အခန်း (၃၂၇-၃၂၈)
Vol. 33 Ch. 327-328
အခန်း (၃၂၇)
အိမ်ပြန်ရောက်ပြီးနောက် ရှောင်မိုက ဆရာဟွမ်က သူ့ကို တပည့်အဖြစ် လက်ခံချင်နေကြောင်း သူ၏ မိခင်ကို ပြောပြလိုက်လေ၏။
ယင်းကို ကြားသောအခါ ကျိုးရူရှီမှာ အနည်းငယ် အံ့အားသင့်သွားခဲ့ပေသည်။
ကျိုးရူရှီက အစပိုင်းတွင် ဤဆရာဟွမ်အကြောင်းကို ဘာမှ မသိခဲ့ချေ။
သို့သော် သူမ၏ ကလေးက သူ၏လက်အောက်တွင် သိုင်းပညာ စတင်သင်ယူပြီးနောက် ကျိုးရူရှီက သူမ၏ ကလေးအတွက် စိုးရိမ်သောကြောင့် ထိုဆရာ၏ ကိုယ်ရည်ကိုယ်သွေးအကြောင်းကို မကြာခဏ စုံစမ်းမေးမြန်းလေ့ရှိပေသည်။
ရလဒ်အနေဖြင့် ဤမျှ သာမန်ဆရာတစ်ဦး၏ နောက်ခံအကြောင်းကို မည်သူကမျှ မသိရှိခဲ့ကြချေ။ ယင်းက အတော်လေး ထူးဆန်းလှပေသည်။
အထူးသဖြင့် ယနေ့ ပထမသခင်မကြီးအပေါ် ဆရာဟွမ် ပြသခဲ့သော အပြုအမူကို ကြည့်ခြင်းအားဖြင့် ဤဆရာဟွမ်က သာမန်လူများနှင့် တကယ်ပင် ကွဲပြားခြားနားကြောင်းကို ကျိုးရူရှီ သေချာသွားခဲ့လေ၏။
အနည်းဆုံးတော့ သူ့တွင် စွမ်းရည်အချို့ ရှိနေပေသည်။
သူက မင်းသားကြီး၏ နာမည်ကိုပင် ခေါ်ရဲသေးတော့၏။
ထို့ကြောင့် သေချာ စဉ်းစားပြီးနောက် မိုအာက သူ၏ တပည့်ဖြစ်လာရန် ဆိုသည်မှာ မဖြစ်နိုင်သော ကိစ္စမဟုတ်ကြောင်း ကျိုးရူရှီ ခံစားလိုက်ရပေသည်။
အကယ်၍ သူက စွမ်းရည်အချို့ကို သင်ယူတတ်မြောက်သွားပါက အနာဂတ်တွင် အသက်မွေးဝမ်းကျောင်းပညာတစ်ခု ရရှိသွားမည် ဖြစ်လေ၏။
ရှောင်အိမ်တော်၏ အကာအကွယ် မရှိလျှင်တောင်မှ မိုအာက အနာဂတ်တွင် ဆရာတစ်ဦး သို့မဟုတ် သက်တော်စောင့်တစ်ဦးအဖြစ် မိသားစုကို ထောက်ပံ့နိုင်မည် ဖြစ်ပေသည်။
"မိုအာ... သားက ဆရာဟွမ်ရဲ့ တပည့် ဖြစ်ချင်တယ်ဆိုရင် မေမေ သဘောတူပါတယ်" ဟု ကျိုးရူရှီက မိုအာ၏ တောင်းဆိုမှုကို သဘောတူလျက် သူမ၏ ကလေးကို ပြောလိုက်လေ၏။ "မိုအာ... ဆရာဟွမ်က ဘယ်လိုလူမျိုးလို့ ထင်လဲ။"
"မိုအာက သူ့ရဲ့ တပည့် ဖြစ်ချင်တယ်။" ရှောင်မိုက ပြောလိုက်ပေသည်။
"ကောင်းပြီလေ" ကျိုးရူရှီက ပြုံးလျက် ခေါင်းညိတ်လိုက်လေ၏။ "အဲဒီလိုဆိုမှတော့ မနက်ဖြန် မေမေတို့ ဆရာဟွမ်ဆီ သွားလည်ကြတာပေါ့။"
"ဟုတ်ကဲ့ပါ မေမေ။"
နောက်တစ်နေ့ နံနက်စောစောတွင် ကျိုးရူရှီက သူမ၏ ကလေးကို အိမ်တော်ပြင်ပသို့ ခေါ်ဆောင်သွားပြီး ဆရာဟွမ် ပေးထားသော လိပ်စာအတိုင်း မြို့တော်အရှေ့ဘက်ရှိ ခြံဝင်းငယ်လေးတစ်ခုဆီသို့ သွားရောက်ခဲ့လေ၏။
မသွားရောက်မီ ကျိုးရူရှီက သူမ၏ ရိုးသားမှုကို ပြသရန် ဆရာဟွမ်အတွက် တပည့်ခံယူခြင်းဆိုင်ရာ လက်ဆောင်များစွာ ဝယ်ယူရန် သူမ၏ စုဆောင်းငွေ အများစုကို ထုတ်ယူခဲ့ပေသည်။
ကျိုးရူရှီက တံခါးကို ခေါက်လိုက်သည်နှင့် ဆရာဟွမ်က တံခါးလာဖွင့်ပေးလေ၏။
"ရောက်လာကြပြီလား၊ ဝင်ခဲ့ကြလေ။"
ဆရာဟွမ်က စကားများများ မပြောတော့ဘဲ သူတို့ကို အထဲသို့ တိုက်ရိုက် ဖိတ်ခေါ်လိုက်ပေသည်။
"ဆရာဟွမ်... ဒါက ကျွန်မတို့ရဲ့ ကျေးဇူးတင်စကားလေးပါ။ အထင်မသေးပါနဲ့နော်" ကျိုးရူရှီက သူမ၏ ဘေးရှိ ချွေ့ချွေ့ကို အချက်ပြလိုက်ရာ ချွေ့ချွေ့က လက်ဆောင်များနှင့်အတူ ချက်ချင်း ရှေ့သို့တက်လာခဲ့လေ၏။
"မလိုပါဘူး။ ဒီအဘိုးကြီးက တပည့်လက်ခံတာ ဆန္ဒသန့်သန့်နဲ့ လက်ခံတာပါ။ ဒါတွေ ပြန်ယူသွားလိုက်ပါ" ဟွမ်ရှန်က ကျိုးရူရှီ၏ လက်ဆောင်များကို လုံးဝ လက်မခံဘဲ ပြတ်ပြတ်သားသား ပြောဆိုလိုက်ပေသည်။
ဆရာဟွမ်၏ အပြုအမူကို မြင်သောအခါ ကျိုးရူရှီက သူ့ကို မနှစ်မြို့ဖွယ် မဖြစ်စေရန် ထပ်မံ အတင်းအကျပ် မတိုက်တွန်းတော့ချေ။
"ကဲ၊ စကားတွေ အများကြီး ပြောမနေတော့ဘူး" ဆရာဟွမ်က ရှောင်မိုကို ကြည့်လိုက်လေ၏။ "ကလေး... ငါ့ရဲ့ တပည့် လုပ်"
"ဟုတ်ကဲ့ပါ ဆရာ"
ရှောင်မိုက အလေးအနက် ခေါင်းညိတ်လိုက်ပေသည်။
ခြံဝင်းထဲတွင် ဟွမ်ရှန်က ထိုင်ခုံပေါ်တွင် ထိုင်နေပြီး ရှောင်မိုက ဒူးထောက်ကာ ဟွမ်ရှန်ကို သုံးကြိမ်တိတိ ဦးညွှတ်အရိုအသေပေးလိုက်ပြီးနောက် လက်ဖက်ရည် ကမ်းဆက်လိုက်လေ၏။
ဟွမ်ရှန်က လက်ဖက်ရည်ကို ကျေနပ်စွာ သောက်သုံးပြီးနောက် ရှောင်မိုကို အခန်းထဲသို့ ခေါ်ဆောင်သွားပြီး သူတို့ နှစ်ဦးစလုံးက ဘိုးဘေးဆရာကြီး၏ ပုံတူပန်းချီကားကို အရိုအသေပေးလိုက်ကြပေသည်။
ဓလေ့ထုံးတမ်း အခမ်းအနားများ ပြီးဆုံးပြီးနောက် ရှောင်မိုက ထိုနေ့မှစ၍ ဟွမ်ရှန်၏ တရားဝင် တပည့်ရင်းတစ်ဦး ဖြစ်လာခဲ့လေတော့သည်။
လူကြီးတစ်ယောက်လို ပြုမူနေသော သူမ၏ ကလေးကို ကြည့်ရင်း ဘေးတွင် ရပ်နေသော ကျိုးရူရှီ၏ ရင်ထဲတွင် သဲ့သဲ့မျှသော လှုပ်ခတ်မှုတစ်ခုကို ခံစားလိုက်ရပေသည်။ သူမ၏ ကလေးက အနာဂတ်တွင် အလွန်တရာ ဝေးကွာသော နေရာများဆီသို့ လျှောက်လှမ်းသွားတော့မည်ဖြစ်ပြီး သူမက အနောက်မှနေ၍ တိတ်တဆိတ်သာ ငေးကြည့်နေရုံမှလွဲ၍ မီအောင် လိုက်နိုင်တော့မည် မဟုတ်သည့်အလား ရှိလေတော့၏။
"ဒီနေ့ကစပြီး ငါက မင်းရဲ့ ဆရာပဲ။ ကလေး... 'ဆရာ'လို့ ခေါ်လိုက်စမ်း၊ ငါကြားပါရစေ" ဟု ဟွမ်ရှန်က ပြုံးလျက် ပြောလိုက်လေ၏။
"ဆရာ" ရှောင်မိုက သူ၏ ကလေးသံလေးဖြင့် ရှင်းလင်းပြတ်သားစွာ ခေါ်ဆိုလိုက်ပေသည်။
"ဟားဟားဟား ကောင်းတယ် ကောင်းတယ် ကောင်းတယ်" ဟွမ်ရှန်က "ကောင်းတယ်" ဟု သုံးကြိမ်တိတိ ပြောဆိုလိုက်လေ၏။
သူ လက်ခံလိုက်သော ဤတပည့်အပေါ် သူ အလွန် သဘောကျနေကြောင်း ထင်ရှားလှပေသည်။
"ဆရာ... သားက ဆရာ့ရဲ့ တစ်ယောက်တည်းသော တပည့်လား။ သားမှာ တခြား ဂိုဏ်းတူအစ်ကိုတွေ၊ ဂိုဏ်းတူအစ်မတွေ ရှိသေးလားဟင်" ရှောင်မိုက သိချင်စိတ်ဖြင့် မေးလိုက်လေ၏။
"ဒီဆရာမှာ မင်း တစ်ယောက်တည်းပဲ တပည့်ရှိတယ်" ဟွမ်ရှန်က ခေါင်းညိတ်လိုက်ပေသည်။ "ငါတို့ ဂိုဏ်းမှာ ကန့်သတ်ချက်တွေ မရှိပေမဲ့ ယေဘုယျအားဖြင့် တစ်သက်မှာ တပည့်တစ်ယောက်ပဲ လက်ခံလေ့ရှိတယ်။ တကယ်လို့ မင်း သေသွားရင်တော့ တစ်မျိုးပေါ့လေ၊ ဒီအဘိုးကြီးက ဒုတိယတစ်ယောက် ထပ်လက်ခံမှာပေါ့"
"ဒါဆို ဆရာ... ကျွန်တော်တို့ အားလုံး သေသွားရင်ကော ဘယ်လိုလုပ်မလဲ" ရှောင်မိုက ထပ်မံ မေးလိုက်ပြန်လေ၏။
"ငါတို့ အားလုံး သေသွားရင်လည်း လှံသိုင်းပညာက ကျန်ရစ်နေဦးမှာပဲ။ ငါတို့ဂိုဏ်းရဲ့ မူလ လှံသိုင်းပညာကို ဘိုးဘေးတွေရဲ့ နယ်မြေမှာ အမြဲတမ်း သိမ်းဆည်းထားပြီး အစောကြီးပဲဖြစ်ဖြစ်၊ နောက်ကျမှပဲဖြစ်ဖြစ် ကံစပ်တဲ့သူ တစ်ယောက်ယောက်က ရှာတွေ့သွားမှာပါပဲ"
"ဒါကြောင့် ငါတို့ သေသွားရင်လည်း သေသွားတာပေါ့ကွာ"
"ဒါပေမဲ့ နှစ်ရာချီ၊ ထောင်ချီ ကြာတဲ့အထိ ငါတို့ဂိုဏ်းရဲ့ လှံသိုင်းပညာက လောကကြီးထဲမှာ ပေါ်ထွက်လာမှာ မဟုတ်တော့ဘူးပေါ့လေ"
ဟွမ်ရှန်က ကောင်လေးကို တစ်ချက်ကြည့်လိုက်ပြီး လက်မြှောက်ကာ သူ၏ ခေါင်းကို ခေါက်လိုက်လေ၏။
"မင်းက ဘာလို့ ကောင်းတာတွေ မတွေးရတာလဲ ကလေးရ။ အသက်ရှင်နေတာ ပိုမကောင်းဘူးလား။ ဘာလို့ သေတဲ့အကြောင်းတွေ ပြောနေရတာလဲ"
ရှောင်မိုက သူ၏ ခေါင်းကို ပွတ်သပ်လိုက်ပေသည်။ "တပည့်က ကျွန်တော်တို့ ဂိုဏ်းရဲ့ အမွေအနှစ်အတွက် စိုးရိမ်လို့ပါ"
"သွားစမ်းပါကွာ... အဲဒါတွေ စိတ်ပူနေမယ့်အစား ကျင့်ကြံဖို့ကိုပဲ အာရုံစိုက်လိုက်စမ်းပါ" ဟွမ်ရှန်က လက်ဝှေ့ယမ်းလိုက်လေ၏။ "ပြန်တော့၊ ဒီနေ့ သေချာ အနားယူလိုက်၊ မနက်ဖြန် လေ့ကျင့်ရေးကွင်းကို အချိန်မီ လာခဲ့"
"ဟုတ်ကဲ့ပါ ဆရာ။" ရှောင်မိုက လက်ယှက်၍ အရိုအသေပေးလိုက်ပေသည်။
"ကျွန်မရဲ့ မိုအာလေးကို ဆရာဟွမ်ဆီ အပ်ပါတယ်ရှင်" ကျိုးရူရှီက ရှေ့သို့တက်ကာ အနည်းငယ် ဦးညွှတ်လိုက်လေ၏။
"စိတ်မပူပါနဲ့ သခင်မလေး" ဆရာဟွမ်က ရွှင်လန်းစွာ ပြောလိုက်ပေသည်။ "ဒီကောင်လေး ငါ့တပည့် ဖြစ်လာတာက လောကမှာ ကံအကောင်းဆုံး အရာပဲ"
ဆရာဟွမ်၏ ကိုယ့်ကိုယ်ကိုယ် ချီးမွမ်းစကားကို ကြားသောအခါ ကျိုးရူရှီက ပြုံးရုံသာ ပြုံးနေလိုက်လေ၏။
ချွေ့ချွေ့ကမူ မျက်လုံးလှန်လိုက်ပေသည်။ ဤဆရာဟွမ်က သာမန် သိုင်းပညာရှင် တစ်ဦးသာ ဖြစ်ပြီး သူမ၏ သခင်မလေး လိမ်လည်လှည့်ဖြား ခံလိုက်ရပြီလားဟု သူမ အမြဲတမ်း ခံစားနေရလေ၏။
ကျိုးရူရှီက ရှောင်မိုကို ခေါ်ကာ ရှောင်အိမ်တော်သို့ ပြန်လာခဲ့ပေသည်။
နောက်တစ်နေ့တွင် ရှောင်မိုက ပုံမှန်အတိုင်း သိုင်းပညာကျင့်ကြံရန် လေ့ကျင့်ရေးကွင်းသို့ သွားရောက်ခဲ့လေ၏။
ဆရာဟွမ်၏ တပည့် ဖြစ်လာပြီးနောက် သူ၏ ဆရာက သူ၏အပေါ် ပိုမို အာရုံစိုက်လာကြောင်း ရှောင်မို တကယ်ပင် ခံစားခဲ့ရသော်လည်း သူ သင်ယူခဲ့ရသမျှ အရာများမှာ ကြီးမားသော ကွာခြားချက် မရှိဟန်တူပြီး အရာအားလုံးက အခြေခံ လေ့ကျင့်မှုများအပေါ်တွင်သာ အာရုံစိုက်ထားဆဲ ဖြစ်ပေသည်။
အကြီးမားဆုံး အကျိုးကျေးဇူးမှာ ရှောင်မို၏ နေ့စဉ် အစားအစာများက သီးသန့်ဖြစ်လာပြီး လေ့ကျင့်ရေးကွင်းရှိ အခြားတပည့်များထက် များစွာ ပိုမို ကောင်းမွန်လာကာ သူ အားရပါးရ စားသောက်ခွင့် ရရှိလာခြင်း ဖြစ်လေ၏။
သို့သော် ရှောင်ယန်နှင့် အခြားကလေးများကမူ မည်သည့် ကန့်ကွက်မှုမျှ မရှိခဲ့ကြချေ။ အဘယ်ကြောင့်ဆိုသော် ဤသူမှာ သူတို့၏ အစ်ကိုကြီး ဖြစ်ပြီး သူတို့၏ အစ်ကိုကြီးက ဤမျှ အစွမ်းထက်နေမှတော့ သူ ကောင်းကောင်းစားရသည်က ဘာမှားနေမည်နည်း။
ထို့အပြင် တစ်ခါတစ်ရံတွင် ဟွမ်ရှန်က ရှောင်မို၏ ခန္ဓာကိုယ်ကို သန့်စင်ရန်အတွက် ဆေးရေချိုးရန် ဆေးဖက်ဝင် အပင်များ ပါဝင်သော ဆေးထုပ်တစ်ထုပ်ကို ပေးလေ့ရှိပေသည်။
ရှောင်မိုက ခန္ဓာကိုယ် သန့်စင်မှုကို ခံယူရတိုင်း သူ၏ အရိုးများ ကြေမွသွားသည့်အလား ခံစားရပြီး အလွန်တရာ နာကျင်လှပေသည်။
သို့သော် ဆေးရေချိုးပြီးတိုင်း ရှောင်မိုက သူ၏ ခန္ဓာကိုယ် ပိုမို သန်စွမ်းလာကြောင်း ရှင်းလင်းစွာ ခံစားသိရှိနိုင်လေ၏။
မသိမသာဖြင့်ပင် တစ်နှစ်တာ ကုန်လွန်သွားခဲ့ချေပြီ။
ရှောင်မိုက ယခုအခါ လေးနှစ်ခွဲအရွယ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်လေ၏။
ဤတစ်နှစ်အတွင်း ရှောင်မိုနှင့် အခြား ကလေးငယ်များကြားရှိ ကွာဟချက်က ပို၍ပို၍ ကြီးမားလာခဲ့ပြီး သူတို့က လုံးဝ မတူညီသော အဆင့်များတွင် ရှိနေခဲ့ကြပေသည်။
ထိုနေ့တွင်ပင် ဟွမ်ရှန်က ရှောင်မိုကို တစ်ဦးချင်း သီးသန့် စတင် သင်ကြားပေးခဲ့လေ၏။
ရှောင်မိုကို သင်ကြားပေးရာတွင် ဟွမ်ရှန်က အခြားသူများကို ဖယ်ရှားထားခြင်း မရှိခဲ့ချေ။ အကယ်၍ အခြား ကောင်စုတ်လေးများက သင်ယူနိုင်စွမ်း ရှိလျှင် ယင်းက သူတို့၏ ကိုယ်ပိုင် စွမ်းရည်သာ ဖြစ်ပေလိမ့်မည်။
"ဒီနေ့ကစပြီး ရှောင်မို... မင်း လက်သီးသိုင်းကွက်တွေကို စတင် သင်ယူရမယ်"
အခြား ကောင်စုတ်လေးများ အခြေခံ လေ့ကျင့်ခန်းများကို လေ့ကျင့်နေကြစဉ် ဟွမ်ရှန်က ရှောင်မိုကို အနီးနားရှိ လွတ်လပ်သော နေရာတစ်ခုဆီသို့ ဆွဲခေါ်သွားပြီး ပြောလိုက်လေ၏။
"မင်းရဲ့ ဆရာက အရင်က ပြောခဲ့ပြီးသားပါ။ လက်သီးသိုင်းကွက်တွေက လှံသိုင်းပညာနဲ့ အတူတူပဲ၊ လှံကို ကျင့်ချင်ရင် အရင်ဆုံး လက်သီးသိုင်းကွက်တွေကို ကျင့်ရမယ်။ လှံဆိုတာ လက်သီးသိုင်းကွက်တွေရဲ့ နောက်ဆက်တွဲ တိုးချဲ့မှု တစ်ခုမျှသာ ဖြစ်တယ်။ မင်းရဲ့ ဆရာ မင်းကို သင်ပေးမယ့် လက်သီးသိုင်းကွက်က ကောင်းကင်ဖွင့်လက်သီးလို့ ခေါ်တယ်။ ကောင်းကင်ဖွင့်လက်သီးမှာ စုစုပေါင်း သိုင်းကွက် ခုနစ်ကွက် ပါဝင်တယ်။ မင်းရဲ့ ဆရာ တစ်ခေါက် ပြမယ်၊ သေချာ ကြည့်ထားစမ်း
ဟွမ်ရှန်က လက်သီးသိုင်းကွက် တစ်ခုကို ဖော်ထုတ်လိုက်သည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ လေထုက ရုတ်တရက် လေးလံသွားကြောင်း ရှောင်မို ခံစားလိုက်ရပေသည်။
ကြီးမားလေးလံသော လက်သီးဖိအားက တောင်ကြီးတစ်လုံးအလား သူ၏အပေါ်သို့ ဖိကျလာပြီး ရှောင်မိုမှာ အသက်ရှူရန်ပင် ခက်ခဲလာသကဲ့သို့ ခံစားလိုက်ရလေ၏။
ဟွမ်ရှန်က လက်သီးတစ်ချက် ထိုးချလိုက်ချိန်တွင် မိုးကြိုးပစ်သံများကဲ့သို့ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး နတ်ဘုရားတစ်ပါးက ဗုံတီးနေသည့်အလား တဒိုင်းဒိုင်း မြည်ဟည်းနေခဲ့လေတော့သည်။
ယင်းက ဆရာဖြစ်သူက သူ၏ ဝိညာဉ်စွမ်းအင်များကို လုံးဝ ပိတ်လှောင်ထားသောကြောင့်သာ ဤမျှ အခြေအနေကောင်းနေခြင်း ဖြစ်သည်ဟု ရှောင်မို တွေးလိုက်မိပေသည်။
ထိုသို့မဟုတ်ပါက ချင်တိုင်းပြည်၏ မြို့တော်တစ်ခုလုံး မိုးကြိုးသံများကို ကြားရလိမ့်မည် ဖြစ်လေ၏။
အခြား ကောင်စုတ်လေးများက ဆရာဟွမ် လက်သီးသိုင်းကွက်များ ကျင့်ကြံနေသည်ကို ငေးကြည့်နေကြပြီး အားလုံးမှာ မှင်တက်နေကြကာ အလွန် လှပပြီး အစွမ်းထက်သည်ဟု ထင်မှတ်နေခဲ့ကြပေသည်။
သို့သော် ရှောင်မိုကမူ လုံးဝ ကွဲပြားခြားနားသော မြင်ကွင်းတစ်ခုကို မြင်တွေ့နေရလေ၏။
ရှောင်မိုက လက်သီးသိုင်းကွက်များကို တစ်ခါမျှ မကျင့်ကြံဖူးသော်လည်း ဤ ကောင်းကင်ဖွင့်လက်သီးက မဟာတာအိုဆီသို့ ဦးတည်သွားနိုင်ကြောင်း သူ ဝေဝါးဝါး ခံစားသိရှိနေခဲ့ပေသည်။
ပြီးတော့ ဤသည်မှာ အနာဂတ်တွင် လှံသိုင်းပညာကို သင်ယူရန်အတွက် ကြိုတင်လိုအပ်ချက် တစ်ခုမျှသာ ဖြစ်လေ၏။
အခန်း (၃၂၈)
ငါ့ရဲ့ ဒီဆရာက တကယ်တမ်း ဘယ်သူများလဲ။ အနာဂတ်မှာ ငါက ဘယ်လို လှံသိုင်းပညာမျိုးကို သင်ယူရမှာလဲ။
ရှောင်မိုမှာ မတွေးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရသော်လည်း ဆရာဖြစ်သူက မပြောပြသောကြောင့် သူကလည်း ဆက်လက် မမေးမြန်းတော့ချေ။
လက်သီးသိုင်းကွက် တစ်ကျော့ကို ပြသပြီးဆုံးပြီးနောက် ဟွမ်ရှန်က မတ်မတ်ရပ်လိုက်လေ၏။
အခြားသော ကလေးများက ဆရာဟွမ်၏ လက်သီးသိုင်းကွက်များကို အတုခိုးချင်ခဲ့ကြသော်လည်း အခုလေးတင် ကြည့်ထားခဲ့သည်ကိုပင် အားလုံး မေ့သွားကြပြီဖြစ်ကြောင်း တွေ့ရှိလိုက်ကြရပေသည်။ ဆရာဟွမ်က ရှောင်မိုကို ကြည့်ကာ မေးလိုက်လေ၏။ "တစ်ခေါက် ကြည့်ပြီးသွားတော့ မင်း ဘယ်လောက် မှတ်မိလိုက်လဲ။"
"ရှစ်ဆယ် ရာခိုင်နှုန်းလောက်လား။" ရှောင်မိုက ပြန်ဖြေလိုက်ပေသည်။
"ရှစ်ဆယ် ရာခိုင်နှုန်း ဟုတ်လား။" ဟွမ်ရှန်က ရှောင်မို ကြွားလုံးထုတ်နေသည်ဟု ထင်မှတ်ကာ ပြုံးလိုက်လေ၏။ "မင်းဆရာ မြင်အောင် လက်သီးသိုင်းကွက်ကို ပြန်လုပ်ပြစမ်း"
"ဟုတ်ကဲ့" ရှောင်မိုက အခုလေးတင် မြင်တွေ့ထားခဲ့သော မှတ်ဉာဏ်အပေါ် အားကိုး၍ ကောင်းကင်ဖွင့် လက်သီးသိုင်းကွက်ကို တစ်ခေါက် ပြန်လည် ဖော်ထုတ်ပြသလိုက်ပေသည်။
ရှောင်မို၏ လှုပ်ရှားမှုနှင့် ဟန်ပန်တစ်ခုချင်းစီကို ကြည့်ရင်း ဟွမ်ရှန်မှာ လုံးဝ မှင်တက်သွားခဲ့ရလေတော့သည်။
ရှောင်မိုက လက်သီးသိုင်းကွက်၏ အပြင်ပန်းဟန်ပန်ကိုသာ ဖော်ထုတ်နိုင်ခဲ့သော်လည်း ကောင်းကင်ဖွင့် လက်သီးသိုင်းကွက်၏ ဟန်ပန်များတွင် မဟာတာအို၏ အငွေ့အသက်များ ပါဝင်ပတ်သက်နေပြီး ယင်းကို မှတ်မိနိုင်ခြင်း ရှိမရှိ ဆိုသည်က ပါရမီအပေါ်တွင် လုံးဝ မူတည်နေခဲ့ခြင်း ဖြစ်ပေသည်။
ထိုစဉ်က သူ၏ ဆရာဖြစ်သူ သူ့ကို ပြသခဲ့ချိန်တွင် သူက တစ်ဝက်ခန့်ကိုသာ မှတ်မိခဲ့လေ၏။
သို့တိုင်အောင် ဤကလေးကတော့ ရှစ်ဆယ်ရာခိုင်နှုန်းအထိ တကယ်ကြီး မှတ်မိနေခဲ့သည်တဲ့လား။
"ဆရာ... ဒီလိုမျိုးလားဟင်" တစ်ခေါက် ဖော်ထုတ်ပြသပြီးနောက် ရှောင်မိုက မတ်မတ်ရပ်ကာ မေးလိုက်ပေသည်။
လက်သီးသိုင်းကွက်များကို တစ်ခေါက်မျှသာ ဖော်ထုတ်ပြသခဲ့ရသော်လည်း ရှောင်မိုမှာ ချွေးများဖြင့် ရွှဲနစ်နေခဲ့ပြီး ပြင်းထန်စွာ မောဟိုက်နေခဲ့ချေပြီ။
"မဆိုးဘူးလို့ ပြောလို့ရပေမဲ့ မင်းဆရာလောက်တော့ မကောင်းသေးဘူး" ဟွမ်ရှန်က လက်နောက်ပစ်လျက် ခပ်တည်တည်ဖြင့် ပြောလိုက်လေ၏။
"ဒါဆိုရင် ဆရာကကော အဲဒီတုန်းက ဘယ်လောက်တောင် မှတ်မိခဲ့လို့လဲ" သူနှင့် သူ၏ ဆရာကြားရှိ ကွာဟချက်ကို သိရှိလိုသောကြောင့် ရှောင်မိုက သိချင်စိတ်ဖြင့် မေးလိုက်ပေသည်။
"အဟွတ်၊ အဟွတ်၊ အဟွတ်" ဟွမ်ရှန်က ချောင်းအနည်းငယ် ဆိုးလိုက်လေ၏။ "အဲဒီအကြောင်း မပြောကြတာ အကောင်းဆုံးပဲ။ မင်း စိတ်ဓာတ်ကျသွားမှာကို ငါ စိုးရိမ်လို့ပါ"
ထိုသို့ပြောပြီးနောက် ဟွမ်ရှန်က ရှောင်မိုထံသို့ စာအုပ်တစ်အုပ်ကို ပစ်ပေးလိုက်ပေသည်။
"ဒါက ကောင်းကင်ဖွင့် လက်သီးသိုင်းကျမ်းပဲ။ အထဲမှာ သိုင်းဂါထာတွေ ပါဝင်တယ်။ အိမ်ပြန်ပြီး သေချာ မှတ်သားထား။ စာမဖတ်တတ်ရင် မင်းအမေကို သင်ခိုင်း၊ ပြီးရင် အဲဒါကို လက်သီးသိုင်းကွက်တွေထဲမှာ ပေါင်းစပ်နိုင်အောင် ကြိုးစားကြည့်။ နားမလည်တာရှိရင် ငါ့ဆီ လာမေးလို့ရတယ်။ မင်းရဲ့ဆရာက မကြာသေးခင်ကမှ ရှောင်အိမ်တော်ထဲက ကျောက်စရစ်ခြံဝင်းကို ပြောင်းလာခဲ့တာ"
"ဟုတ်ကဲ့ပါ ဆရာ"
လက်သီးသိုင်းကျမ်းကို ယူဆောင်သွားရင်း သူ တကယ်ကို ကြိုးစားအားထုတ်ရတော့မည်ဟု ရှောင်မိုက ရင်ထဲတွင် တွေးလိုက်မိလေ၏။
အိမ်ပြန်ရောက်ပြီးနောက် ရှောင်မိုက စာဖတ်တတ်သော်လည်း ယခင်က တစ်ခါမျှ စာမသင်ဖူးသေးသကဲ့သို့ နားမလည်ဟန်ဆောင်ကာ သူ၏ မိခင်ကိုသာ သင်ကြားခိုင်းရုံသာ တတ်နိုင်တော့ချေ။
ဤအခွင့်အရေးကို အသုံးချ၍ ကျိုးရူရှီးကလည်း သူမ၏ ကလေးကို စာဖတ်ခြင်းနှင့် စာရေးခြင်းတို့ကို စတင် သင်ကြားပေးခဲ့ပေသည်။
စာဖတ်ခြင်းဖြင့်သာ အခြေခံသဘောတရားများကို နားလည်နိုင်မည်ဖြစ်ပြီး အနာဂတ်တွင် ပြဿနာများနှင့် ကြုံတွေ့ရသောအခါ ဤမျှ လမ်းပျောက်နေတော့မည် မဟုတ်ချေ။
ထို့ကြောင့် ရှောင်မိုက နေ့ခင်းဘက်တွင် သိုင်းပညာကို ကျင့်ကြံခဲ့ပြီး အိမ်ပြန်ရောက်ပြီးနောက် အားလပ်ချိန်များတွင် ကျိုးရူရှီးက သူမ၏ ကလေးကို ကွန်ဖြူးရှပ် ကျမ်းစာများကို သင်ကြားပေးခဲ့လေ၏။
သူမ၏ ကလေးက အလွန် လျင်မြန်စွာ သင်ယူတတ်မြောက်ပြီး မြင်ဖူးသမျှကို မမေ့နိုင်သော မှတ်ဉာဏ်မျိုး ရှိနေကြောင်း ကျိုးရူရှီး ရှာဖွေတွေ့ရှိသွားခဲ့ပေသည်။
မိခင်တစ်ဦးအနေဖြင့် ကျိုးရူရှီးက သူမ၏ ကလေး၏ ပါရမီအတွက် သဘာဝကျကျပင် အလွန် ပျော်ရွှင်နေခဲ့သော်လည်း သူမက အပြင်ပန်းတွင် ထုတ်ဖော်ပြသခဲ့ခြင်း မရှိချေ။
ဆန့်ကျင်ဘက်အနေဖြင့် သူမက မာနမကြီးရန် ရှောင်မိုကို အမြဲတမ်း သတိပေးနေခဲ့လေ၏။
အနာဂတ်တွင် မည်သို့သော အောင်မြင်မှုများ ရရှိသည်ဖြစ်စေ သူက တပည့်တစ်ဦး၏ နှလုံးသားကို အမြဲတမ်း ထိန်းသိမ်းထားရမည်ဖြစ်ပြီး မိမိထက် သာလွန်သောသူများ အမြဲတမ်း ရှိနေကာ ကောင်းကင်အထက်တွင် ကောင်းကင် ရှိနေသေးကြောင်း သိရှိထားရမည် ဖြစ်ပေသည်။
ရှောင်မိုက သဘာဝကျကျပင် သူ၏ မိခင်၏ သွန်သင်ဆုံးမမှုများကို ရင်ထဲတွင် မှတ်သားထားခဲ့လေ၏။
နေ့စဉ်နေ့တိုင်း ရှောင်မိုက သိုင်းပညာနှင့် စာပေများကို ကြိုးကြိုးစားစား ကျင့်ကြံလေ့လာခဲ့ပြီး သိုင်းကျမ်းထဲရှိ လှုပ်ရှားမှုနှင့် ဟန်ပန်တစ်ခုချင်းစီအလိုက် သူ၏ လက်သီးသိုင်းကွက်များကို စတင် ပြင်ဆင်လာခဲ့ပေသည်။
သူ နားမလည်သောအရာများနှင့် ကြုံတွေ့ရတိုင်း ရှောင်မိုက သူ၏ ဆရာကို ရှာဖွေရန် ကျောက်စရစ်ခြံဝင်းဆီသို့ တိုက်ရိုက် သွားရောက်လေ့ရှိလေ၏။
ဆရာနှင့် တပည့် နှစ်ဦးက တစ်ခါတစ်ရံတွင် တစ်ညလုံး ကျင့်ကြံလေ့ရှိကြပေသည်။
နောက်ထပ် တစ်နှစ် ကုန်လွန်သွားခဲ့ပြီး ရှောင်မိုက အသက်ငါးနှစ်ခွဲအရွယ်သို့ ရောက်ရှိလာခဲ့ချေပြီ။
ထိုနေ့ ညနေခင်းတွင် ရှောင်မိုက ခြံဝင်းထဲ၌ ကောင်းကင်ဖွင့်လက်သီးသိုင်းကွက်ကို တစ်ယောက်တည်း ကျင့်ကြံနေခဲ့လေ၏။
ကျင့်ကြံနေစဉ် ရှောင်မိုက တဖြည်းဖြည်းနှင့် သူ့ကိုယ်သူ မေ့လျော့သွားကာ တာအိုအတွင်း ဝင်ရောက်ခြင်း အခြေအနေတစ်ခုဆီသို့ ဝင်ရောက်သွားခဲ့ပေသည်။
ခြံဝင်းထဲတွင် ကျိုးရူရှီးက သူမ၏ မိုအာ၏ ချောမွေ့နေသော လက်သီးသိုင်းကွက်များကို ကြည့်ရင်း ခဏမျှ မှင်တက်နေမိလေ၏။
"သခင်မလေး... သခင်လေးက..." ချွေ့ချွေ့က ရှောင်မိုကို စိုးရိမ်တကြီးဖြင့် ကြည့်လိုက်ပေသည်။
ကျိုးရူရှီးက သူမ၏ လက်သေးသေးလေးများကို ယှက်ထားလိုက်ပြီး စိုးရိမ်တကြီးဖြင့် ပြောလိုက်လေ၏။ "မိုအာ... သူ အဲဒီအဆင့်ကို လှမ်းတက်နေတာ ဖြစ်ရမယ်..."
ရှောင်မို၏ လက်သီးသိုင်းကွက်များက ပို၍ပို၍ မြန်ဆန်လာခဲ့ပြီး နောက်ဆုံးတွင် မိုးကြိုးပစ်သံများပင် ထွက်ပေါ်လာခဲ့လေတော့သည်။
"ဝုန်း"
ရှောင်မိုက သူ၏ နောက်ဆုံး လက်သီးချက်ကို ထုတ်လွှတ်လိုက်သည်နှင့်အမျှ သူနှင့် သုံးကျန်အကွာရှိ ရေစည်ကြီးတစ်ခုက သူ၏ လက်သီးအရှိန်အဝါကြောင့် ကြေမွသွားခဲ့လေတော့သည်။
ရှောင်မိုက သူ၏ လက်သီးဟန်ပန်ကို ရုပ်သိမ်းလိုက်ပြီး သူ၏ ခန္ဓာကိုယ်အတွင်း လှည့်ပတ်စီးဆင်းနေသော ဝိညာဉ်စွမ်းအင်များကို ခံစားလိုက်ရကာ အလွန်တရာ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားခဲ့ပေသည်။
သူက ကျင့်ကြံခြင်း လမ်းကြောင်းပေါ်သို့ တကယ်ပင် လှမ်းတက်သွားခဲ့ပြီ ဖြစ်ပြီး တစ်ဟုန်ထိုးဖြင့် သာမန်လူသားဘဝမှနေ၍ ချီစုစည်းမှုအဆင့် ခြောက်လွှာအထိ ကျင့်ကြံနိုင်ခဲ့ချေပြီ။
ကျောက်စရစ်ခြံဝင်းထဲတွင် ဟွမ်ရှန်က ရှောင်မိုရှိရာ လမ်းကြောင်းဆီသို့ လှမ်းကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းများ ကွေးတက်သွားကာ ကျေနပ်စွာ ခေါင်းညိတ်လိုက်လေ၏။ "ဒီကောင်လေးက တကယ်ကို ကောင်းတာပဲ။ သူ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကို ရောက်သွားတာနဲ့ ငါ သူ့ကို လှံသိုင်းပညာ သင်ပေးလို့ ရပြီ။"
မသိမသာဖြင့်ပင် နောက်ထပ် နှစ်နှစ်ခွဲ ကုန်လွန်သွားခဲ့လေ၏။
ရှောင်မိုက အသက်ရှစ်နှစ်အရွယ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ပေသည်။
ဤအချိန်တွင် ရှောင်မိုက အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်နှင့် ခြေတစ်လှမ်းသာ ကွာဝေးတော့လေ၏။
အမှန်တကယ်တော့ အကယ်၍ ရှောင်မိုသာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိချင်ပါက သူက အဆင့်ကို ထိုးဖောက်ကျော်ဖြတ်ရန် ယခုပင် ကြိုးစားနိုင်နေပြီ ဖြစ်ပေသည်။
သို့သော် ဟွမ်ရှန်က သူ၏ အဆင့်ကို ဆက်လက် ဖိနှိပ်ထားရန်နှင့် ဆက်လက် သန့်စင်နေရန် ရှောင်မိုကို ညွှန်ကြားခဲ့လေ၏။
သူ၏ ဆရာဖြစ်သူက သူ့ကို ခိုင်မာသော အခြေခံအုတ်မြစ်တစ်ခု တည်ဆောက်စေချင်ကြောင်း ရှောင်မို သိရှိထားသောကြောင့် သူ ညွှန်ကြားသည့်အတိုင်းသာ လိုက်လုပ်ခဲ့ပေသည်။
ရှောင်မိုက ချီစုစည်းမှုအဆင့်၏ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိနေချိန်တွင် လေ့ကျင့်ရေးကွင်းရှိ အခြားသော ကလေးငယ်များမှာ အမြင့်ဆုံးအဆင့်အနေဖြင့် ချီစုစည်းမှုအဆင့် သုံးလွှာတွင်သာ ရှိနေကြပြီး အနိမ့်ဆုံးသူများကလည်း ချီစုစည်းမှုအဆင့် နှစ်လွှာသို့ ဝင်ရောက်လာခဲ့ကြလေ၏။
တကယ်တမ်းတွင် ရှောင်မိုနှင့် ခေတ်ပြိုင် ရှောင်မိသားစုမှ တပည့်များ၏ ပါရမီက မဆိုးလှချေ။ ဤမျှ ငယ်ရွယ်သော အသက်အရွယ်ဖြင့် ကျင့်ကြံခြင်း လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနိုင်ခြင်းက သက်သေပင် ဖြစ်လေ၏။
သို့သော် ရှောင်မိုနှင့် နှိုင်းယှဉ်လိုက်လျှင်တော့ သူတို့က တကယ်ကို ယှဉ်နိုင်စွမ်း မရှိကြပေ။
ရှောင်မို အသက်ရှစ်နှစ်ပြည့်ပြီးနောက် ဒုတိယမြောက်လတွင် ချင်တိုင်းပြည်၏ ဧကရာဇ်နန်းတော်မှ မိန်းမစိုးတစ်ဦး ရောက်ရှိလာခဲ့ပေသည်။ သူက ရှောင်အိမ်တော်ထဲသို့ ဝင်ရောက်လာပြီး ကျောက်စရစ်ခြံဝင်းဆီသို့ လျှောက်လှမ်းသွားခဲ့လေ၏။
"စီနီယာဟွမ်ကို အရိုအသေပေးပါတယ်။"
ချင်တိုင်းပြည်ရဲ့ဘုရင်၏ ကိုယ်ပိုင် မိန်းမစိုးဖြစ်သူ မိန်းမစိုးလီက ဟွမ်ရှန်ကို ဦးညွှတ်အရိုအသေပေးလိုက်လေ၏။
ခြံဝင်းထဲတွင် မျက်လုံးမှိတ်ကာ အနားယူနေသော ဟွမ်ရှန်က မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး သူ၏အရှေ့ရှိ မိန်းမစိုးကို ကြည့်ကာ ဖြည်းညှင်းစွာ မေးလိုက်ပေသည်။ "မိန်းမစိုးလီက ဘာကိစ္စများ ရှိလို့လဲဆိုတာ မေးလို့ရမလား"
"စီနီယာဟွမ်ကို ပြန်လည်ဖြေကြားရမယ်ဆိုရင် ချင်တိုင်းပြည်ရဲ့ အမဲလိုက်ပွဲတော်က စတင်တော့မှာပါ။ အရှင်မင်းကြီးက စီနီယာဟွမ် အားလပ်ချိန် ရှိမရှိ မေးမြန်းချင်နေပြီး စီနီယာဟွမ်ကို ပါဝင်ဆင်နွှဲဖို့ ဖိတ်ခေါ်ချင်နေပါတယ်" ဟု မိန်းမစိုးလီက ရိုသေစွာ လျှောက်တင်လိုက်လေ၏။
"အမဲလိုက်ပွဲတော် ဟုတ်လား" ဟွမ်ရှန်က ခဏမျှ စဉ်းစားလိုက်ပေသည်။ "ဒီအဘိုးကြီးက စိတ်မဝင်စားလို့ မသွားတော့ပါဘူး"
မိန်းမစိုးလီ၏ အမူအရာက အနေရခက်သွားပြီး သူ့ကို ဆက်လက် ဖျောင်းဖျရန် ကြိုးစားချင်နေသေး၏။
သို့သော် ဟွမ်ရှန်က အရင် စကားစလိုက်လေ၏။ "ဒါပေမဲ့ မင်းတို့ ချင်တိုင်းပြည်ရဲ့ အမဲလိုက်ပွဲတော်တိုင်းမှာ မင်းသားတွေနဲ့ မင်းသမီးတွေက ပါဝင်လေ့ရှိပြီး သက်တော်စောင့်တွေ လိုအပ်တယ်လို့ ငါကြားတယ်။ ဟုတ်သလာ"
"အာ... ဟုတ်ပါတယ်။" မိန်းမစိုးလီက ခေါင်းညိတ်လိုက်ပေသည်။
"ငါ တပည့်တစ်ယောက် လက်ခံထားတယ်။ သူ့ကို ပါဝင်ခိုင်းလိုက်ပါ။ ဒီအဘိုးကြီးရဲ့ မျက်နှာကို ထောက်ထားနေစရာ မလိုပါဘူး။ သူ့ကို သက်တော်စောင့် တစ်ယောက်အဖြစ်ပဲ နေခိုင်းလိုက်ပါ။" ဟွမ်ရှန်က မိန်းမစိုးလီကို ကြည့်ကာ ခပ်ဖျော့ဖျော့ လေသံဖြင့် မေးလိုက်လေ၏။ "အဲဒါ အဆင်ပြေရဲ့လား"
" အဆင်ပြေတာပေါ့" မိန်းမစိုးလီက လျင်မြန်စွာ ခေါင်းညိတ်လိုက်ပေသည်။ "ဒါပေမဲ့ စီနီယာဟွမ်ရဲ့ တပည့်က ဘယ်မှာများပါလဲ။ ဒီအစေခံအိုကြီး အခုပဲ သွားပြီး ဖိတ်ခေါ်လိုက်ပါ့မယ်"
"သူက ရှောင်အိမ်တော်ထဲမှာပဲ ရှိတယ်။ ပဉ္စမသခင်မလေး ကျိုးရူရှီးရဲ့သားပဲ၊ နာမည်က ရှောင်မို”