← Chapters

အခန်း (၃၂၉-၃၃၀)

Vol. 33 Ch. 329-330

အခန်း (၃၂၉-၃၃၀)

Vol. 33 Ch. 329-330

အခန်း (၃၂၉)

"ဝုန်း"

ခြံဝင်းထဲတွင် အသက်ရှစ်နှစ်အရွယ် ကောင်လေးတစ်ယောက်က လက်သီးသိုင်းကွက်များကို လေ့ကျင့်နေခဲ့လေ၏။

သူ ထုတ်လွှတ်လိုက်သော လက်သီးချက်တိုင်းက မိုးကြိုးပစ်သံများအလား ပဲ့တင်ထပ်နေခဲ့ပေသည်။

သူ၏ ခြေလှမ်းများက တည်ငြိမ်ပြီး အားကောင်းကာ သူ၏ လက်သီးသိုင်းကွက်များက ကျယ်ပြန့်ပြီး ချောမွေ့နေကာ တိမ်တိုက်များနှင့် ရေစီးကြောင်းများကဲ့သို့ စီးဆင်းနေပြီး ကြည့်ကောင်းသော အလှတရားတစ်ခုကိုပင် ပေးစွမ်းနေလေ၏။

ကျိုးရူရှီးက ခြံဝင်းထဲတွင် ထိုင်ကာ သူမ၏ ကလေးအတွက် အဝတ်အစားများ ချုပ်လုပ်ပေးနေပြီး တစ်ခါတစ်ရံတွင် ခေါင်းမော့ကာ သူမ၏ မိုအာ လက်သီးသိုင်းကွက်များ လေ့ကျင့်နေသည်ကို ငေးကြည့်နေလေ့ရှိပေသည်။

ငယ်ရွယ်သော မိခင်က လွန်ခဲ့သော ရှစ်နှစ်ခန့်က သူမ၏ ကလေး မွေးခါစအချိန်ကို ပြန်လည် တွေးတောမိသွားပြီး သူမ၏ ရင်ခွင်ထဲတွင် ထွေးပိုက်ထားရသော ကလေးငယ်လေးမှာ အလွန် သေးငယ်လွန်းလှပေသည်။

သို့သော် မနေ့က သူမ အရပ်တိုင်းပေးသောအခါ မိုအာ၏ အရပ်က လေးပေနှင့် နှစ်လက်မပင် ရှိနေခဲ့ချေပြီ။

မသိမသာဖြင့်ပင် မိုအာက ယောက်ျားလေးတစ်ယောက် ဖြစ်လာခဲ့လေ၏။

အနီးတွင် ရပ်နေသော ချွေ့ချွေ့မှာလည်း သူမ၏ သခင်လေး လက်သီးသိုင်းကွက် လေ့ကျင့်နေသည်ကို စိတ်ဝင်တစား ကြည့်ရှုနေခဲ့ပေသည်။

သခင်လေး ကြီးလာတဲ့အခါကျရင် အရမ်း အရပ်ရှည်ပြီး ချောမောလာမှာပဲ၊ ပြီးတော့ မိန်းကလေးတွေ အများကြီး သူ့ကို သဘောကျကြမှာ သေချာတယ် ဟု ချွေ့ချွေ့က တွေးလိုက်မိလေ၏။

"ပဉ္စမသခင်မလေး ရှိပါသလား"

ရှောင်မိုက ကောင်းကင်ဖွင့်လက်သီးသိုင်းကွက် တစ်ကျော့ကို လေ့ကျင့်ပြီးသွားချိန်မှာပင် ခြံဝင်းအပြင်ဘက်မှ သေးသွယ်စူးရှသော အသံတစ်သံ ထွက်ပေါ်လာခဲ့ပေသည်။

ကျိုးရူရှီးက ခြံဝင်းအပြင်ဘက်သို့ လှမ်းကြည့်လိုက်ပြီး ထိုအသံမှာ ချင်တိုင်းပြည်ရဲ့ဘုရင်၏ ကိုယ်ပိုင် မိန်းမစိုး၏ အသံဖြစ်ကြောင်း လျင်မြန်စွာ မှတ်မိသွားခဲ့လေ၏။ သူမက ချင်တိုင်းပြည်ရဲ့ဘုရင်ကို အရိုအသေပေးရန် သွားရောက်ခဲ့စဉ်က သူ့ကို တစ်ကြိမ် မြင်တွေ့ဖူးခဲ့ခြင်း ဖြစ်ပေသည်။

ကျိုးရူရှီးက မတ်တတ်ရပ်ကာ ရှေ့သို့ လျှောက်သွားပြီး အနည်းငယ် ဦးညွှတ်လိုက်လေ၏။ "ဒီကိုယ်လုပ်တော် ရှိပါတယ်"

"ဒီအစေခံအိုကြီးက ပဉ္စမသခင်မလေးကို အရိုအသေပေးပါတယ်။ ရုတ်တရက် လာလည်ရတဲ့အတွက် အနှောင့်အယှက် ဖြစ်သွားရရင် ပဉ္စမသခင်မလေးက ခွင့်လွှတ်ပေးပါ" မိန်းမစိုးလီက ရိုသေစွာ ဦးညွှတ်လိုက်ပေသည်။

"မိန်းမစိုးကြီးက ဘာတွေ ပြောနေတာလဲ" ကျိုးရူရှီးက ခါးပြန်မတ်လိုက်လေ၏။ "မိန်းမစိုးကြီးမှာ အရေးကြီး ကိစ္စများ ရှိလို့လားဆိုတာ မေးလို့ရမလား"

"ထွေထွေထူးထူးတော့ မရှိပါဘူး" မိန်းမစိုးလီက ပြုံးလိုက်ပြီး အနီးတွင် ရပ်နေသော လူငယ်လေးကို ကြည့်လိုက်ပေသည်။ "ဒါက တတိယသခင်လေး ရှောင်မို ဖြစ်ရမယ် မဟုတ်လား။ သူက တကယ်ကို ပါရမီရှင်တစ်ယောက်ပဲ။ အရင်တုန်းက မင်းသားကြီးရဲ့ အရှိန်အဝါမျိုး ရှိနေတာပဲ"

"မိန်းမစိုးကြီးက မြှောက်ပြောလွန်းနေပါပြီ" တစ်ဖက်လူက သူ့အတွက် ရောက်လာခြင်းဖြစ်ကြောင်း ခံစားမိသွားသောကြောင့် ရှောင်မိုက ရှေ့သို့တက်ကာ လက်ယှက်လိုက်လေ၏။

သို့သော် မေးစရာရှိသည်က နန်းတော်ထဲမှ လူတစ်ယောက်က သူ့လို အဆင့်အတန်းမရှိသူ တစ်ယောက်ကို ဘာကိစ္စ လာရှာရသနည်း ဆိုသည်ပင်။

"ဒီလိုပါ..."

မိန်းမစိုးလီက စတင် ပြောဆိုလိုက်လေ၏။

"အမဲလိုက်ပွဲတော်ကို နန်းတော်ထဲမှာ မကြာခင် ကျင်းပတော့မှာပါ။ မင်းသားတွေရော၊ မင်းသမီးတွေရော အားလုံး ပါဝင်ဆင်နွှဲကြမှာပါ။ ရှောင်အိမ်တော်မှာ တတိယသခင်လေး တစ်ယောက် ရှိတယ်လို့ ဒီအစေခံ ကြားတယ်။ ပြီးတော့ သူက ငယ်ငယ်ရွယ်ရွယ်နဲ့ လက်သီးသိုင်းကွက်တွေမှာ ကျွမ်းကျင်တယ်လို့လည်း ကြားတယ်။ ပြီးတော့ သူက မင်းသားတွေ၊ မင်းသမီးတွေနဲ့လည်း အသက်အရွယ် တူညီနေတယ်"

"အဲဒါကြောင့် နန်းတော်က တတိယသခင်လေးကို သက်တော်စောင့်တစ်ယောက်အနေနဲ့ ခန့်အပ်ဖို့ စဉ်းစားလိုက်တာပါ။ သခင်မလေးကျိုးနဲ့ တတိယသခင်လေးတို့က သဘောတူနိုင်မလားဆိုတာ မေးကြည့်ချင်လို့ပါ"

ကျိုးရူရှီးက သူမ၏ သားကို တစ်ချက်ကြည့်လိုက်ပြီး သူမ၏ အမူအရာက အနည်းငယ် အခက်တွေ့နေပုံ ရလေ၏။

သူမက သူမ၏ ကလေးကို ထိုနန်းတွင်း ဆွေမျိုးများအသိုင်းအဝိုင်းနှင့် မဆက်ဆံစေချင်ခဲ့ချေ။ ထိုသို့မဟုတ်ပါက တစ်စုံတစ်ရာ မှားယွင်းသွားလျှင် မိုအာက ကြီးမားသော အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်ပေသည်။

သို့သော် နန်းတော်က တောင်းဆိုလာခြင်းဖြစ်ရာ သူမက မည်သို့ ငြင်းဆန်နိုင်မည်နည်း။

ကျိုးရူရှီးက ဆင်ခြေတစ်ခု စဉ်းစားနေစဉ်မှာပင် ရှောင်မိုက ရှေ့သို့ တက်သွားနှင့်ပြီး ဖြစ်လေ၏။ "မိုအာက သဘာဝကျကျပဲ သဘောတူပါတယ်။ မိုအာက ဘယ်တော့ ထွက်ခွာရမလဲဆိုတာ မေးလို့ရမလား။"

"နောက် သုံးရက်ကြာရင် တတိယသခင်လေးကို လာကြိုဖို့ ဒီအစေခံ လူလွှတ်လိုက်ပါ့မယ်" မိန်းမစိုးလီက ပြုံးလိုက်ပြီးနောက် သခင်မလေးကျိုးကို ကြည့်လိုက်ပေသည်။ "သခင်မလေး... ဘာပြဿနာမှ မရှိဘူး မဟုတ်လား"

ကျိုးရူရှီးက သူမ၏ ကလေးကို ကြည့်လိုက်လေ၏။

ရှောင်မိုက ပြုံးလျက် ပြောလိုက်ပေသည်။ "မေမေ... ရပါတယ်။ သက်တော်စောင့် လုပ်ပေးရုံလေးပဲ မဟုတ်လား။ သား သွားပြီး မြန်မြန် ပြန်လာခဲ့ပါ့မယ်"

"ဒါဆိုရင် မိန်းမစိုးကြီးကို အကူအညီ တောင်းရတော့မှာပဲ။ ကျွန်မရဲ့ သားက သိပ်ပြီး နားလည်တာ မဟုတ်ဘူး၊ နေ့စဉ်နေ့တိုင်း သူရဲ့ လက်သီးသိုင်းကွက်တွေကိုပဲ ကျင့်နေတတ်တာပါ။ မိန်းမစိုးကြီးက သူ့အပေါ် သက်ညှာပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်"

ကျိုးရူရှီးက ထပ်မံ ဦးညွှတ်လိုက်ပြီး ချွေ့ချွေ့ကို အိမ်ထဲမှ ငွေအချို့ ယူလာစေကာ မိန်းမစိုးလီကို တိတ်တဆိတ် ပေးအပ်ရန် ရည်ရွယ်လိုက်ပေသည်။

"သခင်မလေး... စိတ်မပူပါနဲ့၊ ဘာမှမဖြစ်ပါဘူး။ ဒီအစေခံ ကူညီနိုင်တဲ့ နေရာမှာ သေချာပေါက် ကူညီပေးပါ့မယ်" မိန်းမစိုးလီက ငွေကို တိတ်တဆိတ် လက်ခံလိုက်လေ၏။

"ကျေးဇူးတင်ပါတယ် မိန်းမစိုးကြီ"

"သခင်မလေးက အရမ်း ယဉ်ကျေးလွန်းနေပါပြီ။ ဒါဆိုရင် ဒီအစေခံ ပြန်ပြီး သတင်းပို့လိုက်ပါ့မယ်။"

"မိန်းမစိုးကြီး... ဂရုစိုက် ပြန်ပါရှင်။"

မိန်းမစိုးလီကို ပြန်လွှတ်ပြီးနောက် ကျိုးရူရှီးက သူမ၏ ကလေးအနီးသို့ လျင်မြန်စွာ လျှောက်သွားပြီး စိုးရိမ်တကြီး ပြောလိုက်လေ၏။ "မိုအာ... သား ဒီလောက် စောစော သဘောမတူသင့်ဘူး။ ချင်တိုင်းပြည်ရဲ့ အမဲလိုက်ပွဲတော်မှာ နန်းတွင်း ဆွေမျိုးတွေ အများကြီး ပါဝင်ကြမှာ၊ ပြီးတော့ ချင်တိုင်းပြည်ရဲ့ဘုရင်လည်း ရှိနေမှာလေ။ ဧကရာဇ်တစ်ပါးနဲ့ အတူရှိနေတာက ကျားတစ်ကောင်နဲ့ အတူရှိနေတာနဲ့ တူတယ် ဆိုတဲ့ စကားရှိတယ်။ တကယ်လို့ သား တစ်ခုခု ဖြစ်သွားရင်... "

"မေမေ... ရပါတယ်" ရှောင်မိုက သူမကို နှစ်သိမ့်ပေးလိုက်လေ၏။ "သားက သက်တော်စောင့် တစ်ယောက်ပဲလေ။ ပြီးတော့ သားက အသက်ရှစ်နှစ်ပဲ ရှိသေးတာ။ တစ်ခုခု မှားယွင်းသွားရင်တောင်မှ အရှင်မင်းကြီးက သားလို ကလေးတစ်ယောက်ကို တကယ်ကြီး အပြစ်ရှာနိုင်ပါ့မလား"

သူမ၏ ကလေးပြောသည်မှာ တကယ်ပင် မှန်ကန်သည်ဟု ကျိုးရူရှီး ခံစားလိုက်ရပေသည်။

သို့သော် ဤစကားများက သူမ၏ ကလေးပါးစပ်မှ ထွက်လာသောအခါ ဘာကြောင့် အနည်းငယ် ထူးဆန်းနေသကဲ့သို့ ခံစားရပါသနည်း။

"ဟုတ်တယ် သခင်မလေး၊ ရပါတယ်။ သခင်မလေးက အလွန်အမင်း စိတ်ပူနေတယ်လို့ ဒီအစေခံလည်း ထင်ပါတယ်" ချွေ့ချွေ့က ရှေ့သို့တက်ကာ ပြောလိုက်လေ၏။ "တတိယသခင်လေးက ငယ်သေးပေမဲ့ အကဲဖြတ်နိုင်စွမ်း ကောင်းပါတယ်။ ပြီးတော့ သခင်မလေး... ဒါက အခွင့်အရေးကောင်း တစ်ခုပါ။ တကယ်လို့ ဒီတစ်ခေါက် တတိယသခင်လေးက အရှင်မင်းကြီးရဲ့ မျက်နှာသာပေးမှုကို ရသွားရင်ကော"

"ဟုတ်တယ် မေမေ။ တကယ်လို့ အရှင်မင်းကြီးက သား သက်တော်စောင့် ကောင်းကောင်း လုပ်နိုင်တာကို မြင်ပြီး သားကို ရာထူးကြီးကြီး ပေးလိုက်ရင်ကော" ရှောင်မိုက နောက်ပြောင်သော လေသံဖြင့် ပြောလိုက်ပြီး သူ၏ မိခင်ကို စိတ်အေးစေရန် ကြိုးစားလိုက်ပေသည်။

"မိုအာ... မေမေက သားကို အရာရှိကြီး တစ်ယောက် မဖြစ်စေချင်ပါဘူး။ မိုအာ ဘေးကင်းကျန်းမာနေရင်ပဲ လုံလောက်ပါပြီ"

ကျိုးရူရှီးက ခေါင်းခါလိုက်သော်လည်း ယခုအချိန်တွင် ငြင်းဆန်ရန် နောက်ကျသွားပြီဖြစ်ကြောင်း သူမ သိရှိထားသောကြောင့် သူ့ကို အလေးအနက်သာ မှာကြားရုံ တတ်နိုင်တော့၏။ "မိုအာ... သား မှတ်ထားရမယ်၊ အရှင်မင်းကြီးကို တွေ့ရင် သားရဲ့ စကားတွေ၊ အပြုအမူတွေကို သတိထားရမယ်။အကောင်းမြင်အောင် မကြိုးစားနဲ့၊ အပြစ်မဖြစ်ဖို့ပဲ ကြိုးစား။ ဒီရက်ပိုင်းအတွင်း မေမေ သားကို နန်းတွင်း ဓလေ့ထုံးတမ်းတချို့ သင်ပေးမယ်။ သား သေချာ သင်ယူရမယ်နော်၊ ကြားလား"

"ကြားပါတယ် မေမေ"

ရှောင်မိုက အလေးအနက် ခေါင်းညိတ်လိုက်လေ၏။

အချိန်သိပ်မကြာလိုက်ခင်မှာပင် သုံးရက် ကုန်လွန်သွားခဲ့ပေသည်။ စတုတ္ထမြောက်နေ့ နံနက်စောစောတွင် နန်းတော်ထဲမှ နန်းတွင်းအစေခံမ အချို့က ရှောင်အိမ်တော်သို့ တစ်ဖန် ရောက်ရှိလာပြီး ရှောင်မိုကို ရထားလုံးပေါ်သို့ ခေါ်ဆောင်ကာ မြို့ပြင်ရှိ တော်ဝင်အမဲလိုက်တောအုပ်ဆီသို့ ဦးတည်သွားခဲ့ကြလေ၏။

ကျိုးရူရှီးက လမ်းမ၏ အဆုံးတွင် မိုအာ ပျောက်ကွယ်သွားသည်ကို ငေးကြည့်နေခဲ့ပြီး သူမ၏ အကြည့်က အချိန်အကြာကြီး ရုပ်သိမ်းမသွားခဲ့ချေ။

ဘာကြောင့်မှန်းမသိ သူမက အလွန် စိတ်မအေးဖြစ်နေပြီး ဤအမဲလိုက်ပွဲတော်တွင် တစ်စုံတစ်ရာ ဖြစ်ပျက်လာမည်ဟု ခံစားနေရပေသည်။

"မင်းသမီး... မင်းသမီး... အချိန်ကျပြီ၊ ထသင့်ပြီနော်"

"မင်းသမီး"

တစ်ချိန်တည်းမှာပင် ချင်ဧကရာဇ်နန်းတော်အတွင်း၌...

နန်းတွင်းအစေခံမလေးတစ်ဦးက မိန်းကလေးငယ်၏ ခုတင်ဘေးသို့ ကိုင်းညွှတ်ကာ ညင်သာစွာ ခေါ်ဆိုနေခဲ့လေ၏။

အချိန်သိပ်မကြာလိုက်ခင်မှာပင် မိန်းကလေးငယ်က မျက်လုံးများကို မူးဝေဝေဖြင့် ဖွင့်လိုက်ပြီး သမ်းဝေလိုက်ပေသည်။

"မင်းသမီး... ဒီနေ့က အမဲလိုက်ပွဲတော်နေ့လေ။ ကျွန်မတို့ တော်ဝင်အမဲလိုက်တောအုပ်ဆီကို သွားဖို့ ပြင်ဆင်နေကြပြီ" နန်းတွင်းအစေခံမလေးက ညင်သာစွာ ပြောလိုက်လေ၏။ "တကယ်လို့ မင်းသမီး နောက်ကျသွားရင် မိဖုရားကြီးရှီ ဒေါသထွက်လိမ့်မယ်"

"အင်းပါ... သိပါပြီ"

မိန်းကလေးငယ်က သူမ၏ မျက်လုံးများကို ပွတ်သပ်လိုက်ပြီး ခုတင်ပေါ်မှ ရုန်းထွက်ကာ အလှပြင်စားပွဲအရှေ့တွင် ထိုင်လိုက်ပေသည်။

နန်းတွင်းအစေခံမလေး အချို့က သူမကို အဝတ်အစားများ လဲလှယ်ပေးပြီး အလှဆင်ပေးနေစဉ် မိန်းကလေးငယ်က သူမ၏ ခေါင်းကို ဟိုဘက်ဒီဘက် ယိမ်းနွဲ့နေခဲ့လေ၏။

အချိန်သိပ်မကြာလိုက်ခင်မှာပင် မိန်းကလေးငယ်က သပ်ရပ်သန့်ရှင်းသော အမဲလိုက်ဝတ်စုံကို လဲလှယ်ဝတ်ဆင်ပြီးသွားခဲ့ပေသည်။

"မင်းသမီးက တကယ်ကို လှတာပဲ။ ဘာပဲဝတ်ဝတ် လှနေတာပဲ"

နန်းတွင်းအစေခံမလေးများက သူတို့အရှေ့ရှိ မိန်းကလေးငယ်ကို ကြည့်ကာ ရင်ထဲမှ လှိုက်လှဲစွာ ချီးကျူးလိုက်ကြလေ၏။

မင်းသမီးက ငယ်ရွယ်သေးသော်လည်း သူမက အလှပန်းလေး တစ်ပွင့်ဖြစ်လာမည့် အရိပ်အယောင်များ ပြသနေပြီ ဖြစ်ပေသည်။

ပုံမှန်အားဖြင့် မင်းသမီးက နန်းတွင်းဝတ်ရုံများကို ဝတ်ဆင်ထားသောအခါ သူမက ကြည်လင်ပြီး ချစ်စရာကောင်းနေလေ့ရှိလေ၏။

ယခုအခါ ရိုင်းစိုင်းသော အငွေ့အသက်နှင့် သူရဲကောင်းဆန်သော အငွေ့အသက်များ ရောယှက်နေသည့် ဤအမဲလိုက်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ ဆံကေသာများကို မြင်းမြီးပုံစံ အမြင့်ကြီး စည်းနှောင်ထားသောအခါ မင်းသမီး၌ ဧကရာဇ်မျိုးနွယ်၏ မွန်မြတ်သော အရှိန်အဝါများ ပါဝင်နေရုံသာမက အမျိုးသမီး သူရဲကောင်းငယ်လေး တစ်ဦး၏ အငွေ့အသက်များပါ ပါဝင်နေတော့၏။

သူတို့၏ မင်းသမီး၌ နှင်းကဲ့သို့ ဖြူဝင်းပြီး နူးညံ့ကာ အပြစ်အနာအဆာကင်းသော အသားအရည်၊ စပျစ်သီးများကဲ့သို့ တောက်ပနေသော မျက်လုံးပြူးပြူးကြီးများ တစ်စုံနှင့် အပေါ်သို့ ကော့တက်နေသော နှာခေါင်းလုံးလုံးလေးတို့ ရှိနေပြီး မိဖုရားကြီး၏ အလှတရားများကို ပြီးပြည့်စုံစွာ အမွေဆက်ခံထားသည်ကိုပင် ထည့်ပြောစရာ မလိုတော့ချေ။

မိဖုရားကြီးက လောကတွင် အလှဆုံး အမျိုးသမီးအဖြစ် လူသိများနေပြီး သူမ၏ ဂုဏ်သတင်းက နိုင်ငံကြီး ခုနစ်နိုင်ငံနှင့် နိုင်ငံငယ် ဆယ့်ငါးနိုင်ငံ အနှံ့သို့ ကျော်ကြားနေခဲ့ပေသည်။

နောက်ထပ် နှစ်အနည်းငယ် ကြာသောအခါ မင်းသမီးက သူမ၏ မိခင်၏ ဂုဏ်ပုဒ်ကို အမွေဆက်ခံရရှိသွားမည်မှာ သေချာလှပေသည်။

"တော်တော်လေး လှတာပဲ။"

ငိုက်မျဉ်းနေသော မိန်းကလေးငယ်က ငွေကြေးမုံပြင်ထဲမှ သူမ၏ လှပသော ပုံရိပ်ကို မြင်တွေ့လိုက်ရသောအခါ ချက်ချင်းပင် လန်းဆန်းတက်ကြွသွားပြီး မှန်ရှေ့တွင် နှစ်ကြိမ်ခန့် လှည့်ပတ်ကြည့်ရှုလိုက်လေ၏။

"သွားရအောင်၊ ခမည်းတော်ကို သွားပြရအောင်"

ထိုသို့ပြောပြီးနောက် မိန်းကလေးငယ်က ခမည်းတော်၏ ချီးကျူးစကားကို မျှော်လင့်ကာ အိပ်ဆောင်ထဲမှ ပျော်ရွှင်စွာ ပြေးထွက်သွားခဲ့ပေသည်။

"မင်းသမီး... ကျွန်မတို့ကိုလည်း စောင့်ပါဦး..."

နန်းတွင်းအစေခံမလေး အချို့က အလျင်အမြန် လိုက်ပါသွားကြလေ၏။

သို့သော် မိန်းကလေးငယ် အိပ်ဆောင်ထဲမှ ပြေးထွက်လာသည်နှင့် သူမ၏ ခမည်းတော်က အပြင်ဘက်တွင် စောင့်ဆိုင်းနေနှင့်ပြီ ဖြစ်ကြောင်း တွေ့လိုက်ရပေသည်။

အရှင်မင်းကြီးကို မြင်သောအခါ နန်းတွင်းအစေခံမလေးများက အလျင်အမြန် ခေါင်းငုံ့ကာ အရိုအသေပေးလိုက်ကြလေတော့သည်။

အခန်း ၃၃၀ - ခမည်းတော်...

"ခမည်းတော်..."

မိန်းကလေးငယ်သည် သူမ၏ လက်နှစ်ဖက်ကို ဆန့်တန်းလျက် အပြေးလေး လာခဲ့လေ၏။

"အို... ငါတို့ရဲ့ မင်းသမီးလေးမုကျိုး နိုးပြီလား"

ချင်တိုင်းပြည်ရဲ့ဘုရင် ချင်ရှန့်ထျန်းက သူ၏သမီးတော်ကို ပွေ့ချီလိုက်ပြီး သူမ၏ ပါးပြင်လေးကို ဖွဖွလေး ဆွဲလိုက်ပေသည်။

ချင်တိုင်းပြည်ရဲ့ဘုရင်၌ မင်းသားနှစ်ပါး ရှိသော်လည်း သမီးတော်မှာ တစ်ဦးတည်းသာ ရှိလေ၏။

ဤတစ်ဦးတည်းသော သမီးတော်လေးအတွက် ချင်တိုင်းပြည်ရဲ့ဘုရင်က အလွန်တရာ အလိုလိုက်ပေသည်။ ငယ်စဉ်ကတည်းက သူမ အလိုရှိသမျှကို ပေးအပ်ခဲ့ပြီး သူ မပေးနိုင်သောအရာများကိုပင် ရအောင် ရှာဖွေပေးတတ်သူ ဖြစ်ပေသည်။

"ခမည်းတော်ကလည်း... လာမှာဆိုရင်လည်း ကြိုမပြောဘူး" ဟု မုကျိုးက နှုတ်ခမ်းဆူကာ ပြောလိုက်လေ၏။

"ငါတို့ မင်းသမီးလေး အိပ်ရေးဝဝ အိပ်နိုင်အောင်လို့ပေါ့" ချင်တိုင်းပြည်ရဲ့ဘုရင်က သူ၏ သမီးတော်ကို ပြန်ချပေးလိုက်ပြီး တိုးတိုးလေး ပြောလိုက်လေသည်။ "မင်းရဲ့ မယ်တော်က မင်းအိပ်တာ ဝါသနာပါမှန်း သိလို့ ငါ့ကို လာနှိုးခိုင်းတာ။ ငါက တမင်တံခါးအပြင်မှာ အချိန်ဆွဲနေပေးတာလေ။ ဒါကို မင်းရဲ့ မယ်တော်ကို ပြန်မပြောရဘူးနော်၊ ကြားလား။"

"စိတ်မပူပါနဲ့ ခမည်းတော်၊ သမီးတော် သေချာပေါက် ပြန်မပြောပါဘူး။"

"အင်း... မုကျိုးက အလိမ္မာဆုံးပဲ" ချင်တိုင်းပြည်ရဲ့ဘုရင်က ပြုံးလျက် ပြောလိုက်လေ၏။ "သွားရအောင်။ မင်းရဲ့ မယ်တော်နဲ့ မင်းရဲ့ အစ်ကိုနှစ်ယောက်က စောင့်နေကြပြီ။ ငါတို့ အခုမှ မထွက်ရင် မင်းရဲ့ မယ်တော် ဆူတာ ခံရတော့မယ်"

"ဟုတ်ကဲ့ပါ ခမည်းတော်"

မုကျိုးက သူမ၏ ခမည်းတော်နောက်မှ လိုက်ကာ တော်ဝင်ရထားလုံးပေါ်သို့ တက်လိုက်လေ၏။

မကြာမီမှာပင် မုကျိုးသည် နန်းတော်၏ အရှေ့ဘက် ခန်းမဆောင်တွင် သူမ၏ မယ်တော်နှင့် မင်းသားများကို မြင်တွေ့လိုက်ရလေ၏

"သမီးတော် မယ်တော်ကို အရိုအသေပေးပါတယ်၊ မယ်တော် ကျန်းမာပါစေရှင်"

မယ်တော်ကို မြင်သည်နှင့် မုကျိုးသည် ချက်ချင်းပင် တည်ကြည်ငြိမ်သက်သွားကာ ရထားလုံးပေါ်မှ ဆင်း၍ ရိုသေစွာ ဦးညွှတ်လိုက်ပေသည်။

မုကျိုး၏ ရင်ထဲတွင် ခမည်းတော်က သူမကို အလိုအလိုက်ဆုံး ဖြစ်သော်လည်း မယ်တော်ကမူ အကြောက်ရဆုံး ဖြစ်လေ၏။

"အင်း" မိဖုရားကြီးရှီက ခေါင်းညိတ်လိုက်လေ၏။ "ထတော့"

"ဟုတ်ကဲ့ပါ မယ်တော်။"

မုကျိုးက မတ်တတ်ရပ်လိုက်ပြီး ဘေးတွင် ကျုံ့ကျုံ့လေး သွားရပ်နေခဲ့ပေသည်။

"တကယ်ပဲ မယ်တော် တစ်ယောက်တည်းပဲ တတိယညီမလေးကို ထိန်းနိုင်တာပဲ" ဟု အသက်တစ်ဆယ့်ခြောက်နှစ်အရွယ် ပထမမင်းသား ချင်ကျင်းစုက ပြုံးလျက် ပြောလိုက်လေ၏။

"ဒါပေါ့" အသက်တစ်ဆယ့်သုံးနှစ်အရွယ် ဒုတိယမင်းသား ချင်ကျင်းယွမ် ကလည်း ပြုံးလျက် ဝင်ပြောလိုက်ပေသည်။ "ပုံမှန်ဆိုရင် တတိယညီမလေးက ဘာကိုမှ မကြောက်တဲ့ မျောက်မလေးလိုပဲ။ မယ်တော်နဲ့ ရှိမှပဲ ဘယ်သူမှ မှတ်မိမှာမဟုတ်တဲ့အထိ အလိမ္မာတုံးလေး ဖြစ်သွားတာ"

သူမ၏ အစ်ကိုကြီးနှစ်ယောက်က နောက်ပြောင်နေသည်ကို ကြားသောအခါ မုကျိုးက နှုတ်ခမ်းဆူလိုက်ပြီး သူမ၏ ခြေထောက်လေးဖြင့် အလိုအလျောက် ကန်ပစ်ချင်သွားခဲ့လေ၏။

သို့သော် မယ်တော်ကို မြင်လိုက်ရသောကြောင့် ခေါင်းကိုသာ ငုံ့ထားလိုက်ပြီး လိမ္မာသော ကလေးငယ်လေးအဖြစ် ဆက်လက် ဟန်ဆောင်နေရုံသာ တတ်နိုင်တော့ချေ။

"တော်ကြတော့၊ မင်းတို့တွေ မုကျိုးကို ဆက်ပြီး နောက်နေမယ်ဆိုရင် ဒီည တစ်ယောက်မှ အိပ်ရမှာ မဟုတ်ဘူး" ဟု ချင်တိုင်းပြည်ရဲ့ဘုရင်က ပြုံးလျက် ပြောလိုက်လေ၏။ "ထွက်ခွာကြရအောင်"

"မှန်လှပါ ခမည်းတော်။"

ချင်ကျင်းစုနှင့် ချင်ကျင်းယွမ်တို့က အရိုအသေပေးလိုက်ပြီး မြင်းပေါ်သို့ တက်ကာ အရှေ့မှ ဦးဆောင် ထွက်ခွာသွားကြလေ၏။

သူမ၏ အစ်ကိုကြီးနှင့် အစ်ကိုလတ်တို့ မြင်းစီးသွားသည်ကို ကြည့်ရင်း မုကျိုး၏ မျက်လုံးလေးများက ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားခဲ့လေ၏။ သူမလည်း မြင်းစီးချင်သော်လည်း ငယ်သေးသည့်အပြင် မယ်တော်ကလည်း ခွင့်ပြုမည်မဟုတ်သောကြောင့် မယ်တော်၏ ဘေးတွင်သာ ငြိမ်ငြိမ်လေး ထိုင်နေရုံ တတ်နိုင်တော့ချေ။

"မုကျိုး... မေမေ ကျက်ခိုင်းထားတဲ့ ကဗျာဆယ်ပုဒ်နဲ့ အလင်္ကာသုံးပုဒ်ကို ဘယ်လောက်အထိ ရပြီလဲ"

ရထားလုံးအတွင်း၌ မိဖုရားကြီးရှီက သူမ၏ သမီးတော်ကို မေးမြန်းလိုက်လေ၏။

"သမီး... သမီး..." မုကျိုးမှာ တုန်ဆိုင်းသွားပြီး သူမ၏ မျက်လုံးများက ဘယ်ညာ ဝေ့ဝဲနေကာ လက်သေးသေးလေးများက သူမ၏ ဂါဝန်စကို တင်းကျပ်စွာ ဆုပ်ကိုင်ထားမိပေသည်။

တကယ့်လက်တွေ့တွင် မုကျိုးသည် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ကစားနေရုံသာ ရှိပြီး ကဗျာတစ်ပုဒ်မျှပင် မကျက်ရသေးချေ။

သူမက ယနေ့ ပြန်ရောက်မှ သေချာ ကျက်မှတ်ရန် စီစဉ်ထားခြင်း ဖြစ်ပေသည်။

သို့သော် မယ်တော်က ယခုပင် စစ်ဆေးလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ချေ။

"အဟွတ်၊ အဟွတ်၊ အဟွတ်"

ချင်တိုင်းပြည်ရဲ့ဘုရင်က သူ၏ သမီးတော်၏ စိုးရိမ်နေသော အမူအရာကို မြင်သောအခါ ချောင်းအနည်းငယ် ဆိုးလိုက်ပြီး ဝင်ပြောလိုက်လေ၏။

"ရှင်းအာ... ဒီနေ့က အမဲလိုက်ပွဲတော်နေ့ပဲလေ၊ အဲဒါတွေကို ခဏလောက် ထားလိုက်ပါဦး။ ဒါက ငါ့အမှားလည်း ပါပါတယ်၊ မုကျိုး စာကျက်နေတာကို မြင်တိုင်း သူ ပင်ပန်းနေမှာစိုးလို့ ငါပဲ သွားကစားခိုင်းလိုက်တာ"

မိဖုရားကြီးရှီက သူမ၏ ခင်ပွန်းကို မျက်စောင်းတစ်ချက် ဒိုင်းကနဲထိုးလိုက်လေ၏။ "အရှင်က သူမကို အဲဒီလောက်တောင် အလိုလိုက်နေလို့ပဲ သူမက ဒီလောက်အထိ ဆိုးနေတာ။ အကယ်၍ အရှင်သာ သူမကို သူမရဲ့ အစ်ကိုနှစ်ယောက်လိုမျိုး စည်းကမ်းတကျ သင်ပေးမယ်ဆိုရင် ကျွန်မက ဘာလို့ ဒီလောက်အထိ လိုက်ကြည့်နေရဦးမှာလဲ"

"ဟားဟားဟား" ချင်တိုင်းပြည်ရဲ့ဘုရင်က မိဖုရားကြီး၏ လက်ကို ဆုပ်ကိုင်လိုက်လေ၏။ "ရှင်းအာ ပြောတာလည်း မှန်ပါတယ်။ အဲဒီကောင်လေးနှစ်ယောက်က အနာဂတ်မှာ ငါတို့ ချင်တိုင်းပြည်ရဲ့ ထောက်တိုင်တွေ ဖြစ်လာကြမှာလေ။ မုကျိုးက မိန်းကလေးပဲဟာ၊ ဘာလို့ ဒီလောက်အထိ တင်းကျပ်နေရမှာလဲ"

"အဲဒီလိုတော့ ပြောလို့မရဘူးလေ။ မုကျိုးက ငါတို့ ချင်တိုင်းပြည်ရဲ့ မင်းသမီး ဖြစ်နေတဲ့အတွက် သူမက ငါတို့ တိုင်းပြည်ရဲ့ မျက်နှာဖုံးပဲ။ တကယ်လို့ သူမ အနာဂတ်မှာ အိမ်ထောင်ပြုသွားတဲ့အခါ ဘာမှမသိဘဲ ကစားဖို့ပဲ သိနေမယ်၊ ပြီးတော့ စိတ်ထင်တိုင်းလည်း ဆိုးနေဦးမယ်ဆိုရင် ကဲ့ရဲ့ခံရမှာ မဟုတ်ဘူးလား"

"ငါ့သမီးကို ဘယ်သူကများ ကဲ့ရဲ့ရဲသလဲဆိုတာ ကြည့်ကြသေးတာပေါ့

"ဘာပဲဖြစ်ဖြစ် မုကျိုးကိုတော့ ကျွန်မပဲ သေချာ သင်ပေးပါ့မယ်။ အရှင်က သူမကို အရမ်း အလိုမလိုက်ပါနဲ့တော့"

မိဖုရားကြီးရှီက အရှင်မင်းကြီးကို ဘာမှ ထပ်မပြောချင်တော့ချေ။

သို့သော် မိဖုရားကြီးရှီက ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားလေ၏။ "ဒါနဲ့ စကားမစပ်... ချီတိုင်းပြည်က ငါတို့ တိုင်းပြည် နှစ်ခုကြားက ဆက်ဆံရေး ပိုခိုင်မာအောင်ဆိုပြီး ကလေးချင်း စေ့စပ်ဖို့ ကမ်းလှမ်းထားတယ်။ အရှင် ဘယ်လို ထင်လဲ"

"မုကျိုး ဘယ်လို ထင်လဲ" ချင်တိုင်းပြည်ရဲ့ဘုရင်က မေးလိုက်လေ၏။

"မရဘူး။ မုကျိုးက ကလေးချင်း စေ့စပ်တာကို မလိုချင်ဘူး။" မုကျိုးက ခေါင်းမော့ကာ ပြောလိုက်လေ၏။ "မုကျိုး ကြီးလာတဲ့အခါကျရင် ကိုယ်တိုင် သဘောကျတဲ့သူကိုပဲ ရှာမှာ"

"ဒါဆိုရင် မုကျိုးက ဘယ်လို ခင်ပွန်းမျိုးကို ရှာချင်တာလဲ" ချင်တိုင်းပြည်ရဲ့ဘုရင်က ပြုံးလျက် မေးလိုက်လေ၏။

"မုကျိုး... မုကျိုးက မုကျိုးချစ်တဲ့သူကိုပဲ ရှာမှာ။ မုကျိုးချစ်တဲ့သူကပဲ မုကျိုးရဲ့ ခင်ပွန်း ဖြစ်ရမယ်"

"ဟားဟားဟား" ချင်တိုင်းပြည်ရဲ့ဘုရင်က အားပါးတရ ရယ်မောလိုက်ပြီး သူ၏ သမီးတော်၏ စကားကို အလေးအနက် မထားခဲ့ချေ။

မည်သို့ပင်ဆိုစေ အသက်ရှစ်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးက အချစ်အကြောင်း ဘာတွေများ နားလည်ဦးမှာလဲ။

"နန်းရင်းဝန်ကြီးက ငါ့ကို ဒီကိစ္စ ပြောပြထားပြီးသားပါ" ချင်တိုင်းပြည်ရဲ့ဘုရင်က ဝိုင်တစ်ခွက် သောက်လိုက်ပြီး ခန့်ညားထည်ဝါသော လေသံဖြင့် ပြောလိုက်လေ၏။ "ငါ ဆုံးဖြတ်ပြီးပြီ။ နဂါးမလေးက ဘယ်လိုလုပ်ပြီး ခွေးသားနဲ့ အိမ်ထောင်ပြုနိုင်မှာလဲ"

မိဖုရားကြီးရှီက ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြန်လည် လျှောက်တင်လိုက်လေ၏။ "မှန်လှပါ အရှင်မင်းကြီး"

နာရီဝက်ခန့် ကြာပြီးနောက် ချင်တိုင်းပြည်ရဲ့ဘုရင်နှင့် သူ၏ အခြွေအရံများက တော်ဝင်အမဲလိုက်တောအုပ် အပြင်ဘက်သို့ ရောက်ရှိလာခဲ့ကြလေ၏။

ဤအချိန်တွင် နန်းတွင်း ဆွေမျိုးအသိုင်းအဝိုင်းများက စောင့်ဆိုင်းနေနှင့်ကြပြီ ဖြစ်လေသည်။

"ကျွန်တော်မျိုးတို့ အရှင်မင်းကြီးကို ရိုသေစွာ ဂါရဝပြုပါတယ်ရှင်"

ချင်တိုင်းပြည်ရဲ့ဘုရင် တော်ဝင်ရထားလုံးပေါ်မှ ဆင်းလာသည်နှင့် လူတိုင်းက တစ်ညီတစ်ညွတ်တည်း အော်ဟစ် နှုတ်ဆက်လိုက်ကြလေ၏။

"ဝန်ကြီးများ အားလုံး ထကြပါဦး"

"ကျေးဇူးတင်လှပါတယ် အရှင်မင်းကြီး"

ချင်တိုင်းပြည်ရဲ့ဘုရင်က လူအုပ်ကြီးကို ဝေ့ကြည့်လိုက်ပြီး ပြုံးလျက် ပြောလိုက်လေ၏။ "ဒီနေ့က ငါတို့ ချင်တိုင်းပြည်ရဲ့ ဆယ်နှစ်တစ်ကြိမ် ကျင်းပတဲ့ အမဲလိုက်ပွဲတော်နေ့ပဲ။ ငါတို့ တိုင်းပြည်ကို သိုင်းအင်အားနဲ့ တည်ထောင်ခဲ့တာဖြစ်လို့ ဆယ်နှစ်တစ်ကြိမ်တိုင်းမှာ မျိုးဆက်သစ်တွေက တော်ဝင်အမဲလိုက်တောအုပ်ထဲမှာ တစ်ယောက်တည်း အမဲလိုက်ရမယ့် အစဉ်အလာ ရှိတယ်။

ဒီအမဲလိုက်ပွဲတော်အတွက် ငါက မင်းတို့အားလုံးအတွက် ဆုလာဘ်တချို့လည်း ပြင်ဆင်ထားပါတယ်"

သူ စကားပြောနေစဉ်မှာပင် မိန်းမစိုးလီက သေတ္တာတစ်လုံးကို ကိုင်ကာ ရှေ့သို့ ထွက်လာခဲ့လေ၏။

ချင်တိုင်းပြည်ရဲ့ဘုရင်က သေတ္တာကို ဖွင့်လိုက်လေသည်။

၎င်းအတွင်း၌ နီရဲနေသော အဖိုးတန် ပုလဲတစ်လုံး ရှိနေခဲ့ပေသည်။

ထိုအဖိုးတန် ပုလဲကို ကြည့်ရင်း လူတိုင်း၏ အသက်ရှူသံများ ပြင်းထန်သွားခဲ့ကြလေ၏။ ယင်းက မီးဝိညာဉ်ပုလဲ ဖြစ်လေသည်။ သိုင်းကျင့်ကြံသူများအတွက်မူ ၎င်းက မသေမျိုး ရတနာတစ်ခုကဲ့သို့ပင် တန်ဖိုးကြီးလှပေသည်။

"ဘယ်သူက အမှတ်အများဆုံး ရမလဲ၊ ဒီမီးဝိညာဉ်ပုလဲက သူ့ရဲ့ အပိုင် ဖြစ်စေရမယ်။" ချင်တိုင်းပြည်ရဲ့ဘုရင်က သေတ္တာကို ပြန်ပိတ်လိုက်လေ၏။ "အားလုံးပဲ... ကြိုးစားကြပေါ့"

လူတိုင်းက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြလေ၏။ "ကျွန်တော်မျိုးတို့ အရှင်မင်းကြီးကို စိတ်မပျက်စေရပါဘူး"

"ကောင်းပြီ" ချင်တိုင်းပြည်ရဲ့ဘုရင်က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး သူ၏ဘေးရှိ သားတော်၊ သမီးတော်များကို ပြောလိုက်လေ၏။ "ကျင်းစု၊ ကျင်းယွမ်၊ မုကျိုး... ဒါတွေက စစ်သူကြီးအိမ်တော် အသီးသီးက မျိုးဆက်သစ်တွေပဲ။ သူတို့က ငယ်စဉ်ကတည်းက သိုင်းပညာကို ကျင့်ကြံလာခဲ့ကြသူတွေ။ သက်တော်စောင့် တစ်ယောက်စီ ရွေးပြီး တော်ဝင်အမဲလိုက်တောအုပ်ထဲကို အတူတူ သွားကြချေ"

ချင်တိုင်းပြည်၏ ဓလေ့ထုံးတမ်းအရ အမဲလိုက်ပွဲတော်အတွင်း စတုတ္ထအဆင့် စစ်သူကြီးနှင့် အထက်ရှိသော အရာရှိကြီးများသည် မြို့တော်၌ ရှိနေသော သူတို့၏ သားသမီးများကို တော်ဝင် သက်တော်စောင့်များအဖြစ် တာဝန်ထမ်းဆောင်ရန် စေလွှတ်ရလေ့ရှိပြီး ယင်းက နောက်မျိုးဆက်သစ်များကြားတွင် ဆက်ဆံရေး ကောင်းမွန်လာစေရန်လည်း ဖြစ်ပေသည်။

သေချာသည်မှာ ဤလူငယ်လေးများကိုသာ သက်တော်စောင့်အဖြစ် အားကိုးနေခြင်းက လုံလောက်မည် မဟုတ်ပေ။

ထို့ကြောင့် ချင်တိုင်းပြည်ရဲ့ဘုရင်သည် နန်းတွင်းမှ ကျွမ်းကျင်သူများကိုလည်း ဘေးကင်းစေရန်အတွက် တိတ်တဆိတ် လိုက်ပါ စောင့်ရှောက်စေလိမ့်မည် ဖြစ်လေ၏။

"မှန်လှပါ ခမည်းတော်"

သူတို့ သုံးဦးစလုံးက ပြန်လည် ဖြေကြားလိုက်ပြီးနောက် တန်းစီရပ်နေကြသော စစ်သူကြီး မျိုးဆက်သစ်များရှိရာသို့ လျှောက်သွားကာ သူတို့၏ သက်တော်စောင့်များကို ရွေးချယ်လိုက်ကြလေ၏။

အမှန်တကယ်တော့ မင်းသားနှစ်ပါးမှာ သူတို့ ရွေးချယ်မည့်သူများကို ကြိုတင် စဉ်းစားထားပြီး ဖြစ်သော်လည်း မုကျိုး တစ်ဦးတည်းသာ စေ့စေ့စပ်စပ် ရွေးချယ်နေခဲ့ပေသည်။

သို့သော် မကြာမီမှာပင် သူမက သူမနှင့် အသက်အရွယ် တူညီပုံရသော သက်တော်စောင့် တစ်ဦးကို တွေ့ရှိသွားခဲ့လေ၏။

မုကျိုးက သူမ၏ လက်နှစ်ဖက်ကို နောက်ပစ်လျက် ရှေ့သို့ လျှောက်သွားပြီး သိချင်စိတ်ဖြင့် မေးလိုက်လေ၏။ "မင်းကလည်း သက်တော်စောင့်လား"

"ဟုတ်ကဲ့ပါ မင်းသမီးလေး" ကောင်လေးက ပြန်ဖြေလိုက်ပေသည်။

မုကျိုးက သူမ၏ တောက်ပနေသော မျက်လုံးပြူးပြူးကြီးများကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်လေ၏။ "ဒါပေမဲ့ မင်းက အရမ်းသေးတာပဲ၊ ငါ့လောက်ပဲ ရှိတယ်"

ကောင်လေးက ပြန်မဖြေခဲ့ချေ။

"ဒါပေမဲ့ ငါ့နဲ့ အသက်တူတဲ့သူကို မြင်ဖူးတာ ဒါ ပထမဆုံးပဲ" မိန်းကလေးငယ်က မျက်လုံးလေးများ ကွေးသွားသည်အထိ ပြုံးလိုက်လေ၏။ "မင်းနာမည် ဘယ်လိုခေါ်လဲ"

ကောင်လေးက ခေါင်းလှည့်လိုက်ပြီး မိန်းကလေး၏ မျက်လုံးများကို စိုက်ကြည့်ကာ ပြန်ဖြေလိုက်လေ၏။

"ရှောင်မို"

All Chapters