← Chapters

ဒါက ကျွန်တော့်ရဲ့ ဖန်တီးမှုပဲ

Vol. 20 Ch. 271

ဒါက ကျွန်တော့်ရဲ့ ဖန်တီးမှုပဲ

Vol. 20 Ch. 271

သူ့ရှေ့တွင် ရပ်နေသူသည် ခရမ်းရောင်ဝတ်ရုံများ ဝတ်ဆင်ထားပြီး ထိုရင်းနှီးကျွမ်းဝင်နေသော ဝတ်ရုံနှင့် အရှိန်အဝါက စုမင်ကိုထိတ်လန့်သွားစေသည်။ မိသားစုကို ပြန်တွေ့လိုက်ရသည်ဟူသော ခံစားချက်တစ်ခုက စုမင်နှလုံးသားနှင့် ခန္ဓာကိုယ်တစ်လျှောက် ချက်ချင်းပျံ့နှံ့သွားခဲ့သည်။

သူ့ပါးစပ်မှ ‘ဆရာ’ဟူသော စကားသံ ထွက်ပေါ်သွားသောအခါ ထျန်းရှဲ့ကျီက လှည့်ကြည့်လာခဲ့သည်။ ထျန်းရှဲ့ကျီအမူအယာက နက်မှောင်နေဆဲဖြစ်သော်လည်း သူ့နှုတ်ခမ်းထောင့်များကတော့ အပြုံးတစ်ခုဖြင့် တွန့်ချိူးနေလေသည်။

“မင်း အများကြီးဖြတ်သန်းခဲ့ရပြီ” ထျန်းရှဲ့ကျီက ညင်သာစွာပြောသည်။ သူ့မျက်လုံးများထဲတွင်တော့ ချီးကျူးဟန်တို့က ထင်ဟပ်နေခဲ့သည်။

စုမင် အသက်ပြင်းပြင်းရှူရှိုက်လိုက်မိသည်။ သူ့ဆရာနှင့် နောက်တစ်ကြိမ် ပြန်တွေ့ခွင့်ရရန် နှစ်ပေါင်းများစွာ အချိန်ယူရလိမ့်မည် သို့တည်းမဟုတ် ပိုမိုဆိုးရွားပါက နောက်တစ်ကြိမ် ပြန်တွေ့ခွင့်တောင် မရှိနိုင်တော့ဟု စုမင် မူလကတွေးထင်ထားခဲ့ခြင်းဖြစ်သည်။ ဖွတ်လူရိုင်းမျိုးနွယ်စု၏ အပြင်ဘက်တွင် ထျန်းရှဲ့ကျီ ထွက်ပေါ်လာလိမ့်မည်ဟုတော့ သူ မမျှော်လင့်ထားမိပေ။

“ဆရာ...”

စုမင် သူ့ရင်ဘတ်မှ ဒဏ်ရာကိုထိလိုက်ရင်း ခေါင်းခါယမ်းပြမိ၏။

“သွားပါ၊ မင်းလုပ်သင့်တယ်ထင်တာကို လုပ်။ ငါမင်းကို စောင့်နေမယ်။ ပြီးရင် အတူတူ အိမ်ပြန်ကြတာပေါ့”

ထျန်းရှဲ့ကျီက စုမင်ကိုကြည့်ကာ ပြောသည်။ သူ့မျက်လုံးများအတွင်းရှိ ချီးကျူးမှုများက ပိုမိုထင်ရှားလာခဲ့သည်။

စုမင် ခဏတာတိတ်ဆိတ်နေပြီးနောက် လက်သီးနှင့်လက်ဝါးထပ်ကာ ထျန်းရှဲ့ကျီကို ဦးညွှတ်လိုက်သည်။ ထို့နောက် ရပ်တန့်နေခြင်းမပြုပဲ သူ့ဆရာအနောက်ရှိ ဖွတ်လူရိုင်းမျိုးနွယ်စုဆီ ဦးတည်လိုက်လေသည်။

ထျန်းရှဲ့ကျီသည် စုမင်နောက်ကျောကို လှမ်းကြည့်လိုက်ပြီး စိတ်အားထက်သန်သော မျက်နှာအမူအယာမျိုး ဖြစ်ပေါ်လာခဲ့သည်။

“ငါ့ရဲ့ စတုတ္ထတပည့်လေး၊ မင်းဘာကိုများ ရွေးချယ်လိမ့်မှာလဲ...” ထျန်းရှဲ့ကျီတစ်ယောက် တီးတိုးရေရွတ်လိုက်မိသည်။

စုမင် အရှေ့သို့ပြေးထွက်လာခဲ့ရာ သူ့အရှေ့၌ ရွာကြီးတစ်ရွာထွက်ပေါ်လာခဲ့သည်။ ရွာပတ်ဝန်းကျင်တွင် စည်းရိုးအဖြစ် သစ်များစွာအသုံးပြုထားပြီး အတွင်းမှထွက်ပေါ်လာနေသည့် ရယ်မောသံများကို ကြားနိုင်ချေသည်။ ထိုအသံများသည် သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ အမျိုးသမီးများနှင့် တိုက်ပွဲဝင်လူရိုင်းများထံမှ ဖြစ်သည်။

ထိုအသံက စုမင်အရှိန်ကိုနှေးသွားစေသည်။ သူ ရွာဆီလှမ်းကြည့်လိုက်မိသည်။ ထိုရွာနှင့် အနည်းငယ်ကွာဝေးနေသေးသော်လည်း ရွာအတွင်းရှိ မျိုးနွယ်စုဝင်များ၏ ပျော်ရွှင်နေမှုများကို သူခံစားနိုင်ပေသည်။

“ငါသာ ရှာမန်အဘိုးအိုရဲ့ အဖမ်းဆီးခံခဲ့ရမယ်ဆိုရင်၊ သူရွာထဲပန်ရောက်သွားတဲ့အချိန်ကျ ရယ်သံတွေက ပိုတောင်များလာဦးမယ်...”

စုမင် သက်ပြင်းချမိသည်။ သူနောက်ဆက်လုပ်မည့်အရာက မှန်လား၊မှားလား မသိသော်ငြား သန်မာသူများသာ ရှင်သန်နိုင်သည့်ကမ္ဘာတွင် ခဏတာအားနည်းပျော့ညံ့သွားခြင်းအတွက် ပေးဆပ်လိုက်ရသည့်တန်ဖိုးကို သူနားလည်သွားခဲ့ချေပြီ။

သူ ရွာဆီသို့တိတ်တဆိတ်လျှောက်သွားလိုက်သည်။ သူရွာနှင့် ပေ၁၀၀၀ခန့်သာဝေးတော့သည့်အချိန်တွင် စူးရှသောလေချွန်သံတစ်ခုက လေထုကိုဖြတ်သန်းထွက်ပေါ်လာခဲ့သည်။

ထိုအသံက သတိပေးသံကဲ့သို့ အလုပ်လုပ်ခြင်းဖြစ်သည်။ ရွာတစ်လျှောက် လေချွန်သံပဲ့တင်ထပ်သွားသည်နှင့် အတွင်းမှ လူလေးဦးအလျင်အမြန်ထွက်ပေါ်လာကြသည်။ ထိုလူလေးဦးသည် စုမင်ကိုမြင်လိုက်သောအခါ သူတို့ မျက်နှာအမူအယာများက ချက်ချင်းပြောင်းလဲသွားခဲ့ကြသည်။

ဤလူများအနေဖြင့် စုမင်အား ရင်းနှီးနေပေသည်။ သူတို့သည် အဘိုးအို၏ကယ်တင်မှုကြောင့် စုမင်၏အသန်မာဆုံးတိုက်ခိုက်မှုမှ အသက်ရှင်ကျန်ရစ်ခဲ့သည့် လူနည်းစုဖြစ်သည်။

ထိုလူလေးဦးကိုမြင်လိုက်သည်နှင့် စုမင်မျက်လုံးများအတွင်း သတ်ဖြတ်လိုသည့်ခံစားချက်တစ်ခု မြင့်တက်ဖြစ်ပေါ်လာသည်။ သူတစ်ချက်ခုန်လိုက်သည်နှင့် မျက်ခုံးအလယ်မှ ကျောက်စိမ်းဓားမြောင်ငယ်လေးက တောက်ပသွားပြီး လျှပ်စီးကဲ့သို့အမြန်နှုန်းဖြင့် အစိမ်းရောင်အလင်းတန်းတစ်ခုအဖြစ် ပျံသန်းတိုးဝင်သွားချေသည်။ လူလေးဦးအနီးသို့ရောက်သွားသည့် အခိုက်အတန့်တွင် စုမင်ကိုယ်ထဲမှ ခေါင်းလောင်းသံတစ်ချက် ရုတ်ခြည်းပဲ့တင်ထပ်ထွက်ပေါ်လာခဲ့သည်။

ထိုခေါင်းလောင်းသံက အသုဘခေါင်းလောင်းသံကဲ့သို့ပင်။ အသံလှိုင်းများ ပျံ့နှံ့သွားချိန်တွင် ကောင်းကင်၌ အစိမ်းရောင်အလင်းကလည်း တောက်ပသွားသည်။ ဓားမြောင်ငယ်သည် လျှပ်စီးတန်းသဖွယ် လူတစ်ဦး၏ရင်ဘတ်ကို ဖြတ်သန်းဖောက်ထွက်သွားပြီး သွေးများနှင့် နာကျင်စူးရှစွာအော်ဟစ်သံကို ယူဆောင်လာခဲ့သည်။ အစုလိုက်အပြုံလိုက် လူသတ်ပွဲအတွက် ကန့်လန်ကာမတင်လိုက်ချေပြီ။

ခဏအကြာတွင်တော့ ရွာအရှေ့မြေပြင်တွင် အလောင်းလေးလောင်း လဲလျောင်းနေတော့သည်။ စုမင်

သွေးစွန်းနေသော ခန္ဓာကိုယ်ဖြင့် အရှေ့သို့ တည်ငြိမ်စွာလျှောက်သွားလိုက်သည်။ ရွာအတွင်း သုသာန်တစပြင်သဖွယ် တိတ်ကျသွားသည့် အခိုက်အတန့်တွင် စုမင်က ကျောက်စိမ်းဓားမြောင်ငယ်ဖြင့် ရွာဂိတ်တံခါးကို ပိုင်းဖြတ်လိုက်လေသည်။

ကျယ်လောင်သောမြည်ဟည်းသံကြီး ထွက်ပေါ်လာပြီး ဂိတ်တံခါးက ချက်ချင်းပျက်စီးသွားခဲ့သည်။ ၎င်းသည် မရေမတွက်နိုင်သော အပိုင်းအစများအဖြစ် ပျက်စီးသွားပြီး နောက်သို့လဲပြိုကျသွားလေသည်။ ပျက်စီးသွားသောဂိတ်တံခါးဆီမှ ကောင်းကင်ယံသို့တိုင် လွင့်ပျံသွားသော ဖုန်မှုန့်များနှင့်အတူ စုမင်ရွာအတွင်းသို့ လျှောက်လှမ်းဝင်ရောက်လာခဲ့သည်။

သူလှမ်းဝင်လိုက်သည့် အခိုက်အတန့်မှာပင် သူ့ထံသို့လူငါးယောက် ဦးတည်တိုးဝင်ကာ တိုက်ခိုက်လာကြသည်။

လေထဲသို့ တုန်ခါမြည်ဟည်းသံများ အဆင်မပြတ်ပဲ့တင်ထပ်သွားပြီး စုမင်က အနည်းငယ်မျှပင် ရပ်တန့်သွားခြင်းမရှိပေ။ သူ့ရန်သူများဆီသို့ နီးကပ်သွားသည်နှင့် စုမင်အား အနက်ရောင်မြူခိုးများ ဝန်းရံသွားပြီး သူ့ကိုယ်ပေါ်၌ စစ်နတ်ဘုရားချပ်ဝတ် ပေါ်လာခဲ့သည်။ ၎င်းက ရန်သူများ၏ တိုက်ခိုက်မှုကို ကာဆီးပေးထားလေသည်။ တစ်ချိန်တည်းမှာပင် အစိမ်းရောင်အလင်း တောက်ပသွားသလို လျှပ်စီးများလည်း ပျံ့နှံ့သွားခဲ့သည်။

ဂိတ်တံခါးပျက်စီးမှုကြောင့် ဖြစ်ပေါ်လာသော ဖုန်မှုန့်များ၏အဝေးသို့ စုမင်လျှောက်လှမ်းထွက်လာချိန်တွင်တော့ သူ့နောက်ဘက်၌ အလောင်းငါးလောင်း လဲလျောင်းကျန်ခဲ့လေသည်။

လူငါးဦးသေဆုံးသွားပြီး စုမင်ရွာထဲသို့ လျှောက်လာသောအခိုက်အတန့်မှာပင် မြားတစ်ရာနီးပါးသည် လေထုကိုပိုင်းဖြတ်ကာ သူ့ထံတိုးဝင်လာသော်လည်း စုမင်အရှေ့ ပေအနည်းငယ်အကွာတွင် ရပ်တန့်သွားကြပြီး အမှုန့်များအဖြစ် ပေါက်ကွဲသွားကြသည်။

ဤမြားများကို ရှာမန်များက ပစ်လိုက်ခြင်းမဟုတ်ပဲ မျိုးနွယ်စုအတွင်းရှိ မျိုးနွယ်စုဝင်သာမန်လူများက ပစ်လွှတ်လိုက်ခြင်း ဖြစ်သည်။ သာမန်မျိုးနွယ်စုဝင်များသည် အမုန်းတရားများပြည့်နေသည့် သွေးနီရောင်မျက်လုံးများဖြင့် စုမင်အား စူးစူးရဲရဲစိုက်ကြည့်နေကြသည်။ သူတို့၏ မြားများဖျက်ဆီးခံလိုက်ရသော်လည်း ပိုမိုများပြားသော မြားများက လေထုကိုဖြတ်ကာ နောက်တစ်ကြိမ်ထွက်ပေါ်လာခဲ့ကြသည်။

သူတို့၏ မျက်လုံးများထဲတွင် အမုန်းတရားများကိုသာမက သေသည်အထိ ရပ်တန့်မည်မဟုတ်ဟု ပြောဆိုနေပုံပေါ်သော ဆုံးဖြတ်ချက်ခိုင်မာဟန်များကိုလည်း စုမင်မြင်လိုက်ရသည်။

ထိုအခိုက်အတန့်တွင် ခပ်တိုးတိုးဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာပြီး ရွာအတွင်းရှိ တဲများထဲမှ တစ်ခုကနေ၍ အမျိုးသားတစ်ဦး လျှောက်လှမ်းထွက်လာခဲ့သည်။ ကိုယ်တစ်ပိုင်းဗလာနှင့် ထိုလူက မြေပြင်ကိုဆောင့်နင်းလိုက်ပြီး စုမင်ထံခုန်ကာတိုးဝင်လာခဲ့သည်။ မကြာမီမှာပင် တစ်ဒါဇင်ခန့် ရှာမန်များသည်လည်း ရွာ၏ထောင့်များမှနေ၍ စုမင်ထံမုန်တိုင်းသဖွယ် တိုးဝင်လာခဲ့ကြသည်။

စုမင် ငြိမ်သက်စွာဖြင့်မျက်လုံးများကို ပိတ်လိုက်သည်။ ထို့နောက် ညာလက်ကိုမြှောက်ကာ မျဉ်းတစ်ကြောင်းဆွဲသားလိုက်သည်။ ထိုမျဉ်းကြောင်းက ကောင်းကင်ဘုံ၏ စွမ်းအားကဲ့သို့ပင်။ သူမျဉ်းကြောင်းဆွဲသားပြီးသည်နှင့် ဦးဆောင်လာသော အမျိုးသားသည် တုန်ယင်သွားပြီး သူ့ခန္ဓာကိုယ်က အသားစများအဖြစ် စုတ်ပြဲသွားလေသည်။ သူ့ခေါင်းက လေထဲသို့ လွင့်ထွက်သွားတော့သည်။

ကျန်လူများအားလုံးသည်လည်း စူးရှနာကျင်စွာ အော်ဟစ်လိုက်ကြရသည်။ သူတို့သည် ကောင်းကင်မှပြုတ်ကျလာပြီး မြေပြင်ဖြင့် ရိုက်မိသွားသည်နှင့် သုတို့၏ နောက်ဆုံးထွက်သက်ကို ရှူရှိုက်လိုက်ရပြီး သေဆုံးသွားကြလေသည်။

စုမင် မျက်လုံးများက ပြန်ပွင့်လာပြီး ရွာကိုဝေ့ဝဲကာကြည့်လိုက်သည်။ ဤရွာသည် ရွာအကြီးကြီးတစ်ရွာ မဟုတ်ပေ။ တဲများစွာရှိပြီး ရာပေါင်းများစွာသော အမျိုးသား၊အမျိုးသမီးများက သူ့ကိုနက်မှောင်စွာ စိုက်ကြည့်နေကြသည်။ သူတို့အကြည့်များတွင် တောက်လောင်နေသော အမုန်းတရားများ ပါဝင်နေပြီး ထိုအကြည့်များက စုမင်နှလုံးသားကို နာကျင်စေ၏။

ထိုအကြည့်များသည် သက်ကြီးရွယ်အိုများ၊ ကလေးများနှင့် အမျိုးသမီးများထံမှ ဖြစ်သည်...

မဖြစ်နိုင်မှန်းသိသော်ငြား မြားများကိုဆက်ပစ်နေသူများလည်း ရှိနေသေး၏။ ထိုမြားများသည် ဆက်တိုက်ဖျက်ဆီးခံနေရသော်လည်း သူတို့ရပ်တန့်ခြင်းငှါ မစွမ်းသာပေ။

စုမင်အရှေ့ကို တည်ငြိမ်စွာလျှောက်လာပြီး သူ့နတ်ဘုရားစိတ်အာရုံကို တစ်ရွာလုံးသို့ ဖြန့်ကျက်လိုက်သည်။ သူ ဧရိယာကို စစ်ဆေးပြီးသည်နှင့်

ညာလက်ကိုမြှောက်လိုက်ရာ ဓားမြောင်ငယ်လေးက စူးရှသံတစ်ချက်နှင့်အတူ တဲအချို့ဆီဦးတည်တိုးဝင်သွားလေသည်။ ၎င်းက တဲများကို ဖြတ်သန်းထွက်လာပြီး ဓားသွားထက်၌ သွေးများကို ပြန်သယ်ဆောင်လာခဲ့ချေသည်။

ဓားဖြတ်သန်းသွားသော တဲများသည် ရှာမန်များလဲလျောင်းနေသော နေရာများသာဖြစ်သည်။ သို့သော် ထိုလူများသည် အပြင်းအထန်ဒဏ်ရာရထားသဖြင့် သတိလစ်မေ့မျောနေကြပြီး အပြင်ထွက်မလာနိုင်ခဲ့ပေ။

စုမင်ဘေးသို့ ကျောက်စိမ်းဓားမြောင်ငယ်လေး ပြန်ရောက်လာသောအခါ ဖွတ်လူရိုင်းမျိုးနွယ်စုထဲတွင် မည်သည့်စစ်သည်တော်မှ ကျန်ရှိမနေတော့ပေ။ ကျန်ရှိနေသည့် လူရာပေါင်းများစွာသည် အကုန်လုံး သာမန်မျိုးနွယ်စုဝင်များသာ ဖြစ်သည်။

သူတို့သည် သာမန်လူများသာဖြစ်သော်လည်း အမုန်းတရားများပြည့်နေသည့် အကြည့်များနှင့် မြားများကတော့ စုမင်အား အပြင်းအထန်ဒေါသထွက်နေကြောင်း ဖော်ပြနေလေသည်။

ရွာအတွင်းမှ ငိုရှိုက်သံများထွက်ပေါ်လာခဲ့သည်။ အမျိုးသမီးများ၏ ငိုကြွေးသံများ၊ ကလေးငယ်များ၏ ကြောက်ရွံ့မှုများနှင့်အတူ သူတို့၏သေဆုံးသွားသော ရှာမန်တို့၏အလောင်းများ ဖုံးလွှမ်းနေသည့် မြေပြင်ပေါ်တွင်ရပ်နေကြသူများသည် မျက်လုံးအတွင်းမှ မျက်ရည်များကျဆင်းလာခဲ့ကြသည်။

စုမင် ဤလူများကို တိတ်ဆိတ်စွာငေးကြည့်နေမိသည်။ ဤလူများ၏ မျက်လုံးထဲမှ အမုန်းတရားများကို သူနားလည်နိုင်ပေသည်။ သို့သော် အကယ်၍ သူသာ ယခုလိုပုံစံမျိုးဖြင့် ဤနေရာသို့ရောက်မလာခဲ့ပဲ ရှာမန်အဘိုးအို၏ အဖမ်းဆီးခံရကာ နင်းခြေခံရပြီး ရှာမန်ရုပ်သေး(လူရိုင်း ရုပ်သေး) အဖြစ် ပြောင်းလဲခံခဲ့ရမည်ဆိုလျှင်တော့ ဤလူများထဲတွင် မည်သူကမှ သူ့ကိုသနားနေမှာမဟုတ်ပေ။ ထိုအစား သူတို့သည် ရက်စက်စိတ်လှုပ်ရှားစွာနှင့်တောင် အောင်ပွဲခံနေပေလိမ့်ဦးမည်။

ဤအရာသည် လူမျိုးစုနှစ်ခုကြားရှိ စစ်ပွဲနှင့် သက်ဆိုင်ခြင်းမရှိသော လူတစ်ဦး၏ဝမ်းနည်းမှုဖြစ်သည်။

သူ့ထံပျံသန်းလာနေသော မြားများကမရပ်တန့်သေးပေ။ အထူးသဖြင့် ကောင်လေးတစ်ဦးဆီမှဖြစ်သည်။ သူ့မျက်လုံးများက နီရဲနေပြီး ဘယ်လက်ဆိုလျှင် လေးကြိုးကြောင့် ပြတ်ရှဒဏ်ရာရနေခဲ့ချေပြီ။ လက်မှသွေးများ စီးကျနေသော်လည်း သူကနာကျင်မှုကို သိပုံမပေါ်ပေ။ သူ့မြားများသည် သူသတ်လိုသောရန်သူကို မထိခိုက်နိုင်မှန်းသိသော်လည်း အံတင်းတင်းကြိတ်ကာ လေးကိုဆွဲ၍ အကြိမ်ကြိမ်ပစ်ခတ်ခဲ့သည်။

နောက်ဆုံးတော့ စုမင်မျက်လုံးများက ကောင်လေးအပေါ် ကျရောက်သွားခဲ့လေပြီ။

စုမင် ကောင်လေးကိုကြည့်ပြီး အနီးသို့လျှောက်သွားလိုက်သည်။ ကောင်လေးသည် သူ့ထံသို့ စုမင်လျှောက်လာသည်ကို မြင်သောအခါ ကျယ်လောင်စွာအော်ဟစ်လိုက်ပြီး လေး၊ မြားတို့ဖြင့် စုမင်ကိုချိန်ရွယ်ကာ ပြေးထွက်လာခဲ့သည်။ သူ့မျက်နှာထက်တွင် သူသေဖို့ရန်ပြင်ဆင်ထားပြီးပြီဟူသော အမူအယာတစ်ခုရှိနေခဲ့သည်။ ထိုအမူအယာထဲတွင် အကယ်၍ သူသေသွားလျှင်တောင် ပြန်ထလာပြီး သူ့ရန်သူကိုပြန်ကိုက်ဦးမည်ဟု ဖော်ပြနေသည့် ရူးသွပ်မှုတစ်ခုပါဝင်နေခဲ့၏။

သို့သော် သူအလျင်အမြန်ပြေးထွက်လာသော်လည်း စုမင်အကြည့်အောက်၌ ရပ်တန့်သွားမိလေသည်။

ထိုအကြည့်ထဲတွင် ကောင်လေးအား သူ့ကိုယ်သူပင် မထိန်းချူပ်နိုင်တော့အောင် ပြုလုပ်နေသည့် အမိန့်သြဇာတစ်ခု ပါဝင်နေသကဲ့သို့ပင်။ သူက စုမင်အရှေ့တွင်သာ ရပ်တန့်သွားလေသည်။

ကောင်လေး၏မျက်လုံးမှ မျက်ရည်များစီးကျလာခဲ့သည်။ ထိုမျက်ရည်များထဲတွင် ရူးသွပ်မှု၊ မုန်းတီးများ ပါဝင်နေချေသည်...

စုမင် ကောင်လေးကိုကြည့်လိုက်ပြီး ညာလက်ကိုမြှောက်ကာ မျက်နှာပေါ်မှ မျက်ရည်များကိုသုတ်ပေးလိုက်သည်။

“ဒါက... အခုလိုမျိုး ဖြစ်မသွားသင့်ဘူး...” စုမင် ညင်သာစွာပြောမိ၏။ “ငါ မင်းကိုကယ်ခဲ့တယ်။ အဲဒီမြွေကို သတ်ပေးခဲ့တယ်... ငါတို့ကြားမှာ ဘာအမုန်းတရားမှ မရှိခဲ့ဘူး...”

ကောင်လေးက စုမင်ကို စူးစူးရဲရဲစိုက်ကြည့်လာသည်။ သူ့မျက်လုံးများထဲရှိ အမုန်းတရားများက သဘောမကျမှု၊ ရွံရှာမှုများအဖြစ် ပြောင်းလဲသွားသည်။

“မင်း ဘာလို့သူတို့ကို ပြန်ပြောခဲ့တာလဲ... ငါက မာန်စွမ်းအားရှင် မျိုးနွယ်စုက ဖြစ်နေပြီး မင်းက ရှာမန်မျိုးနွယ်စုက ဖြစ်နေရုံသက်သက်ကြောင့်ပဲလား...” စုမင် ကောင်လေးကိုကြည့်လိုက်ပြီး မျက်လုံးထောင့်မှ မျက်ရည်များကိုသုတ်ပေးလိုက်သည်။

“အဲဒီသနားကြင်နာမှုတစ်ခုလေးကြောင့်၊ ငါ အရမ်းကြီးမားတဲ့ တန်ဖိုးတစ်ခု ပေးဆပ်ခဲ့ရတယ်။ အဲဒါ ငါ့အမှားမို့လို့ ငါအဲဒီအမှားကို သတိရနေမှာပါ”

“မင်းလည်း အတူတူပဲ ဘာလို့ဆို မင်းလည်းမှားခဲ့တယ်”

စုမင် တည်ငြိမ်စွာ ရှင်းပြလိုက်သည်။

ကောင်လေးက တုန်ယင်သွားပြီး သူ့မျက်လုံးများထဲ၌ ယူကျူံးမရဖြစ်ဟန်အမူအယာမျိုး ဖြစ်ပေါ်လာခဲ့သည်။ သူ့ပါးပေါ်သို့ မျက်ရည်များစွာစီးကျလာပြီး ကောင်လေး၏ မျက်လုံးများထဲမှ နောင်တရမှုတစ်စွန်းတစ်စကို စုမင်တွေ့လိုက်ရသည်။

“ဒါက အခုလိုနည်းလမ်းမျိုး ဖြစ်ပျက်သွားခဲ့ရမှာ မဟုတ်ဘူး...”

စုမင် ကောင်လေးကိုကြည့်လိုက်ပြီး ပျက်စီးနေသော ရွာဂိတ်တံခါးဆီလှည့်ထွက်လာခဲ့သည်။ သူ အပြင်သို့လျှောက်လှမ်းထွက်လာပြီးသည်နှင့် တစ်ပြိုင်နက် ကောင်လေးထံမှ စိတ်မချမ်းမြေ့ဖွယ် အော်ဟစ်သံတစ်သံကို ကြားလိုက်ရ၏။

ထိုအော်ဟစ်သံထဲတွင် အမုန်းတရားများ၊ ရူးသွပ်မှုများနှင့် လေးနက်သည့်နောင်တတရားများ ပါဝင်နေခဲ့သည်...

စုမင် လှည့်မကြည့်ခဲ့ပေ။ ရွာမှ လျှောက်လှမ်းထွက်လာခဲ့ပြီး တောအုပ်ထဲရှိ ထျန်းရှဲ့ကျီဘေးသို့ ပြန်လာခဲ့သည်။

“အိမ်ပြန်ကြရအောင် ဆရာ...” စုမင်အသံတွင် မောပန်းမှုများပြည့်နေခဲ့သည်။

“မင်းဒီရွာကို ဖျက်ဆီးချင်လို့ ပြန်လာဖို့ရွေးချယ်ခဲ့တယ်ဆိုပြီး ငါထင်နေတာ” ထျန်းရှဲ့ကျီက စုမင်ကိုတည်ငြိမ်စွာကြည့်သည်။

စုမင်ခဏတာ တိတ်ဆိတ်နေခဲ့မိသည်။ ထို့နောက် ထျန်းရှဲ့ကျီကိုမကြည့်ပဲ ကောင်းကင်မြူခိုးအတားအဆီး တည်ရှိရာအရပ်ဆီသို့ လှမ်းကြည့်လိုက်ပြီး ပင်ပန်းနွမ်းနယ်နေသည့်အသံဖြင့် ပြောလိုက်သည်။ “အဲကောင်လေးအပေါ်က ဆရာ့အရှိန်အဝါကို ကျွန်တော်ခံစားမိခဲ့တယ်”

“သူ့ကိုနှိုးလိုက်တဲ့သူက ငါပဲ။ ဒါက လူရိုင်းမျိုးနွယ်စု။ သူတို့မှာ ငါတို့မာန်စွမ်းအားရှင်တွေအပေါ် နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေတဲ့ အမုန်းတရားတွေရှိတယ်။ မင်းအခုထိ နားမလည်သေးရင်တော့၊ အဲဒီတန်ဖိုးကို ကောင်းကင်မြူခိုးအမဲလိုက်ပွဲထဲမှာ မင်းအသက်နဲ့ရင်းပြီး ပြန်ပေးဆပ်ရလိမ့်မယ်” ထျန်းရှဲ့ကျီက မျက်လုံးများကိုပိတ်ထားလျက်မှ ပြောလာသည်။

စုမင် ငြိမ်သက်သွားမိ၏။

“ရောင်နီခွဲဖြာတစ်ယောက်ကိုသတ်ပြီး ခေါင်းဖြတ်နိုင်ခဲ့တာက ချီးကျူးခံရဖို့ ထိုက်တန်တယ်...”

“တောအုပ်ထဲမှာ ဒါဇင်ပေါင်းများစွာ ရှာမန်တွေအဝိုင်းခံရပေမယ့် တုန်လှုပ်ချောက်ချားမနေပဲ စိတ်အေးအေးနဲ့ တစ်ယောက်ပြီးတစ်ယောက် သတ်နိုင်ခဲ့တာကလည်း ချီးကျူးဖို့ထိုက်တန်တယ်”

“မင်းထက် အစွမ်းထက်တဲ့လူအများကြီးနဲ့ ရင်ဆိုင်ရတဲ့အချိန် မင်းရဲ့အသန်မာဆုံးတိုက်ခိုက်မှုနဲ့ ကောင်းကင်ကိုဆုတ်ပြဲသွားစေခဲ့ပြီးတဲ့နောက်မှာ တိုက်ပွဲထဲဆက်မနေပဲ ကိုယ့်အကန့်အသတ်ကိုသိပြီး ထွက်ပြေးခဲ့တာကလည်း ချီးကျူးဖို့ ထိုက်တန်တဲ့အရာပဲ”

“မျက်ကန်းတစ်ယောက်လို လွတ်မြောက်ဖို့ပဲ ပြေးလွှားမနေပဲ အခြေအနေကိုလေ့လာပြီး ပြန်လှည့်တိုက်ခိုက်ခဲ့တာနဲ့ မင်းထက်အစွမ်းထက်တဲ့လူတွေကို ကြောက်ရွံ့မနေတာကလည်း ချီးကျူးစရာပဲ”

“ပိုင်ချန်းကျိုက်ရဲ့ နတ်ဘုရားကိုယ်ပွားနဲ့ အတူတွဲတိုက်ပြီး မင်းရဲ့ ပထမဆုံးပုံစံကို ဉာဏ်အလင်းပွင့်သွားခဲ့တာကလည်း အများကြီး ချီးကျူးဖို့ထိုက်တန်တဲ့ အရာပဲ”

“ဒါပေမယ့် ပထမဆုံးအကြိမ် ကောင်လေးကိုကြင်နာမှုပြပြီး လွှတ်ပေးခဲ့တာကတော့ အမှားတစ်ခုပဲ”

“ပြီးတော့ အဲဒါတွေအကုန်လုံးကို သိသွားပြီး ဒီနေရာကိုပြန်ရောက်လာခဲ့တာတောင် မင်းက ကောင်လေးကို ခွင့်လွှတ်ပေးဖို့ ရွေးချယ်ဆဲပဲ။ အဲဒါကတော့ အရမ်းအရမ်းကို ကြီးမားတဲ့အမှားကြီးတစ်ခု ဖြစ်သွားပြီ။ မင်းဆရာတစ်ယောက်အနေနဲ့ မင်းအမှားကို ငါပအမှန်ပြင်ပေးရလိမ့်မယ်”

ထျန်းရှဲ့ကျီက နောက်လှည့်ကာ လူရိုင်းမျိုးနွယ်စုဆီ စတင်လျှောက်သွားလိုက်သည်။

“ဆရာ” စုမင် ထျန်းရှဲ့ကျီကို ကြည့်လိုက်သည်။ စုမင်ပုံစံက ပင်ပန်းနွမ်းနယ်နေပုံ ပေါ်သော်လည်း သူ့မျက်လုံးများကတော့ တည်ငြိမ်အေးချမ်းနေခဲ့သည်။ “ဒါက ကျွန်တော့ရဲ့ ဖန်တီးမှုပဲ...”

ထျန်းရှဲ့ကျီ၏ခြေလှမ်းတို့ ယိမ်းယိုင်ရပ်တန့်သွားခဲ့သည်။

Note:

ရှာမန်မျိုးနွယ်စုကို လူရိုင်းမျိုးနွယ်စုလို့ ရေးခဲ့ပါတယ်။ နောက်ပိုင်းတွေမှာ အဲနှစ်မျိုးလုံးသုံးမှာမို့လို့ပါ။ ပြီးတော့ ရှာမန်(လူရိုင်း) မျိုးနွယ်စုထဲမှာ သာမန်လူနဲ့ ရှာမန်တွေဆိုပြီး ရှိပါတယ်။ သူတို့ကလည်း မာန်စွမ်းအားရှင်မျိုးနွယ်စုတွေလိုပါပဲ။ စုမင်ရဲ့ နက်မှောင်တောင်မျိုးနွယ်စုထဲမှာ တိုက်နိုင်ခိုက်နိုင်တဲ့ မာန်စွမ်းအားရှင်တွေနဲ့ မာန်စွမ်းအားရှင်မဖြစ်နိုင်တဲ့ သာမန်လူတွေရှိသလိုပါပဲ။ ရှာမန်(လူရိုင်း) မျိုးနွယ်စုထဲမှာလည်း တိုက်ခိုက်နိုင်တဲ့ ရှာမန်တွေ(တစ်နည်းပြောရရင် စစ်သည်တော်တွေ)နဲ့ သာမန်လူတွေဆိုပြီး ရှိပါတယ်။ ရှာမန်(စစ်သည်တော်) တွေထဲမှာမှ မာန်စွမ်းအားရှင်တွေရဲ့ ကျင့်ကြံဆင့်တွေလိုမျိုး အမျိုးမျိုးထပ်ခွဲထားတာပါ။

***

All Chapters