← Chapters

အခန်း (၃၂၅-၃၂၆)

Vol. 33 Ch. 325-326

အခန်း (၃၂၅-၃၂၆)

Vol. 33 Ch. 325-326

အခန်း (၃၂၅)

နောက်တစ်နေ့ နံနက်စောစောတွင် ရှောင်မိုက လေ့ကျင့်ရေးကွင်းသို့ ရောက်ရှိလာခဲ့လေ၏။

လူတိုင်းက ရှောင်မိုကို စိုးရိမ်တကြီးဖြင့် ကြည့်နေခဲ့ကြပေသည်။

အထူးသဖြင့် မနေ့က ပြဿနာများကို ဦးဆောင်ခဲ့သော ရှောင်ယန်ပင် ဖြစ်လေ၏။

သူက ရှောင်မိုကို မြင်သောအခါ လုံးဝ ကြောက်ရွံ့တုန်လှုပ်သွားပြီး စကားတစ်ခွန်းမျှ မဟရဲတော့ဘဲ ရှောင်မိုနှင့် ခပ်လှမ်းလှမ်းတွင် သွားရပ်နေခဲ့ပေသည်။

မနေ့က ရှောင်မို၏ အပြင်းအထန် ရိုက်နှက်ခြင်းကို ခံခဲ့ရသော အခြား ကလေးငယ်များမှာလည်း ထိုနည်းတူပင် ဖြစ်ကြလေ၏။

အကယ်၍ ရှောင်မိုက တစ်စုံတစ်ရာကို သဘောမတူပါက သူတို့ကို ထပ်မံ ရိုက်နှက်မည်ကို သူတို့ စိုးရိမ်နေကြခြင်း ဖြစ်ပေသည်။

သို့သော် ရှောင်မိုက သူတို့ကို ဂရုမစိုက်ခဲ့ချေ။

ရှောင်မို၏ အမြင်တွင် မနေ့က ကိစ္စမှာ ထိုကောင်စုတ်လေးများကို ပညာပေးရုံ သက်သက်သာ ဖြစ်လေ၏။

ထိုသို့မဟုတ်ပါက နောက်ပိုင်းတွင် သူ အေးချမ်းစွာ နေရမည် မဟုတ်ပေ။

မည်သို့ပင်ဆိုစေ အချို့ကလေးများက အရိုက်ခံရမှသာ လိမ္မာကြပြီး သူတို့နှင့် အကျိုးအကြောင်း ဆင်ခြင်ပြနေခြင်းက အလကားသာ ဖြစ်ပေသည်။

ပုံမှန်အတိုင်းပင် ဆရာဟွမ်က လေ့ကျင့်ရေးကွင်းသို့ လျင်မြန်စွာ ရောက်ရှိလာပြီး တစ်နေ့တာ လေ့ကျင့်ခန်းများကို စတင်ခဲ့လေ၏။

နေ့လယ်စာအတွက် ရှောင်အိမ်တော်မှ ကလေးများ၏ သွေးချီစွမ်းအင်ကို ဖြည့်တင်းပေးရန် ဝက်နဂါးသားကြော်၊ ဝိညာဉ်စမ်းရေဖြင့် ပြုတ်ထားသော ဂေါ်ဖီထုပ်နှင့် ပုလဲဝိညာဉ်ဆန်တို့ကို ပံ့ပိုးပေးထားပေသည်။

ရှောင်မို အားရပါးရ စားသောက်နေစဉ် ကလေးငယ်အချို့က သူ့အနီးသို့ လျှောက်လာနေသည်ကို မြင်တွေ့လိုက်ရလေ၏။

သူတို့က ကြွေပန်းကန်လုံး အကြီးများကို ကိုင်ဆောင်ထားကြပြီး တုံ့ဆိုင်းနေသည့်ဟန် ရှိကြပေသည်။

"ဘာကိစ္စရှိလို့လဲ။" ရှောင်မိုက ထမင်းတစ်လုတ် စားလိုက်ပြီး ခေါင်းမော့ကာ မေးလိုက်လေ၏။

"အစ်... အစ်ကိုကြီး။" အသက်သုံးနှစ်အရွယ် ရှောင်တာ့ဟိုင် အမည်ရှိ ကလေးငယ်က တံတွေးမြိုချလိုက်ပေသည်။ "ကျွန်တော့်ရဲ့ အသားတစ်ဝက်ကို အစ်ကိုကြီးကို ပေးမယ်ဆိုရင် ကျွန်တော်တို့ အစ်ကိုကြီးရဲ့ နောက်လိုက်လေးတွေ ဖြစ်လို့ ရမလားဟင်"

"ဟင်"

ရှောင်မိုက ခဏမျှ မှင်တက်သွားခဲ့လေ၏။

ထိုအခါမှသာ သူတို့ဆိုလိုရင်းကို ရှောင်မို နားလည်သွားခဲ့ပေသည်။

ကလေးဘုရင် ရှောင်ယန်က အခြားသူများထံမှ အသားများကို မကြာခဏ လုယူလေ့ရှိပြီး အကယ်၍ သူတို့က သူတို့၏ အသားတစ်ဝက်ကို ရှောင်ယန်ထံ မပေးပါက အရိုက်ခံရလေ့ရှိပေသည်။

ယခုအခါ ထိုကလေးဘုရင် ရှောင်ယန်က သူ၏ ရိုက်နှက်ခြင်းကို တစ်ကြိမ် ခံခဲ့ရလေပြီ။

သူက ကလေးဘုရင် မဖြစ်ချင်သော်လည်း ယခုအခါတွင်မူ သူက ကလေးဘုရင်အဖြစ် သတ်မှတ်ခံလိုက်ရပြီ ဖြစ်လေ၏။

"ကောင်းပြီလေ... ဒီနေ့ကစပြီး မင်းတို့ရဲ့ အစားအစာ နှစ်ဆယ်ရာခိုင်နှုန်းကို ငါ့ကို ပေး၊ အဲဒီအစား ငါက မင်းတို့ကို ကာကွယ်ပေးမယ်"

ခဏမျှ စဉ်းစားပြီးနောက် ရှောင်မိုက ခေါင်းညိတ်လိုက်လေ၏။

အဓိကအားဖြင့် မကြာသေးမီက သူ၏ စားသောက်နိုင်စွမ်းက ကြီးမားလာပြီး သာမန် အသက်သုံးနှစ်ခွဲအရွယ် ကလေးတစ်ယောက်၏ အစားအစာ ပမာဏနှင့် လုံးဝ မတူညီတော့ကြောင်း ရှောင်မို သတိပြုမိသွားသောကြောင့် ဖြစ်ပေသည်။

သို့သော် ရှောင်အိမ်တော်က ကိုယ်လုပ်တော်များနှင့် ဆွေမျိုးဝေးများမှ မွေးဖွားလာသော ကလေးများအတွက် ဝိညာဉ်အသားကို သတ်မှတ်ထားသော ပမာဏသာ ပံ့ပိုးပေးထားခြင်း ဖြစ်လေ၏။

လွန်ခဲ့သော လဝက်ခန့်က သူက ညနေပိုင်း လေ့ကျင့်ခန်းများ တစ်ဝက်တစ်ပျက်တွင် မကြာခဏ ဗိုက်ဆာလာတတ်ပေသည်။

"ဟုတ်ကဲ့ပါ အစ်ကိုကြီး။ ကျေးဇူးတင်ပါတယ် အစ်ကိုကြီး" ရှောင်တာ့ဟိုင်က ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်လေ၏။

သို့သော် ရှောင်တာ့ရှီက သူ၏ ခေါင်းကို ကုတ်ကာ မေးလိုက်ပေသည်။ "အစ်ကိုကြီး... နှစ်ဆယ်ရာခိုင်နှုန်းဆိုတာ ဘယ်လောက်လဲဟင်"

"ဒီလောက်ပဲလေ။" ရှောင်မိုက သူ၏ ပန်းကန်ထဲမှ အသားအချို့ကို ယူပြလိုက်လေ၏။

ပမာဏအနည်းငယ်သာ ဖြစ်ကြောင်း မြင်တွေ့ရသောအခါ ကလေးငယ်များ၏ မျက်ဝန်းများက ချက်ချင်း တောက်ပသွားကြပေသည်။

ယင်းက ရှောင်ယန် တောင်းဆိုသော အမြတ်ထုတ်မှုထက် များစွာ နည်းပါးလှပေသည်။

အစ်ကိုကြီးအသစ် ရှောင်မိုက တကယ်ကို ကြင်နာတတ်တာပဲ။

အခြားသူများက ယင်းကို မြင်တွေ့သောအခါ သူတို့လည်း အကြံအစည်များ ရှိလာကြလေ၏။

မကြာမီမှာပင် မနေ့က ရှောင်မို၏ ရိုက်နှက်ခြင်းကို ခံခဲ့ရသော ရှောင်ဖူနှင့် ရှောင်ကွေ့တို့ အပါအဝင် သူတို့အားလုံးက ရှေ့သို့တက်လာကြပြီး ရှောင်မိုကို ဦးစွာ တောင်းပန်ကြကာ ထို့နောက် သူတို့၏ ပန်းကန်များထဲမှ အသား နှစ်ဆယ်ရာခိုင်နှုန်းကို ပေးအပ်ကြလေတော့သည်။

နောက်ဆုံးတွင် တစ်ယောက်တည်း ကျန်ရစ်နေသော ရှောင်ယန်က လက်စားချေ အရိုက်ခံရမည်ကို ကြောက်ရွံ့စွာဖြင့် ဘယ်ညာ ဝေ့ဝဲကြည့်လိုက်ပေသည်။ သူက ရှေ့သို့တက်လာပြီး မျက်နှာရဲရဲဖြင့် ပြောလိုက်လေ၏။ "အစ်... အစ်ကိုကြီးရှောင်၊ ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော်က မျက်မမြင်ပါပဲ။ မနေ့က အစ်ကိုကြီးကို ပြဿနာမရှာသင့်ခဲ့ဘူး။ အစ်ကိုကြီးရှောင်... ကျွန်တော် တောင်းပန်ပါတယ်"

"မင်းပြောချင်တာက မျက်ကန်း(အသိဉာဏ်မဲ့ပြီး မိုက်မဲခြင်း) ကို ပြောတာ မဟုတ်လား။"

ရှောင်မိုက ရှောင်ယန်၏ အမှားကို ပြင်ဆင်ပေးလိုက်လေ၏။

"ထားလိုက်ပါတော့။"

ရှောင်မိုက ရှောင်ယန်ကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်ပေသည်။ "မင်းရဲ့ အမှားတွေကို ပြင်ဆင်နိုင်ရင် ပြီးတာပါပဲ။ အနာဂတ်မှာ မင်းလည်း ပေးလို့ရတယ်... အာ... နေပါစေတော့၊ ထားလိုက်ပါတော့"

ရှောင်မိုက အလွန် အရေးကြီးသော ကိစ္စရပ်တစ်ခုကို ရုတ်တရက် သတိပြုမိသွားခဲ့လေ၏။

အကယ်၍ သူတို့က နေ့လယ်စာ စားချိန်တိုင်း သူတို့၏ အသား နှစ်ဆယ်ရာခိုင်နှုန်းကို သူ့ထံ ပေးနေကြကြောင်းကိုသာ သူ၏ မိခင် သိရှိသွားခဲ့လျှင်...

သူ၏ မိခင်မှာ တကယ်ပင် ဒေါသထွက်သွားပြီး သူ့ကို ရက်အတော်ကြာ စကားပြောတော့မည် မဟုတ်ချေ။

ရှောင်မိုက လည်ချောင်းဟန့်လိုက်လေ၏။ "မင်းတို့ရဲ့ အသားတွေကို ငါ မယူတော့ဘူး။ လူတိုင်း ကြိုးကြိုးစားစား လေ့ကျင့်ကြ၊ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် အနိုင်မကျင့်ကြနဲ့၊ ကြားလား"

ရှောင်ယန်နှင့် အခြားကလေးများက သူတို့ နားကြားများ မှားသွားသလားဟု တွေးကာ တစ်ယောက်ကိုတစ်ယောက် မယုံကြည်နိုင်စွာ ကြည့်လိုက်ကြပေသည်။

"ငါ မေးနေတာ ကြားလားလို့" ရှောင်မိုက ထပ်မံ မေးလိုက်လေ၏။

"ကြား... ကြားပါတယ် အစ်ကိုကြီး" လူအုပ်ကြီးက တစ်ခဲနက် အော်ဟစ်ဖြေကြားလိုက်ကြပေသည်။

"ကောင်းပြီ၊ အခု သွားစားကြတော့"

"ဟုတ်ကဲ့ပါ အစ်ကိုကြီး" နောက်လိုက်လေးများက တစ်ခဲနက် အော်ဟစ်လိုက်ကြပြီး ရှောင်မို၏ အနီးတွင် စုဝေးကာ သူတို့၏ အစားအစာများကို အားပါးတရ စားသောက်ကြလေတော့သည်။

လေ့ကျင့်ရေးကွင်းထဲသို့ အခုလေးတင် ဝင်လာသော ဆရာဟွမ်မှာ သူ၏ နှုတ်ခမ်းများ ကွေးတက်သွားသည်အထိ ပြုံးသွားပြီး ဤကောင်လေးက တကယ်ကို စိတ်ဝင်စားစရာ ကောင်းသည်ဟု တွေးလိုက်မိပေသည်။

နောက်ထပ် ညနေခင်းတစ်ခု ကုန်လွန်သွားခဲ့ချေပြီ။

ရှောင်မိုနှင့် အခြားကလေးများက အိမ်ပြန်ရန် ပြင်ဆင်နေကြချိန်တွင် လေ့ကျင့်ရေးကွင်းထဲသို့ ထူးခြားသော ဝတ်စားဆင်ယင်မှုရှိသည့် အစေခံမလေးတစ်ဦး ဝင်လာသည်ကို မြင်တွေ့လိုက်ရလေ၏။

ရှောင်အိမ်တော်ရှိ အစေခံမလေးများကိုလည်း အဆင့်အတန်း အမျိုးမျိုး ခွဲခြားထားပြီး ယေဘုယျအားဖြင့် အစေခံမလေး၏ နောက်ကွယ်ရှိ သခင်၏ အဆင့်အတန်း မြင့်မားလေ၊ သူမ၏ ဝတ်စားဆင်ယင်မှုက ပို၍ ထူးခြားလေ ဖြစ်ပေသည်။

ဤအစေခံမလေးက ပထမသခင်မကြီး၏ အစေခံမလေးဖြစ်ပြီး သူမက ဘာကိစ္စရှိလို့ ရောက်လာသနည်းဟု သူ တွေးလိုက်မိလေ၏။

သူမ စကားပြောဆိုနေစဉ် အစေခံမလေးနှင့် ဆရာဟွမ်တို့ နှစ်ဦးစလုံးက ရှောင်မိုဆီသို့ လှမ်းကြည့်လိုက်ကြပေသည်။

"ရှောင်မို... ဒီကို လာခဲ့စမ်း" ဆရာဟွမ်က ရှောင်မိုကို လှမ်းခေါ်လိုက်လေ၏။

ရှောင်မိုက ရှေ့သို့တက်လာပြီး သူ၏ မျက်လုံးပြူးပြူးကြီးများကို ပုတ်ခတ်ပုတ်ခတ် လုပ်ကာ မေးလိုက်ပေသည်။ "ဆရာဟွမ်... ဘာကိစ္စများ ရှိလို့လဲဟင်"

"မင်းကို ငါမေးမယ်၊ မနေ့က ငါမရှိတုန်း မင်း တစ်ခုခု အမှားလုပ်ခဲ့သေးလား။" ဆရာဟွမ်က မေးလိုက်လေ၏။

ရှောင်မိုက အစေခံမလေးကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်ပေသည်။ "ဆရာဟွမ်... မနေ့က နေ့လယ်စာစားတုန်းက ရှောင်ယန်က ကျွန်တော့်အစားအစာတွေကို လုဖို့ ကြိုးစားလို့ ကျွန်တော် သူတို့နဲ့ ရန်ဖြစ်ခဲ့ပြီး သူတို့ရဲ့ အစားအစာတွေကို ပြန်ယူလိုက်တာပါ"

"ဆရာဟွမ်... ဒါက အစ်ကိုကြီးရဲ့ အမှား မဟုတ်ပါဘူး။ မနေ့က ကျွန်တော်က မျက်ကန်းဖြစ်ပြီး အစ်ကိုကြီးကို ပြဿနာ သွားရှာမိလို့ပါ။ ကျွန်တော်တို့က ပြန်အဆင်ပြေသွားပါပြီ" ရှောင်ယန်က ပြေးလာပြီး ပြောလိုက်လေ၏။

ရှောင်မိုက ထိုကောင်စုတ်လေးကို တစ်ချက်ကြည့်လိုက်ပြီး ဤကောင်လေးက တော်တော်လေး သစ္စာရှိသည်ဟု တွေးလိုက်မိပေသည်။

"ဟုတ်ပါတယ် ဆရာဟွမ်၊ မနေ့က ဖြစ်ခဲ့တာက အစ်ကိုကြီးရဲ့ အမှား မဟုတ်ပါဘူး" အခြားကလေးငယ်များကလည်း ရှေ့ထွက်ကာ ဝင်ပြောကြလေ၏။

"ငါ နားလည်ပြီ" ဆရာဟွမ်က ခေါင်းညိတ်လိုက်ပြီး အစေခံမလေး ဟွမ်ရင်းကို ပြောလိုက်ပေသည်။ "ဒီကောင်လေးနဲ့အတူ ငါပါ လိုက်ခဲ့မယ်"

"ဟင်... ဆရာဟွမ်ကပါ လိုက်မှာလား" ဟွမ်ရင်း၏ အမူအရာက အလွန် အံ့အားသင့်နေပုံ ရလေ၏။

"ဘာလဲ။ မလိုက်ရဘူးလား"

"ရတာပေါ့ရှင်၊ ရတာပေါ့။ ဆရာဟွမ်... ကျွန်မနောက်က လိုက်ခဲ့ပါ" ဟွမ်ရင်းက ဘာမှ ထပ်မပြောရဲတော့ဘဲ လျင်မြန်စွာ ဦးဆောင်သွားခဲ့လေတော့သည်။

ရှောင်မိုက ဆရာဟွမ်၏ ဘေးမှ လိုက်ပါသွားရင်း ဤရှောင်အိမ်တော်မှ ဆရာဖြစ်သူ၏ နောက်ခံနှင့်သရုပ်မှန်မှာ သာမန်မဟုတ်နိုင်ကြောင်း ခံစားလိုက်ရပေသည်။

မည်သို့ပင်ဆိုစေ အစေခံမလေးတစ်ဦး၏ အပြုအမူက သူမ၏နောက်ကွယ်ရှိ သခင်၏ သဘောထားကို များစွာ ကိုယ်စားပြုနေပြီး ရှောင်အိမ်တော်၏ အိမ်ရှင်မဆိုသည်မှာ မည်သူမဆို အလွယ်တကူ တွေ့ဆုံနိုင်သူ မဟုတ်သည်ကိုပင် ထည့်ပြောစရာ မလိုတော့ချေ။

လက်ရှိ အခြေအနေအရ ကြည့်မည်ဆိုလျှင် ရှောင်အိမ်တော်၏ အိမ်ရှင်မပင်လျှင် သူ့ကို မျက်နှာသာပေးရမည့်ဟန် ရှိလေ၏။

အချိန်သိပ်မကြာလိုက်ခင်မှာပင် ရှောင်မိုက ရှောင်အိမ်တော်၏ အရှေ့ဘက် ခြံဝင်းဆီသို့ ရောက်ရှိသွားခဲ့ပေသည်။

သူ၏ မိခင် နေထိုင်ရာ ခြံဝင်းငယ်လေးနှင့် နှိုင်းယှဉ်လိုက်လျှင် ဤအရှေ့ဘက် ခြံဝင်းမှာ ယုံကြည်နိုင်စရာမရှိလောက်အောင် ကြီးမားကျယ်ပြန့်လှပေသည်။

ရှောင်မို ဖြတ်လျှောက်သွားသော လမ်းတစ်လျှောက်တွင် ကျင်းတိုင်းပြည်မှ တင်သွင်းထားသော ကောင်းကင်ပြာရောင် ကျောက်ပြားများကို ခင်းကျင်းထားပြီး နှစ်ပေါင်းများစွာ လူအများ ဖြတ်သန်းသွားလာမှုကြောင့် ပြောင်လက်နွေးထွေးကာ ကျောက်စိမ်းကဲ့သို့ ချောမွေ့နေခဲ့လေ၏။

မိုးလုံလေလုံ စင်္ကြံလမ်းတစ်လျှောက် လျှောက်လှမ်းသွားရာ တိုင်များမှာ အလှဆင်ထားခြင်း မရှိသော်လည်း ထိုသစ်သားများမှာ အရည်အသွေးမြင့်မားသော သစ်အိုသစ်ဟောင်းများဖြစ်ကြောင်း ထင်ရှားလှပြီး မှောင်မိုက်တည်ငြိမ်သော အရောင်အဆင်းသာ ရှိလေ၏။

လက်ရန်းများပေါ်ရှိ ကြေးဝါ အစိတ်အပိုင်းများကို ရိုးရှင်းသော ဝါးဆစ်ပုံစံများအဖြစ် ဖန်တီးထားပေသည်။ မျက်နှာပြင်ပေါ်တွင် အစိမ်းပုပ်ရောင် အညှိအချို့ တက်နေသော်လည်း ထိတွေ့ရသည်မှာ ချောမွေ့နေခဲ့လေ၏။

ခြံဝင်းက ကျယ်ဝန်းလှပြီး ပတ်လည်ရှိ ခေါင်မိုးစွန်းများမှ ဖြတ်သန်းလာသော အလင်းရောင်များက မြေပြင်ပေါ်သို့ နူးညံ့စွာ ကျဆင်းနေခဲ့ပေသည်။

ထင်ရှားမှုမရှိသော နံရံထောင့်တစ်ခုတွင် ရေညှိများ တက်နေသော ကျောက်စည်ပိုင်း အချို့ကို ထားရှိပြီး ၎င်းတို့ပေါ်ရှိ ကြာပန်းပုံစံ အလှဆင်ထားမှုများမှာ အနည်းငယ် ဝေဝါးနေခဲ့လေ၏။

အနီးနားတွင် ကျောက်တုံးဖြင့် ပြုလုပ်ထားသော ရေစည်ကြီးတစ်ခု ရှိပြီး ၎င်းအတွင်း၌ ကြည်လင်သော ရေတစ်ဝက်ခန့် ပါဝင်ကာ အနက်ရောင် အလှမွေးငါးကြင်း အချို့က သူတို့၏ အမြီးများကို လှုပ်ယမ်းလျက် အေးအေးလူလူ ကူးခတ်နေကြပြီး တစ်ခါတစ်ရံတွင် ရေကြာပန်း၏ အဝိုင်းရောင် အရွက်များက ရေပြင်ထက်တွင် လွင့်မျောနေတတ်ပေသည်။

ကြီးမားလှသော ထိုက်ဟူကျောက်တုံးများကို ပေါ့ပေါ့ပါးပါး စီချထားပြီး ၎င်းတို့၏ ပုံသဏ္ဌာန်များမှာ ထူးဆန်းကာ ကြမ်းတမ်းလှပြီး ကျောက်တုံးများပေါ်တွင် အနက်အစိမ် အမျိုးမျိုးရှိသော အပေါက်များက ပြည့်နှက်နေခဲ့လေ၏။

နောက်ဘက် ခြံဝင်းရှိ ဧည့်ခန်းမသို့ ရောက်ရှိသောအခါ ပထမသခင်မကြီး ရှာချင်ခယ်က စောင့်ဆိုင်းနေနှင့်ပြီး ဖြစ်လေ၏။

ရှာချင်ခယ်၏ ဘေးတွင် အခြား အမျိုးသမီး အချို့လည်း ရပ်နေကြပေသည်။

သူတို့က မနေ့ညက သူ၏ မိခင်ထံသို့ လာရောက်ခဲ့သော သူများဖြစ်ကြောင်း ရှောင်မို မှတ်မိလိုက်လေ၏။

ရှာချင်ခယ်က အသက်သုံးဆယ်ကျော်အရွယ်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း သူမက အလွန်တရာ နုပျိုလှပနေဆဲဖြစ်ကာ ကာလရှည်ကြာ ချမ်းသာကြွယ်ဝမှုများကသာ ပေးစွမ်းနိုင်သော ပြည့်ဖြိုးလှပသည့် ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားပေသည်။

သူမ၏ အသားအရည်က နေရောင်နှင့် ထိတွေ့ခဲသောကြောင့် ဆီဥကဲ့သို့ ဖြူဝင်းနေပြီး အလွန်တရာ နုဖတ်လွန်းလှသဖြင့် ချွေးပေါက်များကိုပင် မမြင်နိုင်ချေ။ သူမ၏ အနက်ရောင် ဆံကေသာများက တိမ်တိုက်များအလား ထူထဲနေပြီး မြင်းမြီးပုံစံ ဆံထုံးကို ခပ်လျော့လျော့ ထုံးနှောင်ထားကာ ရိုးရှင်းသော ကျောက်စိမ်းဖြူ ဆံဘီးလေး တစ်ခုကိုသာ ပန်ဆင်ထားလေ၏။

အခန်း (၃၂၆)

"သခင်မကြီး... ဆရာဟွမ်နဲ့ ရှောင်မို ရောက်ရှိလာပါပြီ။" အစေခံမလေးက အရိုအသေပေးလျက် လျှောက်တင်လိုက်ပေသည်။

"ဟွမ်ရှန်... သခင်မကြီးကို အရိုအသေပေးပါတယ်။"

"ရှောင်မို... ပထမအန်တီကို အရိုအသေပေးပါတယ်။"

ဟွမ်ရှန်နှင့် ရှောင်မိုတို့ နှစ်ဦးစလုံးက လက်ယှက်ကာ အရိုအသေပေးလိုက်ကြလေ၏။

ချင်တိုင်းပြည်၏ ဓလေ့ထုံးတမ်းများအရ မယားငယ် သို့မဟုတ် ကိုယ်လုပ်တော်များမှ မွေးဖွားလာသော ကလေးများက အိမ်ရှင်မကို ပထမအန်တီ ဟု ခေါ်ဝေါ်ရမည် ဖြစ်ပေသည်။

"ဆရာဟွမ်... ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူး။ မြန်မြန် ထိုင်ပါဦး" ပထမသခင်မကြီး ရှာချင်ခယ်က အနည်းငယ် ပြုံးလျက် ပြောလိုက်လေ၏။

ပထမသခင်မကြီး စကားပြောဆိုပြီးသည်နှင့် တစ်ပြိုင်နက် လူရိပ်တစ်ခုက ဧည့်ခန်းမထဲသို့ လျင်မြန်စွာ ဝင်ရောက်လာခဲ့ပေသည်။

ရှောင်မို လှည့်ကြည့်လိုက်ရာ သူ၏ မိခင် ဖြစ်နေခဲ့လေ၏။

ကျိုးရူရှီက သူမ၏ မိုအာကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူမ၏ အကြည့်ကို လျင်မြန်စွာ ရုပ်သိမ်းလိုက်ကာ ရှာချင်ခယ်ကို အရိုအသေပေးလိုက်ပေသည်။ "ရူရှီ... ပထမသခင်မကြီးကို အရိုအသေပေးပါတယ်"

"ညီမရူရှီ... ထပါဦး" ပထမသခင်မကြီးက ပြောလိုက်လေ၏။

"ကျေးဇူးတင်ပါတယ် ပထမသခင်မကြီး" ကျိုးရူရှီက မတ်တတ်ရပ်လိုက်ပြီး သူမ၏ ကလေးကို သူမ၏ အနောက်တွင် မသိမသာ ကွယ်ကာထားလိုက်ပေသည်။

"ထိုင်နေစရာ မလိုပါဘူး" ဟွမ်ရှန်က ရှောင်အိမ်တော်၏ ပထမသခင်မကြီးအပေါ် မည်သည့် မြှောက်ပင့်မှုမျှ မပါဝင်သော လေသံဖြင့် ပြောလိုက်လေ၏။ "သခင်မကြီးက ငါ့တပည့်ကို ဘာကိစ္စရှာတာလဲဆိုတာ မေးလို့ရမလား"

"ထွေထွေထူးထူးတော့ မရှိပါဘူး"

ပထမသခင်မကြီး ရှာချင်ခယ်က ရိုသေစွာ ပြန်လည် ဖြေကြားလိုက်ပေသည်။

"ကျွန်မရဲ့ ခင်ပွန်းက စစ်ချီသွားတဲ့အချိန်မှာ ရှောင်မိသားစုရဲ့ အိမ်ရှင်မအနေနဲ့ ကျွန်မက အိမ်တွင်းရေးတွေကို သူစိတ်မပူရအောင် သေချာ စီမံခန့်ခွဲရမှာပါ"

"ကျွန်မ အမြင်မှာတော့ ဆွေမျိုးရင်းချာပဲဖြစ်ဖြစ်၊ ဆွေမျိုးဝေးပဲဖြစ်ဖြစ် အားလုံးက ရှောင်အိမ်တော်ရဲ့ လူတွေချည်းပါပဲ။ အနာဂတ်မှာ တစ်ခုခုဖြစ်လာရင် အားလုံးက တစ်ယောက်ကိုတစ်ယောက် ကူညီနိုင်မှာပါ။ မိသားစုဆိုတာ သဟဇာတဖြစ်ပြီး ပျော်ရွှင်နေရမယ်လေ"

"ဒါပေမဲ့ မကြာသေးခင်က ဆွေမျိုးတချို့ ရောက်လာပြီး ရှောင်မိုက လေ့ကျင့်ရေးကွင်းက ကလေးတွေကို ရိုက်နှက်ရုံတင်မကဘူး၊ သူတို့ရဲ့ နေ့လယ်စာတွေကိုတောင် လုစားသွားတယ်လို့ တိုင်ကြတယ်"

ထိုသို့ပြောပြီးနောက် ပထမသခင်မကြီးက ကျိုးရူရှီကို ကြည့်လိုက်လေ၏။ "ညီမရူရှီ... အဲဒါ တကယ်ပဲလား။"

ကျိုးရူရှီက သူမ၏ နှုတ်ခမ်းကို ညင်သာစွာ ကိုက်လိုက်ပြီး ပြန်ဖြေလိုက်ပေသည်။ "သခင်မကြီးကို ဖြေရမယ်ဆိုရင် ဒါက တကယ်ပါပဲ။ ဒါပေမဲ့ ဒီကိစ္စက မိုအာနဲ့ ဘာမှမဆိုင်ပါဘူး။ ရူရှီက သူ့ကို သေချာ မသင်ပေးနိုင်ခဲ့လို့ပါ။ မိုအာက ငယ်ပါသေးတယ်၊ အသက်သုံးနှစ်အရွယ် ကလေးတစ်ယောက်မျှသာ ဖြစ်ပါတယ်။ သခင်မကြီးက မိုအာကို အပြစ်မယူပါနဲ့လို့ ကျွန်မ တောင်းပန်ပါတယ်။ ရူရှီကပဲ အပြစ်ပေးခံဖို့ ဝန်ခံပါတယ်"

"ကျွန်တော် လုပ်ခဲ့တာပါ" သူမ၏ မိခင်၏ စကားများကို ကြားသောအခါ ရှောင်မိုက ရှေ့သို့တက်လာပြီး ပြောလိုက်လေ၏။ "ဒါပေမဲ့ သူတို့က ကျွန်တော့်ကို အရင် စပြီး ပြဿနာရှာတာပါ။ ပြီးတော့ ကျွန်တော်တို့ ဒီနေ့ ပြန်အဆင်ပြေသွားပါပြီ။ ပထမအန်တီ မယုံရင် ရှောင်ယန်တို့ကို သွားမေးလို့ ရပါတယ်"

"မိုအာ။ ရိုင်းရိုင်းစိုင်းစိုင်း မပြောနဲ့လေ" ကျိုးရူရှီက သူမ၏ ကလေးကို အနောက်သို့ အလျင်အမြန် ဆွဲယူလိုက်ပေသည်။

ကျိုးရူရှီက ထပ်မံ စကားပြောရန် ဟန်ပြင်လိုက်ချိန်မှာပင် ဆရာဟွမ်က အားပါးတရ ရယ်မောလိုက်ပြီး ပြောလိုက်လေ၏။

"ဟားဟားဟား။ ဒီအဘိုးကြီး ဒီကိစ္စကို ကြားရတာ တော်တော် ရယ်ရတာပဲ"

"ငါတို့ ချင်တိုင်းပြည်ကို သိုင်းအင်အားနဲ့ တည်ထောင်ခဲ့တာကွ။ ပြီးတော့ ဟိုကောင် ရှောင်ရှီက စစ်မြေပြင်မှာ စစ်ချီနိုင်တဲ့ အတော်ဆုံး ယောက်ျားတစ်ယောက်ပဲ"

"ရှောင်အိမ်တော်ရဲ့ ယောက်ျားတစ်ယောက်အနေနဲ့ သန်မာအောင် ကြိုးစားရမှာပေါ့"

"ဘာတွေကို အပြစ်ပေးစရာ ရှိလို့လဲ။ ဘာတွေကို တောင်းပန်စရာ ရှိလို့လဲ"

"တကယ်လို့ သူတို့က မကျေနပ်ရင် သူတို့ရဲ့ လက်သီးတွေနဲ့ သက်သေပြခိုင်းလိုက်လေ"

"သူတို့က တိုက်ပွဲမှာ မနိုင်ခဲ့ရင် မနိုင်ဘူးပေါ့။ ဘာတွေ ထပ်ပြောစရာ ရှိလို့လဲ"

"မင်းတို့ မိန်းမတွေရဲ့ ကိစ္စတွေထဲမှာ ငါ မပါချင်ဘူး"

"ဒါပေမဲ့ လေ့ကျင့်ရေးကွင်းမှာ ဖြစ်ပျက်သမျှ အရာအားလုံးကို ဒီအဘိုးကြီးကပဲ ဆုံးဖြတ်တယ်"

"သခင်မကြီးမှာ ကန့်ကွက်စရာ ရှိသေးလား။"

"ရှင်က ဘယ်လိုလူမို့လို့ ပထမသခင်မကြီးကို အဲဒီလို ပြောရဲရတာလဲ။ ရှင်က မင်းသားကြီးရဲ့ နာမည်ကိုတောင် ခေါ်ရဲတယ်ပေါ့"

ပထမသခင်မကြီး၏ ဘေးရှိ အမျိုးသမီးတစ်ဦးက ရှေ့သို့ထွက်လာပြီး ဆရာဟွမ်ကို လက်ညိုးထိုးကာ ဆူပူကြိမ်းမောင်းလိုက်လေ၏။

သူမက ဤဆရာအပေါ် မကျေနပ်ဖြစ်နေသည်မှာ ကြာလှချေပြီ။ သူက သူမ၏ သားကို အပြင်းအထန် နှိပ်စက်ရုံသာမက သူက အလွန်တရာ မောက်မာပြီး အခြားသူများကို လုံးဝ ဂရုမစိုက်ချေ။

ယခုအခါ ပထမသခင်မကြီး၏ အာဏာကို အသုံးချ၍ သူမ သေချာပေါက် ပေါက်ကွဲပစ်ရမည် ဖြစ်လေ၏။

ပထမသခင်မကြီးက မျက်မှောင်ကြုတ်သွားပြီး အစေခံမလေး ဟွမ်ရင်းကို ညွှန်ကြားလိုက်ပေသည်။ "ဟွမ်ရင်း... သူ့ပါးစပ်ကို ရိုက်လိုက်စမ်း"

"ဟုတ်ပါတယ်၊ သူမ အရိုက်ခံရသင့်တယ်..."

ဖြန်း။

အမျိုးသမီးက စကားတစ်ဝက်တွင်ပင် ဟွမ်ရင်း၏ ပါးရိုက်ချက်က သူမ၏ မျက်နှာပေါ်သို့ ကျရောက်သွားခဲ့လေတော့သည်။

အမျိုးသမီးက သူမ၏ မျက်နှာကို အုပ်ထားလိုက်ပြီး သူမ၏ စိတ်ထဲတွင် လုံးဝ ဗလာကျင်းသွားခဲ့ပေသည်။

"နောက်တစ်ခါ ထပ်ရိုက်စမ်း"

ဖြန်း။

"နောက်တစ်ခါ ထပ်ရိုက်စမ်း"

ဖြန်း။

သုံးကြိမ်ဆက်တိုက် အရိုက်ခံရပြီးနောက် အမျိုးသမီး၏ မျက်နှာ နှစ်ဖက်စလုံးတွင် လက်ဝါးရာများ ပြည့်နှက်သွားခဲ့လေ၏။

ပထမသခင်မကြီးက ဆရာဟွမ် အရှက်ကွဲသွားစေရန် ဟွမ်ရင်းကို ဆရာဟွမ်၏ ပါးစပ်အား ရိုက်ရန် အမိန့်ပေးလိမ့်မည်ဟု သူမ မူလက ထင်မှတ်ထားခဲ့ခြင်း ဖြစ်ပေသည်။

အရိုက်ခံရသူမှာ သူမကိုယ်တိုင် ဖြစ်နေလိမ့်မည်ဟု သူမ လုံးဝ မမျှော်လင့်ထားခဲ့ချေ။

"ဒီအိမ်ရှင်မက သေချာ မသင်ပြပေးနိုင်ခဲ့လို့ ဆရာဟွမ်ကို ပြက်လုံးတစ်ခု မြင်တွေ့စေခဲ့မိပြီ။ ဒီနေရာကနေပဲ တောင်းပန်ပါတယ်" ပထမသခင်မကြီးက သူမ၏ ထိုင်ခုံမှ ဆင်းလာပြီး ဆရာဟွမ်ကို ဦးညွှတ်လိုက်လေ၏။

"သခင်မကြီး... ငါတို့ သွားလို့ရပြီလား" ဟွမ်ရှန်က ထိုကိစ္စကို လုံးဝ ဂရုမစိုက်ခဲ့ချေ။

"ရပါတယ်ရှင်" ပထမသခင်မကြီးက ခေါင်းညိတ်လိုက်လေ၏။ "တကယ်တော့ ကျွန်မက အခြေအနေတွေကို မေးမြန်းဖို့အတွက် ညီမရူရှီနဲ့ မိုအာတို့ကို ဒီနေ့ လာဖို့ ခေါ်လိုက်တာပါ။ တခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူး။ ရှေ့ဆက်ပြီး လေ့ကျင့်ရေးကွင်းနဲ့ ပတ်သက်တဲ့ ကိစ္စရပ်အားလုံးကို သဘာဝကျကျပဲ ဆရာဟွမ်က ဆုံးဖြတ်ပါ။ ကျွန်မတို့ ဝင်မစွက်ဖက်တော့ပါဘူး"

"သခင်မကြီး နားလည်ရင် ကောင်းတာပေါ့" ဟွမ်ရှန်က လက်ယှက်၍ အရိုအသေပေးလိုက်ပြီး သူ၏ဘေးရှိ ကောင်လေးကို ကြည့်ကာ ပြောလိုက်ပေသည်။ "သွားရအောင်"

"အော်... ဟုတ်ကဲ့ ဆရာ"

ရှောင်မိုက သူ၏ ဆရာနောက်မှ မူးဝေဝေဖြင့် လိုက်ပါသွားခဲ့လေ၏။

ပထမသခင်မကြီးကို နှုတ်ဆက်ပြီးနောက် ကျိုးရူရှီကလည်း ဧည့်ခန်းမထဲမှ လျင်မြန်စွာ ထွက်ခွာသွားခဲ့ပေသည်။

ဆရာဟွမ်က ရှောင်မိုကို သီးသန့် သင်ခန်းစာများ သင်ကြားပေးရန် ရှိနေသေးသောကြောင့် ကျိုးရူရှီက အရင် ပြန်သွားပြီး သူမ၏ ကလေး ပြန်လာမည့်အချိန်ကိုသာ စောင့်ဆိုင်းနေရုံ တတ်နိုင်တော့၏။ ရှောင်မိုကမူ လေ့ကျင့်ရေးကွင်းရှိရာဆီသို့ ဆရာဟွမ်နောက်မှ လိုက်ပါသွားခဲ့ပေသည်။

"ဆရာ... ဘာလို့ ပထမသခင်မကြီးက ဆရာ့ကို မျက်နှာသာပေးရတာလဲ"

လမ်းတစ်လျှောက် လျှောက်လှမ်းသွားရင်း ရှောင်မိုက သိချင်စိတ်ဖြင့် မေးလိုက်လေ၏။

"ဟဲဟဲ" ဆရာဟွမ်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ရှောင်မို၏ ခေါင်းကို ပွတ်သပ်လိုက်ပေသည်။ "ရှာချင်ခယ်ကို မေ့ထားလိုက်စမ်းပါ၊ မင်းရဲ့ အဘိုးကြီး ရောက်လာရင်တောင်မှ ငါ့ကို ရိုရိုသေသေ အရိုအသေပေးရမှာ"

"အဲဒီလောက်တောင် အစွမ်းထက်တာလား"

"အဲဒီလောက်တောင် အစွမ်းထက်တာကွ" ဆရာဟွမ်က ဂုဏ်ယူစွာဖြင့် ခေါင်းမော့လိုက်လေ၏။ "အတိုချုပ်ပြောရရင် အနာဂတ်မှာ မင်း ဘာကိုမှ စိတ်ပူနေစရာ မလိုဘူး။ သိုင်းပညာကျင့်ဖို့ကိုပဲ အာရုံစိုက်ထား၊ ကြားလား"

"ကြားပါတယ် ဆရာ" ရှောင်မိုက ခေါင်းညိတ်လိုက်ပေသည်။

"ဒါနဲ့ မကြာသေးခင်က မင်း သေချာ မစားရဘူး မဟုတ်လား" ဆရာဟွမ်က ရှောင်မိုကို ကြည့်လိုက်လေ၏။

"ဟုတ်တယ် ဆရာ" ရှောင်မိုက မဖုံးကွယ်ခဲ့ချေ။

"အစားအသောက်အတွက်တော့ စိတ်မပူနဲ့။ နေ့လယ်စာကို စားနိုင်သလောက် စား၊ မင်းအတွက် ငါ စီစဉ်ပေးမယ်။ ဒါပေမဲ့ ကလေး... ငါ့မှာ စည်းကမ်းချက် တစ်ခုရှိတယ်"

"ဆရာ... ဘာစည်းကမ်းချက်လဲဟင်" ရှောင်မိုက အပြစ်ကင်းစင်စွာဖြင့် မေးလိုက်လေ၏။

"ငါ့ရဲ့ တပည့် လုပ်ရမယ်။ ငါ့ကို မင်းရဲ့ ဆရာအဖြစ် အသိအမှတ်ပြုရမယ်"

ဆရာဟွမ်က လမ်းလျှောက်နေသည်ကို ရပ်တန့်လိုက်ပြီး ရှောင်မိုကို အလေးအနက် ပြောလိုက်ပေသည်။

"မင်းက ငါ့ကို ဆရာလို့ ခေါ်ပေမဲ့ တကယ့် ဆရာ နဲ့ ဒီအတိုင်း သင်ပေးတဲ့ ဆရာ ကြားမှာ ကွာခြားချက်တွေ အများကြီး ရှိတယ်။ တစ်နေ့တာ ဆရာက တစ်သက်တာ ဖခင်ပဲ။ ငါ့ကို မင်းရဲ့ ဆရာအဖြစ် အသိအမှတ်ပြုရင် ဒီနေ့ကစပြီး ငါက မင်းအတွက် ဖခင်တစ်ဝက် ဖြစ်လာလိမ့်မယ်။ မင်းက ငယ်သေးတော့ နားမလည်တာ ပုံမှန်ပါပဲ။ ချက်ချင်း သဘောတူစရာ မလိုပါဘူး၊ မင်း အိမ်ပြန်ပြီး မင်းအမေနဲ့ တိုင်ပင်လို့ ရပါတယ်"

"ငါ့ရဲ့ တပည့် ဖြစ်လာပြီးရင် ငါ့တစ်သက်တာလုံး သင်ယူခဲ့ရသမျှ လှံသိုင်းပညာ အားလုံးကို မင်းကို ချွင်းချက်မရှိ သင်ပေးမယ်"

"ဆရာ... ဆရာ့ရဲ့ လှံသိုင်းပညာက အရမ်း နက်ရှိုင်းတာလား" သူက ကလေးတစ်ယောက် ဖြစ်သောကြောင့် မည်သည့်အရာကိုမဆို လွတ်လပ်စွာ ပြောဆိုမေးမြန်းနိုင်လေ၏။

"အရမ်းကို နက်ရှိုင်းတာပေါ့ကွ ဆရာဟွမ်က ခေါင်းညိတ်လိုက်ပေသည်။

"ဘယ်လောက်တောင် နက်ရှိုင်းတာလဲဟင်" ရှောင်မိုက တကယ်ပင် စတင် မျှော်လင့်လာခဲ့လေ၏။

"ဘယ်လောက်တောင် နက်ရှိုင်းတာလဲ ဆိုတော့..." ဆရာဟွမ်က ခဏမျှ စဉ်းစားလိုက်ပြီး သူတို့အရှေ့ရှိ အဆောင်ကို ကြည့်လိုက်ပေသည်။ "အရှေ့က အဆောက်အအုံကို မြင်လား။ ငါ့ရဲ့ လှံသိုင်းပညာက အဲဒီ သုံးထပ်တိုက် အဆောက်အအုံလောက်ကို မြင့်မားတယ်။"

"သုံးထပ်လောက်ပဲလား။ သိပ်မမြင့်ပါဘူး" ရှောင်မိုက အနည်းငယ် စိတ်ပျက်သွားသည့်ဟန်ဖြင့် ကြည့်လိုက်လေ၏။

"ဟားဟားဟား"

ဟွမ်ရှန်က ဒေါသမထွက်ခဲ့ချေ။ သူက အားပါးတရ ရယ်မောလိုက်ပြီး ရှေ့သို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်လှမ်းသွားခဲ့ပေသည်။

"ဆရာ... သားကိုလည်း စောင့်ပါဦး။"

ရှောင်မိုက မီအောင် ပြေးလိုက်သွားခဲ့လေ၏။

နောက်ပိုင်းတွင်အချိန်အတော်ကြာပြီးနောက်မှသာ ဆရာ့ရဲ့ဆိုလိုရင်းကို ရှောင်မို နားလည်သွားခဲ့ပေသည်။

သူ၏ ဆရာ ရည်ညွှန်းသော သုံးထပ်တိုက် အဆောက်အအုံလောက် မြင့်မားတယ်ဆိုသည်မှာ တကယ်ကို အရမ်း အရမ်းကို မြင့်မားလှပေသည်။

ပြီးတော့ ထိုသုံးထပ်အပေါ်တွင် သူ၏ဆရာသာ ရပ်တည်နေပြီး သူ၏အထက်တွင် အခြား မည်သူမျှ မရှိခဲ့ချေ။

All Chapters