← Chapters

တောင်းဆိုချက် တစ်ခု

Vol. 20 Ch. 273

တောင်းဆိုချက် တစ်ခု

Vol. 20 Ch. 273

အေးခဲကောင်းကင်ကလန် ကြီးမြတ်သောဆီးနှင်းဖုံးလွင်ပြင်များ၏ တောင်ထွတ်ကိုးခုမှ လူများအားလုံးအတွက် သာမန်ရက်ငါးရက် ကုန်လွန်သွားခဲ့သည်။ ထိုငါးရက်အတွင်း မည်သည့်အရာမှ ထူးထူးခြားခြား ကြီးကြီးမားမား ဖြစ်ပျက်သွားခဲ့ခြင်း မရှိပဲ

အရာအားလုံးက သာမန်အတိုင်း ရိုးရိုးရှင်းရှင်းပင်။

နေသည် ၎င်း၏ တက်ခြင်း၊ကျခြင်း ပုံမှန်ဖြစ်ရိုးဖြစ်စဉ်အတိုင်း ဖြစ်သလို၊ ညသည်လည်း လ၏အရှိန်အဝါနှင့် တင့်တယ်နေဆဲဖြစ်ပြီး တိုက်ခတ်နေသော လေအေးများကလည်း ပုံမှန်အတိုင်းပင် ဖြစ်သည်။ မည်သည့် ကွဲပြားခြားနားမှုမှ မရှိ၊ မည်သည့် အပြောင်းအလဲမျိုးမှ မရှိ။

အကယ်၍ ထိုငါးရက်အတွင်း တစ်စုံတစ်ယောက်က သီးခြားတံခါးပိတ်ကျင့်မည်ဆိုလျှင်တောင် သူ့စွမ်းအားက များစွာတိုးတက်သွားမှာ မဟုတ်ပေ။ လူတိုင်းနီးပါးအတွက်တော့ ဤငါးရက်သည် ယခုနှစ်အတွင်းရှိ အခြားရက်များနှင့်အတူတူပင် ဖြစ်သည်။

သတ္တမတောင်ထွတ်၏ ထျန်းလန်မုန်သည် တောင်ထွတ်အနီးရှိ ကျောက်တုံးကြီးတစ်တုံးပေါ်တွင် ထိုင်နေခဲ့သည်။ လေများက သူမဆံပင်ကို ပင့်တင်တိုက်ခတ်လျက်ရှိသည်။ သူမအတွက်တော့၊ ဤငါးရက်သည် သာမန်တရားထိုင်ချိန်တစ်ခုသာ ဖြစ်သည်။

ကျီယန်နှင့် ဖန်းချန်းလန်တို့တွင်လည်း သူတို့ကိုယ်ပိုင်လုပ်စရာများ ရှိနေခဲ့သည်။ ဤငါးရက်သည် သူတို့အတွက်တော့ အလျင်အမြန်ကုန်ဆုံးသွားပြီး မည်သည့်အရာမှ ပြောင်းလဲမသွားခဲ့ပေ။

စတုတ္ထတောင်ထွတ်၏ ဟန်ဖေးကျစ်သည်လည်း တစ်ကိုယ်တည်းသီးခြားတံခါးပိတ်လေ့ကျင့်နေပြီး ကောင်းကင်မြူခိုးလူရိုင်းအမဲလိုက်ပွဲအတွက် နောက်ဆုံးပြင်ဆင်မှုများကို ပြုလုပ်နေခဲ့သည်။ သူမဆရာ၏အကူအညီကြောင့် သူမသည် ရုပ်နယ်လွန်ရန် အလွန်နီးကပ်နေပြီဖြစ်ပြီး ရက်အနည်းငယ်အတွင်း ရုပ်နယ်လွန်နယ်ပယ်သို့ ရောက်ပေလိမ့်မည်။

ပထမတောင်ထွတ်၏ စစ်မာရှင်းသည်လည်း ပုံမှန်အတိုင်းပင် သူ့လှိုဏ်ဂူအတွင်း၌ ထိုင်နေဆဲဖြစ်သည်။ ရံဖန်ရံခါ၊ သူနိုးလာသောအချိန်များတွင် သူ့မျက်လုံးများက အေးစက်နက်မှောင်နေလေ့ရှိသည်။ သူနှင့်ပက်သက်ပြီးလည်း မည်သည့်အရာမှ ကွဲပြားခြားနားသွားခြင်း မရှိခဲ့ပေ။

လူအများစုသည် ထိုအတိုင်းပင်ဖြစ်ပြီး နဝမတောင်ထွတ်အတွက်လည်း အတူတူပင်ဖြစ်သည်။ ငါးရက်အတောအတွင်းတွင် ဟူကျီသည်အရက်မူးနေပြီး သူလုပ်နေကျအရာများကို လုပ်ဆောင်နေခဲ့သည်။ သောက်သည်၊ အိပ်မက်မက်သည်၊ စည်တီးနေသကဲ့သို့ ဟောက်သည်။ ပျော်ပျော်ရွှင်ရွှင် နိုးလာပြီး နောက်တစ်ကြိမ် ပျော်ပျော်ရွှင်ရွှင် ပြန်အိပ်သွားပြန်သည်။

စုမင်အစ်ကိုနှစ်သည် နေ့အချိန်တွင် ပန်းများကိုဆက်လက်စိုက်ပျိူးခဲ့ပြီး ညအချိန်တွင်တော့ ပတ်ဝန်းကျင်ဧရိယာတစ်ဝိုက်တွင် တစ္ဆေတစ်ကောင်သဖွယ် ပျံသန်းနေခဲ့သည်။ သူ့အတွက်တော့ ဤငါးရက်က အလွန်လျင်မြန်စွာ ကုန်ဆုံးသွားခဲ့လေသည်။

အကြီးဆုံးအစ်ကိုကြီးအတွက်တော့ ဤငါးရက်က မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားသကဲ့သို့ပင်။ သီးခြားကျင့်ကြံသည့်နေရာ၏ တိတ်ဆိတ်မှုထဲတွင်၊ သူသာ ပတ်ဝန်းကျင်ကို အနည်းငယ်မျှတောင် အာရုံမစိုက်မိခဲ့ပါက ငါးရက်ခန့်သာကုန်ဆုံးသွားလိမ့်မည် မဟုတ်ပေ။

သို့သော် ဤရက်များတွင် နှစ်ပေါင်းများစွာကုန်ဆုံးသွားသကဲ့သို့ ခံစားနေရသည့် လက်တစ်ဆုပ်စာ လူများလည်းရှိနေခဲ့သည်။

ကျီချဲက ၎င်းတို့အထဲကမှ တစ်ဦးဖြစ်သည်။ ပထမနေ့တွင် သူအလွန်တည်ငြိမ်နေခဲ့သော်လည်း သုံးရက်ကုန်လွန်သွားပြီးချိန်တွင်တော့ ဤတည်ငြိမ်မှုက သံသယအဖြစ် ပြောင်းလဲသွားခဲ့လေသည်။ သူ စုမင်ကိုမမြင်ရသည်မှာ သုံးရက်ခန့်ကြာမြင့်သွားခဲ့ချေပြီ။

ပိုအရေးကြီးသော အရာသည် လှိုဏ်ဂူအတွင်း မည်သည့်အရှိန်အဝါကိုမှ သူမခံစားမိခြင်းဖြစ်သည်။ ထိုနေရာတွင် စုမင်ရှိမနေတော့သလိုပင်။

လေးရက်မြောက်နေ့သို့ ရောက်သောအခါ ထိုခံစားချက်က ပိုမိုကြည်လင်ရှင်းလင်းလာခဲ့သည်။ တစ်စုံတစ်ရာမှားယွင်းနေသည်ဟု သူဝိုးတဝါးခံစားမိနေလေသည်။ စုမင်က သီးခြားတံခါးပိတ်ကျင့်ကြံခဲ၏။ အကယ်၍ သူတရားထိုင်နေခဲ့လျှင်တောင် အပြင်သို့ ရံဖန်ရံခါ လမ်းလျှောက်ထွက်လာပြီး စင်မြင့်ပေါ်တွင်ရပ်ကာ အဝေးရှိမိုးကုပ်စက်ဝိုင်းကို ကြည့်နေတတ်သူ ဖြစ်သည်။

သို့သော် လေးရက်ခန့်ကုန်ဆုံးသွားသော်လည်း စုမင်က ပေါ်မလာခဲ့ပေ။ ဤအရာက တစ်စုံတစ်ရာလွဲမှားနေကြောင်း ကျီချဲကိုတွေးထင်မိစေသည်။

အထူးသဖြင့် ဤငါးရက်အတွင်း လှိုဏ်ဂူအပြင်၌ စုမင်ကိုစောင့်နေသူမှာ ကျီချဲတစ်ယောက်တည်း မဟုတ်ပဲ... ပိုင်စုလည်း ရှိနေသေးသောကြောင့်ပင်။

သူမ ထွက်ခွာသွားခြင်းမရှိပဲ ထိုနေရာတွင်ရက်ပေါင်းများစွာ စောင့်ဆိုင်းနေခဲ့သည်။ ကျီချဲသာ သူမကိုတားဆီးမထားလျှင်၊ သူမ စုမင်လှိုဏ်ဂူထဲသို့ဝင်သွားပြီးလောက်ပေပြီ။

ပဉ္စမမြောက်ညတွင် နှလုံးသားအတွင်းမှ မသေချာမရေရာမှုများနှင့်အတူ ကျီချဲတစ်ယောက် အပြင်တွင်ထိုင်လျက် စုမင်လှိုဏ်ဂူအား ငေးကြည့်ရင်း မျက်မှောင်ကြုတ်နေမိသည်။ သို့သော်လည်း သူလှိုဏ်ဂူထဲသို့ ဝင်မသွားဝံ့ပါချေ။

ကျီချဲတုန့်ဆိုင်းနေချိန်တွင် သူ့အားစိတ်ညစ်သွားစေသည့် အသံတစ်သံကို ကြားလိုက်ရသည်။

“ရှင် ကျွန်မလမ်းမှာ ဘယ်လောက်ကြာကြာ ပိတ်ရပ်နေဦးမှာလဲ။ ကျွန်မ စုမင်နဲ့တွေ့ချင်တယ်”

ထိုအသံက ပိုင်စုထံမှဖြစ်သည်။ ခရမ်းရောင်ဝတ်ရုံနှင့်သူမက ကျီချဲအရှေ့တွင်ထိုင်နေပြီး သူမထံမှ အရိုင်းဆန်ဆန်အလှတရားနှင့်အတူ ခေါင်းမာဟန်များထွက်ပေါ်နေခဲ့သည်။

“စုမင်၊ ငါးရက်တောင်ကြာသွားပြီကို ရှင်က ကျွန်မနဲ့တွေ့ဖို့ ငြင်းနေတုန်းပဲလား။ ကျွန်မမျက်နှာကို မြင်ရတာက အဲလောက်ကြောက်စရာကောင်းနေလို့လား”

“ကျွန်မနဲ့မတွေ့ဘူးဆိုရင်တောင်၊ ရှင်က လှိုဏ်ဂူထဲမှာပဲ တစ်သက်လုံး နေသွားတော့မှာမို့လို့လား”

“ကျွန်မကတော့ မသေသေးသရွေ့၊ လက်လျှော့မှာမဟုတ်ဘူး”

မှောင်မည်းနေသော လှိုဏ်ဂူသည် တိတ်ဆိတ်ငြိမ်သက်နေဆဲသာ။ အသံတစ်စွန်းတစ်စပင် မကြားရပေ။ ထိုတိတ်ဆိတ်မှုက ပိုင်စု၏ ခေါင်းမာမှုကို ပိုမိုသန်မာလာစေခဲ့သည်။

ကျီချဲ ပိုင်စုနှင့် စကားပြောခြင်းဖြင့် စိတ်အနှောင့်အယှက် ဖြစ်ခံမနေတော့ပေ။ သူ့အတွက်တော့ ဤမိန်းကလေးက ဆင်ခြင်တုံတရားမဲ့ပြီး သူမ၏ အဆက်မပြတ်နားပူနားဆာ လုပ်နေမှုများက စိတ်အနှောင့်အယှက် ဖြစ်စရာပင်ဖြစ်သည်။

ပိုင်စု ခါးသီးမှုကိုခံစားလိုက်ရသည်။ သူမလည်း ကျီချဲအမူအယာကို တွေ့မြင်ခဲ့သဖြင့် သူမ၏ အဆက်မပြတ်နားပူနားဆာလုပ်မှုများက သူမကိုအမုန်းတီးခံရစေမည်မှန်း သိနေပေသည်။ သို့သော်လည်း... သူမ လုပ်မှဖြစ်ပေလိမ့်မည်။

ထိုအခိုက်အတန့်တွင် လေအေးတစ်ခု ဖြတ်သန်းတိုက်ခတ်လာပြီး သူတို့မျက်နှာများဆီသို့ ဆီးနှင်းများစွာ လွင့်မျောလာစေခဲ့သည်။ လေအေး ဖြတ်သန်းသွားပြီး ဧရိယာတစ်ဝိုက် ပြန်လည်တိတ်ဆိတ်သွားချိန်တွင်တော့ လူတစ်ဦးသည် ထိုလေအေးနှင့်အတူ လှိုဏ်ဂူအတွင်းသို့ လျှောက်ဝင်သွားပြီး ထိုင်ချလိုက်သည်ကို ကျီချဲရော၊ ပိုင်စုပါ သတိမပြုမိခဲ့ပေ။

ထျန်းရှဲ့ကျီသည်လည်း နဝမတောင်ထွတ်၏ တောင်ထိပ်သို့ လျှောက်သွားခဲ့သည်။ သူသည် သီးခြားတံခါးပိတ်ကျင့်ကြံခြင်းသို့ ပြန်လည်ဝင်ရောက်ရန် ရွေးချယ်လိုက်ပြီး ဖြစ်ကာ သူ့အဝတ်အစားတို့၏ အရောင်များက ဖြည်းဖြည်းချင်း ပြန်လည်ပြောင်းလဲသွားကြလေသည်။

ထျန်းရှဲ့ကျီနှင့် စုမင်တို့ပြန်လာခြင်းကို ဟူကျီတောင် သတိမပြုမိခဲ့ပေ။ သူသည် အိပ်ပျော်ရင်း ဆက်ဟောက်နေဆဲဖြစ်သည်။ အစ်ကိုနှစ်သည် တစ္ဆေတစ်ကောင်သဖွယ် လေထဲတွင်လွင့်မျောနေရာမှ

ခဏတာသာ ခေါင်းမော့ကြည့်လာခဲ့ပြီး သူ၏ရှာဖွေမှုကိုသာ ဆက်လုပ်နေခဲ့သည်။

ရေခဲများအတွင်း သီးခြားကျင့်ကြံနေသော အစ်ကိုကြီးထံမှ သိမ်မွေ့သောအကြည့်တစ်ခု ထွက်ပေါ်လာပြီးနောက် သူ့မျက်လုံးများက နောက်တစ်ကြိမ်ပြန်ပိတ်သွားပြီး ထိုအကြည့်က သဲလွန်စပင်မကျန် ပျောက်ကွယ်သွားတော့သည်။

စုမင် လှိုဏ်ဂူထဲတွင် ထိုင်ချလိုက်သည်။ ဤမှောင်မည်းနေသော လှိုဏ်ခေါင်းသည် သူ့အတွက် အိမ်ဟူသော ရင်းနှီးကျွမ်းဝင်သည့် ခံစားချက်တစ်မျိုး ပေးစွမ်းနေခဲ့သည်။ သူ သက်ပြင်းချလိုက်ပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ အခြားသူများအတွက် ဤသာမန်ရက်ငါးရက်သည် အလျင်အမြန်ဖြတ်ကျော်သွားခြင်း ဖြစ်ကောင်းဖြစ်နိုင်သော်လည်း စုမင်အတွက်တော့ မြေပြင်ပင် တုန်ခါသွားရသည့် အပြောင်းအလဲတစ်ခု၊ သာမန်လူများကြုံတွေ့ရခဲသော အသက်အန္တရာယ်ခြိမ်းခြောက်ခံရသည့် အတွေ့အကြုံတစ်ခုအား ကျော်ဖြတ်လာခဲ့ရခြင်း ဖြစ်သည်။

စုမင်အတွက်တော့ ဤငါးရက်သည် ငါးနှစ် သို့မဟုတ် ထို့ထက်ပိုကြာရှည်သကဲ့သို့ပင်...

ထိုငါးရက်အတောအတွင်းတွင် သူ့ဆရာ၏ဂျူနီယာညီလေးကို တွေ့ခဲ့ရသလို၊ ဆရာနှင့် ထိုသူတို့ကြားမှ တိုက်ပွဲသည် ထိတ်လန့်ဖွယ်ကောင်းခဲ့သော်လည်း သူ့စိတ်ထဲတွင် ထိုတိုက်ပွဲပုံရိပ်က ဝေဝါးသွားပြီး ကြာရှည်စွာမမှတ်မိနိုင်ခဲ့ချေ။

လွန်ခဲ့သောငါးရက်က ရွှင်းပြုလုပ်သူအဘိုးအိုနှင့်လည်း တွေ့ဆုံခဲ့ရပြီး စုမင် သီချင်းတစ်ပုဒ် တီးခတ်ဖြစ်ခဲ့သည်။ ဉာဏ်အလင်းပွင့်သွားခဲ့ပြီး နှလုံးသား၏ အပြောင်းအလဲဆီသို့ဦးတည်သော နားလည်သဘောပေါက်မှုတစ်ခု ရရှိခဲ့ကာ ၎င်းတို့ကြောင့် သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို ချနိုင်ခဲ့သည်။

ထိုငါးရက်အတွင်း လူရိုင်းများ၏နယ်မြေထဲသို့လည်း သူသွားခဲ့ပြီး သူ့ဆရာ၏ မယုံနိုင်ဖွယ်စွမ်းအား၊ နတ်ဆရာ၊ ထူးဆန်းသော ရောင်နီခွဲဖြာများနှင့် ပေ၁၀၀၀၀ခန့် အရွယ်အစားရှိမည့် ဧရာမအထွတ်အမြတ်သားရဲ ရွှေရောင်ငှက်ကြီးတို့ကိုလည်း တွေ့မြင်ခဲ့ရ၏။

ထိုငါးရက်အတွင်း ရောင်နီခွဲဖြာတစ်ယောက်ကို သူသတ်နိုင်ခဲ့ပြီး သူ့ဘဝရှင်သန်နိုင်ရေးအတွက်လည်း အဆက်မပြတ်ကြိုးစားခဲ့ရသည်။

ထိုငါးရက်အတွင်း သူ့ရုပ်ပုံဖန်တီးမှု၏ ပထမပုံစံကို အောင်မြင်ခဲ့ပြီး သူ့ကိုယ်ပိုင်မာန်နတ်ဘုရားတေးသံကို ကြားခဲ့ရသည်။

ထိုငါးရက်အတွင်း သူသည် အသွင်ပြောင်းလဲခြင်းတစ်ခုကို ပြီးမြောက်ကာ ဖြတ်သန်းအောင်မြင်ခဲ့သည်ဟု ပြော၍ရပေသည်။

‘တိုက်ခိုက်၊ ဖျက်ဆီး၊ မေ့ပျောက်...’

စုမင် ခေါင်းမော့ပြီး လှိုဏ်ဂူအပြင်မှ ကမ္ဘာလောကကို လှမ်းကြည့်မိသည်။ သိမ်မွေ့သောလရောင်ထဲတွင် မိန်းကလေးတစ်ဦး၏ ပုံရိပ်ရှိနေပုံ ပေါ်လေသည်။

‘နှလုံးသားရဲ့အပြောင်းအလဲကို ဖြေရှင်းဖို့ နည်းလမ်းသုံးမျိုးထဲမှာ အလွယ်ဆုံးနည်းလမ်းက... အဲဒါကို ဖျက်ဆီးပစ်ဖို့ပဲ။ သူမကို သတ်လိုက်ရင် အရာအားလုံး အဆုံးသတ်သွားလိမ့်မယ်။ အခက်အခဲဆုံးကတော့ မေ့ပစ်ဖို့ပဲ။ ပိုင်လင်းကို မေ့ပစ်လိုက်ရင်၊ ပိုင်စုက ငါ့အပေါ် သက်ရောက်မှုရှိတော့မှာ မဟုတ်ဘူး’

‘တိုက်ခိုက်တာကတော့... အဲဒါက ငါ့ပြဿနာတွေကို ဖြေရှင်းပေးနိုင်မှာမဟုတ်ဘူး’ လှိုဏ်ဂူအပြင်ဘက်မှ ပိုင်စုအသံက စုမင်နားထဲသို့ရောက်ရှိလာခဲ့သည်။ တိတ်ဆိတ်နေသော ညအချိန်တွင် သူမအသံက အလွန်ကြည်လင်ပြတ်သားနေချေသည်။

‘ဒါတွေက ဆရာ့နည်းလမ်းတွေ၊ ငါ့နည်းလမ်း မဟုတ်ဘူး...’

စုမင်မျက်လုံးများသည် လှိုဏ်ဂူအပြင်မှ လရောင်လိုတည်ငြိမ်အေးချမ်းနေခဲ့သည်။

‘နှလုံးသားရဲ့အပြောင်းအလဲက တစ်စုံတစ်ဦး ဒါမှမဟုတ် ဖြစ်ရပ်တစ်ခုကြောင့် အစပျိူးလာတာ။ လူတစ်ယောက်က တိုက်ခိုက်ဖို့၊ ဖျက်ဆီးဖို့နဲ့ မေ့ပျောက်ပစ်ဖို့ ရွေးချယ်နိုင်တယ်... ဒီနည်းလမ်းသုံးမျိုးလုံးက အခြေအနေမှန်ကို ရင်မဆိုင်ပဲ ထွက်ပြေးတိမ်းရှောင်တဲ့ ပုံစံတစ်မျိုးပဲ... အပြောင်းအလဲက အစတည်းက တည်ရှိနေခဲ့တာဆိုရင် ငါအဲ့တာကို ဆက်တည်ရှိခိုင်းထားပြီး ထိပ်တိုက်ရင်ဆိုင်ပစ်လိုက်ရင်ရော...” စုမင်တီးတိုးရေရွတ်လိုက်သည်။

“လူတစ်ဦးရဲ့နှလုံးသားက တစ်ခုခုကိုစွဲမြဲနေတာကြောင့် ပြောင်းလဲနိုင်တယ်ဆိုရင် အဲဒီစွဲမြဲမှုက ငါ့ကို ငြိမ်းချမ်းအောင်ရော လုပ်မပေးနိုင်ဘူးလား”

စုမင် မျက်လုံးများကိုပိတ်လိုက်ပြီး ခဏအကြာတွင် ဖြာ်းညင်းစွာပြန်ဖွင့်လိုက်သည်။ သူ့ပုံဆွဲကားချပ်ကိုထုတ်ယူလိုက်ပြီး ရှေ့နောက်လှန်လိုက်သည်။ ထိုအရှေ့ဘက်တွင် အပိုင်းအစတစ်ခုကို သူဆွဲသားခဲ့ပြီးချိန်မှစ၍ သူထိုအရာကို ထပ်မကြည့်တော့ခြင်းဖြစ်သည်။ ပုံဆွဲကားချပ်က ဗလာဖြစ်နေသော်လည်း သူ့မျက်လုံးထဲတွင်တော့၊ ပုံဆွဲကားချပ်ပေါ်တွင် သူ့ကိုယ်သူပြန်မြင်နေရပြီး သူမြှောက်ချင်နေသည့် သူ့ခြေထောက်က မြက်ပင်များဖြင့် ရှူပ်ထွေးစွာ ရစ်ပတ်နေလေသည်။

စုမင်မျက်နှာထက်တွင် အပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။ ထိုမြက်များကိုကြည့်နေရာမှ ခေါင်းကိုဖြည်းဖြည်းချင်း မော့လိုက်သည်။

“ကျီချဲ၊ သူမကိုဝင်လာခိုင်းလိုက်”

လှိုဏ်ဂူအပြင်တွင် ကျီချဲတစ်ယောက် တွန့်ဆုတ်ကာ သံသယဝင်သွားရသည်။ စုမင်လှိုဏ်ဂူထဲတွင် တစ်စုံတစ်ရာ မှားယွင်းနေပြီဟု သူခံစားမိခဲ့သည်။ သူ့နားထဲတွင် ပိုင်စုအသံများသာ အဆက်မပြတ်ကြားနေရရာမှ၊ စုမင်အသံက ဂူထဲမှ ရုတ်တရက်ထွက်ပေါ်လာခဲ့လေသည်။

စုမင်အသံထွက်ပေါ်လာသည်နှင့် ကျီချဲနှလုံးသားက တုန်ယင်သွားပြီး သူ့နှလုံးသားအတွင်းမှ ရှုပ်ထွေးနေသောခံစားချက်များသည် အရိပ်အယောင်ပင်မကျန် ချက်ချင်းပျောက်ကွယ်သွားတော့သည်။ သူ မတ်တပ်ထရပ်လိုက်ပြီး လှိုဏ်ဂူထံ ဦးညွှတ်ကာ နာခံကြောင်းပြလိုက်သည်။

ပိုင်စု၏မျက်လုံးများထဲတွင် စူးရှတောက်ပသည့်အကြည့်တစ်ခု ဖြစ်ပေါ်လာသည်။ ထို့နောက် လှုပ်ရှားမှုတစ်ခုတည်းနှင့်ပင် ကျီချဲကိုဖြတ်ကျော်သွားပြီး လှိုဏ်ဂူထဲသို့ ချက်ချင်းဝင်ရောက်သွားသည်။ ကျီချဲ သူမနောက်မှလိုက်ပါသွားပြီး နှစ်ယောက်လုံး ဂူထဲသို့ဝင်လာခဲ့ကြသည်။

အပြင်ဘက်ရှိ အမှောင်ထုကြောင့် လှိုဏ်ဂူအတွင်း အမှောင်ရိပ်များပိုရှိနေသလိုပင်။ သူတို့ဝင်ရောက်လိုက်သည်နှင့် စုမင်ခန္ဓာကိုယ်၏ ဝေဝါးဝါးပုံရိပ်ကို တွေ့မြင်လိုက်ကြရသည်။ သူထိုင်နေသည့် နေရာမှလွဲ၍ အခြားအရာအားလုံးကိုတော့ ရှင်းရှင်းလင်းလင်း မမြင်ရပါချေ။

သို့သော် ထိုသို့ဆိုလျှင်တောင် ကျီချဲလှိုဏ်ဂူအတွင်းသို့ ဝင်လာပြီး စုမင်အကြည့်နှင့်ဆုံလိုက်ရချိန်တွင်၊ သူ့စိတ်နှလုံးက တုန်လှုပ်ချောက်ချားသွားရဆဲ ဖြစ်သည်။ ထိုအကြည့်သည် လွန်ခဲ့သောငါးရက်ကနှင့် အတူတူကဲ့သို့ပင် ဖြစ်ပုံပေါ်သော်လည်း အစွမ်းထက်သော ဖိအားအသစ်တစ်ခုကို ကျီချဲခံစားလိုက်မိလေသည်။ သူ့အရှေ့မှစုမင်သည် လွန်ခဲ့သော ငါးရက်က စုမင်နှင့် လုံးဝကွဲပြားသွားပြီဖြစ်ကြောင်း သူပြောနိုင်၏။

ဘာပြောင်းလဲသွားမှန်းသာ သူမပြောနိုင်သော်လည်း ဤဖိအားသည် စုမင်၏အစ်ကိုနှစ်နှင့် ရင်ဆိုင်ခဲ့စဉ်ကလို၊ မိမိဆရာရှေ့တွင်ရပ်လိုက်ချိန် ခံစားရသည့်ဖိအားတို့နှင့် တူညီနေခဲ့သည်။

အကယ်၍ လွန်ခဲ့သောငါးရက်ကစုမင်တွင် နုံအရိုးစင်းမှုတစ်ခု ရှိနေခဲ့သည်ဆိုလျှင်၊ ယခု စုမင်တွင်တော့ ထိုအရာမျိုးရှိမနေတော့ပေ။ ဤအကြည့်မျိုးသည် ဆင်းရဲဒုက္ခအမျိုးမျိုး တွေ့ကြုံခဲ့ရပြီးနောက် သေမင်းတံခါးဝမှ ထွက်လာနိုင်ခဲ့သည့် သားရဲများနှင့်သာ သက်ဆိုင်သောအကြည့်မျိုးဖြစ်သည်။

ကျီချဲနှလုံးသားက တုန်ယင်နေပြီး စုမင်ကိုအလျင်အမြန် ဦးညွှတ်လိုက်သည်။

“နှုတ်ဆက်ပါတယ်... ဆရာ” ကျီချဲအသက်ရှူသံက အနည်းငယ်လျင်မြန်သွားခဲ့သည်။ သူ့နှလုံးသားသည် ပေါက်ထွက်တော့မည်ကဲ့သို့ ခုန်လှုပ်နေပြီး ထိုကြောက်စိတ်က ပိုမိုပြင်းထန်လာခဲ့သည်။

ကျီချဲသာ ထိုကဲ့သို့ခံစားနေရခြင်းမဟုတ်ပဲ ပိုင်စုလည်းအတူတူပင်ဖြစ်သည်။ စုမင်အကြည့်ကို တွေ့မြင်လိုက်ရသည့်အခိုက်အတန့်တွင် သူမထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။ သူမ၏ မူလက ရဲတင်းစွာလမ်းလျှောက်နေမှုသည်ပင် နှေးကွေးသွားပြီး နောက်ဆုံးရပ်တန့်သွားခဲ့သည်။

“ငါ၊ ပိုင်စု... ဆရာဦးလေးစုကို... နှုတ်... နှုတ်ဆက်ပါတယ်...”

ပိုင်စုနှလုံးသားက အလျင်အမြန်ခုန်လှုပ်နေသည်။ စုမင်၏ တည်ငြိမ်အေးဆေးသောအကြည့်ကြောင့် သူမမျက်လုံးများထဲတွင် မိန်းမောတွေဝေသော အမူအယာတစ်ခု တစ်ခဏတာ ဖြစ်ပေါ်သွားခဲ့သည်။ ထိုနေရာတွင်ထိုင်နေသူသည် စုမင်မဟုတ်တော့ပဲ စစ်မာရှင်း၊ ထျန်းလန်မုန် သို့တည်းမဟုတ် ဖြစ်ကောင်းဖြစ်နိုင်သည်မှာ ထိုနှစ်ဦးတောင်မဟုတ်ပဲ၊ သူမအဖေလောက် သန်မာအားကြီးသည့်လူများ ဖြစ်သွားသကဲ့သို့ပင်။

ထိုအကြည့်ထဲတွင် လူတစ်ဦး၏စိတ်ကိုဆွဲဆောင်နိူင်ပြီး ဒေါသထွက်နေသည့်လူများကိုပင် ငြိမ်ကျသွားစေနိုင်သည့် အစွမ်းတစ်ခု ပါဝင်နေသကဲ့သို့ပင်...

ပိုင်လင်း၏မျက်နှာနှင့် အတိအကျတူညီနေသည့် ပိုင်စု၏ထိုမျက်နှာလေးကို စုမင်လှမ်းကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။

“မနက်ဖြန်ကစလို့၊ မင်းဒီနေရာကို လာလို့ရတယ်။ ဘယ်လိုပုံဆွဲရမလဲဆိုတာ ငါမင်းကိုသင်ပေးမယ်... ကျီချဲက မင်းကို ထပ်တားတော့မှာမဟုတ်ဘူး”

ပိုင်စုစိတ်တို့ ကသောင်းကနင်းဖြစ်သွားရပြီး ခေါင်းမော့လျက် စုမင်ကိုတွေဝေစွာ ငေးမောကြည့်လိုက်မိသည်။ စုမင် သူ့စိတ်ကိုအဘယ်ကြောင့် ရုတ်တရက်ပြောင်းလဲလိုက်မှန်း သူမနားမလည်နိုင်ချေ။

“ဒါပေမယ့် ငါ့မှာတောင်းဆိုချက်တစ်ခုတော့ရှိတယ်” စုမင်အတိအလင်း ပြောလိုက်သည်။

ပိုင်စုအသက်ရှူသံတို့ အေးခဲသွားပြီး သူမမျက်နှာထက်တွင် သတိထားသောအမူအယာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သူမစိတ်ထဲမှ စုမင်အပေါ်သဘောထားသည် အလွန်အမင်းဆိုးရွားနေပြီး စစ်မာရှင်းကြောင့်သာ မဟုတ်လျှင် သူမ ဤလူ့ကို ချဉ်းကပ်ခဲ့မည်မဟုတ်ပေ။

စုမင် သဘောတူလိုက်တည်းက သူမသံသယဝင်နေခဲ့ခြင်း ဖြစ်ရာ၊ တောင်းဆိုချက်တစ်ခုရှိကြောင်း ကြားလိုက်ရသောအခါ သူမမျက်လုံးများက တစ်ဖြည်းဖြည်း အေးစက်လို့လာသည်။

“ပြောကြည့်ပါ။ ကျွန်မတတ်နိုင်သရွေ့၊ ဖြည့်ဆည်းပေးပါ့မယ်”

“မင်းငါနဲ့ တွေ့ဖို့ လာတဲ့အချိန်ကျ၊ အဖြူရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ခဲ့ပါ။ ဆံပင်ကိုမချထားပဲ ကြိုးအနီနဲ့ စည်းခဲ့။ ကျစ်ဆံမြီးနှစ်ခုကို မင်းနားအရှေ့မှာချထားပြီး ကျန်တဲ့ဆံပင်အကုန်လုံးကို နားအနောက်မှာ စည်းနှောင်လာရမယ်”

“မင်းနံဖူးပေါ်မှာ တလက်လက်တောက်တဲ့ သလင်းကျောက်အချို့ကို တင်လာခဲ့ရမယ်။ မြေပြင်ပေါ်က နှင်းတွေရဲ့ အလင်းရောင်ပြန်ဟပ်တဲ့အခါကျ၊ သလင်းကျောက်လေးတွေက စူးရှတဲ့အလင်းနဲ့ တောက်ပနေလိမ့်မယ်”

“မင်းပြုံးတဲ့အခါကျ သွားစွယ်လေးတွေကို ပေါ်အောင်ပြုံး”

ပိုင်စု မျက်မှောင်ကြုတ်လိုက်မိသည်။

“ငါ့မှတ်ဉာဏ်ထဲက လူအဖြစ် မင်းပြောင်းချင်တယ်ဆိုတည်းက မင်းကိုယ်မင်း ဒီလိုမျိုးပဲ ဝတ်စားပြင်ဆင်ရလိမ့်မယ်” စုမင် သူမကိုဖြည်းဖြည်းချင်း ပြောလိုက်ပြီးနောက် မျက်လုံးများကိုမှိတ်လိုက်တော့သည်။

ပိုင်စုသည် အချိန်အတော်ကြာ ငြိမ်သက်နေပြီးမှ

အေးစက်စွာဖြင့် ‘ဟွန့်’ခနဲ သရော်သံပြုလိုက်ပြီး ထွက်ခွာသွားခဲ့လေသည်။

***

All Chapters