ကစားပွဲ တစ်ခု
Vol. 20 Ch. 272
“မင်းရဲ့ ဖန်တီးမှုလား”
ထျန်းရှဲ့ကျီက နောက်သို့ပြန်လှည့်လာပြီး စူးရှတောက်ပနေသော မျက်လုံးများဖြင့် စုမင်ကိုကြည့်လာခဲ့သည်။
သူ့စတုတ္ထတပည့်လေးထံမှ အဖြေကိုစောင့်ဆိုင်းရင်း စူးစိုက်ကြည့်နေခဲ့မိ၏။
“ဆရာ၊ ဒါက ကျွန်တော့ဖန်တီးမှုပါ” စုမင် ဖွတ်လူရိုင်းမျိုးနွယ်စုဆီ လှမ်းကြည့်လိုက်ပြီး ထိုစကားလုံးများကို ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“အစ်ကိုကြီးရဲ့ ဖန်တီးမှုကို ကျွန်တော် အမှန်တစ်ကယ်နားမလည်ခဲ့ပေမယ့် ရေခဲနဲ့မီးကို ပေါင်းစပ်တဲ့ပညာရပ်ကို သူလေ့ကျင့်နေတယ်ဆိုတာတော့ ကျွန်တော်ပြောနိုင်တယ်။ ရေခဲက အအေး၊ မီးက အပူ။ သူတို့နှစ်ခုက ဆန့်ကျင်ဖက်တွေမို့လို့၊ အဲဒီနှစ်ခုပေါင်းစပ်ခြင်းက သာမန်အသိကနေ ဆန့်ကျင်နေပြီး အခြားလူတွေနားလည်ရခက်ခဲစေတယ်”
“ဒါပေမယ့် အကယ်၍ သူသာ တစ်ခုနဲ့တစ်ခုဆန့်ကျင်နေတဲ့ အဲဒီဒြပ်စင်နှစ်ခုကို အောင်အောင်မြင်မြင် ပေါင်းစပ်နိုင်ခဲ့မယ်ဆိုရင်၊ သူ့စိတ်ကို ရှင်းလင်းနိုင်သွားလိမ့်မယ်။ အဲဒါက အစ်ကိုကြီးရဲ့ ဖန်တီးမှုပဲ” ဖွတ်လူရိုင်းမျိုးနွယ်စုဆီမှ စုမင်အကြည့်လွှဲလိုက်ပြီး ထျန်းရှဲ့ကျီကိုပြန်ကြည့်လိုက်သည်။
ထျန်းရှဲ့ကျီသည် ခဏတာငြိမ်သက်နေပြီးနောက် စုမင်နှင့်အကြည့်ချင်းဆုံသွားခဲ့သည်။
“မင်းအကြီးဆုံးအစ်ကိုကြီးရဲ့ ဖန်တီးမှုက အသံဖန်တီးမှုလေ”
“အသံက ဆူညံပြီး တစ်ကိုယ်တည်းနေတာက တိတ်ဆိတ်တယ်။ အဲဒါကလည်း တစ်ခုနဲ့တစ်ခု လုံးဝဆန့်ကျင်နေတဲ့အရာနှစ်ခုကို ပေါင်းစပ်တာပဲ။ တစ်ကိုယ်တည်းနေတာက ရေခဲဆိုရင်၊ ဆူညံမှုက မီးပဲ။ အဲဒါက အတူတူပါပဲ” စူမင်က တည်ငြိမ်စွာပြောသည်။
“အစ်ကိုနှစ်အကြောင်း ဆက်ပြောကြရအောင်။ သူက ဖန်တီးမှုလက်တစ်စုံ ပိုင်ဆိုင်ထားတယ်။ နေ့အချိန်ဆိုရင် သူကအပင်တွေအတွက် အသက်ကိုဖန်တီးပေးတယ်။ ညအချိန်ရောက်ရင်တော့ အပင်တွေကိုအမြစ်ကဆွဲနှုတ်ပြီး သူတို့ရဲ့အသက်တွေကို ဖျက်ဆီးပစ်တယ်...”
“အဲဒီနှစ်ခုကလည်း ဆန့်ကျင်ဘက်တွေဖြစ်ပြီး သာမန်အသိကနေ ဆန့်ကျင်နေတယ်။ ဖန်တီးခြင်းနဲ့ ဖျက်ဆီးခြင်းက ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းလိုပဲ။ အစ်ကိုနှစ်ရဲ့ ဖန်တီးမှုက ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကို ပေါင်းစပ်တာဖြစ်သလို ဖန်တီးမှုနဲ့ ဖျက်ဆီးမှုကို ပေါင်းစပ်ထားတာပဲ”
ထျန်းရှဲ့ကျီမျက်နှာက တည်ငြိမ်နေသော်လည်း သူ့နှလုံးသားကတော့ တုန်ယင်နေခဲ့သည်။ နဝမတောင်ထွတ်သို့ရောက်တာ မကြာသေးသောစုမင်သည် ယခုလိုစူးစမ်းရှာဖွေမှုများ ပြုလုပ်ထားပြီး ထိုကဲ့သို့ကောက်ချက်များ ချခဲ့လိမ့်မည်ဟု သူထင်မထားခဲ့မိပေ။
“ပြီးတော့ရော” သူ ပြောလိုက်သည်။
“အစ်ကိုသုံးကလည်း လုံးဝဆန့်ကျင်ဖက်အရာနှစ်ခုကို လေ့ကျင့်တာပဲ။ သူက သာမန်အသိကိုဆန့်ကျင်နေတဲ့ အတွေးအခေါ်ဖြစ်တဲ့ အမှန်တရားနဲ့ အလိမ်အညာအကြား ပေါင်းစပ်မှုကို လေ့ကျင့်တာ။ အမှန်တရားက အစစ်အမှန်လောကဖြစ်ပြီး အလိမ်အညာက သူ့အိပ်မက်ပဲ”
“သူက အဖြစ်မှန်နဲ့အိပ်မက်တွေကို အတူတူပေါင်းစပ်နိုင်ဖို့ ကြိုးစားနေတာ။ အမြဲတမ်းအရက်မူးနေခြင်းအားဖြင့် သူက နိုးတစ်ဝက်အိပ်တစ်ဝက် ကြားအခြေအနေတစ်ခုမှာ ဆက်ရှိနေနိုင်တယ်။ သူသာ အမှန်တစ်ကယ်နိုးထတဲ့ရောက်လာရင်... သူ့ဖန်တီးမှုက ပြီးပြည့်စုံသွားလိမ့်မယ်”
စုမင်အကြည့်က ထျန်းရှဲ့ကျီအပေါ် ထပ်မံကျရောက်သွားပြီး ခပ်တိုးတိုးမေးသည်။ “ကျွန်တော် မှန်တယ်မဟုတ်လား၊ ဆရာ”
“အဲဒါက တစ်ကယ်ကို မင်းအစ်ကိုသုံးလျှောက်လှမ်းနေတဲ့ လမ်းကြောင်းပဲ” ထျန်းရှဲ့ကျီမျက်လုံးထဲတွင် ချီးကျူးသောအမူအယာမျိုး ဖြစ်ပေါ်လာပြီး ခေါင်းညိတ်ပြသည်။
“မဟုတ်ဘူး” စုမင်အသံက ပေါ့ပေါ့ပါးပါးပင်ဖြစ်သော်လည်း သူ့စကားလုံးများထဲတွင်တော့ စိတ်ပိုင်းဖြတ်ထားဟန်များ ပြည့်နှက်နေခဲ့သည်။
ထျန်းရှဲ့ကျီ မျက်မှောင်ကြုတ်သွားရသည်။
“အဲဒါက ဆရာသူတို့ကို လျှောက်စေချင်ခဲ့တဲ့ လမ်းပဲ...” စုမင် ခေါင်းခါယမ်းလိုက်သည်။ “သူတို့နားမလည်နိုင်တာကြောင့်၊ သူတို့က အဲဒီဆန့်ကျက်ဖက် အရာနှစ်ခုကို ပေါင်းစည်းနေရတာတွေကြောင့် လူတွေက နဝမတောင်ထွတ်ကလူတွေကို ထူးဆန်းတယ်ထင်နေကြတာ။ အစ်ကိုကြီးက အမြဲတမ်းတစ်ကိုယ်တည်း သီးခြားခွဲနေလို့ သူက ကျွန်တော်တို့ထက် နည်းနည်းပိုပြီး သာမန်ဆန်တယ်လို့ထင်ရတယ်။ ဘာလို့ဆို သူက အပြင်ကိုထွက်လာခဲတာကြောင့် လူတွေက သူ့ကိုအမှန်တစ်ကယ် နားမလည်ကြလို့ပဲ”
“အစ်ကိုနှစ်က နေ့အချိန်ဆိုရင် ပန်းတွေစိုက်ပြီး ညရောက်ရင် သူတို့ကိုဖျက်ဆီးတယ်။ ‘ထူးဆန်းတယ်’ ဆိုတဲ့ စကားလုံးကတောင် သူ့အပြုအမူတွေကို ဖော်ပြဖို့ မလုံလောက်ဘူး”
“အစ်ကိုသုံးက အမြဲတမ်းမူးနေပြီး လူတွေကိုသူ့အိပ်မက်ထဲ ခေါ်သွားတဲ့အကြောင်းပဲ ပြောနေတတ်တယ်။ နားမလည်တဲ့သူတွေကသာ ကြားရဂ်၊ သူ့ကိုရူးနေတယ်လို့ ထင်ကြမှာပဲ။ ဒီအရာတွေက သာမန်အသိကနေ ဆန့်ကျင်နေပြီး သူတို့ကလည်း တစ်ခြားသူတွေနဲ့ မတူ၊ တစ်ခြားလူတွေကလည်း သူတို့ကိုနားမလည်နိုင်ကြတာကြောင့် သူတို့က ဆရာ့ရဲ့ချီးကျူးမှုနဲ့ ထိုက်တန်နေတာပဲ။ သူတို့က ဆရာ့နာမည် ထျန်းရှဲ့ကျီရဲ့ အလယ်စာလုံး ရှဲ့ဆိုတဲ့ အဓိပ္ပါယ်ကို ဆက်ခံမိသွားကြတာ”
စကား၏ ထိုနေရာသို့ရောက်သွားပြီးချိန်တွင် စုမင်စကားပြောနေခြင်းကို ရပ်တန့်လိုက်သည်။
ထျန်းရှဲ့ကျီကလည်း တိတ်ဆိတ်ငြိမ်သက်လျက်...
တောအုပ်ထဲတွင် ဆရာ၊တပည့် နှစ်ယောက်လုံး ခဏတာတိတ်ဆိတ်နေခဲ့ပြီးမှ စုမင်တိုးညင်းစွာပြောလိုက်သည်။ “ဆရာ၊ အဲဒါက ဆရာ့လမ်းကြောင်းပါ... ကျွန်တော့လမ်းကြောင်း မဟုတ်ဘူး”
“ဒါဆိုရင် မင်းလျှောက်မယ့်လမ်းစဉ်က ဘာလဲ...” ထျန်းရှဲ့ကျီက စုမင်ကိုကြည့်လိုက်ပြီး သူ့မျက်လုံးများထဲ၌ စိတ်ရှုပ်ထွေးသော အမူအယာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“ကျွန်တော် မသိဘူး...” စုမင် ခေါင်းခါယမ်းလိုက်မိသည်။
ဖွတ်လူရိုင်းမျိုးနွယ်စုဆီ တစ်ချက်ကြည့်လိုက်ပြီးနောက် ကောင်းကင်ဆီသို့အကြည့်ပြန်လွှဲလိုက်သည်။ “တစ်ကယ်လို့ တစ်ခုရှိတယ်ဆိုရင်တော့၊ အဲဒါက ကျွန်တော့မျက်လုံးကို ဖွင့်လိုက်ဖို့ပဲလို့... ကျွန်တော်ထင်တယ်”
စုမင် မျက်လုံးများကိုပိတ်လိုက်သည်။
“မင်းမျက်လုံးကို ဖွင့်လိုက်တဲ့အခါကျရင် မင်းဘာကိုမြင်ချင်တာလဲ”
ထျန်းရှဲ့ကျီသည် စုမင်အားကြည့်နေရင်း သူ့မျက်လုံးများထဲရှိ အကြည့်တို့ကပိုမိုရှုပ်ထွေးလာခဲ့သည်။ စုမင်အား ကြည့်နေမိချိန်တွင် သူ့ဆရာနှင့် စကားပြောနေခဲ့သည့် အတိတ်အချိန်က သူ့ကိုယ်သူပြန်မြင်နေရသလိုပင်။ သူတို့စကားများက ကွဲပြားကောင်းကွဲပြားနိုင်သော်လည်း သူတို့မျက်နှာများပေါ်ရှိ အမူအယာတို့ကတော့ တူညီနေလောက်ပေသည်။
“တစ်ခြားသူတွေ မမြင်နိုင်တဲ့ကမ္ဘာကို မြင်ချင်နေတာ ဖြစ်နိုင်တယ်”
စုမင် မျက်လုံးများကို ပြန်ဖွင့်လိုက်ရာ ၎င်းတို့အထဲတွင် စူးရှသောအလင်းတစ်ခု တောက်ပနေလေသည်။ ထိုအလင်းထဲတွင် ပြတ်သားသောဆုံးဖြတ်ချက်နှင့် မျှော်လင့်ချက်များ ပါဝင်နေခဲ့သည်။
“ဘာလို့ တစ်ခြားသူတွေမမြင်နိုင်တဲ့ ကမ္ဘာကို မင်းက မြင်ချင်ရတာလဲ” ထျန်းရှဲ့ကျီက တည်ငြိမ်စွာမေးသည်။ စူးစမ်းလိုစိတ်များ ပါဝင်နေသောသူ့အသံက ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့သည်။
စုမင် တိတ်ဆိတ်နေခဲ့ပြီး အချိန်အတော်ကြီးကြာမြင့်ပြီးသွားမှ ထျန်းရှဲ့ကျီအား ပြန်ကြည့်လိုက်သည်။
“ကိုယ့်ကိုယ်ကို မြင်နိုင်ဖို့... စစ်မှန်တဲ့ ကိုယ့်ကိုယ်ကို မြင်နိုင်ဖို့”
ထျန်းရှဲ့ကျီ၏မျက်နှာထက်တွင် အပြုံးတစ်ခုဖြစ်ပေါ်လာသည်။ ထိုအပြုံးက တစ်ဖြည်းဖြည်းကြီးမားလာပြီး ကျယ်လောင်သော ရယ်မောသံတစ်ခုအဖြစ် ထွက်ပေါ်လာခဲ့သည်။ သူ့ရယ်မောသံသည် တောအုပ်တစ်ခွင် ပဲ့တင်ထပ်သွားပြီး ကောင်းကင်သို့တိုင် ပျံ့လွင့်သွားခဲ့လေသည်။
“ကောင်းတယ်။ မင်းရဲ့လမ်းစဉ်က ငါဆက်ခံစေချင်တဲ့ မကောင်းတဲ့ဟာမဟုတ်ဘူး။ တစ်ခြားလူတွေမမြင်နိုင်တဲ့ ကမ္ဘာကိုမြင်ရဖို့အတွက် မင်းမျက်လုံးတွေကို ဖွင့်ထားချင်တယ်။ အဲဒါက တစ်ကမ္ဘာလုံး အရက်မူးနေတဲ့အချိန်မှာ မင်းတစ်ယောက်တည်းကသာ မမူးပဲတည်ငြိမ်နေချင်တယ်လို့ ဆိုလိုတာပဲ”
“အဲဒါက ဆိုးတဲ့အရာတစ်ခုတောင် မဟုတ်တော့ဘူး။ ဆိုးတာထက်အများကြီးပိုဆိုးတဲ့ အခြေအနေတစ်ခုပဲ။ အဲဒါက ငါဘယ်လိုအမည်တပ်ပေးရမလဲတောင်မသိတဲ့ ဘဝတစ်ခု။ စုမင်၊ နောက်ဆုံးတစ်နေ့နေ့မှာ မင်းအဲလိုလုပ်မယ်ဆိုရင်တော့ မင်းပြင်ဆင်ထားရလိမ့်မယ်။ မင်း ဒီမူးယစ်နေတဲ့လောကကြီးကို သည်းမခံနိုင်တော့ဘူးဆိုတာ တွေ့လာလိမ့်မယ်”
“ဘာလို့ဆို မင်းက... နိုးနေတော့မှာမို့လို့ပဲ”
စုမင် တုန်လှုပ်သွားပြီး ထျန်းရှဲ့ကျီကိုကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။
“လာ။ အခု ငါမင်းကို အိမ်ပြန်ခေါ်သွားတော့မယ်...”
ထျန်းရှဲ့ကျီက စုမင်ပုခုံးကိုပုတ်လိုက်ပြီး လက်ကိုဝှေ့ယမ်းလိုက်သည်။ လေပြင်းတစ်ခုထွက်ပေါ်လာပြီး ဆရာတပည့်နှစ်ယောက်ကို လေထဲသ့ို ပင့်တင်သွားကာ
လူရိုင်းမျိုးနွယ်စုနှင့်သက်ဆိုင်သည့် ကျယ်ပြောသောကောင်းကင်ကြီးထဲ၌ ပျောက်ကွယ်သွားကြတော့သည်။
“ဒါပေမယ့် ငါတို့ပြန်မသွားခင်၊ မင်းကို နေရာတစ်ချို့ဆီ ခေါ်သွားရဦးမယ်။ အဲဒီနေရာတွေကို မြင်ပြီးတာနဲ့၊ လူရိုင်းမျိုးနွယ်စုနဲ့ မာန်စွမ်းအားရှင် မျိုးနွယ်စုကြားက သွေးကြွေးရန်ငြိုးကို မင်းပိုပြီး နက်နက်ရှိုင်းရှိုင်းနားလည်လာလိမ့်မယ်... အဲဒါက မင်းမျက်လုံးတွေဖွင့်ဖို့အတွက် ပြင်ဆင်ပေးပြီး ပိုကြီးမားတဲ့ ကမ္ဘာလောကကို တွေ့မြင်ရစေလိမ့်မယ်”
ထျန်းရှဲ့ကျီအသံက လေထဲတွင်ပဲ့တင်ထပ်နေပြီး တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။
ကောင်းကင်မြူခိုးအတားအဆီး အတွင်း၊ မာန်စွမ်းအားရှင်မျိုးနွယ်စု၏နယ်မြေ တောင်ပိုင်းအရုဏ်ဦးကုန်းမြေ၏ နယ်စပ်တွင် တောင်တန်းတစ်ခုရှိသည်။ ထိုတောင်တန်းအပေါ်ဘက်ကောင်းကင်သည် တွန့်လိမ်ပုံပျက်သွားပြီး ထျန်းရှဲ့ကျီနှင့် စုမင်တို့လျှောက်လှမ်းထွက်လာခဲ့သည်။
“မင်းအောက်က မြေပြင်ကိုသေချာလေး ကြည့်ကြည့်ပြီး ဘာမြင်ရလဲဆိုတာ ငါ့ကိုပြန်ပြောပြ” ထျန်းရှဲ့ကျီက သူ့အောက်ရှိတောင်တန်းကို ငုံ့ကြည့်လိုက်ပြီး စုမင်ကိုပြောသည်။
စုမင်သည် ပင်ပန်းနွမ်းနယ်နေဆဲဖြစ်သော်လည်း သူ့ဒဏ်ရာများကတော့ ထိန်းချူပ်မှုအောက်သို့ ရောက်ရှိနေချေပြီ။ ထျန်းရှဲ့ကျီညွှန်ပြသောနေရာကို သူကြည့်လိုက်သည်။ ထိုနေရာသည် တောင်ကုန်းတောင်တန်းများဖြင့်သာ ပြည့်နေပြီး ပထမအကြည့်တစ်ချက်တွင် ထိုနေရာနှင့်ပက်သက်ပြီး ထူးဆန်းနေသည့်အရာမျိုး မရှိပေ။ အနည်းငယ်ထင်ရှားနေသည့် တစ်ခုတည်းသောအရာမှာ လူသူကင်းမဲ့၍ မဖြစ်မထွန်း ခြောက်သွေ့နေသော တောင်အချို့သာဖြစ်သည်။ ၎င်းတို့အပေါ်တွင် မည်သည့်အပင်မှကြီးထွားပေါက်ရောက်နေခြင်း မရှိပေ။
စုမင် မျက်မှောင်ကြုတ်သွားမိသည်။ ထိုခြောက်သွေ့နေသော တောင်များထဲမှ တစ်ခုအပေါ်သို့ လေထဲမှတစ်ဆင့် ဆင်းသက်လိုက်သည်။ ထို့နောက်ဆောင့်ကြောင့်ထိုင်ချပြီး တောင်မျက်နှာပြင်မှ သဲလက်တစ်ဆုပ်စာကို ဆွဲယူလိုက်သည်။ ၎င်းတို့ကို ပါးစပ်နားတွင် ထားလိုက်ချိန်၌ စုမင်မျက်လုံးတို့ တောက်ပသွားခဲ့လေသည်။
“ဒီနေရာမှာ သွေးနံ့ပါးပါးရတယ်...”
စုမင်ခေါင်းမော့ကာ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။ ထိုနေရာတစ်ဝိုက်ဖြန့်ကျက်ကြည့်လိုက်သည့် အခိုက်အတန့်တွင်၊ သူ့မျက်လုံးများက နေရာတစ်ခု၌ ရုတ်တရက်ရပ်တန့်သွားခဲ့ရသည်။
ထိုနေရာသည် တောင်ကုန်းတစ်ခုဖြစ်ပြီး အုံ့ဆိုင်းသည့်လေထုတစ်ခုဖြင့် ပြည့်နေခဲ့သည်။ သဲများသည်ပင် ညိုမှိုင်းနေလေသည်။
နှလုံးသားအတွင်းမှ မသေချာမရေရာမှုများနှင့်အတူ ထိုတောင်ကုန်းဆီသို့ စုမင်လျှောက်သွားမိသည်။ တစ်ဖြည်းဖြည်းဖြင့် စုမင်မျက်နှာထက်တွင် လေးနက်သောအမူအယာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သူ့ညာလက်ကိုမြှောက်ပြီး မြေပြင်ကိုလက်ဝါးဖြင့်ရိုက်ချလိုက်သည်။ လေထုထဲတွင် လေပြင်းတစ်ခုရုတ်တရက် ဖြစ်ပေါ်လာပြီး ထိုနေရာတစ်ဝိုက်ရှိ သဲများကိုပင့်တင်သွားကာ လေပွေတစ်ခုဖြစ်လာခဲ့သည်။ လေက မြင့်တက်လာပြီး သဲများကို တစ်လွှာပြီးတစ်လွှာ တိုက်ခတ်ယူဆောင်သွားခဲ့သည်။
ခကျိုးပဲ့နေသော သစ်သားများနှင့် ကွဲနေသောကျောက်ဖလားအချို့သည် သဲအောက်တွင်နစ်မြုပ်နေရာမှ ထွက်ပေါ်လာကြသည်။ အချိန်၏တိုက်စားမှုကြောင့် အညိုရောင်ပြောင်းနေပြီဖြစ်သော... လူအရိုးများလည်း ရှိနေခဲ့၏။
နေရာတစ်ခုလုံးက ခကျိုးပဲ့နေသောအရိုးများဖြင့် ပြည့်နေလေသည်...
ခကျိုးပဲ့နေသောအရိုးများကို စုမင်ဝေ့ဝဲကြည့်မိသည်။ အချို့အရိုးများက ပါးလွှာပြီး အချို့ကထူထဲသည်။ နောက်ဆုံးတွင် စုမင်မျက်လုံးများက အတော်အတန်ပင်ပြည့်ပြည့်စုံစုံရှိသော အရိုးစုတစ်ခုအပေါ် ကျရောက်သွားသည်။
ထိုအရာသည် ကလေးငယ်တစ်ဦး၏ အရိုးစုဖြစ်သည်။ ၎င်း၏အပေါ်တစ်ပိုင်းသာ ကျန်တော့သော်လည်း အရိုးတော်တော်များများ ခကျိုးပဲ့နေသည်ကိုတော့ သူမြင်နေရ၏။ ကလေး၏လက်များသည် သူ သို့မဟုတ် သူမ မသေဆုံးခင်က တစ်စုံတစ်ရာကိုဆုပ်ကိုင်ထားခဲ့ပုံ ရသော်လည်း ထိုအရာက အနီးပတ်ဝန်းကျင်တွင် ရှိမနေတော့ပေ။
စုမင်ခန္ဓာကိုယ်က တုန်ယင်သွားပြီး ကောင်းကင်တွင်ရပ်နေသော ထျန်းရှဲ့ကျီကို အလျင်အမြန်မော့ကြည့်လိုက်မိ၏။
“ဒါက တစ်ခါတုန်းက မျိုးနွယ်စုတစ်ခုပဲ...”
“ဒါက အတော်ကြီးမားတဲ့ မျိုးနွယ်စုလေးတစ်ခုဖြစ်ခဲ့တယ်။ လူ ၇၀၀လောက်ရှိပေမယ့် မျိုးနွယ်စုထဲမှာ မာန်စွမ်းအားရှင်ကတော့ အယောက်၄၀တောင်မရှိခဲ့ဘူး။ ကျန်တဲ့လူတွေက သာမန်လူတွေနဲ့ လမ်းလျှောက်တတ်ခါစ ကလေးငယ်လေးတွေပဲ”
“လွန်ခဲ့တဲ့ နှစ်ပေါင်း၃၀၀တုန်းက၊ ငါတို့တွေ ကောင်းကင်မြူခိုးအတားအဆီးရဲ့ အပိုင်းတစ်ခုကို ကာကွယ်ဖို့ကျရှုံးခဲ့ပြီးတော့ ငါတို့နယ်မြေထဲကို လူရိုင်းအချို့ဝင်လာခဲ့တယ်။ ဒီမျိုးနွယ်စုက သူတို့ဖျက်ဆီးခဲ့တဲ့ မျိုးနွယ်စုတွေထဲက တစ်ခုပဲ”
“အမျိုးသားတွေ၊ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေ၊ လူငယ်တွေအားလုံး ရက်ရက်စက်စက်အသတ်ခံခဲ့ရတယ်”
စုမင် ကလေးအရိုးစုကို ငုံ့ကြည့်လိုက်ပြီး တိတ်ဆိတ်ငြိမ်သက်သွားခဲ့ရသည်။
“မင်းဒီနေရာကနေ အရှေ့ဘက်ကိုဆက်သွားရင်၊ အခုလိုပုံစံမျိုးနဲ့ ဖျက်ဆီးခံထားရတဲ့ မျိုးနွယ်စုပေါင်း ၄၀လောက်ထပ်တွေ့လိမ့်မယ်... လွန်ခဲ့တဲ့ နှစ်ပေါင်း၃၀၀တုန်းက ဖျက်ဆီးခံခဲ့ရတဲ့ မျိုးနွယ်စုတွေရှိသလို၊ ပိုရှေးကျတဲ့အချိန်တုန်းက ဖျက်ဆီးခံခဲ့ရတဲ့ မျိုးနွယ်စုတွေလည်း ရှိတယ်”
စုမင် ရှေ့သို့ခြေတစ်လှမ်းလှမ်းလိုက်ပြီး အရှေ့ဘက်သို့ ချက်ချင်းဦးတည်လိုက်သည်။ ထျန်းရှဲ့ကျီက စကားတစ်ခွန်းမှမပြောပဲ သူ့နောက်မှလိုက်ပါလာခဲ့သည်။ ပျက်စီးနေသော မျိုးနွယ်စုများအား စုမင်ဖြတ်သန်းသွားသည်ကိုသာ ရိုးရိုးရှင်းရှင်းစောင့်ကြည့်နေခဲ့သည်။
အချိန်တို့ကုန်လွန်လာပြီး ပျက်စီးနေသည့် မျိုးနွယ်စုတစ်စုစီအား ဖြတ်ကျော်လာသည်နှင့်အမျှ စုမင်မျက်နှာကပိုမိုနက်မှောင်လာခဲ့သည်။ တစ်နေ့လုံးကုန်ဆုံးသွားပြီး ကောင်းကင်အား တိမ်စိုင်မည်းများ ဖုံးအုပ်ထားချိန်တွင်တော့ စုမင်မြက်ခင်းပြင်တစ်ခုပေါ်၌ မတ်တပ်ရပ်နေမိလေသည်။
သူ့ခြေထောက်အောက်ရှိလွင်ပြင်တွင် စိမ်းစိမ်းစိုစို မြက်များပေါက်ရောက်နေသော်လည်း ဤနေရာတွင် ယခင်ကဖြစ်ပျက်ခဲ့ဖူးသည့် သတ်ဖြတ်မှုနှင့်သွေးများကိုတော့ ဖုံးကွယ်ထားနိုင်ခြင်းမရှိပေ။
ထျန်းရှဲ့ကျီက စုမင်ဘေးသို့ရွေ့လျားလာပြီး တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလာခဲ့သည်။ “ဒါက အစိတ်အပိုင်းလေးတစ်ခုပဲ ရှိသေးတယ်...”
“ကောင်းကင်မြူခိုးအတားအဆီးထဲမှာ အခုလိုမျိုး မျိုးနွယ်စုတစ်ခုလုံး အစုလိုက်အပြုံလိုက် အသတ်ခံခဲ့ရတဲ့ မျိုးနွယ်စုတွေအများကြီးပဲ။ နှစ်ထောင်ပေါင်းများစွာ ကြာလာပြီးတဲ့အချိန်မှာတော့၊ အဲဒါက ငါတို့နဲ့ လူရိုင်းမျိုးနွယ်စုကြားထဲမှာ အမုန်းတရားအဖြစ် ပြောင်းလဲသွားတယ်။ တစ်ဖက်က မသေဆုံးသရွေ့၊ ငါတို့တွေက ဘယ်တော့မှ တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်နေတာကို ရပ်မှာမဟုတ်ဘူး...”
စုမင် မျက်လုံးများကို ပိတ်လိုက်သည်။ အချိန်အတော်ကြာသွားပြီးနောက်မှ သူ့အတွေးများကို ခပ်တိုးတိုး ထုတ်ဖော်ပြောဆိုလာခဲ့သည် “ရှာမန်တွေက... အရမ်းသန်မာတယ်”
“အမှန်ပဲ” အဝေးမှကောင်းကင်ကို ထျန်းရှဲ့ကျီ လှမ်းငေးကြည့်လိုက်သည်။
စုမင် ခဏတာတုန့်ဆိုင်းနေပြီးမှ စတင်မေးမိသည် “အဲဒါကြောင့် ကောင်းကင်မြူခိုး လူရိုင်းအမဲလိုက်ပွဲလို့ ခေါ်တာလား”
စုမင်မေးခွန်းကို ဘေးတွင်ရပ်နေသော ထျန်းရှဲ့ကျီက ပြန်အဖြေပေးသည်။ “လူရိုင်းမျိုးနွယ်စုအတွက်တော့ ဒီရာစုနှစ်တစ်စုကြာတိုင်းလုပ်တဲ့ လှုပ်ရှားမှုကို မာန်စွမ်းအားရှင် အမဲလိုက်ပွဲလို့ ခေါ်ကြတယ်”
စုမင်မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ထိုရိုးရှင်းသော စကားလုံးလေးနှစ်လုံးအတွင်းမှ သွေးဆာမှုသည် လူ ၁၀၊ ၁၀၀၊ ၁၀၀၀ သို့တည်းမဟုတ် လူ၁၀၀၀၀ခန့် သတ်ရုံမျှဖြင့် ဖြစ်ပေါ်လာနိုင်သည့်အရာမျိုး မဟုတ်ပေ။ ၎င်းသည် ခေတ်ကာလတစ်လျှောက် ဖြစ်ပွားခဲ့သော ကြီးမားသည့်သတ်ဖြတ်မှုကြီး ဖြစ်သည်။ လူတို့သည် ထိုစကားနှစ်လုံးကို ပြောရုံနားထောင်ရုံဖြင့်ပင် ၎င်းတို့အထဲမှ ယိုဖိတ်ကျနေသည့် သတ်ဖြတ်ခြင်းအငွေ့အသက်တစ်ခုကို ခံစားမိကြပေလိမ့်မည်။
“အဲဒါက နှစ်ဖက်စလုံးက လုပ်ထားတဲ့ သဘောတူညီမှုတစ်ခုလိုမျိုး ရာစုနှစ်တစ်စုကြာတိုင်း တွေ့ရမယ့် သတ်ဖြတ်ပွဲကြီးပေါ့...” စုမင်မျက်လုံးများက စူးရှတောက်ပသွားပြီး ထျန်းရှဲ့ကျီအား လှမ်းကြည့်လိုက်သည်။
ထျန်းရှဲ့ကျီက စုမင်ကိုပြန်ကြည့်လိုက်ပြီး အချိန်အတော်ကြာမှ ခေါင်းညိတ်ပြလာခဲ့သည်။
“ဒါက... ကစားပွဲတစ်ခုပဲ”
“ကစားပွဲ တစ်ခုတဲ့လား” စုမင် သူ့ခြေထောက်အောက်မှ မြက်ခင်းပြင်ကိုကြည့်ပြီး ရယ်မောလိုက်မိ၏။
“နှစ်ဖက်ကစားရတဲ့ ကစားပွဲတစ်ခု။ နှစ်ဖက်စလုံးမှာ ရည်ရွယ်ချက်တွေရှိနေလို့ အဲဒါက နှစ်ထောင်ပေါင်းများစွာ တည်တံ့နေခဲ့တာ။ ဘာရည်မှန်းချက်တွေလည်း ဆိုတာကတော့... ကောင်းပြီ အဲဒါက မင်းဘာသာအဖြေရှာရလိမ့်မယ်”
“အခု ငါ့ကိုပြောတော့။ မင်း... ကောင်းကင်မြူခိုး လူရိုင်းအမဲလိုက်ပွဲကို ပါဝင်ချင်သေးတုန်းပဲလား”
ထျန်းရှဲ့ကျီက လှည့်ထွက်ကာ ကောင်းကင်ပေါ်သို့ လျှောက်သွားလေသည်။
စုမင် ထိုနေရာ၌ အချိန်အတန်ကြာရပ်နေခဲ့ပြီးမှ လေထဲတွင်သူ့အား စောင့်ဆိုင်းနေသည့် သူ့ဆရာဘေးသို့ အလင်းတန်းတစ်ခုအသွင်ဖြင့် ပျံသန်းသွားလိုက်သည်။
“ကျွန်တော် ကောင်းကင်မြူခိုးတိုက်ပွဲမှာ ပါမယ်... တောင်ပိုင်းအရုဏ်ဦး ကုန်းမြေရဲ့ လူတစ်ယောက် အနေနဲ့... ဒီကစားပွဲမှာ ဝင်ကစားမယ်”
စုမင်အသံက တည်ငြိမ်နေသည်။ သူနှင့် ထျန်းရှဲ့ကျီတို့သည် အလင်းတန်းနှစ်ခုအသွင်ဖြင့် အေးခဲကောင်းကင်ကလန်ရှိရာအရပ်ဆီ ပျံသန်းသွားကြပြီး အဝေးသို့ ဖြည်းညင်းစွာ ပျံသန်းပျောက်ကွယ်သွားကြလေသည်။