပြီး အသုံးဝင်ပေသည်။
သူ၏ အကြီးဆုံးအစ်ကိုကြီးကသာ သူ့ကိုယ်သူကာကွယ်ရန် ရတနာပေးမထားခဲ့လျှင် သူဤနေ့ သေဆုံးသွားခဲ့လောက်သည်။ ဒါဇင်ခန့်လူရိုင်းများ အဝိုင်းခံထားရစဉ်က သူနောက်ဆုတ်၍ အမှားတစ်ခုလောက်သာ လုပ်မိခဲ့မည်ဆိုလျှင် သူပြန်လာနိုင်တော့မည် မဟုတ်ပေ။
ဆရာဦးလေးပိုင်၏ နတ်ဘုရားကိုယ်ပွားအဖြစ် ပြောင်းလဲသွားခဲ့သော အကြေးခွံလေးကြောင့်သာ မဟုတ်လျှင် ယခုအချိန်မြေပြင်တွင် လဲလျောင်းနေရမည့်တစ်ယောက်မှာ မိမိဖြစ်နေလိမ့်မည်ကိုလည်း စုမင်သိ၏။
ရုပ်တုအဖြစ်ပြောင်းလဲသွားပြီဖြစ်သည့် လူရိုင်းအဘိုးအိုကို စုမင်ငေးကြည့်လိုက်သည်။ အဘိုးအို၏အမူအယာသည် သူနောက်ဆုံးအသက်မထွက်သေးခင် တစ်စုံတစ်ရာကိုပြောချင်နေသည့် ဒေါသများဖြင့်ပြည့်နေသော မျက်နှာအမူအယာပင်ဖြစ်သည်။ ဤပုဂ္ဂိုလ်သည် စုမင်ရင်ဆိုင်ခဲ့သမျှထဲ၌ အသန်မာဆုံးရန်သူဟု ယူဆ၍ရပေသည်။
စုမင် မိမိရင်ဘတ်ကို ပြန်ထိကြည့်လိုက်သည်။ ထိုနေရာမှ ဒဏ်ရာသည် ပိုမိုဆိုးရွားနေခဲ့ပြီဖြစ်သော်လည်း ပြန်လည်သက်သာလာစေရန် ဆေးလုံးများစွာသုံးခဲ့ပြီးချိန်တွင်တော့ သူ ထိုအရာကိုအနည်းငယ် ထိန်းချူပ်နိုင်နေပြီဖြစ်သည်။
‘တစ်ရက်ပဲ ကျန်တော့တယ်... ငါ့အမြန်နှုန်းနဲ့ဆိုရင် အချိန်မီ ပြန်ရောက်နိုင်တော့မှာ မဟုတ်ဘူး...’
စုမင် ခေါင်းမော့ကာ သူ့ဆရာစောင့်ဆိုင်းနေမည့် အရပ်သို့လှမ်းကြည့်လိုက်မိပြီးနောက် ခဏတာတိတ်ဆိတ်သွားခဲ့သည်။
‘ငါ နေ့တစ်ဝက်လောက် နောက်ကျနေလိမ့်မယ်။ ဆရာက သူသုံးရက်ပဲ စောင့်မယ်လို့ပြောခဲ့တာ...’
စုမင် မျက်လုံးများကို ပိတ်ချလိုက်သည်။ ယခုအချိန်၌ သူရွေးချယ်မှုတစ်ခု လုပ်ရတော့ပေမည်။
ရွေးချယ်မှုများထဲမှ တစ်ခုသည် ဤတောအုပ်ထဲမှ ဖြစ်နိုင်သမျှ အမြန်ဆုံးထွက်ခွာသွားရန်ဖြစ်သည်။ သူအချိန်မီ မရောက်သွားခဲ့လျှင်တောင်၊ သူ့ဆရာက သူ့ကိုဆက်လက်စောင့်ဆိုင်းနေနိုင်သေးသည်။
ဒုတိယ ရွေးချယ်မှုကတော့...
စုမင်မျက်လုံးများ ပြန်ဖွင့်လိုက်ချိန်တွင် ၎င်းတို့အထဲ၌ စိတ်ပိုင်းဖြတ်မှုနှင့် ရက်စက်မှုများရှိခဲ့သည်။ ထို့နောက် တောအုပ်၏ အနက်ပိုင်းများဆီသို့ လှမ်းကြည့်လိုက်သည်။
‘အခုပြန်သွားမယ်ဆိုရင်၊ အဲလိုလုပ်မိတဲ့ ငါ့ဆုံးဖြတ်ချက်ကို သေချာပေါက်ပြန်ပြီး မေးခွန်းထုတ်မိနေလိမ့်မယ်’
ဤနေရာတွင် ထုတ်သုံးခဲ့သည့် ပစ္စည်းများကို တည်ငြိမ်စွာပြန်သိမ်းလိုက်ပြီး အလင်းတန်းတစ်ခုအသွင်ဖြင့် တောအုပ်ထဲသို့ တိုးဝင်သွားလေသည်။ ခဏအတွင်းမှာပင် ထိုနေရာမှပျောက်ကွယ်သွားတော့သည်။ သူ့ဦးတည်ရာက ရှင်းလင်းနေခဲ့သည်။ ထိုနေရာသည် ဖွတ်လူရိုင်းမျိုးနွယ်စုတည်ရှိရာ တောအုပ်၏အနက်ပိုင်းဆီသို့ပင် ဖြစ်သည်။
ဖွတ်လူရိုင်းမျိုးနွယ်စု၏ တည်နေရာအတိအကျကို စုမင်မသိသော်လည်း သူငယ်ငယ်တည်းက တောထဲ၌နေခဲ့ခြင်းဖြစ်သည်။ အကယ်၍ တောအုပ်ထဲတွင် လူရာကျော်နေထိုင်သည့် မျိုးနွယ်စုတစ်စုသာရှိလျှင် သူတို့နေရာဆီသို့ပြသော လမ်းကြောင်းများနှင့် သဲလွန်စများရှိနေပေလိမ့်မည်။
အခြားသူများအနေဖြင့် ထိုသဲလွန်စများအပေါ် အခြေခံ၍ တောထဲတွင်ဖုံးကွယ်ထားသော မျိုးနွယ်စုတစ်စုကို ရှာဖွေရန် ခဲယဉ်းကောင်းခဲယဉ်းနိုင်သော်လည်း စုမင်အတွက်တော့ နတ်ဘုရားစိတ်အာရုံ၏ အကူအညီရှိနေသဖြင့် ဤအရာက များစွာခက်ခဲသောအရာမျိုး မဟုတ်ပေ။ ထိုအရာဖြင့်ဆိုလျှင်၊ ရှာဖွေမှုက ပိုမို၍ပင် လွယ်ကူသွားပေလိမ့်မည်။
‘ဒီမျိုးနွယ်စုက မျိုးနွယ်စုကြီးတစ်ခုမဟုတ်တာ ကျိန်းသေပေါက်ပဲ။ အဲဒီမှာ အစွမ်းထက်ရှာမန်တွေလည်း အများကြီးရှိမှာမဟုတ်ဘူး။ သူတို့အထဲက အတော်များများကိုလည်း ငါသတ်ခဲ့တဲ့အပြင်၊ သူတို့မျိုးနွယ်စုရဲ့ ရှာမန်အိုကြီးကလည်း သေသွားခဲ့မှတော့... ငါဒါကို အဆုံးမသတ်ခဲ့ရင်၊ နောင်တရလိမ့်မယ်’
စုမင်မျက်လုံးများက သတ်ဖြတ်လိုသည့်အသိတစ်ခုဖြင့် တောက်ပသွားသည်။ သူ မျိုးနွယ်စုအပေါ် ရန်လိုခြင်း၊ မကျေမနပ်ဖြစ်ခြင်းများ မရှိသော်လည်း ပျော့ညံ့ခဲ့သည့် အချိန်တစ်ခဏလေးကြောင့် သူသေဆုံးသွားရလုနီးပါး အခြေအနေသို့ကျရောက်သွားခဲ့ရသည်။
စုမင် ထွက်သွားပြီး မကြာခင်မှာပင်၊ အစောလေးက တိုက်ပွဲကွင်းပြင် ဖြစ်သွားခဲ့သောနေရာ၌ ရုပ်တုအဖြစ်ပြောင်းလဲသွားပြီဖြစ်သော လူရိုင်းအဘိုးအို၏ဘေး တိတ်ဆိတ်မှုအလယ်၌ အသံတစ်ခု ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။
ထိုအသံသည် အဝေးမှတစ်စုံတစ်ဦးဖြည်းဖြည်းချင်း လျှောက်လာနေသည့်အသံမျိုး ဖြစ်သည်။ မကြာမီမှာပင် တောအုပ်အတွင်းမှ လူတစ်ဦးထွက်လာခဲ့သည်။
ထိုလူက ခရမ်းရောင်ဝတ်ရုံများကို ဝတ်ဆင်ထားသော... ထျန်းရှဲ့ကျီပင်ဖြစ်သည်။
ထျန်းရှဲ့ကျီသည် လူရိုင်းအဘိုးအို၏ ရုပ်တုဆီသို့လျှောက်လာပြီး တည်ငြိမ်အေးဆေးသော အမူအယာဖြင့် နံဘေးတွင်ရပ်လိုက်သည်။ စုမင် ထွက်ခွာသွားရာအရပ်ဆီသို့ တစ်ချက်လှမ်းကြည့်လိုက်ပြီးသည်နှင့် သူ့အကြည့်က လူရိုင်းအဘိုးအို၏ရုပ်တုပေါ်သို့ ပြန်လည်ကျရောက်လာခဲ့သည်။ ထိုအခိုက်အတန့်တွင် သူ့မျက်လုံးများထဲ၌ ပြင်းထန်သော သတ်ဖြတ်လိုသည့်အသိတစ်ခုဖြင့် ပြည့်နှက်သွားချေသည်။
“မင်းကများ ငါ့တပည့်ကိုလိုက်ဖမ်းဖို့ ကြိုးစားရဲသေးတယ်... မင်းက သူ့စွမ်းရည်ကို မြှင့်တင်နိုင်မယ့် အခွင့်အရေးတစ်ခုကို ပေးခဲ့လို့ ငါမင်းကိုသေခွင့်ပြုလိုက်ပါ့မယ်”
ထျန်းရှဲ့ကျီက ညာလက်ကိုမြှောက်ကာ ရုပ်တုကို အသာအယာရိုက်ချလိုက်သည်။
ထိုရိုက်ချက်ကြောင့် ရုပ်တုကတုန်ခါသွားပြီး ၎င်း၏ခန္ဓာကိုယ်တွင် မရေမတွက်နိုင်သည့် အက်ကြောင်းများဖြစ်ပေါ်လာပြီး ကျယ်လောင်သောပေါက်ကွဲသံတစ်ချက်နှင့်အတူ အပိုင်းအစများအဖြစ် လေထဲသို့ပြန့်ကျဲသွားလေသည်။
နာကျင်စွာအော်ဟစ်သံကဲ့သို့ ခပ်တိုးတိုးအော်သံတစ်ခုက လေထဲတွင် ပဲ့တင်ထပ်သွားသည်။
ထျန်းရှဲ့ကျီသည် ရုပ်တုကိုလက်ဝါးဖြင့်ရိုက်လိုက်သည့် အခိုက်အတန့်၌ တောအုပ်အတွင်းမှ အထွတ်အမြတ်သားရဲနှင့် လူရိုင်းအဘိုးအိုတို့အကြား ဆက်နွှယ်မှုကို ချိူးဖျက်လိုက်ခြင်းဖြစ်သလို တစ်နည်းဆိုရလျှင် အဘိုးအို၏ စိတ်ဝိညာဉ်ကို ဖျက်ဆီးကာ အမှန်တစ်ကယ် သေဆုံးသွားစေခြင်းဖြစ်သည်။
“ပြီးတော့ မင်း၊ တွားသွားသတ္တဝါကောင်... မင်းက လူရိုင်းမျိုးနွယ်စု သေးသေးလေးကိုးကွယ်ခံရတာနဲ့ သာယာနေတယ်။ မင်းကိုယ်မင်း လူရိုင်းမျိုးနွယ်စုရဲ့ အထွတ်အမြတ်သားရဲလို့ တစ်ကယ်ထင်နေတာလား” ထျန်းရှဲ့ကျီက လေထဲသို့ အေးအေးဆေးဆေးပြောရင်း မြေပြင်အား ညာခြေဖြင့်ဆောင့်နင်းလိုက်သည်။
သူ့ခြေထောက်ကျရောက်သွားသည်နှင့် တောအုပ်အတွင်း လေပြင်းများဖြတ်သန်းတိုက်ခတ်သွားသည်။ မြေပြင်က တုန်ခါသွားပြီး စူးရှသည့် မပီဝိုးတဝါးအသံများ ထွက်ပေါ်လာခဲ့သည်။ တောအုပ်ကိုဖြတ်သန်းပြေးလွှားနေခဲ့သည့် စုမင်ကတော့ ထိုအသံများကိုမကြားခဲ့ပေ။ ထိုအသံ၏ အကြောင်းရင်းခံကြောင့် ထျန်းရှဲ့ကျီကသာ ၎င်းကိုသတိပြုမိခဲ့လေသည်။
အသံများထွက်ပေါ်လာပြီးချိန်တွင် ထျန်းရှဲ့ကျီရှေ့လေထဲတွင် အနက်ရောင်မြူခိုးများစွာ စတင်ထွက်ပေါ်လာခဲ့သည်။ ထျန်းရှဲ့ကျီ၏မျက်နှာရှေ့တွင် ထိုအနက်ရောင်မြူခိုးများက အတူတကွစုဝေးသွားပြီး ဧရာမဖွတ်ကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်။
ထိုဖွတ်ကြီး၏ပုံစံက ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း မရှိပေ။ ၎င်း၏ မူလကရက်စက်ကြမ်းကြုတ်သော မျက်လုံးများသည် ယခုတော့ ကြောက်ရွံ့မှု၊ ထိတ်လန့်မှု၊ အသနားခံမှုများနှင့် ထျန်းရှဲ့ကျီကိုကြည့်နေလေသည်။ ၎င်းက တုန်ယင်နေပြီး ရပ်နေသောနေရာမှနေ၍ ဦးညွှတ်ကာ ထျန်းရှဲ့ကျီကို အရိုအသေပေးနေလေသည်။
ထျန်းရှဲ့ကျီက ခဏတာငြိမ်သက်နေပြီးမှ အေးစက်စက်လှောင်ပြောင်သရော်သံတစ်ခု ပြုလုပ်လိုက်သည်။
“ကြည့်ရတာ ဖွတ်လူရိုင်းမျိုးနွယ်စုက မင်းကိုအရမ်းကိုးကွယ်ခဲ့တာထင်တယ်။ မင်းက ပုံသဏ္ဍာန်တစ်ခုရရုံတင်မကဘူး။ ဉာဏ်ရည်တောင် ရှိနေသေးတယ်... ငါမင်းကို သက်ညှာပေးလို့ရပါတယ်။ ဒီမှာနေပြီး ငါ့တပည့်ကို နောက်တကြိမ်တွေ့တဲ့အခါကျ သူ့နောက်ကိုလိုက်ပြီး အသက်ပေးကာကွယ်ရမယ်”
“ငါ့စကားကို ဆန့်ကျင်ရင်တော့ မင်းလာခဲ့တဲ့ နေရာကိုပြန်ပို့ရလိမ့်မယ်”
ထျန်းရှဲ့ကျီအသံက အေးအေးဆေးဆေးပင် ဖြစ်သော်လည်း ပုံရိပ်ယောင်ဖွတ်ကြီးက ထိုစကားလုံးများကို ကြားလိုက်ရချန်တွင် တုန်ယင်သွားပြီး ၎င်းမျက်လုံးများထဲတွင် ကျေးဇူးတင်ခြင်း၊ နာခံခြင်းများ ဖြစ်ပေါ်လာခဲ့သည်။
“သွားတော့”
ထျန်းရှဲ့ကျီက လက်ကိုဝှေ့ယမ်းလိုက်ပြီး စုမင်ထွက်ခွာသွားရာဘက်ဆီသို့ လျှောက်လှမ်းထွက်ခွာသွားလေသည်။
ပုံရိပ်ယောင်ဖွတ်ကြီးသည် အနက်ရောင်မြူခိုးများအဖြစ် ပြန်လည်ပြောင်းလဲသွားပြီး မြေပြင်အတွင်း တိုးဝင်ပျောက်ကွယ်သွားတော့သည်။
တောအုပ်ကို ဖြတ်သန်းပြေးလွှားနေစဉ်အချိန်အတွင်း စုမင်သည် သူ့ပတ်ဝန်းကျင်မှ သဲလွန်စလက္ခဏာများကို စူးစမ်းရှာဖွေရန် မကြာခဏဆိုသလို ရပ်လေ့ရှိပြီး သူရှာတွေ့သည့်အရာများအရ လမ်းကြောင်းပြောင်းလဲတတ်သည်။ ကောင်းကင်က တစ်ဖြည်းဖြည်း ထွန်းလင်းလာပြီး မွန်းတည့်နေ၏ အတောက်ပဆုံးအခြေအနေသို့ ရောက်သွားချိန်တွင် စုမင်မျက်လုံးများထဲ၌ စူးရှတောက်ပသေည အကြည့်တစ်ခုဖြစ်ပေါ်လာခဲ့သည်။ ဖွတ်လူရိုင်းမျိုးနွယ်စုရဲ့ တည်နေရာကို စုမင်ရှာတွေ့သွားချေပြီ။ ထိုမျိုးနွယ်စုသည် သူ့ရှေ့ တစ်နေရာရာ၌ ရှိနေလေသည်။
စုမင်ခန္ဓာကိုယ်သည် တစ္ဆေတစ်ကောင်သဖွယ် ရှေ့သို့လွင့်မျောသွားနေသော်လည်း သူနှင့်ဖွတ်လူရိုင်းမျိုးနွယ်စုအကြား ပေသောင်းပေါင်းများစွာ ဝေးကွာနေဆဲဖြစ်သည်။ ထိုအခိုက်အတန့်မှာပင် သူ့ရှေ့တွင်ရပ်နေသော လူတစ်ယောက်ကိုမြင်လိုက်ရသဖြင့် ရုတ်တရက်ရပ်တန့်သွားရလေသည်။
“ဆ... ဆရာ”
***