အခန်း (၃၂၃-၃၂၄)
Vol. 33 Ch. 323-324
အခန်း (၃၂၃)
လေ့ကျင့်ရေးကွင်းတွင် သိုင်းပညာစတင်ကျင့်ကြံချိန်မှစ၍ ကောင်းကင်ယံ စတင်လင်းလက်လာသော မောင်းနာရီ ရောက်တိုင်း ရှောင်မိုက နံနက်တိုင်း အိပ်ရာမှ နိုးထလေ့ရှိပေသည်။
သို့သော် ရှောင်မိုနှင့် နှိုင်းယှဉ်ပါက ကျိုးရူရှီးက ပို၍ပင် စောစီးစွာ ထလေ့ရှိလေ၏။
ရှောင်မို မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီးတိုင်း ကျိုးရူရှီးက ပူပူနွေးနွေး ဆန်ပြုတ်နှင့် ပေါက်စီများကို သယ်ဆောင်လျက် မီးဖိုချောင်ထဲမှ ထွက်လာတတ်ပေသည်။
ဤအလုပ်များကို ချွေ့ချွေ့က လုပ်ဆောင်ပေးနိုင်သော်လည်း ကျိုးရူရှီးကမူ သူမ၏ ကလေးအတွက် နံနက်စာကို နေ့စဉ် ကိုယ်တိုင်ချက်ပြုတ်ပေးရန်သာ အခိုင်အမာ တောင်းဆိုခဲ့လေ၏။
နံနက်စာ စားသုံးပြီးနောက် ရှောင်မိုက သူ၏မိခင်အား "မေမေ... သား လေ့ကျင့်ရေးကွင်းကို သွားတော့မယ်" ဟု ပြောဆိုနှုတ်ဆက်ပြီး သူ၏ ခြေတံတိုတိုလေးများဖြင့် လေ့ကျင့်ရေးကွင်းရှိရာဆီသို့ ပြေးထွက်သွားလေ့ရှိပေသည်။
အစပိုင်းတွင် ကျိုးရူရှီးက ရှောင်မိုကို လေ့ကျင့်ရေးကွင်းအထိ လိုက်ပါပို့ဆောင်ပေးခဲ့လေ၏။
သို့သော် လဝက်ခန့် ကြာပြီးနောက် ရှောင်မို လမ်းကြောင်းကို ရင်းနှီးသွားသောအခါ ရှောင်အိမ်တော်၏ စည်းကမ်းများအရ ကလေးငယ်က သူ့ဘာသာ တစ်ယောက်တည်း သွားရမည် ဖြစ်ပေသည်။
အမှန်တကယ်တော့ ကလေးများဆိုသည်မှာ တစ်နေ့နေ့တွင် ကြီးပြင်းလာရမည် ဖြစ်ကြောင်း ကျိုးရူရှီး သိရှိထားလေ၏။ ထို့အပြင် လေ့ကျင့်ရေးကွင်းက ရှောင်အိမ်တော်အတွင်း၌သာ တည်ရှိသောကြောင့် တကယ့်အန္တရာယ် မရှိနိုင်ချေ။ အခြားကလေးများ အားလုံးကလည်း တစ်ယောက်တည်းသာ သွားကြခြင်း ဖြစ်ပေသည်။
အကယ်၍ သူမကသာ မိုအာ၏နောက်မှ တကောက်ကောက် လိုက်နေပြီး ရှောင်အိမ်တော်မှ အခြားအစေခံများက သူမ စည်းကမ်းဖောက်ဖျက်နေသည်ကို မြင်သွားပါက မိုအာအတွက်လည်း ကောင်းမွန်မည် မဟုတ်ပေ။
ထို့ကြောင့် ကျိုးရူရှီးက သူမ၏ ကလေး လျှောက်လှမ်းသွားသည်ကို အဝေးမှသာ ငေးကြည့်နေရုံသာ တတ်နိုင်တော့၏။
သူမ၏ ကလေး ထွက်သွားပြီးနောက် ကျိုးရူရှီး၏ နေ့စဉ် လုပ်ရိုးလုပ်စဉ်မှာ ကလေးပြန်လာမည့် အချိန်ကို စောင့်ဆိုင်းခြင်းသာ ဖြစ်လာခဲ့လေတော့သည်။
ရှောင်မို မရှိသည့်အချိန်များတွင် သူမ၏ ရင်ထဲ၌ ဟာတာတာ လစ်ဟာနေသကဲ့သို့ ခံစားရလေ့ရှိပေသည်။
သို့သော် ရှောင်မို ခြံဝင်းထဲသို့ ပြန်ရောက်လာချိန်တွင်တော့ ကျိုးရူရှီးမှာ သူမ၏ လောကကြီး ချက်ချင်း လင်းထိန်သွားသည့်အလား ခံစားလိုက်ရလေ၏။
ကျိုးရူရှီးက သူမ၏ ကလေးကို တစ်နေ့တာအတွင်း ဘာတွေ ကျင့်ကြံခဲ့ရသနည်းဟု မကြာခဏ မေးမြန်းတတ်ပေသည်။
ရှောင်မိုကလည်း သူ၏ မိခင်ကို အမှန်အတိုင်း ပြန်လည် ဖြေကြားပေးလေ့ရှိလေ၏။
သို့သော် ရှောင်မိုက ခက်ခဲပင်ပန်းမှုများနှင့် ပတ်သက်၍ တစ်ခါမျှ ညည်းညူပြောဆိုခြင်း မရှိခဲ့ချေ။
အကယ်၍ သူက တစ်ခုခု ပြောလိုက်ပါက သူ၏ မိခင်မှာ အချိန်အကြာကြီး စိုးရိမ်ပူပန်နေလိမ့်မည် ဖြစ်ကြောင်း သူ သိထားလေ၏။
သုံးလတိတိ ကုန်လွန်သွားခဲ့ချေပြီ။
အစပိုင်းတွင် ရှောင်မိုက သိုင်းပညာကျင့်ကြံရန်အတွက် နေ့စဉ် စောစောထရခြင်းနှင့် ဤခန္ဓာကိုယ်ငယ်လေးကို တကယ်ပင် အသားမကျလှချေ။
သို့သော် တဖြည်းဖြည်းနှင့် ရှောင်မိုက ယင်းကို ခံနိုင်ရည်ရှိလာသည်ဟု ခံစားလာရပေသည်။
ဤသုံးလအတွင်း ရှောင်မိုက သီးခြား လက်သီးသိုင်းကွက်များကို မကျင့်ကြံရသေးချေ။ အချိန်အများစုကို အကြောဆွဲဆန့်ခြင်းနှင့် အရိုးများကို ပြုပြင်ခြင်းနှင့် အလယ်အဆစ်များကို လေ့ကျင့်ခြင်း၊ ခြေကွက်လေ့ကျင့်ခန်းများ အစရှိသော အခြေခံစွမ်းရည်များပေါ်တွင်သာ အချိန်ကုန်ဆုံးခဲ့ရလေ၏။
သို့သော် ရှောင်မိုက စိတ်မလောခဲ့ချေ။
မည်သို့ပင်ဆိုစေ သိုင်းပညာကျင့်ကြံခြင်းက တစ်လှမ်းချင်းစီ အဆင့်လိုက် သွားရမည်ဖြစ်ပြီး အခြေခံအုတ်မြစ်က ခိုင်မာနေရမည် ဖြစ်ပေသည်။
ထိုသို့မဟုတ်ပါက မည်သည့် သိုင်းတာအိုမဆို ရေကန်မျက်နှာပြင်ထက်တွင် လွင့်မျောနေသော မှော်ပင်များနှင့်သာ တူနေပေလိမ့်မည်။
ရှောင်မို၌ မြင့်မားသော ပါရမီရှိပြီး မိမိကိုယ်ကိုယ် တင်းကျပ်စွာ စည်းကမ်းချမှတ်ထားသောကြောင့် သူက အခြားသူများထက် မိမိကိုယ်ကိုယ် များစွာ ပို၍ ဖိအားပေးခဲ့လေ၏။
ထို့ကြောင့် ရှောင်မို၏ တိုးတက်မှုက အလွန်တရာ မြန်ဆန်လှပေသည်။
တိုတောင်းလှသော သုံးလတာကာလအတွင်း အခြားသူများက သဘောတရားကို စတင်နားလည်ကာစ ရှိသေးသော်လည်း ရှောင်မို၏ မြင်းထိုင်ခြင်းက တောင်တန်းတစ်ခုကဲ့သို့ မယိမ်းမယိုင် ခိုင်မာခြင်းဟူသော ခံစားချက်မျိုး ရှိနေခဲ့ချေပြီ။
ယင်းက ဆရာဟွမ်ကို များစွာ ကျေနပ်သွားစေခဲ့လေ၏။
အခြားသူများ အနားယူနေချိန်တွင် ဆရာဟွမ်က ရှောင်မိုကို သီးသန့် အပိုသင်ခန်းစာများပင် သင်ကြားပေးခဲ့သေးတော့၏။
ဆရာဟွမ်က ရှောင်အိမ်တော်မှ အခြားလူငယ်လေးများကို လျစ်လျူရှုထားခြင်းတော့ မဟုတ်ချေ။
ဤကောင်လေးများက ရှောင်မိုကဲ့သို့ မြင့်မားသော ပါရမီမျိုး မရှိရုံသာမက ရှောင်မိုလောက်ပင် ကြိုးစားအားထုတ်မှု မရှိကြသောကြောင့်သာ ဖြစ်ပေသည်။
ထို့ကြောင့် ဆရာဟွမ်က စိတ်ပျက်ဖွယ်ကောင်းသော ထိုရှောင်အိမ်တော်မှ လူငယ်လေးများကို ပို၍ပင် ပြင်းထန်စွာ ဆူပူကြိမ်းမောင်းခဲ့ပြီး သူတို့၏ မျှော်လင့်ချက်အတိုင်း မဖြစ်လာမှုအပေါ် နက်ရှိုင်းသော စိတ်ပျက်မှုများ ခံစားနေရသည့်အလား ရှိလေ၏။
သို့သော် ရှောင်မိုက အလွန် ကြိုးစားအားထုတ်ကာ ပါရမီလည်း ပါသောကြောင့် ဆရာဟွမ်က ရှောင်မိုကို ဆူပူကြိမ်းမောင်းခဲလှပေသည်။
အချိန်ကြာလာသည်နှင့်အမျှ ကလေးများစွာက ရှောင်မိုအပေါ် မကျေမနပ် ဖြစ်လာကြလေတော့သည်။
အထူးသဖြင့် ရှောင်ယန် အမည်ရှိသော အသက်ငါးနှစ်အရွယ် ကောင်လေးတစ်ယောက် ဖြစ်ပေသည်။
သူက သူတို့အားလုံးထဲတွင် အသက်အကြီးဆုံးဖြစ်ပြီး အရပ်အရှည်ဆုံးလည်း ဖြစ်လေ၏။ ဤကာလအတွင်း သူက လေ့ကျင့်ရေးကွင်းရှိ ကလေးများကြားတွင် မသိမသာဖြင့် ကိုယ့်ကိုယ်ကိုယ်ဘုရင်အဖြစ် ကြေညာထားခဲ့ပေသည်။
သို့သော် ရှောင်မိုက သူ့ကို အမြဲတမ်း လျစ်လျူရှုထားခဲ့သောကြောင့် ဤကလေးဘုရင်မှာ သူ၏ အာဏာကို စိန်ခေါ်ခံနေရသည်ဟု ခံစားနေရစေတော့၏။
ဆရာဟွမ်၏ ရှောင်မိုအပေါ်မျက်နှာလိုက်မှုက သူ့ကို ပို၍ပင် မကျေမနပ် ဖြစ်သွားစေခဲ့လေ၏။
ထို့ကြောင့် ကလေးဘုရင်ရှောင်ယန်က ထိုကောင်စုတ်လေး ရှောင်မိုကို ပညာပေးရန် ဆုံးဖြတ်လိုက်လေတော့သည်။
တစ်နေ့ မွန်းတည့်ချိန်တွင် ရှောင်မိုက လေ့ကျင့်ရေးကွင်း၌ ထိုင်ကာ သူ၏ နေ့လယ်စာကို တစ်ယောက်တည်း စားသောက်နေခဲ့ပေသည်။
နေ့လယ်စာကို ရှောင်အိမ်တော်မှ ပံ့ပိုးပေးထားခြင်းဖြစ်ပြီး ကလေးများ၏ သွေးချီစွမ်းအင်ကို တိုးမြှင့်ပေးနိုင်သော အဆင့်နိမ့် မိစ္ဆာသားရဲများ၏ အသားနှင့် သွေးများဖြင့် ချက်ပြုတ်ထားခြင်း ဖြစ်လေ၏။
ရှောင်မို အေးအေးဆေးဆေး စားသောက်နေစဉ်မှာပင် ရှောင်ယန်နှင့် အခြားကလေးအချို့က သူ၏အနီးသို့ လျှောက်လာကြပေသည်။
ရှောင်မိုက ခေါင်းမော့လိုက်ပြီး သူတို့ကို တည်ငြိမ်စွာ ကြည့်လိုက်လေ၏။ "မင်းတို့ ဘာကိစ္စရှိလို့လဲ"
"ဒီနေ့ ဝက်သားကြော်က အရမ်းစားလို့ကောင်းတယ်။ မင်းရဲ့ ဟင်းပွဲကို ငါ့ကို ပေးစမ်း" ဟု ရှောင်ယန်က သူ၏ ရင်ဘတ်ပေါ်တွင် လက်ပိုက်လျက် လူကြီးများကို အတုခိုးကာ ပြောလိုက်ပေသည်။
"ဟက် ဟက်" ရှောင်မိုက နှစ်ချက်တိတိ ရယ်မောလိုက်လေ၏။ "ငါက မပေးရင်ကော ဘာဖြစ်မှာလဲ။"
"ဒါဆိုရင် မင်းက အရိုက်ခံချင်နေတာပဲ"
စကားဆုံးသည်နှင့် တစ်ပြိုင်နက် ရှောင်ယန်က ရှောင်မိုဆီသို့ ခြေကန်ချက်တစ်ခု ပစ်လွှတ်လိုက်လေ၏။
ရှောင်မိုက ဘေးသို့ ရှောင်တိမ်းလိုက်ပြီး ရှောင်ယန်၏ ရင်ဘတ်ကို လက်သီးဖြင့် ထိုးချလိုက်ပေသည်။
ရှောင်ယန်မှာ သူ၏ ရင်ဘတ် အောင့်သွားပြီး အသက်ရှူပင် ရပ်သွားမတတ် ဖြစ်သွားခဲ့ရလေ၏။
"သူ့ကို ချကြစမ်း"
ရှောင်ယန်က သူ၏ဘေးရှိ လက်ပါးစေ ကလေးအချို့ကို အော်ဟစ်လိုက်ပေသည်။
လူများသောကြောင့် သူတို့က ပို၍ ရဲတင်းလာကြလေ၏။ ကောင်စုတ်လေး ခုနစ်ယောက်၊ ရှစ်ယောက်ခန့်က ရှောင်မိုအပေါ်သို့ ခုန်အုပ်လိုက်ကြတော့သည်။
သို့သော် အချိန်သိပ်မကြာလိုက်ခင်မှာပင် ရှောင်မိုက သူတို့ကို တစ်ယောက်ပြီးတစ်ယောက် ကန်ချလိုက်လေ၏။
ရှောင်မို၏ ခွန်အားက ကြီးမားလွန်းလှပြီး သူတို့အရွယ် လူတစ်ယောက်နှင့် လုံးဝ မတူညီကြောင်း သူတို့ သဘောပေါက်သွားကြပေသည်။
"ကဲ... အခု မင်းတို့ရဲ့ ပန်းကန်တွေထဲက အသားတွေ အားလုံး ငါ့ပန်းကန်ထဲကို ထည့်လိုက်ကြစမ်း။"
ရှောင်မိုက ခေါင်းဆောင်ဖြစ်သူ ရှောင်ယန်ကို ခြေကန်ချက်တစ်ခု ထပ်မံ ကျွေးလိုက်လေ၏။
ဒဏ်ရာအနာတရများဖြင့် ဖူးယောင်နေသော ရှောင်ယန်မှာ မနာခံပဲမနေရဲတော့ချေ။ သူက သူ၏ အစားအစာအားလုံးကို ရှောင်မို၏ ပန်းကန်ထဲသို့ လောင်းထည့်လိုက်ရုံသာ တတ်နိုင်တော့ပြီး အခြားသူများကလည်း သူ့အတိုင်း လိုက်လုပ်ကြရလေတော့သည်။
သူတို့ကို ပညာပေးပြီးနောက် ရှောင်မိုက သူ၏ ပန်းကန်ထဲတွင် တောင်လိုပုံနေသော ဝက်သားကြော်များကို အားပါးတရ စားသောက်လိုက်လေ၏။
အခြား ကောင်စုတ်လေးများမှာမူ သူတို့၏ ပန်းကန်များထဲရှိ ဟင်းသီးဟင်းရွက်များနှင့် ထမင်းဖြူများကိုသာ စားသောက်ကြရုံသာ တတ်နိုင်တော့ချေ။
ညနေခင်း ယုနာရီ တစ်ဝက်ခန့်တွင် တစ်နေ့တာ လေ့ကျင့်ခန်းများ ပြီးဆုံးသွားပြီးနောက် ရှောင်မို အိမ်သို့ ပြန်လာခဲ့ပေသည်။
ရောက်ရောက်ချင်းမှာပင် သူ၏ မိခင်က ခြံဝင်းတံခါးဝတွင် သူ့ကို စောင့်မျှော်နေသည်ကို ရှောင်မို မြင်တွေ့လိုက်ရလေ၏။
"မေမေ" ရှောင်မိုက အလျင်အမြန် လျှောက်သွားလိုက်ပေသည်။
"မိုအာ... ပြန်လာပြီလား။"
သူမ၏ ကလေး ပြန်လာသည်ကို မြင်သောအခါ ကျိုးရူရှီးက ပျော်ရွှင်စွာဖြင့် ရှေ့သို့ လျှောက်လာပြီး ဆောင့်ကြောင့်ထိုင်ကာ သူမ၏ ကလေး အဝတ်အစားပေါ်ရှိ ဖုန်မှုန့်များကို ဖယ်ရှားပေးလိုက်လေ၏။
"ဟင်... မိုအာ၊ သားလေး မျက်နှာ ဘာဖြစ်လာတာလဲ။"
ကျိုးရူရှီးက ရှောင်မို၏ ပါးပြင် ညာဘက်ရှိ သဲ့သဲ့မျှသော ပွန်းပဲ့ဒဏ်ရာတစ်ခုကို သတိပြုမိသွားပြီး ချက်ချင်းပင် အာရုံကြော တင်းမာသွားခဲ့ပေသည်။
"ဟင်။" ရှောင်မိုက ခဏမျှ မှင်တက်သွားပြီးနောက် ဖုံးကွယ်ပြောဆိုလိုက်လေ၏။ "ဘာမှမဖြစ်ပါဘူး မေမေ။ ဒီနေ့ အပြေးလေ့ကျင့်နေတုန်း ခလုတ်တိုက်ပြီး လဲကျသွားလို့ပါ"
"သားရယ်... ပိုပြီး သတိထားရမှာပေါ့"
ကျိုးရူရှီးက သူမ၏ ကလေး၏ မျက်နှာလေးကို ရင်နာစွာဖြင့် ကြည့်လိုက်ပြီး အခန်းထဲမှ ဆေးလူးရန် ချွေ့ချွေ့ကို အလျင်အမြန် လှမ်းခေါ်လိုက်ပေသည်။ သူမ၏ သား မျက်နှာသစ်ပြီးနောက် သူမက ဆေးကို ညင်သာစွာ လူးပေးလိုက်လေ၏။
ဆေးလူးပြီးနောက် ရှောင်မိုက ညစာစား၊ ရေနွေးဖြင့် ရေချိုးလိုက်ရာ အချိန်မှာ ရွှီးနာရီသို့ ရောက်ရှိနေခဲ့ချေပြီ။
တစ်နေ့လုံး သိုင်းပညာ ကျင့်ကြံထားရသောကြောင့် ရှောင်မိုမှာ တကယ်ပင် အတော်လေး ပင်ပန်းနေပြီး သူ၏ အခန်းထဲသို့ ပြန်၍ အနားယူချင်နေခဲ့ပေသည်။
သို့သော် ထိုအချိန်မှာပင် ခြံဝင်းအပြင်ဘက်မှ အော်ဟစ်ဆူညံသံများ ထွက်ပေါ်လာခဲ့လေ၏။
ကျိုးရူရှီးက ခေါင်းမော့ကြည့်လိုက်ရာ အမျိုးသမီး ခုနစ်ယောက်၊ ရှစ်ယောက်ခန့်က သူတို့၏ ကိုယ်ပိုင် ကလေးများကို ဆွဲခေါ်လျက် ခြံဝင်းဆီသို့ လွှမ်းမိုးနိုင်သော အရှိန်အဝါများဖြင့် လျှောက်လှမ်းလာနေကြသည်ကို မြင်တွေ့လိုက်ရပေသည်။
တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ခံစားလိုက်ရပြီး ရှောင်မို၏ ရင်ထဲတွင် ထိတ်လန့်သွားခဲ့လေ၏။
ဤလူများက တိုင်တန်းရန် ရောက်ရှိလာခြင်း ဖြစ်နိုင်ချေ အများဆုံးပင်။
"ညီမတို့ ဘာကိစ္စများ ရှိလို့လဲ မသိဘူး" ကျိုးရူရှီးက ရှေ့သို့တက်ကာ ထိုလူအုပ်ကို မေးမြန်းလိုက်ပေသည်။
"ကျိုးရူရှီး... ငါတို့က ဘာကိစ္စရှိမယ်လို့ ထင်နေလဲ" အမျိုးသမီးတစ်ဦးမှာ အလွန် ဒေါသထွက်နေပြီး သူမ၏ ရင်ဘတ်က ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေခဲ့လေ၏။ ထို့နောက် သူမက သူမ၏ ကလေးကို ရှေ့သို့ ဆွဲထုတ်လိုက်ပေသည်။ "ငါတို့ရဲ့ ရှောင်ဖူကို ကြည့်စမ်း။ နင့်ရဲ့ ရှောင်မိုက သူ့ကို ဘယ်လိုအခြေအနေ ရောက်သွားတဲ့အထိ ရိုက်နှက်ထားလဲဆိုတာ ကြည့်လိုက်စမ်း"
"ပြီးတော့ ငါတို့ရဲ့ ရှောင်ကွေ့ကိုလည်း ကြည့်ဦး။ သူ့မျက်လုံး ဖူးယောင်နေတာကို ကြည့်စမ်း။"
"ငါ့ရဲ့ ရှောင်မြောင် ဆိုရင် သွားတစ်ချောင်းတောင် ကျွတ်သွားတယ်။"
"နင့်ရဲ့ ရှောင်မိုက လူတွေကို ရိုက်နှက်ရုံတင်မကဘူး၊ သူက ဆာလောင်နေလို့လား။ ငါ့သားရဲ့ နေ့လယ်စာကိုတောင် လုစားသွားသေးတယ်"
"ငါ့သားရဲ့ နေ့လယ်စာကိုလည်း လုစားသွားတယ်။ ငါ့သားက နေ့လယ်က ဟင်းသီးဟင်းရွက် နည်းနည်းနဲ့ ထမင်းဖြူပဲ စားခဲ့ရတယ်ဆိုတာ နင် သိရဲ့လား"
"ကျိုးရူရှီး။ နင် ဒီနေ့ ငါတို့ကို ရှင်းပြချက် တစ်ခု ပေးရမယ်။"
ဤအမျိုးသမီး ခုနစ်ယောက်၊ ရှစ်ယောက်ခန့်က တစ်ယောက်တစ်ပေါက် အော်ဟစ်ပြောဆိုနေကြရာ အကြောင်းပြချက် မခိုင်လုံသော လမ်းဘေးဈေးသည်များနှင့်ပင် တူနေတော့၏။
ကျိုးရူရှီးက ချက်ချင်း စကားမပြန်ခဲ့ချေ။ ယင်းအစား သူမက ထိုကလေးများကို ကြည့်လိုက်ပေသည်။
သူတို့က တကယ်ပင် ဒဏ်ရာအနာတရများဖြင့် ဖူးယောင်နေကြပြီး အလွန် နာကြည်းနေပုံရသော်လည်း အနည်းငယ် အပြစ်ရှိသကဲ့သို့လည်း ပုံပေါက်နေကြလေ၏။
ဤအော်ဟစ်ဆူညံသံများကြားတွင် ကျိုးရူရှီးက သူမ၏ မိုအာဆီသို့ လှမ်းကြည့်လိုက်ပေသည်။
ရှောင်မိုက မတ်မတ်ရပ်နေပြီး ရင်ထဲတွင် အနည်းငယ် တင်းမာနေခဲ့လေ၏။
မိဘမဲ့ဂေဟာရှိ ကလေးတစ်ဦးအနေဖြင့် ရှောင်မိုက ယခင်ကလည်း ရန်ဖြစ်ဖူးခဲ့သော်လည်း မည်သူ့တွင် အပြစ်ရှိသည်ဖြစ်စေ ဂေဟာမှူးက နှစ်ဖက်စလုံးကို တန်းတူ အပြစ်ပေးလေ့ရှိပေသည်။
ရှောင်မိုက အရိုက်ခံရမည်ကို မကြောက်ခဲ့ချေ။
ထိုအချိန်တွင် သူ အကြောက်ဆုံးအရာမှာ သူ၏ မိခင် ဒေါသထွက်သွားမည်ကိုသာ ဖြစ်လေတော့သည်။
အခန်း (၃၂၄)
ကျိုးရူရှီက ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ရှောင်မို၏ လက်သေးသေးလေးကို ဆုပ်ကိုင်ကာ ညင်သာစွာ မေးလိုက်လေ၏။ "မိုအာ... တကယ်တမ်း ဘာတွေဖြစ်ခဲ့တာလဲ ဆိုတာ မေမေ့ကို ပြောပြနိုင်မလား"
"မေမေ... ဒီနေ့ နေ့လယ်စာစားတုန်းက သား အေးအေးဆေးဆေး စားနေတာကို ရှောင်ယန်နဲ့ တခြားကလေးတွေ ရောက်လာပြီး သားပန်းကန်ထဲက အသားတွေကို လုကြတယ်။ အဲဒါနဲ့ သား သူတို့နဲ့ ရန်ဖြစ်ခဲ့တာပါ" ဟု ရှောင်မိုက ခေါင်းငုံ့လျက် ပြန်ဖြေလိုက်ပေသည်။
"နောက်ထပ်ကော ရှိသေးလား" ကျိုးရူရှီက ဆက်လက် မေးမြန်းလိုက်လေ၏။
"ရှိသေးတယ်" ရှောင်မိုက အနည်းငယ် အပြစ်ရှိသလို ခံစားနေရလျက် ပြောလိုက်ပေသည်။ "သားလည်း သူတို့ပန်းကန်တွေထဲက အသားတွေကို ပြန်လုခဲ့တယ်"
"....."
သခင်လေး၏ ရှင်းပြချက်ကို ကြားပြီးနောက် ချွေ့ချွေ့မှာ ခဏမျှ မှင်တက်သွားပြီး သူမ နားကြားများ မှားသွားသလားဟုပင် တွေးလိုက်မိတော့၏။
သူမ မှတ်မိသလောက်ဆိုလျှင် ရှောင်ယန်က အသက်ငါးနှစ်အရွယ် မဟုတ်ပါလော။
သခင်လေးက သူ့ထက် အသက်နှစ်နှစ်ပိုကြီးသော ကလေးတစ်ယောက်အပြင် အခြား ကောင်စုတ်လေး အချို့ကိုပါ ရိုက်နှက်ခဲ့သည်တဲ့လား။
"မေမေ နားလည်ပါပြီ"
ကျိုးရူရှီက သူမ၏ သား၏ ခေါင်းကို ပွတ်သပ်လိုက်ပြီး မတ်တတ်ရပ်ကာ အရှေ့တွင်ရှိနေသော ရှောင်ဖူကို ကြည့်လျက် ညင်သာစွာ မေးလိုက်လေ၏။ "ဖူဖူ... အန်တီ့ကို ပြောပြပါဦး၊ အဲဒီလို ဖြစ်ခဲ့တာ ဟုတ်သလား။ အန်တီ့ရဲ့ မိုအာက လိမ်ပြောနေတာများလား"
ဤလှပပြီး ကြင်နာတတ်သော အန်တီ၏ အရှေ့တွင် ကောင်စုတ်လေး ရှောင်ဖူက ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ခေါင်းညိတ်ပြလိုက်ပေသည်။ "ဟ... ဟုတ်ကဲ့၊ ဟုတ်ပါတယ်။"
ရှောင်ဖူ ဝန်ခံလိုက်သည်ကို မြင်သောအခါ ကျိုးရူရှီက အမျိုးသမီးများကို ကြည့်ကာ ပြောလိုက်လေ၏။ "ညီမတို့အားလုံး ကြားတဲ့အတိုင်းပါပဲ။ ကလေးတွေက တကယ်ပဲ ရန်ဖြစ်ခဲ့ကြတာပါ။ ညီမတို့ရဲ့ ကလေးတွေကို မိုအာကိုယ်စား ကျွန်မကပဲ တောင်းပန်ပါတယ်"
"ဒါပေမဲ့ ကလေးတွေ ရန်ဖြစ်တယ်ဆိုတာက ပုံမှန်ပါပဲ။ ပြီးတော့ ကျွန်မရဲ့ မိုအာက အရင် အနိုင်ကျင့်ခံခဲ့ရတာလေ"
"အခု ညီမတို့အားလုံးက တောင်းပန်ခိုင်းဖို့ ဒီကို အုပ်စုလိုက်ကြီး လာကြတာက နည်းနည်းတော့ မလွန်လွန်းဘူးလား"
"ဟုတ်ပါတယ်၊ ဟုတ်ပါတယ်" ချွေ့ချွေ့က အလျင်အမြန် ရှေ့ထွက်ကာ ဝင်ပြောလိုက်ပေသည်။ "ပြီးတော့ သူတို့ထဲက အများကြီးက ကျွန်မတို့ သခင်လေးကို ဝိုင်းအုံရိုက်ကြတာတောင်မှ သခင်လေးရဲ့ အရိုက်ကို ခံလိုက်ရတာက တော်တော်လေး ရှက်စရာကောင်းပုံရတယ်"
"ချွေ့ချွေ့" ကျိုးရူရှီက အစေခံမလေးကို ညင်သာစွာ သတိပေးလိုက်လေ၏။
ထိုအခါမှသာ ချွေ့ချွေ့က သူမ၏ ပါးစပ်လေးကို ပိတ်လိုက်ပြီး စကားဆက်မပြောတော့ချေ။
"အဲဒီလိုဆိုရင်တောင်မှ ငါတို့ရဲ့ ကလေးတွေက ရှောင်ယန်ရဲ့ သွေးဆောင်မှု နောက်ကို ပါသွားရုံလေးပါ။ နင့်ရဲ့ ရှောင်မိုက ဘာလို့ သူတို့ကို ဒီလောက် အပြင်းအထန် ရိုက်ရတာလဲ။ ပြီးတော့ ဘာလို့ ငါတို့ ကလေးတွေရဲ့ နေ့လယ်စာကို လုစားရတာလဲ" ဟု အမျိုးသမီးတစ်ဦးက အကြောင်းပြချက် မခိုင်လုံစွာဖြင့် ပြောဆိုလာခဲ့ပေသည်။ "ကျိုးရူရှီ... နင် ဒီနေ့ နင့်ကလေးကို တောင်းပန်ခိုင်းရမယ်။ မဟုတ်ရင် ငါတို့ ပထမသခင်မကြီးဆီ သွားတိုင်မယ်"
ကျိုးရူရှီက ခေါင်းကို ခါယမ်းနေဆဲပင် ဖြစ်လေ၏။ "တောင်းပန်သင့်ပါတယ်၊ ဒါပေမဲ့ နှစ်ဖက်စလုံးက တောင်းပန်ရမှာပါ။ အရင်အမှားလုပ်တဲ့သူက အရင်တောင်းပန်ရမယ်၊ အဲဒီအခါကျမှ ကျွန်မရဲ့ မိုအာက တောင်းပန်လိမ့်မယ်"
"နင်... ကောင်းပြီလေ။ ကျိုးရူရှီ... နင် စောင့်ကြည့်နေလိုက်။ နင့်လို တခြားတိုင်းပြည်ကနေ ပို့လိုက်တဲ့ ကိုယ်လုပ်တော်ငယ်လေး တစ်ယောက်က ဘယ်လောက်အထိ မောက်မာနိုင်မလဲဆိုတာ ငါ သိချင်သေးတယ်"
ဦးဆောင်လာသော အမျိုးသမီးက သူမ၏ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ပြီး သူမ၏ ကလေးကို ဆွဲကာ ပထမသခင်မကြီး၏ အဆောင်ဆီသို့ လျှောက်လှမ်းသွားခဲ့ပေသည်။
သို့သော် သူတို့ သိပ်မဝေးသေးခင်မှာပင် ကျောက်ခဲငယ်အချို့က သူတို့၏ ကျောပြင်ကို လာမှန်သည်ကို ခံစားလိုက်ကြရလေ၏။
လှည့်ကြည့်လိုက်သောအခါ ရှောင်မိုက ကျောက်ခဲများကို ကောက်ယူ၍ သူတို့ဆီသို့ ပစ်ပေါက်နေသည်ကို မြင်တွေ့လိုက်ရပေသည်။
"မိုအာ" ကျိုးရူရှီက သူ့ကို အလျင်အမြန် ဆွဲယူလိုက်ပြီး ကလေးကို သူမ၏ အနောက်တွင် ကွယ်ကာထားလိုက်လေ၏။
"နင်တို့ စောင့်ကြည့်နေလိုက်။"
ဦးဆောင်လာသော အမျိုးသမီးမှာ အလွန် ဒေါသထွက်သွားသော်လည်း အသက်သုံးနှစ်သာ ရှိသေးသော ကလေးငယ်တစ်ဦးကို သူမ မရိုက်နှက်နိုင်ခဲ့ချေ။ သူမက ဒေါသတကြီးဖြင့် ထွက်ခွာသွားရုံသာ တတ်နိုင်တော့၏။ အဘယ်ကြောင့်ဆိုသော် ဤကိစ္စသာ အပြင်သို့ ပေါက်ကြားသွားပါက သူမ လူတောမတိုးနိုင် ဖြစ်သွားလိမ့်မည် ဖြစ်သောကြောင့်ပင်။
အချိန်သိပ်မကြာလိုက်ခင်မှာပင် ခြံဝင်းလေးက ညဉ့်ယံ၏ တိတ်ဆိတ်မှုထဲသို့ ပြန်လည်ကျရောက်သွားခဲ့လေ၏။
သို့သော် ကျိုးရူရှီက လှည့်ကာ သူမ၏ သားကို ကြည့်လိုက်သောအခါ သူမ၏ အမူအရာက ပဋိပက္ခဖြစ်မှုများနှင့် ကြီးလေးသော တည်ကြည်မှုများဖြင့် ပြည့်နှက်နေခဲ့ပေသည်။
"မေမေ" ရှောင်မိုက မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်လေ၏။
"ချွေ့ချွေ့... ငါ့အခန်းထဲက ပေတံကို သွားယူခဲ့ချေ" ဟု ကျိုးရူရှီက သူမ၏ လက်သေးသေးလေးများကို ဆုပ်ကိုင်ကာ ပြောလိုက်ပေသည်။
"သခင်မလေး..." ချွေ့ချွေ့က သူမ၏ သခင်မ ဘာလုပ်ရည်ရွယ်နေသည်ကို သိထားသောကြောင့် မကြည့်ရက်နိုင်အောင် ဖြစ်နေခဲ့လေ၏။
"သွားယူခဲ့ပါ" ဟု ကျိုးရူရှီက နောက်တစ်ကြိမ် ထပ်မံ ပြောဆိုလိုက်ပေသည်။
မငြင်းဆန်နိုင်သောကြောင့် ချွေ့ချွေ့က သွားရောက်၍ အခန်းထဲမှ ပေတံကို ယူဆောင်လာရုံသာ တတ်နိုင်တော့၏။
ကျိုးရူရှီက ဆောင့်ကြောင့်ထိုင်ချလိုက်ရာ ပေတံကို ကိုင်ထားသော သူမ၏ သွယ်လျသော လက်လေးများက အနည်းငယ် တုန်ရီနေခဲ့ပေသည်။ သူမက ကလေးကို ပြောလိုက်လေ၏။ "မိုအာ... လက်ဖြန့်လိုက်စမ်း"
သူ အပြစ်ပေးခံရတော့မည်ကို သိရှိထားသော ရှောင်မိုက သူ၏ လက်ကို ဖြန့်ပေးလိုက်ရုံသာ တတ်နိုင်တော့၏။
"မိုအာ... အရင်က မေမေ့ကို ဘာကတိပေးထားလဲဆိုတာ မှတ်မိလား" ကျိုးရူရှီက မေးလိုက်ပေသည်။
"မှတ်မိပါတယ်" ရှောင်မိုက ခေါင်းညိတ်လိုက်လေ၏။ "မေမေက သား တခြားကလေးတွေနဲ့ ရန်မဖြစ်ရဘူးလို့ ပြောခဲ့တယ်။ တကယ်လို့ အနိုင်ကျင့်ခံရရင် ချက်ချင်း မေမေ့ကို ပြောရမယ်၊ မေမေက သားဘက်က ရပ်တည်ပေးမယ်လို့ ပြောခဲ့တယ်"
"ဒါဆိုရင် မိုအာ အဲဒီအတိုင်း လုပ်ခဲ့ရဲ့လား"
"မ... မလုပ်ခဲ့ဘူး"
"သားအပြစ်ကို သားဝန်ခံလား"
ရှောင်မိုက ပခုံးလေး တွန့်လိုက်ပေသည်။ "သားအပြစ်ကို သားဝန်ခံပါတယ်"
ဖြန်း။ ကျိုးရူရှီက ပေတံကို ကိုင်ကာ ကလေး၏ လက်ဖဝါးကို ရိုက်ချလိုက်ရာ ကြည်လင်ပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာခဲ့လေတော့သည်။
"မေမေက ကလေးတွေ လိမ်မပြောရဘူးလို့လည်း ပြောခဲ့တယ်။ သားက တကယ် ရန်ဖြစ်ခဲ့တာကို မေမေ့ကို လဲကျတာပါလို့ လိမ်ပြောခဲ့တယ်။ မိုအာ... သားအပြစ်ကို သားဝန်ခံလား"
"သားအပြစ်ကို သားဝန်ခံပါတယ်"
ဖြန်း။ ကျိုးရူရှီက ဒုတိယအကြိမ် ရိုက်ချလိုက်ပြန်လေ၏။
"သားက အခုလေးတင် လူကြီးတွေကို ကျောက်ခဲနဲ့ ပစ်ပြီး ရိုင်းရိုင်းစိုင်းစိုင်း ပြုမူခဲ့တယ်။ မိုအာ... သားအပြစ်ကို သားဝန်ခံလား"
ဤတစ်ကြိမ်တွင်မူ ရှောင်မိုက ခေါင်းမော့လိုက်ပေသည်။ "သားမှာ အပြစ်မရှိဘူး"
ကျိုးရူရှီက သူမ၏ ပါးလွှာသော နှုတ်ခမ်းလေးကို ဖွဖွလေး ကိုက်လိုက်ပြီး ပေတံဖြင့် တတိယအကြိမ် ပြတ်ပြတ်သားသား ရိုက်ချလိုက်လေ၏။ "သားအပြစ်ကို သားဝန်ခံလား"
"သားမှာ အပြစ်မရှိဘူး" ဟု ရှောင်မိုက အခိုင်အမာ ပြောဆိုလိုက်ပေသည်။
"သားအပြစ်ကို သားဝန်ခံလား။" ကျိုးရူရှီက စတုတ္ထအကြိမ် ရိုက်ချလိုက်လေ၏။
"သားမှာ အပြစ်မရှိဘူး"
"သား..."
ကျိုးရူရှီက ပဉ္စမအကြိမ် ရိုက်ချရန် ဟန်ပြင်လိုက်ချိန်မှာပင်။
ချွေ့ချွေ့က အနီးသို့ ရောက်ရှိလာပြီး ရှောင်မိုကို အလျင်အမြန် ဆွဲဖယ်လိုက်လေ၏။ "သခင်မလေး... အချိန်လင့်နေပြီ။ သခင်လေးက တစ်နေ့လုံး သိုင်းကျင့်ထားရလို့ အရမ်း ပင်ပန်းနေမှာပါ။ သူ့ကို အရင် နားခိုင်းလိုက်ပါ။ မနက်ဖြန်ကျရင် သူ အမှားကို သိလာမှာ သေချာပါတယ်"
ကျိုးရူရှီက သူမ၏ ပါးလွှာသော နှုတ်ခမ်းလေးကို တင်းတင်းစေ့လိုက်ပြီး သူမ၏ ကလေးကို တစ်ချက်ကြည့်ကာ နောက်ဆုံးတွင် မတ်တတ်ရပ်၍ သူမ၏ အခန်းဆီသို့ လျှောက်လှမ်းသွားခဲ့လေတော့သည်။
"သခင်လေး... အခု သွားအိပ်လိုက်တော့နော်။ မနက်ဖြန်ကျရင် သခင်မလေး ဒေါသပြေသွားမှာပါ။ သူက တကယ်ပဲ သခင်လေး ကောင်းဖို့အတွက်ချည်း လုပ်နေတာပါ" ဟု ချွေ့ချွေ့က ရှောင်မိုကို ပြောလိုက်ပေသည်။
"အန်တီချွေ့... သား သိပါတယ်"
ရှောင်မိုက ခေါင်းညိတ်လိုက်ပြီး သူ၏ မိခင်၏ တံခါးကို တစ်ချက်ကြည့်ကာ သူမ ဒေါသထွက်နေဆဲဖြစ်ကြောင်း သိရှိထားသဖြင့် သူ၏ အခန်းထဲသို့ ပြန်၍ အိပ်စက်ရန်သာ တတ်နိုင်တော့ချေ။
ညဉ့်နက်ယံအချိန်။
ကျိုးရူရှီ၏ အခန်းထဲတွင် ဖယောင်းတိုင်မီးက ထွန်းလင်းနေဆဲ ဖြစ်လေ၏။
သူမက ထိုင်ခုံပေါ်တွင် ထိုင်နေပြီး စားပွဲပေါ်တွင် တင်ထားသော ပေတံကို ကြည့်ကာ သူမ၏ ကလေး၏ လက်ဖဝါးပေါ်သို့ ရိုက်ချခဲ့သော ရိုက်ချက် လေးချက်ကို ပြန်လည်တွေးတောနေမိပေသည်။ ရိုက်ချက်တစ်ခုချင်းစီက သူမ၏ ကိုယ်ပိုင် နှလုံးသားကို ရိုက်ခတ်နေသကဲ့သို့ ခံစားနေရစေ၏။
ဖြန်း။ ဖြန်း။ ဖြန်း။
ကျိုးရူရှီက ပေတံကို ကောက်ကိုင်လိုက်ပြီး သူမ၏ ကိုယ်ပိုင် လက်ဖဝါးကို အားပါပါဖြင့် အကြိမ်ကြိမ် ရိုက်ချလိုက်လေတော့သည်။
သူမ၏ လက်ဖဝါးမှာ ဖူးယောင်ကာ နီရဲလာမှသာ သူမက ရပ်တန့်လိုက်ပေသည်။
ကျီနာရီအချိန်တွင် ကျိုးရူရှီက မတ်တတ်ရပ်လိုက်ပြီး သူမ၏ အခန်းထဲမှ ထွက်ခွာကာ ကလေး၏ အခန်းထဲသို့ တိတ်တဆိတ် ဝင်ရောက်သွားခဲ့လေ၏။
ကလေး၏ ခုတင်ဘေးသို့ လျှောက်သွားပြီး ကျိုးရူရှီက အပြစ်ပေးခံထားရသော ရှောင်မို၏ ညာလက်လေးကို ညင်သာစွာ ယူဆောင်လိုက်ပေသည်။
သူမက ဆေးအချို့ကို ထုတ်ယူလိုက်ပြီး ကလေး၏ လက်ပေါ်သို့ သတိတကြီး လူးပေးနေရင်း ညင်သာစွာ လေမှုတ်ပေးနေခဲ့လေ၏။
လက်သေးသေးလေးပေါ်ရှိ အနီရောင် အမှတ်အသားများကို ကြည့်ရင်း ကျိုးရူရှီ၏ ရင်ထဲတွင် စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရပေသည်။
"မေမေ..." ရှောင်မိုက မူးဝေဝေဖြင့် မျက်လုံးများကို ဖွင့်လိုက်ပြီး ခုတင်ဘေးရှိ သူ၏ မိခင်ကို ကြည့်လိုက်လေ၏။ "မေမေ... သား တောင်းပန်ပါတယ်။ မေမေ့ကို ဒေါသမထွက်စေသင့်ခဲ့ဘူး။ ဒါပေမဲ့ မေမေ... သူတို့ကို ကျောက်ခဲနဲ့ ပစ်ပေါက်တာက သား မမှားဘူးလို့ပဲ သား ထင်နေတုန်းပဲ"
"ဘာဖြစ်လို့လဲ" ကျိုးရူရှီက သူမ၏ မိုအာ ဘာကြောင့် ဤမျှ ခေါင်းမာနေသနည်း ဆိုသည်ကို နားမလည်နိုင်ခဲ့ချေ။
"ဘာလို့လဲဆိုတော့ သူတို့က မေမေ့ကို စော်ကားခဲ့လို့ပဲ" ဟု ရှောင်မိုက အလေးအနက် ပြောလိုက်ပေသည်။ "သားက မေမေ့ကို ကာကွယ်ပေးမယ်လို့ ပြောခဲ့တယ်လေ။ ဘယ်သူမှ မေမေ့ကို အနိုင်ကျင့်ခွင့် မရှိဘူး"
သူမ၏ ကလေး၏ စကားများကို ကြားသောအခါ ကျိုးရူရှီက အနည်းငယ် မှင်တက်သွားပြီး သူမ၏ မျက်ဝန်းများတွင် မျက်ရည်များ ရစ်သိုင်းလာခဲ့လေတော့သည်။ "အရူးလေး..."
"မေမေ... သား မရူးပါဘူး"
"အင်းပါ... မိုအာက မရူးပါဘူး"
ကျိုးရူရှီက ကိုင်းညွှတ်လိုက်ပြီး ကလေး၏ နဖူးလေးကို ညင်သာစွာ နမ်းရှုံ့လိုက်လေ၏။ ကြည်လင်သော မျက်ရည်စက်လေး တစ်ပေါက်က သူမ၏ ဖြူဝင်းသော ပါးပြင်ပေါ်မှတစ်ဆင့် လျှောကျလာပြီး သူမ၏ အသံလေးက အနည်းငယ် တုန်ရီနေခဲ့ပေသည်။
"မိုအာက မရူးပါဘူး"
"ရူးနေတာက..."
"မေမေပါ"